Switch Mode

အပိုင်း (၃၃၃)

ကော့တေးက ကျိုးကြောင်းဆီလျော်မှု မရှိသောအခါ

စာအုပ်တောင်၏ အပြင်ဘက်တွင် ချင်ဂီနှင့် သူ့လူများက ကော့တေး၏ တုံ့ပြန်မှုကို စောင့်ဆိုင်း နေကြသည်။ သူတို့ရှေ့တွင်ကား ကျောင်းတော်မှ တန်ခိုးရှင်များ အများအပြားကိုလည်း တွေ့ရသည်။ သူတို့က ချင်ပြည်ထောင်မှ လူများကို စိုက်ကြည့်နေကြ၏။ လျိုနိုင်ငံတွင် ဘာဖြစ်ခဲ့သည်ကို သူတို့အားလုံး သိကြ၏။ ကျောင်းတော်နှင့် လျိုနိုင်ငံအကြား ဆက်နွှယ်မှု ဘာမှ မရှိသော်လည်း လျိုနိုင်ငံ၏ ပျက်စီးခြင်းက သူတို့အား ဒေါသထွက်စေသည်။

ကျောင်းတော်၏ ဒေါသက ရီဖူရှင်းတို့နှင့် ကွဲပြားသည်။ သူတို့က လျိုနိုင်ငံနှင့် ပတ်သက်ခြင်း မရှိသလို လျိုနိုင်ငံနှင့်လည်း မရင်းနှီးကြပေ။ သူတို့က ချင်ပြည်ထောင်၏ ရက်စက်မှုနှင့် အရှေ့မြေရိုင်း ဒေသတွင် ရှိနေသော ချိန်ခွင်လျှာအား ဖျက်ဆီးမှုကြောင့် ဒေါသထွက်ကြသည်။

အရှေ့မြေရိုင်း ဒေသတွင် အင်အား အကြီးဆုံး အင်အားစုသုံးခုမှာ ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်နှင့် ကျောင်းတော်တို့ ဖြစ်ကြသည်။ တခြား ထိပ်သီး အင်အားစုများက ထိုအင်အားစု သုံးခုထက် အနည်းငယ် အင်အား နည်းပေသည်။ နှစ်ပေါင်းများစွာ ကြာအောင် ထိုအခြေအနေအား ထိန်းသိမ်းခဲ့ကြသည်။ သူတို့အကြား တစ်ခါတစ်ရံ ကတောက်ကဆများ ရှိခဲ့ကြသော်လည်း သူတို့က စည်းမျဉ်း တချို့ကို ထိန်းသိမ်းကာ စစ်ခင်းခြင်း မရှိခဲ့ကြပေ။

တန်ခိုးရှင်လောကကား ပုံမှန်အားဖြင့် ရက်စက်ပေသည်။ မကြာမကြာ အင်အားကြီးသူများက အင်အားနည်းသူကို အနိုင်ကျင့်ကာ ထိုပုံစံမျိုးက အမြဲတမ်း ရှိနေခဲ့သည်။ သို့သော်လည်း ထိုအရာမျိုးက လျိုနိုင်ငံတစ်နိုင်ငံလုံး ဖျက်ဆီးခံရခြင်း ကဲ့သို့သော ထိပ်သီးအင်အားစု အချင်းချင်း အနိုင်ကျင့်ခြင်း မရှိခဲ့ကြပေ။ ချင်ပြည်ထောင်က နှစ်ပေါင်းများစွာ ညီမျှနေသော ချိန်ခွင်ချာကို စတင် ဖျက်ဆီးခဲ့ကြသည်။ သူတို့လုပ်ခဲ့သည်က ကျိုးကြောင်း ဆီလျော်မှု ရှိသည်ဟု ထင်မြင်ရသော်လည်း ချင်ယွန် မသေခဲ့လျှင်ပင် ချင်ပြည်ထောင်က လျိုနိုင်ငံအား ဖျက်ဆီးရန် နောက်ထပ် အကြောင်းပြချက်များ ရှာဖွေမည်ကို သူတို့ သိနားလည်ကြသည်။ လျိုနိုင်ငံ၏ ပျက်စီးခြင်းက ချင်ပြည်ထောင်က လောကအား အုပ်စိုးရန် ပထမဆုံး ခြေလှမ်း ဖြစ်ပေသည်။

အကြီးအကဲ ကျူးချိန်က ချင်ဂီနှင့် သူ့လူများကို ကြည့်ကာ တစ်ခွန်းတည်း ပြောသည်… “ထွက်သွား….”

ချင်ဂီက ဂရုမစိုက်ပေ။ သူက ကျောင်းတော်မှ လူများအား ခံစားချက် ကင်းမဲ့စွာ ကြည့်ကာ ပြောသည်…. “ကျောင်းတော်က ကျုပ်ညီကို သတ်တဲ့လူတွေကို ကာကွယ် ပေးချင် နေတာလား….”

“သူက မသေသင့်ဘူးလား….” ကျူးချိန်က ချင်ဂီအား ကြည့်ကာ ပြောသည်။

ချင်ဂီထံမှ အေးစိမ့်သော အငွေ့အသက်များကို စတင် ထွက်ပေါ်လာသည်။ သူက ကျောင်းတော်မှ လူများကို ကြည့်ကာ အေးစက်စွာ ပြောသည်… “ကျုပ်ညီက လျိုနိုင်ငံမှာ အလကားသေခဲ့တာ မဟုတ်ဘူး…. ကျောင်းတော်က လူသတ်သမားကို ကာကွယ်ပေးရုံတင် မကဘူး သူ သေတာကိုလည်း အရှက်ခွဲ နေသေးတယ်….” သူက ရီဝူချင်းအား ရမည်ဟု ချင်ဂီက မူလကတည်းက မမျှော်လင့်ထားပေ။ သူတို့က ရီဝူချင်းအား ထုတ်ပေးလျှင် ကျောင်းတော်က ကျောင်းတော် မဟုတ်တော့ပေ။ သို့သော်လည်း ချင်ယွီက သူ့အား လာခိုင်းခဲ့သည်။ သူက ကျောင်းတော်က ရီဝူချင်းအား ထုတ်ပေးရန် မလိုအပ်ပေ။ သူလိုအပ်သည်ကား အနာဂတ်တွင် ချင်ပြည်ထောင်က ကျောင်းတော်အား တိုက်ခိုက်ခွင့်ရမည့် အကြောင်းပြချက် ဖြစ်သည်။

“ဒါက ရှင်တို့သဘောပဲ… အခု ထွက်သွား…” ကျူးချိန်က ချင်ဂီအား ရွံရှာဖွယ်ရာ တစ်ခုကို ကြည့်သလို ကြည့်သည်။ သူမက ချင်ပြည်ထောင်မှ မင်းသားများကို သဘောမကျပေ။

ချင်ဂီက ဝင့်ကြွားစွာ ရပ်လျက်ပင် အေးစက်စွာ ပြောသည်… “ကျုပ်က ကော့တေးရဲ့ သဘောထားကို သိချင်သေးတယ်….”

ရုတ်တရက် တစ်စုံတစ်ယောက်က အဝေးမှ ပြောသည်… “မင်းက ဘာကို ကြားချင်တာလဲ….” ထို့နောက် လူတစ်ယောက် ဖြည်းညင်းစွာ ပျံသန်းလာသည်။ သူ၏အဖြူရောင်ဝတ်စုံနှင့် ဆံပင်ရှည်က လေထဲတွင် လွင့်နေသည်။ သူ၏ တည်ငြိမ် လေးနက်သော မျက်လုံးများက ချင်ဂီအား ထက်ရှစွာ ကြည့်သည်။ သူ၏ လေသံက တက်ကျသံ မရှိသော်လည်း လွန်စွာ မောက်မာမှုကို ခံစားရစေသည်။ သူက ချင်ဂီအား သာမန်မျှသာ ကြည့်သော်လည်း သူ၏အကြည့်က ချင်ဂီ၏ တစ်ကိုယ်လုံးအား ထွင်းဖောက် သွားသလို ခံစားရစေသည်။

ဂူတုံးလျို၏ အကြည့်ကို မြင်လျှင် ချင်ဂီ၏ ဂုဏ်ယူ ဝင့်ကြွားနေသော နှလုံးသားက အမှန်တကယ် ကြောက်ရွံ့မှုကို ခံစားရသည်။ သူက ချင်ပြည်ထောင်၏ မင်းသားသုံးဖြစ်ကာ လွန်စွာ ပါရမီမြင့်သည်။ အမြဲတမ်း သူက မိမိကိုယ်ကို တခြားလူများထက် အားမနည်းဟု ယုံကြည်ခဲ့သည်။ သို့သော်လည်း အကြောင်းပြချက် တချို့ကြောင့် သူက ဂူတုံးလျိုနှင့် ရင်ဆိုင်ရသောအခါ ဂူတုံးလျို၏ အကြည့်တစ်ချက်က သူ့အား ဦးကျိုးစေခဲ့သည်။ ဂူတုံးလျိုကား မည်သို့ပင်ဆိုစေ အိမ်ရှေ့စံချင်ယွီနှင့် တန်းတူ ကျော်ကြားသူ ဖြစ်သည်။ ထို့အပြင် သူက လုနန်ထျန်းအား အနိုင်ယူခဲ့၏။

ထိုတိုက်ပွဲတွင် လုနန်ထျန်းက ရှီအသိအား ထုတ်ဖော်ခဲ့ကာ အရှေ့မြေရိုင်း ဒေသ၏ စွမ်းအား အမြင့်ဆုံးဟု သတ်မှတ်၍ ရခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ဒုတိယအဆင့် နိုဘယ်ဖြစ်သူ ဂူတုံးလျိုအား ရှုံးနိမ့်ခဲ့သည်သာ ဖြစ်သည်။

“ရီဝူချင်းက ကျုပ်ညီကို သတ်ခဲ့တယ်… ပြီးတော့ လျိုနိုင်ငံရဲ့ မျိုးဆက်တွေဖြစ်တဲ့ လျိုဖေးယွန်နဲ့ လျိုချန်းယွီတို့ကလည်း ကျောင်းတော်မှာ ရှိတယ်…. ကော့တေးက သူတို့ကို ထုတ်ပေးဖို့ ကျုပ်မျှော်လင့်တယ်….” ချင်ဂီက ခံစားချက်ကင်းမဲ့စွာ ပြောသည်။ သို့သော်လည်း သူ၏လေသံက ပထမကလို အရှိန်အဝါ ကြီးသောပုံစံ မဟုတ်တော့ပေ။

“မင်းက သူမ တန်ခိုးကျင့်တာကို အနှောင့်အယှက်ဖြစ်တယ်….” ဂူတုံးလျိုက ရုတ်တရက် ပြောသည်။ ချင်ပြည်ထောင်နှင့် ကျောင်းတော်မှ လူများက ထိုစကားကို ကြားလျှင် အံ့အားသင့် သွားကြသည်။

သူမ တန်ခိုးကျင့်သည်ကို အနှောင့်အယှက် ဖြစ်သည်။ သူမက ဘယ်သူလဲ။

မျက်မှောင်ကြုတ်ကာ ချင်ဂီက ဂူတုံးလျိုအား မေးသည်… “ခင်ဗျား ဘာကို ဆိုလိုတာလဲ….”

“ခွင့်လွှတ်လို့မရဘူး….” ဂူတုံးလျိုက ပြောသည်။ ချင်ဂီက မျက်လုံးများ ပြူးကျယ်သွားကာ ဂူတုံးလျိုအား ကြည့်သည်။

ခွင့်လွှတ်၍ မရဘူးတဲ့လား။

တောင်ကုန်း အကြီးအကဲ ကျူးချိန်ပင်လျှင် ဂူတုံးလျိုကို အံ့အားသင့်စွာ ကြည့်သည်။ ဂူတုံးလျိုက ပြောသော “သူမ”ကို ကျူးချိန်က သိသလို ရှိသည်။

ကော့တေး၏ ဒုတိယ တပည့် ကျူးကော့ဟွေ။

ရုတ်တရက် ဂူတုံးလျိုက ရှေ့ကို တက်လာလျှင် မမြင်ရသော အားလှိုင်းတစ်ခု သူ့ထံမှ မွေးဖွားလာသည်။ လေမတိုက်သော်လည်း သူ၏ အင်္ကျီစများက လှုပ်ခတ်နေကြသည်။ သူက ချင်ပြည်ထောင်မှ လူများကို ကြည့်နေရင်းက ရုတ်တရက် သူ၏ မျက်နှာက တင်းမာ သွားသည်။ မမြင်ရသော စိတ်ဝိညာဉ် လှိုင်းများက သူတို့ထံ စတင် ရစ်ပတ်လာသည်။

“ဂူတုံးလျို…. ဒါက ဘာကို ဆိုလိုတာလဲ…” ချင်ဂီက မေးသည်။ သူက ကော့တေးမှ လူများထံ လူတောင်းရန် ရောက်လာခြင်း ဖြစ်သည်။ ကော့တေးက သူတို့အား ထုတ်မပေးလျှင်ပင် ဂူတုံးလျိုက ဘာကြောင့် တိုက်ခိုက်ရသနည်း။ သူမ၏ တန်ခိုးကျင့်ခြင်းကို အနှောင့်အယှက် ဖြစ်စေသည်က လက်ခံနိုင်ဖွယ် အကြောင်းပြချက်လား။

ဂူတုံးလျိုက ချင်ဂီ၏ စကားကို ဂရုမစိုက်ပေ။ ထိုအစား သူက ရှေ့ကို နောက်တစ်လှမ်း တိုးလိုက်လျှင် လွန်စွာ ထက်ရှသော စိတ်ဝိညာဉ် စွမ်းအားက ချင်ပြည်ထောင်မှ နိုဘယ်များထံသို့ ဖြန့်ကြက်ကာ တိုးဝင်သွားသည်။

ချင်ပြည်ထောင်မှ လူများအားလုံးက ထိတ်လန့် သွားကြသည်။ ဂူတုံးလျိုက သူတို့အား အမှန်တကယ် တိုက်ခိုက်တော့မည်လော။ ချင်ဂီ၏နောက်မှ လိုက်ပါလာသော နိုဘယ်များက အားကောင်း သော်လည်း သူတို့က ဂူတုံးလျိုအား မည်သို့ ယှဉ်နိုင်မည်နည်း။

ထိုအခိုက်တွင် ဂူတုံးလျိုကား အရှေ့မြေရိုင်း ဒေသ၏ စွမ်းအား အမြင့်ဆုံးထဲမှ တစ်ယောက် ဖြစ်နေလေပြီ။ ချင်ယွီက ဤနေရာတွင် ရှိနေလျှင်ပင် သူက ဂူတုံးလျိုအား အနိုင်ရရန်မှာ ငါးဆယ်ရာနှုန်းခန့်သာ ရှိပေသည်။

ဂူတုံးလျိုက သူတို့အား အမှန်တကယ် ရှင်းပစ်လိုပါက ရလဒ်က သိသာ ထင်ရှားနေပြီးသား ဖြစ်သည်။

“ဂူတုံးလျို… ခင်ဗျား ဘာကို လိုချင်တာလဲ….” လူနှစ်ယောက်က ရှေ့ကို တက်လာကာ သူတို့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။ သို့သော်လည်း ဂူတုံးလျို၏ အကြည့်က ပိုမို ထက်ရှလာသည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများက သဘာဝစွမ်းအင် လေပွေများအလား နက်ရှိုင်းစွာ လည်ပတ်နေကာ စိတ်ဝိညာဉ် စွမ်းအားလှိုင်း နှစ်ခုက ထိုလူနှစ်ယောက်အား သွားရောက် ဖိအားပေးသည်။ ဂူတုံးလျိုက သူ၏ လက်ဝါးကို ဆန့်တန်းလျှင် ဓားစွမ်းအင်က လေထဲတွင် ကြမ်းတမ်းစွာ ဖြစ်ပေါ်လာပြီး နိုဘယ်နှစ်ယောက်အား လှည့်ပတ်သည်။

“ငါသတ်ချင်တယ်…” ဂူတုံးလျိုက အေးစက်စွာ ပြောသည်။ ဂူတုံလျိုက သူ၏ လက်ဝါးအား ဆုပ်လိုက်လျှင် ကြောက်မက်ဖွယ် စိတ်ဝိညာဉ် စွမ်းအားက သူတို့၏ စိတ်နယ်ပယ်ထဲကို ဝင်ရောက်သွားကာ မျက်လုံးများ နှာခေါင်းများနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ သူတို့၏ခန္ဓာက ပြင်းထန်စွာ တုန်ယင်ကာ မြေပြင်ပေါ်သို့ ကျသည်။

ဘန်း…. ချင်ပြည်ထောင်မှ လူများက စတင် တုန်ယင်လာကြသည်။ သူတို့က ခေါင်းမော့ကာ ဂူတုံးလျိုအား ထိတ်လန့်စွာ ကြည့်ကြသည်။

သူ ရူးနေသည်လား။ ရီဝူချင်းက ချင်ယွန်ကို သတ်ခဲ့ရာ ချင်ပြည်ထောင်က သူ့အား လာရောက် ဖမ်းဆီးသည်က မှားနေသလား။ ထို့အပြင် သူတို့က တစ်ခါကမှ ကော့တေးနှင့် တိုက်ရိုက် ရင်မဆိုင်ခဲ့ကြပေ။ ဂူတုံးလျိုက အမှန်တကယ် လူသတ်မည် ကြံနေသည်လား။

ချင်ဂီက ဂူတုံးလျိုအား စိုက်ကြည့်သည်။ ကော့တေးက ဘာကို တွေးနေသနည်း။

“ခင်ဗျားက ချင်ပြည်ထောင်နဲ့ စစ်ကြေညာ နေတာလား….” ချင်ဂီ၏ မျက်နှာက ပြာနှမ်းသွားကာ အကြောက်တရားက သူ၏မျက်နှာကို ဖြတ်ပြေးသွားသည်။

သူက လူသတ်ချင်သည်ဟု ဂူတုံးလျိုက ပြောသည်။ သူက ဘယ်နှယောက် သတ်ချင်သည်လဲ။  ချင်ပြည်ထောင်၏ မင်းသားတစ်ပါး ဖြစ်သော သူ့ကိုရော…။

“မင်းတို့က သူမရဲ့ တန်ခိုးကျင့်မှုကို အနှောင့်အယှက် ဖြစ်တယ်လို့ ငါပြောပြီးပြီ…. အပြစ်က သေခြင်းပဲ….” ဂူတုံးလျိုက ခံစားချက် ကင်းမဲ့စွာပြောသည်။ သူ သတ်မည့်လူက ဘာပဲဖြစ်နေနေ သူဂရုမစိုက်ပေ။

သူက ထိုသို့ ပြောလိုက်ပြီးသည်နှင့် စိတ်ဝိညာဉ် စွမ်းအင်များက လေထုထဲတွင် စတင် ပေါက်ကွဲလာကာ တခြား တန်ခိုးရှင်များအား လာရောက် ရစ်ပတ်သည်။ ရှေးဟောင်း သင်္ကေတများက ဂူတုံးလျိုအား ရစ်ပတ်နေကာ ထူးဆန်းသော စွမ်းအားများက ချင်ပြည်ထောင်မှ တန်ခိုးရှင်များအား ဖုံးလွှမ်းလာသည်။

“ဂူတုံးလျို… မင်းရူးနေလား….” ချင်ပြည်ထောင်မှ နိုဘယ် တစ်ယောက်က အော်သည်။

သို့သော်လည်း ဂူတုံးလျိုက ထိုစကားများကို ကြားဟန်မရပေ။ သူက လက်ဆန့်တန်းကာ လက်အား ထပ်မံ၍ ဆုပ်ကိုင်လျှင် အော်ဟစ်သံများ နောက်မှ လိုက်ပါ လာကြသည်။ နိုဘယ်များ၏ စိတ်ဝိညာဉ် နယ်ပယ်များက ဆက်တိုက် ပေါက်ကွဲပျက်စီးကာ တစ်ယောက်ပြီး တစ်ယောက် မြေပြင်ပေါ်သို့ ကျသည်။ အချိန် အနည်းငယ်မျှတွင် ချင်ပြည်ထောင်မှ လူများအားလုံး ရှင်းလင်းသွားပြီး တစ်ယောက်တည်းသာ ထီးထီးတည်း ကျန်တော့သည်။

ထိုအခိုက်တွင် ရောက်စက ရှိနေခဲ့သော ဝင့်ကြွားသော အမူအရာက ချင်ဂီထံတွင် မရှိတော့ပေ။ သူ၏ မျက်နှာက ဖြူဖပ်ဖြူလျော် ဖြစ်ကာ ကြောက်ရွံ့ခြင်း ဒေါသထွက်ခြင်းများဖြင့် ရောထွေးနေသည်။ ကော့တေးမှ တပည့်တစ်ယောက်က ကျိုးကြောင်း ဆီလျော်မှု မရှိဘဲ လူသတ်လျှင် ထိုအဖြစ်က ကပ်ဘေးဆိုက်ခြင်းပင်။

“အခု ကော့တေးက လူ မဟုတ်တော့ဘူးလား….” ချင်ဂီက တုန်ယင်စွာဖြင့် အော်ဟစ်သည်။ ထိုအရာက ကော့တေး၏ ဟန်ပန် မဟုတ်ပေ။

ကျောင်းတော်မှ လူများကလည်း ဂူတုံးလျိုအား ထူးဆန်း အံ့သြဖွယ် လူသားအလား ကြည့်ကြသည်။ ဂူတုံးလျိုက ချင်ပြည်ထောင်မှ လူများကို အမှန်တကယ် သတ်ဖြတ်ခဲ့သည်။ တောင်ကုန်း အကြီးအကဲပင်လျှင် သူမ၏ နှလုံးက မြန်ဆန် လာသည်ကို ခံစားရသည်။ သူမကလည်း ဂူတုံးလျိုက ထိုလူများကို သတ်သော အကျိုးဆက်ကို သိသည်။

ရုတ်တရက် ကျူးချိန်က ခေ့ကေးမြို့တွင် ကျူးကော့ဟွေက သူမအား ပြောခဲ့သည်ကို သတိရမိသည်။ ကျောင်းတော်က ပြန်လည် တုံ့ပြန်ရာတွင် လွန်စွာ ပျော့ညံ့သည် ဟူ၏။

အမှန်ပင် ကော့တေးနှင့် ယှဉ်လျှင် သူမကား လွန်စွာ ပျော့ညံ့သေးသည်။

“လူမဟုတ်ဘူးလား… ဟုတ်လား….” ဂူတုံးလျိုက ချင်ဂီအား တည်ငြိမ်စွာ ကြည့်သည်။ ကော့တေးမှ တပည့်များက ကျိုးကြောင်း ဆီလျော်စွာ ပြုမူသည်ကို တစ်လောကလုံး သိသည်။ ထို့ကြောင့် ချင်ဂီက ကော့တေးကို လာကာ လူသတ်သမားအား တောင်းရဲသည်။ သူမသိသည်ကား ကော့တေးကလည်း ကျိုးကြောင်း ဆီလျော်မှု ကင်းမဲ့နိုင်ခြင်းပင်။

“မင်းတို့က တစ်နိုင်ငံလုံးကို ရှင်းပစ်ခဲ့တယ်… ဒီလို ဆိုးရွားတဲ့ ကိစ္စကို လုပ်ပြီးမှ ဒီနေရာကို လာရဲသေးတယ်…. ဒီလိုဆိုရင်လည်း ငါက တရားမျှတမှုအတွက် လောကကြီးကိုယ်စား အပြစ်ပေးရုံပဲ ရှိတယ်….” ဂူတုံးလျိုက ထိုသို့ ပြောပြီးသည်နှင့် ဓားစွမ်းအင်က လေထုကို ခွင်းသွားသည်။ ချက်ချင်းပင် ချင်ဂီက ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားသည်။

ချင်ပြည်ထောင်က လောကအား အုပ်စိုးရန် စတင် ခြေလှမ်းပြီဖြစ်သည်။ သူက နေရာတစ်နေရာကို ရကာ သူ၏ အဆင့်ကလည်း ပိုမို မြင့်မားလာတော့မည် ဖြစ်သည်။ သူက ကော့တေးအား လာရောက်ကာ ထိုလူများကို တောင်းသည်။ ပုံမှန်အားဖြင့် အရှေ့မြေရိုင်း ဒေသတွင် သူက ပထမဆုံး လှုပ်ရှားခြင်း ဖြစ်သည်။ သို့သော် သူ ထွက်ပေါ်လာခြင်းက နောက်ဆုံး အဆုံးသတ် ဖြစ်သွားရမည်ဟု သူလုံးဝ မထင်မှတ်ထားခဲ့ပေ။

“သေစမ်း…” ဂူတုံးလျိုက အေးစက်စွာ ပြောလျှင် ဓားစွမ်းအင်က ချင်ဂီအား ဖြတ်ကျော်သွားသည်။ ချင်ဂီ၏ မျက်နှာက ရှုံ့မဲ့သွားကာ သူ၏ ခန္ဓာကိုယ်က လေထဲတွင်ပင် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည်။ ဂူတုံးလျိုက သူ့အား ထပ်မကြည့်တော့ပေ။ နောက်လှည့်ကာ သူက စာအုပ်တောင်ပေါ်သို့ အေးအေးလူလူ ပြန်လည် တက်ရောက် သွားသည်။

ကျူးကော့ဟွေက ထိုလူများ၏ တန်ခိုးများကို ဖျက်ဆီးရုံမျှသာ စေခိုင်းခဲ့သည်။ သို့သော် သူက ထိုလူများအား တိုက်ရိုက်သတ်ခဲ့သည်။ သူ့အတွက်မူကား တန်ခိုးအစွမ်း ဖျက်ဆီးခြင်းနှင့် လူသတ်ခြင်းက သိပ်မကွာခြားပေ။ သူမ၏ စိတ်နေသဘောထားက သိမ်မွေ့ကာ နူးညံ့လွန်းနေ သေးပေသည်။

ချင်ပြည်ထောင်က လျိုနိုင်ငံနှင့် ထိုသို့ ဆိုးရွားသည့်နည်းဖြင့် ဖြေရှင်းကာ လျိုတော်ဝင် မိသားစု တစ်ခုလုံးကို ရှင်းလင်း သုတ်သင်ခဲ့သည်။ သူတို့က ကော့တေးအား လာရောက်ကာ သူတို့၏ အရှိန်အဝါကို ပြသချင်သေးသည်။ ချင်ပြည်ထောင်က လောကကို အုပ်စိုးတော့မည်ကို အားလုံးသောသူအား ပြောပြလိုသည်။ သို့သော်လည်း ကော့တေးကား လျိုနိုင်ငံ မဟုတ်ပေ။ ကော့တေးအား လျိုနိုင်ငံကဲ့သို့သော နည်းလမ်းဖြင့် လာရောက် ပြုမူ၍ မရပေ။

စစ်က ဖြစ်တော့မည် သေချာနေမှတော့ သူက ချင်ပြည်ထောင်၏ ဆန္ဒကို ဖြည့်ဆည်း ပေးလိုက်မည်။

ချင်ပြည်ထောင်က အရှေ့မြေရိုင်း ဒေသ၏ ချိန်ခွင်လျှာအား စတင် ဖျက်ဆီးလိုပါက ကော့တေးကလည်း ကျိုးကြောင်း ဆီလျော်စွာ ပြုမူမည် မဟုတ်တော့ပေ။

ကျောင်းတော်မှ ကျူးချိန်နှင့် တခြားလူများက ထွက်ခွာသွားသော ဂူတုံးလျိုအား စိုက်ကြည့် နေကြသည်။ ထိုအရာက သူတို့က ယနေ့မှ ကော့တေးမှ ဂူတုံးလျိုအား မြင်ဖူးသကဲ့သို့ပင်။

“ကော့တေးက တပည့်တွေက အရမ်းချောတာပဲ….” မိန်းကလေး တစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောသည်။ ဂူတုံးလျိုအား ကြည့်နေသော သူမ၏ မျက်လုံးများက အမှန်ပင် လေးစားအားကျခြင်းများ ပြည့်နှက်နေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset