အပိုင်း (၃၃၀) :

သံသယ

ချင်လီ၏ဘေးမှ ချင်ပြည်ထောင်၏ အားကောင်းသော တန်ခိုးရှင်များက သူတို့၏ အရှိန်အဝါများအား ဖူရှင်းထံ ထုတ်လွှတ်ကြသည်။ တစ်ချိန်တည်းမှာပင် ချင်လီက ရီဖူရှင်းကို ပြုံးလျက်ကြည့်သည်… “ငါကတည်း ဒီလိုပဲ တွေးတယ်…” သူတို့၏ မျက်လုံးများက ဆုံမိကြကာ နှစ်ယောက်လုံးက လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။

ရီဖူရှင်း၏ မျက်လုံးများက ချင်လီ၏အနီးမှ သက်တော်စောင့်များထံသို့ ရောက်သွားသည်။ သူတို့အားလုံးထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသည်။ ချင်လီအား သတ်ရန် မလွယ်ကူပေ။ ရီဖူရှင်း၏ အကြည့်က လျိုဘုရင်ထံကို ရောက်သွားသည်။ ဤနေရာကား လျိုနိုင်ငံ၏နန်းတော်ဖြစ်သည်။ ချင်လီအား သတ်ရန်မှာ ဧကရာဇ်လျိုက သတ်မှ ဖြစ်ပေမည်။

“ချင်လီ… ” ထိုစဉ်မှာပင် ဧကရာဇ်လျိုက အေးစက်စွာ ခေါ်သည်။

“ဟုတ်ကဲ့ အရှင်မင်းကြီး…” ချင်လီက ဖြေသည်။

ဧကရာဇ်လျိုက ရှေ့ကို တစ်လှမ်း လှမ်းလိုက်လျှင် စက္ကန့်ပိုင်း အတွင်းတွင် ကြောက်မက်ဖွယ် အားလှိုင်းတစ်ခုက ချင်လီထံ ဆင်းသက်လာသည်။ ထိုမြင်ကွင်းကို ကြည့်ကာ ချင်ပြည်ထောင်မှ တန်ခိုးရှင်များက ချင်လီ၏ဘေးကို တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။

ချင်လီက မျက်တောင်ပံ့လျက် ဧကရာဇ်လျိုကို ကြည့်သည်… “အရှင်မင်းကြီးက ကျွန်တော့်ကို သတ်ချင်နေတာလား…”

ဧကရာဇ်လျိုက ရှေ့ကို ဆက်တက်သွားကာ လက်အား ဝှေ့ယမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော ပုံရိပ်ယောင် လက်တစ်ဖက်က ချင်လီထံ ဆင်းသက်လာသည်။ ချင်လီ၏ခန္ဓာကိုယ်က ချက်ချင်း တောင့်တင်းသွားပြီး သူ၏ မျက်နှာကလည်း လွန်စွာ နာကျင်နေသော ပုံဟန်ကို မြင်ရ၏။

ဝုန်း… ချင်ပြည်ထောင်မှ နိုဘယ်များက သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်ကြသည်။ သူတို့အားလုံးက လွန်စွာ စွမ်းအားမြင့်ကြ၏။

“ဒီနေ့ဖြစ်ခဲ့တာကို မင်းက ရှင်းရှင်းလင်းလင်း သိတယ်… ချင်ပြည်ထောင်ကလည်း သိတယ်… ငါက မင်းကို မသတ်တာ နားမလည်လို့ မဟုတ်ဘူး… မင်းကို ဧကရာဇ်ချင်ဆီကို သတင်းစကား ပါးစေချင်လို့ပဲ… ကျုပ်တို့ ထပ်တွေ့မှာဖြစ်လို့ သိပ်ပြီး လွန်ကဲမလာနဲ့… .. ” ဧကရာဇ်လျိုက ချင်လီအား စူးနစ်စွာ ကြည့်လျက် ပြောသည်… “ထွက်သွားစမ်း…” ထိုသို့ပြောလျှင် သူ၏ လက်ဝါးက တုန်ခါသွားပြီး ဘန်းခနဲမြည်ကာ ချင်လီက အဝေးကို လွင့်စဉ်သွားသည်။ သူ၏ပါးစပ်မှ သွေးများ စီးကျလာသော်လည်း ချင်လီက ဂရုစိုက်ပုံမရပေ။ သူက သွေးများအား လက်ဖြင့် လျင်မြန်စွာ သုတ်လိုက်ပြီး ဧကရာဇ်လျိုအား နက်မှောင်သော အပြုံးဖြင့် ကြည့်သည်။ ချင်လီက လျိုဘုရင်၏ ဉာဏ်ရည်ကို သံသယ မရှိပေ။ ဧကရာဇ်လျိုက ဉာဏ်ကောင်းရာ သူ့ကို သတ်မည် မဟုတ်သည်ကို ချင်လီက သိနားလည်သည်။

ချင်ယွန်က လျိုနန်းတော်တွင် သေဆုံးခဲ့သော်လည်း အရာအားလုံး ဆုံးရှုံးသွားသည် မဟုတ်သေးပေ။ ချင်ပြည်ထောင်က လျိုနိုင်ငံကို ဘာနည်းလမ်း သုံးကာ မည်သို့လုပ်မည်ကို တစ်ယောက်မှ မပြောနိုင်ပေ။ သို့သော် ချင်လီသာ သေသွားမည်ဆိုပါက ချင်ပြည်ထောင်က လျိုနိုင်ငံအား အမြစ်ပြတ်  ချေမှုန်းမည် သေချာသည်။

လျိုတော်ဝင် မိသားစုတစ်ခုလုံး၏ အသက်များကို ရင်း၍ ဧကရာဇ်လျိုက ချင်လီကို သတ်ရဲပါ့မလား။

“ကျုပ်က အရှင်မင်းကြီးရဲ့ စကားကို စိတ်ထဲ မှတ်သားထားပါ့မယ်… ကျွန်တော် သွားပါတော့မယ်…” ချင်လီက ပြောသည်။ သူက ချိန်ရှင်းမူ၊ ချင်မုံရိုနှင့် တခြားလူများကို ခေါ်ကာ ထွက်သွားသည်။ ချူယောင်ယောင်က တစ်နေရာကို ပြန်ကြည့်သည်။ သူမ၏ရင်ထဲကို ခံစားချက် များစွာ တိုးဝင်လာသည်။ ယနေ့ အဖြစ်အပျက်အား သူမက မမျှော်လင့်ထားသလို ဤကိစ္စ နောက်ကွယ်မှ အကြံအစည်များ ကိုလည်း မသိပေ။

သို့သော် ချင်ပြည်ထောင်က လျိုနိုင်ငံသို့ သတို့သမီး တောင်းရမ်းခြင်း ခရီးမှာ ချင်ဘုရင်၏ အငယ်ဆုံးသား ချင်လီ အသတ်ခံရခြင်းနှင့် အဆုံးသတ်ခဲ့သည်။ ဤကိစ္စက နောက်ဆက်တွဲ မည်သို့ဖြစ်လာမည်ကို သူမသိသည်။ အရှေ့မြေရိုင်းဒေသကား ယခင်လို ငြိမ်းချမ်းနိုင်တော့မည် မဟုတ်တော့ပေ။

ချင်လီ ထွက်သွားသည်ကို ရီဖူရှင်း အေးစက်စွာ ကြည့်သည်။ ဤကိစ္စက ချင်ပြည်ထောင်၏ အကွက်ချကာ ကြံစည်မှု ဖြစ်သည်ကို လျိုဘုရင်က သိသော်လည်း သူက ချင်လီအား လက်လွှတ်လိုက်သည်။ ဧကရာဇ်လျိုက လျိုမိသားစု တစ်ခုလုံး၏ အသက်ကို ထည့်တွက်ခဲ့သည်ကို ရီဖူရှင်း သိသည်။ သို့သော် ရီဖူရှင်းက လက်ရှိ အခြေအနေ တစ်ခုလုံးကို လက်မခံနိုင်ပေ။ လျိုဘုရင်က ချင်လီကို မသတ်လျှင်ကော ချင်ပြည်ထောင်က သူတို့ကို အသာတကြည် လွှတ်ပေးမည်လော။

ရီဖူရှင်းက ထိုသို့ မတွေးပေ။ ချင်ပြည်ထောင်က အားလုံးကို အစီအစဉ်တကျ ကြံစည်ထားမှတော့ သူတို့က အားလုံးသော ရလဒ်အတွက် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ရမည်။

တခြား အင်အားစုများက ချင်လီနှင့် သူ့လူများ ထွက်သွားသည်ကို မြင်လျှင် သူတို့ကလည်း လျိုဘုရင်အား ဦးညွှတ်ကာ ထွက်ခွာကြသည်။ ဤကိစ္စအား သူတို့၏ အထက်လူကြီးများအား ပြန်လည် သတင်းပို့ရမည် ဖြစ်သည်။

နန်းတော်နှင့် အနည်းငယ် လှမ်းသော နေရာကို ရောက်လျှင် ချင်လီက သူ့လူများကို ပြောသည်… “လျိုနန်းတော်မှာ ဖြစ်သမျှကို စောင့်ကြည့်ထား… .”

“ဟုတ်ကဲ့… .” များစွာသော နိုဘယ်များက မြေပြင်ကို ဆင်းသက်သွားကြသည်။

ချင်လီက တခြားလူများကို ဦးဆောင်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။

လျိုနန်းတော်ထဲတွင် မင်းသမီး၏ နန်းဆောင်အပြင်၌ အရာရှိများက စိတ်မသက်မသာဖြင့် စောင့်နေကြသည်။ လူတိုင်းတွင် ကိုယ်စီအတွေးများ ရှိနေကြ၏။ ဧကရာဇ်လျိုက နက်မှောင်သော အမူအရာ ရှိနေသော အချိန်တွင် လျိုဖေးယွန်က လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် ရပ်နေသည်။ လျိုချန်းယွီက ဒဏ်ရာရထားရာ ရီဝူချင်း၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ လဲလျောင်းနေသည်။

“ချန်းယွီ… အဖေက မသုံးမကျဘူး… အဖေ တောင်းပန်ပါတယ်…” လျိုဘုရင်က သူ၏သမီးအား ကြည့်ကာ လွန်စွာ အပြစ်ရှိသလို ခံစားရသည်။ ကဗျာစာသားထဲမှ သိမ်မွေ့ကာ သန့်စင်သည်ဟု တင်စားရသော သူ၏ သမီးကား ယခု ထိုမျှ ကြောက်မက်ဖွယ် အတွေ့အကြုံကို ခံစားခဲ့ရသည်။ လျိုနိုင်ငံ၏ ဘုရင်အနေဖြင့် သူက သူ၏သမီးအား ကာကွယ်နိုင်စွမ်း ရှိသင့်သည်။ နောက်ဆုံးတွင် သူက ချင်ပြည်ထောင်မှ ထိုလူများအားလုံးကို သတ်နိုင်စွမ်း မရှိခဲ့ပေ။ ချန်ယွန် တစ်ယောက်သာ သေခဲ့သည်။

လျိုချန်းယွီက ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေသည်။ သူမ၏အဖေက ထိုသို့လုပ်ရသည်မှာ အကြောင်းပြချက်ရှိသည်ကို သူမသိသည်။ သူ့တွင် ထည့်တွက်စရာ အများအပြား ရှိပေသည်။ သို့သော် ဤသို့သော ကိစ္စက သူမထံတွင် ဖြစ်ပျက်ရာ သူမ မည်မျှနာကျင် ခံစားရမည်ကို တွေးကြည့်နိုင်သည်။

ဧကရာဇ်လျိုက အပြင်ဘက်ကို လှမ်းကြည့်ကာ ပြောသည်… “ငါ့အမိန့်ကို ထုတ်ပြန်စမ်း… မင်းသမီးချန်းယွီက ရီဝူချင်းနဲ့ စေ့စပ်လိုက်ပြီလို့… .”

ထိုအခါမှ ရီဝူချင်းနှင့် လျိုချန်းယွီတို့က လျိုဘုရင်အား မော့ကြည့်ကြသည်။ သူတို့၏ ဤအဖြေကို လိုချင်သော်လည်း လက်ရှိတွင်ကား ပျော်ရွှင်မှုကို မခံစားရပေ။

အရာရှိများက မည်သည့်စကားမှ ပြန်မပြောကြပေ။ လက်ရှိတွင် သူတို့က လျိုဘုရင်အား မည်သို့ ပြောရတော့မည်နည်း။

“မင်းတို့ အားလုံး သွားလို့ရပြီ… ” လျိုဘုရင်က လက်ကို ဝှေ့ယမ်းလျှင် အရာရှိများ အားလုံး ထွက်သွားကြသည်။

အားလုံး ထွက်သွားလျှင် လျိုဘုရင်က ရီဖူရှင်းတို့ အုပ်စုကို ကြည့်သည်… “မင်းတို့ ဒီမှာစောင့်နေ… ” ထို့နောက် ဧကရာဇ်လည်း ထွက်ခွာသွားသည်။

ရီဖူရှင်းက ရီဝူချင်းနှင့် လျိုချန်းယွီတို့အား ကြည့်သည်။ ရီဝူချင်းက သူ၏လက်တစ်ဖက်တည်းဖြင့် လျိုချန်းယွီအား ဖက်ကာ သူမအား ပြောသည်… “ငါချင်လီကို သတ်မယ်…” သူ၏ အသံက လွန်စွာ ခိုင်မာပြတ်သားသည်။ မည်သူကမှ သူ၏ဆုံးဖြတ်ချက်ကို သံသယ မဝင်ပေ။ ရီဝူချင်း သို့မဟုတ် သူ၏ သူငယ်ချင်းများ အားလုံးက ချင်လီအား သတ်လိုကြသည်။

မကြာမီ လျိုဘုရင်က အစိမ်းရောင် ကျောက်စိမ်း ပုလင်းငယ်လေး တစ်လုံးကို ကိုင်ကာ ရောက်လာသည်။ သူက လျိုချန်းယွီ၏ ဘေးကို လျှောက်လာကာ ရီဝူချင်းအား ကမ်းပေးသည်… “မင်းလုပ်လိုက်…”

ရီဝူချင်းက ကျောက်စိမ်း ပုလင်းလေးအား လှမ်းယူကာ အဖုံးကို ဖွင့်ပြီး လျိုချန်းယွီအား ဆေးရည်များကို ဖြည်းဖြည်းချင်း တိုက်သည်။ စွမ်းအင်များက သူမ၏ ခန္ဓာကိုယ်ကို စီးဆင်းလာပြီး သူမ၏ ဒဏ်ရာမှ အစိမ်းရောင် အလင်းများ ဖြာထွကလာကာ ဒဏ်ရာက ပြန်လည် ကောင်းမွန် လာသည်။ နောက်ဆုံးတွင် ဒဏ်ရာက နဂိုမူလ အခြေအနေသို့ ရောက်သွားသည်ကို အံ့အားသင့်ဖွယ်ရာ တွေ့ရသည်။ ထိုဆေးက လျိုနိုင်ငံ၏ ရတနာတစ်ခု ဖြစ်မည်မှာ သေချာပေသည်။

ထို့နောက် လျိုဘုရင်က ရှေးဟောင်း သေတ္တာငယ် တစ်ခုအား ထုတ်ယူလိုက်ကာ ရီဝူချင်း၏ ရှေ့တွင်ဖွင့်သည်။ အထဲတွင်ကား လွန်စွာ ပါးလွှာသော ဓားတစ်လက်ကို တွေ့ရကာ ဓားထံမှ လွန်စွာ အေးစက်သော အငွေ့အသက်များ ဖြာထွက်နေသည်။ ဓားအောက်တွင်ကား အဝါရောင် သမ်းနေသော ရှေးဟောင်း စာအုပ်ငယ် တစ်အုပ်ကို တွေ့ရသည်။

“ဒါက လျိုနိုင်ငံရဲ့ ရတနာတွေပဲ… ဒီဓားနဲ့ ဓားနည်းစနစ် စာအုပ်ကို မင်းယူလိုက်…” ဧကရာဇ်လျိုက ရီဝူချင်းကို ပြောသည်။

“ကျေးဇူးတင်ပါတယ်… အရှင်မင်းကြီး…” ရီဝူချင်းက ခေါင်းညိတ်သည်။

ဘုရင်က နောက်ထပ် သေတ္တာတစ်လုံးအား ဖွင့်လိုက်လျှင် အထဲတွင် ဝတ်စုံတစ်စုံအား တွေ့ရသည်။ ဝတ်စုံကား လုံးဝ ထွင်းဖောက် မြင်နေရကာ ငွေရောင် တောက်ပ နေသည်။ သဘာဝစွမ်းအင် အချို့ကိုလည်း ဝတ်စုံမှ ခံစား၍ ရသည်။ ထိုအရာက သိဒ္ဓိဝင်ပစ္စည်း ဖြစ်သည်မှာ သေချာသည်။ သူကရီဖူရှင်းအား ကြည့်သည်…”မင်းက ကော့တေးရဲ့တပည့်ပဲ… ဒါကြောင့် မင်းရဲ့ လေ့ကျင့်မှုတွေက ကော့တေးက လူတွေရဲ့ လမ်းညွှန်မှုနဲ့သွားမှာ သေချာတယ်… မင်းကိုငါပေးနိုင်တာ သိပ်မရှိဘူး… ဒီမှော်ဆရာဝတ်စုံက ရုပ်ဖျက်နိုင်စွမ်း ရှိတယ်… တစ်ချိန်ချိန်မှာ မင်းအတွက် အသုံးဝင် လာနိုင်တယ်…” လျိုဘုရင်က ရီဖူရှင်းအား ဝတ်စုံကို ကမ်းပေးကာ ဆက်ပြောသည်… “နဂိုက ငါမင်းကို လျိုဖေးယွန်နဲ့ လျိုချန်းယွီကို နောက်ပိုင်း ဂရုစိုက်ပေးဖို့ပဲ အကူအညီ တောင်းခဲ့တယ်… ဒါပေမဲ့ အခြေအနေက ဒီအထိတောင် ရောက်လာခဲ့ပြီ… ငါက အရေထူစွာနဲ့ပဲ သူတို့ကို ကျောင်းတော်ကို ခေါ်သွားဖို့ မင်းကို တောင်းပန်ပါရစေ… သူတို့ရဲ့ ပါရမီတွေက ကော့တေးကို ဝင်ဖို့ မလုံလောက်ပေမဲ့ သူတို့က ကျောင်းတော် အတွက်တော့ လုံလောက်လိမ့်မယ်…”

ရီဖူရှင်းက လျိုဘုရင်အား ကြည့်သည်။ လျိုနိုင်ငံ၏ ဘုရင်ဖြစ်သော်လည်း လက်ရှိတွင် သူက ရီဖူရှင်းကို တောင်းပန်နေသည်။ အန္တရာယ်က ရောက်လာတော့မည်ကို သူသိနေပုံရသည်။ သို့တိုင်အောင် သူက ချင်လီအား လွှတ်ပေးခဲ့သည်။

“အရှင်မင်းကြီးက လျိုနိုင်ငံရဲ့ အနာဂတ်ကို သိနေမှတော့ ဘာလို့ ချင်ပြည်ထောင်က လူတွေကို မရှင်းပြစ်ရတာလဲ…” ရီဖူရှင်းက မေးသည်။

“သူတို့ကို သတ်လို့ ဘာအဓိပ္ပာယ်ရှိမှာလဲ… ဒါက ချင်ပြည်ထောင်ကို ဖျက်ဆီးဖို့ လုံလောက်လို့လား…” လျိုဘုရင်က ပြောသည်…” နှိုင်းယှဉ်ရရင် သူတို့ကို သတ်တာက ချင်ပြည်ထောင်က လျိုနိုင်ငံကို တိုက်ခိုက်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် ရသွားမှာပဲ… အခု သူတို့က ချင်ယွန် သေတာကို အကြောင်းပြမယ် ဆိုရင်တောင် လူတွေက အရူးမဟုတ်ဘူး… အရှေ့မြေရိုင်း ဒေသက ကလန်တွေက ဒါက ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာ သူတို့ မြင်မှာပဲ…”

ရီဖူရှင်းက ဘာမှ မပြောတော့ပေ။ လျိုဘုရင်က ဆက်ပြောသည်… “ငါက နန်းတော်က လူတွေ အကုန်လုံးကို ထွက်သွားဖို့ ပြောပြီးပြီ… ချင်ပြည်ထောင်က ငါတို့ကို အမြစ်ပြတ် ချေမှုန်းဖို့ စိတ်ကူးမရှိဖို့ မျှော်လင့်ရတာပဲ… ပြီးတော့ ငါက မင်းတို့က ကျောင်းတော်သို့ ကိုယ်တိုင် လိုက်ပို့ပေးမယ်… အချိန်ဖြုန်းနေလို့ မရဘူး… သွားကြမယ်… ”

“ကောင်းပြီ…” ချင်ပြည်ထောင်က မည်သည့်အချိန်တွင် ရောက်လာမည်ကို မသိရာ သူတို့က ကော့တေးအားပြန်ကာ ရီဖူရှင်း၏ စီနီယာများထံမှ အကူအညီ ရနိုင်မလား သွားကြည့်ရပေမည်။

“ဝူချင်း… သွားမယ်… ” ရီဖူရှင်းက နောက်လှည့်ကာ ပြောသည်။ ရီဝူချင်းက လျိုချန်းယွီအား ဆွဲထူကာ ထရပ်သည်။

လျိုဘုရင်က သူတို့အား ကိုယ်တိုင် လိုက်ပါပို့ဆောင်သည်။ လျိုဘုရင်၊ ရီဝူချင်းနှင့် တခြား စွမ်းအားမြင့် တန်ခိုးရှင်များက ရှေးဟောင်း မြေရိုင်းဒေသ၏အထက်ဘုံကို ဝင်ရောက်သော အချိန်တွင် ရီဖူရှင်းနှင့် ယူချင်းတို့က ရှေးဟောင်း မြေရိုင်းဒေသ၏ အောက်ဘုံကို ဝင်ရောက်ကြသည်။ သူတို့က ဓမ္မအဆင့်တွင်သာ ရှိသေးရာ အောက်ဘုံကိုသာ ဝင်ရောက်နိုင်သည်။ သူတို့က ကျောင်းတော်၏ ရှေးဟောင်း မြေရိုင်းဒေသ ဂိတ်တံခါးတွင် ဆုံရန် အချိန်းအချက် လုပ်ထားကြသည်။

လျိုနိုင်ငံမှ သတင်းများက အရှေ့မြေရိုင်း တစ်ခွင်အား ပျံ့နှံ့သွားကာ ကြောက်မက်ဖွယ် မုန်တိုင်းက မကြာမီ ထိုနိုင်ငံအား ရောက်လာတော့မည်ကို လူတိုင်းက သိနေကြသည်။

ချင်ပြည်ထောင်က ဘာလုပ်မည်နည်း။

လျိုနန်းတော်မှ လူများ တဖြည်းဖြည်း ထွက်ခွာသွားကြသည်။ လျိုဘုရင်က အမှန်တကယ်ပင် နန်းတော်မှ လူများကို ထွက်ခွာသွားရန် ပြောခဲ့သည်။ ထိုအဖြစ်က လျိုနိုင်ငံသားများအား နားလည်စေသည်မှာ လျိုဘုရင်က ချင်ပြည်ထောင်ကို ရင်ဆိုင်နိုင်စွမ်း မရှိဟူ၏။ သူက အခြေအနေကို ခန့်မှန်းမိပြီး ဖြစ်ဟန်ရသည်။

ထိပ်သီး အင်အားစုများ၏ လူများက မိမိတို့ ကလန်ကို ပြန်ရောက်သွားကာ ဖြစ်ပျက်သမျှအား ပြန်လည် အစီရင်ခံကြသည်။ မူလက သူတို့တွေးခဲ့ကြသည်က ချင်ပြည်ထောင်က လျိုနိုင်ငံနှင့် လက်ထပ်ခြင်းဖြင့် မဟာမိတ် ဖွဲ့လိုသည်ဟူ၏။ သို့သော် ကြည့်ရသည်မှာ သူတို့အားလုံး မှားယွင်းခဲ့သည်။ ချင်ပြည်ထောင်က လျိုနိုင်ငံအား ပထမဆုံး ပစ်မှတ်ထား လှုပ်ရှားခြင်း ဖြစ်ပေသည်။

ဤတစ်ကြိမ်က ချင်ပြည်ထောင်က သူတို့ကိုယ်သူတို့ မည်မျှ ယုံကြည်မှု ရှိသည်ကို ပေါ်လွင်စေသည်။

ဤတိုက်ပွဲတွင် ဘာတွေ ဖြစ်လာမည်နည်း။ အရှေ့မြေရိုင်းဒေသ၏ ထိပ်သီး အင်အားစုဖြစ်သော လျိုနိုင်ငံက မြေပုံပေါ်မှ လုံးဝ ပျောက်ကွယ် သွားတော့မည်လော။

***

အတွဲ(၂၂)ပြီးပါပြီ

ဆက်ပါဦးမည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset