ရီဖူရှင်း ရောက်ရှိလာပြီ။ သူ့နောက်ကို ဓားသမားတချို့ ဆင်းသက်လာသည်။ ထိုအုပ်စုက ရီဝူချင်းတို့အုပ်စုဖြစ်သည်။
“မင်း ရောက်လာပြီ…” ရီဖူရှင်းက ရီဝူချင်းကို ပြုံးလျက်ကြည့်သည်။
ရီဝူချင်းက ခေါင်းညိတ်သည်။ သူက နန်းတော်ကြီးအား ကြည့်ကာ ဤကိစ္စက မည်သို့ အဆုံးသတ်မည်ကို သူမသိပေ။ သူ မလုပ်နိုင်ခဲ့လျှင်ကော။
သူတို့ရှေ့မှ ချင်ပြည်ထောင် အုပ်စုက ရပ်တန့်ကာ ရီဖူရှင်းတို့ အုပ်စုကို စောင့်နေကြဟန် တူသည်။ ရီဖူချင်းတို့၏ မျက်လုံးများက အလယ်မှ လူငယ်တစ်ယောက်ထံကို ရောက်သွားသည်။ လွန်စွာချောမောသော ရုပ်ရည်က သူက ချင်ဘုရင်၏ အငယ်ဆုံးသား ချင်ယွန်ဖြစ်ကြောင်း သက်သေထူနေသည်။ သူကား မင်းသမီး ချင်မုံရိုနှင့် ချင်ဘုရင်၏မြေး ချင်လီကဲ့သို့ပင် ငယ်ရွယ်ပေသည်။
ရီဖူရှင်းနှင့် ရီဝူချင်းကို အကဲခတ်ကာ ချင်ယွန်က ပြုံးလျက်ပြောသည်… “တွေ့ရတာ ဝမ်းသာပါတယ်… ကျုပ်နာမည် ချင်ယွန်ပါ… ခင်ဗျားရဲ့ နာမည်ကို ကျုပ် အများကြီး ကြားဖူးတယ်… ရီဖူရှင်း…”
“ တကယ်လား… ” ရီဖူရှင်းကလည်း ပြုံးလိုက်သည်… “ဒါပေမဲ့ ငါမင်းကို မသိဘူး…”
လွန်ခဲ့သော ရက်အနည်းငယ်က သူတို့က တစ်ယောက်ကို တစ်ယောက် စကားဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ယခု ချင်ယွန်က ပြုံးလျက် ရီဖူရှင်းကို နှုတ်ဆက်နိုင်သည်။ သူကား အမှန်ပင် ဟန်ဆောင်ကောင်း လှသည်။ အရှေ့မြေရိုင်း ဒေသတွင် ကော့တေးအား အမုန်းဆုံး အဖွဲ့ကို ပြပါဆိုလျှင် ချင်ပြည်ထောင်သာ ရှိပေသည်။
“ပြဿနာ မရှိပါဘူး… ကျုပ်တို့အခု သိကြပြီမလား… နောက်ဆို ဒီထက် စကားပြောလို့ရတာပေါ့…” ချင်ယွန်က ပြုံးလျက်ပြောသည်။
“ငါ စိတ်မဝင်စားဘူး… ” ရီဖူရှင်းက ရှေ့ကို ဆက်၍ လျှောက်သွားလိုက်သည်။
ရီဖူရှင်းတို့ အုပ်စု ရှေ့ကို ဆက်လျှောက် သွားသည်ကို မြင်လျှင် ချင်ယွန်က ပြုံးလိုက်သည်။ ထိုအရာက ကော့တေး၏ ဟန်ပန်လား။
ချင်လီ၏ မျက်လုံးက အရောင်လက်သွားသည်။ ရီဖူရှင်းက လက်ထပ်ပွဲအား ဖျက်ရန် လွယ်ကူမည်ဟု သူမထင်ပေ။
“သွားမယ်…” ချင်ပြည်ထောင်မှ လူများကလည်း ရှေ့ကို ဆက်သွားကြသည်။ နန်းတော်၏အစောင့်က ဘေးကို ဖယ်ပေးကာ သူတို့အား ပေးဝင်သည်။ အားလုံးသော အင်အားစုများအား နန်းတော်၏ တစ်နေရာသို့ ခေါ်ဆောင်သွားခြင်း ခံရသည်။ နန်းတော်၏ ရှေ့ရင်ပြင်ကို ရောက်သောအခါ သူတို့က လှေကားထစ်အတိုင်း နန်းတော်ထဲကို ဝင်ရောက်ကြလျှင် ညီလာခံ ကျင်းပသော ခန်းမကြီးထဲကို ရောက်သွားသည်။ အထဲတွင်ကား ရွှေပလ္လင်တစ်ခု ရှိပြီး ခန်းမ၏ ဘေးတစ်ဖက် တစ်ချက်တွင်ကား ဝန်မင်းများ၊ အရာရှိအရာခံများ၊ အရှင်များက ရပ်လျက် စောင့်နေကြသည်။ ယနေ့ကား ချင်ပြည်ထောင်၏ သတို့သမီး တောင်းရမ်းသော နေ့ဖြစ်သည်။ ထို့ကြောင့် လျိုဘုရင်က အရေးကြီး ပုဂ္ဂိုလ်များ အားလုံးကို ခေါ်ထားဟန်ရသည်။ လက်ရှိတွင် လျိုဘုရင်က ဤနေရာတွင် မရှိသေးပေ။
လျိုနိုင်ငံ၏ အရာရှိ အရာခံများ အားလုံးက ဧည့်သည်များကို ကြည့်ကြသည်။ ထိုဧည့်သည်များထဲတွင် လွန်စွာ ကျော်ကြားသော လူငယ် ပါရမီရှင်များ ပါဝင်သည်။ သူတို့က ပြုံးလျက် ဆွေးနွေးနေကြ၏။
“အရှေ့မြေရိုင်း ဒေသက လူငယ် ပါရမီရှင်တွေကို တွေ့ခွင့်ရတာ တော်တော် ကောင်းတယ်…” အရာရှိတစ်ယောက်က ပြုံးလျက် ပြောသည်။
“ဒီလူငယ်တွေက နောက်ဆို အရှေ့မြေရိုင်းဒေသရဲ့ ခေါင်းဆောင်တွေ ဖြစ်လာကြမှာပဲ…”
သူတို့က အေးအေးဆေးဆေး စကားပြောနေကြသည်။ အာရုံအစိုက်ခံရဆုံး အုပ်စုကား ချင်ယွန်တို့ အုပ်စုဖြစ်သည်။ သူတို့ထဲတွင် ချင်ယွန်၊ ချင်မုံရို၊ ချိန်ရှင်းမူနှင့် ချူယောင်ယောင်တို့ ပါဝင်သည်။ ထိုအုပ်စုထဲမှ လူတိုင်းကား အရှေ့မြေရိုင်းဒေသ၏ ထိပ်သီး ပါရမီရှင်များ မဟုတ်ပါလား။
တချို့ ရီဖူရှင်းတို့ အုပ်စုကို ကြည့်ကာ သူမည်သူ ဖြစ်သည်ကို ခန့်မှန်းမိကြသည်။ အရှေ့မြေရိုင်း ဒေသတွင် ထိုချောမောသော လူငယ် တစ်ယောက်နှင့် ကြီးမားသန်မာသော လူငယ် တစ်ယောက်တို့က အမြဲတွဲရက် ရှိတတ်သည်။ သူတို့ကား ရီဖူရှင်းနှင့် ယူချင်းဖြစ်သည်။
သူ့ဘေးမှ လက်တစ်ဖက်ပြတ် လူငယ်က ရီဝူချင်း ဖြစ်ရမည်။ ငွေရောင်ဆံပင် မိန်းကလေးက လို့လန်ရွှီဖြစ်ရမည်။
ရှေးဟောင်းလို့လန်က အရှေ့မြေရိုင်းဒေသတွင် တစ်နေရာ ရယူကာ ရီဖူရှင်း၏ အပေါ်တွင် သူတို့၏ မျှောင်လင့်ချက်များ ပုံအောထားကြသည်။
ထိုအခိုက်တွင် ချင်ယွန်က ရှေ့ကိုတိုးလာကာ ထိုအရာရှိများအား လွန်စွာ နှိမ့်ချသော အမူအရာဖြင့် အရိုအသေ ပေးသည်။ နိုဘယ် အကြီးအကဲများစွာက ပြုံးလျက် ချင်ပြည်ထောင်၏ မင်းသားကို အသိအမှတ်ပြု ချီးကျူးကြသည်။
“ချင်ပြည်ထောင်က မင်းသားနဲ့ ကျုပ်တို့ မင်းသမီးလေးတို့ လက်ထပ်ရင် ဒါက ကောင်းတဲ့ ကိစ္စပဲ… .” တစ်စုံတစ်ယောက်က ပြောသည်။ လူအများက သူပြောသည်ကို မကြားဟန်ဆောင်ကာ တခြားကိစ္စများကို ပြောဆို၍ ရယ်မောနေကြသည်။
ရီဖူရှင်းနှင့် ရီဝူချင်းတို့က ထိုလူများအား ထူးမခြားနားစွာ ကြည့်သည်။ ကြည့်ရသည်မှာ ဒီရက်ပိုင်း ချင်ယွန်၏ အားထုတ်မှုက အလဟဿဖြစ်ဟန် မရပေ။ ချင်ယွန်နှင့် ထိုလူများက တိတ်တဆိတ် မည်သည့် အရာများ ပြောဆိုခဲ့ကြသည်ကို မည်သူမှ မသိပေ။ မည်သို့ပင်ဆိုစေ ချင်ယွန်နှင့် လျိုနိုင်ငံ အရာရှိများ အကြား ကောင်းမွန်သော ဆက်ဆံရေးကို သူတို့ မြင်နေရသည်။ ရီဖူရှင်းမူကား ထိုသို့သော လူမှုရေး ကိစ္စများတွင် သိပ်နားလည်သူ မဟုတ်သလို ချင်ပြည်ထောင် ကဲ့သို့လည်း နည်းလမ်းများလည်း မသုံးတတ်ပေ။
ချင်လီတို့အုပ်စုက ရီဖူရှင်းတို့ အုပ်စုဘေးတွင် ရပ်နေကြသည်။ ချင်လီက သူ့အားကြည့်ကာ ပြောသည်… “အစ်ကိုရီ… ခင်ဗျားက ကျုပ်တို့ ချင်ပြည်ထောင်ရဲ့ သတို့သမီး တောင်းရမ်းမှုကို သဘောမကျဘူးလို့ ကျုပ်ကြားတယ်… ဘာလို့ကျုပ်တို့ကို မတရား စွပ်စွဲရတာလဲ…”
“စွပ်စွဲတယ်…” ရီဖူရှင်းက ချင်လီအား ကြည့်သည်။ ထိုစကားက စွပ်စွဲခြင်းလား။
ရီဖူရှင်း ဆိုလိုသည်ကို ချင်လီက သိသည်။ သူက ပြုံးလျက် ပြောသည်… “ကော့တေးနဲ့ ချင်ပြည်ထောင်က အမြဲတမ်း ပြိုင်ဆိုင်မှု ရှိတယ်… ကျုပ်က ခင်ဗျားရဲ့ ဝေဖန်မှုကို နားလည်ပေးလို့ ရပါတယ်… အစ်ကိုရီ… ခင်ဗျားနဲ့ မင်းသမီး ချန်ယွီတို့က မိတ်ဆွေကောင်းတွေလို့ ကျုပ်ကြားထားတယ်… ကျုပ်ဦးလေးက အခု လာတောင်းတယ်… အစ်ကိုရီက မပျော်သင့်ဘူးလား… .”
“ဟုတ်တယ်.. ကျုပ်တို့က သူငယ်ချင်း ကောင်းတွေပဲ… .ဒါကြောင့်ပဲ ချန်းယွီကို ချင်ပြည်ထောင်လို ဟန်ဆောင်တတ်တဲ့ လူတွေနဲ့ လက်ထပ်မှာကို မလိုလားဘူး… .” ရီဖူရှင်းက အေးစက်စွာ ပြောသည်… “မင်းတို့က အချင်းချင်း ချစ်ခင်နှစ်သက်သလို ဆော့ကစားတယ်… ဒါပေမဲ့ တခြားလူတွေကိုတော့ မဟုတ်တဲ့ နည်းလမ်းတွေ မသုံးနဲ့… စကားမစပ် ကျုပ်ကို အစ်ကိုရီလို့ မခေါ်နဲ့… ကျုပ်က မင်းရဲ့ အစ်ကိုမဟုတ်ဘူး…” သိသာစွာပင် သူက ချူယောင်ယောင်နှင့် ချင်လီတို့၏ ပတ်သက်မှုကို ဦးတည်ကာ ပြောခဲ့ခြင်း ဖြစ်သည်။
ချူယောင်ယောင်က ရီဖူရှင်းအား သူမ၏ လှပသော မျက်လုံးများဖြင့် ကြည့်သည်။ သူမကား သိမ်မွေ့ကာ ချောမောလှပနေဆဲ ဖြစ်သည်။
ချင်လီက နှာခေါင်းရှုံ့လိုက်သည်… “စောင့်ကြည့်နေလေ… ဧကရာဇ်လျိုက ဒီလိုကောင်းတဲ့ ကမ်းလှမ်းချက်ကို မငြင်းဘူးလို့ ငါထင်တယ်…”
“သခင်လေးရီ…”ထိုအခိုက်တွင် တစ်စုံတစ်ယောက်က ရယ်မောလျက် ရောက်လာသည်။ ရီဖူရှင်းက နောက်လှည့်ကြည့်လျှင် ဂူဘိုင်ယွီနှင့် သူမ၏ စီနီယာအစ်ကို ဂူကျီချူတို့က မှော်ကလန်မှ တန်ခိုးရှင်များ နှင့်အတူ ရောက်ရှိလာသည်ကို တွေ့ရသည်။
“မတွေ့ရတာကြာပြီ… သခင်လေးရီက နောက်ထပ် အလှပဂေး တစ်ယောက် ရထားပြန်ပြီ…” ဂူဘိုင်ယွီက လို့လန်ရွှီကို ပြုံးလျက်ကြည့်ကာ ပြောသည်။ သူမက လို့လန်ရွှီအား ရှေးဟောင်း မြေရိုင်းဒေသတွင် တွေ့ဖူးသည်။
“မင်း မပူးပေါင်းချင်ဘူးလား…” ရီဖူရှင်းက ရယ်မောလိုက်သည်။
“ဟင့်အင်း… ငါ့အစ်ကိုက ခွင့်ပြုမှာ မဟုတ်ဘူး… . နောက်တစ်ခါမှပေါ့… .. ” ဂူဘိုင်ယွီက ပြုံးလျက်ပြောသည်။ ဂူကျီချူက ရီဖူရှင်းအား တစ်ချက်ကြည့်ကာ တစ်ဖက်ကို လှည့်သွားသည်။
ရီဖူရှင်းက ဂူကျီချူ၏ သတိပေးမှုကို ဂရုမိစိုက်ပေ။ ဂူကျီချူကလည်း သူ့ကို တစ်ခုမှ မလုပ်သေးပေ။
မှော်ကလန်အပြင်၊ ကျိမိသားစု၊ တော်ဝင်ချန် ကျောင်းတော်၊ ဖူယွန် ဓားကလန်တို့လည်း ရောက်လာကြသည်။ အင်အားစု အများစုကို ဤနေရာတွင် တွေ့ရသော်လည်း ဓားသခင်တောင်နှင့် ချင်းရွှီဘုရားကျောင်းကိုမူ မတွေ့ရပေ။ လစန္ဒာကလန်မူကား ချူယောင်ယောင် တစ်ယောက်သာ ရောက်လာသည်။
တော်ဝင်ချန် ကျောင်းတော်နှင့် ဖူယွန်ဓား ကလန်မူကား ချင်ပြည်ထောင်နှင့် အနီးကပ်ဆုံး ဖြစ်သည်။
ထိုစဉ် လွန်စွာ ထည်ဝါ ခန့်ညားသော လူကြီးတစ်ယောက်က လျှောက်လာကာ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့က နောက်မှ လိုက်ပါလာကြသည်။ လူအုပ်ထဲတွင် လျိုချန်းယွီက ရီဝူချင်းနှင့် ရီဖူရှင်းကို မြင်သည်။
“အရှင်မင်းကြီး…” ဝန်မင်းများ၊ အရှင်များနှင့် အရာရှိများ အားလုံးက အရိုအသေ ပေးကြသည်။
ချန်ယွန်တို့ အုပ်စုက ရှေ့ကို တိုးသွားကာ ဦးညွှတ်ကြသည်… “အရှင်မင်းကြီး… ကျွန်တော်တို့က ချင်ပြည်ထောင်က ချင်ယွန်၊ ချင်လီနဲ့ ချိန်ရှင်းမိုတို့ပါ… .”
“အရှင်မင်းကြီး… ကျွန်တော်က ဒွန်ဟွာကလန်က ချိန်ရှင်းမူပါ…”
လူများက အဆက်မပြတ်က အရိုအသေပေးကာ မိတ်ဆက်ကြသည်။ ရီဖူရှင်းကလည်း မိတ်ဆက်သည်။ ချူယောင်ယောင်က သူမကိုယ် သူမ မိတ်ဆက်သောအခါ လစန္ဒာကလန်၏ နာမည်ကို အသုံးမပြုခဲ့သည်ကို သူသတိထားမိသည်။
“မင်းတို့အားလုံးက အဝေးက လာတဲ့ ဧည့်သည်တွေပဲ… အခုလို ရောက်လာတာ ကျေးဇူးတင်ပါတယ်…” ဧကရာဇ်လျိုက ဧည့်သည်များအား ကြည့်ကာ ပြုံးလျက်ပြောသည်။
ချင်ယွန်က ရှေ့ကို တစ်လှမ်းလှမ်းကာ ပြုံးလျက် ဧကရာဇ်လျိုအား ဦးညွှတ်လိုက်သည်။ သူက တစ်ခုခု ပြောရန် ဟန်ပြင် လိုက်စဉ်မှာပင် လူတစ်ယောက်က ရှေ့ကို တက်လာကာ အရိုအသေ ပေးလျက်ပြောသည်… “အရှင်မင်းကြီး… ကျွန်တော်က ဖူယွန်ဓားကလန် သတ္တမတောင်ကုန်းက ရီဝူချင်းပါ… ကျွန်တော်က မင်းသမီး လျိုချန်းယွီအပေါ်မှာ အမြဲတမ်း နှစ်နှစ်ကာကာ ချစ်မြတ်နိုးခဲ့ပါတယ်… ဒီနေ့ ကျွန်တော်က လျိုနိုင်ငံကို လာပြီး မင်းသမီး လျိုချန်းယွီကို လက်ထပ်ခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်…”
ချင်ယွန်က ထိုစကားများကို ပြောရမည် ဖြစ်သော်လည်း ယခု သူက တိတ်ဆိတ်နေရသည်။ သူက ခေါင်းမော့ကာ ရီဝူချင်းအား ကြည့်လိုက်သည်။ သူက ဘယ်လိုလုပ် ပထမဆုံး တောင်းရမ်းသူ ဖြစ်ရသနည်း။
လူအများက တိတ်ဆိတ်နေကြသည်။ လျိုချန်းယွီက တည်ငြိမ်စွာ ရပ်နေသော လက်တစ်ဖက်ပြတ် လူငယ်ကို ကြည့်လိုက်သည်။ သူ၏ အသံကား လွန်စွာ ခိုင်မာပုံရသည်။ သူမ၏ မျက်လုံးက အနည်းငယ် နီရဲလာကာ တောက်ပစွာ ပြုံးလိုက်သည်။ သူမ၏ ခံစားချက်က သိသာနေပြီး ဖြစ်သည်။ သူက ဤသို့သော တိုက်ရိုက် လာခဲ့သည်။ သူ၏ သတ္တိကိုလည်း သူမမြင်ရသည်။ အရှေ့မြေရိုင်း ဒေသတွင် မည်သူက ချင်ပြည်ထောင်ကို ယှဉ်ပြိုင်ရဲသနည်း။ ရီဝူချင်းက မည်သို့ ဖိအားများကို ခံစားနေရသည်ကို သူမသိသည်။
ဧကရာဇ်လျိုကလည်း ရီဝူချင်းကို ကြည့်သည်။ ထို့နောက် လျိုချန်းယွီအား ကြည့်လိုက်လျှင် အခြေအနေကို သဘောပေါက် လိုက်သည်။
ရီဝူချင်းက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ လက်တစ်ဖက် နေရာမှ အင်္ကျီစက တွဲလောင်းကျနေသည်။ သူ့တွင် လက်တစ်ဖက်သာ ရှိသည်မှာ သေချာသည်။ သို့သော်လည်း သူ၏ မျက်လုံးများက လွန်စွာ ခိုင်မာပြတ်သား ဟန်ရှိကာ သူ၏ ကိုယ်ဟန်ကလည်း ဓားတစ်လက်လို ဖြောင့်မတ်သည်။
သူ၏ လက်အား လီတောင်ယွန်က ဖြတ်ခဲ့သလို လီတောင်ယွန်ကလည်း သူ့ဓားအောက်တွင် သေခဲ့ရသည်။ ဧကရာဇ်က ရီဝူချင်း၏ စိတ်ဓာတ်ကို သဘောကျသည်။ အတိတ်ကသာ ရီဝူချင်းက ဤသို့ တောင်းဆိုခဲ့လျှင် သူက စဉ်းစားတွေဝေခြင်း မရှိဘဲ သဘောတူခဲ့မည် ဖြစ်သည်။ သို့သော် လက်ရှိတွင် ရီဝူချင်းက ချင်ပြည်ထောင်နှင့် ယှဉ်ပြိုင်နေရသည်။
“ရီဝူချင်း… ဒါက တမင်လုပ်တာလား… ” ချင်လီက ရုတ်တရက် ပြောသည်။ တိတ်ဆိတ်မှုက ပြိုကွဲသွားသည်။ သူက အေးစက်စွာ ပြောသည်… “ကျုပ်တို့က တောင်းရမ်းမှုအတွက် ရက်ကို အရင်ကတည်းက ကြေညာထားတယ်… အခု မင်း ဘာလုပ်နေတာလဲ…”
ချင်ယွန်က ဧကရာဇ်အား အရိုအသေပေးကာ ပြောသည်… “အရှင်မင်းကြီး… ကျွန်တော်က ချင်ယွန်ပါ… ကျွန်တော်က မင်းသမီး ချန်းယွီကို ယခင်ကတည်းက ချစ်ခင်မြတ်နိုး မိခဲ့ပါတယ်… အခု လက်ထပ်ဖို့အတွက် ခွင့်ပြုပေးဖို့ လာရောက် တောင်းဆိုပါတယ်… .”
“အလိမ်အညာတွေ…” ရီဖူရှင်း က အေးစက်စွာ ပြောသည်…”မင်းက ချန်းယွီကို ဘယ်နှကြိမ် တွေ့ဖူးပြီးပြီလဲ… မင်းက သူမနဲ့ ဘယ်နှခါ စကားပြောဖူးပြီလဲ… အရင်ကတည်းက ချစ်ခင်မြတ်နိုးတယ်… ဟုတ်လား… ရီဝူချင်းနဲ့ ငါနဲ့ ချန်းယွီကို သိတာကြာပြီ… ငါတို့က အမြဲတမ်း အတူတူ ရှိနေခဲ့ကြတယ်… ရီဝူချင်းနဲ့ ချန်းယွီအကြား ပတ်သက်မှုကို ချင်ပြည်ထောင်က မသိဘူးလို့ မပြောနဲ့… ကျုပ်တို့က အခု သတို့သမီး လာတောင်းတယ်… ပြဿနာ ရှာနေတာက ဘယ်သူလဲ… .”
ရီဖူရှင်းက ဆက်ပြောသည်… “ငါကြားတာကတော့ ချင်ပြည်ထောင်ရဲ့ မင်းသား ချင်ယွန်က ယဉ်ကျေးပြီးတော့ အထက်တန်းကျတယ်… ဒီလို လူကြီးလူကောင်းက တခြားလူတွေရဲ့ အချစ်ကို လုယူတဲ့ နိမ့်ကျတဲ့ ကိစ္စတွေကို မလုပ်ဘူး… ဟုတ်တယ်မလား… .” ရီဝူချင်းက ထိုစကားများကို ပြောရန် မဖြစ်နိုင်ရာ ရီဖူရှင်းက သူ့အတွက် ပြောပေးသည်။
***