Switch Mode

အပိုင်း (၃၃၆)

ဆရာဒူ၏ ရည်မှန်းချက်

ခမ်းနားသော ညစာစားပွဲကြီး တစ်ခုကား ချင်ပြည်ထောင်၏ နန်းတော်တွင် ကျင်းပနေသည်။ ထိုနေရာတွင်ကား အရှေ့မြေရိုင်း ဒေသ၏ ကြီးကြီးငယ်ငယ် အင်အားစုများ၏ ခေါင်းဆောင်များ အားလုံးနီးပါး ရောက်ရှိနေကြသည်။

ချင်ပြည်ထောင်၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော လူများက နန်းတော်ထဲကို လှမ်းမျှော်ကြည့် နေကြသည်။ ထိုနေရာ တစ်ခုလုံးကား တန်ခိုးရှင်များနှင့် ပြည့်နေသည်။ သူတို့အား အင်အားစု တစ်ခုချင်းစီစုကာ အလျှိုလျှို ထိုင်နေကြသည်ကို တွေ့ရ၏။ ချင်ဘုရင်နှင့် အိမ်ရှေ့စံမင်းသားတို့က ထိုလူများ အားလုံး၏အရှေ့  ပလ္လင်ပေါ်တွင် ထိုင်နေကြသည်။ ချင်ဘုရင်နှင့် အနီးစပ်ဆုံး ထိုင်နိုင်သူများမှာ ထိပ်သီး အင်အားစုများမှ ခေါင်းဆောင်များနှင့် သူ၏ လက်အောက်ခံနိုင်ငံများ၊ အင်အားစုများ ဖြစ်သည်။

ချင်ဘုရင်၏ ညာဘက်တွင် ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါနှင့် လူတစ်စု ရပ်နေကြသည်။ သူတို့အားလုံးမှာ အရှေ့မြေရိုင်း ဒေသတွင် လွန်စွာ ပါရမီမြင့်ကာ ကျော်ကြားသူများ ဖြစ်ကြသည်။ ထိုလူစု၏ ရှေ့ဆုံးတွင်ကား လွန်စွာ ချောမောလှပသော မိန်းမနှစ်ယောက်ကို တွေ့ရသည်။

ဟွာချင်းချင်းကား ကောင်းကင်မှ ဆင်းသက်လာသော နတ်မိမယ် တစ်ပါးလို စင်ကြယ်သော သူဖြစ်သည်။ သူမ၏ မျက်လုံးများမှ တခြားတစ်ယောက်က အာရုံပျံ့လွင့်မှုများကို ခံစား၍ မရနိုင်ပေ။ သူမ၏ပုံစံက ကြည်လင်ကာ စင်ကြယ်ပေသည်။ သူမ၏ ဘေးတွင်ကား နောက်ထပ် နတ်သမီး တစ်ပါးအလား မိန်းမတစ်ယောက်ကို တွေ့ရသည်။ သူမကလည်း အရှေ့မြေရိုင်း ဒေသတွင် လွန်စွာ ကျော်ကြားသော မိန်းမလှတစ်ဦး ဖြစ်သော သခင်မ ယွီရှောင်ဖြစ်သည်။

အတိတ်ကာလ၌ သခင်မ ယွီရှောင်အားလည်း နတ်မိမယ်အဖြစ် လူသိများသည်။ သူမက ဒွန်ဟွာကလန်၏ ခေါင်းဆောင်နှင့် မေတ္တာမျှကာ လက်ထပ်ခဲ့သည်။

ဒွန်ဟွာကလန် ခေါင်းဆောင်က တံခါးပိတ် လေ့ကျင့်နေကာ သူကိုယ်တိုင် ရောက်လာခြင်း မရှိဟု ပြောကြသည်။ သို့သော်လည်း မည်သူကမှ သခင်မယွီရှောင်အား လျစ်လျူမရှုရဲပေ။ သူမက ယနေ့ ဤနေရာ အဆင့်အတန်းကို ရလာသည်မှာ သူမက ဒွန်ဟွာကလန် ခေါင်းဆောင်အား လက်ထပ်ခဲ့ခြင်းကြောင့် တစ်ခုတည်း မဟုတ်ပေ။ ဒွန်ဟွာကလန် ခေါင်းဆောင်က ယနေ့ အဆင့်အတန်းကို ရောက်လာသည်မှာ သူမအား လက်ထပ်ခဲ့ခြင်းကြောင့် ဟုပင် တချို့က ပြောရသည်။

မရေမတွက်နိုင်သော လူများက သခင်မ ယွီရှောင်အား ကြည့်ကြသည်။ သူမက လူအများရှေ့ကို ရံဖန်ရံခါမျှသာ ပေါ်လာတတ်သည်။ ယနေ့ သူမက ကိုယ်တိုင် ရောက်လာသည်။ ချင်ပြည်ထောင်၏ ကြေညာချက်က မည်မျှ အရေးကြီးသည်ကို ခန့်မှန်းနိုင်သည်။

သခင်မယွီရှောင်အပြင် ချင်းရွှီဘုရားကျောင်းမှ ခေါင်းဆောင်လည်း ရောက်နေသည်။ သူက လွန်စွာ တည်ငြိမ်ကာ အေးချမ်းသော ပုံစံရှိသော ဘုန်းတော်ကြီး တစ်ပါးဖြစ်ပြီး သူက အဟံနှင့် တခြား ကိုယ်တော်များစွာကို ခေါ်ယူလာခဲ့သည်။ ထို့အပြင် ဖူယွန်ဓားကလန်၊ တော်ဝင် ချန်ကျောင်းတော်၊ မှော်ကလန်၊ လစန္ဒာကလန်နှင့် ကျိမိသာစု ခေါင်းဆောင်များလည်း ရောက်လာကြသည်။

ထိုလူများကို မြင်ကာ လူအများက တိတ်တခိုး သက်ပြင်းချကြသည်။ ထိုအရာက လျိုနိုင်ငံ၏ ပျက်စီးခြင်းကြောင့် မဟုတ်ပါလား။ ထို့ကြောင့်ပင်လျှင် ချင်ပြည်ထောင်က အင်အားစုတိုင်းကို ဖိတ်ခေါ်သောအခါ မည်သူမှ မလာဘဲ မနေရဲကြပေ။ အင်အားစုများက မည်သည့်ဘက်ကို ရွေးရမည်ကို မသိသော်လည်း သူတို့က ချင်ပြည်ထောင်အား လျစ်လျူမရှုရဲကြပေ။ ထို့ကြောင့် သူတို့က အလေးအနက် ထားကာ လာရောက်ကြသည်။ မည်သို့ပင်ဆိုစေ ချင်ပြည်ထောင်က လျိုနိုင်ငံအား အလွယ်တကူ ဖျက်ဆီးခဲ့သည်။ ထို့အပြင် ချင်ပြည်ထောင်က ဒွန်ဟွာကလန်၏ မဟာမိတ်လည်း ဖြစ်သည်။

အရှေ့မြေရိုင်း ဒေသ၏ အင်အားအကြီးဆုံး အင်အားစုသုံးခုတွင် နှစ်ခုက မဟာမိတ်ဖွဲ့ထားသည်။ လူတိုင်းက သူတို့၏ သြဇာလွှမ်းမိုးမှုကို ကောင်းစွာ နားလည် သဘောပေါက် ထားကြသည်။

လူအများအပြားက အမျိုးမျိုးသော ကိစ္စရပ်များအား ဆွေးနွေးနေကြရာ ထိုနေရာက အနည်းငယ် ဆူညံနေသည်။ ရုတ်တရက် အိမ်ရှေ့စံမင်းသားက ထရပ်ကာ လူတိုင်းအား တိတ်ဆိတ် ငြိမ်သက်စေရန် အချက်ပြသည်။ ချက်ချင်းပင် ဆူညံသံများ အားလုံး ငြိမ်သက်သွားသည်။

ချင်ဘုရင်က လူအုပ်ကြီးအား ကြည့်ကာ ယဉ်ယဉ်ကျေးကျေး ပြောသည်… “ဒီလို အဝေးကြီးက တကူးတက လာကြတဲ့အတွက် ကျုပ်က တကယ်ပဲ ဂုဏ်ယူ ဝမ်းမြောက် မိပါတယ်….” တန်ခိုးရှင် အများအပြားကလည်း လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောကြသည်… “အရှင်မင်းကြီး… ကျုပ်တို့ကလည်း ဂုဏ်ယူဝမ်းမြောက် ရပါတယ်….”

“ကျုပ်က တဲ့တိုးပဲ ပြောပါ့မယ်…. အရှေ့မြေရိုင်း ဒေသက အခြေအနေကို လူတိုင်းက ရှင်းရှင်းလင်းလင်း မြင်မယ်လို့ ကျုပ်ယုံတယ်… ကျုပ်တို့က လျိုနိုင်ငံကို ထိမ်းမြား လက်ထပ်မှုအတွက် ကျုပ်သား ချင်ယွန်ကို စေလွှတ်ခဲ့တယ် …. ဒါပေမဲ့ သူက လျိုနိုင်ငံ နန်းတော်မှာ မတရား အသတ်ခံခဲ့ရတယ်…. ကျုပ်က ဒီကိစ္စကို တွေးမိတိုင်း အရမ်းပဲ နာကျင်ရတယ်…. လျိုနိုင်ငံက ရက်စက်ပြီးတော့ လူမဆန်ဘူး…. ဒါကြောင့် ကျုပ်လူတွေက လျိုနိုင်ငံကို ပေးဆပ်စေခဲ့တယ်… ဒါပေမဲ့ တကယ့် တရားခံတွေဖြစ်တဲ့ လျိုချန်းယွီ၊ လျိုဖေးယွန်နဲ့ လူသတ်သမား ရီဝူချင်းတို့က ကော့တေးမှာ အေးအေးဆေးဆေး ရှိနေတုန်းပဲ …. ကော့တေးက ဒီလူတွေကို ကာကွယ်ထားတယ်….”

ချင်ဘုရင်က ဒေါသတကြီး ပြောသည်…“သူတို့က တရားခံကို သွားတောင်းတဲ့ ကျုပ်သား ချင်ဂီကိုလည်း ထပ်သတ်ခဲ့တယ်…. ကျုပ်သား ချင်ဂီက အရမ်း ထူးချွန်ပေမဲ့ ဒီလို ဆိုးဆိုးရွားရွား သေခဲ့ရတယ် … နိုင်ငံနှစ်နိုင်ငံရဲ့ စစ်ပွဲတွေမှာတောင် ဘယ်သူမှ သံတမန်ကို မသတ်ကြဘူး … သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှု ခုနစ်ခုကို လူတိုင်းက သိပြီးဖြစ်မယ်လို့ ကျုပ်ယူဆတယ် … ခင်ဗျားတို့ကရော ဘယ်လိုမြင်လဲ….”

လူတိုင်း၏ မျက်လုံးများက အရောင်လက် သွားသည်။ သူတို့အားလုံးတွင် ကိုယ်စီအတွေးများ ရှိကြသည်။

“ကော့တေးက တကယ်ပဲ ဥပဒေ ကင်းမဲ့ပြီးတော့ အရှေ့မြေရိုင်း ဒေသရဲ့ လျှို့ဝှက် စည်းမျဉ်းတွေကို လျစ်လျူရှုထားတယ် … အခု ဖူယွန်ဓားကလန်က ရီဝူချင်းကို ထုတ်ပယ်ကြောင်း တရားဝင် ကြေညာတယ်… အရှင်မင်းကြီးက အခု သူ့ကို စိတ်သဘောရှိ အပြစ်ပေးနိုင်ပြီး ဖူယွန်ဓားကလန်ရဲ့ အမြင်ကို ဂရုစိုက်စရာ မလိုတော့ပါဘူး…” ဖူယွန်ဓားကလန်၏ ခေါင်းဆောင်က ရုတ်တရက် ပြောသည်။

လူတိုင်း၏ မျက်လုံးများ အရောင်လက် သွားကြသည်။ ထိုရလဒ်အား သူတို့ မျှော်လင့်ထားသည့် အတိုင်းပင်။ ဖူယွန်ဓားကလန်က ချင်ပြည်ထောင်နှင့်အတူ တိုက်ခိုက်ရန် သဘောမတူပေ။ ထိုအရာက လွန်စွာ အန္တရာယ် များပေသည်။

ကော့တေးက ချင်ဂီအား သတ်ဖြတ်ခဲ့သည်။ တခြား အင်အားစုများက မည်သို့ မကြောက်ဘဲ နေမည်နည်း။ မောက်မာမှုနှင့် ရဲရင့်မှုက စွမ်းအားကို အခြေခံ၍ ဖြစ်တည် လာခြင်းပင်။ ကော့တေး၏ မောက်မာခြင်းက သူတို့အား ကြောက်ရွံ့စေသည်။

ချင်ဘုရင်က ဖူယွန်ဓားကလန်၏ ခေါင်းဆောင်အား ကြည့်သည်။ သူက ယနေ့တွင် အင်အားစုတိုင်းကို ခေါ်ယူနိုင်ခဲ့သော်လည်း ထိုအင်အားစုများက ကိုယ်စီအတွေးများ ရှိကြသည်။ သူ၏ သာမန် စကားများမျှဖြင့် ထိုအင်အားစုများက ဆုံးဖြတ်ချက် ချနိုင်မည် မဟုတ်ပေ။

“ဒီနှစ်တွေမှာ ကော့တေးက တကယ်ပဲ လွန်လွန်ကဲကဲ ပြုမူကြတယ်… ဒီတစ်ခေါက် ချင်ပြည်ထောင်ရဲ့ မင်းသား ချင်ဂီကို သတ်ခဲ့ကြတယ်…. ချင်ပြည်ထောင်က သူတို့ကို သွားတိုက်ခိုက်ပြီး တရားမျှတမှု ရစေသင့်တယ်….” တော်ဝင် ချန်ကျောင်းတော်က ပြောသည်။

တခြား တစ်ဖက်တွင် လစန္ဒာကလန်၊ ကျိမိသားစုနှင့် တခြား အင်အားစုများက တိတ်ဆိတ်စွာ ကြည့်နေကြကာ ဘာမှ မပြောကြပေ။ သူတို့က အခြေအနေအား ပထမဆုံး စောင့်ကြည့်ရန် လိုသည်။ အရှေ့မြေရိုင်း ဒေသတွင် အဓိက အပြောင်းအလဲများ ဖြစ်တော့မည်။ ဘာဖြစ်မည်ကိုမူကား ဘယ်သူမှ မသိကြပေ။

“ဆရာတော်… ဘယ်လို ထင်ပါသလဲ….” ရုတ်တရက် ချင်ဘုရင်က ချင်းရွှီ ဘုရားကျောင်းမှ ဘုန်းတော်ကြီးအား ကြည့်ကာ မေးသည်။ ဘုန်းတော်ကြီးက စိပ်ပုတီးများအား ကိုင်ကာ ဆုတောင်းသည်။ သူက ခေါင်းယမ်းကာ ဘာမှ မပြောပေ။

ချင်ဘုရင်က လူတိုင်းအား ကြည့်သည်။ ကြည့်ရသည်မှာ လူတိုင်းက ချင်ပြည်ထောင်၏ ရှင်းလင်းသော ရည်ရွယ်ချက်ကို မသိရမချင်း ဆုံးဖြတ်ချက် ချကြမည် မဟုတ်ပေ။

“ဒီနှစ်တွေမှာ ကော့တေးက ပိုပြီး အထိန်းအကွပ် မဲ့လာတယ်… အခု အရှေ့မြေရိုင်း ဒေသတစ်ခုလုံးကိုပါ ခြိမ်းခြောက်လာပြီ… နောက်နှစ်နည်းနည်း ထပ်စောင့်ရင် ကော့တေးက အရှေ့မြေရိုင်း ဒေသကို အုပ်ချုပ်မှာပဲ… အဲဒီအချိန်ကျရင် ခင်ဗျားတို့တွေ အကုန်လုံးရဲ့ အသက်တွေက သူတို့ လက်ထဲမှာ ရှိနေမှာပဲ….” ချင်ဘုရင်က ခံစားချက် ကင်းမဲ့စွာ ပြောသည်… “ဒါကြောင့် ကျုပ်က ဒီအခြေအနေကို အဆုံးသတ်ချင်တယ်… ခင်ဗျားတို့ အားလုံးကို ဖိတ်ခေါ်ပြီးတော့ ခေတ်သစ်တစ်ခုကို ဖန်တီးချင်တယ်….” ချင်ဘုရင်က ထိုသို့ပြောလိုက်လျှင် ထိုနေရာက ပိုမို၍ တိတ်ဆိတ်သွားသည် ထင်ရ၏။ ချင်ဘုရင်က သူ၏ ဝှက်ဖဲ တချို့ကို ထုတ်ပြတော့မည်လော။

ခေတ်သစ်ကို ဖန်တီးမည်။ ဘယ်သူ့ ခေတ်သစ်လဲ…။

“အရှင်မင်းကြီးက အရှေ့မြေရိုင်း ဒေသကို စုစည်း လိုပါသလော…” မှော်ကလန်၏ ခေါင်းဆောင်က ချင်ဘုရင်ကို ထက်ရှသော အကြည့်နှင့်ကြည့်ကာ မေးသည်။ သူက လူတိုင်းမေးလိုသော မေးခွန်းကို မေးသည်။

“မဟုတ်ဘူး… ကျုပ်က ခင်ဗျားတို့နဲ့အတူ အရှေ့မြေရိုင်း ဒေသကို ပြောင်းလဲချင်တာ…. ခင်ဗျားတို့ကို ချင်ပြည်ထောင်လိုမျိုး သမိုင်းထဲမှာ နစ်မြုပ်ပျောက်ကွယ် သွားမှာကို မလိုလားဘူး….” ချင်ဘုရင်က ပြောသည်။

“ပျောက်ကွယ် သွားမယ်….” နတ်မိမယ် ဝမ့်ယွီက ဘုရင်အား ကြည့်ကာ မေးသည်… “အရှင်မင်းကြီး…  ဒါက နည်းနည်း မလွန်ဘူးလား…. ကော့တေးက အထက်စီးဆန်တယ် ဆိုပေမဲ့ သူတို့ရဲ့တပည့်တွေက လောကကို အုပ်စိုးမယ့် ရည်ရွယ်ချက်ကို မတွေ့ရပါဘူး….”

“နတ်မိမယ်…” ကော့တေးနဲ့ ကျောင်းတော်ရဲ့ ဆက်ဆံရေးက ဘာလို့ သိပ်မကောင်းတာလဲ ခင်ဗျား သိလား….” ချင်ဘုရင်က နတ်မိမယ် ဝမ့်ယွီကို ကြည့်ကာ မေးသည်။

“ဒါဆို ဘာကြောင့်လဲ…” နတ်မိမယ် ဝမ့်ယွီက မေးသည်။

“ဒါက ထိပ်သီး လျှို့ဝှက်ချက်ပဲ…. ကျုပ်က နည်းနည်းနည်းပဲ သိတယ်…” ဘုရင်က ခံစားချက် ကင်းမဲ့စွာ ပြောသည်…”အကြောင်းပြချက်က ကျောင်းတော်ရဲ့ ကျောင်းအုပ်နဲ့ ကော့တေးက ဆရာဒူတို့က ကွဲပြားတဲ့ ရည်မှန်းချက် ရှိနေလို့ပဲ….”

“အဲဒီ အချိန်တုန်းက ကော့တေးရဲ့ အကြီးဆုံးတပည့် ဓားသခင်က အရမ်း အားကောင်းပြီးတော့ တိုက်ပွဲတစ်ပွဲတည်းနဲ့ အရှေ့မြေရိုင်း တစ်ခွင်ကို ကျော်ကြားခဲ့တယ်… သူတို့က ကျောင်းတော်ရဲ့ အောင်မြင်မှုကို မြင်ကြရတော့မယ်လို့ လူတိုင်းက တွေးခဲ့ကြပေမဲ့ ဓားသခင်က သူ့ဆရာကို သူ ဘာလုပ်ရမယ် မေးခဲ့တယ်… ဆရာဒူက သူ့ကို တောင်အောက်ကို ဆင်းပြီး ကိုယ်ပိုင်ကလန် ထောင်ခိုင်းခဲ့တယ်….”

“ကျောင်းတော်မှာ ကော့တေးရှိတယ်… ကော့တေးက တပည့်တွေ အားလုံးက လုံလုံလောက်လောက် အားကောင်း လာတဲ့အခါ ကျောင်းတော်က ဘယ်နေရာမှာ ရှိနေမယ်ထင်လဲ… သူတို့က လောကကို အလွယ်တကူ အုပ်စိုးနိုင်တယ်… ကျောင်းတော်က အရှေ့မြေရိုင်း ဒေသရဲ့ ဦးစီးဦးဆောင် ဖြစ်လိုတယ်… ဒါပေမဲ့ ကျောင်းတော်ရဲ့ ဆန္ဒကို ဆရာဒူက လက်မခံဘူး…. သူ လိုချင်တာကိုပဲ သူလုပ်ခဲ့တယ်…. ဒါက သူ့မှာ ရည်မှန်းချက် မရှိလို့ မဟုတ်ဘူး….”

ဘုရင်က လူအုပ်ကြီးအား ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောသည်… “ဒါက ဆရာဒူရဲ ရည်မှန်းချက်က ကျောင်းတော်ထက်  ကြီးမား ပြင်းထန်လို့ပဲ…. ဓားသခင်က ဓားသခင် တောင်ကုန်းကို တည်ထောင်ခဲ့တယ်… ပြီးနောက် ဒုတိယ တပည့်… တတိယ တပည့်…. သူတို့တွေက တောင်အုပ်ကို ဆင်းတဲ့အခါ နောက်ထပ် ဓားသခင်တောင်လို အင်အားစုတွေ ဖြစ်လာမှာပဲ…. ကော့တေးက တပည့်တွေ အားကောင်းလာလို့ တောင်အုပ်ကို အကုန် ဆင်းပြီးတဲ့အခါ အရှေ့မြေရိုင်း ဒေသတစ်ခုလုံးကို သူတို့ သိမ်းပိုက် သွားလိမ့်မယ်… တခြား အင်အားစုတွေက ဘာလုပ်နိုင်မလဲ….”

“တကယ် ဒီလိုနေ့ကို ရောက်လာခဲ့ရင် ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ…. ခင်ဗျားတို့ရဲ့ ပါရမီတွေက ကော့တေးက လူတွေရဲ့ ပါရမီကို ဘယ်လိုလုပ် ယှဉ်နိုင်မလဲ… ကော့တေးက လူတွေက သူတို့ရဲ့ ကိုယ်ပိုင်ကလန်ကို တည်ထောင်တဲ့အခါ လူတွေက ခင်ဗျားတို့ ကလန်ကို ပူးပေါင်း ကြတော့မလား…. ကော့တေးက တိုက်ခိုက်စရာတောင် မလိုဘူး…. သူတို့က အချိန်ကို စောင့်ရုံပဲ… နောင်ပိုင်း သူတို့ အင်အား ကြီးလာတဲ့အခါ အရှေ့မြေရိုင်း ဒေသမှာ ခင်ဗျားတို့ကို ဘယ်သူက မှတ်မိတော့မလဲ…. မှော်ကလန်လား… ဒါမှမဟုတ်… လစန္ဒာကလန်လား…. ခင်ဗျားတို့က သမိုင်းထဲမှာ ပျောက်ကွယ် သွားကြမှာပဲ….”

“ဒါက ဆရာဒူရဲ့ ရည်မှန်းချက်ပဲ….” ဘုရင်က လူတိုင်းကို စိုက်ကြည့်ကာ ပြောသည်။

ဘုရင်ပြောသည်က မှန်ကန်နိုင်သည်ကို သူတို့အားလုံး သိကြသည်။ ထိုသို့သော နေ့ကို ရောက်လာလျှင် ကော့တေးက အရှေ့မြေရိုင်း ဒေသအား စုစည်းရန် တိုက်ခိုက်စရာပင် မလိုတော့ပေ။ ထိုအချိန်တွင် ကော့တေးက အရှေ့မြေရိုင်း ဒေသ၏ တစ်ခုတည်းသော မြင့်မြတ်နယ်မြေ ဖြစ်လာတော့မည်။ ထိုအချိန်ကို ရောက်လျှင် သူတို့က ပြန်လည် တိုက်ခိုက်လိုလျှင်ပင် ကော့တေးအား ယှဉ်နိုင်တော့မည် မဟုတ်တော့ပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset