အပိုင်း (၃၁၉) :

လူစုံတက်စုံ

မရေမတွက်နိုင်သော မျက်လုံးများက ရီဖူရှင်း၏ နောက်ကျောကို ရောက်လာသည်။ သူက ထိပ်သီး အင်အားစုမှ ဖြစ်လျှင်ပင် သူက ချင်ပြည်ထောင်မှ မင်းသားကို နိမ့်ကျသော သူဟု ပြောသည်မှာ လွန်စွာ မလေးမစားရာ ကျပေသည်။

ခေ့ကေးမြို့တွင် ဖြစ်ပျက်ခဲ့သည်များကို တွေးမိလျှင် သူတို့က လူငယ်က မည်သူဖြစ်သည်ကို တွေးမိကြသည်။ အရှေ့မြေရိုင်း ဒေသတွင် ထိုနေရာမှ လူများသာ ချင်ပြည်ထောင်မှ လူများက သူတို့လောက် အဆင့်မရှိဟု တွေးထင်ကြသည်။ မှန်သည်… သူက ကော့တေးမှ ဖြစ်ရပေမည်။ ရီဖူရှင်းအပြင် တောင်ပေါ်မှ မည်သူ ဆင်းမည်နည်း။

“ဒီမှာ သောက်စားနေရင်းက ကျုပ်က ကော့တေးရဲ့ ရှစ်ယောက်မြောက် တပည့်ကို တွေ့ရမယ်လို့ မထင်ထားဘူး…” တစ်ယောက်က လက်နှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက်သည်။

“ကော့တေးနဲ့ ချင်ပြည်ထောင်က အမြဲတမ်း ချိန်ခွင်လို မျှတနေတာပဲ…  ဆရာလေးရီက ချင်ပြည်ထောင်ကို နိမ့်ကျတယ်ပြောတာ မများလွန်းဘူးလား…” တစ်စုံတစ်ယောက်က ပြောသည်… “ချင်ယွန်က နန်းမြို့တော်ကို လာတဲ့အချိန်မှာ သူက အရှင်တွေကို လေးလေးစားစား သွားပြီးတော့ နှုတ်ဆက်တယ်… အရှင်တွေက သူ့ကို သဘောကျကြီး အများကြီး ချီးကျူးနေကြတယ်… သူက ဘယ်လိုလုပ် နိမ့်ကျမလဲ…” သူ၏ အသံက တည်ငြိမ်သည်။ သူက ရီဖူရှင်းကို သိမှတော့ သိပ်ယဉ်ကျေး နေမည်တော့ မဟုတ်ပေ။ သူက ရီဖူရှင်းထံမှ ချင်ပြည်ထောင်နှင့် ပတ်သက်သော မှတ်ချက်ကို ကြားလိုသည်။ သူကလည်း မင်းသမီး လျိုချန်းယွီကို သဘောကျသလော။

“ချင်ပြည်ထောင်က ချင်မုံရိုက သူမရဲ့ အဆင့်အတန်းကို နှိမ့်ချပြီးတော့ ဒွန်ဟွာကလန်က လူနဲ့ လက်ထပ်တယ်…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်… “ချင်ဘုရင်ရဲ့ မြေးချင်လီကလည်း ချူယောင်ယောင်ကို ပိုးပန်းနေတယ်… သူတို့က လက်ထပ်ပြီးတော့ အင်အားစုတွေနဲ့ မဟာမိတ် လုပ်ချင်နေတာ မဟုတ်ဘူးလား… .”

“ချင်ယွန်က လျိုချန်းယွီကိုလည်း မသိဘဲ လက်ထပ်ချင်တယ်… လျိုချန်းယွီက ဘယ်လို ခံစားရမယ်ဆိုတာ တစ်ယောက်ယောက် တွေးမိလား… နန်းမြို့တော်ကို လာပြီးတော့ အရှင်တွေကို တွေ့တယ်… သူက ဒီမှာ နေဖို့ ပြင်ဆင်နေတာ မဟုတ်ဘူးလား…” ရီဖူရှင်း၏ အသံက အေးစက်သွားသည်… “ဒီအပြုအမူတွေက နိမ့်ကျတာ မဟုတ်ရင် ကျုပ်က ဘယ်လို ပြောရမလဲ… .” ထို့နောက် သူက စားသောက်ဆိုင် အပြင်ဘက်ကို ထွက်သွားသည်။ သူက ထိုလက်ထပ်ပွဲကို သဘောမကျမှတော့ အတတ်နိုင်ဆုံး တားဆီးရမည်ဖြစ်သည်။

သူ့စကားကို ကြားကာ လူအများက အံ့အားသင့် သွားကြသည်။ ချင်ပြည်ထောင်က မည်မျှ အားကောင်းသည်ကို သူတို့ သိကြသည်။ လျိုနိုင်ငံမှ လူများက လျိုနိုင်ငံကို ချင်ပြည်ထောင်နှင့် မဟာမိတ်ပြုသည်ကို သဘောကျကြမည်သာ ဖြစ်သည်။ သို့သော်လည်း သူတို့ကလည်း ချင်ပြည်ထောင်၏ ရည်မှန်းချက်ကို အနည်းငယ် သိကြသည်။ ရီဖူရှင်း၏ စကားကိုကြားလျှင် သူတို့၏ စိတ်ထဲကို တခြား အတွေးများ ဝင်ရောက်သည်။ လက်ရှိတွင် ချင်ပြည်ထောင်က လွန်စွာ လှုပ်ရှားနေသည်။ သူတို့က ထိပ်သီး အင်အားစုများနှင့် မဟာမိတ်ပြုရန် ကြိုးစားနေသည်။ သူတို့ ဘာကို ကြံစည်နေသည်ကို သူတို့ မြင်နေရသည်။ ထို့အပြင် နောက်ဆုံး စကားတစ်ခွန်းကလည်းသူတို့ကို ထိတ်လန့်စေသည်။

နန်းမြို့တော်ကို လာရောက်ကာ အရှင်များထံကို သွားရောက် လည်ပတ်သည်လား။ သူက လျိုနိုင်ငံတွင် နေထိုင်ရန် ပြင်ဆင်နေသည် မဟုတ်ပါလား။ ထိုစကားစုက ဖြစ်နိုင်ချေ များပေသည်။ ယခုမူကား ချင်ယွန်ကို ထောက်ခံသော အရှင်များက ဆက်လက် ထောက်ခံရဲ ကြတော့မည်လော။ သူတို့က သစ္စာဖောက်ရန် စဉ်းစားရဲကြပါတော့မလား။

ကော့တေး တပည့်များကား အမှန်ပင် ထူးခြားပေသည်။ သူတို့၏ စကားများကလည်း ထက်ရှပေ၏။

စားသောက်ဆိုင်တွင် ဖြစ်ပျက်ခဲ့သည်များက လျင်မြန်စွာ ပျံ့နှံ့သွားပြန်သည်။ လူအများအပြားက ရီဖူရှင်း၏ မှတ်ချက်နှင့် ပတ်သက်၍ အံ့အားသင့်ကြရသည်။ ထိုစကားက ကော့တေး၏ သဘောထားလား ရီဖူရှင်း၏ သဘောထားလား မသိကြပေ။

ရီဖူရှင်းက လူအများရှေ့တွင် ချင်ပြည်ထောင်က နိမ့်ကျသည်ဟု ပြောခဲ့သည်။ သူက ထိုလူများကို ပြစ်တင် ဝေဖန်ခဲ့ရာ ချင်ပြည်ထောင်က မည်သို့ တုံ့ပြန်မည်ကလည်း စိတ်ဝင်စားဖွယ် ကောင်းနေ၏။

တစ်စုံတစ်ခု ထူးခြားပေသည်။ အရှင်ခန်က ချန်ယွန်အား ချီးကျူးခဲ့သည်။ သူက လက်ထပ်မှုကို ထောက်ခံပေသည်။ သို့သော် ရီဖူရှင်း၏ စကားကြောင့် သူအရှက်ရသည်။ တခြား အရှင်များကလည်း ချင်ယွန်နှင့် ပတ်သက်၍ ဘာမှမပြောရဲကြတော့ပေ။ သို့သော်လည်း ထိုကိစ္စက ချင်ယွန်ကို သက်ရောက်စေပုံမရပေ။ သူက အရှင်များထံသို့ ဆက်လက်၍ လည်ပတ်နေဆဲဖြစ်သည်။

တစ်စုံတစ်ယောက်က သူ့အား ဘာကြောင့်လဲဟု မေးသည်။ ချင်ယွန်က ပြန်ပြောသည်မှာ ချင်ပြည်ထောင်မှ မျိုးဆက်များက ယဉ်ကျေးပြီး ကောင်းမွန်သော အပြုအမူများကို ပိုင်ဆိုင်သူများ ဖြစ်သည်။ ရီဖူရှင်း၏ စကားနှင့် ပတ်သက်၍မူကား သူက တခြားလူ၏ နောက်ကျောမှ နေ၍ မဝေဖန် မတိုက်ခိုက်တတ်ဟု ပြောသည်။ လူအများက သူ၏ လှပသော တုံ့ပြန်မှုအတွက် ချီးကျူးကြရသည်။

ရီဖူရှင်းက ချင်ယွန်၏ အလည်အပတ်များကို သံသယ ရှိရာ ချင်ယွန်က သူက ယဉ်ကျေးသော အပြုအမူများသာဟု ပြောသည်။ ရီဖူရှင်းက ချင်ပြည်ထောင်အား နိမ့်ကျသည်ဟု ပြောရာ ချင်ယွန်က တခြားလူများ၏ နောက်ကျောမှ မကောင်း မပြောတတ်ဟု ပြန်ပြောသည်။ အရှင်ခန်ကလည်း သူက ချင်ယွန်ကို တွေ့ဆုံခြင်းမှာ လူငယ်များအား နေရာပေးလို၍သာ ဖြစ်ပြီး တခြား အတွေးများ မရှိဟု ပြောခဲ့သည်။ တခြားလူများ၏ ဝေဖန်မှုကိုမူကား သူက ဂရုမစိုက်ပေ။

ရီဖူရှင်းက ထိုစကားတိုက်ပွဲတွင် ကျရှုံးခဲ့ပုံရနေသည်။

တချို့ကလည်း ချင်ယွန်၏ တုံ့ပြန်မှုကို သံသယ ရှိကြသည်။ ရီဖူရှင်းက ရှေးဟောင်း မြေရိုင်းဒေသတွင် နာမည်စတင် ကျော်ကြားခဲ့စဉ်က ချင်ပြည်ထောင်မှ ချင်လီက ရီဖူရှင်းအား မဝေဖန်ခဲ့ ပေဘူးလား။ ထိုအချိန်က ဒွန်ချန် ကျောင်းတော်ကိုပင်လျှင် မတည်ထောင်ရသေးပေ။ ရီဖူရှင်းနှင့် ချင်ပြည်ထောင်ကလည်း ထူးထူးခြားခြား ပြဿနာ မရှိသေးပေ။ ယခု ချင်ယွန်က သူများ၏ နောက်မှ နေ၍ မကောင်းမပြောဟု ပြောသောအချိန်တွင် သိပ်ရိုးသားဟန် မရှိပေ။

ရီဖူရှင်းကလည်း လျိုချန်းယွီကို ပိုးပန်းနေသည်ဟု ကောလာဟလများလည်း ရှိနေသည်။ သို့သော် ရီဖူရှင်း၏ ချစ်သူက လစန္ဒာကလန်မှ ဖြစ်သည်ဟု သူတို့ ကြားဖူးကြသည်။ အကယ်၍ သူက လျိုချန်းယွီကို ပိုးပန်းပါက ဧကရာဇ်လျိုက သဘောတူပါ့မလား။

ရီဖူရှင်းက ထိုစကားများ အားလုံးကို လျစ်လျူရှုထားသည်။ သူက အရင်ကတည်းက ချင်ပြည်ထောင်၏ အလိမ်အညာများကို တွေ့ကြုံဖူးပြီး ဖြစ်သည်။ တော်ဝင်ချန်ကျောင်းတော်မှ တပည့်များက ဒွန်ချင်ကျောင်းတော်တွင် လေ့ကျင့်သည်ကို သူက ကြားစဉ် ကတည်းက သူက ချင်ပြည်ထောင်က ခေ့ကေးမြို့ လုပ်ကြံမှုတွင် ပတ်သက် နေလေမလား သံသယ ဝင်နေပြီဖြစ်သည်။

အစ်မနှစ်က ဒွန်ချန်ကျောင်းတော်၏ ဂိတ်တံခါးကို ဖျက်ဆီးခဲ့စဉ်က ချင်ပြည်ထောင်က အဘယ်ကြောင့် သည်းခံကာ လုပ်ကြံသူကို ပူးပေါင်း စုံစမ်းပေးသနည်း။ သူတို့က အမှန်တကယ် အားနည်းသည်လား။

အစီအစဉ် တစ်ခုလုံးကို ကြည့်လျှင် ချင်ပြည်ထောင်က တစ်လောကလုံးကို ထိန်းချုပ်နေပြီး ဖြစ်သည်ဟု သူခံစားရသည်။ ချင်ယွန်က ကောင်းမွန်သော အပြုအမူကို ပြသခဲ့သော်လည်း သူကလည်း ချင်ပြည်ထောင်၏ အလိမ်အညာများကို သိသည်သာ။ သို့သော် ရီဖူရှင်းက သူတို့အား မတုံ့ပြန်ပေ။ တုံ့ပြန်ရန်လည်း မလိုအပ်ပေ။ သူ၏ သဘောထားကို ဖော်ပြခဲ့ခြင်းက လုံလောက်ပေပြီ။

လျိုဖေးယွန်က ရီဖူရှင်း တည်းနေရာ တည်းခိုခန်းကို ရောက်လာသည်။

“အခြေအနေ ဘယ်လိုလဲ…” ရီဖူရှင်းက လျိုဖေးယွန်ကို မေးသည်။

လျိုဖေးယွန်က မသက်မသာဖြင့် ခေါင်းယမ်းသည်။ သူကလည်း သိပ်မရှင်းလင်းပေ။

“ဧကရာဇ်လျိုရဲ့ သဘောထားကရော…” ရီဖူရှင်း မေးသည်။ တကယ်တမ်း ဆုံးဖြတ်မည့် သူကား လျိုဖေးယွန်၏ အဖေဖြစ်သည်။

“ချင်ယွန် မလာခင် ကတည်းက ချင်ပြည်ထောင်က အဖေ့ကို တွေ့ဖို့ ဝန်ကြီး တစ်ပါးကို စေလွှတ်ခဲ့တယ်…” လျိုဖေးယွန်က ပြောသည်… “သူပြောတာကတော့ ချင်ယွန်က လျိုနိုင်ငံက မင်းသမီးကို လက်ထပ်ပြီးရင် အနာဂတ်မှာ ဘာပဲ ဖြစ်နေပါစေ လျိုနိုင်ငံရဲ့ အဆင့်အတန်းက မပြောင်းလဲဘူးတဲ့…”

ရီဖူရှင်း၏ မျက်လုံးက အရောင်လက် သွားသည်။ ကြည့်ရသည်မှာ ချင်ပြည်ထောင်က အရာအားလုံးကို အစီအစဉ်ချထားပြီး ဖြစ်ဟန်ရသည်။

“ဒီ ကမ်းလှမ်းမှုက ဖိအား တော်တော်များတယ်… ” လျိုဖေးယွန်က ပြောသည်။

ပုံမှန်အားဖြင့် လျိုဖေးယွန်က သူ့ထံ လာရောက်သည် ဆိုကတည်းက ရီဖူရှင်းအား မိတ်ဆွေရင်းချာ အဖြစ် သဘောထားကြောင်း သိသာနေသည်။ လက်ရှိ အခြေအနေအရ သူက ရီဖူရှင်းနှင့် အဆက်အသွယ် ဖြတ်လျှင်ပင် မည်သူမှ အပြစ်ပြောမည် မဟုတ်ပေ။

“လျိုနိုင်ငံရဲ့ အင်အားက ဘယ်အခြေအနေမှာ ရှိလဲ…” ရီဖူရှင်းက မမေးသင့်မှန်း သိသော်လည်း မေးလိုက်သည်။

လျိုဖေးယွန်က နားလည်သည်… “အဖေပြောတာကတော့ ချင်ပြည်ထောင်က သူတို့ဘိုးဘေးရဲ့ အုတ်ဂူကို ဖော်နိုင်ခဲ့တယ်တဲ့… အင်အားချင်း အများကြီး ကွာတယ်လို့ အဖေက ခန့်မှန်းတယ်… ”

အရှေ့မြေရိုင်း ဒေသတွင် အင်အားစု သုံးခုကသာ အင်အား အကြီးဆုံးဖြစ်သည်ကို လူတိုင်းသိသည်။ သူတို့မှာ ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်နှင့် ကျောင်းတော်တို့ ဖြစ်ကြသည်။ အကယ်၍ ချင်ပြည်ထောင်က သူတို့၏ဘိုးဘေး အုတ်ဂူအား ဖော်ထုတ်နိုင်သည်ဆိုပါက အမှန်ပင် ကြောက်မက်ဖွယ် ကောင်းပေသည်။

ရီဖူရှင်း၏ မျက်နှာက လေးနက်သွားသည်။ တစ်စုံတစ်ယောက်၏ အင်အားက သူ၏ ယုံကြည်မှုကို ဖော်ပြသည်။ လျိုနိုင်ငံက ချင်ပြည်ထောင်ကို မကြောက်ပါက သူတို့ ဆန္ဒရှိသလို လုပ်နိုင်သည်။

“ချန်းယွီက ဝူချင်းအပေါ် ခံစားချက် တချို့ရှိနေတယ်… အရင်တုန်းကတော့ ဒါက သတင်းကောင်းပဲ… အခုကတော့…” လျိုဖေးယွန်က သက်ပြင်းချသည်… “ဝူချင်းက မင်းရဲ့ အဆင့်အတန်း ရှိမယ်ဆိုရင် သူက ချန်းယွီအတွက် ယှဉ်ပြိုင်နိုင်တယ်… ဒါပေမဲ့ သူက ဖူယွန်ဓားကလန်က သတ္တမတောင်ကုန်းရဲ့ တပည့်တစ်ယောက်ပဲ ဖြစ်တယ်… ပထမတောင်ကုန်းက တပည့်တွေက ဒွန်ချင်ကျောင်းတော်မှ သွားလေ့ကျင့်တယ်… သူတို့က မဟာမိတ်ဖြစ်လာဖို့ အခြေအနေရှိတယ်… ဒီအခြေအနေမှာ ဝူချင်းက ချင်ယွန်နဲ့ ဘယ်လို ယှဉ်နိုင်မလဲ.. ငါတော်တော် စိုးရိမ်တယ်…” ချင်ပြည်ထောင်က ရုတ်တရက် သတို့သမီး တောင်းရမ်းမည်ဟု သူလည်း မထင်ထားပေ။

ချင်ယွီက အိမ်ရှေ့စံဘွဲ့အား ရရှိပြီးကတည်းက ချင်ပြည်ထောင်က ခြေလှမ်းကျယ်ကြီးများ လှမ်းလာခဲ့သည်။ သူတို့က ပိုမို၍ အင်အား ကောင်းလာသည်။ လျိုနိုင်ငံက လွန်စွာ အားကောင်းသော ဖိအားကို ခံစာနေရကာ သူ၏အဖေက လျိုချန်းယွီအား စတေးလိုက်မည်ကို သူစိုးရိမ်နေသည်။

“မင်းကြီးက သဘောမတူဖို့ ငါမျှော်လင့်တယ်… ” ရီဖူရှင်းက ရေရွတ်သည်။ ထိုဆုံးဖြတ်ချက်က လျိုနိုင်ငံ၏ ကိစ္စသာဖြစ်သည်။ သူက ဝင်မစွက်ဖက် နိုင်ပေ။ အစပိုင်းက သူက လျိုချန်းယွီနှင့် ရီဝူချင်းကို ဟာသသဘောဖြင့် တွဲပေးခဲ့သော်လည်း ယခု သူတို့အချင်းချင်း ခံစားချက်များ ရှိနေရာ ပုံမှန်အားဖြင့် သူက လျိုချန်းယွီက ချင်ယွန်နှင့် လက်ထပ်သည်ကို မလိုလားပေ။

***

များစွာသော အင်အားစုများမှ လူများက နန်းမြို့တော်ကို တဖြည်းဖြည်း ရောက်လာကြသည်။ ချင်ပြည်ထောင်က နန်းမြို့တော်မှ အရေးပါသော လူများထံသို့ သွားရောက်လည်ပတ်ကာ သူတို့၏ သဘောထားများကို ဖော်ကြသည်။ နောက်ဆုံးတွင် သတို့သမီး တောင်းရမ်းမည့် နေ့ကို ရောက်လာသည်။

ယနေ့တွင် ဧည့်သည်များက နန်းတော်၏ အပြင်ဘက်တွင် တန်းစီလျက် ရပ်နေကြသည်။ နန်းတော် အပြင်ဘက်မှ လမ်းမကြီးပေါ်တွင် လူတစ်စု လျှောက်လာကြသည်။ ရှေ့ဆုံးမှ လူငယ်ကား ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ တောက်ပသော မျက်ဝန်းအစုံနှင့် ချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။ သူကား ချင်ဘုရင်၏ အငယ်ဆုံးသား ချင်ယွန်ဖြစ်သည်။

သူ့ဘေးတွင်ကား ချင်မုံရို၊ ချိန်ရှင်းမူ၊ ချင်လီ၊ ချူယောင်ယောင်နှင့် တခြားလူများကို တွေ့ကြရသည်။ အလှဆုံး မိန်းမပျိုသုံးယောက်ထဲမှ နှစ်ယောက်က တစ်ပြိုင်နက်တည်း ပေါ်လာသည်။

ထိုအုပ်စုက တစ်စုံတစ်ခုအား ဖော်ညွန်းနေသည်။ ချိန်ရှင်းမူနှင့် ချူယောင်ယောင်တို့က ဒွန်ဟွာကလန်နှင့် လစန္ဒာကလန်တို့မှ ဖြစ်ကြသည်။ ချင်ယွန်နှင့်အတူ လာခြင်းက သတို့သမီး တောင်းရမ်းခြင်းအပေါ် ကြီးစွာသော သက်ရောက်မှု ဖြစ်စေသည်။

ချိန်ရှင်းမူက သိသာပေသည်။ ဒွန်ဟွာကလန်က ချင်ပြည်ထောင်နှင့် မဟာမိတ်ဖြစ်သည်ကို ယခင်ကတည်းက ကြေညာထားပြီးဖြစ်သည်။ သို့သော် ချူယောင်ယောင်၏ ရောက်ရှိလာခြင်းက ချင်လီ၏ ချစ်သူအနေနှင့်လား သို့မဟုတ် လစန္ဒာကလန်၏ သမီးတော် အနေနှင့်လား။

နောက်ထပ် တစ်အုပ်စုက လျင်မြန်စွာ ရောက်ရှိလာကာ နန်းတော် အပြင်ဘက်ကို ဆင်းသက်လာသည်။ အဝေးမှ လေတိုးသံများ နှင့်အတူ ဓားသမား အုပ်စုတစ်စု ရောက်ရှိလာသည်။ သူတို့ကလည်း နန်းတော်အနီးတွင် ဆင်းသက်ကြ၏။

နန်းတော် အပြင်ဘက်မှ လူအုပ်ကြီးထဲမှလည်း များစွာသော လူများက နန်းတော်ထံသို့ လျှောက်လာ နေကြသည်။ သူတို့အားလုံးကလည်း ထိပ်သီး အင်အားစုများမှ ဖြစ်ကြသည်။ ဧကရာဇ်လျိုက လူတိုင်းအား ဖိတ်ခေါ်ထားသည်။ ထို့ကြောင့် သူတို့ကလည်း လက်လွှတ်မခံဘဲ ရောက်လာကြသည်။ ဤကိစ္စက အရှေ့မြေရိုင်းဒေသ၏ လားရာကို ဖော်ပြနေရာ သူတို့က ကိုယ်တိုင်စောင့်ကြည့် လေ့လာလိုကြသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset