အဝေးမှ လူများကပင်လျှင် ရီဖူရှင်း၏ စကားကိုကြားကာ အံ့အားသင့်ရသည်။ သူကား ကောလာဟလက ပြောသလို အမှန်ပင် မောက်မာပေသည်။ သူက အမှန်တကယ်ပင် ယုံကြည်မှု ရှိပေသည်။ ချင်ပြည်ထောင် နယ်မြေတွင် ရပ်နေလျက်ကပင် …။ ထိုဝိညာဉ်စောင့်ရှောက်သူ ငါးပါးရှေ့တွင် ရပ်နေလျက်ကပင်….။
“သဘာဝ စွမ်းအင် အစီအရင်ကို ဖော်ထုတ်စမ်း….” အသံတစ်သံကို ကြားရသည်။ ထို့နောက်တွင် သူတို့၏ ခန္ဓာကိုယ် အပေါ်ကို ဖိအားပေးလာသော မမြင်ရသော အားလှိုင်းကို ခံစားကြရသည်။ ထိုအရာက ဧရာမ ဆင်ကြီး တစ်ကောင်က သူတို့၏အပေါ်တွင် ထိုင်နေသကဲ့သို့ ဖြစ်သည်။ သူတို့က လှုပ်ရှားရန်သာ ခက်ခဲသည် မဟုတ်ဘဲ သူတို့က ထွင်းဖောက်မတတ် အသိတစ်ခုကိုလည်း ခံစားကြရသည်။ ထိုခံစားချက်နှင့်အတူ သူတို့၏ စိတ်နယ်ပယ်ထဲတွင် နတ်သတ္တဝါဆန်း ငါးကောင် ပေါ်လာသည်။
“ယူချင်း…” ရီဖူရှင်းက အော်လိုက်သည်။ ရှေ့ကို လှမ်းရင်းက နတ်လူဝံ၏ပုံရိပ် ပေါ်လာကာ သူ၏ ကြမ်းတမ်းသော ကိုယ်ရောင် ကိုယ်ဝါကို ထည့်ပေါင်းသည်။
ယူချင်းက သူ့ဘေးကို လျှပ်တစ်ပြက် ရောက်လာကာ သူ၏ ပုဆိန်သွား လှံတံအား တင်းကျပ်စွာ ဆုပ်ကိုင်သည်။ သူတို့နှစ်ယောက်က ရှေ့ကို တိုးသွားလျှင် ခြေလှမ်းတိုင်းက ပထမ ခြေလှမ်းထက် လေးလံသည်။
ဘုန်း… သူတို့က မြေပြင်အား ဆောင့်နင်းလျှင် နှစ်ယောက်လုံး လေထဲကို ထိုးတက်သွားသည်။ သူတို့ရှေ့တွင်ကား ချင်တန်ခိုးရှင်များက ဝင်္ကပါတစ်ခုကို ဖန်တီးထားကြကာ သူတို့အား အေးစက်စွာ ကြည့်နေကြသည်။
တော်ဝင်နဂါး မှော်တိုက်ကွက်က လှုပ်ရှား အသက်ဝင်လာကာ တိုက်ပွဲ စိတ်အင်အားက နဂါးတစ်ကောင်အလား ကခုန်သည်။ ရီဖူရှင်းနှင့် ယူချင်းက သူတို့ထံ ခုန်ဝင်လာသည်ကို မြင်လျှင် သူတို့က ပြိုင်တူ မာန်သွင်းကာ လှံတံများအား သူတို့ဘက်ကို ချိန်ရွယ်လိုက်ကြသည်။ လှတံများနောက်မှ ဧရာမနဂါးကြီး တစ်ကောင် ထွက်ပေါ်လာကာ ကျယ်လောင်စွာ ဟိန်းဟောက်သည်။ သူတို့ တည်ဆောက်ထားသော ဝင်္ကပါက နဂါးပုံရိပ်အား အမှန်တကယ် အားကောင်းစေသည်။ ထိုနဂါးက ရုန့်ရင်းကြမ်းတမ်းစွာ ရီဖူရှင်းနှင့် ယူချင်းထံ တိုးဝင်သွားသည်။
ယူချင်းက မြေပြင်အား ပြင်းထန်စွာ ဆောင့်နင်းလိုက်သည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါက ပေါက်ကွဲထွက်လာကာ သူ့အား ပိုမိုကြောက်မက်ဖွယ် ပုံစံကို ဖြစ်ပေါ်စေသည်။ နတ်ဆိုးပုံရိပ်က ပိုမိုကြီးမား လာကာ ရီဖူရှင်း၏ ရှေ့တွင် သွားရပ်သည်။ ကောင်းကင် ပုဆိန်သွား လှံတံက တိုက်ခိုက်လျှင် နောက်မှ နတ်ဆိုးက လိုက်ပါ သွားဟန်ရသည်။ နတ်ဆိုး အသိ စီးဆင်းနေသော ပုဆိန်သွားလှံတံက နဂါးကြီးနှင့် ရင်ဆိုင်မိသည်။ သတ္တဝါဆန်း၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ ယူချင်းကလည်း တုန်ခါမှုကို ခံစားရသည်။ သူက ထပ်မံ၍ မာန်သွားကာ အော်ဟစ်သည်။ ထို့နောက်တွင် နဂါးကြီး ပေါက်ကွဲကာ မပျောက်ကွယ်သွားမီ ထိတ်လန့်ဖွယ် နတ်ဆိုးပုံရိပ်များ ထွက်ပေါ်လာသည်။
လူတစ်ယောက် လျှပ်တစ်ပြက် ခုန်ဝင်သွားသည်။ သူက ရီဖူရှင်းဖြစ်သည်။ သူက ချင်တန်ခိုးရှင်များ၏ ဝင်္ကပါထဲကို တိုးဝင်သွားသည်။ အတန်ကြာလျှင် သူလက်တွင် သဘာဝ စွမ်းအင်များမှ စုစည်းလျက် နှင်တံတစ်လက် ဖြစ်ပေါ်လာသည်။ ဓာတ်ငါးမျိုးနှင်တံက ဓမ္မအဆင့်ကို ကျော်လွန်သွားရာ ရှေးဟောင်း မြေရိုင်း ဒေသတွင် ခွင့်မပြုပေ။ ယူချင်း၏ မိစ္ဆာတိုင်ကလည်း ထိုအတိုင်းပင်။
နှင်တံရှည် ဖြစ်ပေါ်လာလျှင် ရီဖူရှင်းက နှင်တံအား ကြမ်းတမ်းစွာ ဝှေ့ယမ်းသည်။ ဝင်္ကပါထဲမှ စွမ်းအားမြင့် တန်ခိုးရှင်များက ပြိုင်တူအော်ဟစ်ကာ အတူတူ တိုက်ခိုက်ကြသည်။ သူတို့၏ စွမ်းအားများက စုပေါင်း သွားဟန်ရကာ လွန်စွာ အားကောင်းသော နဂါးကြီး တစ်ကောင် ဖြစ်ပေါ် လာပြန်သည်။
ဘုန်း… နှင်တံရှည်က ပြင်းထန်သော စွမ်းအားနှင့်အတူ ဆင်းသက် လာသည်။ ထို့နောက်တွင် ဝင်္ကပါထဲမှ တန်ခိုးအဆင့် နိမ့်သူများက ပါးစပ်မှ သွေးများစီးကျကာ အဝေးကို လွင့်စဉ် သွားကြသည်။ ဝင်္ကပါကလည်း ပြိုလဲသွားကာ လူအများအပြားက နောက်ကို ဆုတ်သွားကြရသည်။
ရီဖူရှင်းက သူတို့အား အာရုံမစိုက်ပေ။ သူက နန်းတော်၏ အတွင်းပိုင်းကို ဆက်တိုး သွားသည်။ သူ့နောက်မှ တန်ခိုးရှင်များက ဝင်္ကပါပုံစံ ပြန်လည် နေရာယူကြကာ ရီဖူရှင်းနောက်မှ လိုက်ပါ လာကြသည်။ သို့သော်လည်း ယူချင်းက နောက်လှည့်ကာ သူ၏ ပုဆိန်လှံရှည်အား ဝှေ့ယမ်းလျှင် ထိုလူများအားလုံး နောက်ကို ဆုတ်သွားကြရသည်။
“သူ့ကို တားစမ်း…” တစ်စုံတစ်ယောက်က ရီဖူရှင်း သွားနေသော နေရာကို မြင်လျှင် အော်လိုက်သည်။ သို့သော်လည်း သူတို့က ရီဖူရှင်း၏ ဓမ္မအဆင့် ကျော်လွန်သော တိုက်ခိုက်ရေး စွမ်းအင်ကို မယှဉ်နိုင်ရာ သူတို့၏ ကြိုးပမ်းမှုများက အရာမရောက်ပေ။ ကောင်းကင်မှ နေနှင့်လ ထွန်းလင်းကာ ရေဓာတ်နှင့် မီးဓာတ်က သူတို့ထံ ဆင်းသက်လာလျှင် ထိုအရာက အဆုံးသတ် ဖြစ်ပေသည်။
ရီဖူရှင်းက ဝိညာဉ်စောင့်ရှောက်သူ ငါးပါးမှ ကြီးမားသော နတ်ငှက်ထံသို့ ပြေးဝင်သွားသည်။ ရုပ်တုကား ဧရာမ ကြီးမားသည်။ သူ၏ မျက်လုံးများက မိစ္ဆာစွမ်းအင်များနှင့် ပြည့်နေသည်။ သူ၏ ခန္ဓာကိုယ်က အလင်းများ ထွက်ပေါ်နေကာ သူ၏ကျောတွင် အတောင်ပံတစ်စုံ ရှိသည်။ လူတစ်ယောက်က ထိုရုပ်တုကျောပေါ်သို့ တက်ကာ ထိုရုပ်တု၏ စိတ်အသိနှင့် ဆက်နွှယ်ကာ ရီဖူရှင်းအား တိုက်ခိုက်သည်။ ချက်ချင်းပင် ရွှေရောင်နတ်ငှက်က သူ၏ စိတ်ထဲကို တိုးဝင်လာသည်ကို ရီဖူရှင်းက ခံစားရသည်။
သူ၏ မျက်လုံးကလည်း ထူးဆန်းသွားကာ သူက နတ်ငှက်၏ အသိအား သူ၏ စိတ်နယ်ပယ်ထဲကို ဝင်ခွင့်ပေးလိုက်သည်။ ရုပ်တုထဲတွင် အမှန်တကယ်ပင် နတ်ငှက်အသိ ရှိနေသည်ကို အံ့အားသင့်ဖွယ် တွေ့ရသည်။ အားကောင်းကာ ထက်ရှသော စိတ်အသိက အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိလောက်သည်။ သူ ယခု လုပ်လိုသည်ကား ရီဖူရှင်း၏ စိတ်အသိကို ဖျက်ဆီးလိုခြင်းပင်။
ဧကရာဇ် အသိ၏ အားလှိုင်းတစ်ခုက ရုပ်တုထဲကို ဝင်ရောက် သွားကာ သူ၏ စိတ်အသိအား ထိန်းချုပ်သည်။ ထိုအသိက ရီဖူရှင်းအား တိုက်ခိုက်ခဲ့သော စိတ်အသိဖြစ်သည်။ သူ့အား ထိန်းချုပ်နေသူက ဓမ္မအဆင့် တန်ခိုးရှင်ဖြစ်ရာ သူက ရီဖူရှင်းအား ဘာမှ လုပ်နိုင်စွမ်း မရှိပေ။ သူက ရီဖူရှင်း၏ စိတ်အသိအား ဖျက်ဆီးရန် မဖြစ်နိုင်ပေ။ ဤရုပ်တုအား မြင်သည်နှင့် တိုက်ပွဲက မည်သို့ အဆုံးသတ်မည်ကို ရီဖူရှင်းက သိပြီးဖြစ်သည်။ ရှေးဟောင်း မြေရိုင်း ဒေသက မည်သည့် ရှေးဟောင်း အကြွင်းအကျန် နယ်မြေက ရီဖူရှင်းအား အန်တုနိုင်သနည်း။
နတ်ငှက်၏နောက်မှ ချင်တန်ခိုးရှင်က ကြောက်ရွံ့ ထိတ်လန့်စွာ နောက်ဆုတ်သည်။ သူ၏ အသိက မည်သည့် အဆင့်တွင်နည်း။ ထိုအရာက အဘယ်ကြောင့် ဤမျှ အားကောင်း နေရသနည်း။
နေမင်းသစ်ပင်၏ နွယ်ပင်များက ထိုလူအား ရစ်ပတ်သွားလျှင် အော်ဟစ်သံနှင့်အတူ ငြိမ်သက်သွားသည်။ ရီဖူရှင်းက လေထဲ ထိုးတက်သွားကာ ရုပ်တု၏အပေါ်သို့ ရောက်သွားသည်။ သူက မျက်လုံးကို ပိတ်လိုက်လျှင် သူ၏ စိတ်အသိက ရုပ်တုထဲသို့ တိုးဝင်သွားသည်။
ထိုစဉ်က ယူချင်းက ဘုန်းခနဲ မြည်သံနှင့်အတူ ရုပ်တု၏ ရှေ့ကို ကျဆင်းလာသည်။ သူက ရှေ့ကို တက်လာသော ချင်ပြည်ထောင် တန်ခိုးရှင်များအား ကြည့်သည်။
“သူ ဘာလုပ်နေတာလဲ…” လူအများအပြားက ကောင်းကင်မှ နေ၍ ရီဖူရှင်းကို လှမ်းကြည့်ကြသည်။ လက်ရှိတွင် ရီဖူရှင်းက နတ်ငှက်ရုပ်တုပေါ်တွင် ရပ်နေသည်။
“ရီဖူရှင်းက မှန်တောင်ကုန်းပေါ်က ရုပ်တုတွေကို ထိန်းချုပ်နိုင်တယ်….” တစ်ယောက်က ပြောသည်။ ရီဖူရှင်းကား ရှေးဟောင်း မြေရိုင်းဒေသတွင် နာမည် ကျော်လာပြီးမှ ဂူတုံးလျိုက သွားရောက်ကာ ကော့တေးထံ ဖိတ်ခေါ်လာခဲ့သည်။
ဒါမှမဟုတ်….။ သူတို့က အတွေးတစ်ခု ဝင်လာသည်တွင် ထိုရုပ်တုက အသက် ဝင်လာသလို အလင်းများ တောက်ပလာသည်ကို မြင်ရသည်။ ထိုအရာက ရွှေရောင် အလင်းများ တောက်ပလာခြင်း ဖြစ်သည်။ သူ၏ အတောင်ပံများက ဖြန့်ကြက်ရန် အဆင်သင့် ဖြစ်နေပုံရသည်။ ချင်ပြည်ထောင်က သူတို့၏ရှေ့မှ မြင်ကွင်းကို မြင်ကာ ထိတ်လန့် သွားကြသည်။
ဝိညာဉ်စောင့်ရှောက်သူ ငါးပါးကား ယခင်က ရှေးဟောင်း မြေရိုင်းဒေသမှ ရှေးဟောင်း အကြွင်းအကျန် ရတနာများဖြစ်ကာ နောက်ပိုင်း ချင်ပြည်ထောင်က ပိုင်ဆိုင်ခဲ့သည်။ ချင်ပြည်ထောင် တန်ခိုးရှင်များက ဝိညာဉ် စောင့်ရှောက်သူ ငါးပါးအား သုံးကာ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြ သော်လည်း ယနေ့လို အဖြစ်မျိုး တစ်ခါမှ မကြုံဖူးကြပေ။
အခြေနေမကောင်းဟု သူတို့ ခံစားကြရသည်။ သူတို့အားလုံး ထိုသို့တွေးမိလျှင် မျက်နှာများက ဖြူဖပ်ဖြူလျော် ဖြစ်သွားကြ၏။
ထိုအခိုက်တွင် သူတို့၏ စိတ်အသိထဲကို တိုးဝင်လာသော နတ်ငှက် တစ်ကောင်အား ခံစားကြရသည်။ နတ်ငှက်၏ အသိက သူတို့၏ စိတ်အသိအား တိုက်ရိုက် တိုက်ခိုက်၏။
သူတို့အားလုံး၏ စိတ်နယ်ပယ်ထဲတွင် နတ်ငှက်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ လူတချို့က နာကျင်စွာ အော်ဟစ်ကာ ပြိုလဲကျသည်။ တချို့က အပြင်းအထန် တောင့်ခံနေကြကာ ခန္ဓာကိုယ်က တုန်ယင်နေသည်။
လျင်မြန်စွာပင် ချင်ပြည်ထောင် တန်ခိုးရှင်များ အားလုံးက တူညီသော ခံစားချက်များကို ခံစားကြရသည်။ သူတို့၏ စိတ်နယ်ပယ်ထဲတွင် ကောင်းကင်၏ ဘုရင်ဖြစ်သော နတ်ငှက်က သူတို့၏ စိတ်အသိများအား လာရောက် ဖျက်ဆီးသည်။
ယူချင်းက တွေဝေနေခြင်း မရှိဘဲ သူ၏ ပုဆိန်သွား လှံတံကို ကိုင်ကာ ရှေ့ကို တိုးဝင်သွားသည်။ ထိုခဏမှာပင် နာကျင်စွာ အော်ဟစ်သံများ ဆူညံသွားသည်။
“ပြေးကြ… မြန်မြန်….” အော်ဟစ်သံ ကြွေးကြော်သံများနှင့် အတူ လူအများက အသက်ရှင်ရန် ပြေးကြသည်။ သို့သော် တခြား ရုပ်တုလေးခုပေါ်မှ တန်ခိုးရှင်များက လက်မလျှော့ကြပေ။ သူတို့က သတ္တဝါဆန်းများ၏ စိတ်အသိများကို အသက်သွင်းကာ ရီဖူရှင်းကို တိုက်ခိုက်ကြသည်။ ရီဖူရှင်း၏ စိတ်နယ်ပယ်ထဲတွင် နတ်သတ္တဝါဆန်း လေးကောင် ပေါ်လာ၏။ သို့သော် ရီဖူရှင်း၏ နတ်ငှက်အသိက သူ၏ ဧကရာဇ်အသိ ထိန်းချုပ်မှုကြောင့် လွန်မင်းစွာ အားကောင်းနေရာ ခဏ အတွင်းတွင်ပင် ရုပ်တုများကို ထိန်းချုပ်နေသော တန်ခိုးရှင်များ ပြိုလဲသွားသည်။
ထိုမြင်ကွင်းကို ကြည့်ကာ ကောင်းကင်မှ ပရိသတ်များက ထိတ်လန့် သွားကြသည်။ သူတို့က ထိုမြင်ကွင်းအား ကြည့်ကာ မယုံကြည် နိုင်ကြပေ။
ရီဖူရှင်းနှင့် ယူချင်းက ချင်ပြည်ထောင် နယ်မြေထဲကို ဝင်ရောက်ကာ ချင်ပြည်ထောင်၏ ဓမ္မအဆင့် တန်ခိုးရှင်များအား လုံးဝ ဖျက်ဆီး နှိမ်နင်းခဲ့သည်။ ချင်ပြည်ထောင်က ဝိညာဉ် စောင့်ရှောက်သူ ငါးပါး၏ စွမ်းအားများကို သုံးရန် ကြိုးစားခဲ့သော်လည်း အမှန်က ရီဖူရှင်းအား အခွင့်အရေး ပေးလိုက်သည်နှင့် အတူတူပင်။
ကြည့်ရသည်မှာ သူတို့နှစ်ယောက်အား ရှေးဟောင်း မြေရိုင်းဒေသတွင် ရပ်တန့်နိုင်စွမ်း ရှိသူ ရှိနိုင်မည် မထင်တော့ပေ။
ပြောကြသည်မှာ အရှေ့မြေရိုင်း ဒေသ၏ အထက်ဘုံတွင်လည်း စစ်ဖြစ်နေပြီ ဖြစ်သည်။ နှစ်ဖက်လုံးက ပြင်းထန်စွာ တိုက်ခိုက်နေကာ နေ့တိုင်း အသက်အပျောက်က များပြားနေသည်။ ကြည့်ရသည်မှာ တိုက်ပွဲက တော်ရုံနှင့် ပြီးမည် မဟုတ်ပေ။ အထက်ဘုံတွင် နိုဘယ်များစွာက တိုက်ပွဲတွင် ပါဝင်နေကြသော်လည်း အဆုံးအဖြတ် တိုက်ပွဲက အလှမ်း ဝေးနေသေးပေသည်။ သို့သော်လည်း အောက်ဘုံတွင်ကား တိုက်ပွဲစသည်နှင့် ရလဒ်ကို ထွက်ပေါ်လာပြီး ဖြစ်သည်။ လူငယ် နှစ်ယောက်တည်းက အောက်ဘုံ တစ်ခုလုံးကို စိုးမိုး ခြယ်လှယ်နိုင်စွမ်း ရှိပေသည်။
ချင်ပြည်ထောင်က ဘာပြောနိုင်မည်နည်း။ ရီဖူရှင်းနှင့် ယူချင်းကား ဓမ္မအဆင့်ရှစ်မျှသာ ရှိကြပေသေးသည်။ သူတို့က ဓမ္မအဆင့်ကိုးကိုပင် မရောက်ကြသေးပေ။
ဤရလဒ်ကား ချင်ပြည်ထောင်က လုံးဝ မထင်မှတ်ထားသော ရလဒ်ဖြစ်သည်။
ထိုအခိုက်တွင် ချင်ယွီကား ပြင်ပလောက၏ ချင်နန်းတော်ထဲတွင် ထိုင်နေသည်။ သူက ရှေးဟောင်း မြေရိုင်း ဒေသထဲမှ သတင်းကို ကြားလျှင် ဒေါသတကြီး ပေါက်ကွဲသည်။ သူက ရှေးဟောင်း မြေရိုင်းဒေသမှ ထွက်ပြေးလာကြသော ချင်ပြည်ထောင် တန်ခိုးရှင်များအား ကြီးမားစွာ အပြစ်ပေးသည်။ ရှေးဟောင်း မြေရိုင်းဒေသကို ပြန်ကာ ရီဖူရှင်းနှင့် ယူချင်းအား သတ်နိုင်သောသူကို ကြီးစွာသော ဆုလာဘ်များ ပေးမည်ဟု ကြေညာခဲ့သည်။ သို့သော်လည်း မည်သူမှ ထပ်မသွားရဲ ကြတော့ပေ။
ချင်ပြည်ထောင် တန်ခိုးရှင်များထဲမှ အောက်ဘုံကို ဝင်သွားသော သူများတွင် ပြေးသူနှင့် သေသူနှစ်မျိုးသာ ရှိခဲ့သည်။ အဖြေက စဉ်းစားနေစရာ မလိုတော့ပေ။ ရှေးဟောင်း မြေရိုင်း ဒေသ၏ အောက်ဘုံတွင် ရီဖူရှင်းနှင့် ယူချင်းကား ပြိုင်ဘက်ကင်းသည်။ သူတို့အား သွားတိုက်ခိုက်ခြင်းက သေတွင်း တူးခြင်းပင်။
ဒေါသပေါက်ကွဲသော ချင်ယွီက လူများအား မင်းသား ဘွဲ့ထူးပေးကာ ဆွဲဆောင်သည်။ မည်သည့်ကလန် မည်သည့် အရပ်ကဖြစ်စေ ရှေးဟောင်း မြေရိုင်းဒေသကို ဝင်၍ ရီဖူရှင်းအား သတ်နိုင်ပါက သူက ချင်ပြည်ထောင် မင်းသမီး တစ်ပါးကို လက်ထပ်ခွင့် ရမည်ဖြစ်သည်။ ချင်ယွီက ရီဖူရှင်းအား အမှန်တကယ် သေစေလိုသည်။ သူကိုယ်တိုင် ရှေးဟောင်း မြေရိုင်းဒေသကို မဝင်နိုင်သည်မှာ အမှန် ခံရခက်ပေသည်။
သတင်းက ရှေးဟောင်း မြေရိုင်း ဒေသတစ်ခုလုံးကို ပျံ့နှံ့သွားကာ လူတိုင်းက ထိတ်လန့် အံ့အားသင့်ကြရသည်။ ရီဖူရှင်း၏ အသက်ကား တန်ဖိုးကြီးလွန်း လှသည်။ သူ့အား သတ်ခြင်းက ချင်ပြည်ထောင်၏ မင်းသား ဖြစ်စေသည်။ သို့တိုင်အား မည်သူမှ ထိုအရာအား မကြိုးစားလိုကြပေ။
သူတို့ မလုပ်နိုင်သလို လုပ်လည်း မလုပ်ရဲကြပေ။ ချင်ပြည်ထောင်က ကော့တေးနှင့် ရင်ဆိုင်လိုသော်လည်း မည်သူက ကော့တေးအား ရင်ဆိုင်လိုသနည်း။
ချင်ယွီက ထိုမက်လုံးအား ပေးခြင်းက တခြား အကြောင်းပြချက်လည်း ရှိပေသေးသည်။ ရီဖူရှင်းက ရှေးဟောင်း မြေရိုင်းဒေသမှ သူတို့၏ ချင်နန်းတော်အား အပိုင် သိမ်းသွားခြင်းပင်။
ချင်ပြည်ထောင်မှ ပါရမီရှင်များက နန်းတော်၏ ဂိတ်တံခါးမှတစ်ဆင့် ရှေးဟောင်း မြေရိုင်းဒေသသို့ မဝင်ရောက် နိုင်ကြတော့ပေ။ ချင်ပြည်ထောင်က မည်သို့ လုပ်ရမည်နည်း။ ရီဖူရှင်းက အကာနာအဆင့် မရောက်မီအထိ သူတို့က အောက်ဘုံကို မဝင်ရောက်ဘဲ နေရမည်လော။ သူတို့က လျိုနိုင်ငံ၏ ဝင်ပေါက်မှ ဝင်၍ ရသေးသော်လည်း ထိုအရာက အမှန်ပင် ရှက်စရာ ကောင်းလှပေသည်။
ထိုအရာက သည်းခံနိုင်စရာ မဟုတ်ပေ။
ပုံမှန်အားဖြင့် ရီဖူရှင်းက ချင်ပြည်ထောင်၏ ခံစားချက်ကို ဂရုမိစိုက်ပေ။ သူက ချင်ပြည်ထောင် နန်းတော်မှ ရှေးဟောင်းမြေရိုင်း ဒေသဂိတ်တံခါးကို ပိတ်လိုက်သည်။ ထို့နောက်က သူက ယူချင်းနှင့်အတူ နန်းတော်ထဲတွင် တိတ်ဆိတ်စွာ လေ့ကျင့်သည်။ သူတို့က ဝိညာဉ်စောင့်ရှောက်သူ ငါးပါးကို သုံးကာ လေ့ကျင့်သည်က လွန်စွာ တိုးတက်မှု မြန်ဆန်သည်ကို တွေ့ရှိရသည်။ သူတို့က ထိုမျှကောင်းသော နေရာကို မည်သို့ လက်လွှတ် နိုင်မည်နည်း။
ဝိညာဉ်စောင့်ရှောက်သူ ငါးပါးတွင် ဓာတ်ငါးမျိုး စွမ်းအင်များ ခိုအောင်းနေကာ လွန်စွာ အားကောင်းသော စိတ်ဝိညာဉ် စွမ်းအားများကို ပိုင်ဆိုင်သည်။ ရီဖူရှင်းသာ မဟုတ် ယူချင်းကလည်း ထိုနည်းဖြင့် လေ့ကျင့်သည်။ သူတို့က ရှေးဟောင်း မြေရိုင်းဒေသ၏ အထက်ဘုံကို မဝင်ရောက် နိုင်သေးရာ သူတို့ လုပ်နိုင်သည်က အကျိုးအမြတ်များကို ရိတ်သိမ်းရန် ဖြစ်ပေသည်။
ဤသို့ဖြင့် ရက်လများ ဖြတ်ကျော်သွားသည်။ နောက်ဆုံးတွင် ရီဖူရှင်းနှင့် ယူချင်းတို့က ဓမ္မအဆင့် ကိုးသို့ကိုယ်စီ တက်လှမ်းနိုင်ခဲ့ကြသည်။
***