ချင်ဘုရင်က အတွေးနက်နေသော အင်အားစုများစွာမှ လူများအား ကြည့်သည်။ သူတို့အားလုံး အနည်းငယ် စိတ်ပါလာသည်ကို သူသိသည်။
ထိုလူများ အားလုံးကို ချင်ပြည်ထောင်နှင့်အတူ ကော့တေးအား တိုက်ခိုက် ခိုင်းရန်မှာ သေချာပေါက် ခက်ခဲပေသည်။ ဖူယွန်ဓားကလန်နှင့် တော်ဝင် ချန်ကျောင်းတော်တို့က ချင်ပြည်ထောင်နှင့် နီးစပ်သော်လည်း သူတို့က ကော့တေးကဲ့သို့ ရန်သူကို ရင်ဆိုင်ရန် မလိုလားကြပေ။ အင်အားစုတိုင်းက ကိုယ့်အကျိုးစီးပွားကို ကြည့်ပေသည်။ ကော့တေးက သူတို့၏ တည်ရှိမှုအား အမှန်တကယ် ခြိမ်းခြောက်လာသော အခါမှသာ သူတို့က ဆုံးဖြတ်ကြမည် ဖြစ်သည်။
ယနေ့ သူက လူတိုင်းအား ချင်ပြည်ထောင်က ကော့တေးလောက် အန္တရာယ် မရှိသော အကြောင်းကို ပြောပြရန် ကြိုးစားနေခြင်း ဖြစ်သည်။ မဟုတ်လျှင် ထိုလူများက ချင်ပြည်ထောင်နှင့်အတူ ကော့တေးကို မည်သို့ တိုက်ခိုက် မည်နည်း။
“အတိတ်က ချင်ပြည်ထောင်က အရှေ့မြေရိုင်း ဒေသကို အုပ်ချုပ်ခဲ့တယ်… အဲဒီအချိန်က ကွဲပြားခြားနားတဲ့ ကလန်တွေက အစီအစဉ်တကျ ဖွံ့ဖြိုး တိုးတက်ခဲ့တယ်… ကျုပ်တို့က လောကကို အုပ်ချုပ်ပေမဲ့ ကလန်တွေရဲ့ တည်ရှိမှုကို ဝင်မစွက်ဖက်ခဲ့ဘူး…. အနာဂတ်မှာလည်း ဒီအတိုင်းပဲ ရှိနေမှာပဲ…. ချင်ပြည်ထောင်က လောကကို အုပ်ချုပ်နိုင်တဲ့အခါ ကျုပ်တို့က ခင်ဗျားတို့နဲ့အတူ အကျိုးကျေးဇူးကို ဝေမျှမှာပဲ… ကျုပ်တို့နဲ့ ဒွန်ဟွာကလန်က တစ်လောကလုံး အတွက် ဒွန်ချင် ကျောင်းတော်ကို ပူးပေါင်း တည်ထောင်ခဲ့တယ်…. အနာဂတ် အခြေအနေက အခုနဲ့စာရင် အများကြီး ကွဲပြားလာမှာပဲ….”
ဘုရင်က ဆက်လက်၍ နားချသည်… “အခု ကျုပ်တို့က ဘိုးဘေးတွေရဲ့ ရှေးဟောင်း အုတ်ဂူတွေကို တူးဖော်နေတယ်… ကျုပ်တို့က ရှေးဟောင်း စာအုပ်တွေ အများကြီး ရထားတယ်… ရလဒ်အနေနဲ့ ကျုပ်တို့ ချင်ပြည်ထောင်က ဒွန်ချန် ကျောင်းတော်မှာ ပညာရပ် ကောင်းကောင်းတွေ သင်ပေးနိုင်တယ်… ကျုပ်တို့က ခေတ်သစ်ကို ဖော်ဆောင်ရာမှာ ဒီထက် လုပ်ပေးမှာတွေ ရှိသေးတယ်…. ချင်ပြည်ထောင်က ကော့တေးလို သီးခြား ရှိမနေဘဲ ကျုပ်တို့ ရှိသမျှကို ခင်ဗျားတို့နဲ့အတူ ဝေမျှခံစားဖို့ ဝန်မလေးဘူး…. အရှေ့မြေရိုင်း ဒေသကို ဓားသခင် တောင်လိုမျိုး အင်အားစုတွေ ပြည့်နှက်လာရင် ခင်ဗျားတို့ နေစရာ ရှိတော့မှာ မဟုတ်ဘူး….”
လူတိုင်း၏ မျက်လုံးများက အရောင်လက်သွားကာ သူတို့က ပိုမို၍ စိုးရိမ်လာကြသည်။ ချင်ပြည်ထောင်က သူတို့ဘိုးဘေး၏ ရှေးဟောင်း အုတ်ဂူများကို တူးဖော်ရာ သူတို့၏ အင်အားက သိသာစွာ အားကောင်း လာမည်မှာ သေချာသည်။ သူတို့က ချင်ပြည်ထောင်အား ယခင်ကလို ခမ်းနားမှု ပြန်လည်ရရန် လုပ်ဆောင်တော့မည်မှာ သေချာသည်။
“အရှင်မင်းကြီး ပြောတာ မှန်ပါတယ်… အခု ကော့တေးက တခြား အင်အားစုတွေကို လျစ်လျူရှုပြီးတော့ အရမ်း မောက်မာပြီး အထက်စီးဆန်တယ်… အနာဂတ်က ဘယ်လို ဖြစ်လာမှာလဲ…” ယန်မိသားစုမှ အကြီးအကဲ တစ်ယောက်က ပြောသည်။
“အနာဂတ်မှာ ကော့တေး တပည့်တစ်ယောက်ရဲ့ စကားတစ်ခွန်းက အရှေ့မြေရိုင်း ဒေသတစ်ခုလုံးကို လှုပ်ယမ်း စေနိုင်လိမ့်မယ်…” တစ်ယောက်က ပြောသည်။
လူအများအပြားက သံယောင်လိုက်ကြ သော်လည်း ထိပ်သီး အင်အားစုများက တိတ်ဆိတ်နေမြဲ ဖြစ်သည်။ ချင်ပြည်ထောင်က ချင်ဘုရင် ပြောသလို ပြုမူမည်လော။ သူတို့က အလွယ်တကူ မယုံကြည်နိုင်သည်မှာ ထင်ရှားသည်။ မည်သို့ပင်ဆိုစေ လျိုနိုင်ငံက လောလောလတ်လတ် ဥပမာဖြစ်ပေသည်။ ချင်ပြည်ထောင်က အရှေ့မြေရိုင်း ဒေသကို စုစည်းခဲ့လျှင် ဘာဖြစ်မည်ကို မည်သူမှ မသိကြပေ။
လက်ရှိတွင် ကော့တေးနှင့် ချင်ပြည်ထောင် နှစ်ခုလုံးက တခြား အင်အားစုများထက် သိသိသာသာ အားကောင်းနေသည်။ သူတို့ကသာ ထိုအင်အားစုများနှင့် ရင်ဆိုင်ရပါက လျိုနိုင်ငံက ဥပမာ ဖြစ်ပေသည်။
လက်ရှိတွင် ထိုအရာက ထိပ်သီး အင်အားစုတိုင်း ကြုံတွေ့နေရသော အခက်အခဲ ဖြစ်သည်။ သူတို့က လွန်စွာ အားနည်းပြီး ချင်ပြည်ထောင်က လောကကို အုပ်စိုးရန် သူတို့၏ ရည်မှန်းချက်ကို ထုတ်ဖော်ကာ သူတို့အား ဘက်ရွေးခိုင်း နေသည်။ သို့သော်လည်း သူတို့က မည်သည့်ဘက်ကို ရွေးပါစေ အန္တရာယ်က ရှိနေသည်သာ ဖြစ်သည်။ ယခု သူတို့က ချင်ပြည်ထောင်ကို မရွေးခဲ့ပါကလည်း ချင်ပြည်ထောင်က သူတို့အား ပြဿနာ ရှာမည်မှာ သေချာသလောက် ရှိနေသည်။ ဤသို့ဆိုလျှင် သူတို့၏ အဆုံးသတ်က လျိုနိုင်ငံကဲ့သို့ ဖြစ်သွားပေမည်။
ယခု ကော့တေးနှင့် ချင်ပြည်ထောင်တို့တွင် အမှန်တကယ်အားဖြင့် ဘာတွေ ပိုင်ဆိုင်သည်ကို သူတို့မသိကြပေ။ ချင်ပြည်ထောင်က အင်အား ကောင်းသောကြောင့် ယုံကြည်မှု ရှိသည်။ သူတို့က ဒွန်ဟွာကလန်နှင့် မဟာမိတ်ပြုထားကာ ဘိုးဘေးများ၏ အုတ်ဂူကို တူးဖော် ထားသည်။ တခြား တစ်ဖက်တွင် ကော့တေးက လွန်စွာ ထူးဆန်းသည်။ ကော့တေးမှ ဆရာဒူက တန်ခိုးကျင့်ရာတွင် အမှန်တကယ် သိနားလည်သလား မသိဘူးလား မည်သူမှ မပြောနိုင်ပေ။
“ခင်ဗျားတို့က ကျုပ်တို့ ချင်ပြည်ထောင်က ကတိမတည်မှာကို စိုးရိမ်နေကြတာကို ကျုပ် နားလည်ပါတယ်… ဒါပေမဲ့ စိတ်ချပါ…. ခင်ဗျားတို့က ကော့တေးကို ပူးပေါင်း တိုက်ခိုက်ဖို့ သဘောတူသရွေ့ ကျုပ်က ခင်ဗျားတို့ကို ကျုပ်တို့ ဘိုးဘေးတွေရဲ့ အုတ်ဂူကို ခေါ်သွားမယ်…. အဲဒီမှာ ခင်ဗျားတို့က ကျုပ်တို့ ဘိုးဘေးတွေရဲ့ ရှေးဟောင်းသိဒ္ဓိဝင် ပစ္စည်းတွေကို ပိုင်ဆိုင်နိုင်ပြီး ပိုမိုအားကောင်း လာနိုင်တယ်… ခင်ဗျားတို့နဲ့အတူ ကျုပ်က အုတ်ဂူရှေ့မှာ သွေးသစ္စာကိုတောင်မှ ကျိန်ရဲတယ်… ကျုပ်တို့ရဲ့ တကယ့် ရည်ရွယ်ချက်က ချင်ပြည်ထောင်ရဲ့ ဟိုအရင် ခမ်းနားမှုတွေကို ပြန်လိုချင်တာပဲ….” ချင်ဘုရင်က ကျယ်လောင်စွာ ကြေညာသည်။ သူက ထိုသို့ပြောလျှင် လူတိုင်း၏ စိတ်နှလုံးက တုန်ခါသွားသည်။ သူတို့၏ မျက်လုံးများက ဝင်းလက်လာကြသည်။
အကျိုးအမြတ်ကသာ လူတစ်ယောက်၏ စိတ်ကို အမှန်တကယ် သိမ်းသွင်း နိုင်ပေသည်။
အရှေ့မြေရိုင်း ဒေသက အနှေးနှင့်အမြန် စည်းလုံး ညီညွတ်လာတော့မည် ဖြစ်သည်။ သူတို့က ရေစီးကြောင်းအား ခုခံနိုင်စွမ်းရှိမည် မဟုတ်ပေ။ ချင်ပြည်ထောင်က လျိုနိုင်ငံအား ဖျက်ဆီးပြီး ကော့တေးက ချင်ဂီကို သတ်ပြီးတော့အခါ အရှေ့မြေရိုင်း ဒေသ၏ အခြေအနေက သိသိသာသာ ပြောင်းလဲသွားသည်။ စစ်က အချိန်မရွေး ဖြစ်နိုင်ကာ လက်ရှိခေတ်စနစ်က လျင်လျင်မြန်မြန်ဖြင့် ပြောင်းလဲ လာနေသည်။ မည်သူမှ လက်ရှိ ရေစီးကြောင်းအား မပြောင်းလဲနိုင်ပေ။
ထိုစဉ်မှာပင် ချင်ပြည်ထောင်က ကော့တေး၏ အန္တရာယ်ကို ဆွေးနွေးနေသည်။ ယခု သူတို့က ဘိုးဘေးများ၏ အုတ်ဂူကို ဖော်ကာ ရှီအဆင့် သိဒ္ဓိဝင် ပစ္စည်းများဖြင့် ဆွယ်နေသည်။ သူတို့ စိတ်မဝင်စားဘဲ မည်သို့ နေမည်နည်း။
ရုတ်တရက် တော်ဝင် ချန်ကျောင်းတော် ပထမအရှင်၏ တပည့် ရှာလျိုက သူ၏ ဆရာအား လျှို့ဝှက်စွာ ပြောသည်… “ဆရာ… တကယ်လို့ ကျွန်တော်တို့က အနာဂတ်မှာ အသာစီး ရမယ်ဆိုရင် အခု သူတို့ရဲ့ ယုံကြည်မှုကို ရဖို့လိုတယ်… တွန့်ဆုတ်နေဖို့ အချိန်မရှိဘူး… တော်ဝင်ချန်ကျောင်တော်နဲ့ ကော့တေးရဲ့ ဆက်ဆံရေးက အရှင်ငါးကို ကျုပ်တို့က မစတေးသရွေ့ အဆင်ပြေမှာ မဟုတ်ဘူး….”
ပထမအရှင်၏ မျက်လုံးများက အရောင်လက် သွားသည်။ သူ၏ တပည့်က အမှန်တရားကို ပြောနေခြင်း ဖြစ်ကြောင်း သူသိသည်။ သို့သော် တော်ဝင် ချန်ကျောင်းတော်က အရှင်ငါးအား မည်သည့်နည်းနှင့်မျှ မစတေးနိုင်ပေ။ မဟုတ်လျှင် တော်ဝင် ချန်ကျောင်းတော်က အရှေ့မြေရိုင်း ဒေသတွင် ခိုင်မာစွာ ရပ်တည်နိုင်မည် မဟုတ်ပေ။
သူ၏ ဆရာက တွန့်ဆုတ်နေဆဲ ဖြစ်သည်ကို မြင်လျှင် ရှာလျိုက ထပ်ပြောသည်… “ဆရာ… ဒီအချိန်မှာ ဆုံးဖြတ်ချက်ချမှ ရမှာ… ပထမဆုံး လက်ခံတာနဲ့ အတင်း လက်ခံခိုင်းမှာ နှစ်ခုပဲရှိတယ်… တကယ်လို့ ဆရာက ရှီအဆင့် လက်နက်ကို ရခဲ့ရင် အနာဂတ်မှာ ကျွန်တော်တို့က အရှေ့မြေရိုင်း ဒေသမှာ နေရာကောင်းကောင်း ရမှာပဲ….”
သူ၏တပည့် ပြောနေသည်များ အားလုံးက မှန်ကန်သည်ကို ပထမအရှင်က သိသည်။ သူက တခြား အင်အားစုများမှ လူများကို လှမ်းကြည့်ကာ တခြားအရှင်များနှင့် တိုးတိတ်စွာ ဆွေးနွေးသည်။ ပဉ္စမသခင်က ထိုအကြံအား လုံးဝ ထောက်ခံပေသည်။ မကြာမီ ပထမအရှင်က ပြောသည်… “ကော့တေးက သူတို့ရဲ့ အမူအရာတွေကို မထိန်းချုပ်ဘဲ ကျုပ်တို့ရဲ့ တပည့်ကို အတင်း သေခိုင်းခဲ့တယ်…. ကျုပ်တို့က အရင်ကတည်းက ကော့တေးကို သဘောမကျဘူး…. အဲဒီအချိန်တုန်းက ကျုပ်တို့က အားနည်းတဲ့အတွက် သည်းခံရုံပဲ တတ်နိုင်တယ်… အခု ချင်ပြည်ထောင်က ကော့တေးကို တိုက်ခိုက်မယ် ဆိုမှတော့ ကျုပ်တို့က တိုက်ပွဲမှာ ပါဝင်မယ်ဆို့ ဆုံးဖြတ်ထားတယ်….” သူက ထိုသို့ ပြောလိုက်သည်နှင့် ထိုနေရာ တစ်ခုလုံးက တိတ်ဆိတ်သွားသည်။ နောက်ဆုံးတွင် ထိပ်သီးအင်အားစု တစ်ခုက ဆုံးဖြတ်ချက်ချလိုက်ပြီ ဖြစ်သည်။ ယခုအချိန်မှစ၍ တော်ဝင် ချန်ကျောင်းတော်က ချင်ပြည်ထောင်၏ စစ်ရထားတွင် ချည်နှောင်ခံရပြီကို လူတိုင်းက နားလည်သည်။
ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်နှင့် တော်ဝင် ချန်ကျောင်းတော်တို့က မဟာမိတ်ဖွဲ့လိုက်ပြီ ဖြစ်သည်။
ဘုရင်၏ မျက်လုံးများက အရောင်လက် သွားသည်။ နောက်ဆုံးတွင် အင်အားစုတစ်ခုက သူ၏ ရပ်တည်မှုကို ပြုလုပ်ခဲ့ပြီ။ ချင်ပြည်ထောင်က လက်ရှိ လိုအပ်နေသည်ကား ထိုသို့သော ထောက်ခံမှုဖြစ်သည်။ တောင်ဝင် ချန်ကျောင်းတော် ပထမအရှင်၏ ရပ်တည်မှုက တခြား ထိပ်သီး အင်အားစုများ၏ စိတ်ပိုင်းဆိုင်ရာ အရံအတားကို သွားရောက်ချိုးဖျက် နိုင်ပေသည်။
ရလဒ်အား နဂိုကတည်းက ရှင်းလင်းနေပြီးသား ဖြစ်သည်။ သူတို့က ချင်ပြည်ထောင်ကို ပူးပေါင်းရမည်။
ထိုသို့တွေးလျှင် ချင်ဘုရင်က ပထမအရှင်၏ နောက်နားတွင် ထိုင်နေသော ရှာလျိုအား တစ်ချက်ကြည့်သည်။ ရှာလျို၏ တကယ့်မျိုးရိုး နာမည်အစစ်ကား ချင်ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာအောင် သူက တော်ဝင် ချန်ကျောင်းတော်တွင် နေခဲ့သည်။ အနာဂတ်တွင် သူ၏ အစ်ကို ချင်ယွီအား ကူညီပေးနိုင်သည်။
ထိုအချိန်တွင် ရှာလျိုကား လွန်စွာ ဝမ်းသာ ပျော်ရွှင်နေပြီ ဖြစ်သည်။ သို့သော်လည်း သူက မိမိကိုယ်ကို ကောင်းစွာ ထိန်းချုပ်နိုင်သည်။ သူက ငယ်ရွယ်စဉ် ကတည်းက တော်ဝင် ချန်ကျောင်းတော်သို့ သူလျှိုအနေဖြင့် စေလွှတ်ခြင်း ခံထားရရာ ဟန်ဆောင်ရာတွင် လွန်စွာ ကောင်းမွန်ပေသည်။ နှစ်ပေါင်းများစွာ ကြာအောင် သူက တောင်ဝင် ချန်ကျောင်းတော်အား သူက ချင်ပြည်ထောင်နှင့် ပတ်သက်မှုကို တစ်စွန်းတစ်စမျှ မပေါ်အောင် ကွယ်ဝှက် ထားနိုင်ခဲ့သည်။ နောက်ဆုံး လွန်စွာ အရေးကြီးသော အချိန်တွင် သူက အရေးပါသော နေရာမှ ပါဝင်နိုင်ခဲ့သည်။
ဤသို့သော အချိန်တွင် တခြား အင်အားစုများ၏ ခေါင်းဆောင်များက တွန့်ဆုတ်နေမည်ကို သူသိသည်။ ယခု သူက တော်ဝင် ချန်ကျောင်တော်အား ဆုံးဖြတ်ချက်ချရန် တွန်းအား ပေးနိုင်ခဲ့ခြင်းက ချင်ပြည်ထောင်အား လွန်စွာ အကူအညီ ဖြစ်စေသည်။
“ကောင်းတယ်… ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ကြောင့် ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်နဲ့ တော်ဝင် ချန်ကျောင်းတော်တို့က သေချာပေါက် အောင်မြင်မှာပဲ…. ဘယ်သူက ခေတ်သစ်ကို ကျုပ်တို့နဲ့အတူ သွားချင်သေးသလဲ…” ချင်ဘုရင်က ကျယ်လောင်စွာ ပြောသည်။
“အရှင်မင်းကြီး… ကျွန်တော်တို့ အရှင်မင်းကြီး နောက်ကို လိုက်ပါမယ်…” ယန်မိသားစုမှ တစ်ယောက် သူ၏ရပ်တည်မှုကို ပြောသည်။
“အရှင်မင်းကြီး…. ကျုပ်တို့က အရှင်မင်းကြီးနဲ့အတူ ကော့တေးကို တိုက်ခိုက်ပါမယ်…” လူအများအပြားက ချင်ပြည်ထောင်အား ထောက်ခံကြသည်။ ချင်ပြည်ထောင်ကို ထောက်ခံသော အဖွဲ့များက လက်ရှိတွင် ဘာလုပ်ရမည်ကို နားလည်ကြသည်။ တော်ဝင် ချန်ကျောင်းတော်က ခေါင်းညိတ်မှာတော့ တခြား အင်အားစုများကလည်း အပြောင်းအလဲ နောက်ကို လိုက်ပါကြသည်။
များစွာသော ထိပ်သီး အင်အားစုများက လက်ရှိအခြေအနေမှ ဖိအားများကို ခံစားကြရသည်။ ဖူယွန်ဓားကလန်မှ ခေါင်းဆောင်၏ မျက်လုံးများက အရောင်လက် သွားကာ သူက ပြောသည်… “ဖူယွန်ဓားကလန်က ချင်ပြည်ထောင် နောက်ကို လိုက်ပါပါ့မယ်…”
“အရမ်း ကောင်းတယ်… ဖူယွန် ဓားကလန်ရဲ့ အကူအညီနဲ့ ကျုပ်တို့က ပိုပြီး အောင်မြင်လိမ့်မယ်…” ဘုရင်က ဝမ်းမြောက်စွာ ပြောသည်။
“ဂုဏ်ပြုပါတယ်… အရှင်မင်းကြီး… ကျုပ်တို့က ကော့တေးကို သေချာပေါက် ဖျက်ဆီးပြီးတော့ အရှေ့မြေရိုင်း ဒေသကို အုပ်ချုပ်ပါမယ်…” လူအများ၏ ထောက်ခံအားပေးမှုက ပိုမို များပြားလာသည်။ မှော်ကလန်၊ ကျိမိသားစု၊ လစန္ဒာ ကလန်များက သူတို့၏နေရာတွင် ထိုင်နေကြသည်။ သူတို့၏ရှေ့မှ မြင်ကွင်းကို ကြည့်ကာ သူတို့က သက်ပြင်းချကြသည်။
ကော့တေး၏ တကယ့်အင်အားက မသိရသေးသော်လည်း သူတို့က ထိပ်သီး အင်အားစုများစွာကို ယှဉ်နိုင်ပါမည်လော။ ကော့တေးက ဆရာဒူက တကယ်ပင် တန်ခိုးကျင့်ရာတွင် သိနားလည်ပါကလည်း သူက ကျောင်းတော်၏ ကျောင်းအုပ်ထက် ပိုမို စွမ်းပါ့မလား။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ ခေါင်းဆောင်များက သူတို့နှင့် ရင်ဆိုင်နိုင်လောက် ပေသည်။
ချင်နန်းတော်တွင် လူစုလူဝေးကြီး၏ ထောက်ခံ အားပေးသံများက ပိုမိုကျယ်လောင် လာကာ သူတို့၏ အသံလှိုင်းများက ကောင်းကင်ယံသို့ အထိပင်လျှင် ပျံ့နှံ့သွားနေသည်။ ခေတ်သစ်တစ်ခု ရောက်ရှိ လာတော့မည်လော။ ကျောင်းတော်နှင့် ကော့တေးက ပျက်စီးတော့မည်လော။
ရုတ်တရက် အနက်ရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသော လူတစ်ယောက်က နန်းတော် အပြင်ဘက် လူအုပ်အပေါ်မှ ထွက်ပေါ်လာသည်။ သူ၏ ရုပ်ရည်က ပုံမှန်မျှသာ ဖြစ်ကာ သူ၏ အနက်ရောင်ဝတ်စုံက လေထဲ တဖျတ်ဖျတ် လွင့်နေသည်။ သူ၏ သာမန်ပုံစံ မျက်နှာတွင် လွန်စွာ ထူးဆန်းကာ နက်ရှိုင်းပုံရသော မျက်လုံးတစ်စုံကို တွေ့ရသည်။
ဆူညံသံများ ကျယ်လောင် နေသော်လည်း သူက နန်းတော်သို့ တစ်လှမ်းချင်း အေးအေးလူလူ သွားနေသည်။ တချို့သော လူများက သူ၏ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါကို သတိထားမိကြသည်။ သူတို့က မျက်မှောင်ကြုတ်ကာ ထိုလူက သာမန်ရုပ်ရည် ရှိသော်လည်း အဘယ်ကြောင့် ထူးခြားဟန် ရနေသည်ကို တွေးမရအောင် ဖြစ်ကြသည်။ သူတို့က သူ့အား တွေ့မြင်ရသည်က သူ၏ ရုပ်ရည်ကြောင့် မဟုတ်ဘဲ တစ်စုံတစ်ခုက လွန်စွာ ထူးခြားနေသည်ဟု ခံစားကြရသည်။
မကြာမီ ထိုလူက နန်းတော်၏ ဂိတ်တံခါးကို ရောက်လာကာ ရှေ့ကို ဆက်သွားသည်။
သူ့အားမြင်လျှင် ချင်နန်းတော်၏အပြင်မှ အစောင့်က မေးသည်… “ခင်ဗျား ဘယ်သူလဲ…”
ထိုလူက သူ့အား လျစ်လျူရှုကာ နန်းတော်ထဲကို ဖြည်းညင်းစွာ ဆက်သွားသည်။ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါတချို့ ထွက်ပေါ်နေသည်။
ထိုမြင်ကွင်းကို ကြည့်ကာ အစောင့်တစ်ယောက်က ရှေ့ကို တိုးသွားပြီး ပြောသည်.. “ရပ်စမ်း….” သို့သော်လည်း ထိုလူက ဘာမှ ကြားဟန်မရဘဲ ဆက်သွားနေသည်။ လူသတ်လိုသော အငွေ့အသက်က အစောင့်ထံမှ စိမ့်ထွက်လာသော်လည်း အနက်ရောင်ဝတ်စုံဝတ် လူက ရှေ့ကို တစ်လှမ်း လှမ်းလိုက်သည်နှင့် မမြင်ရသော အားလှိုင်းတစ်ခုက စတင် စီးဆင်းလာသည်။ သူ၏ အနီးမှ လေဟာနယ်က အေးခဲသွားပုံရသည်။ အစောင့်က ထိုနေရာတွင်ပင် ရုပ်တုအလား ရပ်တန့်သွားသည်။ ထိုလူက သူတို့အား သည်အတိုင်း ဖြတ်ကျော် သွားသည်ကို အတိုင်းသား ကြည့်နေရသည်။
မကြာမီ အစောင့်များ ပြန်လည် လှုပ်ရှားနိုင်စွမ်း ရှိလာသည်။ သူတို့၏ခန္ဓာကိုယ်က အေးစက်သော ချွေးစေးများ ပြန်နေသည်ကို ခံစားရကာ မျက်နှာပေါ်တွင် ထိတ်လန့်မှုကို ခံစားရသည်။ ထိုမျှ ကြောက်မက်ဖွယ် ကောင်းသောလူ….။ ခုနက သူတို့က အနည်းငယ်မျှ လှုပ်ရှားမိသည်နှင့် သူတို့က အပိုင်းပိုင်းအစစ ဖြစ်သွားနိုင်သည်ဟု ခံစားကြရသည်။
***
တာ့ကောပေါ်လာပြီ