ရီဝူချင်း၏ မျက်လုံးများကို မြင်လျှင် ချင်ယွန်က ကြီးစွာ တုန်လှုပ်ခြင်းဖြစ်၏။
“ငါဘာမှ မလုပ်ရသေးဘူး…” ချန်ယွန်က ပြောသည်။ သူ၏ ခန္ဓာက လျှပ်တစ်ပြက် လေထဲကို ခုန်တက်ကာ ထိုနေရာမှ ထွက်ပြေးရန် ကြိုးစားသည်။ သူ၏အသက်က အန္တရာယ်မရှိနိုင်ဟု ချင်လီက ပြော၏။ သို့သော် သူမယုံပေ။ ဒေါသထွက်သောသူက အကျိုးဆက်ကို ဂရုမစိုက်ဘဲ ဘာမဆို လုပ်နိုင်သည်။
ယခု သူလုပ်ရမည်ကား ဤနေရာမှ ထွက်ပြေးကာ ထိုလူများ၏ ဒေါသများ တည်ငြိမ်သွားသည်အထိ စောင့်ရန်ဖြစ်သည်။ ထိုလူများက တိုက်တိုက်ဆိုင်ဆိုင် ရောက်လာမည်ဟု သူမထင်မှတ်ထားပေ။ သူ၏ မူလအစီအစဉ်အရ ချင်ယွန်က လျိုချန်းယွီ၏ ခန္ဓာကိုယ်အား ရခဲ့လျှင် လျိုနိုင်ငံက သူ့အား မတတ်သာဘဲ မင်းသမီး၏ ကြင်ယာတော်အဖြစ် လက်ခံရပေတော့မည်။
“မင်းက ထွက်သွား ချင်သေးတယ်…” လျိုဖေးယွန်က ချင်ယွန်ထံသို့ ခုန်ဝင်သွားသည်။ ချင်ယွန်ထံမှ ရုတ်တရက် အားကောင်းသော စိတ်ဝိညာဉ် လှိုင်းတစ်ခု ထွက်ပေါ်လာကာ လျိုဖေးယွန်၏ စိတ်ထဲကို ထိုးဖောက် ဝင်ရောက်လာသည်။ ထိုအခိုက်တွင် လျိုဖေးယွန်က သူ၏ ညီမ မည်သို့သော အတွေ့အကြုံမျိုး ခံစားခဲ့ရသည်ကို နားလည်လိုက်သည်။
ချင်ဘုရင်နှင့် ကိုယ်လုပ်တော်နန်တွင် ချင်ယွန်အမည်ရှိသော သားတစ်ယောက် ရှိသည်ကို လူတိုင်းသိကြ၏။ သူကား လွန်စွာ ပါရမီကောင်းကာ ဘုရင်၏ ချစ်မြတ်နိုးခြင်းကို ခံရသည်။ သို့သော် သူက ပြင်ပလောကကို တစ်ခါတလေမှ ထွက်လာတတ်ပြီး သူ၏ တည်ရှိမှုက ထင်သာမြင်သာ သိပ်မရှိလှပေ။ လူအနည်းငယ်ကသာ သူ၏ စွမ်းရည်များကို သိကြသည်။ ထိုအခိုက်တွင်မှ ချင်ယွန်၏ စွမ်းရည်အား လျိုဖေးယွန်က နားလည်လိုက်သည်။
“သူ့ကို တားစမ်း…” လျိုဖေးယွန်က အော်ဟစ်သည်။ ချက်ချင်းပင် များစွာသော တော်ဝင် သက်တော်စောင့်များက နန်းဆောင် အပြင်ဘက်၌ ပေါ်လာသည်။ သူတို့က ကောင်းကင်ပေါ်သို့ တက်ရောက်သွားကာ ချင်ယွန်အား တားဆီးလိုက်သည်။
“သူ့ကို ဖမ်းစမ်း…” လျိုဖေးယွန်က အေးစက်စွာ ပြောသည်။ သက်တော်စောင့်များထဲမှ နိုဘယ်တစ်ယောက်က ချင်ယွန်ထံ တိုက်ရိုက် တိုးဝင်သွားသည်။
“မင်းငါ့ကို ထိရဲလား… ” ချင်ယွန်က အေးစက်စွာ ပြောသည်။ သို့သော်လည်း ထိုနိုဘယ်၏ လက်က ချင်ယွန်အား လာရောက်ဆွဲကိုင်ထားသည်။
“ကျုပ်ကို လွတ်ပေး… ” ချင်ယွန်က ဒေါသတကြီး အော်သည်… “ကျုပ်က ချင်ဘုရင်ရဲ့ သားပဲ…”
အဝေးမှ လူများ အများအပြား ပြေးလာကြသည်။ လျိုဘုရင် ကိုယ်တိုင်လည်း ရောက်လာသည်။ ယနေ့ သူက အရှင်များနှင့် ဝန်မင်းများကို ခေါ်ကာ ချင်ပြည်ထောင်၏ သတို့သမီး တောင်းရမ်းမှုကို မည်သို့ တုံ့ပြန်မည်ကို ဆွေးနွေးနေသည်။ ဤနေရာတွင် တစ်စုံတစ်ခု ဖြစ်ပျက်မည်ဟု သူမထင်ထားပေ။
လျိုဘုရင်နှင့် တခြားလူများ ရောက်ရှိလာသောအခါ ရီဝူချင်းက အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေသော လျိုချန်းယွီအား ဖက်ထားသည်ကို မြင်ကြရသည်။ သူတို့က ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အခြေအနေကို ခန့်မှန်း၍ ရသည်။ ချက်ချင်းပင် လွန်စွာအားကောင်းသော အရှိန်အဝါက လျိုဘုရင်ထံမှ ဖြာထွက်လာကာ ချင်ယွန်ထံကို ဖုံးလွှမ်းလာသည်။ ဘုရင်ထံမှ လူသတ်လိုသော အငွေ့အသက်များကို ချင်ယွန် အမှန်တကယ် ခံစားရသည်။
“အရှင်မင်းကြီး… ကျွန်တော် ဘာမှ မလုပ်ရသေးပါဘူး… .” ချင်ယွန်က လျိုဘုရင်အား ကြောက်ရွံ့စွာ ကြည့်သည်။ ဤနေရာကား လျိုနိုင်ငံဖြစ်ပေသည်။ ဘုရင်က သူ့အား အမှန်တကယ် သတ်လိုပါက သူက မုချ သေရမည်။
လျိုဘုရင်က လက်များအား တင်းကျပ်စွာ ဆုပ်ကိုင်၏။ သူ၏ လူသတ်လိုသော အငွေ့အသက်များက လျော့နည်းသွားခြင်း မရှိပေ။
ချင်ယွန်က ထိုသို့ လူမဆန်သော အပြုအမူကို ပြုလုပ်ပြီးမှ ဘုရင်က သူ့အား မထိရဲဟု ယုံကြည်နေသည်။ ဤနေရာကား မည်သို့ပင်ဆိုစေ လျိုနိုင်ငံ၏ နန်းတော်ဖြစ်သည်။ ချင်ယွန်က လျိုနိုင်ငံ၏ နန်းတော်တွင် မင်းသမီးအား တစ်စုံတစ်ခု ပြုလုပ်လိုနေသည်။
ဘယ်လောက် အတင့်ရဲလိုက်သလဲ။
ဤကိစ္စက အတင့်ရဲသည်ထက် ပိုသည်။
“အရှင်မင်းကြီး… စိတ်လျှော့ပါ… .” ရုတ်တရက် တစ်စုံတစ်ယောက်က ရှေ့ကို တိုးလာကာ ဦညွှတ်သည်။ သူကား အရှင်ခန်ဖြစ်သည်။
“အရှင်မင်းကြီး…” နောက်တစ်ယောက် ထွက်လာကာ ဘုရင်အား ဦးညွှတ်သည်။ သူက ဘာမှ မပြောသော်လည်း သူက ဘုရင်အား စိတ်လျှော့ရန် သတိပေးနေသည်ကို လူတိုင်း သိနားလည်ကြသည်။ သူတို့အားလုံးက ဘုရင်၏ ဒေါသနှင့် လူသတ်လိုသော စိတ်ကို ခံစားကြရ၏။ သူသာ အမှန်တကယ် ချင်ယွန်အား သတ်ခဲ့ပါက ချင်ပြည်ထောင်က သူတို့၏ တန်ခိုးရှင်များအား လျိုနိုင်ငံကို ကျိန်းသေ စေလွတ်လိမ့်မည်။
“စိတ်လျှော့ရမယ်…” လျိုဘုရင်က ထိုလူအား ကြည့်သည်။ သူ၏ မျက်နှာက သုန်မှုန်နေကာ သူ၏ လူသတ်လိုသော အငွေ့အသက်များက လျော့နည်းသွားခြင်း မရှိပေ။
ရုတ်တရက် လျိုချန်းယွီက ရီဝူချင်း၏ လက်များထဲမှ လှမ်းထွက်လိုက်သည်။ သူမက ချင်ယွန်အား အေးစက်စွာကြည့်သည်။
“သူ့ကိုသတ်စမ်း…” လျိုဖေးယွန်က ချန်ယွန်အား ဖမ်းထားသော နိုဘယ်ကို အမိန့်ပေးသည်။
“အရှင်မင်းကြီး… ကျုပ်တို့ ဒီလို လုပ်လို့ မရဘူး…” အရှင်ခန်က ဘုရင်အား ပြောသည်။
လျိုဘုရင်က အံကို တင်းတင်းကြိတ် လိုက်သည်။ သူက “သတ်… ” ဟူသောစကားကို ပြောလိုက်သည်နှင့် ချင်ပြည်ထောင်က လျိုနိုင်ငံအားတိုက်ခိုက်ရန် အကြောင်းပြချက် ရသွားမည်ကို သူသိသည်။
ရုတ်တရက် လေထဲမှ လူတစ်စု ပျံသန်းရောက်ရှိ လာကြသည်။ သူတို့က ချင်လီတို့အုပ်စုဖြစ်သည်။ အဝေးမှကား အခြားသော ထိပ်သီးအင်အားစုများ ကလည်း အခြေအနေကို အကဲခတ်နေကြသည်။
“အရှင်မင်းကြီး… ဒါက ဘာကို ဆိုလိုတာလဲ… ဘာလို့ ကျုပ်ရဲ့ ဦးလေးကို ဖမ်းထားတာလဲ…” ထိုမြင်ကွင်းကို ကြည့်ကာ သူက ဘာမှမသိသလို ဟန်ဆောင်သည်။
ချင်ယွန်က အနည်းငယ် စိတ်အေးသွားဟန် ရသည်။ ချင်လီနှင့် ချင်ပြည်ထောင်မှ လူများရောက်လာပြီ ဖြစ်ရာ လျိုဘုရင်က အနည်းငယ် ဒေါသပြယ် သွားလိမ့်မည်ဟု သူယူဆသည်။
“ချင်လီ.. ငါတကယ်ပဲ မင်းသမီးကို သဘောကျတယ်… ငါက သူမနဲ့ နီးစပ်ချင်တာပဲ ရှိခဲ့တာ… ငါဘာမှ မလုပ်ရသေးဘူး… အရှင်မင်းကြီးကို ဝိုင်းပြောပေးပါဦး… ” ချင်ယွန်က ပြောသည်။
ချင်လီ၏ မျက်လုံးများက အရောင်လက်သွားသည်။ သူက ချင်ယွန်အား ကြည့်ကာ ပြောသည်… “ဦးလေး… ဘာလို့ ဒီလောက် နားမလည်ရတာလဲ…” ထို့နောက် သူက လျိုဘုရင်အား ကြည့်ကာ ပြောသည်…”အရှင်မင်းကြီး… ကျုပ်ဦးလေးက မင်းသမီးကို အရမ်းစွဲလမ်းနေလို့ ဖြစ်မယ်… ဒါကြောင့် အရှင်မင်းကြီးက သူ့ကို သဘောမတူမှာကို စိုးရိမ်သွားတာ ထင်တယ်… ကံကောင်းတာက သူဘာမှ မလုပ်ရသေးဘူး… အရှင်မင်းကြီးက ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်… ဦးလေးက ဒီကိစ္စအတွက် တာဝန်ရှိပြီးတော့ မင်းသမီးကို သင့်တော်တဲ့ နည်းလမ်းနဲ့ လက်ထပ်ပါ့မယ်…”
လူတိုင်းက ချင်လီ၏ စကားကို ကြားကာ အံ့အားသင့်ရသည်။ အထူးသဖြင့် လျိုဖေးယွန်နှင့် ရီဝူချင်းတို့၏ မျက်လုံးများက ရေခဲတမျှ အေးစက်နေသည်။ ချင်ယွန်က ထိုသို့ လူမဆန်သော အရာကို လုပ်ခဲ့ပြီး ယခု ချင်လီက ကံကောင်းပြီး သူဘာမှ မလုပ်ခဲ့ဟု ပြောနေသည်။ ထို့အပြင် ချန်ယွန်က မင်းသမီးကို သင့်တော်စွာ လက်ထပ်မည်ဟု ပြောကာ အပြစ်ပေးမည့် စကား တစ်ခွန်းမှ မပြောပေ။ မည်မျှ အဓိပ္ပာယ်ကင်းမဲ့လိုက်သနည်း။ ထို့အပြင် ချင်လီက ကျိုးကြောင်းဆီလျှော်ကာ မှန်ကန်သော ပုံစံဖြင့် ပြောနေသည်။
လျိုဘုရင်က ချင်လီအား ကြည့်သည်။ ချင်လီက သူ့အား ရှိသည်ဟုပင် သတ်မှတ်သေးသလော။
“အဖေ… သူ့ကို သတ်…” လျိုဖေးယွန်၏ မျက်လုံးများက သွေးရောင်လွှမ်း လာသည်။ သူ၏ ညီမက ဤသို့နည်းဖြင့် အရှက်ခွဲခံရသော်လည်း ချင်လီက ချင်ယွန်အား သူမနှင့် လက်ထပ်စေလိုနေသည်။
“မင်းဘာပြောနေတယ် ဆိုတာ မင်းသိလား…” လျိုဘုရင်က ချင်လီအား ကြည့်သည်။
ချင်လီက မျက်တောင်များကို ကွေးလျက် လျိုဘုရင်ကို ပြောသည်…” ဒါဆို အရှင်မင်းကြီး… သူ့ကို သတ်ပါ…”
ဘုရင်အပါအဝင် လူတိုင်းက ချင်လီအား ကြည့်သည်။ သို့သော်လည်း ချင်လီက ချင်ယွန်အား ကြည့်ကာ ပြောသည်… “ကျုပ်ဦးလေးက အရမ်းဆိုးရွားတာ မလုပ်ခဲ့ဘူး… ခင်ဗျားတို့ သူ့ကိုသတ်ရင် ချင်ပြည်ထောင်က စစ်တပ်က ခင်ဗျားတို့ဆီကိုလာမယ်… အရှင်မင်းကြီးက စဉ်းစားစေချင်ပါတယ်…”
“မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား…” ဘုရင်က မေးသည်။
“ကျွန်တော် မလုပ်ရဲပါဘူး…” ချင်လီက ကျယ်လောင်စွာ ပြောသည်။ သူက ဘုရင်အား ဦးညွှတ်ကာ ပြောသည်… “ကျွန်တော်က အမှန်ကို ပြောနေတာ… အရှင်မင်းကြီးက ကျုပ်တို့ရဲ့ သတို့သမီး တောင်းရမ်းမှုကို လက်ခံခဲ့ရင် ဒါတွေ ဖြစ်လာစရာ အကြောင်း မရှိဘူး… .ဒါပေမဲ့ အရှင်မင်းကြီးက ငြင်းခဲ့တယ်… အရှင်မင်းကြီးက နိုင်ငံနှစ်နိုင်ငံရဲ့ဆက်ဆံရေးကို ဒီကိစ္စအတွက်နဲ့ တကယ်ပဲ ဖျက်ဆီးတော့မလား… စစ်ဖြစ်ရင်တောင်မှလား… .”
“အခု မင်းသမီးရဲ့ ဂုဏ်သိက္ခာကို အကောင်းဆုံး အဖတ်ဆယ်နိုင်မယ့် နည်းလမ်းက ကျုပ်ဦးလေးနဲ့ မင်းသမီးကို လက်ထပ်စေတာပဲ…” ချင်လီ၏ လေသံက လွန်စွာ ယုံကြည်မှု ရှိသောပုံစံကို မြင်နေရသည်။ လူအများအပြားက သူ့အား အေးစက်စွာ ကြည့်နေကြသော်လည်း သူက ဂရုစိုက်ပုံမရပေ။
သူ ဘာကို တွေးနေသည်၊ ဘာကြောင့် ဤမျှ ရိုင်းစိုင်းစွာ ပြုမူနိုင်သည်ကို မည်သူမှ မသိပေ။
“အရှင်မင်းကြီး… မင်းသားချင်က မင်းသမီးကို တကယ်ပဲ လက်ထပ်ရင် ဒါက ကောင်းတဲ့ ကိစ္စပါ…” အရှင်ခန်က တိုက်တွန်းသည်။
“ဒါမှန်တယ်… အရှင်မင်းကြီး…” လူအများအပြားက တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်ကြသည်။ ချင်လီ၏ ယုံကြည်မှု ရှိသော ပုံဟန်ကို သူတို့ကမြင်ကာ လွန်စွာ ထိတ်လန့်ရသည်။ ချင်ပြည်ထောင်၏ စစ်တပ်က လျိုနိုင်ငံအား တိုက်ခိုက်ခဲ့ပါက သူတို့ကလည်း ဘေးကင်းမည် မဟုတ်ပေ။
“မင်းတို့ ခွေးကောင်တွေ…” တစ်ယောက်က လှမ်းအော်သည်။ နိုဘယ် တစ်ယောက်ကလည်း အေးစက်စွာ ပြောသည်… “မင်းတို့က ဒီလောက်တောင် အရှက်မရှိကြဘူးလား…” ကိုယ်ကျင့်တရား ကောင်းမွန်သော လူများက သည်းမခံနိုင်ဘဲ ပြန်အော်ကြသည်။
လျိုဘုရင်က ထိုလူများအား ကြည့်သည်။ ချင်ပြည်ထောင်မှ လူများက လျိုနိုင်ငံကို ရောက်လာသောအခါ သူတို့က အရှင်များနှင့် အရာရှိများထံသို့ သွားရောက် လည်ပတ်ခဲ့ကြသည်။ ထို့ကြောင့် လက်ရှိအခြေအနေ ဖြစ်လာသည်လား။
“အရှင်မင်းကြီး… အရင်စိတ်ငြိမ်အောင် လုပ်ပါ… သူတို့နှစ်ယောက် လက်ထပ်တာက မင်းသမီး အတွက်လည်း ကောင်းပါတယ်… ” တချို့က ပါးစပ်မှ ထုတ်မပြောကြသော်လည်း ဘုရင်၏ နားထဲကို လျို့ဝှက်အသံပို့ စနစ်ဖြင့် ပြောကြသည်။
ရုတ်တရက် လူတိုင်းက အသားထဲကို တစ်စုံတစ်ခု ထွင်းဖောက်သော အသံတစ်ခုကို ကြားရသည်။
“ချန်းယွီ…”
လူတိုင်းက လှမ်းကြည့်လိုက်လျှင် သဘာဝစွမ်းအင်မှ ဖြစ်တည်လာသော ဓားတစ်လက်က လျိုချန်းယွီ၏ နှလုံးအား တည့်တည့်အား ထွင်းဖောက်ကာ ဝင်နေသည်ကို တွေ့ရသည်။ သူမ၏ မျက်လုံးများက ကောင်းကင်မှ လူများကို မုန်းတီးစွာ ကြည့်နေသည်။ လျိုနိုင်ငံမှ လူတချို့က သူမအား ချန်ယွန်နှင့် လက်ထပ်ရန်ကိုပင် အကြံပေးနေကြသည်။
“ချန်းယွီ… ဘာလို့ ဒီလိုလုပ်ရတာလဲ… ငါရောက်နေပြီလေ…” ရီဝူချင်းက လျိုချန်းယွီအား ပွေ့ဖက်ကာ အသာအယာ ပြောသည်။
“ငါ သိတယ်… ” လျိုချန်းယွီက ခေါင်းညိတ်သည်။ သူမက ရီဝူချင်းအား တစ်လောကလုံးတွင် တစ်ဦးတည်း ယုံကြည်ရသော သူဖြစ်သည့်အလား ညင်သာစွာ ကြည့်သည်။
“ချန်းယွီ…” လျိုဘုရင်ကလည်း သူ၏ သမီးက သည်မျှ ဆုံးဖြတ်ချက် ပြတ်သားမည်ဟု မထင်ထားပေ။ သူက မိမိကိုယ်ကို အပြစ်ရှိသလိုခံစားရသည်။
“မင်းသမီးက ခံစားချက် အရမ်း ပြင်းထန်နေတယ်… ဘာလို့ ဒီလို လုပ်ရတာလဲ… .” ချင်လီက ပြောသည်…”ကျုပ်ဦးလေးက မင်းသမီးကို စိတ်မပျက်စေရပါဘူး…”
“ပါးစပ်ပိတ်ထားစမ်း… ” ယူချင်းက လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ အော်သည်။ ရီဖူရှင်းက ရှေ့ကို ထွက်ကာ ချန်ယွန်ထံသို့ လျှောက်သွားသည်။ ရီဝူချင်းက လျိုဖေးယွန်အနီးကို ကပ်ကာ ပြောသည်… “ဖေးယွန်… ချန်းယွီကို ဂရုစိုက်ပေးထား…” သူက လျိုချန်းယွီအား လျိုဖေးယွန်ထံသို့ လွှဲပြောင်းပေးသည်။ ထို့နောက် သူက ရှေ့ကို လျှောက်သွားကာ ရီဖူရှင်းကို ပြောသည်… “ငါလုပ်မယ်…”
ရီဖူရှင်းက ရီဝူချင်းအား ကြည့်လိုက်သည်။ ထို့နောက် သူက ရှေ့ကို သွားနေရာမှ ရပ်လိုက်၏။
“မင်းဘာလုပ်ချင်တာလဲ… ” ချင်ယွန်က သူ့ရှေ့ကို ရောက်လာသော ရီဝူချင်းအား ကြည့်သည်။
ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင်များက ရီဝူချင်း၏ ခန္ဓာကိုယ်ကို လှည့်ပတ်လာသည်။ သူ့လက်တွင် လွန်စွာ ထက်ရှသော ဓားအသိတစ်ခု မွေးဖွားလာသည်။
လူတိုင်းက သူ့အား စိုက်ကြည့်သည်။ လျိုနိုင်ငံမှ တစ်ယောက်က ပြောသည်… “မင်းလုပ်ရဲလား…”
“ရီဝူချင်း… မင်းလုပ်ရဲလား… ” ချင်လီက အော်ဟစ်သော်လည်း သူ၏ ခန္ဓာကိုယ်က ထိုနေရာမှ ရွေ့လျားခြင်း မရှိပေ။
ရီဝူချင်းက ဓားတစ်လက်အလား ချင်ယွန်ထံသို့ တိုးဝင်သွားသည်။
“သူ့ကို ခေါ်သွား…” လျိုနိုင်ငံမှ တစ်ယောက်က ချင်ယွန်အား ဖမ်းထားသောသူကို ပြောသည်။
“ကျုပ်ကို လွှတ်…” ချင်ယွန်ကလည်း ရုန်းကန်သည်။ သို့သော်လည်း ရီဝူချင်းက သူ့ထံကို ရောက်လာပြီး ဖြစ်ကာ သူ့လက်မှ ဓားစွမ်းအင်က အလင်းတန်းအဖြစ် ပြောင်းလဲကာ ချန်ယွန်အား ဖြတ်ကျော်လျက် ပျောက်ကွယ်သွားသည်။
လျိုနိုင်ငံမှ နိုဘယ်က ချင်ယွန်အား လွှတ်လိုက်သော်လည်း ချင်ယွန်က တုန်ယင်စွာဖြင့် သူ၏ လည်ပင်းအား ဖုံးအုပ်သည်။ သို့သော် သူ့လည်ပင်းမှ သွေးများ တဖြည်းဖြည်း စီးကျလာသည်။ သူ၏ခန္ဓာက ပိုမိုပြင်းထန်စွာ တုန်ယင်လာပြီး သူ၏ပုံမှန်အားဖြင့် ဆွဲဆောင်မှုရှိသော မျက်လုံးက ထိုအခိုက်တွင် လွန်စွာ ထိတ်လန့်သော ဟန်ပင်ကို မြင်ရသည်။
လည်ပင်းအား ဆုပ်ကိုင်လျက် ချင်ယွန်က ထိုနေရာတွင်ပင် ရပ်နေသော ချင်လီဘက်သို့ ခက်ခဲစွာ လှည့်ကြည့်သည်။ သူက ချင်လီအား မုန်းတီးခက်ထန်စွာ ကြည့်သည်။ သို့သော်လည်း သူ၏ လည်ပင်းမှ သွေးများက အဆက်မပြတ် ထွက်လာနေသည်။ သူက ပါးစပ်ဟကာ တစ်စုံတစ်ခုအား ပြောလိုသော်လည်း နောက်ဆုံးတွင် ချင်ယွန်၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲကျငြိမ်သက်သွားသည်။
***
ဖတ်မကောင်းဆုံး အညံဆုံး ပေအရှည်ဆုံး