တစ်စုံတစ်ယောက်က သူတို့ထက် အနည်းငယ်မျှသာ သာလွန်နေသည် ဆိုပါက ထိုလူများက မနာလိုခြင်း သဘောမကျခြင်းများ ရှိနိုင်သော်လည်း တစ်ယောက်က လွန်မင်းစွာ အားကောင်း သွားပါက ထိုလူများက မနာလိုခြင်း မဖြစ်ရဲတော့ဘဲ လေးစား အားကျခြင်းများဖြင့် မော့ကြည့်ရုံမျှသာ တတ်နိုင်ကြ ပေတော့သည်။
ရီဖူရှင်းက ချင်းကျူ ကျောင်းတော်မှ လူများအား ထိုသို့ အမြင်မျိုး ထားရစ်ခဲ့လိုခြင်း ဖြစ်သည်။ ယနေ့မှ စ၍ ဗိုလ်ချုပ်ချင်နှင့် ချင်ယီတို့အား မည်သူမှ မလေးမစား ပြုမူရဲတော့မည် မဟုတ်တော့ပေ။ အဆုံးသတ်တွင် ရီဖူရှင်းက သူ၏ မိသားစုများကို ရှာမတွေ့သည့်တိုင် သူက ချင်းကျူမှ အရာ အားလုံးကို ဖြေရှင်းနိုင်ခဲ့ပေပြီ။
နယ်မြေတစ်ရာတွင် ဧကရာဇ်များစွာက ကန်ယီနိုင်ငံနှင့် နန်ဒူနိုင်ငံတို့ဖြင့် သံတမန်ရေးရာ နည်းလမ်း ပေါင်းစုံ သုံးလျက် ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားကြသည်။ ဧကရာဇ်လျိုနှင့် သောက်စား ပျော်ပါးခဲ့ကြသော ဧကရာဇ်များမူကား လွန်စွာ ရိုကျိုးလျက် တောင်းဆိုမှု များစွာကို လိုက်လျော ပေးကြရသည်။ ဟွာဖန်းလူနှင့် နန်ဒူဝန်ယမ်က နန်ဒူနိုင်ငံ နန်းတော်၌ ရက်အနည်းငယ် နေခဲ့ကြသည်။ ထို့နောက် သူတို့အုပ်စုက အရှေ့မြေရိုင်း ဒေသသို့ ပြန်လာခဲ့ကြသည်။
ရီဖူရှင်းက ပထမဆုံး ဟွာဂျီယူအား လစန္ဒာကလန်သို့ ပို့ဆောင် ပေးသည်။ ထို့နောက်တွင်မှ သူက ထျန်းရီမြို့မှ ကု့ချင်းဥယျာဉ်သို့ သွားသည်။ ရီဖူရှင်းနှင့် ယူချင်းတို့က ကော့တေးကို ပြန်ရောက်သောအခါ သူတို့ ထွက်သွားခဲ့သည်မှာ တစ်လခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
စာအုပ် တောင်ပေါ်တွင် ကော့တေးကား အေးချမ်းကာ တိတ်ဆိတ်နေမြဲ ဖြစ်သည်။
ဝါးတောလေး၏ ဘေးတွင် သစ်လုံးအိမ်လေး ရှိသည်။
“မောင်ငယ်လေး… နင် ပြန်လာပြီ…” ရီဖူရှင်းအား မြင်လျှင် ပေ့ထင်ရှင်းအာက ညင်သာစွာ ပြုံးသည်။
“အင်း… တစ်လ ကြာပြီးနောက် အစ်မရှင်းအာက ပိုပြီးတောင် လှလာတယ်…” ရီဖူရှင်းက ပြုံးသည်။
ပေ့ထင်ရှင်းအာကား ရီဖူရှင်း၏ စကားများကို အသားကျနေပြီ ဖြစ်သည်။ သူမက ပြုံးလျက် ပြောသည်… “ထိုင်နေ… နင်က နေ့လယ်စာစားချိန် အဆင်သင့် ရောက်လာတာပဲ… ငါက အစ်ကိုလေးကို ဒီကို ခေါ်လာခဲ့မယ်…”
“နောက်တစ်ခါ ငါက တစ်နေရာရာကို ရောက်ရင် အငယ်ဆုံးပဲ ဖြစ်ရမယ်…” တစ်စုံတစ်ယောက်က သက်ပြင်းချသည်။ ရီဖူရှင်းက ပြုံးလျက် ချက်ပြုတ်နေသော အစ်ကိုငါးအား ကြည့်သည်။ ထို့နောက် သူက ပြောသည်… “အစ်ကိုငါး … ဘာလို့ တောင်အောက်မှာ ရက်နည်းနည်း ထပ်မနေတာလဲ…”
လျိုဖန်းက နှာခေါင်း ပွတ်နေသော ရီဖူရှင်းကို မျက်လုံး ပြူးကျယ်လျက် ကြည့်သည်။ မူလက သူလည်း တောင်အောက်တွင် အေးအေးဆေးဆေး နေချင်ခဲ့သည်။ သို့သော် သူမရှိလျှင် တောင်ပေါ်မှာ အစ်မနှစ်အတွက် ချက်ပြုတ်မည့်လူ မရှိဟု အစ်ကိုသုံးက သူ့ကို ပြောခဲ့သည်။
ထိုအရာက လွန်စွာ မတရားရာ ကျသည်ဟု သူတွေးသည်။
“မင်းတို့က ဘာမကျေမနပ် ဖြစ်နေကြတာလဲ…” ရုတ်တရက် ရယ်မောသံ တစ်ချက် ကြားလိုက် ကြရသည်။ အစ်မနှစ်က ဝါးတောလေးထဲမှ ထွက်လာကာ လျိုဖန်းအား ပြုံးလျက် ကြည့်သည်။
“အစ်မနှစ် … ထိုင်ပါ… စားစရာတွေက ပြီးတော့မယ်…” ချက်ချင်းပင် လျိုဖန်း၏ မျက်နှာက လွန်စွာက တက်ကြွသော ပုံစံဖြစ်သွားကာ ဤမတိုင်မီက အမူအရာက လုံးဝ ပျောက်ကွယ် သွားသည်။ ထိုအခါမှ အစ်မနှစ်က ကျေနပ်စွာ ပြုံးသည်။ သူမက ရီဖူရှင်းအား ကြည့်ကာ ပြောသည်… “မောင်ငယ်လေး … ဂျီယူကို မခေါ်လာဘူးလား…”
“အစ်မနှစ် … ဂျီယူက လစန္ဒာကလန်ကို ပြန်သွားတယ်…”
“ကောင်းပြီ… သူမက အားတဲ့အချိန် လာလည်လို့ ရတယ်…” ကျူးကော့ဟွေက ပြောသည်… “နန်ဒူက မင်းရဲ့ တိုက်ပွဲကို ငါကြားတယ်… ငါတောင်မှ သွားမကြည့် ဖြစ်တာ နောင်တရတယ်…”
ရီဖူရှင်းက ခေါင်းကုတ်လျက် ပြောသည်… “သေချာတာပေါ့… ကျွန်တော်က ကော့တေးကို စိတ်ပျက်စေလို့ ဘယ်ရပါ့မလဲ…”
“ဟုတ်တယ် … နောက်ဆုံးတော့ ကော့တေးမှာ တကယ် တော်တဲ့ မောင်ငယ်လေး တစ်ယောက် ရှိခဲ့ပြီ…” ကျူးကော့ဟွေက ပြောသည်…“ဒီကို လာထိုင်…”
လျိုဖန်း၏ မျက်နှာက နက်မှောင်သွားသည်။ ထိုနေရာကို လျှောက်လာနေသော ယိရှောင်ရှီလည်း မျက်ရည် ဝဲသွားသည်။ ထိုအရာက သူတို့အပေါ် အစ်မနှစ်၏ အမြင်လား။
ရွှီယီနှင့် ပေ့ထင်ရှင်းအာတို့ ရောက်ရှိ လာကြသည်။ အစားအစာကား အဆင်သင့်ဖြစ်ကာ သူတို့က ဝိုင်းထိုင် လိုက်ကြသည်။ ရီဖူရှင်းက မေးသည်… “အစ်ကိုသုံးရော…”
“သူ လေ့ကျင့်နေတယ်…” ပေ့ထင်ရှင်းအာက ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်သည်။ ရုတ်တရက် ကျူးကော့ဟွေက တစ်စုံတစ်ခုကို တွေးမိကာ ပြောသည်… “မောင်ငယ်လေး… မင်းရဲ့ သိုင်းပညာက မှော်ပညာထက် တော်တော်ကြီးကို အားကောင်း နေတယ်လို့ ငါကြားတယ်… ဟုတ်လား…”
“ဟုတ်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက ဧကရာဇ်ရီချင်ထံမှ ခန္ဓာကိုယ်ကို လေ့ကျင့်သော နည်းစနစ်အား ဆက်ခံရရှိကာ လူဝံကြီးကလည်း သူ့ကို ကောင်းကင်ဘုံ ကိုးဆင့် တိုက်ကွက်အား ဆက်ခံစေခဲ့သည်။ သူ သင်ယူခဲ့သော မှော်တိုက်ကွက်များက ထိုပညာများလောက် အားကောင်းခြင်း မရှိရာ ပုံမှန်အားဖြင့် သူက သိုင်းပညာတွင် ပိုမို အားကောင်းပေသည်။ အမှန်တကယ်အားဖြင့် အဆင့်မြင့်သော အခြေအနေ တစ်ခုတွင် သိုင်းပညာနှင့် မှော်ပညာက သိပ်ခြားနားခြင်း မရှိဘဲ တစ်စုံတစ်ယောက်က သူ၏ ရွေးချယ်သော ပညာရပ် အပေါ်တွင် သူ၏ပါရမီ ရင့်သန်မှုနှင့်သာ သက်ဆိုင်ပေသည်။
“နံပါတ်လေး… ဇုန်းဇွီကို သွားပြောလိုက်… မောင်ငယ်လေးနဲ့ ယူချင်းက လေ့ကျင့်ရေးကွင်းမှာ သွားပြီးတော့ လေ့ကျင့်မယ်လို့…” ကျူးကော့ဟွေက ရွှီယီအား ပြောသည်။
“အခုလား…” ရွှီယီက မေးသည်။
“မင်း ဘယ်လို ထင်လဲ…” ကျူးကော့ဟွေက ပြုံးလျက် ပြောသည်။
“ကောင်းပြီ…” ရွှီယီက သူ၏ အသားဖဲ့အား ချလိုက်၏။
သူက စားပင် မစားရသေးပေ။ သူတို့တွင် တူညီသော အခွင့်အရေးပင် မရှိပေ…။ ရွှီယီ စိတ်မပါ လက်မပါ ထွက်သွားသည်။
“ကျေးဇူးတင်ပါတယ်… အစ်မနှစ်…” ရီဖူရှင်းက တောက်ပစွာ ပြုံးလိုက်သည်။ အစ်မနှစ်ကား သူ့ပေါ်တွင် အမှန်တကယ် ကောင်းပေသည်။
ရုတ်တရက် ခြေသံတချို့ကို ကြားရသည်။ ရီဖူရှင်းက လှည့်ကြည့်လျှင် အေးစက်သော ပုံဟန်ဖြင့် မိန်းကလေးတစ်ဦး လျှောက်လာသည်ကို တွေ့ရသည်။ သူမကား ရှေးဟောင်း လို့လန်၏ သမီးတော် လို့လန်ရွှီ ဖြစ်သည်။ သို့သော်လည်း ရီဖူရှင်း၏ မျက်လုံးထဲတွင်ကား ထိုသန့်စင်သော သမီးတော် လို့လန်ရွှီကား လက်ရှိတွင် အမှန်ပင် ရေအင်တုံအား ကိုင်ထားသည်။ ရေအင်တုံထဲတွင်ကား လျှော်လက်စ အဝတ်များကို တွေ့ရသည်။ ရီဖူရှင်းက စားနေရာမှ နင်သွားသည်။
အဟွတ်… အဟွတ်…။ ဒါက တကယ်ပဲ အေးစက်သော သမီးတော် လို့လန်ရွှီလား။
လို့လန်ရွှီက ရီဖူရှင်းအား ကြည့်ကာ ကျူးကော့ဟွေကို ပြောသည်… “ကျွန်မက အဝတ်တွေ သွားလှန်းလိုက် ပါဦးမယ်…”
“ကောင်းပြီ… မင်း ပြီးသွားရင် ငါတို့နဲ့အတူ လာစား…” ကျူးကော့ဟွေက ခေါင်းညိတ်သည်။
“ဟုတ်ကဲ့…” လို့လန်ရွှီက ခေါင်းညိတ်ကာ ဝါးတောလေး၏ နောက်ဘက်ကို လျှောက်သွားသည်။
ပေ့ထင်ရှင်းအာက ရီဖူရှင်းအား အနည်းငယ် ရှက်ရွံ့စွာ ကြည့်သည်။ ထိုအလုပ်များကား ယခင်က သူမ၏ အလုပ်များ ဖြစ်သည်။
“မောင်ငယ်လေး… ဘာဖြစ်တာလဲ…” ထမင်းသီးနေဆဲ ဖြစ်သော ရီဖူရှင်းအား ကြည့်ကာ ကျူးကော့ဟွေက မေးသည်။
“ဘာမှ မဟုတ်ဘူး… ကျွန်တော်က စားတာ နည်းနည်း မြန်သွားလို့…” ရီဖူရှင်းက ခေါင်းငုံ့ကာ ဆက်စားသည်။ အစ်ကိုလေးနှင့် အစ်ကိုငါးတို့က တောင်အောက်တွင် ဝင့်ကြွားသော ဟန်အမူအရာများနှင့် တောင်ပေါ်တွင် သူတို့ မည်သို့ အခြေအနေ ရှိနေသည်များကို စဉ်းစားမိလျှင် ရီဖူရှင်းက အမှန်တရားကို တဖြည်းဖြည်း လက်ခံလာရသည်။
ကော့တေးကား ထူးခြားသော နေရာဖြစ်သည်။ ဤနေရာအား သာမန်အမြင်ဖြင့် ကြည့်၍ မရပေ။
အဝတ်လျှော်ခြင်းမှာလည်း လေ့ကျင့်ခြင်း နည်းလမ်းတစ်မျိုး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
“ဖြည်းဖြည်းစား…” အစ်မနှစ်က ပြုံးလျက် ပြောသည်… “သူမက မင်းရဲ့ အစေခံ ဖြစ်လာတယ် ဆိုမှတော့ ငါက မင်းကို ကူပြီး သူမကို သင်ပေးမယ်…”
အဟွတ်… အဟွတ်… ခေါင်းငုံ့လျက် စားနေသော ရီဖူရှင်း ထပ်မံ၍ သီးသွားပြန်သည်။ သူ မျက်လုံးများက နီရဲသွားကာ မျက်ရည်များပင် ဝဲလာသည်။ အစ်မနှစ် အဘယ်ကြောင့် ဤမျှ ထူးခြား ထက်မြက် နေရသနည်း။
လို့လန်ရွှီက အဝတ်များကို လှန်းပြီးနောက် ဘေးနားတွင် တိတ်ဆိတ်စွာ လာရပ်သည်။
“မောင်ငယ်လေးရဲ့ ပန်းကန်ထဲကို ဟင်းတွေ ထည့်ပေးလိုက်…” အစ်မနှစ်က ပြောသည်။
“ဟုတ်ကဲ့…” လို့လန်ရွှီက ခေါင်းညိတ်သည်။ သူမက ရီဖူရှင်းအား ကြည့်ကာ သူမ၏ သွယ်လျသော လက်အား ဆန့်တန်းလိုက်သည်။ ရီဖူရှင်းက သူ၏ ပန်းကန်လုံးအား လို့လန်ရွှီထံ ကမ်းပေးလိုက်သည်။ လို့လန်ရွှီက ဆန်များ ဟင်းဖတ်များ ထည့်ကာ ရီဖူရှင်းကို ပြန်ပေးသည်။ ထို့နောက်တွင်မှ အစ်မနှစ်က ပြောသည်…“ထိုင်ပြီး အတူစား…”
လို့လန်ရွှီက ရီဖူရှင်း၏ဘေးတွင် တိတ်ဆိတ်စွာ ထိုင်သည်။ အတန်ကြာအောင်ပင် ရီဖူရှင်းက ခေါင်းငုံ့လျက် တိတ်ဆိတ်စွာ စားနေသည်။
“မောင်ငယ်လေး … များများစား…” ကျူးကော့ဟွေက ပြုံးလျက် ရီဖူရှင်း၏ ပန်းကန်ထဲကို အသားဖတ်များ ထည့်ပေးသည်။ ထို့နောက် သူမက လို့လန်ရွှီအား ကြည့်ကာ ပြောသည်… “မောင်ငယ်လေးက တော်တော် ပိန်နေတယ်… သူ များများ စားအောင် မင်းကူညီရမယ်… နောက်ဆို ဒါကို လုပ်ဖို့ နောက်တစ်ယောက်က ပြောဖို့ မလိုစေနဲ့…”
“ကောင်းပြီ…” လို့လန်ရွှီက ခေါင်းညိတ်သည်။ ရီဖူရှင်းက ခေါင်းငုံ့လျက် ဆက်စားသည်။ လျိုဖန်း၊ ယိရှောင်ရှီနှင့် ပေ့ထင်ရှင်းအာတို့က သူတို့၏ မျက်နှာများကို တည်နိုင်အောင် ကြိုးစား နေကြသည်။
တခြား တစ်ဖက်တွင် ယူချင်းက ထိုမြင်ကွင်းအား ကျေနပ်စွာ ကြည့်သည်။ အစ်မနှစ်ကား အမှန်ပင် သိတတ်ပေသည်။ ဖူရှင်းက နောင်တွင် ဤအရာများဖြင့် အသားကျ သွားပေလိမ့်မည်။
ကျူးကော့ဟွေက ရီဖူရှင်းနှင့် လို့လန်ရွှီကို ကြည့်သည်။ မောင်ငယ်လေးကား အဘက်ဘက်တွင် ထူးချွန်သော်လည်း သူက မိန်းမများနှင့် ပတ်သက် လာပါက လွန်စွာ ပျော့ညံ့ပေသည်။ လို့လန်ရွှီက သူ၏ အစေခံဖြစ်ရန် တောင်းဆိုခဲ့သည် ဖြစ်ရာ သူမက ထိုအတွက် အဆင်သင့်ဖြစ်ရန် လိုပေသည်။ ထိုအရာက ရှေးဟောင်းလို့လန် ဘုရင်မ၏ သဘောထားဟု သူမ ကြားထားသည်။ သူမက သူမ၏ သမီးအား ကော့တေးသို့ ဤသို့သော နည်းလမ်းဖြင့် ဝင်ရောက်စေလို သည်လား။ ဤသို့ဆိုလျှင် သူမက အစေခံအဖြစ် ဦးဆုံးလုပ်ရန် လိုအပ်ပေသည်။
မည်သို့ပင်ဆိုစေ ကျူးကော့ဟွေက လို့လန်ရွှီ၏ အပြုအမူ စိတ်နေ သဘောထားအား လွန်စွာ သဘောကျသည်။ သူမက မင်းသမီး တစ်ပါးကဲ့သို့ ပြုမူခြင်းမရှိဘဲ လွန်စွာ ရိုကျိုးသည်။ ထို့ကြောင့် သူမအား တဖြည်းဖြည်း သင်ပေးကာ နောင်တွင် မောင်ငယ်လေး အတွက် ကောင်းမွန်သော အစေခံတစ်ယောက် ဖြစ်လာလိမ့်မည်ဟု သူမ ယုံကြည်သည်။
သူတို့အားလုံး စားသောက် ပြီးစီးတော့မှ ရွှီယီ ပြန်ရောက်လာသည်။ ကျူးကော့ဟွေက မေးသည်… “အဆင်ပြေခဲ့လား…”
“အင်း… ညီငယ်လေးနဲ့ ယူချင်းက လေ့ကျင့်ရေးကွင်းကို အချိန်မရွေး သွားလို့ ရတယ်…” ရွှီယီက ခေါင်းညိတ်သည်။
“ဒါဆို အခု ခေါ်သွားလိုက်…” ကျူးကော့ဟွေက ပြောသည်။
“ကောင်းပြီ…” ရွှီယီက ခေါင်းညိတ်သည်။
“ကျွန်မလည်း လိုက်ကြည့်လို့ ရမလား…” လို့လန်ရွှီက ကျူးကော့ဟွေအား ကြည့်ကာ ပြောသည်။
“သူမကိုလည်း ခေါ်သွားလိုက်…” ကျူးကော့ဟွေက ရွှီယီကို ပြောသည်။
ရွှီယီက ခေါင်းညိတ်သည်။ ထို့နောက် သူက ရီဖူရှင်း၊ ယူချင်းနှင့် လို့လန်ရွှီတို့အား ကော့တေးမှ ခေါ်ထုတ်သွားသည်။ သူတို့က ကျောင်းတော်၏ နောက်ထပ် တောင်ကုန်း တစ်ခုသို့ ရောက်လာကြသည်။ ထိုတောင်ကုန်းအား အကြီးအကဲ ဇုန်းဇွီက အုပ်ချုပ်ပြီး ချွန်တောင်ဟု သိကြသည်။ တောင်ကုန်းကား သီးသန့် နေရာများစွာကို အစီအစဉ်တကျ ပြုလုပ်ထားသည်။ တောင်ကုန်း တစ်ခုလုံးအား မြူများ ဆိုင်းနေကာ နတ်ဘုံအလား ထင်မှတ်စေသည်။
ကော့တေးကား ကျောင်းတော်၏ တောင်ကုန်း ကိုးခုအတွင်း အရိုးရှင်းဆုံး နေရာဖြစ်သည်ဟု ရီဖူရှင်း တွေးထင်မိသည်။
မှန်သည်… ကော့တေးကလည်း မူလကတည်းက လူအနည်းငယ်သာ ရှိပေသည်။
ချွန်တောင် လေ့ကျင့်ရေး ကွင်းကား ကျောင်းတော်၏ လွန်စွာ ကျော်ကြားသော လေ့ကျင့်ရေးကွင်း ဖြစ်သည်။ နေ့တိုင်း ကျောင်းသား များစွာက ဤနေရာကို လာရောက် လေ့ကျင့်ကြသည်။
ရီဖူရှင်းတို့အုပ်စု ရောက်ရှိလာခြင်းက လေ့ကျင့်ရေး ကွင်းအား ကြီးစွာ လှုပ်ခတ်စေသည်။ ကြည့်ရသည်မှာ ချွန်တောင်မှ တပည့်များက ထိုသတင်းကို သိပြီးကြဟန် ရ၏။ အကြီးအကဲ ဇုန်းဇွီက ထိုသတင်းအား တမင် ထုတ်ပြန် ထားဟန် ရသည်။
လေ့ကျင့်ရေးကွင်း၏ ထောင့်စွန်းတွင် ရပ်နေလျက်က ရီဖူရှင်းက စိတ်တည်ငြိမ် နိုင်ခြင်း မရှိပေ။ သူက ကျောင်းတော်၏ လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခြင်းမှာ သည်တစ်ကြိမ် ပထမဆုံး ဖြစ်သည်။ လေ့ကျင့်ရေး ကွင်းကား အဖြူရောင် ကျောက်သားများဖြင့် တည်ဆောက် ထားသည်။ ထိုနေရာက လွန်စွာ ကြီးမားသော တူးမြောင်းကြီး ပုံစံဖြစ်ကာ ဆယ်မီတာခန့် နက်ရှိုင်းသည်။ လေ့ကျင့်ရေးကွင်း၏ အစွန်းများတွင် လူပုံများ ထွင်းထုထားသော ကျောက်တိုင်ကြီးများ ရှိသည်။ ထိုရုပ်တုများမှာ လေ့ကျင့်ရေးကွင်းကို မျက်နှာမူထားကြပြီး သူတို့ထံမှ ကြီးစွာသော အရှိန်အဝါများ ထွက်ပေါ်နေကာ လေ့ကျင့်ရေးကွင်းမှ လူများအား ဖိအားများ ပေးနေသည်။ ရီဖူရှင်းက ထောင့်စွန်းတွင် ရပ်ကာ တူးမြောင်းထဲကို မဝင်ရောက် သေးသော်လည်း သူက ရုပ်တုများထံမှ လာသော နိုဘယ်အလား ဖိအားများကို ခံစားရနေသည်။
ထိုအချက်အပြင် လေ့ကျင့်ရေးကွင်း တစ်ခုလုံးအား အစီအရင် တစ်ခုက ဖုံးအုပ်ထားပုံ ရသည်။ ရီဖူရှင်းက သူ့အား ဆွဲငင်နေသော လွန်စွာ အားကောင်းသော မြေဆွဲအားကို ခံစားရသည်။ ထိုအရာကား လွန်စွာ အားကောင်းသော မြေဆွဲအား ဖြစ်သည်။
လူအများအပြား ကလည်း သူတို့ အုပ်စုကို ကြည့်နေကြသည်။
“ညီငယ်လေး… ကြည့်ရတာတော့ တောင်ကုန်း အကြီးအကဲ ဇုန်းဇွီက လူတိုင်းကို ပြောပြီးပြီ ထင်တယ်… အခု ကျောင်းသား အများကြီး ချွန်တောင်ကို လာနေကြတယ်… သူတို့က ကော့တေးရဲ့ တပည့် ဖြစ်တဲ့ မင်းနဲ့ ယူချင်းကို သူတို့နဲ့အတူ လေ့ကျင့်စေချင်ပုံ ရတယ်… ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်… ငါမင်းကို အဖော် မလုပ်တော့ဘူး…” ရွှီယီက ရီဖူရှင်း၏ ပခုံးကို ပုတ်ကာ ထိုနေရာမှ တစ်ယောက်တည်း ထွက်သွားသည်။ ရီဖူရှင်း၊ ယူချင်းနှင့် လို့လန်ရွှီတို့သာ ထိုနေရာတွင် ကျန်ရစ်သည်။
“သူက အားရပီတိ ဖြစ်နေတာပဲ…” ရီဖူရှင်းက မိမိကိုယ်ကို ရေရွတ်သည်။ ထို့နောက် သူက ပြောသည်… “ယူချင်း… ငါတို့ ဆင်းရအောင်…” ထို့နောက် သူတို့က လေထဲမှ တစ်ဆင့် လေ့ကျင့်ရေး ကွင်းထဲကို လျှောက်သွား လိုက်ကြသည်။ သူတို့က လေ့ကျင့်ရေး ကွင်း၏ အပေါ် လေထုကို ရောက်သည်နှင့် လွန်စွာ အားကောင်းသော မြေဆွဲအားက သူတို့အား မြေပြင်ကို ဆွဲခေါ်သွားသည်။ ချက်ချင်းပင် သူတို့က လျှပ်စီးအလား လွန်စွာ မြန်ဆန်သော အလျင်ဖြင့် မြေပြင်ကို ကျဆင်းသည်။
“မြေဆွဲအားက အရမ်း အားကောင်းတယ်…” ရီဖူရှင်းက တူးမြောင်းကြီးထဲရှိ ကျယ်ပြန့်သော မြေပြင်တွင် ရပ်နေရင်းက သူ၏ ခြေလှမ်းများက လွန်စွာ လေးလံသည်ကို ခံစားရသည်။ ထို့အပြင် ကျောက်တိုင် အပေါ်မှ ရုပ်တုများထံမှ လာသော အရှိန်အဝါများ ကလည်း ပြင်းထန်လွန်းကာ သူတို့က ခြေတစ်လှမ်း လှမ်းရန်ပင် လွန်စွာ ခက်ခဲသည်ဟု ခံစားရသည်။
ဤနေရာကား သိုင်းပညာကို လေ့ကျင့်ရန် လွန်စွာ ကောင်းမွန်သော နေရာဖြစ်သည်။
လို့လန်ရွှီက အောက်ကို မဆင်းပေ။ သူမက ထောင့်စွန်းတွင် ရပ်ကာ တိတ်ဆိတ်စွာ ကြည့်နေသည်။ သူမအပြင် တခြား လူများကလည်း ကုန်းပေါ်တွင် ရပ်လျက် ရီဖူရှင်းတို့ကို ကြည့်နေကြသည်။ ထိုအထဲတွင် ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါနှင့် တစ်ယောက်က ပြုံးလျက် ပြောသည်… “ရီဖူရှင်းက ဓမ္မအဆင့် ခုနစ်မှာပဲ ရှိပေမဲ့ အကာနာအဆင့်မှာ ရှိတဲ့ လျိုဂျန်လန်ကို သတ်ခဲ့တယ်လို့ ငါကြားတယ်… လျိုဂျန်လန်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က ဘယ်လောက် ရှိသလဲ ငါသိချင်တယ်…”
“ဒီလိုဆိုရင် ရီဖူရှင်းရဲ့ တိုက်ခိုက်ရေး စွမ်းရည်က တကယ်ပဲ အားကောင်းတာ သေချာတယ်…” သူ့ဘေးမှ နောက်ထပ် လူငယ် တစ်ယောက်က ပြုံးလျက် ပြောသည်။
“ဟုတ်တယ်… ဒီလိုဆိုမှတော့ ချွန်တောင်က ဓမ္မအဆင့်နှစ် အောက်က လူတွေက ဘယ်သူပဲဖြစ်ဖြစ် ယူချင်းနဲ့ ရီဖူရှင်းတို့နဲ့ မိတ်ဖြစ် ဆွေဖြစ် တိုက်ခိုက်လို့ ရတယ်… တွန့်ဆုတ်နေဖို့ မလိုဘူး…” လူငယ်က ပြောသည်။ ကော့တေးမှ တပည့်များက သူတို့နှင့်အတူ လေ့ကျင့်သည်ကား လွန်စွာ ရှားပါး ဖြစ်စဉ်ပင်။
***