အရှေ့မြေရိုင်းဒေသ၊ အနောက်ဘက်နယ်မြေ၊ ချူမြို့။
အရှေ့မြေရိုင်း ဒေသတွင် စွမ်းအားမြင့် တန်ခိုးရှင်များ သိပ်မရှိသော မြို့တစ်မြို့ ရှိသည်။ အကြောင်းပြချက် တချို့ကြောင့် စွမ်းအားမြင့် တန်ခိုးရှင်များက ချူမြို့အား လာရောက်လိုခြင်း မရှိကြပေ။ ထို့အပြင် ထိုမြို့က လွန်စွာ စရိုက်ကြမ်းကာ လူဆိုးများအား မွေးထုတ်သည်။ သို့သော်လည်း ထိုမြို့တွင် နှလုံးသား ဖြူစင်သော သူများလည်း များစွာ ရှိနေပေသည်။
ချူမြို့တွင် သူတို့၏ ယုံကြည်မှုများကို လိုက်လံ ဝေမျှနေသော ဗုဒ္ဓဂိုဏ်းဝင်များ ရှိကြပေသည်။ သူတို့အားလုံးက ချူမြို့နှင့် သိပ်မဝေးသော နေရာတွင် တည်ရှိသော ချင်းရွှီ ဘုရားကျောင်းမှ ဖြစ်ကြ၏။ လက်ရှိတွင် လူအများအပြားက စားသောက်ဆိုင် တစ်ခုတွင် စားသောက်ကာ စကားပြော နေကြသည်။ ထိုအထဲမှ အများစုမှာ ဆိုင်ကို လာနေကျ ဖောက်သည်များ ဖြစ်ကြသည်။ ဆိုင်ထဲတွင် အဝတ်အစား နွမ်းပါးစွာ ဝတ်ထားသော အဘိုးအို တစ်ယောက်နှင့် မိန်းမပျို တစ်ယောက်တို့က စားပွဲတစ်လုံးတွင် ထိုင်နေကြသည်။ မိန်းကလေးက ဝိုင်ပုလင်းအား ကိုင်ထားကာ အဘိုးအို၏ ပါးစပ်ထဲကို နည်းနည်းချင်း လောင်းထည့် နေသည်။
“ဒါက ဝိုင်ကောင်းပဲ…” အဘိုးအိုက မျက်လုံးမှေးကာ ပြုံးလျက် ပြောသည်။ သူက စည်းစိမ်ခံ နေသည်မှာ သိသာလှ၏။
“အဘိုးက ဝိုင်ကို နည်းနည်းပဲ သောက်ပြီး များများ စားသင့်တယ်….” မိန်းမပျိုက ဝိုင်ပုလင်းကို ပြန်ယူကာ အစား အသောက်များအား အဘိုးအို၏ ပါးစပ်ထဲကို ထပ်မံ၍ ကမ်းပေးပြန်သည်။
စားသောက်ဆိုင်မှ လူအများအပြားက သူတို့နှစ်ယောက်အား ထူးဆန်းစွာ ကြည့်ကြသည်။ အဘိုးအိုအား စုတ်ပြတ်သတ်နေကာ မိန်းကလေးက လွန်စွာ ချောမော လှပသည်။ သူမက ထိုအဘိုးအိုအား အဘယ်ကြောင့် ပြုစုနေရသနည်း။ ထိုအဘိုးအိုက ဘယ်က လာသနည်း။
“ငါ့ပခုံးတွေက နည်းနည်း တင်းနေတယ်…” အဘိုးအိုက မိမိကိုယ်ကို ရေရွတ်သည်။ သူက တခြား စားသောက် နေသူများ၏ အာရုံစိုက်မှုကို သတိမမူမိသလိုပင်။
“ကျွန်မ နှိပ်ပေးမယ်လေ…”မိန်းမပျိုက ပြုံးလျက် ပြောသည်။ ထို့နောက် သူမက အဘိုးအို၏ နောက်ကို သွားကာ သူ၏ပခုံးအား စတင်၍ နှိပ်နယ်သည်။
အဘိုးအိုက ဇိမ်ခံနေပြန်သည်။ သူက မျက်လုံးမှိတ်ကာ လွန်စွာသက်တောင့်သက်သာ ရှိနေဟန်ကို မြင်ရ၏။ သူက ငှက်တစ်ကောင်အလား လွတ်လပ်မှုကို ခံစားရ၏။ အိမ်က ကလန်ကဆန် အကောင်များနှင့် ကွာခြားလှပေသည်….။
ဒါ…. တချို့ စားသောက် နေသူများက ဆက်လက် သည်းခံနိုင်ဟန် မတူတော့ပေ။ အဘိုးအိုကား ဇိမ်ခံသည်မှာ များလွန်းလှပေသည်။
“မှန်တယ်… အဘိုး…. ကျွန်မက နောက်ဆုံး တစ်ခေါက်က အဘိုးသင်ပေးတဲ့ ဓားကွက်ကို နားမလည်နိုင်သေးဘူး…. နောက်ထပ် ဘယ်တော့ သင်ပေးမှာလဲ…” မိန်းကလေးက ချိုသာသော အပြုံးနှင့် မေးသည်။
“ကလေး… မင်းပြောတာကို ငါနားမလည်ဘူး…. ငါ့တစ်သက်မှာ ဓားကို တစ်ခါမှ မကိုင်ဖူးဘူး…. ဓားနည်းစနစ်ကို ငါက ဘယ်လိုသိမှာလဲ….” အဘိုးအိုက မျက်လုံး မှိတ်ထားရင်းက ပြောသည်။
မိန်းမပျိုက စိတ်ပျက်ဟန်မရဘဲ ဆက်လက်၍ မေးပြန်သည်… “ဒါဆို အရင်တစ်ခါလို သစ်ကိုင်းနဲ့ ဘယ်တော့ လှုပ်ရှားပြမလဲ….”
“အာ… မင်းက အဲဒါကို ပြောတာလား…. ငါက သစ်ကိုင်းနဲ့ ဒီအတိုင်း ဆော့ကစားနေတာပဲ ရှိတာ… မင်း ကြည့်ချင်တယ်ဆိုရင် နောက်တစ်ခါ နည်းနည်း ပြမယ်လေ….” အဘိုးအိုက ပြောသည်… “ကလေး… မင်းက သေသေချာချာ စဉ်းစားဖို့တော့ လိုနေပြီ… ဒါက ဓားပညာလို့ မင်းက တကယ် ထင်နေတာလား… အဘိုးက တန်ခိုးကျင့်တာနဲ့ ပတ်သက်ပြီး ဘာမှ မသိဘူး….”
အဘိုးအို၏ ပြန်ပြောစကားကို ကြားကာ မိန်းမပျို၏ အပြုံးက ပိုမို တောက်ပလာသည်။ သူမက အဘိုးအိုအား ဆက်လက် နှိပ်နယ်သည်။
“မိန်းကလေး… ကျုပ်က ချူကျောင် ဓားကလန်ကပဲ…. တကယ်လို့ မင်းသင်ချင်ရင် ကျုပ်က သင်နိုင်တယ်…” သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ထရပ်ကာ အစိမ်းရောင်ဝတ် မိန်းကလေးအား ပြောသည်။
“ကျေးဇူးပဲ ဆရာကြီး… ဒါပေမဲ့ မလိုပါဘူး….” မိန်းကလေးက ပြုံးလျက် ပြောကာ အဘိုးအိုထံသို့ ပြန်လည်၍ အာရုံရောက် သွားသည်။
“မိန်းကလေး… တန်ခိုးရှင်လောကမှာ လူလိမ်တွေ အများကြီးပဲ… မင်း သတိထားသင့်တယ်….” သက်လတ်ပိုင်းအရွယ် လူကြီးက သတိပေးသည်။
“ကျေးဇူးပါ ဆရာကြီး…” မိန်းမပျိုက ခေါင်းညိတ်သည်။ သူမက သတိပေးမှုကို အလေးမထားသည်ကို မြင်လျှင် တခြားလူများက ခေါင်းယမ်းကြသည်။ အဘိုးအို၏ အမူအရာကို ကြည့်ခြင်းဖြင့် သူက မကောင်းသောလူ ဖြစ်သည်ကို မြင်ရသည်။
“အရမ်း ကောင်းတာပဲ….” လူအများက စိတ်ထဲမှ ဆဲရေးနေကြသော အချိန်တွင် အဘိုးအိုက စိတ်ကျေနပ်စွာ ရေရွတ်သည်။ ချက်ချင်းပင် သတိလှမ်းပေးသော လူကြီးက ဒေါသတကြီး ကြည့်သည်။ အဘိုးအိုကား တမင် ပြုမူနေသည်။
အဘိုးအိုက ဇိမ်ခံနေဆဲ ဖြစ်သည်။ သူက တခြားလူများ မည်သို့တွေးသည်ကို ဂရုပင် မစိုက်ပေ။ သူက စားသည်။ သောက်သည်။ မိန်းမပျိုက သူ့အား ပြုစုသည်။ သူ၏ဘဝကား သာယာလှသည်။
ဒေါင်….။ ထိုစဉ်မှာပင် ခေါင်းလောင်း ထိုးသံတစ်ခု ကြားရသည်။ ချက်ချင်းပင် မမြင်ရသော အားလှိုင်းတစ်ခုက စားသောက်ဆိုင်အား ဖြတ်ကျော် သွားသည်။ အဘိုးအို၏ ခန္ဓာက ပြင်းထန်စွာ တုန်ခါသွားသည်။ သူက ရုတ်တရက် ထရပ်ကာ အနည်းငယ် တုန်ယင်စွာဖြင့် မိမိကိုယ်ကို ထိန်းချုပ်၏။
ဘာအသံလဲ….။
တခြားလူများ၏ တုံ့ပြန်မှုက အဘိုးအိုလောက် မပြင်းထန်ပေ။ သို့သော် သူတို့အားလုံး၏ မျက်လုံးတွင် မသေချာမှုများက တူတူဖြစ်သည်။ ကြည့်ရသည်မှာ ထိုအသံက လွန်စွာ ဝေးကွာသော အရပ်တစ်ခုမှ လာသည်နှင့်တူ၏။ သူတို့အားလုံးက စိတ်ဝိညာဉ်ကို ရိုက်ခတ်လာသော အားလှိုင်းကို ခံစားကြရသည်။
“ဘာဖြစ်နေတာလဲ…” မိန်းကေလေးက အဘိုးအိုအား မေးသည်။ အဘိုးအို၏ လွန်စွာ လေးနက်သော ပုံစံကို ယခုမှ တစ်ခါ သူမ မြင်ဖူးခြင်းဖြစ်သည်။ အဘိုးအိုနှင့် သိသော လနည်းငယ် အတွင်းတွင် သူကား ဘာကိုမှ ဂရုထားဟန် မရပေ။
အဘိုးအိုကား အနည်းငယ် တုန်ခါနေဆဲ ဖြစ်သည်။ လျှပ်တစ်ပြက်ပင် သူက စားသောက်ဆိုင်၏ အထဲမှ ပျောက်ကွယ်သွားကာ အပြင်ဘက်တွင် ပေါ်လာသည်။ မိန်းမပျို ထိတ်လန့်သွားသည်။ သူမက အဘိုးအို၏ လှုပ်ရှားမှုကိုပင် မမြင်လိုက်ရပေ။ ထို့နောက် သူမက သက်ပြင်းရှိုက်ကာ သူမကလည်း စားသောက်ဆိုင် အပြင်ဘက်ကို လိုက်ပါ သွားသည်။
အဘိုးအိုက သူ၏နောက်ကို ကြည့်သည်။ မမြင်ရသော အသံလှိုင်းက ထိုနေရာ တစ်ခုလုံးကို ဖုံးလွှမ်းနေကာ ချူမြို့တစ်မြို့လုံးကို ဖုံးအုပ်ထားသည်။ တစ်ယောက်ပြီး တစ်ယောက် လူအများက အိမ်များထဲမှ ထွက်လာကြသည်။ သူတို့က ခေါင်းမော့ကာ အဝေးကို လှမ်းကြည့်ကြ၏။ တစ်မြို့လုံးက ခေါင်းလောင်းသံကို ဆက်လက် နားစွင့်ကြ၏။ သူတို့က တစ်ဖန် စိတ်အင်အားကို ခံစားကြရပြန်သည်။
အဘိုးအိုက အရပ်မျက်နှာ တစ်ခုကို လှမ်းကြည့်သည်။ မြို့သူမြို့သားများ ကလည်း အရပ်မျက်နှာ တစ်ခုသို့ တစ်ပြိုင်နက်တည်း လှမ်းကြည့် နေကြသည်။
လူတိုင်းက စိုက်ကြည့်နေသော နေရာတွင် မှုန်ဝါးဝါး တောင်တစ်လုံးကို မြင်ရသည်။ တောင်ကား လွန်စွာ မြင့်မားကာ ကောင်းကင်နှင့် ဆက်စပ်နေသည့်အလား ထင်ရသည်။ တောင်၏ကိုယ်ထည်က ထည်ဝါသော အရောင်အဝါတစ်ခုက ထွက်ပေါ်နေသည်ကို အဝေးမှပင် မြင်ရသည်။
ထိုအရာကား အရှေ့မြေရိုင်း ဒေသ၏ နံပါတ်တစ် တောင်ဖြစ်သော ကောင်းကင်တောင် ဖြစ်သည်။ ကောင်းကင်နှင့် အနီးဆုံးတောင်ဟု နာမည် ကျော်ကြားသည်။
ဘုန်း….။ ကျယ်လောင်သော အသံနှင့်အတူ မြေကြီးက တုန်ခါသွားသည်။ ချူမြို့မှ လူများအားလုံးက ထိတ်လန့်စွာဖြင့် မြေပြင်ကို ငုံ့ကြည့်ကြသည်။ ငလျင်ကြောင့် မြေပြင်က ပြင်းထန်စွာ တုန်ခါ၏။
အဘိုးအိုက သူ၏အကြည့်အား တောင်ပေါ်မှ လုံးဝ မလွှဲခဲ့ပေ။ သူ၏ လေးလံ ထိုင်းမှိုင်းသော မျက်လုံးကား ယခု လွန်စွာ ထက်ရှနေသည်။ သူ၏ နွမ်းနယ်နေသော အဝတ်အစားများက အမှန်တကယ် သစ်လွင်နေကာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။ သူ၏ ရှည်လျားကာ ရှုပ်ထွေးနေသော ဆံပင်များက လေထဲ လွင့်မျောနေ၏။ သူ့ဘေးမှ မိန်းမပျိုက သူ့အား ထူးဆန်းစွာ ကြည့်နေသည်။ ထိုအခိုက်တွင် အဘိုးအိုကား နတ်ဘုရား အလားပင် ထင်မှတ်ရ၏။
ချူမြို့တစ်ခုလုံးမှ ချင်းရွှီ ဘုန်းတော်ကြီးများ အားလုံးက လက်ဖဝါးများကို အုပ်မိုးကာ ဆုတောင်း နေကြသည်။ သူတို့၏ မျက်လုံးများက အရောင်အဝါ တချို့ လင်းလက်နေကာ သူတို့အားလုံးက ကောင်းကင်တောင်ကို ကြည့်နေကြသည်။
ကောင်းကင်တောင်မှ ခေါင်းလောင်းသံ တစ်သံ ကြားရသည်။ ဘာသင်္ကေတနည်း။
ချူမြို့နှင့် ကီလိုတစ်ရာခန့် အဝေးတွင် ရှေးဟောင်း ဘုရားကျောင်း တစ်ဆောင် ရှိသည်။ ခေါင်းလောင်းသံက ဘုရားကျောင်းထဲ ဝင်ရောက်လျှင် ဘုရားကျောင်း၏ ခေါင်းလောင်းကလည်း လိုက်လံ တုန်ခါသည်။ ခေါင်းလောင်းသံ နှစ်ခုက အမှန်ပင် လိုက်လျော ညီထွေသော အသံနှစ်သံ ဖြစ်ပေါ်လာသည်။
ဘုရားကျောင်း၏ အမြင့်ဆုံး တစ်နေရာတွင်ကား ဘုန်းတောင်ကြီး တစ်ပါးက ကောင်းကင် တောင်ဘက်ကို လှမ်းကြည့်နေသည်။ သူက လက်ဖဝါးများကို ပူးကပ်ကာ အခန်းထဲတွင် တုန်ယင်နေသည်။
အိုမင်းသော ဘုန်းတော်ကြီးတစ်ပါး ရောက်လာလျှင် တခြား ဘုန်းတော်ကြီးများက ထိုဘုန်းတော်ကြီးအား ဂါရဝ ပြုကြသည်။ သူက လွန်စွာ အဆင့်မြင့်မားသည်မှာ ထင်ရှားသည်။ သူက ကောင်းကင်တောင်အား လှမ်းကြည့်ကာ လက်ထဲမှ ပုတီးလုံးများအား တဖြုတ်ဖြုတ် စိပ်လျက် တရားစာများ စတင် ရေရွတ်သည်။
ထို့နောက် သူက ပြောသည်… “ကောင်းကင်တောင်က ခေါင်းလောင်းသံ မြည်နေတယ်… ဒါက မဟာ ဧကရာဇ်တွေရဲ့ အသံပဲ….” အိုမင်းသော ဘုန်းတော်ကြီးက ပြောသည်။
ကောင်းကင်တောင်မှ ခေါင်းလောင်းသံ မြည်သော သတင်းက တောမီးလို ပျံ့နှံ့သွားသည်။ လျင်မြန်စွာပင် အနောင်ပိုင်း ဒေသတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ ကောင်းကင်တောင်ကား အနောက်ပိုင်း ဒေသတွင် ထူးခြားသော ဝိသေသ ရှိပေသည်။
အနောင်ပိုင်းဒေသသာ မဟုတ် သတင်းက တဖြည်းဖြည်းဖြင့် အရှေ့မြေရိုင်း ဒေသတစ်ခုလုံးကို ပျံ့နှံ့သည်။ အင်အားစုတိုင်းက ထိုသတင်းကို ရကြသည်။ ခေါင်းလောင်းသံကား ကောင်းကင်တောင်မှ ထွက်လာ၏။
ထိုအခိုက်တွင် ထိုသတင်းက ချင်ပြည်ထောင်နှင့် ကျောင်းတော် အကြားမှ စစ်ပွဲအကြောင်းများ ထက်ပင် လူပြော များပေသည်။
အရှေ့မြေရိုင်း ဒေသမှ လူတိုင်း၏အာရုံက အနောက်ပိုင်း ဒေသကို ရောက်ရှိ သွားတော့သည်။
***
ရီဖူရှင်းနှင့် ယူချင်းက အရှေ့မြေရိုင်း ဒေသတွင် တစ်ချိန်လုံး လေ့ကျင့် နေခဲ့ကြသည်။ သူတို့က ရှေးဟောင်း မြေရိုင်းဒေသမှ ချင်နန်းတော်ထဲတွင် ဖြစ်သည်။ ထိုစဉ်မှာပင် သူတို့ ရှိနေရာ ချင်နန်းတော်သို့ မိန်းကလေး တစ်ယောက် ရောက်လာသည်။ သူမကား ကျောင်းတော်၏ တပည့် နန်းကုန်းကျာ ဖြစ်သည်။ သူမက ရီဖူရှင်းနှင့် အနည်းငယ် ရင်းနှီးသည်ဟု ပြော၍ ရသည်။ သူမကလည်း ရီဖူရှင်းကဲ့သို့ အကာနာအဆင့်ကို တက်ရောက်ရန် ကြိုးစားနေသည်။
“မင်း လေ့ကျင့်ဖို့ ရောက်လာတာလား…” ရီဖူရှင်းက ပြုံးလျက် မေးသည်။ ကျောင်းတော်နှင့် ကော့တေးက သိပ်မတည့်သော်လည်း ထိုအရာက အတွင်းရေးကိစ္စ ဖြစ်သည်။ ယခု ချင်ပြည်ထောင်က ကျောင်းတော်အား တိုက်ခိုက်နေရာ သူတို့ အားလုံးက စည်းလုံးမှ ဖြစ်ပေမည်။
နန်းကုန်းကျာက ခေါင်းယမ်းကာ ပြောသည်… “မကြာခင်က ငါ သတင်းတချို့ကို ရခဲ့တယ်…. အနောက်ပိုင်း ဒေသမှာ ရှိတဲ့ ကောင်းကင်တောင်က ခေါင်းလောင်းသံ မြည်တယ်တဲ့…. အရှေ့မြေရိုင်း ဒေသတစ်ခုလုံးက ဒါကို ပြောနေကြတယ်…. နင်တို့က ဒီအထဲမှာ ပြင်ပလောကနဲ့ အဆက်ပြတ်ပြီး တန်ခိုးကျင့်နေကြတယ်… ဒါကြောင့် ဒီသတင်းကို သိလောက်မှာ မဟုတ်ဘူး ထင်လို့ ငါလာပြောတာ….”
“ကောင်းကင်တောင်က ခေါင်းလောင်းသံတွေ မြည်တယ်… ဟုတ်လား…” ရီဖူရှင်း၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ခံစားချက်များ ပေါ်လာသည်။ သူက အရှေ့မြေရိုင်း ဒေသကို ရောက်လာသည်မှာ နှစ်အနည်းငယ်မျှသာ ကြာပေသေးသည်။ ထို့ကြောင့် သမိုင်းကြောင်းထဲက အကြောင်းအရာ အတော်များများအား သိနားလည်ခြင်း မရှိသေးပေ။ ကောင်းကင်တောင်မှ ခေါင်းလောင်းသံ မြည်သည်။ သူတို့က ဘာကို ပြောနေကြသနည်း။
“ကောင်းကင်တောင်က အရှေ့မြေရိုင်း ဒေသမှာ နံပါတ်တစ်တောင်ပဲ…. ပြောကြတာကတော့ ကောင်းကင်နဲ့ အနီးဆုံး တောင်တဲ့…. ကောင်းကင်တောင်က အနောက်ဘက် နယ်မြေမှာ မြင့်မြတ်တဲ့နေရာ တစ်ခုပဲ… အဲဒီနေရာမှာ ရှင်က ရှန့်ထိုတန်ခိုးရှင်ကို တွေ့နိုင်တယ်… ဒဏ္ဍာရီပုံပြင်တွေထဲ မှာတော့ ကောင်းကင် တောင်ထိပ်မှာ အသန့်စင်ဆုံးသော သဘာဝစွမ်းအားတွေ ရှိတယ်တဲ့…. အထူးသဖြင့် အကာနာအဆင့်က တန်ခိုးရှင်တွေအတွက် အရမ်း အကူအညီ ဖြစ်စေတယ်…. ဒါပေမဲ့ ဒါက မှန်လား မှားလား ဘယ်သူမှ မပြောနိုင်ဘူး….”
နန်းကုန်းကျာက ဆက်လက်၍ ရှင်းပြသည်… “ပြီးတော့ ကောင်းကင်တောင်မှာ ကြီးမားတာ တစ်ခုခု ဖြစ်ပျက်ခဲ့တယ်…. သမိုင်းအရတော့ အရှေ့မြေရိုင်း ဒေသမှာ လွန်ခဲ့တဲ့ ရာစုနှစ် အနည်းငယ်က ကြောက်မက်ဖွယ် မိစ္ဆာတစ်ကောင် ပေါ်လာပြီး လူတွေကို စားခဲ့တယ်… အနောက်ပိုင်း နယ်မြေက ငရဲဘုံအလား ဖြစ်သွားတယ်… မိစ္ဆာကောင်ကြီးက အရမ်း အားကောင်းပြီးတော့ ကောင်းကင်တောင်ကို အခြေပြုနေထိုင်ခဲ့တယ်… ဒါပေမဲ့ နောက်ဆုံးမှာ လူနှစ်ယောက် ပေါ်လာခဲ့တယ်….” နန်းကုန်းကျာ၏ မျက်လုံးထဲတွင် လေးစားအားကျမှုများ အထင်းသား တွေ့ရသည်။
သူမ၏ မျက်လုံး အမူအရာများကို ကြည့်ကာ ရီဖူရှင်းက ထိုအကြောင်းကို စိတ်ဝင်စား သွားသည်။
“သူတို့ရဲ့ နာမည်အရင်းကို ငါမသိဘူး… ဒါပေမဲ့ သူတို့ကို နင်လည်း သိလိမ့်မယ်လို့ ငါထင်တယ်… သူတို့နှစ်ယောက်က လောကကို စည်းလုံး ညီညွတ်စေတဲ့ မဟာဧကရာဇ်နှစ်ပါး ဖြစ်တဲ့ ဒွန်ဟောင်အရှင်နဲ့ ဧကရာဇ်ရီချင်တို့ပဲ….” နန်းကုန်းကျာက တွေးတွေးဆဆ ပြောသည်… “သူတို့က အရှေ့မြေရိုင်း ဒေသကို ရောက်စတုန်းက မဟာ ဧကရာဇ်တွေ မဟုတ်သေးဘူး….”
ရီဖူရှင်း အနည်းငယ် အံ့အားသင့် သွားသည်။ ထိုနာမည်နှစ်ခုက သူနှင့်မစိမ်းပေ။ ထို့အပြင် သူက ထိုလူများနှင့် ဘယ်လို ပတ်သက်သည်ကို သူကိုယ်တိုင်လည်း မသိသေးပေ။ သူတို့က တစ်ချိန်က အရှေ့မြေရိုင်း ဒေသကို အုပ်စိုးခဲ့သည်ကို သူလည်း သိပေသည်။ သူတို့က အရှေ့မြေရိုင်း ဒေသနှင့် လွန်စွာ ဝေးကွာသော ချင်းကျူမြို့ကိုပင်လျှင် ရောက်ဖူးပေသည်။ ထို့နောက် သူတို့က ထိုမြို့တွင် အမွေအနှစ် တချို့ကိုပင်လျှင် ထားခဲ့ကြပေသည်။
“ကောင်းကင် တောင်ပေါ်က မဟာဧကရာဇ်တွေ အကြောင်းကတော့ ပုံပြင်တွေ အများကြီးပဲ… အဲဒီတုန်းက သူတို့က ဆယ်ကျော်သက်တွေပဲ ရှိသေးတယ်တဲ့…. သူတို့က အတူတူ ခရီးသွားနေတုန်း မိစ္ဆာနဲ့ ရင်ဆိုင်တိုးမိတော့ သူတို့က မိစ္ဆာကို နှိမ်နင်းပြီးတော့ ကောင်းကင်တောင်မှာ ပိတ်လှောင်ခဲ့ကြတယ်… ဒီနောက်ပိုင်း ဘယ်သူမှ ကောင်းကင်တောင်ကို မတက်ရဲကြတော့ဘူး…. အခု တောင်ပေါ်က ခေါင်းလောင်းသံကို ကြားတော့ ဒါက မဟာဧကရာဇ်တွေရဲ့ ဆင့်ခေါ်သံလို့ လူတွေက ပြောကြတယ်….”
***