Switch Mode

အခန်း ( ၇၉ )

အမူးသမားလေး အဆင့်တက်သွားပြီ

ကျိုးဝူသည် ချုံ‌တောင်လေးမှ ထွက်လာပြီးနောက် သူ၏ လက်ထဲရှိ ကြွေပုလင်းကိုကြည့်ကာ အံ့ဩတကြီး တွေးလိုက်၏။
‘ တူ‌လေးချန်ရှို့က ဂိုဏ်းထဲက တသီးတခြားအနေတတ်ဆုံး အကြီးအကဲဝမ်လင်းယွမ်နဲ့ ဒီလောက်ရင်းနှီးမယ်လို့ ငါ မထင်ထားဘူး ’

‘ ဒီဆေးက ကောင်းကင်နတ်မင်းတွေကိုတောင် အဆိပ်မိသွားစေနိုင်တဲ့ ပစ္စည်းကောင်းလေးပဲ ’

‘ ချန်ရှို့က တော်တော်တွေးပေးတတ်တာပဲ။ ဒီလောက်အဖိုးတန်တဲ့ ဆေးလုံးတွေကိုတောင် ငါ့ကိုယ်ငါ ကာကွယ်ဖို့ဆိုပြီး ပေးလိုက်သေးတယ် ’
ကျိုးဝူရယ်လိုက်ပြီး အင်္ကျီလက်ကိုမြောက်ကာ ကြည့်လိုက်သည်။ သူသည် ထိုဆေးပုလင်းကို သူ့အင်္ကျီလက်အတွင်းရှိ ထုတ်ရသွင်းရလွယ်သော ရတနာအိတ်အတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် သူသည် ကောင်းကင်ခွင်းတောင်သို့ ဦးတည်ပျံသန်းသွားလိုက်၏။

ဆေးဖော်ဆောင်အရှေ့တွင် လီချန်ရှို့သည် လှုပ်ကုလားထိုင်လေးတွင်ထိုင်၍ ငွေရောင်ဓားလေးကို ကြည့်ရှုနေလေသည်။
‘ တာအိုပစ္စည်းသိုလှောင်ခန်း အတွင်းဆောင်… ’

‘ အင်း… တာအိုပစ္စည်းသိုလှောင်ခန်း အတွင်းဆောင်… ’

‘ အထဲမှာ တုနတ်ဝိဇ္ဇာဂိုဏ်းရဲ့ တာအိုပစ္စည်းတွေ၊ အဆင့်မြင့် ဓမ္မမန္တန်တွေပါတဲ့ ကျမ်းစာတွေ၊ မှော်အတတ်ကျမ်းစာတွေ၊ နတ်ဆေးကျမ်းစာတွေ၊ မန္တန်အစီအရင်ကျမ်းစာတွေ၊ ယန္တယားအတတ်တွေပါတဲ့ ကျမ်းစာတွေနဲ့ တခြား အဖိုးတန်ကျမ်းစာတွေအများကြီးရှိတယ်… ’

‘ ငါ့ရဲ့ လစဉ်အသုံးစရိတ်နဲ့ လဲလှယ်နိုင်တဲ့ အဖိုးတန်ဆေးပင်တွေ၊ အဖိုးတန်ပစ္စည်းတွေလည်းရှိတယ်.. ’
လီချန်ရှို့သည် ချမ်းသာသော ဖခင်ထံမှ မုန့်ဖိုးများစွာရလာပြီး ဆောင်ကြာမြိုင်တစ်ခုကိုမြင်လိုက်ရသည့် နှာဘူးတစ်ယောက်ကဲ့သို့ ပြုံးနေလေ၏။

သူသည် ချောင်းနှစ်ချက်ဟန့်လိုက်ပြီး နေမြဲပုံစံအတိုင်း ပြန်နေလိုက်သည်။

သူသည် ဤဝင်ခွင့်ဓားလေးကို ရသဖြင့် အမှန်ပင်ပျော်နေ၏။ သူ ကောင်းကင်ပြစ်ဒဏ်ခံယူပြီးနောက် လိုအပ်နေသည်မှာ အဆင့်မြင့်အတတ်များ ဖြစ်သည်။ သို့သော် သူသည် အတွင်းဆောင်သို့ ယခုချက်ချင်း မသွားနိုင်သေးပေ။ သူသည် ခေတ္တမျှ သိုသိုသိပ်သိပ်ဆက်နေရန် ဆုံးဖြတ်ထား၏။ ဂိုဏ်းမှလူများ သူ့အပေါ် အာရုံစိုက်မှု လျှော့သွားသည့်အခါမှ တာအိုပစ္စည်းသိုလှောင်ခန်းသို့ သွားလျှင်လည်း နောက်မကျသေးပေ။

ထို့ပြင် ထိုသိုလှောင်ခန်းသည် ကောင်းကင်ခွင်းတောင်ပေါ်တွင် ရှိရာ မည်သည့်နေရာသို့မှ ထွက်ပြေးသွားမည် မဟုတ်ပေ။ မိမိကိုယ်ကို အာရုံစိုက်ခံ၍ အလျင်စလိုသွားရန်မလိုပေ။

ဆရာဦးလေးကျိုးဝူကို ပေးလိုက်သော ဆေးလုံးများသည် ကျေးဇူးတင်သည့်အနေဖြင့် ပေးလိုက်ခြင်းပင်။ ထို‌ဆေးလုံးများသည် အမှန်ပင် အကြီးအကဲဝမ်လင်းယွမ်ထံမှ ရထားသော ဆေးလုံးများဖြစ်သည်။ နတ်ဆေးပညာရှင်များ ဖော်စပ်ထားသည့် အဆင့်မြင့်ဆေးလုံးများသည် တစ်ခုနှင့်တစ်ခု အတန်ငယ်ကွဲပြားကြ၏။ လီချန်ရှို့ ဖော်သောဆေးလုံးများတွင်လည်း ကိုယ်ပိုင်ဝိသေသလက္ခဏာများရှိ၏။ ထို့ကြောင့် သူသည် အခြားသူများကို ဆေးလုံးများ‌ပေးရာတွင် ကိုယ်ပိုင်ဆေးလုံးများကို မပေးဘဲ အကြီးအကဲဝမ်လင်းယွမ်၏ ဆေးလုံးကိုသာ ပေးလိုက်ခြင်းပင်။

ဆရာဒေါ်လေးကျိုးကျိုးသည် အခန်းအောင်းကျင့်ကြံနေသည်မှာ ကြာပြီဖြစ်၏။ သူသည် ဂိုဏ်းအတွင်း၌ သူကိုယ်တိုင်ဖော်ထားသော အဆင့်မြင့်အဆိပ်ဆေးလုံးများကို ထုတ်ပြလိုက်လျှင် အဆိပ်အာနိသင်ကို ဖိနှိပ်နိုင်သော နတ်တန်ခိုး မည်သည့်နေရာမှရသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း ရှင်းပြရန်ခက်ခဲပေလိမ့်မည်။
‘ အဲ ဟုတ်သားပဲ… ဆရာဒေါ်လေးကျိုးကျိုး အခန်းအောင်းကျင့်နေတာတောင် တော်တော်ကြာပြီပဲ။ ဒီတစ်ခေါက်သူ ကောင်းကင်နတ်မင်းအဆင့်ကို ရောက်တော့မယ်နဲ့ တူတယ် ’
‘ ရောက်ချင်မှလည်း ရောက်ဦးမှာပါ။ ဆရာဒေါ်လေးမှာ နည်းနည်းလိုအပ်ချက်တွေရှိသေးတယ်… ’

လီချန်ရှို့သည် ဆရာဦးလေးကျိုးဝူအတွက် ပို၍ စိတ်ပူ၏။ ဆရာဦးလေးသည် ဤကဲ့သို့ ဂိုဏ်းအလုပ်များကို အမြဲလုပ်ပေးနေရလျှင် ကျင့်ကြံရန် အချိန်ရှိမည် မဟုတ်ချေ။

ထိုအချက်သည်ပင် ကျင့်ကြံသူများသည် ကောင်းကင်ခုံရုံးတွင် တာဝန်မထမ်းဆောင်လိုသော အကြောင်းများထဲမှ တစ်ချက်ဖြစ်ရပေမည်။

လီချန်ရှို့သည် ငွေဓားလေးကို သိမ်းလိုက်ပြီး ရေကန်တစ်ဝိုက်ကို နတ်အာရုံသုံး၍ အာရုံခံလိုက်သည်။ လင်းအယ်သည် ကျမ်းစာများကူးနေခြင်းဖြစ်ကြောင်း သူ သိလိုက်သည်။ သူသည် ရင်ထဲမှနေ၍ သက်ပြင်းချလိုက်သည်။
‘ အစ်ကို့ရဲ့ စိတ်ဓာတ်က ခိုင်မာလို့တော်သေးတာပေါ့။ အဲဒါကြောင့် ညီမလေးခြောက်လှန့်တာကို လန့်မသွားတာ ’

သူသည် ဆေးဖော်ဆောင် တစ်ဝိုက်ရှိ မန္တန်အစီအရင်များကို နှိုးလိုက်ပြီး စက္ကူကိုယ်ပွားကို သူ့ဟန်ဆောင်ခိုင်းလိုက်သည်။ ထို့နောက် သူသည် အစိမ်းရောင် အခိုးအငွေ့များအဖြစ်ပြောင်းလဲလိုက်ကာ မြေအောက်လျှို့ဝှက်ခန်းအတွင်းသို့ သွားလိုက်၏။

သေချာတွေးတောကြည့်လျှင် သူသည် နဂါးနန်းတော်မှ ဒုတိယမင်းသားလေးအောင်းရိ ပြဿနာလာရှာသည်ကိုပင် ကျေးဇူးတင်ရပေမည်။ အောင်းရိနှင့် ကြုံရတိုင်း ပြဿနာများရသော်လည်း ဤတစ်ခေါက်၏ ရလာဒ်ကား မဆိုးပေ။

နဂါးနန်းတော်တွင် ကျင်းပခဲ့သော မိစ္ဆာနှိမ်နင်းရေးတွေ့ဆုံပွဲတွင်လည်း သူသည် သမာဓိမီးတောက်မန္တန်ကို ရခဲ့လေသည်။

ကျဲကျောင်းတော်မှ ချီကျင့်ကြံသူများ သူ့ကို လာပြဿနာရှာရာ၌လည်း သူသည် တာအိုပစ္စည်းသိုလှောင်ခန်း အတွင်းဆောင်သို့ ဝင်ခွင့်ရခဲ့၏။

တောင်သမုဒ္ဒရာတွင် တွေ့သောအခါကမူ သူသည် အားအင်မဲ့နတ်ဆေး အမြောက်အမြားကို ဆုံးရှုံးခဲ့ရသည်။ သို့သော် သူသည် နဂါးနန်းတော်မှ လက်ဆောင်များကိုသွားယူ၍ ရသော်လည်း သွားမယူဝံ့ပေ။
‘ ငါ အဲ့နဂါးမင်းသားနဲ့ ထပ်တွေ့ရင်… ’

‘ ထားလိုက်ပါတော့ မတွေ့တာ အကောင်းဆုံးပါပဲ… ’
လီချန်ရှို့ ခေါင်းခါယမ်းလိုက်သည်။ သူသည် မန္တန်အစီအရင်၏ ဗဟိုတွင်ရောက်နေပြီဖြစ်သည်။ သူသည် အရှေ့ရှိ ကျောက်တုံးကြီးဆီသို့ လျှောက်သွားလိုက်၏။

ထိုအချိန် …

ရွှေနတ်လိပ်ကျွန်းပေါ်ရှိ ရတနာရေကန်၏ အောက်ခြေတွင် ရေခဲမြေအတတ်ကို ကျင့်ကြံနေသော အောင်းရိသည် ကြက်သီးထသွား၏။ ကြက်သီးထသွားသဖြင့် သူသည် တာအိုဉာဏ်အလင်းပွင့်သည့် အခြေအနေမှ နိုးလား၏။ သူ၏ စိတ်ထဲတွင် တုနတ်ဝိဇ္ဇာဂိုဏ်း၏ တပည့်ဖြစ်သော လီချန်ရှို့ကို ရှုံးသွားသည့် ပုံရိပ်များ ပြန်ပေါ်လာ၏။ သို့သော် သူသည် မကျေမနပ်တော့ မခံစားရလိုက်ပေ။

သူ၏ မှော်အစွမ်းသည် ပိုညံ့၍ ရှုံးသွားခြင်းဖြစ်ရာ မကျေမနပ်ဖြစ်စရာ မရှိပေ။

‘ ငါကိုယ်တိုင်က နိုင်ဖို့ပဲအာရုံစိုက်နေပြီး အရှုံးကိုဝန်မခံနိုင်ရင် နဂါးမျိုးနွယ်ကို ဘယ်လိုဦးဆောင်နိုင်မှာလဲ ’
အောင်းရိ၏ မျက်ဝန်းများတွင် စိတ်သက်သာရာရသွားသည် အရိပ်အယောင်များ ဖြတ်သန်းသွား၏။ ထို့နောက် သူသည် လီချန်ရှို့နှင့်အတူ ပန်ချီကားများအကြောင်းဆွေးနွေးရင်း ကဗျာများရွတ်ခဲ့သည့် ညကို ပြန်၍ စဉ်းစားလိုက်သည်။
‘ အစ်ကိုချန်ရှို့ရဲ့ အပြုအမူတွေအရဆို သူက တကယ့်ကို လူကြီးလူကောင်းပဲ။ သူက တည်ငြိမ်ပြီး ခံ့ညားတယ်။ လူသားမျိုးနွယ်ထဲက ရှားပါးရတနာပဲ ’

‘ နောက်ကျ အခွင့်အရေးရရင် ငါ တုနတ်ဝိဇ္ဇာဂိုဏ်းကို ထပ်သွားလည်ရမယ် ’
ရွှေနတ်လိပ်ကျွန်းမှ ဆရာဦးလေးငါးယောက်သည်လည်း တုနတ်ဝိဇ္ဇာဂိုဏ်းကို ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့၏။

အပြန်လမ်းတွင် သူတို့ရှစ်ယောက်သည် ရွှေနတ်လိပ်ကျွန်းကို ပြန်ရောက်လျှင် ထိုအကြောင်းများကို ပြန်မပြောရန် သဘောတူညီမှု ပြုလုပ်ခဲ့ကြ၏။
‘ ဒါက ကျောင်းတော်နှစ်ကျောင်းကြားထဲမှာ အဖုအထစ်တွေ ဖြစ်မလာစေဖို့ပဲ။ ငါတို့ ရှုံးတာကို ရှက်လို့မဟုတ်ဘူး… ”

“ အစ်ကိုအောင်းရိ ”
ရေကန်ဘေးမှ နေ၍ ရုတ်တရက် အသံလေးတစ်သံ ထွက်ပေါ်လာ၏။ ကောင်းကင်နဂါးသည် မော့ကြည့်လိုက်ရာ ကြည်လင်သောရေပြင်ကို ဖြတ်၍ ရေကန်ဘေးတွင်ရပ်နေသော ဟန်ကျစ်ကို တွေ့လိုက်ရ၏။

ကောင်းကင်နဂါးသည် အတန်ငယ်ပြုံးသွားပြီး လူခန္ဓာကိုယ် ပြောင်းကာ ရေပေါ်သို့ ဖြည်းဖြည်းချင်း ကူးခတ်သွားလိုက်သည်။

သူ၏ လူခန္ဓာကိုယ်သည် အဘယ်ကြောင့် ဆက်၍ မကြီးထွားလာတော့ကြောင်း သူ မသိပေ။ သူ၏ လူခန္ဓာကိုယ်သည် ဆယ်ကျော်သက်အရွယ်ပုံစံသာရှိသေး၏။

သူ၏ ခန္ဓာကိုယ်သည် ဆယ်ကျော်သက်အရွယ်ဖြစ်နေသော်လည်း သူ၏ စိတ်သည်တော့ အရွယ်ရောက်ခဲ့ပြီဖြစ်၏။

ရေကန်ဘေးတွင်ရပ်နေသော ကောင်မလေးက မေးလိုက်သည်။
“ အစ်ကို ကျင့်ကြံနေတာလား… ညီမ အစ်ကို့ကို နှောင့်ယှက်သလိုများဖြစ်သွားလား ”

“ အစ်…အစ်ကိုက ကိစ္စတစ်ခုကို တွေးနေတာပါ..ကျင့်ကြံနေတာ မဟုတ်ပါဘူး။ ညီမက ဒီနေ့ အရှေ့သမုဒ္ဒရာကို သွားလည်ချင်လို့လား ”

“ အရှေ့သမုဒ္ဒရာထဲမှာ လှတဲ့ ရှုခင်းတွေရှိလား ”

“ ရှိတာပေါ့။ အဲဒီမှာ လှတဲ့နေရာ နည်းနည်းရှိတယ်။ သန္တာကျောက်တန်းရတနာတောအုပ်တို့၊ ပင်လယ်တောအုပ်ရေတံခွန်တို့ ရှိတယ်… ”

မကြာမီမှာပင် ထိုနှစ်ဦးသည် တိမ်စီးကာ အရှေ့သမုဒ္ဒရာသို့ ဦးတည်ပျံသန်းသွားကြ၏။

ကျွန်း၏အစွန်းတွင် ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးကြီးနှစ်လုံး ထပ်၍ ပွင့်လာပြန်၏။

သို့သော် ဤအကြိမ်တွင် ပို၍ပွင့်လေသည်။ ထိုအကြည့်သည် ရင်းနှီးသော အကြည့်ဖြစ်ရပေမည်။

*****

လီချန်ရှို့သည် ချုံတောင်လေးပေါ်ရှိ‌ ကျောက်တွင်းလမ်းလေးတွင် လျှောက်ရင်း တစ်ယောက်ယောက် ရောက်လာမည်စိုးရိမ်၍ တောင်တစ်ခုလုံးကို နတ်အာရုံသုံး၍ အာရုံခံနေ၏။ သူသည် အဖိုးတန်ပစ္စည်းအမြောက်အမြားကို သုံး၍ မန္တန်အစီအရင်များ၏ အောက်ခြေကို အဆင့်မြှင့်၍ ချုံတောင်လေး၏ မန္တန်အစီအရင်စနစ်ကို ပိုတိုးချဲ့ရန် ပြင်ဆင်နေခြင်းပင်။

ဆရာဦးလေး ကျိုးဝူလာပေးသော ရတနာများသည် ဂိုဏ်းမှ သူ့အား ဆုချီးမြှင့်လိုက်သည့် ရတနာများဖြစ်ရာ မန္တန်အစီအရင်များကို အဆင့်မြှင့်ရာတွင် ပေါ်ပေါ်ထင်ထင် သုံးနိုင်လေသည်။ သူသည် အခွင့်မရှိဘဲ ဝင်ရောက်လာသူများကို သတ်ဖြတ်နိုင်သည့် သတ်ဖြတ်မန္တန်အစီအရင်အနည်းငယ်ကိုပင် ထည့်ဆင်နိုင်လေ၏။

မန္တန်အစီအရင်အပြင်လွှာအတွက်မူ ဆရာဒေါ်လေးကျိုးကျိုး အခန်းအောင်းကျင့်ကြံသည်မှ ထွက်လာ၍ ကူညီပေးမည့် အချိန်အထိစောင့်ရပေမည်။ သူ့ဆရာ၏ နတ်တန်ခိုးသည် သိပ်အစွမ်းမကြီးသေးသဖြင့် ဆက်စပ်မန္တန်အစီအရင်များဆင်ရာတွင် တွန်းကန်လာကြမည့် စိတ်တန်ခိုးများကို မဖိနှိပ်နိုင်လောက်သေးချေ။

သူ သစ်သားတံခါးလေးကို တွန်းဖွင့်လိုက်ရာ ပစ္စည်းများဖြင့် ပြည့်နေသော လျှို့ဝှက်ခန်းလေးကို တွေ့လိုက်ရသည်။ ကျောက်စိမ်းပြား သုံးဆယ့်နှစ်ပြားကို ကန့်လန့်ဖြတ်အတိုင်း အပြင်၊ ‌ဒေါင်လိုက်၊ အလျားလိုက်အတိုင်းပါ ထပ်ထားလေသည်။ ကျောက်စိမ်းပြား တစ်ပြားစီအတွင်း၌ အမာခံထားသော သစ်ပျော့ဖတ်များရှိလေသည်။ ထိုအရာသည် စက္ကူကိုယ်ပွားလုပ်ရာတွင် သုံးသည့် စက္ကူများဖြစ်၏။

သစ်ခေါက်များကို အကြိမ်တစ်ဒါဇင်ကျော်မျှ နည်းစနစ်ကျကျ ပြင်ဆင်ထားခြင်းပင်။ ထိုစက္ကူများတွင် သက်ရှိတို့၏ ကိုယ်ရောင်ကိုယ်ဝါများပါပြီး ဓမ္မတန်ခိုးများနှင့် နတ်တန်ခိုးများကို ထိန်းသိမ်းထားနိုင်လေသည်။

လီချန်ရှို့သည် စက္ကူကိုညှပ်၍ ရတနာအဖြစ် ဖန်တီးသည်ဟု ထင်ရသော်လည်း မညှပ်ရသေးသော စက္ကူသပ်သပ်သည်ပင် ဓမ္မရတနာတစ်ခုဖြစ်သည်။

လီချန်ရှို့သည် အမာခံထားသော စက္ကူချပ်များကို ခေါက်လိုက်သည်။ ထို့နောက် ထိုစက္ကူခေါက်များအပေါ်တွင် အထူးတံဆိပ်တော်များ ရေးဆွဲထားသည် သားရေတစ်ချပ်ဖြင့် ဖုံးအုပ်လိုက်ပြီး စားပွဲခုံးလေး၏ အနောက်သို့ လျှောက်သွားလိုက်၏။

စက္ကူကိုယ်ပွားများလုပ်ရန် စက္ကူများစွာလို၏။ သူသည် နှစ်နှစ်လျှင်တစ်ကြိမ် စက္ကူချပ်များကို ပြင်ဆင်ရသည်။ ထို့ကြောင့် သူတောင်ပေါ်သို့ရွှေ့စိုက်ထားသော ဝိညာဉ်သစ်ပင်အိုကြီးများ၏ ပင်စည်သည် များစွာပါးနေပေပြီ။
‘ အခု စက္ကူကို ချွေတာမှရတော့မယ် ’

‘ စက္ကူကိုယ်ပွားကလည်း မတည်ငြိမ်သေးဘူး။ အဲဒါကို စက္ကူတွေအများကြီး သွားသုံးမိရင် ဖြုန်းသလိုဖြစ်သွားလိမ့်မယ် ’
လီချန်ရှို့သည် အဆင့်မြင့်မန္တန်အစီအရင်များ၊ အဆင့်မြင့် ဓမ္မရတနာများနှင့် စက္ကူကိုယ်ပွားများ လုပ်ခွင့်ရခဲ့သည်ကို ပြန်တွေး၍ ရယ်လိုက်သည်။ လူတစ်ယောက်သည် ပျော်ရွှင်နေလျှင် မကြခဏပြုံးပေမည်။ မကြာခဏပြုံးခြင်းကြောင့် ကံကောင်းမှုများလည်း ရောက်လာနိုင်၏။

သို့သော် လီချန်ရှို့သည် သူ၏ ဝမ်းသာမှုများကို အလျင်အမြန်ပင် ဖိနှိပ်ထားလိုက်သည်။

သူ့ယခင်ဘဝမှ အတွေ့အကြုံများအရ သူပိုပျော်လေလေ၊ ပြဿနာကို ပိုလွယ်လွယ် ကြုံရလေလေဖြစ်၏။

ဥပမာအားဖြင့် ယခင်ဘဝတွင် တက္ကသိုလ်မှ ဘွဲ့ရခါစ၌ သူ့ထံတွင် တည်ငြိမ်သောဆက်ဆံ‌‌ရေးရှိသည့် ချစ်သူတစ်ယောက်ရှိခဲ့၏။ သူ၏ မိသားစုကလည်း သူ စီးပွားရေးတစ်ခုစနိုင်ရန် အရင်းအနှီးများထုတ်ပေးခဲ့၏။ လီချန်ရှို့သည် အနာဂတ်အတွက် အစီအစဉ်များကို ပျော်ရွှင်စွာရေးဆွဲခဲ့၏။ သူသည် အချစ်ရေးနှင့် အလုပ်အကိုင် နှစ်ခုလုံးတွင် အောင်မြင်လိုခဲ့၏။

သို့သော်…

သူသည် သူ၏ချစ်သူကို သူ့အစီအစဉ်များ ပြောပြလိုက်ချိန်တွင် သူမသည် သူနှင့်တရားဝင်လမ်းခွဲသွားလေသည်။ သူမသည် ရုတ်ချည်းပင် သူ၏ ချစ်သူဟောင်းဖြစ်သွား၏။

ထိုအရာသည် ကံကောင်းမှုနှင့် ကံဆိုးမှုက ဒွန်တွဲနေသည်ဆိုသော စကားကို အကောင်းဆုံးသရုပ်ဖော်ပြသော အရာပင်။

သူသည် အတွေးများကို ဖြတ်လိုက်ပြီး ပစ္စည်းများကို စတင်ပြင်ဆင်လိုက်သည်။

ထို့နောက် လီချန်ရှို့သည် နှစ်ဝက်ခန့် လျှို့ဝှက်ခန်းထဲတွင်သာ အလုပ်လုပ်နေလိုက်၏။ သူသည် မန္တန်အစီအရင်များကို အဆင့်မြှင့်၍ ချုံတောင်လေးအတွင်းပိုင်းရှိ မန္တန်အစီအရင်များကို တိုးချဲ့ရေးအပေါ်သာ အာရုံစိုက်နေခဲ့သည်။

ဆေးဖော်ဆောင်အပြင်တွင် ချိတ်ဆွဲထားသည့် အာရုံခံကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် ဆွဲလည်းလေးသည်လည်း မလင်းလာသည်မှာ နှစ်လရှိခဲ့လေပြီ။

ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများကြောင့် ဖြစ်ပွားခဲ့သည့် ကိစ္စများသည်လည်း ဖြည်းဖြည်းချင်း ပြန်၍တည်ငြိမ်လာပြီဖြစ်သည်။

လီချန်ရှို့သည် နောက်နှစ်ဝက်ခန့် ထပ်စောင့်ပြီးမှ လျှို့ဝှက်ခန်းထဲက ထွက်လာလိုက်သည်။ သူသည် သန့်ရှင်းသော တာအိုဝတ်ရုံကိုလဲလှယ်၍ သင့်လျော်သော အမြင့်မှပျံကာ ကောင်းကင်ခွင်းတောင် အနောက်ဘက်ရှိ တာအိုပစ္စည်းသိုလှောင်ခန်းသို့ သွားလိုက်၏။

တာအိုပစ္စည်းသိုလှောင်ခန်းဆိုသည်မှာ အဘယ်နည်း။

ထိုအရာသည် တာအိုရတနာများကို ထိန်းသိမ်းထားသည့် နေရာဖြစ်သည်။

ထိုခန်းမရှိ ရှေးဟောင်းကျမ်းစာ အနည်းငယ်သည်သာ တုနတ်ဝိဇ္ဇာဂိုဏ်းမှ ရေးသားထားခြင်းဖြစ်၏။ ရတနာအများစုသည် ပြင်ပမှ ပစ္စည်းများဖြစ်သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ယခင်မျိုးဆက်များမှ အတုမဲ့နတ်ဝိဇ္ဇာများနှင့်‌ ကောင်းကင်နတ်မင်းများသည် သူတို့၏ အသုံးမဝင်သော ကျင့်ကြံခြင်းနည်းလမ်းများ၊ ကျမ်းစာများနှင့် အခြားပစ္စည်းများကို တာအိုပစ္စည်းသိုလှောင်ခန်းတွင် လာထားကြ၏။

တချို့ အဖိုးတန် ရှေးဟောင်းကျမ်းများနှင့် နက်နဲသော ကျင့်ကြံခြင်းနည်းလမ်းများကို မှတ်တမ်းတင်ထားသည့် ကျမ်းစာများကိုမူ အတွင်းဆောင်ထဲ၌ သိမ်းဆည်းထားလေသည်။

တာအိုပစ္စည်းသိုလှောင်ခန်းသည် ကြီးမား၏။ အပြင်ဆောင်သည်ပင် လူတစ်ထောင်ခန့်ဝင်ဆံ့၏။ နေရာအနှံ့တွင် ရှေးဟောင်းကျမ်းစာများနှင့် မန္တန်ကျမ်းများရှိသည့် စာအုပ်စင်များအပြည့်ရှိလေသည်။

အခန်းထောင့်တချို့တွင်လည်း မသုံးသည်မှာကြာပြီဖြစ်သည့် ပစ္စည်းပုံကြီးများလည်းရှိ၏။

ထိုပစ္စည်းများကို အထင်မသေးသင့်ပေ။

ထိုအရာများသည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ အခြေခံများဖြစ်သည်။ လီချန်ရှို့သည် တစ်ခါက နှစ်ပေါင်းများစွာ ပုံထားသော ထိုပစ္စည်းပုံကြီးထဲတွင် စုန်းကဝေမျိုးနွယ်၏ လျှို့ဝှက်ကျမ်း အပိုင်းတစ်ခုကို တွေ့ခဲ့ရ၏။ ထိုအပုံကြီးထဲမှပင် သားရဲသား‌ရေဖြင့်ပတ်ထားသည့် သွေးစွန်းနေသော ဖျင်ကြမ်းစကို တွေ့ခဲ့ခြင်းပင်။

ထိုအချိန်တွင် သူသည် အပြင်ဆောင်သို့ ထိုပစ္စည်းပုံကြီးကို မွှေရန် ရည်ရွယ်၍ သွားခဲ့ခြင်းမဟုတ်ပေ။ သူသည် အပြင်ဆောင်ကို သန့်ရှင်းရေးလုပ်ရန် ပိုင်ဖန်ခန်းမ၏ တာဝန်ပေးခြင်းကို ခံခဲ့ရခြင်းပင်။

သူသည် နှစ်အနည်းငယ်ခန့် ထိုတာဝန်ကိုယူရ၍ ထိုအချိန်များအတွင်း ပစ္စည်းပုံကြီးများအတွင်း၌ သေချာရှာဖွေခဲ့၏။ ထိုတာဝန်ကိုယူ၍ ပိုင်ဖန်ခန်းမ၏ ချီးကျူးမှုကိုခံရကာ ယခင်နှစ်ပိုင်းအတွင်း၌ သူ၏ လစဉ်အသုံးစရိတ်ကို နှစ်ဆတိုးပေးခဲ့၏။

ယခုတွင် လီချန်ရှို့သည် ထိုပစ္စည်းပုံကြီးများကို မမွှေတော့ပေ။ သူသည် နေရာအနှံ့ရှာပြီးဖြစ်ပြီး အသုံးဝင်သည့်အရာများကို ထပ်မတွေ့ရတော့ပေ။

သူ ထိုပစ္စည်းပုံကြီးအတွင်းမှ တွေ့ခဲ့သော ထွင်းဓားလေးသည် ကောင်းကင်ပြစ်ဒဏ်ခံယူနေစဉ်အတွင်း ပျက်ဆီးသွားခြင်းမှာ နှမြောစရာပင်။

သို့သော် ကောင်းကင်ပြစ်ဒဏ်သည် သူ အခြားသားရဲသားရေလိပ်အတွင်းမှ ရရှိထားသော သုတ္တုန်ရေးအတတ်ပညာကိုမူ မဖျက်ဆီးပစ်နိုင်ပေ။

တာအိုပစ္စည်းသိုလှောင်ခန်း အပြင်ဆောင်တွင် ဂိုဏ်းမှ တပည့်တစ်ဒါဇင်ကျော်ခန့် ရှိနေ၏။

ပို၍ စိတ်ဝင်စားစရာကောင်းသည်မှာ လူဆယ်ယောက်ကျော်ခန့်က ကိုယ်ယောင်ဖျောက်အတတ်များပါသည့် ကျမ်းစာများရှိသော စာအုပ်စင်များအနားတွင် စုဝေးနေကြခြင်းပင်။ ကိုယ်ယောင်ဖျောက်အတတ်များကို အထင်သေးသဖြင့် ယခင်က မည်သူမှအဖက်မလုပ်ခဲ့သော ဓာတ်ကြီးငါးပါးကိုယ်ယောင်ဖျောက်အတတ်အကြောင်းကို သူတို့ ဖတ်ရှုနေကြခြင်းဖြစ်၏။

လီချန်ရှို့ ဆက်၍ ကြည့်မနေ‌တော့ချေ။ သူသည် ခေါင်းငုံ့ကာ အပြင်ဆောင်၏ အတွင်းပိုင်းသို့ လျှောက်သွားလိုက်သည်။ သူသည် ကျောက်နံရံတွင်တပ်ဆင်ထားသည့် တံခါးရွက်ကြီးနှစ်ချပ်ရှေ့သို့ရောက်သွား၏။ ထိုတံခါးသည် အလင်း‌ရောင်မှိန်မှိန်လေး တောက်ပေနေလေသည်။

ညလင်းပုလဲ ဓမ္မရတနာမှ အလင်းခပ်ဖျော့ဖျော့ထုတ်ပေးနေခြင်း ဖြစ်သည်။ တံခါးအရှေ့ရှိ တရားထိုင်ဖျာလေးပေါ်တွင် အကြီးအကဲတစ်ယောက်သည် မျက်စိမှိတ်၍ ထိုင်နေ၏။

ထိုအကြီးအကဲသည် အရပ်မရှည်ပေ။ သူ၏ မျက်နှာသည် ပိန်ပိန်ပါးပါးသာဖြစ်ပြီး သူ၏ ဆံပင်ရှည်များသည် မီးခိုးဖြူရောင်ဖြစ်နေပေပြီ။ သူ၏ မျက်နှာပေါ်တွင် အရေးအကြောင်းများမရှိသော်လည်း အသက်ကြီးနေပြီဖြစ်ကြောင်း သိနိုင်၏။
‘ အကြီးအကဲချီလင်းပဲ။ ဂိုဏ်းမှာလည်း ပညာရှင်တွေရှိတယ်။ သူတို့က တာအိုပစ္စည်းသိုလှောင်ခန်းမကို တစ်နှစ်ပတ်လုံး စောင့်ကြပ်နေကြတာပဲ။ သူတို့က အပြင်လည်းထွက်ခဲတယ်.. ဘယ်နေရာမှာ နေလဲဆိုတာလည်း မသိရဘူး… ’

လီချန်ရှို့သည် ထိုအကြီးအကဲ၏ အမည်ကို မြောက်ကျွန်းသို့သွားစဉ်က ဆရာဒေါ်လေးကျိုးကျိုးထံမှ သိခဲ့ရခြင်းဖြစ်သည်။

လီချန်ရှို့သည် ငွေရောင်ဓားလေးကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ဦးညွှတ်၍ ပြောလိုက်သည်။
“ ကျွန်တော် ကျမ်းစာတွေဖတ်ဖို့ အတွင်းဆောင်ကို ဝင်ချင်ပါတယ် ”

အကြီးအကဲချီလင်းသည် မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်သည်။ သူ၏ မီးခိုးရောင်မျက်လုံးများသည် ပြောင်းလဲသွားမှုမရှိပေ။ သူသည် လီချန်ရှို့လက်ထဲ၌ ကိုင်ထားသည့် ဓားလေးကိုသာ စိုက်ကြည့်လိုက်၏။ လီချန်ရှို့၏ မျက်နှာကိုပင် မကြည့်ချေ။
“ ဝင်သွားပါ… ”

“ ဟုတ်ကဲ့ ”
တာအိုပစ္စည်းသိုလှောင်ခန်း၏ အတွင်းဆောင် တံခါးမကြီးသည် တကျွိကျွိမြည်သံ သဲ့သဲ့ထွက်လာပြီး ဖြည်းဖြည်းချင်းပွင့်သွားလေ၏။ လီချန်ရှို့သည် အတွင်းသို့ ဝင်ကာ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားလေတော့သည်။

နောက်ဆုံးတွင် သူဝင်နိုင်ခဲ့ပေပြီ။

*****

လီချန်ရှို့သည် တာအိုပစ္စည်းသိုလှောင်ခန်း အတွင်းဆောင်အတွင်းသို့ ရောက်နေပြီဖြစ်သည်။

ကောင်းကင်ခွင်းတောင်၏ အခြားတစ်ဖက်ရှိ ကျိုးနတ်ဝိဇ္ဇာကိုးပါးနေထိုင်ရာနေရာတွင် ရုတ်တရက် မိုးခြိမ်းသံတစ်သံပေါ်ပေါက်လာ၏။ လျှပ်စီးများထွက်ပေါ်လာပြီး အပြင်ဘက်ရှိ မန္တန်အစီအရင်သည် ရုတ်ချည်းပျောက်ကွယ်သွား၏။ သွယ်လျသော လူရိပ်လေးသည်‌ ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။

လုပ်ငန်းတာဝန်များနှင့် အမြဲတစေအလုပ်ရှုပ်နေသော တပည့်ငယ်တချို့သည် တစ်ပြိုင်တည်း မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် အထင်ကြီးမှုများ ပေါ်ပေါက်လာ၏။

လေထဲတွင်ရှိနေသာ အမျိုးသမီးကျင့်ကြံသူကို နတ်အလင်းများ လွှမ်းခြုံနေပြီး မျက်နှာလေးသည်လည်း ဝင်းလက်တောက်ပနေလေသည်။

သူမ၏ ဆံနွယ်များသည် လေထဲတွင်လွင့်နေသော်လည်း ဖျင်အင်္ကျီလေးမှာမူ တင်းကျပ်နေဆဲပင်။ ဂါဝန်အတိုလေး၏ အစွန်းများသည်လည်း ညင်သာစွာဝဲလွင့်နေ၏။ သူမသည် ခြေဗလာကို အောက်သို့စိုက်ထား၏။

လျင်မြန်စွာပင် သူမသည် သူမ၏ ကြည်လင် အပြစ်ကင်းသော မျက်လုံးများကိုဖွင့်လိုက်ပြီး ယုံကြည်မှုရှိရှိ ပြုံးလိုက်သည်။

‘ အတုမဲ့နတ်ဝိဇ္ဇာ နောက်ဆုံးအဆင့်… ’

‘ ငါ တစ်ကွက်တည်းနဲ့ အစ်ကိုငါးနဲ့ အစ်မခြောက်ကို ကျော်သွားပြီ… ’

‘ ဒီတစ်ခေါက် ဒီလောက် အဆင့်တက်သွားမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒီနှစ်တွေထဲ ငါ တာအိုဉာဏ်အလင်းပွင့်မှု အခြေအနေမှာ ရှိနေတာပဲ။ ငါ မသိလိုက်ဘဲ အချိန်တွေအများကြီး ကုန်သွားခဲ့ပြီ ’
သူမသည် လက်ကို ခါးဆီသို့ ပို့လိုက်ပြီး ရွဲ့တဲ့တဲ့ပြုံးလိုက်သည်။ သူမ မသောက်ရသည်မှာကြာပေပြီ။
‘ ဟီးဟီးဟီး… အစ်ကိုငါး ဘယ်မှာလဲမသိဘူး ’

‘ ရှို့ရှို့လေးရော ဘယ်ရောက်နေလဲ ’

‘ ငါ အခန်းအောင်းကျင့်ကြံတာက ထွက်လာတာကို ကြိုဆိုမယ့်သူမရှိဘူးလား ’
ကျိုးကျိုးသည် ခါးရှိ အရက်အိုးအသေးလေးကို ကိုင်လိုက်သည်။
‘ ငါ ဒီတစ်ခေါက် အခန်းအောင်းကျင့်ကြံတာ တော်တော်လေး အဆင့်တက်သွားတယ်။ ဆရာတော့ ငါ့ကို ချီးကျူးတော့မှာပဲ… ’

“ အာ… ”
ကျိုးကျိုးသည် သူမ၏ ချစ်လှစွာသော အရက်အိုလေးကိုငုံ့ကြည့်၍ လှုပ်ကြည့်လိုက်သည်။ အထဲတွင် မည်သည့်အရက်သံကိုမှ မကြားရတော့ချေ။
“ အိုး… မဖြစ်ဘူး… ”

‘ ငါ အခန်းအောင်းမကျင့်ကြံခင် ရှိသမျှ အရက်တွေကို အကုန်သောက်ပစ်လိုက်တာပဲ။ အဲဒီလိုသောက်လိုက်မှ ငါအတားအဆီးကို ကျော်သွားပြီး ဉာဏ်အလင်းပွင့်မှုအခြေအနေကို ရောက်သွားတာပဲ ’

ဟူး …
ကျိုးကျိုးသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဆက်၍ ဟန်ရေးပြမနေနိုင်တော့ချေ။ သူမသည် သူမ၏ အခန်းအတွင်းသို့ ခပ်သုတ်သုတ်ပြန်သွားလိုက်သည်။ ထို့နောက် အခန်းတွင်းမှနေ၍ ဂလုံးဂလွမ်းအသံများ ထွက်ပေါ်လာလေသည်။
‘ သေစမ်း… ငါ့မှာ သိမ်းထားတာမရှိတော့ဘူး… ’

‘ ငါက အရက်ဆို သိမ်းကိုမထားနိုင်ဘူး ’

“ အစ်ကိုငါး… ”

“ ကယ်ပါဦး… ”
ကျိုးကျိုးသည် အပြင်သို့ အလျင်အမြန်ထွက်လိုက်ပြီး ကျိုးဝူ၏ အဆောက်အဦးဆီသို့ သွားလိုက်သည်။ သို့သော် သူမသည် ကျိုးဝူ၏ အဆောက်အဦး တစ်ဝိုက်တွင် မန္တန်အစီအရင်များ နှိုးထားသည်ကို တွေ့လိုက်ရ၏။ တံခါးရှေ့တွင်လည်း သစ်သားဆိုင်းဘုတ်လေးတစ်ခု ချိတ်ထား၏။

ထိုအပေါ်တွင် အောက်ပါအတိုင်းရေးထား၏။
“ ကျွန်တော် အလုပ်ကိစ္စရှိလို့ အပြင်သွားပါတယ် ”

“ အာ… ရှို့ရှို့လေး… ငါ့ရဲ့ လုပ်အားခကို ကြိုပေးနိုင်မလား ”
ကျိုးကျိုးသည် သူမ၏ အရက်အိုးကြီးကို ဆင့်ခေါ်လိုက်ပြီး ၎င်းကို စီးကာ ချုံတောင်လေးသို့ လျင်မြန်စွာသွားလိုက်လေသည်။

သူမသည် အလင်းတန်းကဲ့သို့ အမြန်နှုန်းဖြင့်သွားနေရာ ဘေးမှ ဖြတ်သွားကြသော တပည့်တချို့သည် အံ့အားသင့်နေကြ၏။

ခေတ္တမျှကြာပြီးသောအခါ ချုံတောင်လေးပေါ်တွင် တိတ်ဆိတ်စွာ ကျင့်ကြံနေသော လင်းအယ်သည် တဲအိမ်အပြင်သို့ လေးလံသောအရာတစ်ခု ဘုတ်ခနဲ ကျလာသံကို ကြားလိုက်ရ၏။ လင်းအယ် ချက်ချင်းပင် အသင့်ပြင်လိုက်သည်။ သူမသည် လက်ထဲတွင် ကြွေပုလင်းအချို့ကိုင်၍ စိတ်အာရုံသုံးကာ တဲအပြင်ကို အာရုံခံလိုက်သည်။

သို့သော် သူမထ၍ ကြည့်ရန်ပြင်ဆင်လိုက်စဉ်မှာပင် တဲအိမ်အပြင်ရှိ မန္တန်အစီအရင်သည် အင်အားသုံး၍ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ မီးခိုးရောင်အရိပ်တစ်ခုသည် တံခါးအတွင်းသို့ အတင်းဝင်လာကာ မြေပေါ်တွင် မှောက်သွားလေ၏။ လင်းအယ်သည် အလွန်ထိတ်လန့်သွားသဖြင့် လက်အတွင်းရှိ ကြွေပုလင်းများဖြင့် ပစ်ရန်ပင် လုပ်လိုက်၏။
‘ မဟုတ်သေးပါဘူး… မန္တန်အစီအရင်က အဆင့်မြှင့်ထားတာဆိုတော့ သာမန်လူသာဆို နောက်ကို ပြန်ကန်ထွက်သွားမှာပဲ… ’

“ ဆရာဒေါ်‌လေးလား… ”

“ ဆရာဒေါ်လေး ဘယ်လိုဖြစ်လာတာလဲ… ”
လင်းအယ်သည် ရှေ့သို့တိုးကာ စိတ်လှုပ်ရှားဟန်ဖြင့် အော်လိုက်သည်။

ကျိုးကျိုးသည် မြေပေါ်တွင် အားအင်ကုန်ခမ်းနေသည့်ဟန်ဖြင့် လှဲနေ၏။ သူမသည် ခေါင်းကို ဖြည်းဖြည်းချင်းလှည့်၍ သဲကန္တာရအတွင်း၌ သေခါနီးလက်တစ်ကမ်းဖြစ်နေသည့် သေမျိုးတစ်ယောက်၏ ရှုံ့တွနေသော မျက်နှာထားမျိုးနှင့် ကြည့်လိုက်လေသည်။

လင်းအယ်သည် အံ့အားသင့်နေပြီး မည်သို့လုပ်ရမည်မသိဖြစ်နေသည်။
“ ဆရာဒေါ်လေး.. လင်းအယ်ကို မခြောက်ပါနဲ့။ အစ်ကိုကြီးက ကောင်းကင်ခွင်းတောင်ကို သွားပါတယ် ”

“ မြန်မြန်… ”
ကျိုးကျိုးသည် သူမ၏ လက်များကို လင်းအယ်ထံသို့ မျှော်လင့်တကြီးဆန့်တန်းလိုက်ပြီး နှုတ်ခမ်းလေးများကို တုန်တုန်ရင်ရင်လှုပ်၍ ပြောလိုက်သည်။

သူမသည် နောက်ဆုံးလက်ကျန် အင်အားအကုန်သုံး၍ အောက်ပါစကားများကို ပြောလိုက်ရဟန်တူသည်။
“ ငါ့ကို အရက်ပေးပါ… ”

Comment

Leave a Reply

Options

not work with dark mode
Reset