လိပ်မင်းတောင်အား မြူများ ဖုံးအုပ်ထားရာ နတ်ဘုရား တောင်အလား ထင်မှတ်ရ၏။ တောင်ခြေတွင်ကား လွန်စွာ အားကောင်းသော သဘာဝ စွမ်းအင်များကို ခံစားနိုင်သည်။ ဓာတ်စွမ်းအင်မျိုးစုံ အလင်းများ တလက်လက် ထနေခြင်းက တောင်ကို ပိုမို လှပစေ၏။
လက်ရှိတွင် မရေမတွက်နိုင်သော လူများက ရောက်နေပြီးဖြစ်၏။ လျိုနိုင်ငံမှ အရေးပါသော လူများလည်း လာကြ၏။ သို့တိုင်အောင် ချင်ပြည်ထောင် အုပ်စုနှင့် ရီဖူရှင်းတို့အုပ်စုက ရှေ့ဆုံးမှ နေရာယူထားဆဲပင်။
လျိုနိုင်ငံမှ လူငယ်များက ချင်ယွန်၊ ချိန်ရှင်းမူ၊ ရီဖူရှင်းနှင့် တခြားလူများအား စိတ်ဝင်တစား ကြည့်ကြသည်။ ထိုပါရမီရှင်များကား အရှေ့မြေရိုင်းတစ်ခွင် လျှမ်းလျှမ်းတောက် ကျော်ကြားနေသူများ ဖြစ်ကြ၏။
“ချင်မုံရိုနဲ့ ချူယောင်ယောင်တို့က အရမ်းလှတာပဲ… .” မိန်းကလေး တချို့က မှတ်ချက်ချ ကြသည်။ သူမကလည်း မိမိကိုယ်ကို လွန်စွာ လှပချောမောသည်ဟု ယူဆဖူးသော်လည်း ယခု အရှေ့မြေရိုင်း ဒေသ၏ အလှဆုံး မိန်းကလေး နှစ်ယောက်ကို မြင်ရသောအခါမှ သူမ၏ အလှက မလုံလောက် သေးသည်ကို တွေ့မြင်ရသည်။
“မင်းသားချင်က အရမ်းချောတာပဲ… .” နောက်ထပ် မိန်းကလေး တစ်ယောက်ကမူ မင်းသားချင်ယွန်ကို ကြည့်နေသည်။ လူအုပ်ထဲတွင်က ချင်ယွန်၏ ချောမောမှုကို လိုက်မီသူ ရှားပါးပေသည်။
“ရီဖူရှင်းက မချောဘူးလား… .” အပြာရောင် ဝတ်စုံရှည်နှင့် မိန်းကလေးက ပြုံးလျက် မေးသည်။
“သေချာတာပေါ့… ငါက မင်းသားချင်ရဲ့ လူကြီးလူကောင်းဆန်တဲ့ အပြုအမူတွေကို ပိုပြီး သဘောကျတယ်… ရီဖူရှင်းက အရမ်းမောက်မာ ပြီးတော့ အနိုင်စားတတ်တယ်လို့ ငါကြားတယ်… ကော့တေးက တပည့်တွေက တခြားလူတွေကို မလေးစားဘူး… .သူက မင်းသားချင်ကို နိမ့်ကျတဲ့ လူလို့ ခေါ်ပေမဲ့ မင်းသားချင်က ဘာမှ ပြန်မပြောဘူး… . ဒါကြောင့် ငါက မင်းသားချင်ကို ပိုသဘောကျတယ်… သူနဲ့ မင်းသမီး ချန်းယွီတို့က တကယ်ပဲ လိုက်ဖက်တယ်…”
“ရှေးဟောင်း မြေရိုင်းဒေသမှာ ရီဖူရှင်းက ဘာတွေ ပြောခဲ့လဲ မင်းမသိဘူးလား… .” အသက်ဆယ့်ရှစ်နှစ် အရွယ် ကောင်လေး တစ်ယောက်က မေး၏။
“ငါ့ကို သိနားလည်တဲ့လူက ငါ့ရဲ့မောက်မာမှုကို သိနားလည်တယ်…” မိန်းကလေးက ပြန်ပြောသည်။
“ကော့တေးက တပည့်တွေက တခြားလူတွေကို ဂရုစိုက်စရာမလိုဘူး… သူတို့က တကယ့် ယောက်ျားတွေလိုပဲ သူတို့ သဘောကျ ပြုမူတယ်… ငါက မင်းသားချင်ကို သဘောမကျဘူး… .. ” မင်းသားချင်က မရိုးသားဟု သူခံစားရသော်လည်း ထိုစကားကိုမူကား ထုတ်မပြောပေ။
“ဘယ်သူက တောင်ထိပ်ကို ရောက်မယ်လို့ နင်ထင်လဲ…” မိန်းကလေးက ရယ်မောလျက် ပြောသည်။
“ချင်ယွန်က ရီဖူရှင်းနဲ့ ယှဉ်မယ်ဆိုရင်တော့ သူက လုံးဝ နိုင်မှာ မဟုတ်ဘူး… ဒါပေမဲ့ ရီဝူချင်းဆိုရင်တော့ ငါလည်း မသိဘူး… .” လူငယ်က ကော့တေးအား လေးစားအားကျသော သူတစ်ယောက် ဖြစ်သည်။
“ချင်ယွန်က ရီဝူချင်းနဲ့ပဲ ယှဉ်ပြိုင်တာ မဟုတ်ဘူး… တခြားလူတွေကလည်း တောင်ပေါ်ကို တက်ကြလိမ့်မယ်… ချင်ယွန်က ထူးခြားထက်မြက်တဲ့ ပါရမီရှင်လို့ ငါကြားတယ်… ချိန်ရှင်းမူ၊ ချင်မုံရို၊ ချူယောင်ယောင်နဲ့ တခြားလူတွေကလည်း ပါရမီမြင့်တယ်… စောင့်ကြည့်ရအောင်…”
ထိုနေရာအနီးမှ လူတိုင်းက ရောက်တတ်ရာရာ ဆွေးနွေးနေကြသည်။ ထိုအချိန်တွင် ချင်ယွန်တို့အုပ်စုက ပထမဆုံး လိပ်မင်းတောင်ပေါ်သို့ စလှမ်းလိုက်ကြ၏။ ထို့နောက် ရီဖူရှင်းတို့ကလည်း တောင်ပေါ်သို့ လှမ်းတက်လိုက်ကြသည်။
တောင်ပေါ်ကို သွားသည့်လမ်းကား အတည်တကျ မရှိပေ။ ရှေးဟောင်း တောင်ကြီးက အစိတ်စိတ် အပိုင်းပိုင်း ဖြစ်နေသကဲ့သို့လည်း ထင်ရသည်။ ထူးဆန်းသော ကျောက်တုံးကြီးများက နေရာတိုင်းတွင် ရှိသည်။
သူတို့က တောင်ပေါ်ကို တက်လိုက်သည်နှင့် သူတို့အား လိပ်မင်းက လာရောက် စီးနင်းသလို ခြေလှမ်းများက ချက်ချင်း လေးလံသွားသည်။ ရီဖူရှင်းက ပျံသန်းရန် ကြိုးစားကြည့် သော်လည်း ဖိအားတစ်ခုက သူ့ကို မြေပြင်ပေါ်သို့ ကျဆင်းစေသည်။ သူတို့က မျှော်လင့်ထားသလို လမ်းလျှောက်၍သာ ရသည်။ သူတို့က ပျံသန်းနိုင်ပါက တောင်ပေါ်သို့ အလွယ်တကူ ရောက်သွားနိုင်ပေသည်။
လျိုဖေးယွန်လည်း ရီဖူရှင်းတို့နှင့် အတူတူပါသည်… “တောင်ထိပ်ကို ဘယ်လောက် ကြာအောင် သွားရမလဲ…” ရီဖူရှင်းက မေးသည်။
“ငါမသိဘူး…” လျိုဖေးယွန်က ခေါင်းယမ်းသည်… “ဘုရင်တွေပဲ တောင်ထိပ်ကို ရောက်ဖူးတာ… တချို့ဧကရာဇ်တွေတောင်မှ လိပ်မင်းတောင်မှာ အသိစိတ် ပျောက်ဖူးတယ်တဲ့… ငါတို့ ဂရုစိုက်ဖို့လိုတယ်…”
ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက ချင်ပြည်ထောင်ဘက် အုပ်စုအား လှမ်းကြည့်လိုက်သည်။ သူတို့ကလည်း ခြေလျှင် တက်နေကြသည်။ အလယ်တွင်ကား ချင်ယွန်ရှိသည်။ ချင်လီက တစ်စုံတစ်ခုကို ခံစားမိဟန်တူက ရီဖူရှင်းဘက်သို့ ပြန်ကြည့်သည်။
သူတို့က တောင်ပေါ်ကို တက်လျှင် တဖြည်းဖြည်း မြူများက ပိုမိုထူထပ်လာသည်။ မြေပြင်ကိုပင်လျှင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ အပေါ်ကို တက်သည်မှာအပ သူတို့က မည်သည့်အရပ်ဆီသို့ သွားနေသည်ကိုပင် မသိကြတော့ပေ။ လျိုနိုင်ငံမှ တခြား စွမ်းအားမြင့် တန်ခိုးရှင်များကလည်း သူတို့ကိုယ်သူတို့ စမ်းသပ်သည့် အနေဖြင့် တောင်ပေါ်ကို တက်နေကြသည်။
အချိန်များက တဖြည်းဖြည်း ကုန်ဆုံးသွားသည်။ လူတိုင်း၏ ခြေလှမ်းများက ပိုမိုလေးလံလာ၏။ လိပ်မင်းတောင်၏ ဖိအားကလည်း ပိုမို ပြင်းထန်လာသည်။ လျိုနိုင်ငံမှ တန်ခိုးရှင်များကား နှေးကွေးနေကြပြီ ဖြစ်သည်။ တချို့က ထပ်မံ၍ မလျှောက်နိုင်တော့ရာ ထိုင်ကာ အနားယူကြသည်။
“အား…”အသံတစ်သံက တစ်တောင်လုံးကို ပဲ့တင်ထပ် သွားသည်။ လူတိုင်း၏ ရင်ဘတ်ထဲကို ကြောက်စိတ်များ ဝင်ရောက်လာ၏။ သူတို့က မူလကလို မအေးဆေး နိုင်တော့ပေ။ ထိပ်သီး အဆင့်များကသာ ခြေလှမ်း မှန်မှန်ဖြင့် ဆက်သွားနိုင် ကြတော့သည်။ လျိုနိုင်ငံမှ အချို့သော ပါရမီမြင့် လူငယ်များက ဆက်သွားနိုင် ကြသော်လည်း သူတို့လည်း နှေးကွေးပေသည်။
လူတစ်စု၏ နောက်ဆုံးမှ မှော်ပညာကို လေ့ကျင့်သော မိန်းကလေးက ရုတ်တရက် ရပ်လိုက်သည်… “ငါအနားယူဖို့ လိုတယ်…” သူမက အဖော်များအား ပြောသည်။ ထို့နောက် သူမက ကျောက်တုံး တစ်တုံးပေါ်တွင် ထိုင်လိုက်ကာ သဘာဝ စွမ်းအင်များကို စတင်စုစည်းသည်။ တောင်ပေါ်ကို တက်ခြင်းက လွန်စွာ ပင်ပန်း နွမ်းနယ်စေပြီး သူမ၏ သဘာဝစွမ်းအားများ အားလုံးက ကုန်ခန်းနေပြီဖြစ်သည်။ သူမက သိုင်းပညာကို မလေ့ကျင့်ရာ သက်လုံအား သိပ်မရှိပေ။
“ကောင်းပြီ…” လူတိုင်းက ခေါင်းညိတ်ကာ စတင် အနားယူကြသည်။ မကြာခင် လူတိုင်း၏ ခန္ဓာကိုယ်က စတင် တုန်ယင်လာ၏။ မမြင်ရသော အားလှိုင်းတစ်ခုက သူတို့၏ ခန္ဓာကိုယ်ကို ရစ်ပတ်လာကာ အောက်ကို လွင့်စဉ်စေသည်။ အော်သံများက အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
ရီဖူရှင်းတို့ အုပ်စုက ဆက်လက်၍ သွားနေကြသည်။ သူတို့အနီးမှ အုပ်စုများက ပျောက်ဆုံး သွားပြီးဖြစ်ရာ ချင်ယွန်တို့ ဘယ်ကို ရောက်သွားသည်ကို သူတို့ မသိကြပေ။
လွတ်လပ်ခြင်း ကျင့်စဉ်ကို သုံးလျှင် သူက ဧရာမ နတ်လိပ်ကြီးအား မြင်ရသည်။ ဖိအားက သိုင်းပညာ လေ့ကျင့်ရေးကွင်း ထက်ပင်လျှင် အားကောင်း၏။ သူက လွတ်လပ်ခြင်း ကျင့်စဉ်ကို ရပ်တန့်လိုက်ရသည်။ မဟုတ်လျှင် သူက လမ်းသိပ် လျှောက်နိုင်မည် မဟုတ်ပေ။ သူက ဤဖိအားကို အသုံးပြုလျက် သူ၏ ခန္ဓာအား လေ့ကျင့်နိုင်သည်။ သို့သော် ဤတစ်ခေါက်ကား လေ့ကျင့်ခြင်း မဟုတ်ဘဲ တောင်တက်ခြင်းဖြစ်သည်။
တစ်ရက်မျှ ကြာသောအခါ သူတို့အားလုံးက လွန်စွာ ပင်ပန်းနွမ်းနယ် နေကြပြီဖြစ်သည်။ သူတို့က ဘယ်နေရာကို ရောက်နေသည်ကိုလည်း မသိကြပေ။ ကြောက်စရာ ကောင်းသည်က သူတို့က အဆုံးမသတ်သော လမ်းကို လျှောက်နေသလို ခံစားရခြင်းပင်။
“ငါတို့ အနားယူကြမလား…” ရီဖူရှင်း မေးသည်။ သူက အနားယူရန် ပထမဆုံး ပြောခြင်းဖြစ်သည်။ သူကဲ့သို့ စွမ်းအားကောင်းသော သူပင်လျှင် မောပန်းသည်ဆိုပါက တခြားလူများ မည်သို့ ခံစားရမည်ကို တွေးကြည့်နိုင်သည်။
ရီဝူချင်းကလည်း ရပ်လိုက်ကာ ခေါင်းညိတ်သည်။ လူတိုင်းက မြေပြင်တွင် ထိုင်ကာ သူတို့၏ မျက်လုံများကို မှိတ်လိုက်ကြသည်။ ရီဖူရှင်းက သူ၏ မျက်လုံးကို မှိတ်လိုက်သောအခါ အမှန်တကယ် သူ့အား ရစ်ပတ်လာသော အားလှိုင်းကို ခံစားရသည်။ သူ၏ ခန္ဓာကိုယ်က လေထဲတွင် မြောလွင့်လာကာ ငှက်မွေးအလား ပေါ့ပါးလာ၏။ ရုတ်တရက် သူ၏ စိတ်အသိအား ရစ်ပတ်လာသော လက်အစုံကို ခံစားမိသည်။
“ငါတို့ နားလို့မရဘူး…” ရီဖူရှင်း၏ မျက်လုံးက ရုတ်တရက် ပွင့်လာကာ အော်ဟစ်သည်။ လူတိုင်းက စတင်နိုးထလာကာ သူတို့၏ မျက်လုံးများက အရောင်လက် သွားသည်။ သူတို့အားလုံး ထိတ်လန့်သွားကြ၏။ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သူတို့က သက်ပြင်းရှိုက်လျက် ထရပ်ကာ တောင်ပေါ်ကို ပြန်လည်တက်ရောက်ကြသည်။
“ဒါက တကယ်ပဲ မင်းတို့နိုင်ငံရဲ့ မြင့်မြတ်နယ်မြေလား…” ရီဖူရှင်းက လျိုဖေးယွန်အား ကြည့်ကာ မေးသည်။
“အားအကောင်းဆုံး လူတွေပဲ တောင်ထိပ်ပေါ်ကို ခြေချနိုင်တယ်တဲ့…” လျိုဖေးယွန်က ပြန်ပြောသည်…”ဧကရာဇ်ဖြစ်ချင်တဲ့ လူက ဒီစမ်းသပ်မှုကို ကျော်ဖြတ်ရတယ်…”
ရီဖူရှင်းက စိတ်ပျက်သော်လည်း သူက ဆက်သွားရန် လိုသည်။ သူပင်လျှင် ဤသို့ဆိုလျှင် တခြားလူများ မည်သို့ ခံစားနေရမည်နည်း။ ရီဝူချင်းမူကား တစ်ချိန်လုံး တိတ်ဆိတ်နေသည်။ ဤကိစ္စမပြီးမချင်း သူက စိတ်အေးနိုင်မည် မဟုတ်ပေ။
ရက်များ ကုန်ဆုံးသွားသည်။ သူတို့က တောင်ထိပ်ကို မရောက်နိုင်တော့သလို ခံစားကြရသည်။ သူတို့အားလုံး အားပြတ်နေကြပြီဖြစ်သည်။ သူတို့၏ ခြေထောက်များက လွန်စွာ လေးလံနေကာ ကြွက်သားများက ကိုက်ခဲနေသည်။ ခန္ဓာကိုယ်နှင့် အကြောအချဉ်များ တစ်ချိန်လုံး တင်းကျပ် နာကျင်နေသည်က အလွန်ဆိုးရွားသော ခံစားချက်ပင်။
တောင်ခြေမှကား မရေမတွက်နိုင်သော လူများက တောင်ပေါ်ကို တက်နေသော လူများကို ရေးရေးမျှ မြင်ကြရသည်။ တောင်ပေါ်ကို တက်သော လူအများအပြားက အောက်ကို လိမ့်ကျသွားပြီးဖြစ်သည်။ တချို့က အနည်းငယ်မျှ ဒဏ်ရာရသော်လည်း တချို့က ဒဏ်ရာ ပြင်းထန်သည်။
မြူများအကြားတွင် သူတို့က တောင်အလယ်မှ လူများကို မြင်ကြသည်။ အလယ်အထိ တက်ရောက် နိုင်သူများကား ထိပ်သီး အင်အားစုများမှသာ ဖြစ်ကြသည်။ နိုဘယ်အဆင့် အပါအဝင် သူတို့ထဲမှ တချို့ပင်လျှင် တောင်အောက်ကို လိမ့်ကျကြသည်။
“မင်းသားချင်နဲ့ ရီဖူရှင်းတို့က အတူတူလောက်ပဲ ရှိမယ်…” တစ်ယောက်က ပြောသည်။ ထိုလူများက သူတို့၏ အမြင်တွင် သေးငယ်သော်လည်း ရှင်းရှင်းလင်းလင်း မြင်ရသည်။ မည်သူက တောင်ထိပ်ကို ရောက်မည်ကို သူတို့ မသိပေ။
ရီဖူရှင်းမူကား သူဘယ်နေရာကို ရောက်နေသည်ကို မသိပေ။ လက်ရှိတွင်သူက လွန်မင်းစွာ အားပြတ်မှုကို ခံစားနေရသော်လည်း လမ်းက ပိုမိုချောမွေ့ လာသည်။ လမ်းလျှောက်ရသည်မှာ ပိုမို သက်သောင့်သက်သာ ဖြစ်လာ၏။ ပန်းခင်းတစ်ခုအား မြင်ရကာ မြင်ကွင်းက ပိုမိုသာယာ ကြည်နူးဖွယ် ကောင်းလာ၏။
“ငါတို့ တောင်ထိပ်ကို ရောက်ပြီလား…” ရီဖူရှင်းက မေးသည်။ သူက ဘေးကို ကြည့်လျှင် တခြားလူများ ပျောက်ကွယ်သွားပြီကို တွေ့လိုက်ရသည်… “ယူချင်း… ယူချင်း… .” ရီဖူရှင်းက ခေါ်လိုက်သည်။ ပံ့တင်သံကိုလည်း မကြားရပေ။ သူ၏ အသံက ချက်ချင်း ပျောက်ဆုံးသွားသည်။
ရီဖူရှင်း မျက်မှောင်ကြုတ် သွားသည်။ မိန်းမလှတစ်ယောက်က ပန်းခင်းထဲမှ ထွက်လာသည်။ သူမ၏ လှပသော မျက်လုံးများက သူ့အား စိုက်ကြည့်ရာ သူ၏နှလုံးသားက အရည်ပျော်မတတ်ပင်။
“ချူယောင်ယောင်…” ရီဖူရှင်း နားမလည်ပေ။ ချူယောင်ယောင်က သူ့အား စိုက်ကြည့်ကာ လက်ဆန့်တန်းသည်။ သူမက ရီဖူရှင်းအား ငေးမောကာ ကြည့်နေသည်။
“ပုံရိပ်ယောင်တစ်ခုလား… .” ရီဖူရှင်းက ရှေ့ကို တိုးလိုက်သည်။ သူက မိန်းကလေးအား လျစ်လျူရှုကာ ဖြတ်ကျော်သွားသည်။ ထို့နောက် သူက နောက်ထပ် ပုံရိပ်ယောင်များကို မြင်ရသည်။ ချင်မုံရိုကလည်း သူမ၏ ကု့ချင်းအား တီးခတ်နေသည်။ ဂီတသံက သူမ၏အနီးတွင် ပျံ့လွင့်နေသည်။ သူမရှေ့တွင်ကား လျင်မြန်စွာ စီးဆင်းနေသော စမ်းချောင်းလေး တစ်ခုအား မြင်ကြရသည်။
ဂီတသံက ရပ်တန့်သွားလျှင် ချင်မုံရိုက ထရပ်သည်။ သူမက သူမ၏ ပခုံးပေါ်သို့ လက်တင်ကာ အဝတ်စအား အောက်ကို အနည်းငယ် လျှောချလိုက်လျှင် သူမ၏ ဆွဲဆောင်မှုရှိသော သွင်ပြင်များ ကပိုကရို ပေါ်လာသည်။ ရှည်သွယ်သော ခြေထောက်များက စမ်းချောင်းထဲကို တစ်လှမ်းချင်း လှမ်းလာသည်။ အဝတ်အစားများက စိုစွတ်သွားပြီး သူမက ရီဖူရှင်းဘက်ကို လှည့်ကာ ပြုံးသည်။
သူက မျက်လုံးပြူး သွားသည်။ သူက အဘယ်ကြောင့် ဤသို့သော ပုံရိပ်ယောင်အား မြင်ရသနည်း။
“ဟင့်အင်း… ကျေးဇူးပဲ… ” ရီဖူရှင်းက သူမကို လျစ်လျူရှုကာ ရှေ့ကို ဆက်လျှောက်သွားသည်။ ထို့နောက်တွင် ချူယောင်ယောင်၊ အစ်မနှစ်၊ အစ်မချင်ယီ၊လို့လန်ရွှီ… သူတွေ့ဖူးသော မိန်းမလှတိုင်းက ပုံရိပ်ယောင်များ အဖြစ်ပေါ်လာကာ ရီဖူရှင်းကို နှောင့်ယှက်ကြသည်။ ဤပုံရိပ်များက သူ၏ စိတ်ကို စမ်းသပ်သည်လား။ ထိုမျှ များပြားသော မိန်းမလှများ အဘယ်ကြောင့် ပေါ်လာသနည်း။ သူက တဏာရူးလည်း မဟုတ်ပေ။
မှန်သည်… အခက်ခဲဆုံးကား ဂျီယူပေါ်လာသော အချိန်ဖြစ်သည်။ သို့တိုင်အောင် သူက လျစ်လျူရှု နိုင်ခဲ့သည်။ နောင်တွင် အခွင့်အရေး များစွာ ကျန်သေးရာ သူနောင်တမရပေ။
ယူချင်းကလည်း ထိုသို့သော ပုံရိပ်ယောင်များကို မြင်သည်။ သို့သော် သူက ရီဖူရှင်းထက် များစွာ လွယ်ကူပေသည်။ သူ့တွင် မိန်းမလှများ မပေါ်ပေ။ သူ၏အဖေနှင့် ရီဖူရှင်းတို့ကိုသာ သူမြင်သည်။
***