လေ့ကျင့်ရေးကွင်း ကုန်းပေါ်တွင် လူများက ပိုမို များပြား လာနေသည်။ သူတို့ အားလုံးက ချွန်တောင်ကုန်း၏ တပည့်များ ဖြစ်ကြကာ သတင်း ရပြီးသည်နှင့် အပြေး ရောက်လာကြခြင်း ဖြစ်သည်။
လေ့ကျင့်ရေးကွင်း၏ အပေါ်တွင်ကား တောင်တစ်လုံး ရှိသည်။ ထိုနေရာကား တောင်ကုန်း အကြီးအကဲ ဇုန်းဇွီ လေ့ကျင့်ရာ နေရာဖြစ်သည်။ လက်ရှိတွင် သူက တောင်စွန်း အငူတွင် ရပ်ကာ အောက်ကို ငုံ့ကြည့်နေသည်။ ကော့တေးက ရီဖူရှင်းအား ချွန်တောင်၏ လေ့ကျင့်ရေး ကွင်းတွင် လေ့ကျင့်ရန် အဆိုပြုခဲ့ရာ သူက သဘောတူခဲ့သည်။ ထိုအရာက သူ၏ တပည့်များအား တွန်းအား ဖြစ်စေနိုင်သည်။
ရီဖူရှင်းက ရောက်ရှိ လာသူများအား သတိထားမိ သော်လည်း သူက ဂရုမစိုက်ပေ။ သူ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ သူ၏ သိုင်းပညာနှင့် သန်မာမှုကို လေ့ကျင့်ခြင်း၊ သူ၏ သိုင်းပညာ စွမ်းရည်များကို ထုတ်ဖော်ခြင်းများကို လုပ်နေသည်။ သူ၏ လှုပ်ရှားမှုများက ထိန်းချုပ် ခံနေရကြောင်းကို သတိထား မိသည်။ လှုပ်ရှားမှုတိုင်းက ခက်ခဲလှ၏။
လေ့ကျင့်ရေး ကွင်းကား လွန်စွာ ကြီးမားသည်။ ထိုနေရာတွင် တန်ခိုးအဆင့် အမျိုးမျိုး ကွဲပြားသော တန်ခိုးရှင်များ ရှိနေကြသည်။ အများစုမှာ အကာနာ အဆင့်မှ လူများ ဖြစ်ကြသည်။ ဤနေရာတွင် ဓမ္မအဆင့်မှ လူများက လှုပ်ရှားရန် လွန်စွာ ခက်ခဲပေသည်။ ဤနေရာတွင် အဖြူရောင် ကျောက်သားများဖြင့် ပြုလုပ်ထားသော အမျိုးမျိုး အစားစားသော လက်နက်များလည်း ရှိသည်။
သူက ဤကွင်းထဲတွင် လွတ်လပ်စွာ ရွေ့လျား နိုင်သောအခါ သူ၏ တန်ခိုးအဆင့်က အဆင့်တက် သွားနိုင်သည်ဟု ရီဖူရှင်း တွေးမိသည်။ အကယ်၍ သူက ဖိအားများကြားတွင် သတ်မှတ် အလျင်နှုန်းနှင့် သန်မာမှုကို ရောက်ရှိခဲ့လျှင် ဖိအား မရှိတော့သောအခါ သူ၏ စွမ်းရည်များက လွန်စွာ အားကောင်း သွားနိုင်ပေသည်။
ထိုအချိန်တွင် တစ်စုံ တစ်ယောက်က ပျံသန်းလာကာ မြေပြင်သို့ ဝုန်းခနဲ ကျဆင်းလာသည်။ လူငယ်တစ်ယောက်က ရီဖူရှင်းနှင့် ယူချင်းတို့ ရှေ့တွင် ပေါ်လာသည်… “တွမ့်လန်… ဓမ္မအဆင့်ရှစ်… ကျုပ်က သိုင်းပညာကို အဓိကထား လေ့ကျင့်တယ်… မင်းတို့ဆီက အတွေ့အကြုံ ယူချင်တယ်…”
ကုန်းပေါ်မှ လူများ၏ မျက်လုံးပေါင်း များစွာက သူတို့ထံ ရောက်ရှိလာသည်။ တစ်စုံ တစ်ယောက်က စတင် လေပြီ။
“ရီဖူရှင်း… ဓမ္မအဆင့်ခုနစ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ချွန်တောင်ကုန်းမှ တပည့်များက သူတို့အား အသုံးပြု၍ လေ့ကျင့်လိုသည် ဆိုပါကလည်း သူကလည်း ထိုလူများကို အသုံးချရပေမည်။
တွမ့်လန်က နောက်ကို ဆုတ်လိုက်ကာ ရီဖူရှင်းထံသို့ ပြေးလာသည်။ သူ၏ ခြေလှမ်းတိုင်းက လေးလံကာ အားကောင်းသည်။ မကြာမီ သူက စတင် ပြေးလွှားသည်။ သူ့တွင် ကြောက်မက်ဖွယ် ရုန့်ရင်းသော စွမ်းအင်များ ပါဝင်နေပုံရသည်။ လေ့ကျင့်ရေးကွင်း၏ ဖိအားနှင့် အရှိန်အဝါက သူ့အတွက် အလုပ် လုပ်နေကာ သူ၏ အားကောင်းသော လက်ဝါးတွင် ပေါင်းစပ် သွားပုံရ၏။ သူ၏ လှုပ်ရှားမှုက ရေအလျင်ကဲ့သို့ စီးဆင်းနေကာ ဖိအားများက သူ့အား မည်သို့မှ သက်ရောက်ဟန် မရပေ။ သိသာစွာပင် သူက ဤနေရာတွင် ကြိမ်ဖန်များစွာ လေ့ကျင့်ထားပြီး ဖြစ်သည်။
ရီဖူရှင်း၏ အပေါ်မှ နဂါးတစ်ကောင်က ဆင်တစ်ကောင် အော်သံနှင့်အတူ ပေါ်လာသည်။ သူ့ထံ ရောက်လာသော တိုက်ခိုက်မှုကို မြင်လျှင် ရီဖူရှင်းက ရှေ့ကို တက်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ် လိုက်သည်။ သူက ဤနေရာမှ မြေဆွဲအားနှင့် အရှိန်အဝါတို့ဖြင့် အသား မကျသေးပေ။ ထို့ကြောင် သူ၏ လက်ဝါးက အနည်းငယ် ဟန်ချက် ပျက်နေသည်။ သို့သော် ထိုအရာက သူ၏ အလျင်နှုန်းနှင့် စွမ်းအားကို မထိခိုက်ပေ။ နဂါးတစ်ကောင်က ဆင်အော်သံနှင့်အတူ သူ၏ လက်ဝါးမှ ထွက်ပေါ်လာသည်။
တိုက်ခိုက်မှု နှစ်ခုက လေထဲတွင် ဆုံမိကာ ပေါက်ကွဲမှု တစ်ခုဖြစ်သည်။ ထို့နောက် တွမ့်လန်၏ လက်ဝါးက စတင် ပြိုလဲလာကာ နောက်ဆုံး ဝုန်းခနဲမြည်လျက် သူက ပါးစပ်မှ သွေးများ စီးကျကာ နောက်ကို လွင့်စဉ်သွား၏။
“အရမ်း အားကောင်းတယ်…” တွမ့်လန်က ရီဖူရှင်းအား စိုက်ကြည့်သည်။
ရီဖူရှင်းတွင် ဧကရာဇ်ရီချန်၏ ခန္ဓာကိုယ် လေ့ကျင့်သည့် နည်းစနစ်ရှိပြီး သူ၏ သက်စောင့် ဝိညာဉ်များမှာလည်း လွန်စွာ အားကောင်းသော နတ်သတ္တဝါဆန်းများ ဖြစ်ကြသည်။ ထို့ကြောင့် သူ၏ တစ်ကိုယ်လုံးက သံမဏိအလား မာကျောသည်။ ထို့ကြောင့် သူ၏ နဂါးနှင့် ဆင်မင်းအော်သံ လက်ဝါးရိုက်ချက်က မည်မျှ အားကောင်းမည်ကို ခန့်မှန်း၍ ရသည်။
ဘုန်း … နောက်ထပ် တစ်ယောက် ဆင်းသက်လာသည်။ သူကား စာအုပ်တောင်ကို ရီဖူရှင်းတို့နှင့် အတူ တက်ရောက် လာသော ခွာရှမ်း ဖြစ်သည်။ သူက ယခု ချွန်တောင်ပေါ်တွင် လေ့ကျင့်နေသည်။ သူ၏ ကြီးမားသော ခန္ဓာက ယူချင်း၏ ရှေ့တွင် ကျဆင်းသည်… “ငါမင်းကို စိန်ခေါ်ချင်တယ်…”
“သေချာတာပေါ့…” ယူချင်းက ခေါင်းညိတ်သည်။ သူက ရှေ့ကို လျှပ်တစ်ပြက် ခုန်သွားလျှင် မြေပြင်က အမှန်တကယ် လှုပ်ယမ်း သွားသည်။ လွန်စွာ အားကောင်းသော မြေဆွဲအားကြောင့် သူ၏ ခြေလှမ်းများက မြေပြင်ကို ပိုမို တုန်ခါစေ၏။ ထိုအသံက လူတိုင်းအား ဖိအား သက်ရောက် စေသည်။ သူက တဖြည်းဖြည်း ပိုမို လျင်မြန်လာကာ ခွာရှမ်း၏ ရှေ့ကို ရောက်ရှိလာပြီး လက်ဝါးတစ်ချက် ရိုက်ထုတ် လိုက်သည်။ ဝုန်းခနဲ မြည်သံနှင့်အတူ ခွာရှမ်း နောက်ကို လွင့်စဉ်သွားသည်။ လူအများအပြား တိတ်တခိုး သက်ပြင်း ချကြသည်။ ယူချင်း၏ သန်စွမ်းမှုကား ပြိုင်ဘက်ကင်းပင်။
လူအများအပြားက ရီဖူရှင်းနှင့် ယူချင်းတို့အား စိန်ခေါ်ကြသော်လည်း သူတို့နှစ်ယောက်က အားလုံးကို အနိုင်ယူခဲ့သည်။ သူတို့က မြေဆွဲအားနှင့် တဖြည်းဖြည်း အသားကျလာကာ ရွေ့လျားမှုများက ပိုမို ချောမွေ့လာသည်။
ကုန်းပေါ်တွင် လူငယ်တစ်စု ရပ်နေသည်… “မင်း ဘယ်လိုထင်လဲ…” အလယ်မှ တစ်ယောက်က မေးသည်။
“အရမ်း အားကောင်းတယ်…” နောက်တစ်ယောက် ပြန်ဖြေသည်… “ရီဖူရှင်းက ခန္ဓာကိုယ် သန်မာတဲ့ နည်းစနစ် တစ်ခုကို လေ့ကျင့်ပုံရတယ်… ယူချင်းရဲ့ အားအင်တွေကတော့ ကြောက်ခမန်းလိလိပဲ… သူ့ရဲ့ သန်မာမှုက မွေးရာပါ ပါရမီပဲ… သူ့ရဲ့ ခန္ဓာကိုယ် လေ့ကျင့်တဲ့ နည်းစနစ်ကလည်း အားမနည်းဘူး…”
“ဟုတ်တယ်… ယူချင်းက ခေ့ကေးမြို့မှာတုန်းက မိစ္ဆာတိုင်ကို မပြီး ယူသွားတယ်လို့ ငါကြားတယ်…” အလယ်မှ တစ်ယောက်က ပြုံးလျက် ပြောသည်…“မင်း စမ်းကြည့်သင့်တယ်…”
“ကောင်းပြီ…” ဘေးမှ လူငယ်က ခေါင်းညိတ်သည်။ သူက ရှေ့ကို တိုးသွားကာ ရီဖူရှင်းနှင့် ယူချင်းတို့၏ အပေါ်မှ လေထုထဲတွင် ရပ်လိုက်သည်။
“အဲဒါ ရှာဟော့ချူပဲ…” လူတိုင်း၏ မျက်လုံးများက အရောင်လက် သွားသည်။ ရှာဟော့ချူကား အကာနာ အဆင့်တစ်တွင် ရှိကာ သိုင်းပညာတွင် ထူးချွန်သည်။ သူကား လွန်စွာ သန်မာကာ ချွန်တောင်တွင် ထိပ်ဆုံး ငါးယောက် စာရင်းဝင်သည်။ သူက တောင်ကုန်း အကြီးအကဲ ဇုန်းဇွီ၏ လက်ရင်း တပည့်လည်း ဖြစ်သည်။
“ရှာဟော့ချူ… အကာနာ အဆင့်တစ်… ကျုပ်က ဒီကွင်းမှာ အသားကျနေပြီ… မင်းတို့ နှစ်ယောက် အတူတူ တိုက်ခိုက်လို့ ရတယ်…”
ရီဖူရှင်းက လျိုဂျန်လန်ကို သတ်ခဲ့သော်လည်း ထိုကိစ္စက သူ၏ ယုံကြည်မှုကို မထိခိုက်ပေ။ သူတို့က လေ့ကျင့်ရေး ကွင်းထဲတွင် ဖြစ်သည်။
ယူချင်းက မြေပြင်အား တုန်ခါစေလျက် ရှေ့ကို ပြေးလာပြန်သည်။ သူ၏ လက်ဝါးက ရှာဟော့ချူထံကို ရောက်လာသည်။ ရှာဟော့ချူက သူ့အား အေးစက်စွာ ကြည့်၏။ သူ့ထံမှ စွမ်းအားများ ဖြာထွက်လာကာ ရှေ့ကို လျှပ်စီးအလား ပြေးလာသည်။ သူနှင့် ယူချင်းက လေထဲတွင် ရင်ဆိုင်မိကြသည်။ ဘုန်းခနဲ မြည်သံနှင့် အတူ ယူချင်း နောက်ကို ဆုတ်သွားသည်။ ရှာဟော့ချူက မြေပြင်တွင် တည်ငြိမ်စွာ ရပ်သည်။
ယူချင်း၏ ခန္ဓာမှ ရွှေအိုရောင် အလင်းများ ဖြာထွက် လာသည်။ သူ့ခန္ဓာကိုယ်တွင် ရွှေအိုရောင် ချပ်ဝတ်တစ်ခု ရေးတေးတေး မြင်ရသည်။ ကြောက်မက်ဖွယ် မိစ္ဆာဓာတ်များ မွေးဖွားလာကာ သူက နတ်ဆိုးတစ်ပါး အဖြစ် ပြောင်းလဲသွားပုံ ရသည်။ သူက ထပ်မံ၍ ပြေးလွှား ပြန်သည်။
ရှာဟော့ချူကလည်း ကြောက်ရွံ့ခြင်း မရှိပေ။ သူကလည်း ရှေ့ကို ပြေးလာကာ သူတို့က လေထဲတွင် ရင်ဆိုင်မိလျက် တဝုန်းဝုန်း မြည်သံများ ထွက်လာသည်။ နောက်ဆုံးတွင် သူတို့က လူချင်း ခွာလိုက်ကြသည်။ ရှာဟော့ချူ၏ လက်များက တုန်ယင်နေသည်။ သူက ယူချင်းအား ထူးဆန်းစွာ ကြည့်သည်။ ယူချင်းအား ရွှေအိုရောင် အလင်းများ ဖုံးအုပ်နေပုံက သူ့အား နတ်ဆိုး ဝင်ပူးနေသလား ထင်မှတ်ရသည်။
ရှာဟော့ချူက နောက်လှည့်ကာ လက်နက်များ ထားရာသို့ လျှောက်သွားသည်။ သူက လွန်စွာ ကြီးမားသော တုတ်ချောင်း တစ်ခုကို ကောက်ကိုင်သည်။ ထိုအရာကား ကျောက်သားဖြူဖြင့် ပြုလုပ်ထားကာ အဖြူရောင် ဖြစ်သည်။ သူက ထိုကျောက်သား တုတ်ချောင်းအား မြေပြင်တွင် တချွင်ချွင် မြည်အောင် မြေနှင့် ထိလျက် ဆွဲယူလာသည်။ ယူချင်းအား ကြည့်ကာ သူက ပြောသည်… “မင်းလည်း လက်နက်တစ်ခု သွားယူ…”
ယူချင်း၏ လက်မှ ကြောက်မက်ဖွယ် ကောင်းသော ရွှေအိုရောင်များ ဖြာထွက် လာသည်။ သူက ရှေ့ကို တက်လာပြန်၏။ သူက လက်နက် သွားယူရမည့် အစား သူက ရှာဟော့ချူထံသို့ ပြေးသွားသည်။ ဤသည်ကို မြင်လျှင် ရှာဟော့ချူက သူ၏ တုတ်အား ဝှေ့ယမ်းသည်။ လေရိုင်းများ အော်ဟစ်ကြသည်။ ယူချင်းက အနီးကို ရောက်လျှင် ရှာဟော့ချူက လေထက်ကို ခုန်တက်ပြီး သူ၏ ကျောက်သား တုတ်ဖြင့် မိုးကာ ရိုက်ချလျှင် ကောင်းကင်ပင်လျှင် နှစ်ခြမ်း ကွဲသွားဟန် ရသည်။
ဘုန်း … ယူချင်းက ရိုက်ချက်အား သူ၏ ခန္ဓာကိုယ်ဖြင့် ခုခံသည်။ ဘန်းခနဲ မြည်ကာ ယူချင်း နောက်ကို လွင့်စဉ်သွားသည်။ သူ၏ပါးစပ်မှ သွေးများ စီးကျလာ၏။ သို့သော် သူက မည်သို့မှ ခံစားရဟန် မတူဘဲ ပါးစပ်မှ သွေးများကို လက်ဖြင့် သုတ်လိုက်သည်။
ရီဖူရှင်းက မျက်မှောင်ကြုတ် လိုက်သည်။ သူက လက်နက်များ ထားရာသို့ လျှောက်သွားပြီး နှင်တံ တစ်ချောင်းအား ကောက်ကိုင် လိုက်သည်။ သူက တောင်တစ်လုံးအား ကောက်ကိုင် လိုက်သလို ခံစားရ၏။ ကျောက်သား နှင်တံကား ရှည်လျားကာ ပိဿာချိန် ထောင်ပေါင်းများစွာ လေးလံသည်။
ရီဖူရှင်းက အံကြိတ်ကာ နှင်တံအား မလိုက်သည်။ သူက နှင်တံအား ခက်ခဲစွာ ဝှေ့ယမ်း၏။ ရှာဟော့ချူက ယူချင်းအား အဘယ်ကြောင့် ဒဏ်ရာ ရစေနိုင်သည်ကို သူ နားလည် လိုက်သည်။ လက်နက်များကား လွန်စွာ လေးလံကာ ထိတ်လန့်ဖွယ် ကောင်းသည်။ အကယ်၍ သူက ထိုလက်နက်များနှင့် အသားကျကာ ကောင်းစွာ အသုံးပြုနိုင်လျှင် သူ၏ ရိုက်ချက်၏ အစွမ်းက အံ့မခန်း အားကောင်းပေမည်။
“အဲဒါ အသုံးမဝင်ဘူး… မင်းက အခုမှ ရောက်တာ ဆိုတော့ အဲလို လေးလံတဲ့ လက်နက်တွေကို အသုံးမပြုနိုင်သေးဘူး…” ရှာဟော့ချူက ပြောသည်။ သူကား လေ့ကျင့်ရေး ကွင်း၏ ဖိအားနှင့် အသားကျ နေပြီးသား ဖြစ်ကာ ယူချင်းနှင့် ရီဖူရှင်းတို့က အခုမှ ရောက်ရှိခြင်း ဖြစ်သည်။
ရီဖူရှင်းက သူ့အား လျစ်လျူရှုထားသည်။ သူက နှင်တံအား စတင် ဝှေ့ယမ်းသည်။ တဖြည်းဖြည်း နှေးကွေးရာမှ နှင်တံက မြန်ဆန်လာသည်။ ထို့နောက် ထူးခြားသော လှုပ်ရှားဟန်နှင့်အတူ ကြောက်မက်ဖွယ် စွမ်းအားများက နှင်တံတွင် စုစည်း လာနေသည်။
ရီဖူရှင်း၏ လက်ထဲတွင် နှင်တံက ရေစီးအလား ချောမွေ့စွာ လှည့်ပတ် နေသည်။ ရီဖူရှင်း၏ နိုဘယ်အသိ မွေးဖွားလာသည်။ သူ့နောက်တွင် နတ်လူဝံ၏ ပုံရိပ် ပေါ်လာသည်။ ကြီးမားသော ကျောက်သား နှင်တံက လေထုကို ခွင်းလျှင် လေထုက အမှန်တကယ် ကြီးစွာ တုန်ခါသည်။
ရီဖူရှင်းက နှင်တံကို ဝှေ့ယမ်းလျက် ရှာဟော့ချူထံသို့ သူ၏ နောက်ကျောမှ အတောင်ပံများ ခတ်လျက် ပြေးသွားသည်။ လောက၏ အရှိန်အဝါက သူနှင့် ပေါင်းစပ် နေပုံရသည်။ ရှာဟော့ချူက မျက်မှောင်ကြုတ် လိုက်သည်။ သူက ဖိအားတချို့ကို ခံစားရ၏။
သူ့ထံမှ ကြမ်းတမ်းသော ကိုယ်ရောင် ကိုယ်ဝါ တစ်ခု ဖြာထွက် လာသည်။ သူ၏ ဓမ္မကား လွန်စွာ ကြီးမားသော မိစ္ဆာနွားသိုးကြီး ဖြစ်သည်။ ရီဖူရှင်းက ထိတ်လန့်ဖွယ် အရှိန်အဝါနှင့် ပျံသန်း လာသည်ကို မြင်လျှင် သူက မာန်သွင်းသံ တစ်ချက်ပေးကာ သူ၏ ကျောက်သား တုတ်တံနှင့်အတူ ပြေးလာသည်။ ဖိအားကား တောင်တစ်လုံးအလား ရှိနေသည်။ သူ့ထံမှ ကြီးစွာသော အားလှိုင်းများ စိမ့်ထွက်လာသည်။ ဘုန်းခနဲ မြည်သံနှင့်အတူ ကျောက်သားတုတ်က နှင်တံကြောင့် ပြိုကွဲ ပျက်စီး သွားသည်။ နှင်တံက ကြီးစွာသော အရှိန်အဟုန်နှင့်အတူ ရှာဟော့ချူ၏ ခန္ဓာနှင့် ထိရိုက်မိသည်။ ဘန်းခနဲ မြည်သံနှင့်အတူ ရှာဟော့ချူ လွင့်စဉ်သွား၏။ သူ၏အရိုးများ အများအပြား ကျိုးသွားဟန်ရကာ ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာနေသည်။
လူအများအပြား အောက်ကို ဆင်းလာကြသည်။ သူတို့က ရှာဟော့ချူအား ကူတွဲပေးကာ ရီဖူရှင်းအား အေးစက်စွာ ကြည့်ကြသည်။ တစ်ယောက်က ရှေ့ကို တက်လာကာ ပြောသည်… “စိန်ခေါ်တယ်…”
“ချွန်တောင်က တပည့်တွေက ဒီလိုပဲ တစ်ယောက်ပြီး တစ်ယောက် စိန်ခေါ်ကြတာလား…” ရီဖူရှင်းက သရော်တော်တော် ပြောသည်…“ စိတ်မကောင်းပါဘူး… ကျုပ်က အခု လက်မခံသေးဘူး…”
“မင်း…” သူတို့က ရီဖူရှင်းကို အေးစက်စွာ ကြည့်ကြသည်။
“ငါက ဒီနေရာနဲ့ အသားကျ သွားတော့မှ မင်းတို့နဲ့ စမ်းတော့မယ်…” ရီဖူရှင်းက ယူချင်းဘက်ကို လှည့်လိုက်သည်… “သွားပြီးတော့ လေ့ကျင့်ရအောင်…”
ရီဖူရှင်း ထိုလူများအား အေးစက်စွာ တစ်ချက်ကြည့်ကာ ရီဖူရှင်း နောက်ကို လိုက်ပါသွားသည်။
လူတိုင်းက တိတ်တခိုး တုန်လှုပ်ကြရသည်။ ကော့တေး၏ တပည့်များကား အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့က ဤနေရာကို ယခုမှ ရောက်သေးသော်လည်း ဓမ္မအဆင့် ခုနစ်မျှဖြင့် အကာနာ အဆင့်တစ်ကို အနိုင်ယူခဲ့ကြသည်။ သူတို့က လေ့ကျင့်ရေးကွင်းနှင့် အသားကျ သွားပါက ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာနိုင်သည်။
အချိန်များစွာ ကြာသွားသည်။ ရီဖူရှင်းက သူ၏ ခန္ဓာကိုယ်အား လေ့ကျင့်သည်။ တဖြည်းဖြည်းဖြင့် နှစ်လခန့် ကြာသွားသည်။ သူနှင့် ယူချင်းတို့က ယခု မြေဆွဲအားနှင့် လေ့ကျင့်ရေးကွင်းမှ ဖိအားများကို လျစ်လျူရှုနိုင်ပြီ ဖြစ်သည်။ သူတို့က လေ့ကျင့်ရေးကွင်း အပြင်ဘက်ကို ရောက်ပါက မည်မျှ အားကောင်း လာမည်ကို ခန့်မှန်း၍ ရသည်။
***
အတွဲ(၂၁)ပြီးပါပြီ
ဆက်ပါဦးမည်။
***