အခန်း ( ၇၈ )

တာအိုပစ္စည်းသိုလှောင်ခန်း အတွင်းဆောင်သို့ ဝင်ခွင့်ရခြင်း

“ တမန်တော်အရှင်မ ခင်ဗျာ ”
ကျောက်တန်းပေါ်တွင် တာအိုရသေ့တစ်ပါးသည် အသံတုန်တုန်ရင်ရင်ဖြင့်‌ ပြောလိုက်သည်။
“ ကျွန်တော်တို့ နေရာအနှံ့လည်းရှာပြီးပါပြီ။ ရှုံးရွာကို အပြင်ကနေလည်း အကြာကြီးစောင့်ကြည့် ပြီးပါပြီ။ ဒါပေမဲ့ ပင်လယ်စောင့်နတ်မင်းရှိတဲ့နေရာကို မသိရသေးပါဘူး ”

“ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့အပေါ်မှာ သနားဂရုဏာထားပေးပါ တမန်တော်အရှင်မ ခင်ဗျာ။ ကျွန်တော်တို့ အရှင်မအတွက် သေမျိုးသွေးကို နှစ်တစ်ထောင်ရှာပေးပါမယ် ”

“ သေမျိုး ဟုတ်လား ”
အမျိုးသမီး၏ အကြည့်သည် ရေခဲတမျှ အေးစက်နေသည်။
“ သေမျိုးသွေးက ဘာကောင်းလို့လဲ။ စိတ်စွမ်းအင်လည်း မပါသလို ငါ့ကိုလည်း အကုသိုလ်ရစေလိမ့်မယ် ”

“ မင်းတို့တွေ ငါ့ဆီမှာ ခစားနေတာ ဒီလောက်ကြာပြီ။ ငါ့ရဲ့ကျင့်ကြံခြင်းအတတ်ကြောင့် ရခဲ့တဲ့ အကုသိုလ်တွေကို ချေဖျက်ပြီးပြီဆိုတာ မသိဘူးလား။ ငါ သေမျိုးတွေကို မသတ်တော့ဘူး ”

“ မင်းတို့ နှစ်ယောက်အတွက်ကတော့..ဟင်း.. ငါ့ဂိုဏ်းက လူသားတွေကို အသုံးချနေဆဲဆိုတော့ မင်းတို့ရဲ့ လုပ်ဆောင်ချက်ညံ့တာကို အပြစ်ပေးဖို့ ယာယီဆိုင်းငံ့ပေးထားပါမယ် ”
ထိုရသေ့နှစ်ပါးသည် စိတ်သက်သာရာရသွားဟန် သက်ပြင်းချလိုက်ပြီး လျင်မြန်စွာ ပြောလိုက်ကြသည်။
“ ကျေးဇူးတင်ပါတယ်… တမန်တော်အရှင်မ ”

“ ကျေးဇူးတင်ပါတယ်… တမန်တော်အရှင်မ ”
အမျိုးသမီးသည် ထိုနှစ်ပါးကို အေးစက်စက်ကြည့်လိုက်သည်။ အတုမဲ့နတ်ဝိဇ္ဇာနှစ်ပါးသည် သူတို့၏ ပါးစပ်များကို ချက်ချင်းပိတ်လိုက်ပြီး အသက်ပင်မရှူဝံ့ဘဲ ဆက်ဒူးထောက်နေကြ၏။

‘ ဒီ လူသားချီကျင့်ကြံသူတွေက သုံးစားလို့ကို မရပါလား ’
အမျိုးသမီးသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ ရှည်လျားကျည်းမြောင်းသော ဇာမနီမျက်လုံးနှင့် တူသော မျက်လုံးများကို ကြုတ်လိုက်သည်။ သူမသည် အဝေးရှိ သမုဒ္ဒရာရေပြင်ကို ငေးကြည့်နေပြီး ဂိုဏ်းမှ သူမ ရရှိထားသော အမိန့်များကို ပြန်စဉ်းစားလိုက်သည်။

သူမ၏ တာအိုအမည်သည် ဝမ်ကျင်းဖြစ်သည်။ သူမသည် တာအိုတရားကို ရရှိခဲ့သော အတောင်နီ ခြင်နက်မျိုးနွယ်မှ ဖြစ်သည်။ သူမသည် မိစ္ဆာမဟုတ်သလို ဝိညာဉ်လည်း မဟုတ်ပေ။ သူမသည် ကြမ်းကြုတ်သည့် ရှေးဟောင်း သားရဲဖြစ်၏။

အမှန်တွင် သူမသည် ထိုမျိုးနွယ်၏ ဘုရင်မပင်။

တန်ခိုးရှင်ခြောက်ပါး တာအိုတရားကို မရရှိမီကပင် သူမသည် အတောင်နီ ခြင်နက်များကို ဦးဆောင်ကာ အနောက်ကျွန်းတွင်နေကြသော သက်ရှိများကို ဒုက္ခပေးခဲ့၏။ ထို့နောက် သူမသည် အနောက်ကျောင်းတော်မှ တန်ခိုးရှင်နှစ်ပါး၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသည်။ ထိုတန်ခိုးရှင်နှစ်ပါးသည် သူမကို မသတ်ခဲ့ပေ။

ထိုအချိန်က အနောက်‌ကျောင်းတော်မှ တန်ခိုးရှင်နှစ်ပါးသည် တာအိုဘိုးဘေးမှ ချီးမြှင့်ထားသော ခရမ်းရောင်ချီဓာတ်ကို ရရှိပြီးဖြစ်သည်။ သို့သော် သူတို့သည် ကုသိုလ်သိဒ္ဓိတင်နည်းလမ်းများကို အပြည့်အဝ နားမလည်ကြသေးပေ။

ဝမ်ကျင်းသည် တာအိုတရားကို လျှို့ဝှက်ကျင့်ကြံခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူမသည် အနောက်ကျောင်းတော်၏ ကပ်ဘေးတမန်တော်ဖြစ်လာပြီး အနောက်ကျောင်းတော် ကိုယ်တိုင်လုပ်လျှင် ဂုဏ်သိက္ခာကျစေမည့် မကောင်းသည့်အလုပ်များကို လျှို့ဝှက်လုပ်ကိုင်ပေးခဲ့ရ၏။

သူမသည် မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်နိုင်သော ရက်စက်သည့်သူဖြစ်သည်။

သူမသည် လူသားအဖြစ်ပြောင်းလဲနိုင်သောအခါ ဤကဲ့သို့ ညှို့ဓာတ်ပြင်းသော အသွင်ကို ယူထားရခြင်းမှာ အန္တရာယ်များသော အလုပ်များတွင် ပို၍လွယ်ကူစေရန်ဖြစ်သည်။

အနောက်ကျောင်းတော်၏ မကောင်းသောအလုပ်များကို အတင်းအကြပ်လုပ်ပေးရန် စေခိုင်းခံရသောအခါ ဝမ်ကျင်းသည် ထိုအကုသိုလ်များကို ချေဖျက်ရန် အမွှေးတိုင်ပူဇော်မှုမှရသည့် ကုသိုလ်များကို အသုံးပြုနေခဲ့ခြင်းပင်။ ယခုတွင် သူမ၏ အကုသိုလ်များသည် သုညအထိ ရောက်ရှိနေပြီဖြစ်၏။

သို့သော် ကောင်းကင်တာအိုသည် ထိုအရာကို အာရုံခံမိ၍ သူမကို ကုသိုလ်မရနိုင်စေရန် ပိတ်ပင်ထားခဲ့လေသည်။ ထို့ကြောင့် သူမသည် ဒေါသဖြစ်နေရ၏။
‘ ငါ အဲဒီလူသားတွေ ကိုးကွယ်တဲ့ ကောင်းကင်တာအိုဆိုတာကြီးကို ဓားနဲ့ထိုးပစ်ချင်တယ် ’
ဝမ်ကျင်းသည် တွေးတောနေရင်း ဘေးမှ တာအိုရသေ့နှစ်ပါး စကားထပ်ပြောသည်ကို ကြားလိုက်ရ၏။

“ တမန်တော်အရှင်မ… ပင်လယ်စောင့်နတ်မင်းကျောင်းတော်က တောင်သမုဒ္ဒရာရဲ့ နေရာကျဉ်းကျဉ်းလေးပဲ ယူထားတာပါ။ ကျွန်တော်တို့ရဲ့ အမွှေးတိုင်ပူဇော်မယ့် ကျောင်းတော်တွေက ‌တောင်ကျွန်းရဲ့ အနောက်တောင်ပိုင်းက နေရာတော်တော်များများကို ယူထားတာပဲ… ”

“ တကယ်ဆို… ကျွန်တော်တို့ဘက်က မရှုံးပါဘူး ”

“ တမန်တော်အရှင်မ… ဘာလို့ ကျွန်တော်တို့ ရှုံးရွာကို တိတ်တဆိတ် မဖျက်ဆီးပစ်တာလဲ… ”
ဝမ်ကျင်းသည် သူမ၏ တုန်လှုပ်နေသော လက်အောက်ငယ်သားများကို လှည့်ကြည့်လိုက်သည်။

ထိုစကားပြောလိုက်သော သူသည် ကိုယ့်ပါးစပ်ကို လှီးပစ်ချင်စိတ်ပေါ်သွား၏။

“ သေမျိုးတွေကို သတ်တာက အကုသိုလ်တွေပဲ ပိုရလာလိမ့်မယ်။ ဘာအကျိုးမှ ရှိမှာမဟုတ်ဘူး ”
အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ညှို့ဓာတ်ပြင်းသည့် ဝမ်ကျင်းသည် အေးစက်စက် ပြောလိုက်သည်။
“ ငါရှာနေတာက ဒီ အမွှေးတိုင်ပူဇော်မှုကရတဲ့ ကုသိုလ်ကို ခံယူနေတဲ့ သူပဲ။ ငါ သူ့ရဲ့ ကုသိုလ်တွေနဲ့ သွေးတွေကို စုပ်ယူပစ်ချင်တာ။ အဲ့တစ်ယောက်က အမွှေးတိုင်ပူဇော်ခံဖို့ ရုပ်တုတွေအများကြီးတောင် လာထောင်ပြီးသွားပြီ။ သူ့ဗျူဟာတွေက မင်းတို့ထက် အများကြီးပိုကောင်းတယ် ”

သူမသည် ဘေးသို့ ခြေလှမ်းအနည်းငယ်လျှောက်လိုက်ရာ သူမ၏ ရှိုက်ကြီးဖိုငယ်များသည် တပ်မက်ဖွယ် လှုပ်ရမ်းသွား၏။ သို့သော် ထိုနှစ်ဦးသည် မျက်လုံးပင့်၍ပင် မကြည့်ဝံ့ချေ။

ဝမ်ကျင်းသည် ခေတ္တမျှတွေးတောနေပြီး ဆက်ပြောလိုက်သည်။
“ တောင်သမုဒ္ဒရာက အနောက်ကျွန်းနဲ့ ဝေးတယ်။ ဒီမှာက သက်ရှိ အရေအတွက်က သောင်းကျော်လောက်ပဲရှိတာ။ ငါတို့ သူတို့ကို ဆုံးရှုံးလိုက်ရလည်း ဘာမှ မဖြစ်ဘူး။ အဲဒါက အရေးမကြီးဘူး ”

“ အခု ငါမင်းတို့ကို အရေးကြီးခိုင်းစရာတစ်ခု ရှိတယ်။ အရှေ့ကျွန်းမှာ တုနတ်ဝိဇ္ဇာဂိုဏ်းလို့ခေါ်တဲ့ နတ်ဝိဇ္ဇာဂိုဏ်းတစ်ဂိုဏ်းရှိတယ်။ အဲဒါက ရန်ကျောင်းတော်ရဲ့ လက်အောက်က မထင်မရှား ဂိုဏ်းအသေး‌လေးပဲ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က အဲ့ဂိုဏ်းက ရွှေနတ်လိပ်ကျွန်းက အသုံးမကျတဲ့ ကောင်းကင်နတ်မင်းအဆင့်ရှိတဲ့ သူတွေနဲ့ လက်ရည်စမ်းခဲ့တယ် ”

“ ဒီနေ့ မင်းတို့ အရှေ့ကျွန်းကိုသွားပြီး အဲ့ကိစ္စကိုစုံစမ်းပြီး မင်းတို့ ဘာလုပ်နိုင်တာရှိလဲဆိုတာ လေ့လာခဲ့။ မင်းတို့ ကောင်းကောင်းလုပ်နိုင်ခဲ့ရင် မင်းတို့ကို ဆုနည်းနည်း ချီးမြှင့်ပြီး အရင်က အမှားတွေကိုလည်း လျှော်ပေးလိုက်မယ် ”

ထိုနှစ်ပါးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် အန္တရာယ်ကို ကျော်လွှားနိုင်ခဲ့၍ ပျော်ရွှင်မှုများနှင့် ပြည့်နေ၏။ ထို့နောက်သူတို့သည် အားမာန်အပြည့်ဖြင့် ပြန်ဖြေလိုက်ကြ၏။
“ ဟုတ်ကဲ့ပါ အရှင်မ ”

“ သွားကြ… မင်းတို့အမှားလုပ်မိရင်ဖြစ်ဖြစ်၊ သရုပ်မှန်ပေါ်သွားရင်ဖြစ်ဖြစ် ဘာဖြစ်မယ်ဆိုတာ သိတယ်မလား ”
ဝမ်ကျင်းသည် သူမ၏ သွယ်လျသောလက်ချောင်းလေးများကို သိမ်မွေ့စွာ ဝှေ့ယမ်းပြလိုက်သည်။

ထိုနှစ်ပါးသည် လျင်မြန်စွာ နောက်ဆုတ်၍ ပင်လယ်ထဲခုန်ချကာ မန္တန်အစီအရင်အတွင်းမှ ထွက်သွားကြလေတော့သည်။

“ ဒီကောင်တွေက သတင်းအချက်အလက် စုဆောင်းတာလောက်မှာပဲ အသုံးဝင်တဲ့ တကယ့် အမှိုက်ကောင်တွေပဲ ”
ဝမ်ကျင်း၏ မျက်လုံးထဲတွင် အေးစက်စက် အရိပ်အယောင်များရှိလေသည်။ သူမသည် လက်ဖျောက်တီးလိုက်ရာ ခြင်နက်နှစ်ကောင်သည် ထို အတုမဲ့နတ်ဝိဇ္ဇာနှစ်ပါး၏ လည်ဂုတ်ပေါ်တွင် အသံမထွက်စေဘဲ ကပ်ပါသွားကြ၏။ ထိုနှစ်ပါးသည် သတိပင်မထားမိလိုက်ကြချေ။

“ တစ်ခုခုဆိုရင် သူတို့ကိုသတ်လိုက်။ ဘာခြေရာလက်ရာမှ မကျန်ခဲ့စေနဲ့ ”
ခြင်နက်နှစ်ကောင်သည် စိတ်ထဲမှနေ၍ ပြန်ဖြေလိုက်သည်။

“ မှန်လှပါ အရှင်မ ”

ရန်ကျောင်းတော်မှ တပည့်ငယ်များနှင့် ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများ၏ လက်ရည်စမ်းပွဲကို အသုံးချ၍ ပြဿနာမီးမွှေးရန် သူမကို စေခိုင်းလိုက်သည့်သူမှာ တန်ခိုးရှင်နှင့် အနောက်ကျောင်းတော်မှ လက်ထောက်ဂိုဏ်းချုပ်တို့၏ တပည့်တစ်ဦးပင်။

ထိုအရာသည် သေးငယ်သော ကိစ္စဟုထင်ရသော်လည်း တာအိုကျောင်းတော်သုံးကျောင်းနှင့် တန်ခိုးရှင်များ၏ ဂုဏ်သိက္ခာများ ပါဝင်နေကြောင်း ဝမ်ကျင်းသိလေသည်။

သူမသည် အစီအစဉ်သေချာဆွဲရမည်ဖြစ်ပြီး သူမကိုယ်သူမ ဖော်ပြလိုက်၍ မရချေ။

အကယ်၍ သူမ သတိလက်လွတ်ဖြစ်သွား၍ အနောက်ကျောင်းတော်သည် တာအိုကျောင်းတော်သုံးကျောင်းကို သွေးခွဲရန်ကြံနေသည့်ကိစ္စ အပြင်သို့ပေါက်ကြားသွားလျှင် သူမသည် အနောက်ကျောင်းတော်မှ တန်ခိုးရှင်နှစ်ပါး၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့််မည်။ တာအိုကျောင်းတော်များမှ ပညာရှင်များလည်း သူမကို ကယ်တင်နိုင်မည်မဟုတ်ပေ။

ထိုအခါတွင် သူမသည်သာ ကျောင်းတော်သုံးကျောင်းကို သွေးခွဲသည့် တရာခံဖြစ်သွားပေမည်။ သူမသည် အနောက်ကျောင်းတော်၏ မကောင်းသည့်တာဝန်များကို ထမ်းဆောင်နေသော်လည်း သူမသည် ဒူးထောက်အလျှော့ပေးထားခြင်းမဟုတ်ပေ။

သူမသည် မျိုးနွယ်တစ်ခု၏ ဘုရင်မပင်။ အဘယ်သို့ အခြားသူများကို ဒူးထောက်အလျှော့ပေးနိုင်မည်နည်း။

အကယ်၍ အနောက်ကျောင်းတော်မှ ဒုတိယတန်ခိုးရှင်သည် သူမ၏မျိုးနွယ်မှ ခြင်နက်ကြီးများ အကုန်လုံးကို ဖမ်း၍ သူမကို မခြိမ်းခြောက်ခဲ့လျှင် သူမသည် ရှေးကတည်းက ထို လက်ထောက်ဂိုဏ်းချုပ် တန်ခိုးရှင်ကို သွေးများစုပ်ပစ်ခဲ့ပြီဖြစ်သည်။

“ ဟင်း… ”
ဝမ်ကျင်းသည် သူမ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ သူမ၏ ညှို့ဓာတ်ပြင်းသော ခန္ဓာကိုယ်သည် သွေးကြောင်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ မန္တန်အစီအရင်နှင့် အတူပျောက်ကွယ်သွားလေ‌တော့သည်။

သမုဒ္ဒရာရေမျက်နှာပြင်ပေါ်တွင် မည်သည့်အရိပ်အယောင်မျှ မကျန်ခဲ့ဘဲ လေထဲတွင်သာ ခြင်သံများ ကျန်ခဲ့လေသည်။

သို့သော် အသံများကြားနေရသော်လည်း အကောင်များကိုမူ မမြင်ရချေ။

ထိုအရာသည် ခြင်မျိုးနွယ်၏ ဘိုးဘေးများမှ လက်ဆင့်ကမ်းခဲ့သော လျှို့ဝှက်အတတ်တစ်ခုဖြစ်နိုင်၏။

*******

“ အကျင့်ပုတ်တဲ့ အစ်ကိုကြီး… ”
ချုံတောင်လေးပေါ်တွင် လန်လင်းအယ်သည် ရေကန်ဘေးရှိ မိုးမခပင်ကြီး၏ အောက်တွင် ဒူးထောက်နေလေ၏။ သူမသည် လက်ကိုင်ပဝါလေးကို ရေစွတ်ကာ သူမ ဒုက္ခခံ၍ လိမ်းခဲ့ရသော မျက်နှာချေများကို ဖျက်ပစ်နေ၏။
“ မကောင်းတဲ့ အစ်ကိုကြီး… ”

“ ပန်းချီက ဘာဆိုတာ သူကသေချာမရှင်းပြတော့ ငါက အရူးဖြစ်တာပေါ့ ”

“ နောက်ဆုံးတော့ သူက ငါဒီလို ပေါက်ကရတွေလျှောက်လုပ်နေလို့ ငါ့ရဲ့ တာအိုနှလုံးသားက မတည်ငြိမ်တာလို့တောင် ပြောလိုက်သေးတယ်။ ငါက ဒါတွေအကုန် သူပျော်အောင် လုပ်ခဲ့ရတာကို… ”

“ သူငါ့ကို ကျမ်းစာတွေကို အကြိမ်တစ်ရာလောက်ကူးခိုင်းချင်လည်း ဘာဖြစ်သေးလဲ။ ဘာကိစ္စမှ မရှိဘူး ”

လီချန်ရှို့သည် သူ့ဆရာ၏ တဲထဲတွင် ဖြစ်သော်လည်း ရေကန်ဘေးမှ လင်းအယ်၏ အပြစ်တင်စကားများကို ကြားသောအခါ ကိုယ့်နဖူးကိုယ်ရိုက်လိုက်ရလေသည်။

‘ အာ… ’
ချီယွမ်သည် ကုလားထိုင်အဝိုင်းတွင်ထိုင်နေပြီး လီချန်ရှို့ကို သူ့ဘေးက ခုံတွင် ဝင်ထိုင်ရန် လက်ဟန်ပြလိုက်ပြီး မေးလိုက်၏။
“ ချန်ရှို့… ငါနဲ့ ဆွေးနွေးစရာရှိလို့လား… ”

“ ဆရာ… အပြင်က မန္တန်အစီအရင်တွေ အရင်နှိုးလိုက်ပါလား။ နံရံတွေမှာ နားတွေရှိမှာ စိုးတယ် ”

“ အင်း… ”
ချီယွမ်သည် ခေါင်းညိတ်ပြလိုက်ပြီး တဲအိမ်အပြင်ဘက်ရှိ မန္တန်အစီအရင်များကို နှိုးလိုက်သည်။ ထို့နောက်သူသည် လီချန်ရှို့ကို ငေး၍ စေ့စေ့စပ်စပ်ကြည့်လိုက်သည်။

ယခင်က သူမ၏ အစ်ကိုကြီးသည် တမူထူးခြားသောသူဖြစ်သည်ဟု လင်းအယ်က သူ့ကို ပြောချိန်တွင် တာအိုရသေ့အိုကြီးချီယွမ်သည် သူ၏ တပည့်ကြီးမှာ ကြောက်တတ်၍ သေရမည်ကို စိုးရွံ့သော်လည်း အလားအလားကောင်းများရှိပြီး ကျင့်ကြံခြင်းအဆင့်တက်ရာတွင်လည်း မြန်သဖြင့် မဆိုးလှဟူ၍လောက်သာ တွေးထားခဲ့သည်။

သို့သော် ဆေးဖော်ဆောင် တစ်ဝိုက်ရှိ ဆက်စပ်မန္တန်အစီအရင်များအတွင်း ပိတ်မိနေပြီး‌‌နောက်တွင်မူ တာအိုရသေ့အိုကြီး ချီယွမ်သည် ရှေ့နှစ်ပိုင်းများတွင် သူ့တပည့်ကြီးနှင့် အဆက်အဆံသိပ်မရှိခဲ့ကြောင်းကို သဘောပေါက်လာသည်။

သူသည် ယခုတွင်လည်း သူ့တပည့်ကြီးကို နားမလည်နိုင်သေးပေ။

ဆေးဖော်ဆောင်တစ်ဝိုက်ရှိ မန္တန်အစီအရင်များ၊ ဆန်းကြယ်သော ချီငြိမ်မန္တန်နှင့် ပုံပြောင်းစက္ကူကိုယ်ပွားများ စသည်တို့ကိုလည်း သူနားမလည်သေးပေ။

“ ချန်ရှို့ … ”
ချီယွမ်သည် ရှေ့သို့ကိုင်း၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ ငါ့ကို အမှန်အတိုင်းပြောပါ။ မင်းအခု ဘယ်ကျင့်ကြံခြင်းအဆင့်ကို ရောက်နေပြီလဲ… ”

လီချန်ရှို့ ပြုံး၍ ပြောလိုက်သည်။
“ ကျွန်တော် အုတ်ဂူကန်တော့ဖို့ သွားတုန်းက ကောင်းကင်ပြစ်ဒဏ်ကို ခံခဲ့ရပါတယ်… ”

‘ ကျွန်တော်လည်း မမျှော်လင့်ဘဲ နတ်ဝိဇ္ဇာအဖြစ် တက်လှမ်းသွားတာပါ… ’
သို့သော် သူသည် နောက်မှစကားကို တိုက်ရိုက်ပြော၍ မရပေ။

ချီယွမ်သည် ခေါင်းညိတ်လိုက်ပြီး အတန်ငယ် စိတ်အေးသွားသကဲ့သို့ ခံစားလိုက်ရသည်။

နောက်ဆုံးတွင် သူ့ တပည့်ကြီး၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို သိခဲ့ရလေပြီ။ ကျင့်ကြံသူတစ်ယောက်သည် ကောင်းကင်ပြစ်ဒဏ်ခံယူပြီးသွားလျှင် မူလနတ်ဝိဇ္ဇာအဆင့်ကို ရောက်သွားပေလိမ့်မည်။

‘ သူက နတ်ဝိဇ္ဇာဖြစ်ဖို့ (၁၂၃)နှစ်ပဲ လိုလိုက်တယ်။ သူ့ရဲ့ ပါရမီက တပည့်ငယ်တွေကြားမှာ ထိပ်တန်းအဆင့်ပဲ ’
ချီယွမ် ထပ်မံ၍ မျက်မှောင်ကြုတ်လိုက်သည်။
“ အဲဒါဆို မင်းရဲ့ ကျင့်ကြံခြင်းအဆင့်အစစ်ကို ဘာလို့ ဆက်ဖုံးကွယ်ထားတာလဲ။ မင်းရဲ့ကျင့်ကြံခြင်းအဆင့် အစစ်ကို ပြပြီး ဂိုဏ်းရဲ့ ကာကွယ်မှုကို ယူတာမကောင်းဘူးလား ”

“ ဆရာ… လောကကြီးက နေဖို့ ခက်ခဲကြမ်းတမ်းတဲ့ နေရာ။ လူသားတွေရဲ့နှလုံးသားကလည်း ခန့်မှန်းရခက်တယ် ”
လီချန်ရှို့သည် နူးနူးညံ့ညံ့ဆက်ပြောလိုက်သည်။
“ ဆရာပဲ စဉ်းစားကြည့်ပါ။ ကျွန်တော် ဗလာနတ္ထိအဆင့်မှာတုန်းက ဝိညာဉ်အခြေတည်အဆင့်ကို ရောက်နေသလို ဟန်‌ဆောင်ခဲ့တယ်။ တကယ်လို့ တစ်ယောက်ယောက်က ကျွန်တော့်ကို တိုက်ခိုက်ချင်ရင် ဝိညာဉ်အခြေတည်အဆင့်ရှိတဲ့ ချီကျင့်ကြံသူတစ်ယောက်ကို တိုက်သလောက်ပဲ အစွမ်းထုတ်မှာပေါ့။ အဲဒီလိုဆို အဲဒီရန်သူရဲ့ ဟာကွက်တွေကို တွေ့ဖို့ အခွင့်အရေးများလာပြီး ကျွန်တော်လည်း ဆက်ရှင်သန်နိုင်မှာပေါ့… ”

“ ဆရာ အဲ့သဘောတရာကို နားလည်လောက်မှာပါ… ”
တာအိုရသေ့အိုကြီး ချီယွမ်သည် ခေါင်းညိတ်၍ တွေးတောနေလိုက်သည်။ တစ်ခုခု လွဲနေကြောင်း သူခံစားမိသော်လည်း မည်သည့်အရာက လွဲနေကြောင်း သူေထာက်မပြနိုင်ပေ။

လီချန်ရှို့ ဆက်ပြောလိုက်သည်။
“ ကျွန်တော်ကလည်း ဂိုဏ်းထဲမှာ ထူးချွန်တဲ့ တပည့်တစ်ယောက်အဖြစ်နေနေတာပါ။ နတ်ဝိဇ္ဇာပေါက်စလေးတွေရဲ့ အဆင့်နဲ့သိပ်မကွာပါဘူး။ ကျွန်တော့်ရဲ့ လစဉ်အသုံးစရိတ်က အဲ့ နတ်ဝိဇ္ဇာပေါက်စလေးတွေထက် (၂၀)ရာခိုင်နှုန်းပဲ နည်းတာပါ… ”

“ ဒါပေမဲ့ ကျွန်တော် အမှန်တကယ်ရတဲ့ အကျိုးအမြတ်က ကျွန်တော့်ရဲ့ စွမ်းရည်တွေနဲ့ နာမည်ကို လူ မသိကြတာပဲ။ အဲဒါကြောင့် ကျွန်တော့်ကို ရန်ရှာမယ့် သူလည်း မရှိတော့ဘူးပေါ့ ”

“ ဆရာ… သေချာတွေးကြည့်ပါ။ တကယ်လို့ ချုံတောင်လေးကနေ နတ်ဝိဇ္ဇာပေါက်စလေးတစ်ပါး ထွက်လာမယ်ဆိုရင် တခြားသူတွေက သေချာပေါက် မနာလိုဖြစ်ကြမှာပဲ။ အဲဒီလို ထူးချွန်တဲ့သူတွေထွက်လာတိုင်း တခြားတောင်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတာချည်းပဲ… ”

“ အဲဒီအခါကျရင် တောင်အချင်းချင်း လစဉ်အသုံးစရိတ်လုတာတွေ ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ဂိုဏ်းရဲ့ ဝင်ငွေကတော့ အရင်ကအတိုင်းပဲ မဟုတ်လား… ”

ချီယွမ်သည် အတန်ငယ်တွေးတော၍ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

ယခင်က သူ့တပည့်ကြီး၏ နည်းလမ်းများသည် တရားနည်းလမ်းမကျဘဲ ကောက်ကျစ်သည့်နည်းများဟု သူထင်ခဲ့၏။ ယခုတွင် သူ့တပည့်ကြီးသည် သူ့ထက် ပို၍ အစွမ်းကြီးလာပြီဖြစ်ရာ ထိုနည်းများသည် အမှန်ပင် အဓိပ္ပာယ်ရှိကြောင်း ခံစားရလာ၏။

ချီယွမ်သည် သူ၏ မုတ်ဆိတ်မွေးကိုသပ်ကာ သက်ပြင်းချလိုက်သည်။
“ အဲဒါတော့ အမှန်ပဲ။ ငါ သေချာမတွေးမိခဲ့တာပဲ ”

လီချန်ရှို့ မျက်ခုံးပင့်လိုက်သည်။ သူ၏ ဆရာသည် သူထင်ထားသည်ထက် ပို၍ နားချရလွယ်နေ၏။
‘ အဟမ်း… သူက ငါထင်ထားတာထက် ပိုပြီး လှည့်ဖျားဖို့ လွယ်နေတာပဲ ’

“ ဆရာ… ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းက ဆရာ၊ ညီမလေးနဲ့ ကျွန်တော်တို့ နောက်ကျရင် ဂိုဏ်းကနေထွက်နိုင်မယ့် လမ်းကြောင်းပဲ ”

“ ထွက်မယ်ဟုတ်လား… ”
ချီယွမ်တစ်ယောက် ရယ်ရမလို ငိုရမလိုဖြစ်သွားသည်။
“ မင်း ဘာတွေပြောနေတာလဲ။ ငါတို့ ဂိုဏ်းမှာပဲ ကျင့်ကြံပြီး နေ့တိုင်း အေးအေးလူလူ နေရတာ မကောင်းဘူးလား။ ဒါမှမဟုတ် ဂိုဏ်းက မင်းလို နတ်ဝိဇ္ဇာတစ်ပါးအတွက် သေးလွန်းတယ်လို့ ခံစားနေရလို့လာား ”

“ ဂိုဏ်းက ကျွန်တော်တို့အပေါ် အရမ်းကောင်းပါတယ်။ တကယ်လို့ ဂိုဏ်းသာ အန္တရာယ်ကြုံခဲ့ရင် ကျွန်တော် အသက်ရှိသရွေ့ တစ်ဂိုဏ်းလုံးကို ကူညီမှာပါ။ မကူညီနိုင်လိုက်ရင်လည်း ကျွန်တော် သေချာပေါက် လက်စားချေပေးမှာပါ… ”
လီချန်ရှို့ လေးလေးနက်နက်ပြောလိုက်သည်။
“ ဒါပေမဲ့ ဆရာ… ဆရာ အသက်ရှည်ရှည် မနေချင်ဘူးလား ”

“ နေချင်တာပေါ့ကွ… ”
ချီယွမ် သက်ပြင်းချ၍ ဆက်ပြောလိုက်သည်။
“ ဒါပေမဲ့ မင်း ငါ့အတွက် ပူစရာမလိုပါဘူး။ ငါက မြေနတ်ဝိဇ္ဇာဖြစ်လာပြီး အတုမဲ့နတ်ဝိဇ္ဇာအဆင့်ထိ ရောက်အောင် ဆက်ကျင့်ကြံနိုင်ဖို့ အခွင့်အရေးရတာနဲ့ကို ကျေနပ်နေပါပြီ ”

လီချန်ရှို့ ပြုံး၍ ပြောလိုက်သည်။
“ ဆရာ… ဆရာ အတုမဲ့နတ်ဝိဇ္ဇာအဆင့်ကိုရောက်သွားရင်လည်း အဲဒီထက်ပိုအသက်ရှည်အောင် လုပ်လို့ရတဲ့ နည်းရှိပါသေးတယ်။ ပြီးတော့ အဲဒါက နောက်ကျရင် ကျွန်တော်နဲ့ ညီမလေးအတွက်လည်း အကျိုးရှိပါလိမ့်မယ် ”

“ အဲဒီနည်းက မင်းနဲ့ လင်းအယ်အတွက် အကျိုးရှိစေမယ် ဟုတ်လား။ ဘာနည်းလဲ ပြောစမ်းပါဦး… ”
လီချန်ရှို့သည် စားပွဲပေါ်သို့ လက်ညှိုးညွှန်၍ စကားနှစ်လုံးရေးလိုက်သည်။
‘ ကောင်းကင်ဘုံခုံရုံး၊ နတ်မှတ်တမ်း ’

ချီယွမ်သည် မျက်မှောင်ကြုတ်၍ မိမိဘာသာ တီးတိုးရေရွတ်နေ၏။

လီချန်ရှို့သည် ရင်ထဲတွင် သက်ပြင်းချလိုက်၏။
‘ ဆရာလည်း တခြား ကျင့်ကြံသူအများစုလိုပဲ ကောင်းကင်ဘုံခုံရုံးမှာ တာဝန်မထမ်းချင်ဘူးထင်တယ် ’

‘ မတတ်နိုင်ဘူးလေ… တောင်ပေါ်မှာ ကျင့်ကြံနေတာက ကောင်းကင်ဘုံရဲ့ ထိန်းချုပ်တာတွေ၊ အမိန့်ပေးတာတွေကို ခံရတာထက် ပိုလွတ်လပ်ပြီး ပိုလွယ်တာဆိုတော့လည်း… ’
လီချန်ရှို့သည် သူ့ဆရာ ကောင်းကင်ဘုံခုံရုံးသို့ သွားချင်လာအောင် ပြောရမည့် စကားများကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။

အကယ်၍ သူ၏ဆရာက ငြင်းဆိုခဲ့လျှင်လည်း သူတွန်းအားပေးမည် မဟုတ်ပေ။ ဤအကြိမ်တွင် သူသည် သူ၏ကံကောင်းမှုကို စမ်းသပ်ကြည့်ခြင်းသာဖြစ်၏။

“ ဆရာ… ”
လီချန်ရှို့ စကားပြောတော့မည့်အချိန်တွင် ချီယွမ်သည် နားမလည်သည့်ဟန်ဖြင့် မေးလိုက်သည်။
“ အဲဒီနေရာက ငါ့ရဲ့ သက်တမ်းကို ဘယ်လိုရှည်အောင်လုပ်ပေးနိုင်မှာလဲ ”

‘ ဟမ်… ’
လီချန်ရှို့ ကြောင်သွားသည်။
“ ဆရာ… ဆရာအဲဒီနေရာရဲ့ အကျိုးကျေးဇူးတွေကို မသိဘူးလား… ”

“ စုန်းကဝေ-မိစ္ဆာ စစ်ပွဲကြီးပြီးတော့ တန်ခိုးရှင်တချို့က ပျက်ဆီးသွားတဲ့ မိစ္ဆာခုံရုံးတွေနေရာမှာ ကောင်းကင်ဘုံခုံရုံးတွေကို အစားထိုးတည်ထောင်ခဲ့တယ်ဆိုတာတော့ လူတွေပြောသံကြားဖူးတယ် ”
ချီယွမ် မျက်မှောင်ကြုတ်၍ ဆက်ပြောလိုက်သည်။
“ အသေးစိတ်ကိုတော့ ငါလည်း မသိဘူး ”

လီချန်ရှို့ ဆွံ့အသွားသည်။
‘ အခုလက်ရှိမှာ ကောင်းကင်ဘုံခုံရုံးရဲ့ ဂုဏ်သတင်းက အဲဒီလောက်ကို နိမ့်ကျနေတာလား… ’

“ ဆရာ… ကျွန်တော် အသေးစိတ်ရှင်းပြတာကို နားထောင်ပါ… ”
ချီယွမ်သည် ခေါင်းညိတ်၍ လီချန်ရှို့ ရှင်းပြသည်ကို စိတ်ဝင်တစား နားထောင်လိုက်သည်။

နေ့ဝက်ကြာပြီးနောက်…

လီချန်ရှို့သည် လက်နောက်ပစ်၍ သူ၏ ‌ဆေးဖော်ဆောင်သို့ ပြန်သွားလိုက်သည်။ စက္ကူကိုယ်ပွားထည့်သည့် သေတ္တာလေးကိုမူ သူ့ဆရာနှင့်ပင်ထားခဲ့၏။

သူ့ဆရာသည် သူအကြံပေးသကဲ့သို့ ကောင်းကင်ဘုံခုံရုံးတွင် တာဝန်ထမ်းဆောင်ရန် သဘောတူမည်ဟု သူ မမျှော်လင့်ခဲ့ချေ။ ထို့ပြင် သူ့ဆရာသည် အတော်ပင် စိတ်ဝင်စားနေ၏။ အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရောက်အောင် ကျင့်ကြံရန်ပင် စိတ်ခွန်အားရသွားသေးသည်။
‘ အခု စဉ်းစားကြည့်တော့ ဆရာ မြေနတ်ဝိဇ္ဇာဖြစ်လာကတည်းက ဂိုဏ်းမှာ နေရာတစ်ခု သတ်သတ်မှတ်မှတ် မရသေးဘူး… ’

‘ ဆရာသာ အတုမဲ့နတ်ဝိဇ္ဇာအဆင့်ကို မြန်မြန်တက်လှမ်းသွားနိုင်ပြီး ကောင်းကင်ဘုံခုံရုံးမှာ အမတ်တစ်ပါးဖြစ်လာရင်ဖြစ်ဖြစ် ဒါမှမဟုတ်လည်း ရာထူးသေးတစ်ခုလောက်ရသွားရင်ကို သူပိုပြီး စိတ်အေးချမ်းသွားမှာပဲ… ’

လီချန်ရှို့သည် သူ့ဆရာ အဆင့်တက်အောင် ကြိုးစားရာတွင် အထောက်အကူပြုမည့် ဆေးလုံးအမြောက်အမြားပေးထားခဲ့သည်။

သူသည်‌ မြေနတ်ဝိဇ္ဇာတစ်ပါးပင် ဖြစ်လာခဲ့ပြီဖြစ်၍ ဆေးလုံးသုံး၍ အဆင့်တက်အောင် ကြိုးစားခြင်းကို ရှက်နေစရာမလိုတော့ပေ။ သူ၏ အလားအလာသည် အကန့်အသတ်ရှိပြီးဖြစ်၍ ဆေးလုံးသုံး၍ ကြိုးစားလျှင်လည်း မည်သူမှ အပြစ်ပြောမည်မဟုတ်ပေ။

‘ ဆရာ အတုမဲ့နတ်ဝိဇ္ဇာအဆင့်ကို ရောက်သွားရင် လဘိုးဘိုးနဲ့ အဆက်အသွယ်ကို အသုံးချပြီး ဆရာ့ကို ကောင်းကင်ဘုံခုံရုံးမှာ စာရေးရာထူးလောက်တော့ရအောင် လုပ်ပေးရမယ်။ အဲ့လောက်ကတော့ ပြဿနာမရှိလောက်ပါဘူး… ’

‘ အစီအစဉ်ရဲ့ ဒုတိယအဆင့်ကတော့ လွယ်ပါတယ်… ’

‘ အခု ဆရာ အတုမဲ့နတ်ဝိဇ္ဇာအဆင့်ကို တက်လှမ်းနိုင်၊ မလှမ်းနိုင် အပေါ်မှာပဲ မူတည်တော့တယ်။ အဲဒါ နောက် နှစ်တစ်ထောင်လောက် အချိန်ယူရမယ်ထင်တယ်… ’

‘ ဒါမှမဟုတ် နှစ် နှစ်ထောင်လောက်ပေါ့… ’

‘ ဒါပေမဲ့ အဲဒါက သေချာပေါက် နတ်ဘုရားစစ်ပွဲကြီးစဖို့ တော်တော်လေးဝေးတဲ့အနေအထားမှာ ရှိနေလောက်မှာပါ ’

မြေနတ်ဝိဇ္ဇာတစ်ပါး အဆင့်တက်အောင်ကျင့်ကြံရခြင်းမှာ ကောင်းကင်နတ်ဝိဇ္ဇာတစ်ပါး အဆင့်တက်အောင် ကျင့်ကြံရခြင်းထက် ပိုခက်ခဲ၏။ ထိုသို့ဖြစ်ရခြင်း၏ အကြောင်းများထဲမှ တစ်ချက်မှာ မြေနတ်ဝိဇ္ဇာသည် ကောင်းကင်ပြစ်ဒဏ်၏ ကောင်းကျိုးများကို မရလိုက်၍ဖြစ်သည်။

‘ အဲဒါမတိုင်ခင် ငါ တောင်အပြင်မှာ လုံခြုံရေးအဆောက်အဦးတစ်ခု ဆောက်ထားရင်ကောင်းမလား ’
လီချန်ရှို့ ဖြည်းဖြည်းချင်းတွေးတောနေ၏။

အကယ်၍ သူတို့သုံးဦးသည် ကောင်းကင်ဘုံခုံရုံးသို့သွား၍ တုနတ်ဝိဇ္ဇာဂိုဏ်းသည် ပျက်ဆီးတော့မည့် အန္တရာယ်နှင့် ကြုံနေရကြောင်း သတင်းသွားပေးလျှင် သူသည် သူ့ဆရာ၊ သူ့ညီမလေးတို့နှင့်အတူ နေစရာ နေရာတစ်ခုရနိုင်ပေသည်။

တောအုပ်အတွင်း၌ ခေတ္တမျှ လမ်းလျှောက်တွေးတောနေပြီးနောက် လီချန်ရှို့သည် ထိုအကြံကို လက်လျှော့လိုက်ရန် ဆုံးဖြတ်လိုက်၏။
‘ အခုအချိန်မှာ အရေးကြီးဆုံးက ချုံတောင်လေးရဲ့ တောင်ကာမန္တန်အစီအရင် အဆင့်သင့်ဖြစ်နေဖို့ပဲ ’

အမှန်တွင် ပြီးပြည့်စုံသော မန္တန်အစီအရင်ပါသည့် လုံခြုံရေးအဆောက်အဦးတစ်ခုကို ဆောက်ရန် သူ့တွင် အဖိုးတန်ပစ္စည်း လုံလုံလောက်လောက် မရှိခြင်းပင်။

လီချန်ရှို့တစ်ယောက် ဆေးဖော်ဆောင်သို့ ပြန်‌‌ရောက်သောအခါ သူ၏ နတ်အာရုံသည် ကျိုးဝူ၏ ပုံရိပ်ကို အာရုံခံမိလိုက်သည်။
‘ ဆရာဦးလေးကျိုးဝူက ဒီတစ်ခေါက် အောင်းရိ ရုတ်တရက်ကြီး ငါ့ဆီအလည်လာတဲ့ ကိစ္စမှာ ငါ့ကို တော်တော် ကူညီပေးခဲ့တာပဲ။ သူကူညီတာက အရာရောက်ရောက် မရောက်ရောက် ငါသူ့ကို ကျေးဇူးတင်ရမှာပဲ ’

တာအိုရသေ့ဂျပုသည် ပျော်ရွှင်နေဟန်ရှိ၏။ သူသည် ချုံတောင်လေးအပြင်တွင် ကာထားသော မန္တန်အစီအရင်အတွင်းသို့ ဝင်လာကာ တဟားဟားဖြင့် ရယ်မောလိုက်သည်.
“ ဟား ဟား ဟား ဟား… ”

“ တူလေးချန်ရှို့… ငါ မင်းကို ဘာယူလာပေးတယ် ထင်လဲ။ ဒီတစ်ခေါက် မင်းက ရွှေနတ်လိပ်ကျွန်းက ချီကျင့်ကြံသူတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်။ ဂိုဏ်းက မင်းကို ဆုတွေအများကြီး ချီးမြှင့်လိုက်တယ်… ”
ထိုသို့ပြောပြီးနောက် ကျိုးဝူသည် တိမ်ပေါ်မှနေ၍ လီချန်ရှို့ထံသို့ ရတနာအိတ်နှစ်ခုပစ်ပေးလိုက်သည်။
“ အဲဒါတွေက မန္တန်အစီအရင်ဆင်တဲ့နေရာမှာ သုံးတဲ့ အဖိုးတန်ပစ္စည်းတွေပဲ။ ဂိုဏ်းက မင်းကို မန္တန်အစီအရင်အတတ်ကို ဆက်လေ့လာဖို့ အားပေးလိုက်တဲ့ သဘောပဲ… ”

လီချန်ရှို့သည် နတ်အာရုံကိုသုံး၍ ရတနာအိတ်နှစ်အိတ်ကို ဖမ်းလိုက်သည်။ သူသည် ထိုအိတ်နှစ်အိတ်ကို အဝေးမှနေ၍ စမ်းစစ်ပြီးမှ လက်ဖြင့်ကိုင်လိုက်သည်။

ကျိုးဝူသည် ထိုအချက်ကို မအံ့ဩတော့ချေ။ သူသည် မြေပြင်မှ (၁၀)ကျန့်အကွာတွင် တိမ်စီး၍ ရပ်နေသည်။

လီချန်ရှို့သည် လက်နှစ်ဖက်ဆုပ်၍ ဦးညွှတ်လိုက်၏။
“ ကျေးဇူးတင်ပါတယ် ဆရာဦးလေး… ”

“ ဟဲဟဲ… ကျေးဇူးတင်ဖို့ စောပါသေးတယ်ကွ… ”
ကျိုးဝူသည် ငွေရောင်ဓားတစ်ချောင်းကို ထုတ်၍ ပစ်ပေးလိုက်၏။ သူသည် အရေးမစိုက်ဟန်ဆောင်၍ ဆက်ပြောလိုက်သည်။
“ ဒါက မင်းအတွက် တာအိုပစ္စည်းသိုလှောင်ခန်းကို ဝင်ခွင့်ပဲ။ ငါ အဲဒါကို ရဖို့ ဂိုဏ်းကို တော်တော်လေး ပြောပေးခဲ့ရတာနော်… ”

“ တာအိုပစ္စည်းသိုလှောင်ခန်း အတွင်းဆောင်ထဲမှာ အတုမဲ့နတ်ဝိဇ္ဇာတွေပဲ ဖတ်ခွင့်ရတဲ့ မန္တန်အစီအရင်ကျမ်းစာတွေနဲ့ နတ်ဆေးကျမ်းစာတွေ ရှိတယ်။ ဘယ်လိုလဲ… သဘောကျရဲ့လား… ”

“ ဟင်… ”

“ ဟင်… ”
ကျိုးဝူသည် ပြောရင်း သူ့ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်၏။

လီချန်ရှို့ ရင်ခုန်သံမြန်သွား၏။ သူသည် ချက်ချင်းပင် ငွေရောင်ဓားလေးကို ကိုင်၍ နှစ်ကြိမ် စူးစမ်းလိုက်သည်။ သူ၏ နှုတ်ခမ်းစွန်းနှစ်ခုသည် ပြုံးသွား၏။

ဤအကြိမ်တွင် ဤမျှ အကျိုးအမြတ်ရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

သူ၏ ကျင့်ကြံခြင်းအဆင့်ကို အနည်းငယ်တိုးမြှင့်ဖော်ပြခဲ့ရသည့်အပြင် အခြားသူများ၏ အာရုံစိုက်မှုကိုလည်း ခံခဲ့ရသဖြင့် အနည်းငယ် ဆုံးရှုံးသကဲ့သို့ ဖြစ်နေသော်လည်း ဤပစ္စည်းကို ရခဲ့သဖြင့် သူ မြတ်ပင်မြတ်သွားလေသည်။
“ ဆရာဦးလေး… အထဲကို လာပြီး ထိုင်ပါဦး… ”

“ မထိုင်တော့ပါဘူး… ”
ကျိုးဝူသည် လက်ခါပြ၍ သက်ပြင်းချလိုက်သည်။
“ ငါက အစေခံဖြစ်ဖို့ ကံပါတယ်နဲ့ တူပါတယ်ကွာ။ မကြာခင် ဂိုဏ်းအပြင်ကို ထပ်သွားရဦးမယ်။ မင်းလည်း မြန်မြန်ကျင့်ကြံပြီး နတ်ဝိဇ္ဇာအဖြစ်ကို တက်လှမ်းလိုက်တော့။ အဲဒါမှ ဂိုဏ်းရဲ့တာဝန်ရှိသူတစ်ယောက် ဖြစ်လာမှာ။ အဲ့ကျမှ ဒီအလုပ်က ဘယ်လောက်ပင်ပန်းမှန်း သိလိမ့်မယ်… ”

လီချန်ရှို့ စိတ်ဝင်စားသွားပြီး မေးလိုက်သည်။
“ ဆရာဦးလေး ဒီတစ်ခေါက် ဘာကိစ္စနဲ့ အပြင်ကိုသွားမှာလဲ ”

ကျိုးဝူပြုံး၍ ဖြေလိုက်၏။
“ အလယ်ကျွန်းမှာ ကျောင်းတော်သုံးကျောင်းက နတ်ဝိဇ္ဇာဂိုဏ်းတွေ စုဝေးဖို့ ဆွေးနွေးကြမှာလေ။ နောက် နှစ်(၅၀)၊ နှစ်(၁၀၀)လောက်မှာ စုဝေးပွဲ လုပ်ဖြစ်ဖို့များတယ်။ ငါက အကြီးအကဲနှစ်ယောက်နဲ့အတူ တုနတ်ဝိဇ္ဇာဂိုဏ်းကိုယ်စားပြုအနေနဲ့ သွားပြီး အဲ့စုဝေးပွဲအတွက် ဂိုဏ်းကြီးတွေနဲ့ အသေးစိတ်ဆွေးနွေးရမှာ… ”

“ ဒါပေမဲ့ တုနတ်ဝိဇ္ဇာဂိုဏ်းက အဲ့ဂိုဏ်းကြီးတွေနဲ့ယှဉ်ရင် ကလေးသာသာပါပဲ။ ငါတို့ ဘာမှ သိပ်ဝင်ဆွေးနွေးရဲမှာ မဟုတ်ပါဘူး။ တခြားဂိုဏ်းတွေပြောတာပဲ နားထောင်ရမှာပါ… ”

‘ ကျောင်းတော်သုံးကျောင်းရဲ့ ဂိုဏ်းတွေ တွေ့ဆုံပွဲ ဟုတ်လား… ’

‘ အဲဒါက ဘာလဲ… ’

‘ ဒီကိစ္စက နတ်ဘုရားဘွဲ့စစ်ပွဲကြီးနဲ့ ပတ်သတ်နေမလား ’
လီချန်ရှို့ ခေတ္တတွေးတောလိုက်သည်။ ကျိုးဝူသည် အလျင်လိုနေသည့်ပုံပေါက်၏။ ကျိုးဝူသည် သူ့ကို သေချာကျင့်ကြံရန်မှာခဲ့ပြီးနောက် ချက်ချင်းပင် လှည့်ကာ ပြန်သွားလေတော့သည်.

လီချန်ရှို့ မော့ကြည့်၍ လျင်မြန်စွာ အော်လိုက်သည်။
“ ဆရာဦးလေး…နေပါဦး… ”

သူ ‘ ရပ်ပါဦး ’ ဟုအော်လိုက်သင့်ပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset