ယခု လိပ်မင်းတောင်ပေါ်ကို တက်ခဲ့ကြသူများ အားလုံးက တောင်ခြေကို ဘေးကင်းစွာ ပြန်ရောက်နေကြပြီး ဖြစ်သည်။ ချင်ယွန်၊ ချင်လီနှင့် ချူယောင်ယောင်တို့ အားလုံးက အတူတူ စုစည်းနေကြသည်။ မရေမတွက်နိုင်သော သူများက သူတို့အား စိုက်ကြည့်နေကြ၏။
ချင်ယွန်က လိပ်မင်း တောင်ပေါ်ကို တက်ရောက် နိုင်ခဲ့ခြင်း မရှိပေ။ တခြားတစ်ဖက်တွင် ရီဝူချင်းက အောင်မြင်ခဲ့သည်။ လျိုဘုရင်၏ အမိန့်အရ ရီဝူချင်းက လျိုနိုင်ငံ၏ မင်းသမီးကို လက်ထပ်ရမည် ဖြစ်သည်။ ထိုအရာက ချင်ပြည်ထောင်က အရှုံးနှင့် အိမ်ပြန်ရမည်ဟု ဆိုလိုသည်။
“ချင်မင်းသားက အရှုံးပေးပါ့မလား… ” လူအုပ်ထဲက တစ်ယောက်က မေးသည်။ ချင်ပြည်ထောင်က ဤအတိုင်း လက်လွှတ်ပေးကြပါ့မလား။
ချင်လီက လူအုပ်ကို ကြည့်သည်။ ထို့နောက် သူက ပြုံးလျက် ပြောသည်… “လျိုနိုင်ငံရဲ့ မင်းသား လျိုဖေးယွန်က ရီဝူချင်းရဲ့ မိတ်ဆွေပဲ… လျိုဖေးယွန်က ရီဝူချင်းနဲ့ အတူတူ တက်တယ်… ဒါကြောင့် ပုံမှန်အားဖြင့် ရီဝူချင်းက လိပ်မင်း တောင်ထိပ်ကို ရောက်နိုင်တာပေါ့… ဒါက လျိုတော်ဝင် မိသားစုရဲ့ မြင့်မြတ်နေရာ ဖြစ်တယ်… ဒါကြောင့် ဒီရလဒ် ထွက်ပေါ်လာတာက ဘာမှ မထူးဆန်းဘူး…”
လူတိုင်း၏ မျက်လုံးက အရောင်လက် သွားသည်။ ချင်လီက အရှုံးကို ဝန်ခံလိုဟန်မရပေ။
ချင်ယွန်က အားလုံးကို သူ၏ ချောမောသော မျက်နှာဖြင့် ကြည့်သည်။ ပြုံးလျက် သူကပြော၏… “ကျုပ်က တကယ်ပဲ မင်းသမီး ချန်းယွီကို ချစ်ခင်မြတ်နိုးတယ်… ဘယ်လိုလုပ် အလွယ်တကူ အရှုံးပေးရမလဲ…” လူတိုင်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာသည်။ ချင်ပြည်ထောင်က အနိုင်ရရန် လွန်စွာ စိတ်ပိုင်းဖြတ် ထားပုံရသည်။
ချင်လီတို့ အုပ်စုက ထိုနေရာမှ ထွက်ခွာသွားကြသည်။ ချူယောင်ယောင်က သူ့နောက်မှ လိုက်ပါသွားရင်းက လိပ်မင်း တောင်ထိပ်ကို တစ်ချက်ကြည့်သည်။ သူတို့က ယခုထိ မဆင်းလာသေးပေ။ သူတို့ ဘယ်နေရာကို ရောက်နေသလဲ သူမသိလိုသည်။ လိပ်မင်း တောင်ပေါ်တွင် တွေ့ကြုံခဲ့ရသော ပုံရိပ်ယောင်များကို သူမက ပြန်တွေးမိလျှင် မသက်မသာ ခံစားရသည်။
ချင်လီတို့အဖွဲ့က နန်းတော်သို့ ပြန်သွားကြသည်။ တခြား အဖွဲ့များကလည်း သူတို့နောက်ကို စိတ်ဝင်တစား လိုက်ပါသွားကြသည်။ အခြေအနေက မည်သို့ ဖြစ်လာမည်ကိုသူတို့ စိတ်ဝင်စားကြသည်။ သို့သော် လက်ရှိတွင် လျိုဘုရင်က နန်းတော်တွင် မဟုတ်ပေ။
လိပ်မင်း တောင်ထိပ်ရှိ ကျောက်နန်းတော်၏ နောက်တွင် နောက်ထပ် ကြီးမားသော ကျောက်ဖြာ တစ်ခုလည်း ရှိသည်။ ထိုကျောက်ဖြာ ပေါ်တွင် လိပ်မင်းက နေပူဆာလှုံနေသည်။ လျိုဘုရင်လည်း ကျောက်ဖြာပေါ်တွင် ပေါ်လာသည်။ လိပ်မင်းတောင်ကား လျိုနိုင်ငံ၏ မြင့်မြတ် နယ်မြေဖြစ်ရာ ဘုရင်များသာ လွတ်လပ်စွာ တက်ရောက်နိုင်သည်။
“စီနီယာ… အခြေအနေ ဘယ်လို ရှိသလဲ…” လျိုဘုရင်က မေးသည်။ သူက လျိုနိုင်ငံ၏ ဘုရင်ဖြစ်သော်လည်း လိပ်မင်းကား နှစ်ပေါင်း မရေမတွက် နိုင်အောင် နေထိုင်ခဲ့သော သက်တော်ရှည် လိပ်မင်းဖြစ်ရာ သူက လေးစားစွာ ဆက်ဆံရန် လိုသည်။
“မင်းရဲ့ မိသားစုတွေကို လျိုနိုင်ငံက ခေါ်ပြီး ထွက်သွားဖို့ မစဉ်းစားဖူးဘူးလား… .” လိပ်မင်းက လျိုဘုရင်အား ကြည့်ကာ မေးသည်။
လျိုဘုရင်၏ အမူအရာက လွန်စွာ လေးနက်သွားသည်။ အခြေအနေက သည်မျှ ဆိုးရွားသည်လား။
“ဒါက ဘိုးဘေးတွေရဲ့ ကြိုးစား အားထုတ်မှုတွေပဲ… ကျုပ်က ထွက်သွားချင် ရင်တောင်မှ ပြည်သူတွေကို ကျုပ်က ဘယ်လို ပြောရမလဲ…” လျိုဘုရင်က သက်ပြင်းချသည်… “ကျုပ်တို့က အမည်မသိ အန္တရာယ် တစ်ခုကြောင့် ထွက်ပြေးရတယ်လို့ ပြောရမလား…”
“လက်နက်ချမယ် ဆိုရင်ရော…” လိပ်မင်းက နောက်တစ်ဖန် ပြောပြန်သည်။
လျိုဘုရင်က ခေါင်းယမ်းသည်။ သူ၏ နှလုံးအား ဆို့တက်လာသော အေးစက်မှုကို သူခံစားရ၏။ လိပ်မင်းက ဘာမှ မပြောတော့ဘဲ တိတ်ဆိတ်နေသည်။ လျိုဘုရင်က ထိုအဓိပ္ပာယ်အား နားလည်သည်။
လျိုနိုင်ငံက လွန်စွာ ကြီးမားသော ဘေးရန်ကို ရင်ဆိုင်ရမည်။
ချင်ဘုရင်က ချင်ယွန်အား လျိုနိုင်ငံတွင် နေထိုင်စေမည်ဟု ပြောသည်။ သို့သော် သူက ထိုသို့သော စကားများကို မယုံကြည်ပေ။ ပြဿနာကား သူက မယုံကြည်လျှင်ပင် သူဘာလုပ် နိုင်မည်နည်း။
“ရီဝူချင်းက ဘယ်လိုလဲ… ” လျိုဘုရင်ကမေးသည်။
“အရမ်းခေါင်းမာတယ်… သူက ကျိန်းသေ ပါဝင်လိမ့်မယ်…” လိပ်မင်းက ပြောသည်… “သူက လိပ်မင်းတောင်ကို တက်တဲ့ တချို့ လူတွေလောက် ပါရမီ မကောင်းပေမယ့် ဓားနဲ့ပတ်သက်တဲ့ သူ့နှလုံးသားရဲ့ သန့်စင်မှုက ပြိုင်ဖက်ကင်းလု နီးပါးပဲ… .သူက အနာဂတ်မှာ မင်းထက် အောင်မြင်လိမ့်မယ်… .”
“ဖူယွန်ဓားကလန်ရဲ့ သတ္တမ တောင်ကုန်းက သူ့ကို ဓားဝိဇ္ဇာဘွဲ့ကို မြန်မြန်ဆန်ဆန် ပေးခဲ့တာ သိပ်တော့ မထူးဆန်းဘူး… .” လျိုဘုရင်က ပြောသည်… “ကော့တေးက လူတချို့ကရော…”
“သူတို့ရဲ့ အလားအလာက အတိုင်းအဆမဲ့ပဲ… အရှေ့မြေရိုင်း ဒေသက ဒီမျိုးဆက်မှာ အဓိက အပြောင်းအလဲတွေ ဖြစ်လိမ့်မယ်…” လိပ်မင်းက ခေါင်းယမ်းကာ ပြောသည်…” ကံမကောင်းတာက ချင်ပြည်ထောင်က မြန်မြန်ဆန်ဆန်ပဲ ရောက်လာတယ်…”
“ကျုပ် သူတို့ကို သွားကြည့်လိုက်မယ်…” လျိုဘုရင်က ပြောသည်။ သူက တခြားအရာများကို ထပ်မမေးတော့ပေ။ လိပ်မင်းက ဖြစ်နိုင်ဖွယ်များကို ကောက်ချက်ချ နိုင်သော်လည်း သူက အတိအကျ မဟောနိုင်ပေ။ လျိုနိုင်ငံက အကျပ်အတည်းကို ရင်ဆိုင်ရမည်ကို သူ၏ စကားများအရ သိပြီးဖြစ်သည်။
တွက်ချက်ခြင်း၏ ရလဒ်က သူက လက်ထပ်မှုကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ အကျပ်အတည်းက ရှိမည်သာ ဖြစ်သည်။ တိတိကျကျ ပြောရလျှင် ချင်ပြည်ထောင်က ဤတစ်ကြိမ် သတို့သမီး တောင်းသည့် ရည်ရွယ်ချက်က သတို့သမီး တောင်းရန်ထက် ပိုမိုသော ရည်ရွယ်ချက်များ ရှိပေသည်။
“ကောင်းပြီ…” လိပ်မင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက ကျောက်ဖျာကြီးထက်မှ ဖြည်းညင်းစွာ ဆင်းသည်။ သူ၏ လှုပ်ရှားမှုများက လွန်စွာ နှေးကွေးသော်လည်း လျိုဘုရင်က စိတ်ရှည်စွာဖြင့် စောင့်နေသည်။
***
ထိုအခိုက်တွင် ရီဖူရှင်း၊ ယူချင်း၊ ရီဝူချင်း၊ လို့လန်ရွှီနှင့် လျိုဖေးယွန်တို့အားလုံးက ကျောက်တုံး နန်းတော်ထဲတွင် ရှိသည်။ လိပ်မင်းက ရီဖူရှင်း၏ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည်။
သူတို့အုပ်စုက ကျောက်တုံး နန်းတော်ထဲမှ ထူးဆန်းသော စွမ်းအင်များကို လေ့လာဆင်ခြင် နေကြသည်။ ကမ္ဘာကြီးအား သရုပ်ဖော်ထားသော ပုံတူလောကကြီးတွင် လေညင်းများ ညင်သာစွာ တိုက်ခတ်နေကာ သစ်ပင်သစ်ကိုင်းများ လှုပ်ရှားနေသည်။ သို့သော်လည်း သစ်ကိုင်း တစ်ကိုင်းက လေထဲ လွင့်မြောလာကာ သစ်ကိုင်းကြောင့်ပင် ရုတ်တရက် တောင်က နှစ်ခြမ်းကွဲ သွားကာ မြစ်က တစ်ဖက်စီ ကွဲထွက်သွားသည်။ မီးလျှံများ ဖြစ်ပေါ်လာပြီး ကောင်းကင် တစ်ခုလုံးကို လောင်ကျွမ်းသည်။
ရီဝူချင်းက ထိုသဘာဝ ဖြစ်စဉ်များကို လေ့လာ ဆင်ခြင်ရင်းက သူ့ခန္ဓာကိုယ်တွင် ဓားအသိက လှည့်ပတ် စီးဆင်းနေသည်။ သစ်ကိုင်း တစ်ခုကပင် တောင်အား နှစ်ခြမ်းကွဲ စေနိုင်သည်။ ဓားတစ်လက် ဆိုလျှင်ကော… ။ သူ့တွင် ဓားခန္ဓာကိုယ်ရှိရာ သူက ဓားများနှင့် ပတ်သက်လျှင် လွန်စွာ ခံစားအား ကောင်းသည်။ သူက ထိုမြင်ကွင်းထဲတွင်ပင် မိမိကိုယ်ကို နစ်မြုပ်သွားကာ သူကိုယ်တိုင်က ဓားအသိအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ဆရာပြောဖူးသည်မှာ လွန်စွာ အားကောင်းသော ဓားသမား တစ်ယောက်၏ ဓားအသိက မိုင်ပေါင်း ထောင်ချီသော နေရာကို ဖြတ်ကျော်လျက် ရန်သူကို သုတ်သင် နိုင်သည်ဟူ၏။ “မိုင်ထောင်ချီ အရပ်က လူတစ်ယောက်ကို သဲလွန်စ မကျန်အောင် သတ်ခြင်း… ” ဆိုသော စကားက သည်အတိုင်း ဖြစ်လာခြင်း မဟုတ်ပေ။
ရီဖူရှင်းလည်း တူညီစွာပင် သဘာဝ ပတ်ဝန်းကျင်အား လေ့လာ ဆင်ခြင်နေသည်။ ဤနေရာတွင် လောက နိယာမများက အစီအစဉ်တကျ အလုပ်လုပ် နေကြသည်။ သူက လွတ်လပ်ခြင်း ကျင့်စဉ်ကို အသက်သွင်း လိုက်လျှင် သူက ထိုနိယာမများကို ပိုမိုရှင်းလင်းစွာ မြင်ရသည်။ သူက အစ်ကိုသုံးနှင့် လုနန်ထျန်းတို့ တိုက်ပွဲကို ပြန်လည် သတိရသည်။ ထိုအချိန်က လုနန်ထျန်း ထုတ်လွှတ်ခဲ့သော စွမ်းအားက ဤနေရာမှာ နိယာမများနှင့် ဆင်တူသည်ဟုသူခံစားရသည်။
ထိုလောက နိယာမများကို ထိန်းချုပ်နိုင်သည်က ရှီတန်ခိုးရှင်များ၏ အစွမ်းတွေလား… ။ လိပ်မင်းက ရှီတန်ခိုးရှင်အဆင့်၏ လျှို့ဝှက်ချက်ကို တွေ့ရှိထားပြီလား။
ရုတ်တရက် ပုံသဏ္ဌာန်နှစ်ခုက ကျောက်တုံး နန်းတော်ထဲကို လျှောက်လာသည်။ သူတို့အား မြင်လျှင် ရီဖူရှင်းတို့က လေ့ကျင့် နေသည်များကို ရပ်တန့်လိုက်ကြသည်။
“အရှင်မင်းကြီး…” ရီဖူရှင်း၏ မျက်လုံးက အရောင်လက် သွားသည်။ လျိုဘုရင်က လိပ်မင်း နှင့်အတူ ဤနေရာကို ရောက်လာသည်ကသူ့အား အံ့အားသင့်စေသည်။
လျိုဘုရင်က ပြုံးသည်။ သူ၏ အရှိန်အဝါကို ထုတ်လွှတ်ခြင်း မရှိပေ။ ထိုအစား သူက ဖော်ရွေစွာ ပြုံးကာ မေးသည်.. “မင်းတို့ ဘယ်လိုနေလဲ…”
“ကျွန်တော်တို့ အများကြီး သင်ယူခဲ့ရပါတယ်…” ရီဝူချင်းက ဘုရင်အား ကြည့်ကာ ပြောသည်။
“ဒါကောင်းတယ်… မင်းတို့က ဒီမှာ အချိန်နည်းနည်း ယူပြီး လေ့ကျင့်သင့်တယ်… တောင်အောက်က ကိစ္စတွေကို စိတ်မပူနဲ့…” လျိုဘုရင်က ရီဝူချင်းထံသို့ လျှောက်လာကာ သူ၏ ပခုံးအား အသာအယာ ပုတ်လိုက်သည်။ ရီဝူချင်းက ထိုနေရာတွင် နားမလည်စွာ ရပ်နေသည်။ ဘုရင်၏ အမူအရာက ဘာကို ဆိုလိုသနည်း။ သူက မိမိနှင့် လျိုချန်းယွီတို့၏ လက်ထပ်မှုကို သဘောတူပြီလား။ လိပ်မင်းက မိမိအား ထွက်ခွာသွားရန် အဘယ်ကြောင့် ပြောခဲ့သနည်း။ မဟုတ်လျှင် သူက ဘေးရန် တွေ့နိုင်သည်ဟု ဆိုသည်။
လျိုဘုရင်က ရီဝူချင်းအား ဖြတ်ကျော်လျက် ရီဖူရှင်းရှေ့ကို ရောက်လာသည်။ ထို့နောက် သူက ရီဖူရှင်းအား စိုက်ကြည့်သည်။
“အရှင်မင်းကြီး… ” ရီဖူရှင်းက ဆိုသည်။
“သက်သက် သာသာပဲနေ…” ဘုရင်က ပြုံးလျက် ပြောသည်… “ရီဖူရှင်း… မင်းကိုငါ တစ်ခု တောင်းဆို ချင်တယ်…”
ရီဖူရှင်းက အနည်းငယ် အံ့အားသင့် သွားသည်။ သူက ဘုရင်အား ကြည့်ကာ ပြောသည်… “အရှင်မင်းကြီး… ပြောပါ… ”
“နောက်ဆို ဖေးယွန်နဲ့ ချန်းယွီကို ဂရုစိုက်ပေးပါ…” ဘုရင်က ပြောသည်။ ရီဖူရှင်းက လျိုဘုရင်အား ကြည့်သည်။ လျိုနိုင်ငံကား အရှေ့မြေရိုင်းဒေသ၏ ထိပ်သီး အင်အားစု တစ်ခုဖြစ်သည်။ ဘုရင်က နိုင်ငံ၏ အရှင်သခင်ဖြစ်သည်။ သူက ထိုစကားများအား အဘယ်ကြောင့် ပြောသနည်း။ ဘုရင်က တစ်ခုခု ဖြစ်တော့မည်ကို သိနေသလော။
“ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ကျေးဇူးပဲ…” ဘုရင်က ပြုံးလျက် ပြောသည်။ ထို့နောက် သူကလည်း ရီဖူရှင်း၏ ပခုံးကို အသာအယာ ပုတ်ကာ ပြောသည်… “ကြိုးစားပြီး လေ့ကျင့်… အရှေ့မြေရိုင်း ဒေသရဲ့ အနာဂတ်က မင်းတို့အပေါ်မှာပဲ မူတည်တယ်… .” ထို့နောက် သူက လျိုဖေးယွန်အား တစ်ချက်ကြည့်ကာ လိပ်မင်း နှင့်အတူ ပြန်လည် ထွက်ခွာသွားသည်။
ရီဝူချင်းက ထိုနေရာတွင် တွေဝေစွာ ရပ်နေသည်။ ဘုရင်အား လိုက်ပို့ပြီးနောက် လိပ်မင်းက ပြန်လာကာ ပြောသည်… “စိတ်မပူနဲ့… လေ့ကျင့်တာမှာပဲ အာရုံစိုက်ထား… မင်းကြီးက မင်းတို့ကို ကတိပေးထားပြီးမှတော့ နန်းတော်မှာ ဘာမှ ဖြစ်မှာမဟုတ်ဘူး… ”သူက လျိုချန်းယွီကို ဆိုလိုသည်။
ရီဝူချင်းက ခေါင်းညိတ်ကာ ဆက်လက်၍ လေ့ကျင့်သည်။
***
လျိုနိုင်ငံ နန်းတော်တွင် ချင်ယွန်က မင်းသမီး လျိုချန်းယွီ နေထိုင်ရာ နန်းဆောင်ကို သွားရောက် လည်ပတ်သည်။
“မင်းသားချင်… ဘာကိစ္စလဲ… ” လျိုချန်းယွီက တိုးညင်းစွာ ပြောသည်။ သူမ၏ အသံက အနိမ့်အမြင့် အတက်အကျ ကင်းမဲ့ကာ သူစိမ်းဆန်သော ခံစားချက်ကို ပေးသည်။
“အခုပဲ ကျုပ်က လိပ်မင်းတောင်ကို သွားပြီးတော့ ပုံရိပ်ယောင်တွေကို တွေ့ခဲ့ရတယ်… စမ်းသပ် စစ်ဆေးမှုမှာ ကျုပ်က တကယ်ပဲ မင်းပုံရိပ်ကို မြင်ခဲ့တယ်… ဒါကြောင့် ငါက နန်းတော်ကို ရောက်တာနဲ့ မင်းဆီကို လာလည်တာပဲ…” ချင်ယွန်၏ ချောမောသော မျက်နှာက သိမ်မွေ့သော အပြုံးတစ်ခု ခိုတွဲနေသည်။ ချင်ယွန်၏ အပြုံးက ထူးဆန်းသော ဆွဲဆောင်အား တစ်ခု ရှိနေပုံရကာ တခြားလူများက သူ့အား ကောင်းမွန်သော အမြင်ကို ခံစားရစေသည်။
လျိုချန်းယွီက သူ့အား သဘောမကျသော်လည်း သူ၏ မျက်နှာကို မြင်လျှင် အမှန်တကယ်ပင် သူ့အား မုန်းတီး၍ မရပေ။ ထိုအရာက ကြည့်ကောင်းခြင်းကြောင့် မဟုတ်ဘဲ သူ့တွင် ထူးခြားသော စွမ်းအင်တစ်ခု ရှိနေပုံရသည်။
လျိုချန်းယွီက သူ၏ စကားအား ပြန်မပြောပေ။ သူမက ဘာပြောနိုင်မည်နည်း။
“ကျုပ်မှာဘာမှ ပြောစရာ မရှိဘူး… မင်းကို တစ်ခါလောက်ပဲ ကြည့်ချင်လို့ လာခဲ့တာ… နှုတ်ဆက်ပါတယ်…” ချင်ယွန်အား လွန်စွာယဉ်ကျေးသည်။ ထို့နောက် သူက နောက်လှည့်ကာ ထွက်ခွာသွားသည်။
လျိုချန်းယွီ၏ဘေးမှ သူမ၏ အစေခံက ပြောသည်… “မင်းသမီး… မင်းသားချင်က တကယ်ပဲ ချောတာပဲ… သူက ဒီလို ဆွဲဆောင်အားနဲ့ မွေးဖွားလာသလိုပဲ… အားလုံးက သူနဲ့ ရင်းနှီးချင်ကြမယ်လို့ ကျွန်မထင်တယ်…” လျိုချန်းယွီက သိမ်မွေ့ကာ စိတ်သဘော နူးညံ့သူဖြစ်ရာ အစေခံ မိန်းကလေးက ထိုသို့ ပြောရဲသည်။
လျိုချန်းယွီ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။ သူမ၏ အစေခံပြောသည်မှာ မှန်ကန်သည်ကို သူမသိသည်။ သို့သော်လည်း သူမ၏ ခေါင်းထဲကို လူတစ်ယောက် ဝင်လာလျှင် အမှန်တကယ်ပင် လျိုချန်းယွီက ပြုံးသည်။ သူက လိပ်မင်း တောင်ထိပ်ကို တက်ရောက်နိုင်ခဲ့၏။
ချင်ယွန် ထွက်သွားပြီးနောက် သူတို့က လျိုဘုရင် ပြန်လာသည်ကို စောင့်နေကြသည်။ ထို့နောက် သူတို့က လျိုဘုရင်ထံကို သွားရောက် တွေ့ဆုံကြသော်လည်း လျိုဘုရင်က မည်သည့် ပြန်ကြားချက်ကိုမှ မပေးခဲ့ပေ။ သူက ဧည့်သည်များအား ညစာစားပွဲကို လာရောက်ရန်သာ ဖိတ်ကြားခဲ့ပြီး ရလဒ်ကိုမူကား ရီဝူချင်းတို့ လိပ်မင်းတောင်မှ ပြန်လာသောအခါတွင်မှ ကြေညာမည်ဟု ပြောသည်။
လျိုနိုင်ငံမှ လူတိုင်းက ရလဒ်အား စောင့်ဆိုင်းနေကြသည်။ ရီဝူချင်းက လိပ်မင်း တောင်ထိပ်ကို တက်ရောက်ခဲ့ရာ လျိုဘုရင်က ရီဝူချင်းအား အမှန်တကယ် လက်ခံမလား တွေးနေကြသည်။
နောက်ရက် အနည်းငယ် အတွင်း ချင်ယွန်က မင်းသမီး လျိုချန်းယွီထံသို့ နေ့တိုင်းနေ့တိုင်း လည်ပတ်သည်။ သွားရောက် လည်ပတ်သော အချိန်တိုင်းလည်း သူက အချိန် အနည်းငယ်မျှသာ နေပြီး ပြန်လာလေ့ရှိသည်။
လျိုဘုရင်ကလည်း ထိုကိစ္စကို သိသော်လည်း သူ့တွင် တားဆီးစရာ အကြောင်း တစ်စုံတစ်ရာ မရှိပေ။ ရီဝူချင်း ပြန်လာသောအခါမှ သူက ရလဒ်ကို ကြေညာမည်ဖြစ်သည်။ ထိုအချိန်တွင် ချင်ပြည်ထောင်က မည်သည့် အကြောင်းပြချက်မှ ပေးနိုင်တော့မည် မဟုတ်တော့ပေ။
တစ်နေ့တွင် ချင်လီနေထိုင်ရာ နန်းဆောင်တွင် ချင်ယွန်နှင့် ချင်လီတို့ တွေ့ဆုံသည်။
“ခင်ဗျားက လျိုချန်းယွီကို မထိန်းချုပ် နိုင်သေးဘူးလား…” ချင်လီက မျက်မှောင်ကြုတ်ကာ ချင်ယွန်အား ထက်ရှသော အကြည့်ကို ပေးသည်။
“လျိုချန်းယွီရဲ့ အဆင့်က ငါ့ထက် နည်းနည်းပဲ နိမ့်တယ်… ငါအချိန်လိုတယ်… ”ချန်ယွန်က ပြောသည်။
“ငါတို့မှာ အချိန်မရှိဘူး… ဘုရင်အိုကြီးရဲ့ သဘောထားကို ခင်ဗျားလည်း မြင်တာပဲ… ရီဝူချင်း ပြန်လာတာနဲ့ သူကရလဒ်ကို ကြေညာလိမ့်မယ်… အဲဒီအချိန်ကျရင် ကျုပ်တို့ အစီအစဉ် အားလုံးက ပျက်စီးသွားလိမ့်မယ်…” ချင်လီက အေးစက်စွာ ပြောသည်… “ဒါက ခင်ဗျားကြောင့် ကျရှုံးခဲ့တာပဲ… ကျုပ်က ခင်ဗျားကို နှစ်ရက် အချိန်ပေးမယ်… ခင်ဗျားက လျိုချန်းယွီကို လုံးဝ ထိန်းချုပ်နိုင်အောင် ကြိုးစားပါ… ဒီလို မိန်းမလှကို ခင်ဗျား သဘောမကျဘူးလား…”
ချင်ယွန်၏ မျက်နှာက အနည်းငယ် သုန်မှုန်သွားသည်။ သူက လစန္ဒာကလန်၏ သမီးတော် ချူယောင်ယောင်ကို ပိုမို၍ သဘောကျသည်။ သူက အခွင့်အရေးရလျှင် သူမအား ရအောင် လုပ်ပေမည်။
“ဒါက အန္တရာယ် မများဘူးလား…” ချင်ယွန်က ပြောသည်။
“သူတို့ သိသွားရင်တောင် ခင်ဗျားကို သူတို့ သတ်ရဲမှာ မဟုတ်ဘူး… လျိုနိုင်ငံက ခင်ဗျားကို တကယ်ပဲ တိုက်ခိုက်ရဲရင် ကျုပ်တို့ရဲ့ အစီအစဉ်က အောင်မြင်သွားလိမ့်မယ်…” ချင်လီက ခံစားချက် ကင်းမဲ့စွာ ပြောသည်… “အဖေရဲ့ အစီအစဉ်က အဆင်မပြေရင် ခင်ဗျားက ဒီအတွက် တာဝန်ယူရမယ်…”
“ငါသိပြီ… ” ချင်ယွန်က ခေါင်းညိတ်သည်။ ထို့နောက် သူက နောက်လှည့်ကာ ထွက်သွားသည်။
သူ၏ နောက်ကျောကို ကြည့်ကာ ချင်လီ၏ မျက်လုံးများက အေးစက်သွားသည်။ ချင်ယွန်က သူ့အား သတ်လိုသည်ကို ချင်လီက သိသည်။ ထိုအသုံးမကျသော အရူးက အမှန်တကယ်ပင် ထီးနန်းကို အိပ်မက်မက်နေသည်။
***