ချင်ပြည်ထောင်နှင့် လျိုနိုင်ငံတို့ တိုက်ပွဲတွင် လျိုဘုရင်က အမှန်တကယ်ပင် လျိုနိုင်ငံကို သွားရောက် ကူညီခြင်း မရှိဘဲ ချင်ပြည်ထောင်ကို ထိုးဖောက် ဝင်ရောက်ကာ တိုက်ခိုက်ခဲ့ရာ ချင်ပြည်ထောင်အား ဆုံးရှုံးမှု ကြီးမားစေခဲ့သည်။ ချင်ပြည်ထောင်က လွန်စွာ ပေါ့လျော့ခဲ့ပေသည်။
မှန်သည်… ထိုတိုက်ပွဲက အမှန်တကယ်အားဖြင့် ချင်ပြည်ထောင်၏ အခြေခံ အုတ်မြစ်ကို ကိုင်လှုပ်နိုင်စွမ်း မရှိပေ။ အားအကောင်းဆုံး လူများ၏ စွမ်းရည်များက သာလျှင် ထိုအဖွဲ့အစည်းများက ပိုမို အင်အားကြီးခြင်း မကြီးခြင်းကို အဆုံးအဖြတ် ပေးသည်။ ဥပမာ ကော့တေးမှ လူများက လူအနည်းငယ်မျှသာ ရှိသော်လည်း သူတို့၏ တပည့် တစ်ယောက်ချင်းစီက လွန်စွာ အားကောင်းလှရာ နိုင်ငံတစ်နိုင်ငံနှင့် ညီမျှပေသည်။
ယနေ့ အရှေ့မြေရိုင်း ဒေသတွင် စွမ်းအား အကောင်းဆုံးဟု သတ်မှတ်နိုင်သူများမှာ ရှီအဆင့် လက်နက်များနှင့် ရှီအသိအား နားလည် သဘောပေါက် ထားသူများ ဖြစ်ပေသည်။
ချင်ပြည်ထောင်က တစ်လောကလုံးအား တိုက်ခိုက်ရဲသည်။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် နှစ်မျိုးလုံးကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ စွမ်းအားမြင့် တန်ခိုးရှင်များစွာနှင့် ပစ္စည်းဥစ္စာများ ကြွယ်ဝမှုကြောင့် သူတို့က အရှေ့မြေရိုင်း ဒေသအား အုပ်ချုပ်ရန် အဆင်သင့် ဖြစ်နေပြီဟု ပြောရမည်။
ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်က သဘောတူထား ကြသည်မှာ သူတို့က လောကကို အုပ်ချုပ်သောအခါ ဒွန်ဟွာကလန်က အရှေ့မြေရိုင်း ဒေသ၏ နံပါတ်တစ်ကလန် အဖြစ် ရပ်တည်ပြီး ချင်ပြည်ထောင်က လောကအား အုပ်ချုပ်မည်။
လျိုဘုရင်၏ ရူးသွပ်မှုက ချင်ပြည်ထောင်အား ဆုံးရှုံးမှု ကြီးမားစေသော်လည်း လျိုနိုင်ငံ၏ ပျက်စီးမှုနှင့် ယှဉ်လျှင် သိပ်မဆိုးသေးပေ။ ထို့အပြင် လျိုနိုင်ငံမှ တန်ခိုးရှင် များစွာကလည်း လက်နက်ချ အညံ့ခံခဲ့ကြသည်။ ယခု ချင်ပြည်ထောင်က လက်ဝှေ့ယမ်းကာ တစ်လောကလုံးအား စုစည်းပြီး ကော့တေးကို တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေလေပြီ။ သူတို့က အရှေ့မြေရိုင်း ဒေသအား အုပ်ချုပ်တော့မည်။
ထိုအခိုက်တွင် အရှေ့မြေရိုင်းဒေသ၏ ထိပ်သီး အင်အားစုတိုင်းက ချင်ပြည်ထောင်၏ နန်းတော်တွင် စုစည်းနေကြသည်။ ချင်ပြည်ထောင်၏ အိမ်ရှေ့စံ မင်းသား ချင်ယွီက လူအားလုံး၏ ရှေ့တွင် ထိုင်နေသည်။ သူ့ရှေ့တွင်ကား ဒွန်ဟွာကလန်၊ ဖူယွန်ဓားကလန်၊ တော်ဝင် ချန်ကျောင်းတော်နှင့် တခြား အင်အားစုများ ရှိသည်။ ကျိမိသားစုပင်လျှင် ကိုယ်စားလှယ် တစ်ယောက်ကို ချန်နန်းတော်သို့ စေလွှတ် ဆွေးနွေးစေသည်။
ရုတ်တရက် ဖူယွန်ဓားကလန်မှ တစ်ယောက်က လက်နှစ်ဖက်အား ဆုပ်ကိုင်ကာ ချင်ယွီကို ပြောသည်… “ဖူယွန်ဓားကလန်က ပထမက ရီဝူချင်းကို ဖမ်းပြီး ဒီကို ခေါ်လာချင်ခဲ့တယ်… ဒါပေမဲ့ ရီဝူချင်းက အခုထိ ပြန်မလာသေးဘူး…. သူက ရီဖူရှင်းနဲ့ ကော့တေးကို လိုက်ပါသွားတယ်…”
ချင်ပြည်ထောင်က လျိုနိုင်ငံအား တိုက်ရိုက် ရှင်းပစ်ခဲ့ရာ ဖူယွန်ဓားကလန်က မည်သို့ မကြောက်ရွံ့ဘဲ နေမည်နည်း။ ချင်ယွန်ကား ဖူယွန်ဓားကလန်မှ တပည့်တစ်ယောက်၏ သတ်ခြင်းကို ခံရသည်။ ပုံမှန်အားဖြင့် သူတို့ကလည်း ရှင်းပြရန် လိုပေသည်။
“ကျုပ်နားလည်တယ်…” ချင်ယွီက ပြောသည်… “ကျုပ်က ချင်ဂီကို ရီဝူချင်းကို ဖမ်းဖို့ ကော့တေးကို စေလွှတ်ပြီးပြီ…. ဒါပေမဲ့ ကော့တေးက မကောင်းတဲ့လူတွေ ဆိုတော့ သူတို့က ရီဝူချင်းကို ထုတ်ပေးမှာ မဟုတ်ဘူး…. ကျုပ်တို့ ဘာလုပ်သင့်တယ်လို့ ခင်ဗျားတို့ ထင်သလဲ….”
“ဖူယွန်ဓားကလန်က ချင်ပြည်ထောင်နဲ့အတူ ကော့တေးကို သွားပြီး ရီဝူချင်းကို ထုတ်ပေးခိုင်းမယ်…” ဖူယွန်ဓားကလန်က ပြောသည်… “ပြီးတော့ ဒါက ချင်ပြည်ထောင် ကိစ္စလည်း ဖြစ်တယ်…. ကော့တေးက ဘယ်လိုလုပ် မထုတ်ပေးဘဲ နေရဲမလဲ….”
“ဒါမှန်တယ်… လက်ရှိ ချင်ပြည်ထောင်ရဲ့ အင်အားနဲ့ဆို ကော့တေးက ပေးကို ပေးရမှာပဲ…. ပြီးတော့ ကော့တေးက ဒီကိစ္စနဲ့ သက်ဆိုင်တာမှ မဟုတ်ဘဲ….” ကျိမိသားစုမှ တစ်ယောက်က ပြောသည်။
“ကော့တေးက အရှေ့မြေရိုင်း ဒေသက စည်းမျဉ်းတွေကို ဒီလိုပဲ ချိုးဖောက်နေမယ် ဆိုရင်တော့ အရှေ့မြေရိုင်း ဒေသက အင်အားစုတွေ အကုန်လုံးက ဝင်ပါကြမှာပဲလို့ ကျုပ်ယုံတယ်….” တော်ဝင် ချန်ကျောင်းတော်က ဟာယွီလူက ပြောသည်။ လျိုနိုင်ငံက ပျက်စီးသွားရာ အရှေ့မြေရိုင်းဒေသမှ အင်အားစုတိုင်းက ထိတ်လန့် နေကြသည်။
အတိတ်တွင် တော်ဝင် ချန်ကျောင်းတော်က ချင်ပြည်ထောင်နှင့် အနည်းငယ် ပတ်သက်မှု ရှိခဲ့သည်။ ယခု သူတို့က ချင်ပြည်ထောင်နှင့် အတတ်နိုင်ဆုံး နီးကပ်နိုင်အောင် ကြိုးစားနေကြသည်။ ထို့အပြင် သူနှင့် ကော့တေးအကြား ရန်ငြိုး အချို့လည်း ရှိသည် မဟုတ်ပါလား။
“ဒါပြီးရင် အကုန်လုံးက ကျုပ်တို့ကို ထောက်ခံ အားပေးမယ်လို့ ကျုပ်ယုံတယ်….” ချင်ယွီက ပြုံးလျက် ပြောသည်။ သူတို့က အဘယ်ကြောင့် လျိုနိုင်ငံကို ဖျက်ဆီးသနည်း။ သူတို့က အရှေ့မြေရိုင်း ဒေသမှ အင်အားစုများအား ထိတ်လန့် ကြောက်ရွံ့ စေလိုသောကြောင့် မဟုတ်ပါလော။ ဖူယွန်ဓားကလန်နှင့် တော်ဝင် ချန်ကျောင်းတော်တို့က လက်ရှိတွင် ချင်ပြည်ထောင်နှင့် လွန်စွာ နီးစပ်သည်ဟု ထင်ရသော်လည်း သူတို့တွင်လည်း ကိုယ်ပိုင် အစီအစဉ်များ ရှိကြသည်။ ပြိုင်ဘက်ကင်း စွမ်းအားကသာလျှင် သူတို့အား အမှန်တကယ် ကြောက်ရွံ့စေပေသည်။
သူတို့ အင်အားစု နှစ်ခုအတွက်သာ မဟုတ်ပေ၊ သူတို့က ကော့တေးအား တိုက်ခိုက်သောအခါ တခြား အင်အားစုများကိုပါ ခေါ်ယူမည် ဖြစ်သည်။ သူတို့၏ အမိန့်ကို မည်သူက ငြင်းဆန်ရဲသနည်း။
ရုတ်တရက် နန်းတော် အပြင်ဘက်မှ ခြေသံ အနည်းငယ်ကို ကြားရသည်။ ရောက်လာသူ၏ ပုံစံက အနည်းငယ် ထိတ်လန့် နေပုံရသည်။ သူက လူအများကို ဖြတ်ကျော်လျက် ချင်ယွီ၏ ရှေ့ကို လျင်မြန်စွာ ရောက်လာသည်… “အရှင်မင်းသား….”
ချင်ယွီက ခေါင်းမော့ကာ မေးသည်… “ဘာလဲ…”
“အရှင်မင်းသား…” ထိုလူက ပြောရန် တွန့်ဆုတ် နေပုံရသည်။ သူက တခြား အင်အားစုများကိုလည်း ကြည့်လိုက်သည်။
“ငါတို့ အားလုံးက မဟာမိတ်တွေပဲ… ပြော…”ချင်ယွီက ပြောသည်။
“မင်းသားသုံးရဲ့ စိတ်ဝိညာဉ် အမှတ်အသားက မှေးမှိန်သွားတယ်…” ထိုလူက ခေါင်းအား ငုံ့ကာ ပြောသည်။
ချင်ယွီ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားကာ သူ့ထံမှ အေးစက်သော အငွေ့အသက်များ ထွက်လာသည်။ သူက ကိုယ်ကို ရှေ့ကို ကိုင်းလျက် အေးစက်စွာ မေးသည်… “မင်းမြင်ခဲ့တာ မမှားဘူးမလား….”
“အရှင်မင်းသား…. မင်းသားသုံးအပြင် သူနဲ့အတူ လိုက်ပါသွားတဲ့ နိုဘယ်တွေ အကုန်လုံးရဲ့ စိတ်ဝိညာဉ် အမှတ်အသားတွေလည်း မှေးမှိန်သွားတယ်….” သူ၏ အသံက တုန်ယင်နေသည်။
ချင်ယွီက မတ်တတ် ရပ်လိုက်သည်။ ချင်ဂီနှင့် သူ့လူများအားလုံး သေသွားသည်။ ထိုအရာက ဘာကို ဆိုလိုသည်ကို သူသိသည်။ ကော့တေးက စစ်ကြေညာလိုက်ခြင်း ဖြစ်သည်။ ကော့တေးက ထိုမျှ ဆုံးဖြတ်ချက် ပြတ်သားကာ ချင်ဂီတို့အား သတ်ဖြတ်မည်ဟု သူမထင်ထားပေ။ သူတို့က ချင်ဂီအား လွှတ်ကာ ရီဝူချင်းကို တောင်းဆိုရုံမျှသာ ဖြစ်သည်။ ကော့တေးက သူ့အား ထုတ်မပေးလိုလျှင်ပင် ချင်ပြည်ထောင်၏ မင်းသားကို အဘယ်ကြောင့် သတ်ရသနည်း။
ဖူယွန်ဓားကလန်၏ တန်ခိုးရှင်များထံမှ ထက်ရှမှု တချို့ကို ခံစားရသည်။ သူတို့ကလည်း ထိုသတင်းက ဘာကို ဆိုလိုသည်ကို နားလည်သည်။ ကော့တေးကို သွားသော ချင်ပြည်ထောင်မှ လူများအားလုံး အသတ်ခံရသည်။
ဟာယွီလူက မျက်မှောင်ကြုတ်ကာ သူ၏ သမီးအား အတင်း သေခိုင်းခဲ့သော မြင်ကွင်းကို ပြန်သတိရမိသည်။ ကော့တေးကား အမှန်ပင် အထက်စီးဆန်ကာ အရှိန်အဝါ ကြီးမားနေဆဲ ဖြစ်သည်။
ကျိမိသားစုမှ လူများ၏ အမူအရာများက အေးစက်သွားကာ ထိတ်လန့် သွားကြသည်။ ချင်ပြည်ထောင်သို့ သွားခဲ့သော ကော့တေး တပည့်များ အားလုံး အသတ်ခံရသည်။ ထိုအရာက ကော့တေးမှ ချင်ပြည်ထောင်ကို ပြန်လည် တုံ့ပြန်ခြင်းလား။
“အားလုံး... ဘယ်လို ထင်ကြလဲ…” ချင်ယွီက သူ၏ဒေါသကို ထိန်းချုပ်ကာ ရှေ့မှ လူများကို ကြည့်သည်။
“ကော့တေးက အရမ်း အတင့်ရဲပြီးတော့ စည်းမျဉ်းတွေကိုလည်း မလိုက်နာဘူး….” ဖူယွန်ဓားကလန်မှ တစ်ယောက်က ဒေါသတကြီး ပြောသည်။
“ကျုပ်တို့က ကော့တေးကို မရှင်းပစ်ရင် ချင်ဂီသေတာ အလကား ဖြစ်သွားလိမ့်မယ်…” ဟာယွီလူက အေးစက်စွာ ပြောသည်… “ချင်ပြည်ထောင်က ကော့တေးကို တိုက်ခိုက်ဖို့ စစ်တပ် ချက်ချင်း စေလွှတ်သင့်တယ်….”
“ချင်ပြည်ထောင်က ကော့တေးကို အလွယ်တကူ အနိုင်ရပြီး လောကကို ထိန်းချုပ်နိုင်မယ်လို့ ကျုပ်တို့ မျှော်လင့်တယ်…”ကျိမိသားစုမှ တစ်ယောက်က ပြောသည်။ ချင်ယွီက လူတိုင်းကို ကြည့်သည်။ သူတို့၏ မူလက စိတ်အား ထက်သန်မှုများကား ပျောက်ဆုံးသွားပြီ ဖြစ်သည်။
“ခင်ဗျားတို့အားလုံး အခု ပြန်လိုက်ကြဦး… ကျုပ်အဖေနဲ့ ဆွေးနွေးလိုက်ဦးမယ်…. ကော့တေးက ဒီအတွက် သေချာပေါက် ပေးဆပ်ရမှာပဲ….” ချင်ယွီက အေးစက်စွာ ပြောသည်။ ထို့နောက် ထိပ်သီး အင်အားစုများက ထွက်သွားကြသည်။ အားလုံး ထွက်သွားပြီးသည်နှင့် ချင်ယွီက ထိုင်ခုံအား ဒေါသတကြီး ရိုက်နှက်ဖျက်ဆီး ပစ်လိုက်သည်။ သူ့ထံမှ ကြောက်မက်ဖွယ် ကောင်းသော လူသတ်လိုသော အငွေ့အသက်များ စိမ့်ထွက်လာသည်။
ကော့တေး၏ လွန်ကဲသော အပြုအမူက ချင်ဂီနှင့် သူ့လူများကိုသတ် သတ်ခဲ့သည် မဟုတ်ဘဲ ထိုအင်အားစုများ အားလုံး ထိတ်လန့်စေခဲ့သည်။ ယခုတွင်ကား ထိုအင်အားစုများကို ကော့တေးအား ပူးပေါင်း တိုက်ခိုက်ခိုင်းရန် လွန်စွာ ခက်ခဲသွားပြီ ဖြစ်သည်။
ချင်ပြည်ထောင်က လျိုနိုင်ငံအား ဖျက်ဆီးကာ သူတို့၏ အင်အားကို ပြသခဲ့သည်။ သို့သော် ချင်ဂီ၏ သေဆုံးမှုကြောင့် အရာအားလုံးက မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားဟန်ရသည်။ ဤမတိုင်မီက သူက ထိပ်သီး အင်အားစုများကို ခေါ်သောအခါ အားလုံးက စိတ်အား ထက်သန်ကြသော်လည်း ကော့တေးက ချင်ပြည်ထောင်၏ မင်းသားအား သတ်လိုက်သောအခါ ထိုလူများအားလုံး ကြောက်ရွံ့ သွားကြသည်။
ချင်ယွန်၏သေခြင်းက လျိုနိုင်ငံအား ပျက်စီးစေခဲ့သည်။ ကော့တေး လုပ်ခဲ့သည်ကား လျိုနိုင်ငံတွင် ဖြစ်ခဲ့သည်ထက် ပိုမို လွန်ကဲပေသည်။ ချင်ပြည်ထောင်က စစ်မကြေညာဘဲ မည်သို့ နေမည်နည်း။ ထိုအခိုက်တွင် ထိပ်သီး အင်အားစု အများစုက ဘေးမှ အခြေအနေကို စောင့်ကြည့်ရန်သာ လိုလားကြတော့သည်။
***
စာအုပ်တောင် အပြင်ဘက်တွင် ဖြစ်ခဲ့သောကိစ္စက အရှေ့မြေရိုင်း ဒေသကို လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။ လူအများက အမှန်တကယ် ထိတ်လန့်ရ၏။
ချင်ပြည်ထောင်က လျိုနိုင်ငံကို ဖျက်ဆီးခဲ့သော အချိန်တွင် ကော့တေး၏ တတိယတပည့် ဂူတုံးလျိုက ချင်ပြည်ထောင်၏ မင်းသား ချင်ဂီကို သတ်ဖြတ်ခဲ့သည်။
အဖြစ်အပျက် နှစ်ခုလုံးက အကြောင်းပြချက် တစ်ခုစီ ရှိသည်ဟု ထင်ရသည်။ သို့သော် အမှန်တကယ်အားဖြင့် မဟုတ်ပေ။ အရှေ့မြေရိုင်း ဒေသ၏ အင်အား အကြီးဆုံးနှစ်ဖွဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ခြင်းသာ ဖြစ်သည်။
ဤမတိုင်မီက ကော့တေး၏ ဒုတိယတပည့် ကျူးကော့ဟွေက ခေ့ကေးမြို့တွင် ဒွန်ချင်ကျောင်းတော်၏ ဂိတ်တံခါးအား ဖျက်ဆီးခဲ့သည်။ သို့သော် ချင်ပြည်ထောင်က ထိုစော်ကားမှုကို သည်းခံကာ ရီဖူရှင်းအား လုပ်ကြံသော တရားခံကို ပူးပေါင်း စုံစမ်းပေးခဲ့သည်။ မည်သို့ပင်ဆိုစေ ထိုကိစ္စက သူတို့၏ နယ်မြေတွင် ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ပါလော။ ထို့ကြောင့် ချင်ပြည်ထောင်က သည်းခံရန် အကြောင်းပြချက် ရှိသည်။
သို့သော် ဤတစ်ခေါက်တွင်ရော….။ သူတို့က စစ်ကြေညာ မည်လော။
လျိုနိုင်ငံ၏ ပျက်စီးခြင်းနှင့် ချင်ဂီ၏ သေဆုံးခြင်းက အရှေ့မြေရိုင်း ဒေသအား ပိုမို တင်းမာစေသည်။ လူတိုင်းက မုန်တိုင်း လာနေပြီဟု ခံစားကြရ၏။ ချင်ပြည်ထောင်နှင့် ကော့တေးက တကယ်ပင် စစ်ဖြစ်ကြတော့မည်လော။
ကော့တေးတွင်ကား ချင်ဂီ၏ သေဆုံးခြင်းကာ သူတို့အား ဘာမှ သက်ရောက်စေပုံ မရပေ။ ထိုနေရာက မူလကလို တိတ်ဆိတ်ကာ အေးချမ်းနေသည်။ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့က ကျောင်းတော်အား တရားဝင် ဝင်ရောက်ခဲ့ကြသည်။ ရီဝူချင်းအတွက်မူကား သူက ဖူယွန်ဓားကလန်မှ ဖြစ်ကာ လက်ရှိတွင် သူကလည်း ယခင်ကထက် ပိုမို ကြိုးစားလေ့ကျင့်ရန် တွန်းအားများစွာ ရှိနေခဲ့သည်။ မည်သို့ပင်ဆိုစေ သူတို့က ထိပ်သီး အင်အားစုများအကြား တိုက်ပွဲတွင် ပါဝင်ရန် လွန်စွာ အားနည်း နေပေသေးသည်။
နေ့လယ်စာ စားချိန်တွင် ရီဖူရှင်းက မေးသည်… “ချင်ပြည်ထောင်က တကယ်ပဲ စစ်ကြေညာ မှာလား….”
“ငါမသိဘူး…” လျိုဖန်းက ခေါင်းယမ်းသည်.. “ဒါပေမဲ့ သူတို့က စစ်ခင်း ရင်တောင်မှ တခြား အင်အားစုတွေဆီက အကူအညီရဖို့ ခက်လိမ့်မယ်….” အင်အားစု နှစ်ခုအကြား တိုက်ပွဲတွင် ပါဝင်ရဲသူက သေခြင်းကို လက်ခံရန် အဆင်သင့် ပြင်ထားသင့်သည်။
ရီဖူရှင်းက ခေါင်းညိတ်သည်။ အစ်မနှစ်က အစ်ကိုသုံးအား ချင်ဂီနှင့် သူ့လူများအား တန်ခိုး အစွမ်းဖျက်ရန် ပြောခဲ့သည်။ ထိုစဉ်က အစ်မနှစ်က လွန်ကဲစွာ ဆုံးဖြတ်ခဲ့သည်ဟု ရီဖူရှင်းက ထင်ခဲ့သည်။ သို့သော်လည်း ယခုမှသာလျှင် အစ်မနှစ်နှင့် အစ်ကိုသုံးတို့က ဒေါသ ထွက်သောကြောင့် ထိုသို့လုပ်သည် မဟုတ်ဘဲ နောက်ကွယ်တွင် အကြောင်းပြချက် ရှိသည်ကို သူ နားလည်လိုက်သည်။
ချင်ပြည်ထောင်က လျိုနိုင်ငံကို တိုက်ခိုက် ဖျက်ဆီးခြင်းက သူတို့၏ ကော့တေးအပေါ် တိုက်ခိုက်လိုစိတ်ကို ပြသခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ချင်ပြည်ထောင်နှင့် ကော့တေး၏ တိုက်ပွဲက အနှေးနှင့်အမြန် ရောက်လာတော့မည်ကို အစ်မနှစ်နှင့် အစ်ကိုသုံးက သိသည်။ ဤသို့ဆိုလျှင် သူတို့ကလည်း ထပ်မံ စောင့်ဆိုင်းနေစရာ မလိုတော့ပေ။
ချင်ဂီအား သတ်ခဲ့ခြင်းက တခြား အင်အားစုများအား ကြောက်ရွံ့စေပြီး သူတို့က ချင်ပြည်ထောင်နှင့် မဟာမိတ်ပြုခြင်းကို တားဆီးရာ ရောက်ပေသည်။
“ဆရာက ဘယ်အဆင့်မှာလဲ…” ရီဖူရှင်းက မေးသည်။ လက်ရှိ အချိန်အထိ သူက ကော့တေး၏ အင်အား အစစ်အမှန်ကို မသိသေးပေ။ အစ်ကိုကြီး၊ အစ်မနှစ်နှင့် အစ်ကိုသုံးတို့က ကော့တေး၏ စွမ်းအား အမြင့်ဆုံးသူများ ဖြစ်ကြလိမ့်မည်။ သို့သော် သူက အစ်ကိုသုံး မည်မျှ အားကောင်းသည်ကိုသာ သိသည်။ သူကလည်း တစ်နည်းနည်းဖြင့် စိုးရိမ်နေသည်။ ချင်ပြည်ထောင်က တစ်လောကလုံးကို စိန်ခေါ်ရဲမှတော့ သူတို့က ယုံကြည်မှု ရှိမည်မှာ သေချာပေသည်။
“မင်းက ဘာတွေ တွေးနေတာလဲ… .လေ့ကျင့်ရာမှာပဲ အာရုံစိုက်ထား…. နောက်ဆို ငါ့ကို မင်း ကာကွယ်ဖို့လိုတယ်….” အစ်မနှစ်က ရီဖူရှင်းအား ပြုံးလျက် ကြည့်ကာ ပြောသည်။
ရီဖူရှင်း ဆွံ့အသွားသည်။ သို့သော် သူက အစ်မနှစ်အား ကြည့်ကာ လေးနက်စွာ ပြောသည်… “အနာဂတ်မှာ ကျွန်တော်က အစ်မနှစ်ကို ကာကွယ်ပေးမယ်…”
“ဒါပေါ့…” ကျူးကော့ဟွေက လက်ဆန့်ကာ ရီဖူရှင်း၏ ခေါင်းအား ပုတ်လိုက်သည်။ ချက်ချင်းပင် ရီဖူရှင်း၏ အမူအရာ အေးခဲသွားသည်။ သူက ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ မည်သို့ပင်ဆိုစေ သူကား အရွယ်ရောက်နေပြီ ဖြစ်သည်။ သူ့အား အဘယ်ကြောင့် ကလေး တစ်ယောက်လို ဆက်ဆံနေရသနည်း။
“နဂိုက ငါက ဆရာရဲ့ ရည်မှန်းချက်ကို ဒီမှာ အေးချမ်းတဲ့ နည်းလမ်းနဲ့ ဖြည့်ဆည်း စေချင်တယ်… ဒါပေမဲ့ ကြည့်ရတာ ဒီနည်းလမ်းက ခက်ခဲတယ်….” အစ်မနှစ်က သက်ပြင်းချသည်။ လေပြင်းက တိုက်ခတ်လာသောအခါ တည်ငြိမ်မှုကို လိုလားသော သစ်ပင်ကလည်း မတည်ငြိမ် နိုင်တော့ပေ။
***