အပိုင်း (၃၃၂)

ကောင်းကင်ကို တုန်ခါစေခြင်း

ချင်ယွီ၏ လှံတံက ရွှန်ဝူ အစီအရင်ကို ဦးတည်ထားသည်။ သူ့အနီးမှ နဂါးများက မာန်ဖီကြကာ သူ စီးနင်းထားသော နဂါးကြီးက လျိုနန်းတော်သို့ တိုက်ရိုက် ဆင်းသက်လာသည်။

သူ့အား ရွှေဝါရောင် အလင်းများ လွှမ်းခြုံထားသည်။ ရွှေဝါရောင် အလင်းတန်းများက ကောင်းကင်သို့ အထိအောင် ထိုးတက်နေသည်။ လှံတံရှည်ကို သုံးလျက် ရွှန်ဝူ အစီအရင်ကို တိုက်ခိုက်လျှင် စက္ကန့်ပိုင်းအတွင်း နဂါးများက ရူးသွပ်စွာ တိုက်ခိုက်သည့်အလား ထင်မှတ်ရသည်။ တစ်ချိန်တည်းမှာပင် ထက်ရှသော လှံသွားက ရွှန်ဝူ အစီအရင်ထဲကို လက်မအနည်းငယ် ထွင်းဖောက် သွားဟန်ရသည်။ တစ်ပြိုင်နက်တည်းတွင် အစီအရင်အား ထပ်မံ၍ ဖုံးအုပ်သော အင်းကွက်များ ပေါ်လာသည်။

ဧရာမ ရွှေရောင်နဂါး လက်သည်းက ရွှန်ဝူ အစီအရင်ကို ထွင်းဖောက် လာပြန်ကာ အစီအရင်အား အက်ကွဲစေသည်။ နန်းတော်ထဲမှ လူများက ထိုမြင်ကွင်းကို ကြောက်ရွံ့စွာ ကြည့်ကြသည်။ သူတို့၏ခေါင်းပေါ်မှ ကောင်းကင်တွင် ဧရာမ ရွှေနဂါးတစ်ကောင် ရစ်ပတ်ထားသော လှံတံရှည် တစ်လက်ကို မြင်ရသည်။

“သခင်မလျို… ရွှန်ဝူအစီအရင်က လိပ်မင်း ဖန်တီးထားခဲ့တာ…. နိုဘယ်ထက်မြင့်တဲ့ တိုက်ခိုက်မှုတွေကပဲ အစီအရင်ကို ပျက်စီးစေနိုင်တယ်…. ချင်ယွီက လုနန်ထျန်းလိုပဲ…. သူက ရှီစွမ်းရည်တချို့ကို နားလည်ထားတယ်…. ပြီးတော့ ရှီအဆင့် သိဒ္ဓိဝင် ပစ္စည်းကိုလည်း သုံးနိုင်တယ်…” ဘုရင်မ၏ ဘေးမှ နိုဘယ် တစ်ယောက်က ပြောသည်…. “သခင်မ…. လျိုနိုင်ငံက အန္တရာယ် ရှိနေပါပြီ….”

ရှီစွမ်းရည် တချို့ရှိသော ချင်ယွီအား အရေအတွက်ဖြင့် အနိုင်ယူ၍ မရပေ။

အက်ကွဲသံများ ကြားလာရကာ ရွှန်ဝူ အစီအရင်က စတင် ပျက်စီးလာသည်။ နောက်ဆုံးတွင် လွန်စွာ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ အစီအရင်က ပြိုပျက်သွား၏။

“လျိုဘုရင်မ…. ကျုပ်က ဆက်ပြီး တိုက်ခိုက်ရမှာလား….” ဘုရင်မအား ကြည့်နေသော ချင်ယွီ၏ မျက်လုံးများက လျှပ်စီးများ လက်နေသည် ထင်ရ၏။

“ချင်ပြည်ထောင်က ဘာလို့ ဒီလိုလုပ်မှ ရမှာလဲ….” အသံတစ်သံကို ကြားရသည်။ အဝေးမှ လိပ်အိုကြီးတစ်ကောင် လာနေသည်။ သူ၏ ရွေ့လျားမှုက လွန်မင်းစွာ နှေးကွေးသော်လည်း စက္ကန့်ပိုင်း အတွင်းတွင် သူက ချင်ယွီ၏ ရှေ့ကို ရောက်နေပြီး ဖြစ်သည်။

“ဧကရာဇ်လျိုက ချင်ပြည်ထောင်က လူတွေကို လွှတ်လိုက်ပြီးပြီ… ဒါတောင်မှ ဘာလို့ မင်းတို့က ဒီအထိ လုပ်ဖို့ လိုတာလဲ…” လိပ်မင်းက လူသားတို့၏စကားဖြင့် ချင်ယွီကို ပြောသည်။ သူက လျိုနိုင်ငံ အဆုံးသတ်တော့မည်ကို ကြိုမြင်ထားပြီး ဖြစ်သည်။ ချင်ပြည်ထောင်က လျိုနိုင်ငံအား ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ရောက်လာကာ လက်ရှိ အခြေအနေထိအောင် ရောက်နေပြီ ဖြစ်သည်။

“လိပ်မင်းရဲ့ ပါရမီက ရှီအဆင့်ကို မတက်လှမ်းနိုင်ပေမဲ့ နှစ်ပေါင်းများစွာ အသက်ရှည် နေခဲ့ပြီးနောက် ရှီအသိကို နားလည်ခဲ့တယ်လို့ ကျုပ်ကြားတယ်…. ဒီနေ့က ကျုပ်ကိုယ်တိုင် မြင်တွေ့ရဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ…” ချင်ယွီက လိပ်မင်းအား ကြည့်ကာ ပြောသည်။ ပုံမှန်အားဖြင့် သူကလည်း အစီအစဉ်ထဲတွင် လျိုနိုင်ငံ၏ လိပ်မင်းအား ထည့်တွက်ခဲ့သည်။ ယခုတွင်ကား ချင်ယွီက ရှီအသိကိုသာ နားလည်ထားသည် မဟုတ်ဘဲ ရှီအဆင့် သိဒ္ဓိဝင်ပစ္စည်းကိုလည်း ပိုင်ဆိုင်ထားသည်။ သူက ဘာကိုမှ ကြောက်စရာ မလိုပေ။

“ကောင်းပြီ…” လိပ်မင်းက ခေါင်းညိတ်သည်။ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် လွန်စွာ ကြီးမားသွားကာ ရွှေနဂါးကြီးထက် နှစ်ဆခန့် ဖြစ်သွားသည်။ သူ၏ ခန္ဓာကိုယ်က နန်းတော်အထက် ကောင်းကင်၌ အဆက်မပြတ် လှည့်ပတ်ကာ သူ၏ လက်သည်းများအား ဦးတည်လျက် ချင်ယွီထံ တိုးဝင်လာသည်။

ပုံမှန်အားဖြင့် ချင်ယွီကလည်း မကြောက်ပေ။ သူက လက်ထဲမှ ရွှေရောင်လှံတံကို ကိုင်ကာ သူ၏ရန်သူအား ဝှေ့ယမ်းလိုက်သည်။ ထိုအခိုက်တွင် သူ့ထံကို ဆင်းသက်လာသော လိပ်မင်းက တောင်တစ်လုံး ဆင်းသက် လာသည့်အလား ခံစားရသည်။ ထိုအရာက ကောင်းကင်က ပြိုဆင်းလာသည့် အလားပင်။ နန်းတော်အနီးမှ လူများအားလုံးက ထိုဖိအားကို ခံစားရသော်လည်း တိုက်ခိုက်မှုက သူတို့ကို ဦးတည်ထားခြင်း မဟုတ်ပေ။

ဝုန်း….။ သူတို့နှစ်ယောက် ရင်ဆိုင်မိလျှင် ချင်ယွီ၏ ခန္ဓာကိုယ်က မြေပြင်ကို လွင့်စဉ်သွားပြီး သူကျရောက်ရာနေရာက အက်ကွဲရာများ ဖြစ်သွားသည်။ ထို့နောက် လိပ်၏ ကျောက်ကုန်းပေါ်တွင်ကား သွေးစီးကြောင်း တစ်ခုကို တွေ့ရသည်။

ရွှေရောင် အလင်းတစ်ချက် လက်သွားပြီး ချင်ယွီက လေထဲကို တစ်ဖန် ရောက်လာသည်။ လိပ်မင်းအား စိုက်ကြည့်ရင်းက သူက ရယ်မောလိုက်သည်… “ခင်ဗျားက တကယ်ပဲ လျိုနိုင်ငံရဲ့ စောင့်ရှောက်သူ ပီသပါပေတယ်…. ဒီနေ့ စောင့်ရှောက်သူက ဖျက်ဆီးခံရပြီးရင် လျိုနိုင်ငံဆိုတာ ရှိတော့မှာ မဟုတ်ဘူး….”

“သူတို့ကို သတ်….” ချင်ယွီ၏ အမိန့်ကို ရလျှင် ရေနဂါးစစ်တပ်က နန်းတော်အား ဝင်စီးသလို ချင်ယွီ ကိုယ်တိုင်ကလည်း လိပ်မင်းထံသို့ တိုးဝင်သွားသည်။

ထိုအခိုက်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု မွေးဖွားလာသည်။ လျိုနန်းတော် နေရာအနှံ့တွင် တိုက်ပွဲများ ဖြစ်ပွားသည်။ ရေနဂါးအား စီးနင်းလာသော ချင်ပြည်ထောင် နိုဘယ်များတွင် သိဒ္ဓိဝင် လက်နက်များ ကိုယ်စီ ပိုင်ဆိုင်ထားကြသည်။ သူတို့၏ တိုကခိုက်ရေး စွမ်းရည်များက သိဒ္ဓိဝင် လက်နက်များကြောင့် မူလထက် အဆမတန် အားကောင်း နေကြသည်။

နန်းတော်မှ ပြင်းထန်သော တိုက်ပွဲအား ပြည်သူများက အဝေးမှ မြင်နေရသည်။ လျိုဘုရင်မ၏ စွမ်းရည်များကား လွန်စွာ အားကောင်းကာ ချင်ပြည်ထောင် နိုဘယ်များစွာကို သတ်နိုင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ရွှေနဂါးက သူမအား ရစ်ပတ်နိုင်ခဲ့ကာ နိုဘယ်များက ဝန်းရံထားကြသည်။ သူမ၏ စွမ်းအင်များ ကုန်ခန်းလာကာ သူမ၏ လှပသော မျက်နှာက ဖြူလျော့လာသည်။

လိပ်မင်း၏ စွမ်းရည်များက သံသယ ရှိစရာ မလိုပေ။ သို့သော်လည်း ချင်ယွီက သူနှင့် တိုက်ရိုက် ရင်ဆိုင်ခြင်း မရှိပေ။ သူက ကြီးမားသော ခန္ဓာကိုယ်အား လှည့်ပတ်ကာ အရပ်မျက်နှာ မျိုးစုံမှ အရူးတစ်ယောက်လို အဆက်မပြတ် တိုက်ခိုက်သည်။ တဖြည်းဖြည်းနှင့် လိပ်မင်း၏ ခန္ဓာကိုယ်က ဒဏ်ရာ ဒဏ်ချက်များ များပြားလာသည်။ သူ၏ ခန္ဓာကိုယ်က ကြီးမားသော်လည်း သူ၏ လှုပ်ရှားမှုများက နှေးကွေးပေသည်။ ထိုအရာက သူ၏အားနည်းချက် ဖြစ်သည်။ ချင်ယွီက ထိုအချက်အား အခွင့်ကောင်းယူကာ တိုက်ခိုက်နေသည်။

“မင်းတို့ မသွားသေးဘူးလား …” လိပ်မင်းက ခေါင်းငုံ့ကာ ဘုရင်မနှင့် သူမ၏လူများဘက်ကို လှည့်ကာ ပြောသည်။

ဘုရင်မ၏ ရှေ့တွင်ကား ရွှေရောင်နဂါးက ကြီးမားသော ခန္ဓာကိုယ်ဖြင့် ရစ်ခွေကာ လှည့်ပတ်နေပြီး နိုဘယ်များက ဝန်းရံထားသည်။ ဘုရင်မက ခေါင်းယမ်းကာ ပြောသည်… “လျိုနိုင်ငံရဲ့ မိဖုရားတစ်ပါး အနေနဲ့  ကျွန်မက ပြေးမယ့်အစား အသေခံလိုက်မယ်….” ထို့နောက် သူမက ဆက်လက်၍ တိုက်ခိုက်သည်။ လိပ်မင်းက သက်ပြင်းချသည်။

အားကောင်းသော တိုက်ခိုက်မှုများက လျိုဘုရင်မအား တဖြည်းဖြည်း ထိချက် များပြားလာကာ နောက်ဆုံး သူမက မြေပြင်ပေါ်သို့ ကျဆင်းသည်။ သူမ၏ အဖြူရောင် ဝတ်စုံက လက်ရှိတွင် သွေးခြင်းခြင်း နီနေသည်။ သူမ၏ ပါးစပ်မှ သွေးများ စီးကျနေသော်လည်း သူမ၏ထည်ဝါသော အရောင်အဝါများက အားနည်းသွားခြင်း မရှိပေ။

“သူမကို အသက်ရှင်ရက် ငါလိုချင်တယ်…” ချင်ယွီက ဘုရင်မအား ငုံ့ကြည့်ကာ ပြောသည်။

ဘုရင်မ မဲ့ပြုံး ပြုံးလိုက်သည်။ ရုတ်တရက် လေထဲတွင် သဘာဝစွမ်းအင်မှ ဖြစ်လာသော ဓားတစ်လက်က သူမ၏ လည်ပင်းအား ဖြတ်ကျော်သွားသည်။

သွေးများက နေရာအနှံ့ကို ပျံ့နှံ့သွားသည်။ ဘုရင်မက ကောင်းကင်အား မော့ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများအား မှိတ်လိုက်၏။ လျိုနိုင်ငံ၏ ဘုရင်မ ဖြစ်ခဲ့ပြီးနောက် သူမတွင် နောင်တဟူသည် မရှိတော့ပေ။

***

ရှေးဟောင်း မြေရိုင်းဒေသတွင် ဧကရာဇ်လျိုက သူ၏နိုင်ငံသို့ ပြန်နေစဉ် လမ်းတွင် ရုတ်တရက် ရပ်လိုက်သည်။ သူ၏ လက်အား ဆန့်ထုတ်လိုက်သည်။ သူ၏ လက်တွင် ဝတ်ဆင်ထားသော လက်စွပ်မှ အလင်းက ရုတ်တရက် မှေးမှိန်ပျောက်ကွယ် သွားသည်။ သူ၏ မျက်လုံးများက နီရဲသွား၏။ ကောင်းကင်အား မော့ကြည့်ရင်းက သူ၏ ရင်ဘတ်မှ ပြင်းထန်စွာ နာကျင်မှုကို ခံစားရ၏။

လျင်မြန်လွန်းလှသည်။ သူ မလုပ်နိုင်ခဲ့ပေ။ သူက ချင်လီအား မျှော်လင့်ချက် အနည်းငယ်ဖြင့် လွှတ်ပေးခဲ့သည်။ ချင်ပြည်ထောင်က အနည်းငယ်မျှသော သိက္ခာနှင့် ကျိုးကြောင်း ဆီလျော်မှု ရှိခဲ့လျှင် သူတို့က ဤမျှသော အခြေအနေအထိ လုပ်မည် မဟုတ်ပေ။ သို့သော်လည်း ချင်ပြည်ထောင်က သူတို့၏ ရည်မှန်းချက်ကိုသာ ဂရုစိုက်ကာ ထိုရည်မှန်းချက် ပြည့်မီရန် အရာအားလုံးကို စွန့်လွှတ်ရန် ဝန်မလေးပေ။

လျိုဘုရင်က ရှေ့ကို ဆက်မသွားတော့ပေ။ သူက လျိုနိုင်ငံသို့ မပြန်တော့ပေ။ ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် သူက နောက်လှည့်ကာ ပြောသည်…  “ငါ့နောက်ကို လိုက်ခဲ့….” သူက ပြောသည်။ သူ့ဘေးမှ စွမ်းအားမြင့် တန်ခိုးရှင်များက သူ့နောက်ကို လိုက်ပါ သွားကြသည်။ သူတို့အုပ်စုက အလွန် မြန်ဆန်စွာဖြင့် ရှေးဟောင်း မြေရိုင်းဒေသ၏ ကောင်းကင်မှ ခရီးနှင်ကြ၏။

သူတို့အား မြင်သောသူများက ထိတ်လန့်ရသည်။ လျိုဘုရင် သွားနေသော အရပ်ကား ချင်ပြည်ထောင်၏ နယ်မြေသို့ဖြစ်သည်။

ချင်ပြည်ထောင်ကား တခြား အင်အားစုများကဲ့သို့ပင် သူတို့တွင် ရှေးဟောင်းမြေရိုင်း ဒေသနှင့် ချင်နန်းတော်ကို ဆက်သွယ်ထားသော ဂိတ်တံခါးတစ်ခုကို ပိုင်ဆိုင်သည်။

ထိုအခိုက်တွင် လူအများအပြားက ချင်နန်းတော်တွင် စကားစမြည် ပြောနေကြသည်။ သူတို့အားလုံး စိတ်လှုပ်ရှား ပျော်ရွှင်နေကြ၏။ သူတို့က လျိုနိုင်ငံနှင့် တရားဝင် စစ်ကြေညာလိုက်ပြီး ဖြစ်သည်။ နောက်ဆက်တွဲကား လျိုနိုင်ငံ၏ ပျက်စီးခြင်း ဖြစ်ရပေမည်။ ချင်ပြည်ထောင်က တခြား အင်အားစုများအား တုန်လှုပ်စေကာ သူတို့အား လက်အောက် ခံစေမည်။ ထို့နောက်တွင် သူတို့က အရှေ့မြေရိုင်း ဒေသအား အုပ်စိုးတော့မည် ဖြစ်သည်။

ထိုစဉ်မှာပင် ချင်နန်းတော်မှ နေ၍ ရှေးဟောင်း မြေရိုင်းဒေသ ဂိတ်တံခါးသို့ လူတစ်စုက လျိုနိုင်ငံသို့ သွားသော ချင်စစ်တပ်ကို အားဖြည့်ပေးရန် သွားနေကြသည်။ သို့သော် ဂိတ်တံခါးမှ နန်းတော်ထဲကို ဝင်လာသော လူတစ်ယောက်ကြောင့် သူတို့အားလုံး ရပ်တန့်သွားကြသည်။ ထိုလူအား ကြည့်ကာ အားလုံးက အေးခဲသွားကြသည်။ သူကား ရှေးဟောင်းမြေရိုင်း ဒေသထဲမှ ကြောက်ရွံ့စွာ ထွက်ပြေးလာသော ချင်နိုဘယ် တစ်ယောက် ဖြစ်သည်။ ယခု သူကား ဒဏ်ရာ ပြင်းထန်စွာ ရနေသည်။

“ဧကရာဇ်ချင်ကို မြန်မြန် အသိပေး….” သူက အော်သည်။ ထိုအခိုက်တွင် ဂိတ်တံခါးပေါက်ကို ဖြတ်ကျော်လျက် ထည်ဝါ ခန့်ညားသော လူတစ်ယောက်က လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် ပေါ်ထွက်လာသည်။ သူနောက်မှလည်း လူအများအပြား ထပ်မံ ပေါ်ထွက်လာကာ သူတို့အားလုံးတွင် သွေးများ စွန်းထင်း နေကြ၏။

ဧကရာဇ်လျို။ သူတို့အားလုံး ကျောချမ်း သွားကြသည်။ ဧကရာဇ်လျိုက လျိုနိုင်ငံမှာ မဟုတ်ဘူးလား။ သူက ချင်ပြည်ထောင်ကို ရောက်လာသည်။ သူ ရူးနေသည်လား။

“သွားစို့….” ထိုလူများက ထွက်ပြေးရန် ကြိုးစားကြသည်။ သို့သော်လည်း လေပြင်း တစ်ချက်နှင့်အတူ ဧကရာဇ်လျို၏ ခန္ဓာက ကောင်းကင်သို့ ထိုးတက်သွားသည်။ တစ်ပြိုင်နက်တည်းတွင် ကောင်းကင်မှ လွန်စွာ ကြီးမားသော ခြေဖဝါးတစ်ခု ကျဆင်းလာသည်။ ချင်တန်ခိုးရှင်များက မော့ကြည့်ကာ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာသည်။

“မဟုတ်ဘူး….” တချို့က အော်ဟစ်ကြသည်။ ဘုန်းခနဲ မြည်ကာ ဧကရာဇ်လျို၏ ခြေဖဝါးက ကျဆင်းလာပြီး ထိုလူများအားလုံး အမှုန့်များ ဖြစ်သွားသည်။ မဆုံးနိုင်သော လူသတ်လိုသော အငွေ့အသက်များက နေရာတိုင်းကို ပျံ့နှံ့သွားကာ သူက ချင်နန်းတော်သို့ စတင် ဦးတည်လျက် သွားသည်။ ချင်လီအား လွှတ်ပေးခြင်းက ချင်ပြည်ထောင်၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲစေခဲ့လျှင် ဤအချိန်ကား လူသတ်ရန် အချိန်ဖြစ်သည်။ သူတို့က ဧကရာဇ်လျိုနှင့် လျိုနိုင်ငံ ပျက်စီးသွားသည်ကို မြင်လိုလျှင် ထိုအတွက် ထိုက်သင့်သော တန်ဖိုးကို ပေးဆပ်ရပေမည်။

ဧကရာဇ်လျိုက နန်းတော်သို့ သွားရာ လမ်းတစ်လျှောက်လုံး လူသတ်သည်။ သူဖြတ်ကျော် သွားသောနေရာ တောက်လျှောက် အသက်ရှင် လွတ်မြောက်သူ မရှိပေ။ လျိုဘုရင်မ၏ သေခြင်းက သူ့အား နိုးထစေသော ခေါ်သံဖြစ်သည်။

သူက ဘာမှ ထပ်မတွေးလိုတော့ပေ။

ဤနေ့ကား ငြိမ်းချမ်းခြင်း မရှိတော့ရန် သေချာနေပြီ။ အရှေ့မြေရိုင်းဒေသ ကောင်းကင်၌ လျှပ်စီးများ လက်နေခဲ့သည်။

ချင်ယွီတွင် ရှီအဆင့် သိဒ္ဓိဝင် လက်နက်ရှိပြီး ရှီအသိအား နားလည် ထားသည်။ သူက လျိုနိုင်ငံကို ရောက်ရှိလာကာ လျိုနိုင်ငံ၏ လိပ်မင်းဖြင့် နာရီများစွာ တိုက်ခိုက်ခဲ့သည်။ သူက လိပ်မင်းအား နှိမ်နင်းခဲ့ပြီး သူကိုယ်တိုင်ကလည်း ဒဏ်ရာအနည်းငယ် ရခဲ့သည်။ သို့သော် ချင်ယွီ ဦးဆောင်လာသော စစ်တပ်၏ တိုက်ခိုက်မှုကြောင့် လျိုနိုင်ငံက လုံးဝ ကျဆုံးသွားပြီး ဖြစ်သည်။ သူတို့က နန်းတော်အား လုံးဝ အပြတ် နှိမ်နင်းထားပြီး ဖြစ်သည်။

ထိုနေ့တွင် လျိုဘုရင်က ချင်နန်းတော်ထဲကို ထိုးဖောက် ဝင်ရောက်ကာ အရူးအမူး တိုက်ခိုက်ခဲ့သည်။ သူက ဒေါသတကြီးဖြင့် မဲမဲမြင်ရာ တိုက်ခိုက် သတ်ဖြတ်ခဲ့သည်။ ချင်ပြည်ထောင်၏ မင်းသား၊ မင်းသမီးများ၊ ကိုယ်လုပ်တော်များနှင့် တော်ဝင်မျိုးဆက်များစွာ သေဆုံးခဲ့ကြရသည်။ ဧကရာဇ်ချင် ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်ခြင်းက ပင်လျှင် ဧကရာဇ်လျို၏ သတ်ဖြတ်မှုကို တားဆီးနိုင်စွမ်း မရှိခဲ့ပေ။ သူ၏ မျက်လုံးတွင် လူသတ်ခြင်းသာ ရှိသည်။

နောက်ဆုံးတွင် လျိုဘုရင်က ချင်နန်းတော်ထဲတွင် သေဆုံးသွားခဲ့သည်။

အားကောင်းသော ခေါင်းဆောင် တစ်ယောက်ကား ယခု လောကကို ကျောခိုင်း သွားရပြီဖြစ်သည်။

ထိပ်သီး အင်အားစု တစ်ခုက အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်သွားရသည်။

အရှေ့မြေရိုင်း ဒေသတစ်ခုလုံးကလည်း ကောင်းကင်ဘုံသို့ အထိ တုန်ခါ သွားဟန်ရသည်။

ချင်ပြည်ထောင်၏ အားကောင်းမှုက အရှေ့မြေရိုင်း ဒေသတစ်ခုလုံးအား တုန်ခါစေခဲ့သည်။ သို့သော်လည်း ချင်ဘုရင်၏ ပြိုင်ဘက်အပေါ် အထင်သေးမှု၊ မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲခြင်းက သူ့ကိုလည်း ကြီးစွာသော ဆုံးရှုံးမှုကို ဖြစ်စေသည်။

အရှင်ခန်ကား လျိုနိုင်ငံကို ယာယီ ထိန်းသိမ်းရန် တာဝန်ပေးခံရကာ လျိုတော်ဝင် မျိုးဆက်များအား လိုက်လံရှာဖွေ သုတ်သင်သော တာဝန်ကို ဆက်ယူရသည်။ သို့သော် အရှင်ခန်နှင့် တခြားလူများမှာ နောက်လိုက်များသာ ဖြစ်ကာ  လျိုနိုင်ငံက ယခုတွင် နာမည်တစ်ခုမှအပ ဘာမှ မကျန်တော့သည်ကို လူတိုင်း သိကြသည်။

တစ်ချိန်တည်းတွင် ချင်ပြည်ထောင်၏ မင်းသားသုံးဖြစ်သူ ချင်ဂီက စာအုပ်တောင်သို့ လူတစ်စုကို ဦးဆောင်ကာ ရောက်လာသည်။

စာအုပ်တောင်၏ အပြင်ဘက် ကောင်းကင်တွင် ဖြစ်သည်။

ချင်ဂီနှင့် သူ့လူများက လေထဲတွင် ရပ်နေကြသည်။ သူတို့က ကော့တေးကို ရောက်နေသော ရီဝူချင်းတို့အား လာတောင်းကြခြင်း ဖြစ်သည်။ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့က လျိုတော်ဝင် မျိုးဆက်များဖြစ်ကာ ရီဝူချင်းက ချင်ယွန်အား သတ်သောသူ ဖြစ်သည်။ သူတို့ မရနိုင်မှန်း သိသော်လည်း သူတို့၏သဘောထားကို ပြသရန် လာရောက်ခဲ့ကြသည်။

ကော့တေးက ထိုလူများကို အဘယ်ကြောင့် ကာကွယ် ရမည်နည်း။

ထိုစဉ်မှာပင် ကော့တေးထံ စေလွှတ်လိုက်သော လူများထံမှ အသံကို ကျူးကော့ဟွေက ကြားသည်…. “သူတို့က အရူးတွေလား….”

“ဖြစ်နိုင်တယ်…” လျိုဖန်းက ပခုံးတွန့်သည်… “သူတို့က ကော့တေးက လက်မခံနိုင်မှန်း သိလို့ တမင် လာတောင်းတာလည်း ဖြစ်နိုင်တာပဲ….” သူတို့ဘက်တွင် ကျိုးကြောင်း ဆီလျော်မှု ရှိပါက သူတို့က ကော့တေးအား တိုက်ခိုက်ရန် အကြောင်းပြချက် ရပေမည်။

“သူတို့က လျိုနိုင်ငံနဲ့ တိုက်ခိုက်ဖို့ အကြောင်းပြချက် ရှာသလိုမျိုးပေါ့….” ကျူးကော့ဟွေ၏ အသံက အနည်းငယ် တင်းမာသွားသည်။ လျိုနိုင်ငံတွင် ဘာဖြစ်ခဲ့သည်ကို ကော့တေးက သိသည်။ ထိုအရာက သူမ ခန့်မှန်း ထားသလိုပင်။

“ဖြစ်နိုင်တယ်…” လျိုဖန်းက ခေါင်းညိတ်သည်။

“မင်းရဲ့ အစ်ကိုသုံးကို သွားပြီး သတင်းပို့လိုက်…. သူတို့က ငါ တန်ခိုးကျင့်တာကို အနှောင့်အယှက် ဖြစ်စေတယ်…” ကျူးကော့ဟွေက ညင်သာစွာ ပြောသည်။

လျိုဖန်းက မျက်လုံးပြူး သွားသည်။

“ဒါကြောင့် သူတို့ရဲ့ စွမ်းအားတွေကို လုံးဝ ဖျက်ဆီးလိုက်…” ကျူးကော့ဟွေက ထူးမခြားနားစွာ ပြောသည်။ လျိုဖန်း၏ မျက်လုံးများက ဝင်းလက် သွားသည်။ သူတို့၏ အစ်မနှစ်ကား အစ်မနှစ်သာ ဖြစ်တော့သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset