Switch Mode

အပိုင်း (၃၄၃)

အုတ်အော်သောင်းနင်း

ရီဖူရှင်းနှင့် ယူချင်းတို့က ရှေးဟောင်း မြေရိုင်းဒေသမှ မထွက်ခွာမီ ဝိညာဉ်စောင့်ရှောက်သူ ငါးပါးကို စာအုပ်တောင်၏ ဂိတ်တံခါးသို့ ရွှေ့ပြောင်းခဲ့ကြသည်။ မြေရိုင်းမြို့မှ လူများအားလုံးက ဆွံ့အကြရသည်။ ထိုအရာက လုယက်ခြင်းနှင့် အတူတူပင်။ သူတို့က ထွက်ခွာ သွားပြီးလျှင်ပင် ထိုအရာအား လက်မလွှတ်ပေ။

“အစ်မနှစ်…” ရီဖူရှင်းက ကော့တေးကို ရောက်လျှင် ကျူးကော့ဟွေထံကို ရောက်သွားသည်။

“မင်းတို့ ပြန်လာပြီ….” ကျူးကော့ဟွေက ရီဖူရှင်းနှင့် ယူချင်းတို့ကို ပြုံးလျက် ကြည့်သည်။

“ဟုတ်ကဲ့….” ရီဖူရှင်းက ခေါင်းညိတ်ကာ မေးသည်… “အစ်မနှစ်… ကျောင်းတော်က နန်းကုန်းကျာက ပြောခဲ့တယ်…. ကောင်းကင်တောင်မှာ အရှင်ဒွန်ဟောင်နဲ့ ဧကရာဇ်ရီချင်တို့ရဲ့ ပုံပြင်တွေ ရှိတယ်တဲ့…. ရှေးဟောင်း မှတ်တမ်းတွေက မှန်လား…”

“မှန်လိမ့်မယ်…” ကျူးကော့ဟွေက ခေါင်းညိတ်သည်။

“ဘယ်သူကမှလည်း အဝေးကလာပြီး မစုံစမ်းကြပါလား…” ရီဖူရှင်းက နားမလည်စွာ မေးသည်။ အရှင် ဒွန်ဟောင်က လောကကို အုပ်ချုပ်သည်။ ကောင်းကင် တောင်တွင် သူနှင့် ပတ်သက်သော ပုံပြင်များ ရှိနေသည်ဆိုလျှင် လူအများက ဘာလို့ စိတ်မဝင်စားဘဲ နေကြသနည်း။

“ဒါက အရှေ့မြေရိုင်း ဒေသနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမိန့်တော်နဲ့ ပတ်သက်လိမ့်မယ်….” အစ်မနှစ်က ပြုံးလျက် ပြန်ပြောသည်။

ရီဖူရှင်းက မျက်လုံးများက အနည်းငယ် အံ့အားသင့်သွားဟန် ပေါ်လာသည်။ သူက ပြုံးလျက်ပြောသည်… “အစ်မနှစ်က တော်တော် သိတာပဲ….”

“ငါက မင်းရဲ့ စီနီယာ အစ်မလေ…” ကျူးကော့ဟွေက ထူးမခြားနားစွာ ပြောသည်။

ရီဖူရှင်းက ခေါင်းကုတ်သည်။ သူမ ပြောသည်မှာ အဓိပ္ပာယ် ရှိပေသည်…”အစ်မနှစ်… ကျွန်တော် ကောင်းကင်တောင်ကို သွားချင်တယ်…” သူက ပြောသည်။ ယခု ဧကရာဇ်ရီချင်၏ သဲလွန်စကို သူ ပြန်တွေ့ရသည်။ ပုံမှန်အားဖြင့် သူက သွားကြည့် လိုပေသည်။

သူ၏ မွေးဖွားခြင်းက ဧကရာဇ်ရီချင်နှင့် ပတ်သက် နေနိုင်ပေသည်။ သူ့တွင် ဧကရာဇ် တစ်ပါး၏ ကံကြမ္မာ ရှိသည်ဟု နန်ဒူမှ ဝန်ကြီးချုပ်ကျိုက ခန့်မှန်းခဲ့သည်။ သူ့တွင်လည်း ဧကရာဇ်အသိကို ပိုင်ဆိုင်သည်။ ထိုအရာများ အားလုံးက သူက ကောင်းကင်တောင်ကို သွားကြည့်သင့်သည်ဟု ညွှန်ပြနေသည်။ ထိုအရာများကို နားလည်ခြင်းက သူ့အတွက် သိပ်မကောင်း နိုင်သည်ကိုလည်း သူသိပေသည်။ သူက ဂရုစိုက်ရန် လိုပေသည်။ လူဝံကြီး၏ အဆုံးသတ်က အကောင်းဆုံး သက်သေပင်။

“ကောင်းပြီ…” ကျူးကော့ဟွေက ပြုံးသည်… “ငါမင်းနဲ့ လိုက်ခဲ့မယ်…”

“ကျေးဇူးတင်ပါတယ်… အစ်မနှစ်….” ရီဖူရှင်းက ပြောသည်… “ကောင်းကင်တောင်က ဧကရာဇ်နှစ်ပါးနဲ့ ပတ်သက်နေတော့ အစ်ကိုသုံးနဲ့ အစ်မနှစ်က သွားပြီတော့ ကြိုးစား ကြည့်မလို့လား….”

“မင်းရဲ့ အစ်ကိုသုံးနဲ့ ငါက တောင်ထိပ်ကို ရောက်ဖို့ အခွင့်အရေး မရှိနိုင်လောက်ဘူး…” ကျူးကော့ဟွေက ပြုံးလျက် ခေါင်းယမ်းသည်… “ကောင်းကင်တောင်က ချူမြို့နဲ့ သိပ်မဝေးဘူး…. အရှင်ဒွန်ဟောင်နဲ့ ဧကရာဇ်ရီချင်တို့က မိစ္ဆာငှက်ကို ဖိနှိပ်ခဲ့ကြပေမဲ့ သူ့အသိက အသက်ရှင်နေတုန်းပဲ…. ဒါကြောင့် ကောင်းကင်တောင်မှာ ဧကရာဇ်နှစ်ပါးရဲ့ အသိနဲ့ မိစ္ဆာငှက်ရဲ့ အသိနှစ်ခုလုံး ရှိတယ်… တစ်စုံတစ်ယောက်ရဲ့ တန်ခိုးအဆင့်က မြင့်လေလေ အကျိုး သက်ရောက်မှု မြင့်လေလေပဲ…. ဒါကြောင့် စွမ်းအားမြင့် တန်ခိုးရှင်တွေက ချူမြို့နဲ့ မိုင်တစ်ထောင် ပတ်လည်ကို ဘယ်သူမှ မသွားကြဘူး…. ဒါကြောင့်ပဲ ကောင်းကင်တောင်နဲ့ အနီးဆုံးက ချင်းရွှီ ဘုရားကျောင်း ဖြစ်နေတာပဲ…. သူတို့က ဒီအသိတွေကို သုံးပြီး သူတို့ရဲ့ ကိုယ်ပိုင် အသိတွေကို အားကောင်းအောင် လေ့ကျင့်ကြတယ်….”

“တန်ခိုးရှင် မဟုတ်တဲ့ လူတွေက တောင်ပေါ်ကို တက်ဖို့ ပိုလွယ်တာပေါ့….” ရီဖူရှင်းက ထူးဆန်းသလို ခံစားရသည်။

“သီအိုရီအရတော့ မှန်တယ်….” ကျူးကော့ဟွေက ပြုံးလျက် ပြောသည်…”ဒါပေမဲ့ တန်ခိုးရှင် မဟုတ်ရင်လည်း တောင်ပေါ်ကို တက်ဖို့ခက်လိမ့်မယ်… ဒါပေမဲ့ ကောင်းကင်တောင်မှာ ခေါင်းလောင်းသံ မြည်တယ် ဆိုမှတော့ အခွင့်အရေးတချို့ ပေါ်လာနိုင်တယ်… ငါတို့ သွားကြမယ်….”

“စီနီယာအစ်မ… ကျွန်တော်ရော လိုက်လို့ရမလား….” ရွှီယီက အနားကို ကပ်လာကာ တိုးတိုးလေး ပြောသည်။

“တစ်နှစ်ပြည့်ပြီလား….” ကျူးကော့ဟွေက မေးသည်။

“ကျွန်တော်က ညီငယ်လေးကို ကာကွယ်ပေးလို့ ရတယ်လေ… ပြီးတော့ အစ်မနှစ် တစ်ခုခုလိုရင် ကျွန်တော်တို့လည်း ကူညီပေးနိုင်တယ်….” ရွှီယီက မျှော်လင့်တကြီး မေးသည်။

ကျူးကော့ဟွေက သူ့ကို ပြုံးလျက် ကြည့်သည်…. “ကောင်းပြီ…. တခြားလူတွေကိုလည်း သွားခေါ်လိုက်….”

“ဟုတ်ကဲ့….” ရွှီယီ၏ ပုံစံက လွန်စွာ တက်ကြွ သွားကာ ထိုနေရာမှ ထွက်သွားသည်။ ကျူးကော့ဟွေက ကော့တေးမှ တပည့်များ အားလုံးကို ကောင်းကင်တောင်သို့ သွားရောက် စေလိုသည်ကို ရီဖူရှင်း နားလည်သည်။ မည်သို့ပင်ဆိုစေ ထိုနေရာက မဟာ ဧကရာဇ်နှစ်ပါးနှင့် ပတ်သက် နေပေသည်။ ခေါင်းလောင်းသံက တစ်စုံတစ်ခု၏ သင်္ကေတ ဖြစ်နိုင်ပေသည်။

***

ကော့တေးက အရှေ့မြေရိုင်း ဒေသနှင့် ပတ်သက်ပြီး သိပ်ဂရုစိုက်လေ့ မရှိပေ။ သို့သော် ယခုတစ်ခေါက် ကော့တေး တစ်ခုလုံး ထွက်ခွာသည်။ ကောင်းကင်တောင်မှ ခေါင်းလောင်းသံက မည်မျှ အရေးပါသည်ကို သိနိုင်သည်။ တခြား အင်အားစုများကလည်း ချူမြို့ကို သွားကြသည်။

အထူးသဖြင့် အနောက်ဘက်ဒေသမှ အင်အားစုတိုင်းက ကောင်းကင်တောင်ကို သွားကြ၏။ အရှေ့မြေရိုင်း ဒေသက ချက်ချင်း တုန်ခါသွားသည်။ ချင်ပြည်ထောင်က ချင်မုံရိုနှင့် ချိန်ရှင်းမူတို့၏ လက်ထပ်ပွဲအတွက် ထိပ်သီး အင်အားစုတိုင်းကို ဖိတ်ခေါ်ခြင်းက ပင်လျှင် ဤမျှလောက် ကြီးမားသော လှုပ်ခတ်မှုကို မဖြစ်စေခဲ့ပေ။ ဂူတုံးလျိုနှင့် လုနန်ထျန်းတို့၏ တိုက်ပွဲပင်လျှင် ဤမျှ မကြီးမားပေ။

ကောင်းကင်တောင်နှင့် အနီးဆုံး မြို့ဖြစ်သော် ချူမြို့တွင်ကား လူများ ကြက်ပျံမတတ် စည်ကားနေသည်။ လူအများက ရှားပါးစွာ သွားရောက် လည်ပတ်သော မြို့ငယ်လေးက ချက်ချင်းပင် မရေမတွက်နိုင်သော လူများနှင့် ပြည့်နှက်သွားသည်။ လူများက နေရာတိုင်းတွင် ရှိသည်။ အကာနာ တန်ခိုးရှင်များက နေရာတိုင်းတွင် ရှိသည်။ လမ်းပေါ်တွင် သွားနေသူ မည်သူမဆို နိုဘယ်များ ဖြစ်နိုင်ပေသည်။

ချင်ပြည်ထောင်မှ တန်ခိုးရှင်များလည်း ရောက်နေကြပြီ ဖြစ်သည်။ သူတို့က အရေအတွက်အားဖြင့် လွန်စွာ များပြားကာ အားလုံးက စွမ်းအား မြင့်ကြသည်။ သူတို့က ကျောင်းတော်နှင့် ဖြစ်ပွားနေသော စစ်ကြောင့် သူတို့က ဘယ်နေရာကို သွားပါစေ လူအများ၏ အာရုံစိုက်မှုကို ရသည်။

ထိုအခိုက်တွင် ချင်ယွီနှင့် ချင်လီက လူအုပ်ထဲတွင် ရှိနေသည်။ သူတို့က ကောင်းကင် တောင်အား မော့ကြည့်ကြသည်။ ခေါင်းလောင်းသံက သူတို့အတွက် အခွင့်အရေးလား။ သူတို့က ဤအခွင့်အရေးကို အသုံးချနိုင်လျှင် အရှေ့မြေရိုင်း ဒေသကို အုပ်စိုးနိုင်မည်လား။

ထိုအချိန် နောက်ထပ် အုပ်စုတစ်စုက ကောင်းကင်မှ ဆင်းသက်လာကာ ချင်ပြည်ထောင် အုပ်စုဘေးသို့ ရောက်လာသည်။ သူတို့ကား ဒွန်ဟွာကလန်မှ ဖြစ်ကြသည်။ သခင်မယွီရှောင်၊ လုနန်ထျန်းနှင့် ဟွာချင်းချင်းတို့က ထိုအုပ်စုထဲတွင် ပါသည်။

“သခင်မနဲ့ အစ်ကိုလုတို့ ရောက်လာပြီ…” ချင်ယွီက သခင်မ ယွီရှောင်အား ခေါင်းညိတ်ပြသည်။ သူမကား ချင်ယွီထက် စီနီယာကျသူ မဟုတ်ပါလား။

“မင်း ဘယ်လိုခံစားရလဲ…” သခင်မ ယွီရှောင်က မေးသည်။

“မိုင်တစ်ထောင်လောက် ဝေးတယ် ဆိုပေမဲ့ ကောင်းကင်တောင်က ဖိအားကို ကျုပ်က ခံစားနေရတုန်းပဲ…. ချူမြို့မှာ စွမ်းအားမြင့် တန်ခိုးရှင်တွေ သိပ်မရှိတာ မထူးဆန်းတော့ဘူး… ချင်းရွှီ ဘုရားကျောင်းက ဘုန်းတော်ကြီးတွေက တော်တော် အားကောင်းတယ်…” ချင်ယွီက ရယ်မောသည်။

“မင်း ခံစားရလား….” သခင်မယွီရှောင်က ဟွာချင်းချင်းအား မေးသည်။

“အရမ်း အားနည်းတယ်….” ဟွာချင်းချင်းက ရေရွတ်သည်။ သခင်မ ယွီရှောင်က အသာအယာ ခေါင်းညိတ်သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ချင်ယွီထံသို့ လျှောက်သွားကာ တစ်စုံတစ်ခု ပြောသည်။ သူမ၏ မျက်လုံးက ချက်ချင်း အရောင်လက် သွား၏။

ကျောင်းတော်နှင့် ကော့တေးတို့ ရောက်ရှိ လာကြပြီ ဖြစ်သည်။

“သခင်မ… မိတ်ဆွေဟောင်းတွေ ရောက်လာတယ် ဆိုတော့ သူတို့ကို သွားနှုတ်ဆက် လိုက်ဦးမယ်….” ချင်ယွီက ပြောသည်။ ထို့နောက် သူက နောက်လှည့်ကာ ထွက်သွားသည်။ လူအများအပြားက သူ့အား ကြည့်သည်။ မိတ်ဆွေ ဟောင်းလား။ ကော့တေးများလား…။

ကျောင်းတော်နှင့် ကော့တေးက အမှန်ပင် အတူတူ ရောက်လာပေသည်။

ချင်ပြည်ထောင်က ကျောင်းတော်အား တရားဝင် စစ်ကြေညာထားပြီး ဖြစ်သည်။ သူတို့က ရှေးဟောင်း မြေရိုင်း ဒေသတွင်လည်း လတ်တလော ထိပ်တိုက် ရင်ဆိုင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသည်။

စစ်ကြေညာပြီးနောက် ပြင်ပလောကတွင် သူတို့က ပထမဆုံး တွေ့ဆုံခြင်း ဖြစ်ရာ လူအများက စိတ်ဝင်စား ကြသည်။

ချင်ယွီက ကျောင်းတော်အား ကြည့်သည်။ ဤတစ်ကြိမ်ကား ကော့တေးအပါအဝင် တောင်ကုန်းအကြီးအကဲ ငါးယောက်လုံးက သူတို့၏ တပည့်များကို ခေါ်ကာ ရောက်လာသည်။ ကျူးကော့ဟွေနှင့် ဂူတုံးလျိုတို့လည်း ရောက်လာကြသည်။

မရေမတွက်နိုင်သော မျက်လုံးများက သူတို့ထံ ရောက်လာသည်။ ကော့တေးမှ တပည့်များ အားလုံး ရောက်လာ ကြသည်လား။

“ကော့တေးက ဒုတိယ တပည့်က တကယ်ပဲ ချောတယ်….” ကျူးကော့ဟွေအား မြင်လျှင် တချို့က မှတ်ချက်ချကြသည်။ သူမက ချောမော လှပသော်လည်း သူမ၏ မျက်လုံးက မောက်မာသော အငွေ့အသက်များကို မြင်နေရသည်။ ထိုသို့သော နတ်မိမယ်အလား မိန်းကလေးက ဒွန်ချင်ကျောင်းတော် ဂိတ်တံခါးကို ဖျက်ဆီးခဲ့သည် ဆိုသည်မှာ ယုံနိုင်စရာ မရှိပေ။

ဂူတုံးလျို မူကား ချောမော ခန့်ညားကာ စာပေသမားနှင့် တူသည်။ သို့သော်လည်း သူ့ထံမှ ထက်ရှသော ခံစားချက်ကို ရပေသည်။ သူ၏ မျက်လုံးများက ဓားသွားအလား ထက်ရှ၏။

နံပါတ်လေးနှင့် နံပါတ်ငါးက ဘာကိုမှ အလေးအနက် မထားကာ ထီမထင်သော ပုံစံရှိသည်။ နံပါတ်ခြောက်ကား နောက်ထပ် ငယ်ရွယ်ကာ ချောမောသော မိန်းကလေး တစ်ယောက် ဖြစ်သည်။

နံပါတ်ခုနစ်ကား ဝဖိုင့်သည်။ ရီဖူရှင်းမူကား ချောမောကာ မှတ်မိလွယ်သည်။ သူတို့အပြင် လက်တစ်ဖက်ပြတ် ရီဝူချင်း၊ လျိုမောင်နှမတို့လည်း ရှိသည်။ ယူချင်းနှင့် လို့လန်ရွှီတို့ကိုပါ ပေါင်းလျှင် သူတို့အုပ်စုကလည်း အတော်များသည်ဟု ပြောနိုင်သည်။

ဓားသခင်မှလွဲ၍ ကော့တေး၏ တပည့်များ ရောက်လာကြခြင်း ဖြစ်သည်။

ချင်ယွီက အနည်းငယ် စိတ်လှုပ်ရှား နေသည်။ အကယ်၍ သူက အောင်မြင်ခဲ့လျှင် ကော့တေး တပည့်များ အားလုံးကို တစ်ပြိုင်နက်တည်း သတ်နိုင်သည်။ သို့သော်လည်း သူတို့အားလုံးကို သတ်ရန်မူကား အလွန် ခက်ခဲပေသည်။

“ကော့တေးက လူတွေက အဲဒီလူတွေကို မပေးသေးဘူးလား….” လျိုမောင်နှမ၏ ရေခဲသမျှအေးစက်သော အကြည့်ကို မြင်လျှင် ချင်ယွီက ပြုံးလျက်မေးသည်။

“သူတို့ ဒီမှာ ရှိတယ်… လာခေါ်လှည့်….” ကျူးကော့ဟွေက ပြောသည်။ သူမက ပြုံးနေသော်လည်း သူမထံမှ မောက်မာသော အငွေ့အသက်များကို ခံစားရနေဆဲဖြစ်သည်။

“ကျုပ် စမ်းကြည့်ချင်တယ်…” ချင်ယွီက ရယ်မောကာ သူ၏ ကိုယ်ရောင်ကိုယ်ဝါအား ထုတ်ဖော်လိုက်သည်။

သို့သော် လူတစ်စု အဝေးမှ ပျံသန်းလာသည်။ သူတို့အားလုံးက ဝတ်စုံရှည်ကို ဆင်တူဝတ်ထား ကြကာ ထက်ရှသော ကိုယ်ရောင်ကိုယ်ဝါများ ရှိသည်။ သူတို့အားလုံးက ချင်ပြည်ထောင်မှ လူများအား ဝန်းရံလိုက်သည်။

လူငယ်တစ်ယောက် ထိုအုပ်စုထဲမှ ထွက်လာကာ ကျူးကော့ဟွေ၏ရှေ့ကို ရောက်လာကာ ဦးညွှတ်သည်… “မိုရှီက ဆရာဦးလေးနဲ့ ဆရာအဒေါ်တို့ကို နှုတ်ဆက်ပါတယ်…”

“မိုရှီ….” လူအများအပြားက လူငယ်အား အကဲခတ်ကြသည်။ သူက ဓားသခင်တောင်၏ အတော်ဆုံး တပည့်ဖြစ်သည်။ သူက ဓားသခင်တောင် တည်ထောင်စတွင် ဓားသခင်က တပည့်အဖြစ် လက်ခံခဲ့သောသူ ဖြစ်သည်။

ထို့ကြောင့် သူ၏ တန်ခိုးအဆင့်က လွန်စွာ အားကောင်းသည့်တိုင် ကော့တေးမှ တပည့်များမှာ သူ့ထက် စီနီယာ ကျပေသည်။

“အစ်ကိုကြီး ဒီမှာ ရှိလား….” ကျူးကော့ဟွေက မေးသည်။

“ဆရာက စီနီယာတွေကို လာကူညီခိုင်းတယ်…. သူက လိုအပ်ရင် ချက်ချင်း ရောက်လာ နိုင်တယ်တဲ့….” မိုရှီက ပြောသည်။ ကျူးကော့ဟွေက ခေါင်းညိတ်ကာ ချင်ယွီအား ကြည့်သည်။ ဤနေရာကား အနောက်ပိုင်း ဒေသဖြစ်ကာ ဓားသခင်၏ နယ်မြေဖြစ်သည်။

ချင်ယွီက သူ့ရှေ့မှ လူများကို ကြည့်သည်။ သူက ဤနေရာတွင် ကော့တေးမှ လူများနှင့် ရင်ဆိုင်ရန် မဖြစ်နိုင်သည်ကို ရိပ်မိလိုက်ကာ သူ၏ စွမ်းအားများကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

“ရီဖူရှင်း…” ရုတ်တရက် ချင်လီက ခေါ်သည်။

ရီဖူရှင်းက သူ့အား ကြည့်သည်။

“မင်းက ကောင်းကင်တောင်ကို တက်ချင်တာလား….” ချင်လီ၏ မျက်လုံးက သူ့ထံကို ရောက်သွားသည်။ ရီဖူရှင်းက သူ့အား တစ်ချက် ကြည့်ကာ ဘာမှ မပြောပေ။ ချင်လီက ဆက်ပြောသည်… “မင်းက ရှေးဟောင်း မြေရိုင်းဒေသမှာ ပုန်းနေမယ်လို့ ထင်တာ… အခု မင်းက ထွက်လာတယ် ဆိုတော့ အဆင်သင့်သာ လုပ်ထားတော့….”

ချင်လီက ရယ်မောသည်။ ချင်ယွီက မထွက်သွားခင် ပြောခဲ့သည်…” ရီဖူရှင်းကို သတ်နိုင်တဲ့လူ ဘယ်သူမဆို ချင်ပြည်ထောင်ရဲ့ မင်းသမီးနဲ့ လက်ဆက်ရမယ်…” ထို့နောက် ချင်ပြည်ထောင်မှ လူများ ထိုနေရာမှ ထွက်ခွာ သွားကြသည်။

ချင်ပြည်ထောင် ထွက်သွားသည်ကို လူတိုင်းက ကြည့်နေကြသည်။ စစ်ကြေညာပြီးမှ သူတို့၏ အမူအရာများက ယခင်ကနှင့် လွန်စွာ ကွဲပြားသွားသည်။ သူတို့၏ လူသတ်လိုသော စိတ်အား ဖုံးကွယ်ထားခြင်း မရှိကြပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset