ကျောင်းတော်၊ ရှေးဟောင်း မြေရိုင်းဒေသ ဂိတ်တံခါး။
ရီဖူရှင်းနှင့် ရီဝူချင်းတို့ ထိုနေရာသို့ ရောက်ရှိ သွားသောအခါ ရီဝူချင်း၊ လျိုချန်းယွီနှင့် တခြား လူများအားလုံးက စောင့်ဆိုင်း နေကြပြီး ဖြစ်သည်။
“အရှင်မင်းကြီး ဘယ်မှာလဲ…” ရီဖူရှင်းက မေးသည်။
“အဖေက ငါတို့ကို ပို့ပြီးတာနဲ့ ထွက်သွားတယ်….” လျိုဖေးယွန်က ပြောသည်။ သူက အခြေအနေ မည်သို့ ရှိမည်ကို စိတ်ပူသည်။ မည်သို့ပင်ဆိုစေ လျိုဘုရင်က သူ၏အဖေ မဟုတ်ပါလား။ နိုင်ငံ၏ ဘုရင်အနေဖြင့် သူ၏အဖေက နိုင်ငံသားများကို ကာကွယ်ရမည်ကို သူနားလည်သည်။ ရီဖူရှင်းနှင့် ဆက်ဆံရေးကြောင့် လျိုဘုရင်က သူတို့နှစ်ယောက်အား ရီဖူရှင်းထံတွင် အပ်နှံခဲ့သည်။ တခြားလူများက လက်ရှိ အချိန်တွင် လွန်စွာ ကြီးမားသော ဘေးရန်ကို ကြုံတွေ့နေရသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ သက်ပြင်း ခိုးချသည်။
“ဖူရှင်း….” ထိုစဉ်မှာပင် ရီဝူချင်းက လှမ်းခေါ်သည်။ ရီဖူရှင်းက သူ့အား လှမ်းကြည့်လျှင် သူက ဆက်ပြောသည်…”ငါ့အတွက် ချန်းယွီကို ဂရုစိုက်ပေး…”
ရီဖူရှင်းက လေးနက်သော ပုံစံဖြင့် ပြောသည်… “မင်း အခု ဖူယွန် ဓားကလန်ကို ပြန်လို့ မရဘူး….” အကယ်၍ သတ္တမ ဓားတောင်ကုန်း သခင်ကသာ ဖူယွန်ဓားကလန် ခေါင်းဆောင် ဆိုပါက ရီဝူချင်းအတွက် ပြဿနာ သိပ်မရှိနိုင်သော်လည်း လျိုနိုင်ငံနန်းတော်တွင် ကျဲဆွန်၏ သဘောထားက သိသာနေသည်။ ရီဝူချင်းက လက်ရှိအချိန်တွင် ဖူယွန်ဓားကလန်သို့ ပြန်ပါက အန္တရာယ် ရှိပေသည်။ ကလန်က ရီဝူချင်းအား စတေးကာ ချင်ပြည်ထောင်သို့ အပ်မည်မှာ သေချာသလောက် ရှိနေသည်။
လျိုချန်းယွီကလည်း ရီဝူချင်းအား ကြည့်သည်။ သူမက ရီဝူချင်းအား မသွားစေလိုသော သဘောဖြင့် သူ၏ လက်အား တင်းတင်း ဆွဲထားသည်။
“ဓားဝိဇ္ဇာ…. ခင်ဗျားက ကျောင်းတော်မှာ ယာယီနေသင့်တယ်…. ကျုပ်တို့က သတ္တမတောင်ကုန်းကို အရင်ပြန်နှင့်မယ်… တစ်ခုခု ထူးခြားရင် ဓားဝိဇ္ဇာကို လာပြီး အကြောင်း ကြားပါ့မယ်….” သတ္တမ ဓားတောင်ကုန်းမှ ဓားသမား တစ်ယောက်က ပြောသည်။
ရီဝူချင်းက သူ့အား ကြည့်ကာ နောက်ဆုံးတွင် ခေါင်းညိတ်လိက်သည်… “ကောင်းပြီ… ဆရာက တစ်ခုခု အမိန့်ပေးရင် ငါ့ကို လာပြီး အသိပေး….”။ သူက ချင်ယွန်အား သတ်ခဲ့ခြင်း ဖြစ်သည်။ သူက သတ္တမ တောင်ကုန်းကို ပြန်ကာ သူ၏ဆရာအား ကိုယ်တိုင် အစီရင်ခံလိုသည်။
“ကောင်းပြီ…” သူတို့အုပ်စုက ရီဝူချင်းအား ဦးညွှတ်ကာ ထွက်သွားကြသည်။
ထိုလူများ ထွက်သွားသည်ကို ကြည့်ကာ ရီဖူရှင်းက ရီဝူချင်းနှင့် တခြားလူများကို ပြောသည်… “တောင်ပေါ်ကို သွားရအောင်….” ထို့နောက် သူတို့က ကော့တေးသို့ သွားကြသည်။ သူတို့အား မြင်ကြသော ကျောင်းတော်မှ လူများက တစ်စုံတစ်ခု ထူးဆန်းသည်ကို ခံစားကြရသည်။ တစ်စုံတစ်ခု ဖြစ်ပျက်နေသည်လား။
ကော့တေးက လူများက ရီဖူရှင်း၊ ရီဝူချင်းနှင့် လျိုမောင်နှမတို့ကို မြင်လျှင် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ကို သိလိုက်ကြသည်။ ရက်အနည်းငယ် အကြာက ရီဖူရှင်းက လျိုနိုင်ငံကို ယူချင်းနှင့်အတူ သွားရောက်ခဲ့သည်။ ဘာမှ မဖြစ်ခဲ့ပါက သူက ရီဝူချင်းတို့အား ကော့တေးကို ခေါ်လာမည် မဟုတ်ပေ။
ရီဖူရှင်းက အစ်မနှစ်ထံသို့ တိုက်ရိုက် သွားသည်။ ရွှီယီ၊ လျိုဖန်းနှင့် တခြားလူများကလည်း ရောက်ရှိလာကြသည်။ ကျူးကော့ဟွေက အိမ်လေးထဲတွင် ထိုင်ကာ ရှေ့မှ အုပ်စုအား ကြည့်သည်… “မောင်ငယ်လေး… မင်းမှာ ပြဿနာ တချို့ရှိလား ….”
“အစ်မနှစ်…” ရီဖူရှင်းက လျိုနိုင်ငံမှာ ဖြစ်ပျက်ခဲ့သည်များကို အကျိုင်းရှုံ့ ပြောပြသည်။
“ဒါဆို ချင်ပြည်ထောင်က အစကတည်းက ကြိုတင် ပြင်ဆင်ထားပြီး သတို့သမီး တောင်းရမ်းတာက သူတို့ရဲ့ တကယ့်ရည်ရွယ်ချက် မဟုတ်ဘူးလို့ ဆိုလိုတာပေါ့….” ကျူးကော့ဟွေက ဉာဏ်ကောင်းသောသူ ဖြစ်သည်။ သူမက စက္ကန့်ပိုင်းအတွင်း အဖြစ်အပျက်များအား နားလည်လိုက်သည်။ သူ၏ လှပသော မျက်လုံးများက အေးစက်သွား၏။
“ချင်ပြည်ထောင်က ဒီလို အထိန်းအကွပ်မဲ့ပြီး လုပ်နေပြီလား…” အဖြစ်အပျက်များကို နားထောင်ကာ လျိုဖန်းက ဒေါသထွက်သွားသည်။ သူတို့က လျိုနိုင်ငံနှင့် တိုက်ခိုက်ရန် တမင် အကြောင်းပြချက် ရှာနေခြင်း ဖြစ်သည်။ မင်းသား တစ်ပါးကိုပင် စတေးရဲသည်။ ဘယ်လောက် သနားဖို့ ကောင်းတဲ့ မင်းသားလဲ။ ကြည့်ရသည်မှာ ကောလာဟလများက ပြောသော ချင်ဘုရင်၏ အချစ်ဆုံး သားဟူသော စကားမှာ ဘာမှ ဟုတ်ပုံမရပေ။ မဟုတ်လျှင် ချင်ယွီနှင့် ချင်လီက ဤမျှ အဓိပ္ပာယ် ကင်းမဲ့သော ကိစ္စကို လုပ်ရဲမည် မဟုတ်ပေ။
“အစ်မနှစ်…. လျိုနိုင်ငံအတွက် မျှော်လင့်ချက် ရှိသေးလား….” ရီဖူရှင်းက သိပ်မမျှော်လင့်ထား သော်လည်း သူက လက်မလျှော့ လိုသေးပေ။
ကျူးကော့ဟွေက ခေါင်းယမ်းသည်… “ချင်ပြည်ထောင်က မင်းသား တစ်ပါးကိုတောင်မှ စတေးပြီး အကြောင်းပြချက် ရှာထားတာပဲ…. သူတို့က လျိုနိုင်ငံကို ဖျက်ဆီးဖို့ အသေအချာ ဆုံးဖြတ် ထားပြီးသားပဲ…. ငါမမှားဘူးဆိုရင် ချင်ပြည်ထောင် စစ်သည်တွေက လျိုနိုင်ငံကို အခု သွားနေလောက်ပြီ….” သူတို့က လျိုနိုင်ငံအား အခွင့်အရေးပေးမည် မဟုတ်သည်မှာ သေချာသည်။
လျိုဖေးယွန်နှင့် လျိုချန်းယွီတို့က ထိုစကားကို ကြားလျှင် သူတို့၏ မျှော်လင့်ချက်များ ကုန်ဆုံး သွားကြသည်။ လျိုဖေးယွန်က လက်ကို တင်းကျပ်စွာ ဆုပ်ထားသော အချိန်တွင် လျိုချန်းယွီ၏ မျက်လုံးများက မျက်ရည်များ စီးကျလာသည်။
“မင်းတို့က ကျောင်းတော်မှာ ဘာမှ စိတ်မပူဘဲ နေလို့ရတယ်…. ဘယ်သူမှ မင်းတို့ကို ခေါ်သွားလို့ မရဘူး….” ကျူးကော့ဟွေက ပြောသည်။ သူမက တိတ်တခိုး သက်ပြင်းချသည်။ လျိုနိုင်ငံ၏ အဆုံးသတ်ကား ရောက်လာတော့မည် ဖြစ်သည်။ ချင်ပြည်ထောင်က အရှေ့မြေရိုင်း ဒေသတွင် စတင်ကာ စစ်တိုက်တော့မည် ဖြစ်သည်။ ချင်ပြည်ထောင်၏ နောက်ဆုံး ပစ်မှတ်က ကော့တေးနှင့် ကျောင်းတော်တို့ ဖြစ်ပေလိမ့်မည်။ အရှေ့မြေရိုင်း ဒေသအား အုပ်စိုးမည့် သူတို့၏ အစီအစဉ်တွင် သူတို့၏ အကြီးဆုံး ရန်သူကား ကော့တေး ဖြစ်ပေသည်။
***
ကျူးကော့ဟွေ ခန့်မှန်းသလိုပင် ချင်ပြည်ထောင်က ကောင်းစွာ ပြင်ဆင်ထားပြီး ဖြစ်ကာ လျင်မြန်စွာဖြင့် လှုပ်ရှားနေသည်။ ချင်လီနှင့် သူ့လူများက ရှေးဟောင်း မြေရိုင်းဒေသမှ တစ်ဆင့် ပြန်လာကြသည်။ သူတို့က လျိုနိုင်ငံ၏ ဝင်ပေါက်အား အတင်း ချိုးဖျက်ခဲ့ကြ၏။ ထိုကိစ္စအား လျိုဘုရင်က ရီဖူရှင်းတို့ အုပ်စုအား ရှေးဟောင်း မြေရိုင်းဒေသမှ လိုက်ပါ ပို့ဆောင်စဉ်က သိခဲ့သည်။
ထိုအခိုက်တွင် လျိုနန်းတော်၏ ကောင်းကင်၌ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုကို တွေ့မြင်ကြရသည်။ ရေနဂါးများက ကောင်းကင်၌ လှည့်ပတ် ပျံသန်းနေကြကာ အော်ဟစ် မာန်ဖီနေကြသည်။ သူတို့က လွန်စွာ ထိတ်လန့်ဖွယ် အရှိန်အဝါများကို ပေးနေကာ သူတို့၏ နောက်ကျောတွင် များစွာသော တန်ခိုးရှင်များကို တွေ့ကြရသည်။ ချင်ပြည်ထောင်က ရေနဂါးစစ်တပ်ဖြင့် ရောက်လာခြင်း ဖြစ်သည်။ ရေနဂါးများ၏ အလယ်တွင်ကား တကယ့်ဧရာ မနဂါးကြီးတစ်ကောင် ရှိသည်။ သူ့ထံမှ ရွှေဝါရောင်များ ဖြာထွက်နေကာ သူ၏ လက်သည်းများ ကလည်း လွန်စွာ ထက်ရှဟန်ရနေသည်။
ထိုရွှေနဂါး၏ နောက်ကျောတွင် ရပ်နေသူကား ချင်ယွီဖြစ်သည်။ သူ၏ ပန်းရွှေရောင် တော်ဝင်ဝတ်စုံက လေထဲတွင် တဖျတ်ဖျတ် လွင့်နေသလို သူ၏ မျက်လုံးများကလည်း အေးစက်ကာ အရိုးကွဲမတတ် ခံစားချက်ကို ပေးသည်။
ယခု ချင်ယွီကား ခေ့ကေးမြို့တွင်တုန်းက သိမ်မွေ့သော အိမ်ရှေ့စံမင်းသား ဟန်ပန် မရှိတော့ပေ။ သူ၏ အားကောင်းသော အရှိန်အဝါက မာန်ဟုန်ပြင်း လှသည်။ သူကား ချင်ပြည်ထောင်၏ အိမ်ရှေ့စံမင်းသား ဖြစ်သည်။ ချင်ပြည်ထောင်၏ အနာဂတ်ဘုရင်လည်း ဖြစ်သည်။ ထို့နောက် သူက အရှေ့မြေရိုင်း ဒေသကို အုပ်ချုပ်တော့မည့်သူ ဖြစ်သည်။
လျိုနိုင်ငံနန်းတော် အတွင်းနှင့်အပြင်မှ မရေမတွက်နိုင်သော မျက်လုံးများက ရွှေနဂါးကြီး၏ ကျောပေါ်မှ ချင်ယွီကို ကြည့်နေကြသည်။
ဂူတုံးလျိုနှင့် လုနန်ထျန်းတို့ တိုက်ပွဲကို မြင်တွေ့ခဲ့ကြသော သူများက ထိုနှစ်ယောက်မှာ အရှေ့မြေရိုင်း ဒေသ၏ ထိပ်သီးတန်ခိုးရှင်များ ဖြစ်လာပြီဟု သတ်မှတ်ခဲ့ကြသည်။ သူတို့က မည်မျှ အားကောင်းကာ စွမ်းသည်ကို လူအများက ပြောဆိုခဲ့ကြသည်။ ထိုအချိန်က ချင်ယွီ၏ တည်ရှိခြင်းကို လူအများက သိပ်အရေးလုပ်ခဲ့ခြင်း မရှိခဲ့ကြပေ။
သို့သော် လက်ရှိတွင် ချင်ယွီကား ရင်ကော့လျက် ရပ်နေသည်။ ထိုအခါမှ ချင်ယွီကလည်း လုနန်ထျန်းနှင့် ဂူတုံးလျိုကဲ့သို့သော အဆင့်တွင် ရှိသူဖြစ်သည်ကို သိလိုက်ကြသည်။ သူကား လွန်ခဲ့သော နှစ်အနည်းငယ်ကပင် အရှေ့မြေရိုင်း ဒေသ၏ စွမ်းအား အမြင့်ဆုံးထဲမှ တစ်ယောက် ဖြစ်နေခဲ့ပြီး ဖြစ်သည်။ ချင်ဘုရင်က ချင်ယွီအား အိမ်ရှေ့စံ အပ်နှင်းခဲ့စဉ်က ထိပ်သီး အင်အားစုများ အားလုံးကို ဖိတ်ခေါ်ကာ သက်သေပြုစေခဲ့သည်။
ထိုအရာက ဘာကို ဆိုလိုသနည်း။ ချင်ယွီအား နောင်တွင် ထီးနန်းအား သေချာပေါက် ဆက်ခံစေမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထိုအခိုက်တွင် သူတို့က လွန်စွာ ခြားနားသော ချင်ယွီကို မြင်တွေ့ နေကြရသည်။ လက်ရှိသူတို့ မြင်တွေ့နေရသည်ကား လွန်စွာ မောက်မာသော ချင်ယွီဖြစ်သည်။
“အဖေ….” ချင်လီက ခေါ်ကာ အနားကို ကပ်လာသည်… “ဧကရာဇ်လျိုက တော်ဝင်မိသားစုက လူတွေကို အဝေးကို ပို့ထားပြီးပြီ…. သူက လျိုချန်းယွီ၊ ရီဝူချင်းနဲ့ တခြားလူတွေကို ကျောင်းတော်သို့ ကိုယ်တိုင် သွားပို့တယ်…”
“ချင်ဂီ….” ချင်ယွီက ခေါ်လိုက်သည်။ ချောမောခန့်ညားသော လူတစ်ယောက်က ချင်ယွီ၏ရှေ့ကို ရောက်လာသည်။ သူကလည်း ချင်ပြည်ထောင်၏ မင်းသား တစ်ပါးဖြစ်ကာ လွန်စွာ ပါရမီမြင့်သည်။ “လူတွေကို ခေါ်ပြီး ကျောင်းတော်ကိုသွား…. ငါ့ညီကို သတ်တဲ့လူတွေကို လျိုမောင်နှမနဲ့အတူ ထုတ်ပေးဖို့ သွားပြောစမ်း…. ” ချင်ယွီက ပြောသည်။
“ကောင်းပြီ…” ချင်ဂီက ခေါင်းညိတ်သည်။ ထို့နောက် သူက လူတစ်စုကို ဦးဆောင်ကာ ထွက်သွားသည်။ ကျောင်းတော်ကပင်လျှင် ချင်မင်းသားကို သတ်သောသူအား ကာကွယ်၍ မရပေ။
“ဦးလေး…”ချင်ယွီက ထပ်မံ၍ ခေါ်လိုက်သည်။ လူကြီးတစ်ယောက် ထွက်လာသည်… “အိမ်ရှေ့စံ…”
“လျိုမိသားစုတွေ ထွက်ပြေးတဲ့နောက်ကို လိုက်… အသေပဲရရ… အရှင်ပဲ ရရ…” ချင်ယွီက ပြောသည်။
“ဟုတ်ကဲ့…” အကြီးအကဲက လက်ဝှေ့ယမ်းလျှင် ရေနဂါးများက ဦးတည်ရာ အရပ်မျိုးစုံသို့ ထွက်သွားကြသည်။ သူတို့က လျိုနိုင်ငံ တော်ဝင်မိသားစုများ ထွက်ပြေးရာ နောက်ကို လိုက်ပါကာ သတ်ကြမည် ဖြစ်သည်။
ချင်ယွီ၏ မျက်လုံးများက လျိုနန်းတော်သို့ ရောက်သွားသည်။ သူက အေးစက်စွာ ပြောသည်…”ကျုပ်ညီ အငယ်ဆုံးက လျိုနိုင်ငံကို လာပြီးတော့ သတို့သမီး တောင်းရမ်းတယ်… လျိုနန်းတော်က အကွက်ချပြီး ကျုပ်ညီကို လုပ်ကြံ သတ်ဖြတ်တယ်…. ဒီနေ့ ချင်ပြည်ထောင်က လျိုနိုင်ငံကို တရားဝင် စစ်ကြေညာတယ်…. တော်ဝင်မျိုးနွယ်ကလွဲပြီး ချင်ပြည်ထောင်နဲ့ မဟာမိတ်ပြုသူ မှန်သမျှကို အသက်ရှင်ခွင့် ပေးမယ်….”
ချင်ယွီ၏ အသံက လေထုတစ်ခုလုံးကို ပျံ့နှံ့သွားသည်။ နန်းတော်၏ အတွင်းနှင့်အပြင်မှ လူများက တုန်လှုပ် သွားကြ၏။ သူက လျိုနိုင်ငံအား အခြေအနေ အစစ်အမှန်ကို ရှင်းပြရန်ပင် ခွင့်မပြုဘဲ တိုက်ရိုက် စစ်ကြေညာခဲ့သည်။
“ကျုပ်က အရင်ကတည်းက ဧကရာဇ်လျိုကို နားချခဲ့တယ် … အခု သူက ကြောက်ဖို့ ကောင်းတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့တယ်…” မြေပြင်မှ အရှင်ခန်က ကောင်းကင်ကို ထိုးတက်သွားသည်…”ကျုပ်က ချင်ပြည်ထောင်နဲ့ မဟာမိတ်ဖွဲ့လိုပါတယ်…”
“ကောင်းတယ်…” ချင်ယွီက ခေါင်းညိတ်သည်။ ထို့နောက် များစွာသော လူများက ကောင်းကင်သို့ ပျံတက်သွားကာ ချင်ပြည်ထောင်ကို ထောက်ခံကြသည်။
“ငကြောက်တွေ….” တစ်ယောက်က ဒေါသတကြီး အော်သည်။
“အရှင်ခန်…. အရှက်မရှိတဲ့အကောင်….”
“ရွှန်ဝူ အစီအရင်ကို အသက်သွင်းစမ်း…” တည်ငြိမ်စွာ အမိန့်ပေးသော အသံတစ်သံကို ကြားရသည်။ ထို့နောက် လှပကာ သရဖူ ဆောင်းထားသော မိန်းမတစ်ယောက်က ကောင်းကင်တွင် ရပ်နေသည်ကို တွေ့ရသည်။ သူမ၏ မျက်လုံးများက အေးစက်နေကာ ချင်ယွီအား ထောင့်ဖြတ် ကြည့်သည်။ သူမက ထိုသို့ ပြောလိုက်သည်နှင့် နန်းတော် တစ်ခုလုံး အလင်းတန်းများ လှည့်ပတ်သွားသည်။ ကြောက်မက်ဖွယ် သဘာဝ စွမ်းအင်များက ကြမ်းတမ်းစွာ စီးဆင်းကြသည်။ နန်းတော်အပေါ်မှ လွန်စွာ ကြီးမားသော ရွှန်ဝူသတ္တဝါဆန်း ဖြစ်သော လိပ်နက်ကြီး တစ်ကောင် ပုံရိပ် ဖြစ်ပေါ်လာသည်။
ဤသည်ကား လျိုနိုင်ငံ၏ အရေးပေါ် ခံစစ် အစီအရင်ဖြစ်သည်။
ဘုရင်မလျို။ ချင်ယွီက လှပသော မိန်းမအား ကြည့်သည်။ အေးစက်စွာပင် သူက ပြောသည်… “သူ့မိန်းမနဲ့ ကလေးအတွက် ဧကရာဇ်လျိုက သူ့တိုင်းပြည်ကို အန္တရာယ်ထဲ တွန်းပို့ခဲ့တယ်…. အခု ခင်ဗျားက သူ့အတွက် တိုက်ခိုက်ရဲတယ်…. ဘာလို့ ကျုပ်နဲ့အတူ ချင်ပြည်ထောင်ကို မလိုက်ခဲ့တာလဲ….”
“ချင်ယွီ… မင်းက ဂူတုံးလျိုနဲ့ တူညီတယ်လို့ သတ်မှတ်ပေမဲ့ ကိုယ်ကျင့်တရားပိုင်း မှာတော့ သူ့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး….” လျိုဘုရင်မက သူ့အား စိုက်ကြည့်ကာ ပြောသည်။
“ဒီလိုဆိုရင်…” ချင်ယွီ၏ မျက်လုံးများက အေးစက်သွားကာ ပြောသည်… “ခင်ဗျားကို ချင်ပြည်ထောင်ကို ခေါ်သွားရင် ဧကရာဇ်လျိုက လိုက်လာလိမ့်မယ်…. ဟုတ်တယ်မလား….” သူက ထိုသို့ ပြောပြီးသည်နှင့် သူ၏ ကိုယ်ရောင် ကိုယ်ဝါက ဖြာထွက်လာသည်။ သူ၏ လက်တွင်ကား လှံတံရှည်တစ်လက် ထွက်ပေါ်လာသည်။ လွန်စွာ အားကောင်းသော စွမ်းအင်များက လှံတံမှ ထွက်ပေါ်နေကာ သူက လှံတံရှည်အား ဝှေ့ယမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်မှ နဂါးများ အသက်ဝင်လာကာ ချင်ယွီ၏ ခန္ဓာကိုယ်အား လှည့်ပတ်ကြသည်။ နဂါးကိုးကောင်က သူ့အား လှည့်ပတ်နေလျှင် ချင်ယွီကား ပြိုင်ဘက်ကင်းပုံ ရ၏။
ဒါ… နန်းတော်အနီးမှ လူတိုင်းက ချင်ယွီအား မော့ကြည့်ကြသည်။ လက်ရှိတွင် သူက စစ်နတ်ဘုရားနှင့် ဆင်တူလှသည်။
ငါက ဂူတုံးလျိုနဲ့ မနှိုင်းယှဉ်ဘူးလား…။ ငါကလား….။ ချင်ယွီ၏ အမူအရာကား အေးစက်နေသည်။ ယနေ့ သူ၏ဘိုးဘေးများ ချန်ထားခဲ့သော လှံတံနှင့် ချင်တော်ဝင် သွေးများဖြင့် သူက ချင်ပြည်ထောင် မည်မျှ အားကောင်းသည်ကို ပြသရမည်။
ချင်ပြည်ထောင်က အနိုင်ကိုသာ လိုအပ်သည် မဟုတ်ပေ။ သူတို့က အရှေ့မြေရိုင်း တစ်ခွင်အား အချက်ပြသည့် တိုက်ပွဲတစ်ပွဲကိုလည်း လိုအပ်ပေသည်။
တစ်ချိန်က လောကအား အုပ်စိုးခဲ့သော ချင်ပြည်ထောင်ကား ပြန်လာခဲ့ပြီ။
***