ထိုသတင်းများက အရှေ့မြေရိုင်း ဒေသအား ပျံ့နှံ့လျှင် ကျောင်းတော်၏ တပည့်များက အနည်းငယ် မငြိမ်မသက် ဖြစ်ကြသည်။ ချင်နန်းတော်က ကော့တေးအား တိုက်ခိုက်ရန် အရှေ့မြေရိုင်း ဒေသမှ အင်အားစုများ အားလုံးကို စုစည်းနေသည်ဟု သူတို့ သတင်းရကြသည်။
ထိုသို့သော အဆင့်ရှိသော တိုက်ပွဲသာ ဖြစ်ပွားပါက မည်သည့်ဘက်က အနိုင်ရပါစေ မရေမတွက်နိုင်သော လူများ သေဆုံးကြပေမည်။
သို့သော်လည်း ကော့တေးကား ယခင်လိုပင် တိတ်ဆိတ် ငြိမ်သက်နေသည်။ သို့သော်လည်း ရီဖူရှင်းက စိတ်ငြိမ်သက်နိုင်ခြင်း မရှိပေ။ မည်သို့ပင်ဆိုစေ ပြဿနာက သူ့ကြောင့် ဖြစ်လာရခြင်း မဟုတ်ပါလော။
“အစ်မနှစ်…. ချင်ပြည်ထောင်က ဒီနေ့ ညစာစားပွဲတစ်ခု လုပ်တယ်တဲ့… ချင်ဘုရင်က ကော့တေးကို တိုက်ဖို့ ဒေသတစ်ခုလုံးကို ခေါ်နေတယ် ကြားတယ်….” ရီဖူရှင်းက ကျူးကော့ဟွေကို မေးသည်။ သူမကား လွန်စွာ အေးဆေးရကား ဒန်းကလေးပေါ်တွင် အေးအေးလူလူ ထိုင်နေသည်။ သူမက လွန်စွာ လှပသော်လည်း ရီဖူရှင်းက မြှောက်ပင့်ရန် အာရုံမရှိပေ။
ကျူးကော့ဟွေက သူ့အား ပြုံးလျက် ကြည့်သည်… “မောင်ငယ်လေးကို တန်ခိုးကျင့်နေဖို့ မပြောထားဘူးလား…. စိတ်မပူနဲ့… အခု ဘာမှ ဖြစ်မှာ မဟုတ်ဘူး….”
ရီဖူရှင်းက ခေါင်းကုတ်ကာ နားမလည်စွာ ပြောသည်… “အစ်မနှစ်က ဘယ်လို သိတာလဲ…”
“ချင်ပြည်ထောင်က ဒေသတစ်ခုလုံးကို ခေါ်ပြီး ကော့တေးကို တိုက်ခိုက်ချင်တယ်… ဆရာက အပျင်းထူတယ်… သူ့ကို ရှာလို့လည်း မတွေ့ဘူး… ဒီတော့ ဘယ်သူက တာဝန်ယူမှာလဲ…” ကျူးကော့ဟွေက မေးသည်။
ရီဖူရှင်းက ခေါင်းကို ထပ်ကုတ်သည်… “အစ်မနှစ်လား…”
“ငါအလုပ်များတယ်…. မင်းမှာ အစ်ကိုကြီး ရှိသေးတယ်…”
မျက်လုံးအား ပင့်ကာ ကျူးကော့ဟွေက ပြောသည်… “ဖူယွန်ဓားကလန် ခေါင်းဆောင်က ငါတို့ ဆရာကို စော်ကားတဲ့အခါ အစ်ကိုကြီးက အဲဒီကို တိုက်ရိုက် သွားခဲ့တယ်…. အခု ဒီအကောင်တွေက ကော့တေးကို တိုက်ခိုက်ချင်တယ်…. သူက ဘယ်ကလန်ကိုမဆို သွားလိုက်ရင်ပဲ ဒီမဟာမိတ်က ပျက်စီးသွားလိမ့်မယ်… ကော့တေးက လျိုနိုင်ငံမဟုတ်ဘူး…. အမှိုက်တချို့ရဲ့ ထောက်ပံ့မှုကို ရလို့ ချင်ပြည်ထောင်က ယုံကြည်မှု ရှိနေတာ…. သူတို့ကလည်း တုံးအနေတာတော့ မဟုတ်ဘူး…. ဒါက မင်းရဲ့ အစ်ကိုကြီးက တောင်အောက်ကို မဆင်းတာ ကြာတော့ သူတို့က မေ့သွားတာပဲ ရှိတာ….”
ဤသည်ကို ကြားလျှင် ရီဖူရှင်းက အနည်းငယ် စိတ်အေးသွားသည်။ အစ်ကိုကြီးက သည်နှစ်ပိုင်းအတွင်း တိုးတက် လာရပေမည်။ ဤသို့သော တိုက်ပွဲတွင် သူတို့က လုံးဝ ယုံကြည်မှု ရှိရပေမည်။ မဟုတ်လျှင် အစ်မနှစ် ပြောသလို အစ်ကိုကြီးအား ဘယ်သူက မကြောက်ဘဲ နေရဲမည်နည်း။
“အစ်ကိုကြီးက ဖူယွန်ဓားကလန် ခေါင်းဆောင်ကို အနိုင်ရလောက်တယ်… ဟုတ်တယ်မလား….” ရီဖူရှင်းက မေးသည်။ ထိုစဉ်က သရေကျသော်လည်း ကော့တေး၏ တပည့်များက ပုံမှန်အားဖြင့် ပိုမိုကောင်းမွန်သော ပါရမီကို ပိုင်ဆိုင်သည်။
“မင်းရဲ့ အစ်ကိုသုံးက သူ့စွမ်းရည်တွေနဲ့ ပတ်သက်ပြီး အသိဆုံးဖြစ်မှာပဲ…. သူက မင်းသားချင်ကို သတ်ခဲ့မှတော့ အဲဒီကောင်က အလကား သေရတာ မဟုတ်ဘူး….” ကျူးကော့ဟွေက ပြောသည်… “မင်းရဲ့ အစ်ကိုသုံးက လျိုနိုင်ငံကို ကူညီချင်ခဲ့တယ်….”
“အင်း…” ရီဖူရှင်းက တိတ်တခိုး သက်ပြင်းချကာ ခေါင်းညိတ်သည်။ လျိုနိုင်ငံအတွက် အလွန်ဆိုးလှပေသည်။
“အစ်ကိုကြီးက ဘယ်လိုလဲ….” ရီဖူရှင်းက ရေရွတ်သည်။ ကော့တေးတွင် သူက အစ်ကိုကြီးမှ အပ တခြား တပည့်များအားလုံးနှင့် သိသည်။
ကျူးကော့ဟွေက ပြုံးလျက် ပြောသည်… “ကျောက်ခဲ တစ်ခဲလိုပဲ….”
“ကျောက်ခဲတစ်ခဲ….” ရီဖူရှင်းက နားမလည်ပေ။
“အင်း…” ကျူးကော့ဟွေက ခေါင်းညိတ်သည်… “သူက ခေါင်း အရမ်းမာတယ်…”
“မင်းက ငါ့အကြောင်းကို ပြောနေပြန်ပြီ….” အဝေးမှ အသံတစ်သံကို ကြားရသည်။ ကျူးကော့ဟွေက ပြုံးကာ အဝေးတစ်နေရာကို ကြည့်သည်။ သိသာစွာပင် သူမက သူရောက်နေသည်ကို သိပြီးဖြစ်သည်။
လူအနည်းငယ် လျှောက်လာသည်။ ရှေ့ဆုံးမှ လျှောက်လာသူကား အနက်ရောင်ဝတ်စုံနှင့်လူ ဖြစ်သည်။ သူကား ချင်ပြည်ထောင်မှ ရောက်လာသော ဓားသခင်ဖြစ်သည်။ လျိုဖန်း၊ ရွှီယီနှင့် ယိရှောင်ရှီတို့က သူ့နောက်မှ လိုက်ပါလာကြသည်။
“အစ်ကိုကြီး… ညီမ မှားလား….” ကျူးကော့ဟွေက မေးသည်။
“ကောင်းပြီ… မင်း အမြဲမှန်တယ်…” ဓားသခင်က ပြုံးလျက် ပြောသည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများက ယခုကား သိမ်မွေ့ ညင်သာနေသည်။ သူက သူ့ညီများ ညီမများ ရှေ့တွင် ချင်ပြည်ထောင်မှ လူများကဲ့သို့ မထက်ရှနိုင်တော့ပေ။
ရီဖူရှင်းက အသစ်ရောက်လာသူအား အကဲခတ်သည်။ သူတို့က ပထမဆုံး တွေ့ဆုံကြခြင်း ဖြစ်သည်။ အစ်မနှစ်က ကော့တေး တပည့်များအပေါ် အာဏာစက် ရှိသော ဟန်ပန်လျော့ပါး ပျောက်ကွယ် သွားသော အခိုက်အတန့်ကိုလည်း သူက ပထမဆုံး ကြုံတွေ့ရခြင်း ဖြစ်သည်။ သို့သော် သူတို့၏ မျက်လုံးများနှင့် ရိုးရှင်းသော စကားများက သာမန် မောင်နှမများလို ခံစားရစေသည်။
ဤနေရာတွင် မည်မျှ များပြားသော နာမည်ကျော်များ ရှိနေပါစေ သူတို့က သာမန် မိသားစုအလား ရှိနေမည်သာ ဖြစ်သည်။
“ညီငယ်လေး…” ဓားသခင်က ရီဖူရှင်းအား ကြည့်ကာ ခေါ်သည်။
“အစ်ကိုကြီး…” ရီဖူရှင်းက တောက်ပစွာ ပြုံးလျက် နှုတ်ဆက်သည်… “အစ်ကိုကြီးက ဘယ်လိုပုံစံလဲ သိချင်လို့ အစ်မနှစ်ကို မေးနေတာ…. အခုမှ အစ်ကိုကြီးက တကယ်ပဲ ချောမောတယ်… ထက်မြက်တယ်… ဆွဲဆောင်မှုရှိတယ်… အားကောင်းတယ်…..”
ဓားသခင်က အနည်းငယ် မျက်လုံးပြူးသွားကာ ရုတ်တရက် တဝါးဝါး ထရယ်သည်။ ထို့နောက် သူက ပြောသည်… “မင်းရဲ့ အစ်မနှစ်က မင်းကို အရမ်း အလိုလိုက်တာ မထူးဆန်းတော့ဘူး….” သူက မှတ်ချက်ချသည်…“ကောင်းတယ်…”
ဓားသခင်ဘေးမှ ယိရှောင်ရှီ စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ သူကလည်း အစ်ကိုကြီးနှင့် ပထမဆုံး ဆုံတွေ့ရခြင်း ဖြစ်သော်လည်း ကွာဟချက်ကား ကြီးမားလွန်း လှသည်။ ဤအကောင်ကား အရှက်မရှိ ပြုမူလျှင်ပင် ချီးကျူးခံရ၏။
“အစ်ကိုကြီး…” ပိန်သွယ်သော မိန်းကလေးတစ်ဦး အပြေးလာနေသည်။ ပေ့ထင်ရှင်းအာက သူမ၏ အစ်ကိုကြီးကို ကြည့်ကာ အနည်းငယ် စိုးရိမ်နေဟန် ရသည်။ သူမနှင့်လည်း ပထမဆုံး တွေ့ဆုံခြင်း ဖြစ်သည်။
“ဆရာက လှပတဲ့ ညီမငယ်လေး တစ်ယောက် ခေါ်ထားတယ်လို့ အရင်ကတည်းက ကြားဖူးတယ်… မင်းတို့တွေက ကံကောင်းတာပဲ…” ဓားသခင်က ရယ်မောသည်။
ဓားသခင်က ချီးကျူးလျှင် ပေ့ထင်ရှင်းအာက ရှက်သွေး ဖြန်းသွားသည်… “ရှင်းအာက အစ်ကိုသုံးကို သွားခေါ်လိုက်မယ်….” ထို့နောက် သူမက နောက်လှည့်ကာ အပြေးအလွှား ထွက်ခွာသွားသည်။
“နံပါတ်ငါး… ချက်ပြုတ်မယ်… နံပါတ်လေး… သူ့ကို ကူညီ… နံပါတ်ခုနစ်… ဝိုင်နည်းနည်း သွားရှာ….” ကျူးကော့ဟွေက အမိန့်ပေးသည်။ လူတိုင်းက ခေါင်းညိတ်ကာ မိမိတို့ အလုပ်ကိုယ်စီကို သွားလုပ်ကြသလို ရီဖူရှင်းအားလည်း မနာလိုစွာ ကြည့်ကြသည်။ ဤကောင်က ဘာမှ လုပ်စရာမလိုပေ…။
“အစ်ကိုကြီး… ရှင်က ချင်ပြည်ထောင်က ပြန်လာတာလား….” ကျူးကော့ဟွေက မေးသည်။
“မင်းက ဉာဏ်ကောင်းတယ်…” ဓားသခင်က သူမအား ပြုံးလျက်ကြည့်သည်… “ငါက ချင်ပြည်ထောင်ကို သွားပြီးတော့မှ ဒီကို လမ်းကြုံ ဝင်လာတာပဲ…ငါက ညီငယ်လေးတွေနဲ့ ညီမတွေကို မတွေ့ရသေးဘူး….”
သူတို့ဘေးမှ ရီဖူရှင်း မှင်တက်သွားသည်။ အစ်ကိုကြီးက ချင်ပြည်ထောင်ကို တစ်ယောက်တည်း သွားခဲ့ခြင်းကို သာမန်ကိစ္စလို ပြောနေသည်။ ထိုအရာက မည်မျှ အံ့သြဖွယ် ကောင်းမည်ကို သူတွေးနေမိသည်။
ချင်ပြည်ထောင်မှ မင်းသား ချင်ဂီက ဂူတုံးလျို၏ လက်ထဲတွင် သေဆုံးခဲ့သည်။ ချင်ပြည်ထောင်က ကော့တေးအား တိုက်ခိုက်လိုရာ အစ်ကိုကြီးက အရှေ့မြေရိုင်း ဒေသမှ လူများအားလုံး စုစည်းနေချိန်တွင် သွားရောက် လည်ပတ်ခဲ့သည်။ ထိုအရာက လွန်စွာ အတင့်ရဲကာ ထီမထင်သော အပြုအမူဖြစ်သည်။ ကြည့်ရသည်မှာ အစ်မနှစ်က မှန်ပေသည်။ သို့သော် အစ်ကိုကြီးက တခြား အင်အားစုများသို့ သွားမည့်အစား ချင်ပြည်ထောင်သို့ တိုက်ရိုက် သွားခဲ့သည်။
“ညီမတို့ရဲ့ မောင်ငယ်လေးက အရှေ့မြေရိုင်း ဒေသတစ်ခုလုံးက ညီမတို့ကို ပူးပေါင်း တိုက်ခိုက်မှာကို စိုးရိမ်နေတာ….” ကျူးကော့ဟွေက ပြောသည်… “အခု သူစိတ်အေးနိုင်ပြီ….”
ရီဖူရှင်းက နှုတ်ခမ်းများ ကွေးညွတ်သွားအောင် ပြုံးသည်။ အစ်ကိုကြီးက ချင်ပြည်ထောင်အား သွားလည်ပြီး ပြန်လာရာ သူက ပြဿနာကို ဖြေရှင်းခဲ့ပုံရသည်။
“သူတို့က ကော့တေးကို တိုက်ခိုက်ဖို့ မဟာမိတ် မဖွဲ့ရဲပါဘူး….” ဓားသခင်က ပြောသည်… “ဒါပေမဲ့ ချင်ပြည်ထောင်က စစ်ကြေညာပြီးပြီ ဆိုမှတော့ မင်းတို့က သတိထားဖို့တော့ လိုတယ်….”
ကျူးကော့ဟွေက အသာအယာ ခေါင်းညိတ်သည်။ လတ်တလော ပြဿနာက ဖြေရှင်းပြီးသွားပြီ ဖြစ်သည်။ ချင်ပြည်ထောင်က ကော့တေးအား တိုက်ရိုက် မတိုက်ခိုက်ရဲသည့်တိုင် သူတို့က စစ်ကြေညာ ထားမှတော့ ရှောင်ဖယ်၍ မရနိုင်တော့ပေ။ သူတို့ကလည်း ဝှက်ဖဲများအား ထုတ်ကာ စစ်အား မစတင်သေးခြင်းသာ ဖြစ်သည်။
“ဆရာရဲ့သတင်း ဘာမှ မကြားရသေးဘူးလား….” ဓားသခင်က မေးသည်။
“အစ်ကိုကြီး… ရှင်က သူ့အကြောင်းကို မသိတာလည်း မဟုတ်ဘူး…. သူက တစ်နေရာမှာ ချောမောလှပတဲ့ တပည့်မ တစ်ယောက်ယောက် ရှာနေမှာပေါ့….” ကျူးကော့ဟွေက ရေရွတ်သည်… “ဆရာကို သေချာ မကြည့်ထားတဲ့ သူ့အမှားပဲ….”
“ဆရာသာ သွားချင်ရင် ညီသုံးက တားနိုင်မယ် ထင်လို့လား….” ဓားသခင်က ပြောသည်… “သူဘယ်လောက် ပျင်းတယ် ဆိုတာကို မင်းလည်း သိတာပဲ….”
ရီဖူရှင်းက သူတို့ ပြောနေသည်များကို စိတ်ဝင်စားစွာ နားထောင်နေသည်။ သူတို့၏ဆရာက မည်သို့သော လူမျိုးနည်း။
“အစ်ကိုကြီး… ခင်ဗျားက တကယ်ပဲ ကျွန်တော့်အတွက် ပြောပေးတာပဲ…” ဂူတုံးလျိုက လျှောက်လာကာ ပြောသည်။ ကျူးကော့ဟွေက သူ့အား အာရုံမစိုက်ဟန်ဖြင့် တစ်ဖက်ကို လှည့်သွားသည်။
ထိုအမူအရာ တချို့ကို မြင်လျှင် ဓားသခင်က ခေါင်းယမ်းသည်.. “မင်းတို့နှစ်ယောက်….”
“ဆရာက ဘယ်လောက်တောင် ပျင်းတာလဲ….” ရီဖူရှင်းက မေးသည်။
“သူက တပည့် ဘယ်နှယောက် လက်ခံလဲ…. သူက တပည့်တွေကို သင်လည်း မသင်ဘဲ လက်ခံတယ်… သူ ဘယ်လောက် ပျင်းတယ် မင်းထင်လဲ…” အစ်မနှစ်က မေးသည်။
ရီဖူရှင်းက အနည်းငယ် အရှက်ရသွားသည်။ သူ့ရှေ့တွင် ကော့တေး၌ တပည့် ခုနစ်ယောက်မျှသာ ရှိသည်။ ဆရာက သူတို့အား မသင်ပေးဘဲ လက်ခံခဲ့သည်။ သူကား အမှန်ပင် ပျင်းရိပေသည်။
“ဆရာက အရှေ့မြေရိုင်းဒေကို အုပ်ချုပ်ချင်တယ်လို့ တချို့က တွေးထင်ကြတယ်….” ခေါင်းယမ်းကာ ဓားသခင်က ပြောသည်… “ဒီအဘိုးကြီးက ဒီလို ရည်မှန်းချက်ရှိရင် အရမ်း ကောင်းလိမ့်မယ်….”
ကျူးကော့ဟွေကလည်း သက်ပြင်းချသည်။ သူတို့၏ ဆရာက ဘယ်လောက် ပျင်းရိသည်ကို တစ်စုံတစ်ယောက်က သိပါက အရှေ့မြေရိုင်း ဒေသအား အုပ်ချုပ်မည် ဆိုသော စကားက မည်မျှ အဓိပ္ပာယ် ကင်းမဲ့သည်ကို သူတို့ သိပေမည်။
“သူ့ကို ဘယ်နှကြိမ် သူတို့ တွေ့ဖူးလို့လဲ…. သူတို့က ဆရာရဲ့ စိတ်ကိုဘယ်လို နားလည်ပါ့မလဲ….” ဂူတုံးလျိုက တည်ငြိမ်စွာ ပြောသည်။ ထိပ်သီးပုဂ္ဂိုလ်များ ပင်လျှင် ကော့တေး၏ ဆရာအား နားမလည်ကြပေ။
သူတို့သုံးယောက်သာ ဆရာနှင့် ပတ်သက်၍ အရင်းနှီးဆုံး ဖြစ်သော်လည်း သူတို့ကလည်း သူ့အား ရှာမတွေ့နိုင်သေးပေ။
သူတို့ စကားပြောဆို နေရင်းပင် အစားအစာများနှင့် ဝိုင်က အဆင်သင့် ဖြစ်သွာသည်။ ယူချင်းနှင့် လို့လန်ရွှီတို့လည်း ရောက်လာသည်။ ရီဖူရှင်းက ကော့တေးကို ရောက်ပြီးနောက် ဤတစ်ကြိမ်ကား ကော့တေးမှ တပည့်များအားလုံး အတူတူဆုံတွေ့သော အချိန်အခါ ဖြစ်ပေသည်။
ကော့တေး တပည့်များကား အပြင်ဘက်တွင် လွန်စွာ ကျော်ကြား ထင်ရှားသူများ ဖြစ်ကြသည်။ သို့သော် တောင်ပေါ်တွင်ကား သူတို့က သာမန်လူများလို ပြောဆို ရယ်မောကာ စားသောက်နေကြ၏။
***
ပြင်ပတွင်မူကား ဓားသခင် ထွက်ပေါ်လာခြင်းက ချင်ပြည်ထောင်အား ချောက်ချား စေခဲ့သည်။ ချင်ပြည်ထောင်က ကော့တေးအား တိုက်ခိုက်ရန် အရှေ့မြေရိုင်း ဒေသအား စုစည်း လိုခဲ့သော်လည်း ကျရှုံးခဲ့သည်။ ဓားသခင် ပေါ်ပေါက်လာခြင်းက မဟာမိတ်တပ်ဖွဲ့အား ပျက်စီးစေခဲ့သည်။ မည်သူမှ မစွန့်စားလိုကြပေ။
နန်းတော်တွင် ကျန်နေခဲ့သော နှစ်ဖက်သွား ဓားအသိက ပြောသည်မှာ ဓားသခင်က အရှေ့မြေရိုင်း ဒေသ၏ ထိပ်ဆုံးတွင် ရပ်တည်နေပြီ ဟူ၏။ ကော့တေးအား တိုက်ခိုက်လိုသူက အကျိုးဆက်အား သိရပေမည်။ သူတို့က ဓားသခင်၏ လက်တုံ့ပြန်မှုတွင် အသက်ရှင်မည် မဟုတ်ပေ။
မှန်သည်… သူတို့၏ စစ်သည်များအား တိုက်ရိုက် မစေလွှတ်နိုင်သော်လည်း ဖူယွန်ဓားကလန်နှင့် တော်ဝင် ချန်ကျောင်းတော်တို့က ချင်ပြည်ထောင်နှင့် မဟာမိတ်ပြုရန် တရားဝင် ကြေညာပြီး ဖြစ်သည်။
ရက်ပေါင်းများစွာ ကြာသောအခါ ရှေးဟောင်း မြေရိုင်းဒေသ၌ ကျောင်းတော်မှ တပည့်များက ရှေးဟောင်း အကြွင်းအကျန် နေရာတစ်ခုတွင် လေ့ကျင့်နေကြသည်။ ထိုစဉ်မှာပင် လူတစ်စု ကောင်းကင်မှ ဆင်းသက်လာသည်။ သူတို့က ချင်ပြည်ထောင်မှ ဖြစ်ပေသည်။ ခေါင်းဆောင်ကား ချင်လီဖြစ်၏။ သူက လက်ဝှေ့ယမ်းလျှင် သူ့လူများက ကျောင်းတော်မှ လူများအား ဝန်းရံလိုက်ကြသည်။
“သူတို့ကို တန်ခိုးအစွမ်းဖျက်ပစ်….” ချင်လီက အေးစက်စွာ အမိန့်ပေးသည်။ သူ၏လူများက ချက်ချင်း တိုက်ခိုက်ကြ၏။
ပရိသတ်များက ထိတ်လန့်သွားကာ ဘေးကို ဖယ်ပေးကြသည်။ ကျောင်းတော်မှ တပည့်များက ပြန်လည် တိုက်ခိုက်ကြသော်လည်း မကြာမီ သူတို့အားလုံး၏ အစွမ်းများ အဖျက်ခံရကာ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရ၏။
လူအများအပြားက ထိတ်လန့် သွားကြသည်။ မျှော်လင့်ထားသည့် အတိုင်းပင် ချင်ပြည်ထောင်က စာအုပ်တောင်အား သူတို့၏ စစ်သည်များအား မစေလွှတ်ခဲ့ပေ။ သို့သော် သူတို့က အရှေ့မြေရိုင်း ဒေသတွင် အားကောင်းသော စစ်ဘုရင်ဖြစ်ကြောင်းကို သက်သေပြလိုသည်။ သူတို့က ချင်ဂီ၏ သေခြင်းကို ဤအတိုင်း လက်မလွှတ်ပေးနိုင်ပေ။
စစ်က ဤပုံစံဖြင့် ရုတ်တရက် ရောက်လာသည်။
ထို့နောက် ချင်ပြည်ထောင်က သတင်းစကား ထုတ်လွှင့်သည်မှာ ကျောင်းတော်မှ ဓားစာခံများအား လွှတ်ပေးရန် လျိုဖေးယွန်နှင့် လျိုချန်းယွီအား ထုတ်ပေးရမည် ဟူ၏။
ကျောင်းတော်က လွန်စွာ ဒေါသထွက်ရသည်။ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့က စစ်ဖြစ်ရန် အကြောင်းပြချက် တစ်ခုမျှသာ ဖြစ်သည်ကို သူတို့သိကြသည်။
***