Switch Mode

အပိုင်း (၃၄၀)

ရှေးဟောင်းမြေရိုင်းဒေသ စစ်မြေပြင်

သိသာစွာပင် ကျောင်းတော်က ချင်ပြည်ထောင်၏ တောင်းဆိုမှုကို လက်မခံနိုင်ပေ။ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့က အရေးပါလွန်း သောကြောင့် မဟုတ်ဘဲ ထိုအရာက ချင်ပြည်ထောင်က စစ်ပွဲစရန် အကြောင်းပြချက် တစ်ခုမျှသာ ဖြစ်သောကြောင့်ပင်။ လူငယ်များအား စတေးရန် သူတို့က မည်သို့သော လူမျိုးတွေနည်း။ စစ်က တရားဝင် ကြေညာပြီးမှတော့ နောက်ဆက်တွဲ အနေနဲ့ သူတို့က တိုက်ပွဲစိတ်ဓာတ်ကို သွင်းရန်ပင် မဟုတ်ပါလား။

ကျောင်းတော်က ရှေးဟောင်း မြေရိုင်းဒေသတွင် လေ့ကျင့်နေသော သူတို့၏ တပည့်များ အားလုံးကို ပြန်ခေါ်သည်။ ထို့နောက် သူတို့ ပြန်သွားသောအခါ ပိုမို အားကောင်းသော တန်ခိုးရှင်များနှင့် တွဲပေးကာ ပြန်လည် တိုက်ခိုက်ရန် အဆင်သင့် ပြုလုပ်သည်။ ဤသို့ဖြင့် ချင်ပြည်ထောင်နှင့် ကျောင်းတော်အကြား စစ်ပွဲက ရှေးဟောင်း မြေရိုင်း ဒေသတွင် ဖြစ်ပေါ်လာခဲ့သည်။

အရှေ့မြေရိုင်း ဒေသက စစ်ပွဲ စတင်ခြင်းအတွက် မအံ့သြပေ။ ဓားသခင်က ချင်ပြည်ထောင်သို့ သွားရောက်ခဲ့ခြင်းက တခြား အင်အားစုများအား ကြောက်ရွံ့စေကာ မဟာမိတ်တပ်ဖွဲ့အား ပျက်စီးစေခဲ့သည်။ သူတို့က ကော့တေးထံသို့ တိုက်ခိုက်ရန် စစ်သည်များအား တိုက်ရိုက် မစေလွှတ်ရဲ သော်လည်း ချင်ပြည်ထောင်က လက်မလျှော့ပေ။ ရှေးဟောင်း မြေရိုင်း ဒေသကား တန်ခိုးရှင်များအတွက် လေ့ကျင့်ရန် နေရာဖြစ်ရာ မေးခွန်းမေးစရာ မလိုဘဲ ထိုနေရာတွင် စစ်ပွဲ စတင်ဖြစ်ပွားသည်။

ဤနေ့တွင် ရှေးဟောင်း မြေရိုင်းဒေသ၏ တောင်တစ်လုံးပေါ်မှ လူနှစ်ယောက်က လေထဲမှ ပျံဝဲလျက် ဆင်းသက်လာကြသည်။ သူတို့က သိသိသာသာ လျင်မြန်၏။ သူတို့ထဲမှ တစ်ယောက်က  ကြီးမားသော နတ်ငှက် အတောင်ပံနှင့် ဖြစ်ပြီး နောက်တစ်ယောက်က ရွှေအိုရောင် နတ်ဆိုးအတောင်ပံနှင့် ဖြစ်သည်။

သူတို့နှစ်ယောက်ကား ရီဖူရှင်းနှင့် ယူချင်းတို့ ဖြစ်ကြသည်။ သူတို့က အကာနာအဆင့်ကို မရောက်သေးရာ ရှေးဟောင်း မြေရိုင်းဒေ၏ အောက်ဘုံကိုသာ ဝင်ခွင့်ရသေးသည်။ ထို့ကြောင့်ပင်လျှင် သူတို့အား ရှေးဟောင်း မြေရိုင်းဒေသတွင် အန္တရာယ်ပေးနိုင်သူ လွန်စွာ နည်းပါးပေသည်။ သူတို့နှစ်ယောက်က ရှေးဟောင်း မြေရိုင်းဒေသ၏ တစ်နေရာသို့ သွားနေကြခြင်း ဖြစ်သည်။ လမ်းခုလတ်တွင် သူတို့အား မြင်သူများက အနည်းငယ် အံ့အားသင့် သွားကြကာ တစ်စုံတစ်ခုကို တွေးမိကြ၏။

“ချင်ပြည်ထောင် နယ်မြေကို သွားကြမယ်…” တစ်ယောက်က ပြောသည်။ ရှေးဟောင်း မြေရိုင်းဒေသတွင် ရီဖူရှင်းနှင့် ယူချင်းတို့ ပေါ်ထွက်လာခြင်း အပေါ် မေးခွန်းထုတ်ရန် မလိုအပ်ပေ။ သူတို့ ဘာအတွက် ရောက်လာသည်ကို လူတိုင်းက သိကြသည်။ ချင်ပြည်ထောင်က ကျောင်းတော်နှင့် စစ်ကြေညာထားပြီး ဖြစ်သည်။

ရှေးဟောင်း မြေရိုင်း ဒေသ၏ အလယ် မြေရိုင်းမြို့တွင် လူ အများအပြားက ရီဖူရှင်းနှင့် ယူချင်းတို့ ကောင်းကင်မှ ပျံသန်းလာသည်ကို မြင်ကြသည်။ ထို့နောက် လူအများအပြားက သူတို့နောက်မှ စိတ်ဝင်တစား လိုက်ပါ လာကြသည်။

“ရီဖူရှင်းက အကာနာအဆင့်က လျိုဂျန်လန်ကို အနိုင်ယူခဲ့တယ်…. သူ့ရဲ့တိုက်ခိုက်ရေး စွမ်းရည်က အကာနာအဆင့်ကို ရောက်နေပြီးပြီ… ရှေးဟောင်း မြေရိုင်းဒေသမှာ သူ့ကို အနိုင်ယူနိုင်တဲ့လူ မရှိလောက်တော့ဘူး….” မြေရိုင်းဒေသမှ လူများက ကောင်းကင်မှ လူနှစ်ယောက်ကို ကြည့်ကာ ဝေဖန်ကြသည်။

“ဒါမှန်တယ်… ဒါပေမဲ့ ချင်ပြည်ထောင်က ယုံကြည်မှု မရှိရင် သူတို့က စစ်ကြေညာမှာ မဟုတ်ဘူး… သူတို့က ရီဖူရှင်းကို တစ်ယောက်ချင်း ယှဉ်မှာ မဟုတ်လောက်ဘူး…”

“ဒါလည်း မှန်တာပဲ …. ချင်ပြည်ထောင်က အခြေခံအုတ်မြစ် ကောင်းတယ်…. ရီဖူရှင်းနဲ့ ယူချင်းက အားကောင်းတယ် ဆိုရင်တောင် သူတို့က အသာရမယ်လို့ တထစ်ချပြောလို့ မရလောက်ဘူး….”

ရီဖူရှင်းတို့ နောက်ကို လိုက်ပါလာသော လူအုပ်က တဖြည်းဖြည်း များပြားလာသည်။ သူတို့အားလုံးက ရှေးဟောင်း မြေရိုင်းဒေသ၏ တစ်နေရာသို့ ဦးတည် သွားနေကြသည်။ ထိုနေရာကား ရှေးဟောင်း မြေရိုင်းဒေသတွင် ချင်ပြည်ထောင်၏ နေရာခွဲ တစ်ခုဖြစ်သည်။

ရီဖူရှင်းနှင့် ယူချင်းတို့က ရှေးဟောင်းမြေရိုင်း ဒေသ၏ ချင်နန်းတော်အထက် ကောင်းကင်သို့ ရောက်လာသည်။

နန်းတော်၏အထဲတွင် စွမ်းအားမြင့် တန်ခိုးရှင်များက ကောင်းကင်မှ လူငယ် နှစ်ယောက်အား မော့ကြည့်ကြသည်။ သူတို့၏ မျက်လုံးထဲတွင် အံ့အားသင့်ဟန်များ သိပ်မရှိကြပေ။ စစ်က စတင်ပြီးဖြစ်ရာ သူတို့က ပြင်ဆင်ထားပြီး ဖြစ်သည်။

နန်းတော်အပြင်မှ လူများက ကောင်းကင်သို့ တက်ကာ ရီဖူရှင်းတို့အား တိုက်ခိုက်ရန် မကြိုးစားပေ။ ထိုအစား သူတို့က နောက်လှည့်ကာ နန်းတော်ထဲကို ဝင်ရောက် သွားကြသည်။ ခေ့ကေးမြို့တွင် ရီဖူရှင်းနှင့် ယူချင်းတို့က သူတို့၏ အားကောင်းသော တိုက်ခိုက်ရေး စွမ်းရည်များကို ပြသပြီး ဖြစ်သည်။ သူတို့က ရီဖူရှင်းအား တစ်ယောက်တည်း ဝင်ရောက် တိုက်ခိုက်ပါက သေလမ်းကို သွားခြင်းနှင့် အတူတူပင်။

မျှော်လင့်ထားသလိုပင် ချင်ပြည်ထောင်က သေသေချာချာ ပြင်ဆင် ထားကြသည်။ လူအများအပြားက  အဝေးမှ တိုက်ပွဲ အခြေအနေကို လှမ်းကာ ကြည့်နေကြသည်။

ကောင်းကင်မှ ကြည့်လျှင် ချင်ပြည်ထောင်၏ နန်းတော် အထဲတွင် တန်ခိုးရှင်များ ပိုမို၍ စုစည်း လာနေသည်ကို မြင်နေရသည်။

ရီဖူရှင်းနှင့် ယူချင်းတို့က နန်းတော်၏အပေါ် ကောင်းကင်သို့အထိ ရောက်အောင် ပျံသန်း လာကြသည်။ သူတို့၏အေးစက်သော မျက်လုံးများက မြေပြင်မှ ချင်ပြည်ထောင် တန်ခိုးရှင်များကို ကြည့်သည်။

နေနှင့်လက ကောင်းကင်တွင် ပေါ်လာကာ ရေနှင့် မီးဓာတ်များ လေထုထဲ ပျံ့နှံ့လာသည်။ ရီဖူရှင်းက သူ၏ ဓမ္မအား ထုတ်ဖော် လိုက်ခြင်း ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးက မီးလျှံများ ပြည့်နှက်နေကာ တစ်ချိန်တည်းမှာပင် အအေးလှိုင်းများကလည်း ပတ်ဝန်းကျင်ကို ဖြန့်ကြက်ထား၏။

ယူချင်း၏နောက်မှ နတ်ဆိုးပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ သူ ဝတ်ဆင်ထားသော ချတ်ဝတ်တန်ဆာက နတ်ဆိုး၏ စစ်ဝတ်စုံ အလားပင်။  ရွှေအိုရောင် အငွေ့အသက်များ ဖုံးလွှမ်းထားသော ယူချင်းကား လုံးဝ နတ်ဆိုးတစ်ပါး အလား ထင်မှတ်ရသည်။

သူတို့နှစ်ယောက်က ဘေးချင်းကပ် ပျံသန်းလျက် မြန်ဆန်သော အရှိန်အဟုန်နှင့်အတူ ချန်နန်းတော်သို့ ဆင်းသက်လာသည်။ ရီဖူရှင်း၏နောက်တွင် မီးနတ်သစ်ပင်ကြီး တစ်ပင်ပေါ်လာ၏။

ဟူး… ဟူး… ဟူး…။ မရေမတွက်နိုင်သော နွယ်ပင်များက အောက်ခြေမှ လူအုပ်များထံသို့ ကွေးကောက်လျက် တိုးဝင်သွားသည်။ နွယ်ပင်တစ်ထောင် တိုက်ကွက်ကား ရီဖူရှင်း ငယ်ရွယ်စဉ် ကတည်းက လေ့ကျင့်သော နည်းစနစ် တစ်ခုဖြစ်ကာ တန်ခိုး အဆင့်မြင့် လာသည်နှင့်မျှ ပိုမိုအားကောင်း လာသော ပညာဖြစ်သည်။ မှန်သည်… ရီဖူရှင်းက သူ၏ကိုယ်ပိုင် ထိုးထွင်း နားလည်မှုဖြင့် ပြင်ဆင်ထားသည့် နည်းစနစ်တစ်ခုလည်း ဖြစ်သည်။ သိပ်သည်း မာကျောသော နွယ်ပင်များက ရေနှင့်မီးဓာတ်များ လိုက်လျောညီထွေစွာ စီးဆင်းနေကာ တောက်ပ လင်းလက်နေသည်။

ချင်ပြည်ထောင်မှ လူများက သူတို့ထံ တိုးဝင်လာသော နွယ်ပင်များကို မြင်သည်။ သူတို့ထဲမှ တချို့တစ်ဝက်က တော်ဝင်နဂါး တိုက်ကွက်အား ထုတ်ဖော်ကြသည်။ နဂါးပုံရိပ်များက ကောင်းကင်သို့ ထိုးတက် သွားကြသည်။ သို့သော် နွယ်ပင်များက အဆုံးရှိသည်ဟုပင် မထင်ရပေ။ သူတို့က နဂါးပုံရိပ်များကို ရစ်ပတ်သွားကာ နွယ်ပင်များထံမှ ဖြာထွက်လာသော အအေးလှိုင်း များကြောင့် အေးခဲသွားသည်။ ထို့နောက် ရွှေရောင်မီးလျှံများ တစ်ဖန် ထွက်ပေါ်လာလျှင် တောက်ပသော မီးသင်္ကေတများ ထွက်ပေါ်လာ၏။ ထို့နောက်တွင် နွယ်ပင်များ ရစ်ပတ်ခံရသော နဂါးပုံရိပ်များ အားလုံး ပြာမှုန့်များ ဖြစ်သွားသည်။

ယူချင်းက ပိုမိုကြောက်မက်ဖွယ် ကောင်းပေသည်။ သူက ကောင်းကင်ပုဆိန်သွား လှံတံကို ကိုင်ဆောင်ထားသော နတ်ဆိုး တစ်ကောင်အလား ပြောင်းလဲသွားသည်။ သူက ပုဆိန်သွား လှံရှည်အား ဝှေ့ယမ်းလျှင် နဂါးများက တစ်စစီ ဖြစ်သွားကြသည်။ သူ့ထံမှ နတ်ဆိုး အငွေ့အသက်များက မီးလျှံများအလား လောင်ကျွမ်းနေသည်။ သူက လျိုနိုင်ငံ၏ ပျက်စီးခြင်း အတွက် လွန်စွာ ဒေါသထွက် နေခဲ့ရာ ယခုတွင် သူက ဒေါသများအား ထုတ်လွှတ်ရန် အခွင့်အရေးရပြီ ဖြစ်သည်။

ယူချင်းက နဂါးဝင်္ကပါ တစ်ခုထံသို့ တိုက်ရိုက် ဆင်းသက်လာသည်။ သေးငယ်သော လူအစုအဝေးက တကွဲတပြား အဝေးကို လွင့်စဉ်သွားကြ၏။ သူတို့က ပြန်ထကာ ယူချင်းအား ဝန်းရံလိုက်ကြ၏။

ယူချင်းက နောက်ကျောမှ နတ်ဆိုး အတောင်ပံများအား ဖြန့်လျက် ကောင်းကင် ပုဆိန်သွား လှံတံကို ကိုင်ကာ ရှေ့ကို ခုန်ဝင်လာသည်။ သူ့ရှေ့မှ တန်ခိုးရှင်များက မာန်သွင်းလျက် သူတို့၏ လှံတံများအား ဆန့်တန်းကာ ပြိုင်တူ ခုခံကြသည်။ လှံတံများထံမှ အမှန်တကယ်ပင် နဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ပုဆိန်သွားလှံတံနှင့် လှတံများ ရင်ဆိုင်မိလျှင် နဂါးပုံရိပ်နှင့်အတူ လှံတံများလည်း ပျက်စီးသွားသည်။ ယူချင်း၏ လှံတံကလည်း ရန်သူတစ်ယောက်၏ ခန္ဓာကိုယ်အား ထွင်းဖောက် သွားသည်။ ယူချင်းက လှံတံနှင့်အတူ ရန်သူ၏ ခန္ဓာကိုယ်အား မကာ အဝေးကို လွှင့်ပစ်လိုက်သည်။

“ဝင်္ကပါထဲကို ဝင်ကြ… သူ့ကို တစ်ယောက်တည်း မတိုက်နဲ့….” နန်းတော်ထဲကို လူများပိုမို၍ ဝင်လာနေကြသည်။ သို့သော်လည်း သူတို့ရရှိသည်ကား ယူချင်း၏ ကျယ်လောင်စွာ မာန်သွင်းသံနှင့်အတူ ထိုလူများ အားလုံးကို အဝေးကို လွင့်စဉ်သွားခြင်းပင်။ ယခုမှ သူတို့ သိသည်ကား ဤသားရဲကောင်ကြီးနှင့် ထိပ်တိုက် ရင်ဆိုင်ခြင်းက သေတွင်းကို တူးခြင်းနှင့် အတူတူ ဖြစ်သည်ကိုပင်။

တခြား တစ်ဖက်တွင် ရီဖူရှင်းနှင့် တိုက်ခိုက်သူများက နွယ်ပင်များအကြား ပိတ်မိနေကြပြီ ဖြစ်သည်။ ကောင်းကင်မှ နေနှင့်လ ထွန်းလင်းလျှင် ရေနှင့် မီးဓာတ်က သူတို့၏ ဝင်္ကပါထံသို့ ဆင်းသက်လာ၏။ သူတို့က ထိုစွမ်းအားများကို ခုခံရန် လွန်စွာ ခက်ခဲနေသည်။ သူတို့အနီးမှ လွန်စွာ ကြီးမားသော ပုံရိပ်ယောင် နဂါးတစ်ကောင် ပေါ်လာကာ ရီဖူရှင်း၏ တိုက်ခိုက်မှုများကို ခုခံကြသည်။

ရီဖူရှင်း အနီးကောင်းကင်တွင် လျှပ်စီးနှင့် မိုးကြိုးများ စတင် ဖြစ်ပေါ်လာသည်။ သူက အားကောင်းသော မှော်စွမ်းအားကို ထုတ်လွှတ်ခဲ့သည်မှာ ထင်ရှားသည်။ မှော်ပညာ စွမ်းအားက ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးနဂါးက ကျယ်လောင်စွာ ဟိန်းဟောက်လျက် မြေပြင်သို့ တိုးဝင်သွားသည်။

ကောင်းကင်တွင် လျှပ်စီး အက်ကွဲသံများ ထွက်ပေါ်နေ၏။ မြေပြင်မှ တန်ခိုးရှင်များက သူတို့၏ ခန္ဓာကိုယ်များ တုန်ယင်သွားကာ ဝင်္ကပါမှာလည်း ပျက်စီးသွားသည်။ ရေနှင့်မီးဓာတ်ပါသော နွယ်ပင်များက သူတို့ထံ တိုးဝင်သွားလျှင် အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။

ချင်ပြည်ထောင်မှ လူများက နန်းတော်ထဲမှ ထပ်ထွက်လာကြသည်။ သူတို့၏ အမူအရာများက သိပ်မကောင်းကြပေ။ သူတို့က ချက်ချင်း မတိုက်ခိုက်ကြပေ။ ထိုအစား သူတို့က ရီဖူရှင်းနှင့် ယူချင်းအား စက်ဝိုင်းပုံစံ ဝင်္ကပါတစ်ခု ဖန်တီးကာ လှည့်ပတ်ကြသည်။

တော်ဝင်နဂါး မှော်တိုက်ကွက်က ဝင်္ကပါထဲ လှည့်ပတ် သွားလာနေကာ ဝင်္ကပါထဲမှ နဂါးများက ပိုမိုကြီးမား အားကောင်းလာ နေကြသည်။ နဂါးအော်သံများကပင် လူအများအား ထိတ်လန့်စေနိုင်ပေသည်။

“ဝိညာဉ်စောင့်ရှောက်သူ ငါးပါးကို အသက်သွင်းစမ်း….” တစ်ယောက်က အော်သည်။ ချက်ချင်းပင် နန်းတော်ထဲမှ အလင်းများ တောက်ပလာသည်။ ကျယ်ပြန့်သော လေဟာနယ်ထဲတွင် သဘာဝ စွမ်းအင်များ ရုန့်ရင်း ကြမ်းတမ်းစွာဖြင့် သိပ်သည်း လာနေသည်။

ထိုနေရာအား လွန်စွာ ကြီးမားသော ဖိအားတစ်ခု ဆင်းသက်လာ၏။ ရီဖူရှင်းက အဝေးကို လှမ်းကြည့်လျှင် နန်းတော်ထဲ၌ များစွာသော နတ်သတ္တဝါဆန်း ရုပ်တုများကို မြင်ရသည်။ ကြီးမားသော ကြမ်းကြုတ်သော နဂါးကြီးတစ်ကောင်၊  ကြီးမားသော ရွှန်ဝူတစ်ကောင်၊ လိပ်နက်ကြီး တစ်ကောင်၊ နတ်ငှက်တစ်ကောင်၊ ဇာမဏီ ငှက်တစ်ကောင်၊ ဧရာမကျောက်ဆင်ကြီး တစ်ကောင်နှင့် ရွှေရောင် သိမ်းစွန်ရဲ တစ်ကောင်တို့ကို တွေ့ရသည်။

ထိုရုပ်တုများထံမှ ဖိအားများက ရီဖူရှင်းနှင့် ယူချင်းထံ ဆင်းသက်လာသည်။ ထိုအခိုက်တွင် သူတို့က ထိုကြောက်မက်ဖွယ် ကောင်းသော နတ်သတ္တဝါဆန်းများ၏ မျက်လုံးအောက်ကို ရောက်ရှိသွားသလို ခံစားကြရသည်။ ထိုသတ္တဝါဆန်းများ၏ စိတ်အသိများက သူတို့၏ အာရုံထဲကို ထိုးထောက် ဝင်ရောက် လာကြ၏။

“မကြည့်နဲ့…” ရီဖူရှင်းက ယူချင်းကို ပြောသည်။ သူတို့က ထိုသတ္တဝါဆန်းနှင့် အာရုံခံစားမှုများ အားလုံးကို ဖြတ်တောက်ရန် လိုသည်။ သူတို့ မခံစားလျှင်ပင် ဖိအားများက သူတို့ထံ ဆင်းသက်လာမြဲ ဖြစ်သည်။ ထိုအဖြစ်က သူတို့အတွက် ထိုနေရာ တစ်ခုလုံးက လှုပ်ရှားရန် လွန်စွာ လေးလံ သွားစေ၏။

“မင်းက ကျောင်းတော်ရဲ့ သိုင်းပညာ လေ့ကျင့်ရေးကွင်းမှာလို သဘောထား…” ရီဖူရှင်းက ပြောသည်။ သို့သော်လည်း ဖိအားက သိုင်းပညာ လေ့ကျင့်ရေး ကွင်းထက် များစွာ အားကောင်းပေသည်။ ထိုနေရာက ရုပ်တုများက ဤရုပ်တုများလောက် အားမကောင်းပေ။ ထို့အပြင် ချင်ပြည်ထောင်မှ လူများက ထိုဖိအားကို ခံစားရဟန် မတူပေ။

နန်းတော်အပြင်မှ လူများက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်ကြသည်။ ရီဖူရှင်းနှင့် ယူချင်းတို့က အားကောင်းပေသည်။ သို့သော် သူတို့က ချင်ပြည်ထောင် နယ်မြေထဲကို နှစ်ယောက်တည်း ဝင်ရောက်ခြင်းက လွန်စွာ အရဲစွန့်ရာ ရောက်ပေသည်။

ချင်ပြည်ထောင်က ထိုနေရာတွင် နန်းတော် တည်ထားသည်မှာ သူတို့က ဝိညာဉ်စောင့်ရှောက်သူ ငါးပါး၏ အကူအညီဖြင့် လေ့ကျင့်နိုင်သလို တိုက်ပွဲတွင်လည်း အသုံးပြုနိုင် သောကြောင့် ဖြစ်သည်။ ဤနေရာက ယခင်က ရှေးဟောင်း အကြွင်းအကျန် နယ်မြတစ်ခု ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ချင်ပြည်ထောင်က အပိုင်သိမ်းကာ နန်းတော် တည်ဆောက်ခဲ့သည်။ သူတို့က ဤနေရာတွင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြပြီး ဖြစ်သည်။ ရီဖူရှင်းတို့က ထိုအထဲကို ဝင်ရောက် သွားခြင်းက အန္တရာယ်ထဲကို တိုးဝင်ခြင်းနှင့် အတူတူပင်။

ဓားသခင် ရောက်ရှိလာခြင်းက အရှေ့မြေရိုင်း ဒေသ တစ်ခုလုံးအား စုစည်းကာ ကော့တေးအား တိုက်ခိုက်ခြင်းကို တားဆီး နိုင်ခဲ့သော်လည်း ရီဖူရှင်းက သူတို့၏ နန်းတော်အား ဝင်လာမှတော့ ချင်ပြည်ထောင်က သူ့အား သည်အတိုင်း ပြန်လွှတ်မည်တော့ မဟုတ်ပေ။

ချင်ပြည်ထောင်က မသေချာမှု တချို့ရှိသလို ဓားသခင်နှင့် ကော့တေးကလည်း ထိုနည်းတူ ဖြစ်သည်။ နှစ်ဖက်လုံးက တစ်ဖက်ကို တစ်ဖက် သတိထား စောင့်ကြည့် နေကြသော်လည်း ရှေးဟောင်းမြေရိုင်း ဒေသတွင်ကား စစ်ပွဲက စတင်နေပြီး ဖြစ်သည်။

“မင်းတို့က ငရဲပြည်ကို ကိုယ်တိုင် သွားလိုတယ် ဆိုမှတော့ ငါတို့က ပို့ပေးရတာပေါ့….” ချင်ပြည်ထောင် တန်ခိုးရှင် တစ်ယောက်က ရီဖူရှင်းတို့ဘက်ကို လှံတံဖြင့် ချိန်ရွယ်လျက် အေးစက်စွာ ပြောသည်။ သူကား ကော့တေး၏ တပည့်များကို သတ်ရမည့် အခွင့်အရေး အပေါ် စိတ်လှုပ်ရှား ပျော်ရွှင်နေသည်။

ချင်ပြည်ထောင်မှ လူတိုင်းက ရီဖူရှင်းအား သတ်လိုသည်။ ယခု အခွင့်အရေးက ရောက်လာပြီ ဖြစ်သည်။

“ဒီနေရာက လေ့ကျင့်ဖို့အတွက် တော်တော် သင့်တော်တာပဲ…. အခုအချိန်ကစပြီး ဒီနေရာက ချင်ပြည်ထောင်နဲ့ မသက်ဆိုင်တော့ဘူး….” ရီဖူရှင်းက ပြောသည်။ သူက ခုနက သူ့အား ခြိမ်းခြောက်ခဲ့သော သူ၏ စကားအားလုံးဝ အလေးမထားပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset