ထူလိက ရီဖူရှင်းအား မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေသည်။ သူက အပေါ်ကို ခုန်ကာ တူကို ဝှေ့ယမ်းလျက် ရီဖူရှင်းကို တိုက်ခိုက်သည်။ သဘာဝစွမ်းအင် လှိုင်းတစ်ချက် လှုပ်ခတ်မှု နှင့်အတူ ရီဖူရှင်းက ရှေ့ကို တိုးသွားသည်။ ချက်ချင်းပင် သူ့အနီးတွင် ပုံရိပ်များ ပေါ်လာသည်။ ထူလိ၏ တူက ထိုပုံရိပ်ယောင် များကိုသာ ထိမိသည်။ ရုတ်တရက် ပေါက်ကွဲမှု တစ်ခုနှင့်အတူ နှင်တံရှည် ရိုက်ချက်တစ်ခု သူ့ထံ ဆင်းသက်လာ၏။ ထူလိက မာန်သွင်းကာ နောက်လှည့် လိုက်သည်။ သူက တူကြီးအား ဝှေ့ယမ်းသော်လည်း သူမြင်ရသည်က ပုံရိပ်ယောင်များသာ။
ဘန်း… ဘန်း… ဘန်း… အချိန်တို အတွင်းတွင် ထူလိက ဆယ်ကြိမ်မျှ အရိုက်ခံရပြီး ဖြစ်သည်။ သူက ကောင်းကင်မှ အောက်ကို ကျဆင်းလာသော်လည်း ဒဏ်ရာ မရပေ။ သူက လေထဲမှ ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်။
“မင်းငါ့ကို ဒဏ်ရာ ရအောင် မလုပ်နိုင်ပါဘူး…” ထူလိက ရီဖူရှင်းအား ကြည့်ကာ ပြောသည်။
“ဒါကို စမ်းကြည့်…” ရီဖူရှင်း၏ ခန္ဓာကိုယ်က အဆက်မပြတ် လှည့်ပတ်သွားကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ သူက ရုပ်တုများ၏ အလယ်တည့်တည့်ကို ရောက်လာကာ ထိုနေရာတွင် နှင်တံအား ဝှေ့ယမ်းသည်။ ရုပ်တုများမှ ထူးခြားသော စွမ်းအင်များက သူ၏ နှင်တံတွင် လာရောက် စုစည်းနေပုံရသည်။ တဖြည်းဖြည်းနှင့် နှင်တံတွင် ကြောက်မက်ဖွယ် စွမ်းအင်များ စုစည်းလာ၏။
ရီဖူရှင်းက ခေါင်းငုံ့ကာ မြေပြင်မှ ထူလိအား ကြည့်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာက ထူလိထံသို့ လျှပ်စီးအလား အမြန်နှုန်းဖြင့် ဆင်းသက်လာသည်။ ကောင်းကင်မှ မြေပြင်ကို အရှိန်အဟုန်ပြင်းစွာ ဆင်းသက်လာသော ပုံရိပ်ကို မြင်လျှင် ထူလိက ရုပ်တုများ ကိုယ်တိုင်က အသက်ဝင်လာကာ သူ့ထံ ဆင်းသက်လာသလို ခံစားရသည်။
လွန်စွာ လေးလံသော နှင်တံက အဆ ထောင်ပေါင်းများစွာ ပိုမိုအားပြင်းသော ဖိအား နှင့်အတူ ဆင်းသက်လာသည်။ လေထုက ထုထည်ကြီးစွာ တုန်ခါသွားပြီး လေထဲတွင် အလင်းတန်းများ ပေါ်လာသည်။ လွန်စွာ အားကောင်းသော စွမ်းအင်ကို ခံစားမိလျှင် ထူလိ အနည်းငယ် တုန်လှုပ်သွားသည်။ သူက ဒေါသတကြီး အော်ဟစ်ကာ သူ၏ တူကြီးအား ကောင်းကင်ဘက်သို့ ဝှေ့ယမ်းသည်။
ဘန်း… ပြင်းထန်သော ရင်ဆိုင် ထိခိုက်သံ တစ်ခုကို ကြားကြရသည်။ ထူလိ၏ တူကြီးကား အဝေးကို လွင့်စဉ်သွားကာ ပြင်းထန်သော အရှိန်အဟုန်ကြောင့် ထူလိက မျက်လုံးအား မှိတ်လိုက်သည်။ မြေပြင်က တုန်ခါသွားသော်လည်း သူက ဒဏ်ရာမရပေ။ သူက မျက်လုံးကို ဖွင့်လိုက်လျှင် နှင်တံရှည်က သူ၏ ပခုံးဘေးမှ ဖြတ်ကျော် သွားသည်ကို မြင်ရသည်။
ရီဖူရှင်းက ကောင်းကင်သို့ ပြန်လည် ပျံတက်သွားကာ ပြုံးလျက်ပြောသည်… “မင်းက သန်မာတယ်… ဒါပေမဲ့ မင်းရဲ့ အင်အားသက်သက်နဲ့ ရန်သူကို အနိုင်ယူလို့မရဘူး… ဒါက မင်းရဲ့ အဓိက အားနည်းချက်ပဲ… ဆက်ကြိုးစား…” ထို့နောက် သူက ယူချင်းဘက်ကို လှည့်ကာ ပြောသည်… “သွားစို့…” ယူချင်းက ပျံသန်းကာ ရီဖူရှင်းနှင့်အတူ ထွက်သွားသည်။ လို့လန်ရွှီမူကား ထွက်သွားသည်မှာ ကြာပြီဖြစ်သည်။
လေ့ကျင့်ရေးကွင်းတွင် လူအများအပြားက အဝေးကို ရောက်ရှိသွားသော ရီဖူရှင်းတို့အား ကြည့်ကာ အံ့အားသင့်ရသည်။ သူ၏ နောက်ဆုံး ရိုက်ချက်က ရုပ်တုများ၏ စွမ်းအားများကို အသုံးပြုခဲ့ပုံရကာ လွန်စွာ အားကောင်းလှသည်။ အကယ်၍ ထူလိသာ ထိုရိုက်ချက်ဖြင့် ထိမိလျှင် သူက သေသွားနိုင် လောက်ပေသည်။
ရီဖူရှင်းနှင့် ယူချင်းတို့က ကော့တေးကို ပြန်ရောက်သောအခါ နေ့လယ်စာ အချိန်ဖြစ်သည်။ လို့လန်ရွှီက အစားအသောက်အား ပြင်ဆင်နေသည်။ ရီဖူရှင်းက သိပ်အသားမကျ သေးပေ။
“ညီငယ်လေး… လျိုဖေးယွန်နဲ့ လျိုချန်းယွီတို့က မင်းရဲ့ သူငယ်ချင်းတွေ… ဟုတ်တယ်မလား…” လျိုဖန်းက မေးသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်… “ဟုတ်တယ်… ကျွန်တော်တို့က သူငယ်ချင်းကောင်းတွေ…”
“အရှေ့မြေရိုင်း ဒေသက အခြေအနေတွေက နည်းနည်း ထူးခြားနေတယ်… ချင်ပြည်ထောင်က အရမ်းလှုပ်ရှားနေတယ်…” လျိုဖန်းက မှတ်ချက်ချသည်။
ရီဖူရှင်းက မူမမှန်သည်ကို ခံစားမိကာ မေးသည်… “ဒါက လျိုဖေးယွန်နဲ့ လျိုချန်းယွီတို့နဲ့ ဘယ်လို ပတ်သက်သလဲ…”
“နန်ဒူနိုင်ငံက ပြန်လာပြီးနောက် လစန္ဒာကလန်က ဒွန်ချင်ကျောင်းတော်ကို သွားတက်တယ်… သူမနဲ့ ချင်လီရဲ့ ပတ်သက်မှုက အခု သေချာသွားပြီ… ပြီးတော့ ချင်ပြည်ထောင်က တော်ဝင်ချန် ကျောင်းတော်၊ ဖူယွန် ဓားကလန်တွေနဲ့ သံတမန်ရေးရာ ဆက်ဆံရေးတွေ ရှိနေတယ်… . အဲဒီအင်အားစု နှစ်ခုကလည်း ဒွန်ချန် ကျောင်းတော်ဆံကို တပည့်တွေ စေလွှတ်ပြီး တက်ရောက်စေတယ်…”
လျိုဖန်းက ဆက်ပြောသည်… “ဒွန်ချင်ကျောင်းတော်ကို တည်ထောင်တုန်းက ချင်ပြည်ထောင်နဲ့ ဒွန်ဟွာကလန်တို့က ထိပ်သီး အင်အားစုက တပည့်တွေကို ဒွန်ချင် ကျောင်းတော်မှာ လေ့ကျင့်ဖို့ ဖိတ်ခေါ်ခဲ့တယ်… အခု ဒါက အရမ်း နာမည်ကျော်နေတယ်… မကြာခင်က သူတို့က လျိုနိုင်ငံကို သတို့သမီး တောင်ရမ်းမှု လုပ်မယ်လို့ ကြေညာထားတယ်… ချင်ဘုရင်ရဲ့ အငယ်ဆုံးသား ချင်ယွန်က လျိုနိုင်ငံက မင်းသမီး လျိုချန်းယွီကို လက်ထပ်ချင်တယ်…”
ရီဖူရှင်း၏ မျက်လုံးက အေးစက်သွားသည်။ ချင်ပြည်ထောင်၏ ခြေလှမ်းများက လွန်စွာ လွန်ကဲလှသည်။
“သူတို့ ဘာလိုချင်တာလဲ…” ရီဖူရှင်းက အေးစက်စွာ မေးသည်။ သူတို့က လက်ထပ်သည့် ကိစ္စကို လျိုနိုင်ငံနှင့် မဆွေးနွေးရသေးဘဲ အပြင်ကို သတို့သမီး တောင်းမည့် ကိစ္စအား ကြေညာသည်။
“သူတို့က အရှေ့မြေရိုင်းဒေသကို ချုပ်ကိုင်ချင်တယ်…” ရွှီယီက ပြောသည်… “ချင်ပြည်ထောင်က ကျောင်းတော်ကို သူတို့ရဲ့ အကြီးဆုံး ပြိုင်ဖက်လို့ သတ်မှတ်ထားတာ… ဆိုလိုတာက သူတို့က အရှေ့မြေရိုင်းဒေသကို ချုပ်ကိုင်တာမှာ ကျောင်းတော်က အကြီးဆုံး အတားအဆီးလို့ သတ်မှတ်ထားတာပဲ… .”
“သူတို့က တစ်ခါက ကျောင်းတော်နဲ့ ကော့တေးကို ဖိတ်ခေါ်ခဲ့တယ်… ကျောင်းတော်နဲ့ ကော့တေးက လက်ခံခဲ့ရင် ထိပ်သီး အင်အားစုသုံးခုက အရှေ့မြေရိုင်းဒေသ တစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ကြလိမ့်မယ်… ဒါပေမဲ့ ငါတို့က ငြင်းပယ်ခဲ့တယ်… ဒါကြောင့် သူတို့က တခြား ထိပ်သီးအင်အားစုတွေကို အလျှင်အမြန်ပဲ စည်းရုံးခဲ့တယ်… သူတို့က ထိပ်သီး အင်အားစုတွေ အကုန်လုံးနဲ့ မဟာမိတ်ဖွဲ့နိုင်ရင် ကျောင်းတော်က သီးခြားဖြစ်သွားပြီးတော့ အလွယ်တကူ အနိုင်ယူနိုင်မယ်…” လျိုဖန်းက ရှင်းပြသည်။ ချင်ပြည်ထောင်က သူတို့၏ တကယ့် ရည်ရွယ်ချက်ကို ထုတ်ပြလိုက်ပြီဖြစ်သည်။
“လျိုနိုင်ငံရဲ့ ဘုရင်က လက်ထပ်မှုကို လက်ခံပါ့မလား…” ရီဖူရှင်းက မေးသည်။
“ငါတို့ မသိဘူး…” လျိုဖန်းနှင့် ရွှီယီက ခေါင်းယမ်းသည်။ ထိုအရာက မလွယ်ကူပေ။
ရီဖူရှင်းက ထိုသတင်းများကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ ရီဝူချင်းနှင့် လျိုချန်းယွီတို့၏ ဆက်ဆံရေးက ဤကိစ္စများကြောင့် ခက်ခဲခြင်းများ ဖြစ်လာပေတော့မည်။ သူကလည်း လျိုချန်းယွီအား ချင်ပြည်ထောင်မှ လူများနှင့် လက်ထပ်ရန် မလိုလားပေ။ သို့သော်လည်း ဤကိစ္စက သူနှင့် မသက်ဆိုင်ပေ။ ကော့တေးကလည်း ဝင်ပတ်သက်ရန် အကြောင်းပြချက် မရှိပေ။
လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ကား အမှန်ပင် မိတ်ဆွေကောင်းများ ဖြစ်ကြသည်။ သူတို့က လျိုနိုင်ငံ၏ မင်းသားနှင့် မင်းသမီးတို့ ဖြစ်ကြသော်လည်း သူတို့က မိမိတို့၏ လက်ထပ်မှုအတွက် ဆုံးဖြတ်ပိုင်ခွင့်များ မရှိကြပေ။
ရီဖူရှင်းက နေ့လယ်စာပင် ကောင်းကောင်း မစားနိုင်တော့ပေ။
ထိုသတင်းများအား ကျောင်းတော် တစ်ခုတည်း မဟုတ်ဘဲ အရှေ့မြေရိုင်း ဒေသမှ အင်အားစုတိုင်းက ကြားကြရသည်။
အထူးသဖြင့် အရှေ့မြေရိုင်း ဒေသမှ ထိပ်သီး အင်အားစုများက ရီဖူရှင်းနှင့် လျိုချန်းယွီတို့က လွန်စွာ ရင်းနှီးသည်ကို သိကြသည်။ လျိုနိုင်ငံက ရီဖူရှင်းတို့အုပ်စုက နန်ဒူနိုင်ငံကို ပြန်သွားသောအခါ သူတို့၏ ခွန်ပင်ကိုပင်လျှင် စီးခွင့်ပြုသည်။ ထို့ကြောင့် ချင်ပြည်ထောင်က သူတို့နှင့် လျိုနိုင်ငံတို့၏ ပတ်သက်မှုကို ထုတ်ဖော် ကြေညာ လိုက်သောအခါ လူတိုင်းက အံ့အားသင့်ရသည်။
ရက်အနည်းငယ် ကြာသောအခါ ချင်ပြည်ထောင်က သူတို့က လျိုနိုင်ငံထံသို့ သတို့သမီး သွားရောက် တောင်းရမ်းမည့် ရက်စွဲကို ကြေညာသည်။ ထိုသတင်းက အရှေ့မြေရိုင်း ဒေသကို တစ်ဖန် လှုပ်ရှားစေသည်။
လျိုနိုင်ငံနန်းတော်၏ အခန်းတစ်ခုထဲတွင် နဂါးဝတ်စုံကို ဝတ်ဆင်ထားသော လူကြီးတစ်ယောက်က တိတ်ဆိတ်စွာ ထိုင်နေသည်။ မကြာမီ လူနှစ်ယောက်က အခန်းထဲကို ဝင်လာကာ ဦးညွှတ်ကြသည်… “အဖေ…” သူတို့အား လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ ဖြစ်ကြသည်။
“ဘာဖြစ်လို့လဲ…” ဧကရာဇ်လျိုက မျက်လုံးမှိတ်လျက် မေးသည်။
“အဖေ… ချင်ပြည်ထောင်က အရမ်း ကောက်ကျစ်တယ်… ချန်းယွီကို သူတို့ ခေါ်သွားမှာကို ကျွန်တော် သဘောမကျဘူး…” ချင်ပြည်ထောင်က ရက်စွဲအား ကြေညာထားရာ သူက လွန်စွာ စိုးရိမ်သည်။
“ချင်ပြည်ထောင်က ငါ့ဆီကို လျှို့ဝှက်ပြီးတော့ ဝန်မင်းတစ်ပါး လွှတ်ခဲ့တယ်… ငါ့ကို ပြောတာကတော့ ချင်ဘုရင်ရဲ့ အငယ်ဆုံးသားက ချင်ပြည်ထောင်မှာ မနေဘဲ လျိုနိုင်ငံမှာ နေမယ်ပြောတယ်…”
သူက မည်သည့်နေရာတွင် နေမည်က လုံးဝ ကွဲပြားသော အကြောင်းအရာ ဖြစ်သည်။ လျိုချန်းယွီက ချင်ပြည်ထောင်ကို သွားပါက သူမက ဓားစာခံဖြစ်ပေမည်။ ထို့အတူ ချင်ယွန်က လျိုနိုင်ငံတွင် နေပါကလည်း သူက ဓားစာခံ ဖြစ်ပေမည်။
ချင်ဘုရင်၏ မြေး ချင်ယွန်ကား လွန်စွာ ပါရမီမြင့်သည်။ သူ၏ အမေကား ချင်ဘုရင်၏ ဦးစားပေးခံရသော ကိုယ်လုပ်တော် ဖြစ်သည်။ ချင်ယွန်က ဧကရာဇ်၏ ဦးစားပေးခံရသော သားဖြစ်သည်ကို လူတိုင်းက သိသည်။
လျိုဖေးယွန်နှင့် လျိုချန်းယွီတို့ကား ထိုသတင်းကို ကြားကာ အံ့အားသင့်ရသည်။ ချင်ပြည်ထောင်က လျို့ဝှက်ပြီး ဝန်ကြီးတစ်ပါးကို စေလွှတ်ခဲ့သည်လား။
“အဖေ သဘောတူလိုက်သလား…” လျိုဖေးယွန်က မေးသည်။
“ငါက ငြင်းလည်း မငြင်းဘူး… လက်လည်း မခံခဲ့ဘူး…” ဧကရာဇ်လျိုက ပြောသည်။
“အဖေ… ချန်းယွီက ချင်ပြည်ထောင်ကို သွားဖို့ မလိုဘူးဆိုရင်တောင် လူတိုင်းက သူတို့ရဲ့ ရည်မှန်းချက်ကို သိကြတာပဲ… ချင်ပြည်ထောင်က အရှေ့မြေရိုင်းဒေသ တစ်ခုလုံးကို ချုပ်ကိုင် သွားနိုင်မယ်ဆိုရင် လျိုနိုင်ငံက အခွံပဲ ကျန်ရစ်လိမ့်မယ်…”
“ချင်ပြည်ထောင်က အရှေ့မြေရိုင်းဒေသ တစ်ခုလုံးကို ချုပ်ကိုင်တယ် ဆိုရင်တောင်မှ သူတို့က နေရာတွေကို အုပ်ချုပ်ဖို့ လူတွေ လိုတာပဲ… ” ဧကရာဇ်လျိုက ပြောသည်… “ချင်ပြည်ထောင် ကတိပေးတာက ဘာပဲ ဖြစ်နေဖြစ်နေ လျိုနိုင်ငံက အစားထိုးခံရမှာ မဟုတ်ဘူး… .ချင်ယွန်က ဒီမှာ နေတာ မနေတာကလည်း ပြဿနာ မဟုတ်တော့ဘူး… လျိုနိုင်ငံနဲ့ ချင်ပြည်ထောင်က မဟာမိတ် ဖြစ်သွားလိမ့်မယ်…”
“အဖေက ဒါကို ယုံလား… ” လျိုဖေးယွန်က မေးသည်။
“ကွာခြားတာ ရှိလို့လား…” ဧကရာဇ်လျိုက မျက်လုံးဖွင့်လျက် သူ၏ သားသမီးများကို ကြည့်သည်။ “ချင်ပြည်ထောင်က ဒွန်ချင်ကျောင်းတော်ကို တည်ထောင်ပြီး သူတို့ရဲ့ ရည်မှန်းချက်ကို ဘာလို့ထုတ်ပြလဲ မင်းသိလား…”
လျိုဖေးယွန်က ခေါင်းယမ်းသည်။
“ငါကြားတာကတော့ ချင်ပြည်ထောင်က သူတို့ ဘိုးဘေးတွေရဲ့ ရှေးဟောင်း အုတ်ဂူကို ဖော်နိုင်ခဲ့တယ်တဲ့… ချင်ပြည်ထောင်ရဲ့ ဘိုးဘေးတွေက အရှေ့မြေရိုင်း ဒေသကို လွှမ်းမိုး ချုပ်ကိုင်ဖူးတယ် ဆိုတာကို မင်းသိသင့်တယ်…” နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်သူ အနေဖြင့် ဧကရာဇ်လျိုက သူက သဘောတူ လိုက်လျှင် မည်သို့ ဖြစ်လာမည်နှင့် သဘောမတူခဲ့လျှင် မည်သို့ အကျိုးဆက်များ ဖြစ်လာနိုင်သည်ကို စဉ်းစားရန် လိုသည်။
ချင်ပြည်ထောင်က လူအများအား မကြေညာမီ လျှို့ဝှက်ကာ ဆွေးနွေးရန် ဝန်ကြီးတစ်ပါးကို စေလွှတ်ခဲ့သည်။ သူတို့က ရန်သူနှင့် မိတ်ဆွေ ရွေးချယ်ရန် အခွင့်အရေး ပေးခြင်းက သူတို့၏ လေးစားမှုကို ပြသနေသည်။
လျိုဖေးယွန်က မသက်မသာ ကြည့်သည်။ သူက မေးသည်… “အဖေ… အဖေက ချင်ပြည်ထောင်ရဲ့ မဟာမိတ် လုပ်ချင်တာလား… ထိပ်သီး အင်အားစုတိုင်းက ချင်ပြည်ထောင်ရဲ့ တကယ့် ရည်ရွယ်ချက်ကို သိကြတယ်… ဘာလို့ ပူးပေါင်းချင်ရတာလဲ…” သူက နားမလည်နိုင်ပေ။
“ဖေးယွန်… ကမ္ဘာကြီးက ကွဲပြားနေပြီး နောက်ပိုင်း အချိန်အများကြီး ကြာပြီးတဲ့အခါ ပြန်လည် ပေါင်းစည်းလိမ့်မယ်… ပြီးရင် ပြန်ပြီး ကွဲပြားသွားလိမ့်မယ်… ဒါက သွေဖည်မရတဲ့ စည်းမျဉ်းပဲ… ဟန်ချက် ပျက်သွားတဲ့အခါ အရှေ့မြေရိုင်း ဒေသကို အင်အားကြီး အုပ်စုတစ်ခုက ထိန်းချုပ်မှာပဲ… .” ဧကရာဇ်လျိုက သက်ပြင်းချသည်။ တစ်ခါတစ်ရံ သူတို့က ခေတ်ရေစီးကြောင်းကို ငြင်းဆန် မရနိုင်ပေ။
“ဒါပေမဲ့ ကော့တေးနဲ့ ကျောင်းတော်လည်း ရှိသေးတာပဲ မလား…” လျိုဖေးယွန်က လက်မလျှော့ပေ။
“မင်းက အရမ်း အတွေးခေါင်တာပဲ…” ဧကရာဇ်လျိုက သူ့သားကို ကြည့်ကာ ဆက်ပြောသည်… “မင်းက ကော့တေးကို သိလား… သူတို့ ဘာလိုချင်တာ မင်းသိလား… .”
လျိုဖေးယွန်က သူ၏ အဖေအား ပြန်မပြောနိုင်တော့ပေ။ သူက ကော့တေးအား သိပ်မသိပေ။ ထိုနေရာက ထူးခြားသော နေရာဖြစ်သည်ကိုသာ သူသိသည်။
“ကော့တေးရဲ့ ပထမတပည့် ဓားသခင်က ဓားသခင်တောင်ကို တည်ထောင် ရလောက်အောင် နာမည်ကျော်ကြားတယ်…” ဧကရာဇ်လျိုက ပြောသည်… “အခု တတိယ တပည့် ဂူတုံးလျိုက ဘယ်လောက် ထက်မြက်လဲ လူတိုင်းသိတယ်… ခေ့ကေးမြို့မှာ ဒုတိယတပည့်ရဲ့ စွမ်းရည်တွေကို အားလုံးက မြင်တယ်… မင်းကို ငါတစ်ခုမေးမယ်… ဒုတိယ တပည့်နဲ့ တတိယ တပည့်က တောင်အောက်ကို ဆင်းရင် နောက်ထပ် ဓားသခင်လို နှစ်ယောက် ဖြစ်မလာဘူးလား…”
လျိုဖေးယွန် မှင်တက်သွားသည်။ သူ၏ အဖေက သူ့ထက် အမြင်ကျယ်သည်ကို သိလိုက်သည်။
“ပြီးတော့ ကော့တေးမှာ နံပါတ်လေး တပည့်နဲ့ နံပါတ်ငါး တပည့်တွေလည်း ရှိသေးတယ်… မင်းတို့ရဲ့ သူငယ်ချင်း ရီဖူရှင်းကရော… သူ့ရဲ့ ပါရမီကို မင်းတို့ အသိဆုံးပဲ… သူတို့တွေ တိုးတက်လာတဲ့အခါ အရှေ့မြေရိုင်းဒေသမှ ဘယ်သူက ကော့တေးကို ယှဉ်နိုင်တော့မလဲ…”
လျိုဖေးယွန် ဆွံ့အသွားသည်။ သူ၏ အဖေကား အမှန်ကို ပြောနေခြင်းပင်။
“ဒါပေမဲ့ ကော့တေးက ဘာကိုမှ ချုပ်ကိုင်ချင်တဲ့ သဘောမရှိဘူး…” လျိုဖေးယွန်က လက်ခံလိုသေးဟန်မရပေ။
“အမှန်ပဲ… ကော့တေးက တစ်ခုကိုမှ မချုပ်ကိုင်လိုဘူး… ဒါပေမဲ့ ကွဲပြားခြားနားတဲ့ အရှေ့မြေရိုင်းဒေသ တစ်ခုကို တည်ဆောက်လိုတယ်… ” ဧကရာဇ်လျိုက ကောင်းကင်ကို ကြည့်ကာ ရေရွတ်သည်…” ကော့တေးက ဆရာဒူက ထူးဆန်းတဲ့ လူပဲ…”
***