ဖူရှင်း၏ စကားက ထိုနေရာ တစ်ခုလုံးမှ လူများအား ဆွံ့အ သွားစေသည်။ သူက ကျောင်းအုပ်ဂူမူကို တိုက်ခိုက်ရန် စိန်ခေါ်ခဲ့သည်လား။ ကျောင်းအုပ်ကြီးက မကြာမီက အကာနာ အဆင့်ကို ရောက်သွားပြီး ဖြစ်သည်။ ထိုသို့ အဆင့်ဖြင့် သူကား ချင်းကျူတွင် ပြိုင်ဘက်ကင်းဟု သတ်မှတ် နိုင်သည်။
ရီဖူရှင်းက အသက် ဘယ်လောက် ကြီးပြီလဲ။ သူက အသက် ဆယ့်ငါးနှစ်တွင်မှ စတင် လေ့ကျင့်သည်ဟု ပြောကြသည်။ ယခု သူက နှစ်နှစ် သုံးနှစ်ခန့်မျှသာ လေ့ကျင့် ရသေးသည်။
သူ ရူးနေသည် များလား။
ချင်းကျူ ကျောင်းတော်မှ လူအများအပြားက ရီဖူရှင်းအား သဘော မကျကြပေ။ သူ၏ စကားကို ကြားလျှင် သူတို့၏ မျက်နှာများ တင်းမာ သွားကြသည်။ သူကား အမှန်ပင် မောက်မာလှသည်။ အမှန်တကယ်အားဖြင့် ရီဖူရှင်းကလည်း ဆွံ့အရသည်။ သူက ချင်းကျူ ကျောင်းတော်နှင့် သည်မျှပင် မတည့်ဘူးလား။
သူက ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲတွင် ရေးဖြေ စာမေးပွဲ၌ အဆင့်တစ် ရခဲ့သည်။ တိုက်ခိုက်ရေး ပြိုင်ပွဲတွင် သူက ယူချင်းအား ပထမ ရစေလိုခဲ့သည်။ အဆုံးသတ်တွင် မူရွန်ချူက မြေဓာတ်ခန်းမ သခင်နှင့် မူရွန်မိသားစု ခေါင်းဆောင်တို့၏ ဆက်ဆံရေးကြောင့် ပထမနေရာကို ယူသွားသည်။ ထိုအဖြစ်က နောက်ဆက်တွဲ ပြဿနာများကို ဖြစ်စေခဲ့ကာ သူကလည်း ထိုပြဿနာကြောင့် ချင်းကျူ ကျောင်းတော်မှ ထွက်ခွာခဲ့သည်။ ယခု သူပြန်လာသောအခါ ဂူမူကား အကာနာ အဆင့်ကို ရောက်သွားပြီး ဖြစ်ကာ လွန်စွာ မောက်မာသည်။ သူက ရီဖူရှင်း၏ ဆရာနှင့် တိုက်ခိုက် လိုသည်လား။ သူ၏ တပည့်အားလည်း ရီဖူရှင်းနှင် တိုက်ခိုက် စေလိုနေသည်။ သူ ဘာလုပ် လိုနေသည်ကို ရီဖူရှင်းက သိသည်။
“အရူး…” စင်မြင့်ပေါ်မှ လင်းချူက ရီဖူရှင်းကို ပြောသည်…“မင်းက မကြွားခင် အခြေအနေကို အရင် လေ့လာ သင့်တယ် … မင်းက ဘာကောင်လဲ… ကျုပ်ဆရာကို ဘယ်လိုလုပ် ဒီလို ပြောရဲတာလဲ…” ဤနေရာကား ချင်းကျူ ကျောင်းတော် ဖြစ်သည်။ သူ၏ ဆရာက ကျောင်းအုပ် ဖြစ်၏။ ရီဖူရှင်းက နန်ဒူ၏ အပြစ်သား မဟုတ်တော့သည့်တိုင် သူက ချင်းကျူ ကျောင်းတော်၏ အကာနာအဆင့် ကျောင်းအုပ်ရှေ့တွင် ဤသို့ ရူးမိုက်စွာ မပြုမူသင့်ပေ။
ရီဖူရှင်းက လင်းချူအား ကြည့်ကာ ဂူမူကို ပြောသည်… “ခင်ဗျားက ခင်ဗျား တပည့်ကို ဘယ်လို အပြစ်ပေးရမလဲ မသိဘူး ဆိုမှတော့ ကျုပ် ကူညီပေးမယ်…” သူက ထိုသို့ပြောပြီး လေထဲမှ တစ်ဆင့် လင်းချူထံသို့ လျှောက်သွား လိုက်သည်။
“ဓမ္မအဆင့်…” မရေမတွက်နိုင်သော လူများ၏ အကြည့်က အေးခဲသွားသည်။ ဓမ္မအဆင့်များသာ လေဓာတ်ကို မသုံးဘဲ လေထဲတွင် လမ်းလျှောက် နိုင်ကြသည်။
သိသာစွာပင် ရီဖူရှင်းက ဓမ္မအဆင့် ဖြစ်သည်။ သူကား ထိုမျှ ငယ်ရွယ်သော ဓမ္မတန်ခိုးရှင် ဖြစ်နေလေပြီ။ ထို့အပြင် သူကား မှော်ထိန်းချုပ်သူ ဖြစ်သည်။
လင်းချူ မျက်မှောင်ကြုတ် လိုက်သည်။ ရီဖူရှင်းကား အမှန်ပင် ဓမ္မအဆင့်ကို ရောက်နေလေပြီ။ သူ၏ မျက်နှာက နက်မှောင် သွားသည်။ သူကား တန်ခိုးကျင့်ခြင်း ပါရမီတွင် ရီဖူရှင်းထက် နိမ့်နေသည်။
လင်းချူက သူ၏ ဓမ္မအဆင့် ကိုယ်ရောင် ကိုယ်ဝါကို ထုတ်လွှတ် လိုက်သည်။ ရီဖူရှင်းက ဓမ္မအဆင့်မှ ဖြစ်သည်ဆိုလျှင် သူကလည်း ရီဖူရှင်းကို အနိုင်ယူပြီး သက်သေပြရမည်။
တရှဲရှဲ မြည်သံများနှင့်အတူ နွယ်ပင်များက ကောင်းကင် တစ်ခုလုံးကို ဖုံးအုပ်သွားကာ လင်းချူထံ တိုးဝင်သွားသည်။ လင်းချူက ထိုအရာများကို ရှောင်တိမ်း လိုသော်လည်း နွယ်ပင်များကား နေရာတိုင်းတွင် ရှိနေရာ သူ မလွတ်မြောက်နိုင်ပေ။ လင်းချူထံမှ မီးလျှံများ ထွက်ပေါ်လာကာ နွယ်ပင်များကို လောင်ကျွမ်းရန် ကြိုးပမ်းသည်။ သို့သော်လည်း နွယ်ပင်များကာ အနီရောင်အဖြစ် ပြောင်းလဲ သွားကာ မီးလျှံများအကြား ရှင်သန်နိုင်သည်။ သူတို့က လင်းချူ၏ ခန္ဓာကိုယ်အား ရစ်ပတ်သွားကာ လေထဲတွင် မြှောက်ထားသည်။
အာ … ထိုမြင်ကွင်းကို ကြည့်ကာ ချင်းကျူကျောင်းမှ တပည့်များ အားလုံး ဆွံ့အ သွားကြသည်။ သူက အမှန်ပင် သူတို့၏ ပါရမီအမြင့်ဆုံး လင်းချူလား။ သူက ရီဖူရှင်းထံတွင် တစ်ကွက်မျှပင် မခံနိုင်ပေ။
“မင်းက ဒီလို အသေးအမွှားလေး အတွက် မနာလိုဖြစ်တယ် … ပြီးတော့ မင်း ချစ်သူကိုတောင် လူပုံအလယ်မှာ အရှက်ခွဲတယ် … မင်းက သာမန်လူပဲ ဖြစ်သင့်တယ်…” ရီဖူရှင်းက အေးဆေးစွာ ပြောသော်လည်း လူအများအား တုန်ယင် သွားစေသည်။ ရီဖူရှင်းက လင်းချူ၏ အစွမ်းကို ဖျက်ဆီး တော့မည်လော။
“မင်း လုပ်ရဲလား…” လင်းချူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားကာ သူက ရီဖူရှင်းအား စူးနစ်စွာ ကြည့်သည်။ များစွာသော ထက်ရှသော နွယ်ပင် ထိပ်ဖျားများက လင်းချူ၏ ခန္ဓာကိုယ်ထဲကို ထွင်းဖောက် သွားကြသည်။ သူ၏ စိတ်နေ သဘောထားအရ နောင်တွင် သူက ချင်ယီအား လက်စားချေမည်မှာ သေချာပေသည်။ ထို့ကြောင့် ရီဖူရှင်းက လူဆိုး ဖြစ်လျှင်လည်း သူက နောင်တွင် ဖြစ်လာမည့် ဘေးရန်အား ကြိုတင် ရှင်းလင်းမည် ဖြစ်သည်။ သူက ချင်းကျူ ကျောင်းတော်တွင် လူဆိုး လုပ်သည်မှာ ဤတစ်ကြိမ်က ပထမဆုံး မဟုတ်ရာ သူက သိပ်ဂရု မစိုက်တော့ပေ။
“ဆရာ … ကျွန်တော့်ကို ကယ်ပါ…” လင်းချူက နာကျင်စွာ အော်လျက် သူ၏ ဆရာအား အကူအညီ တောင်းသည်။
ဂူမူ၏ မျက်နှာက လွန်စွာ သုန်မှုန်သွားသည်။ သူ့ထံမှ အားကောင်းသော အကာနာ အရှိန်အဝါ ထွက်ပေါ်လာကာ အေးစက်စွာ ပြောသည်… “သူ့ကို လွှတ်လိုက်…”
“ခင်ဗျားက သူ့ကို အပြစ်မပေးချင်ဘူး ဆိုမှတော့ ကျုပ်က ကူညီပေးမယ် ပြောပြီးပြီ…” ရီဖူရှင်းက ဂူမူကို ကြည့်သည်။
“မင်းက တကယ်ပဲ ရဲတင်းလာတယ်…” ဂူမူ၏ မျက်နှာက နက်မှောင် သွားသည်။ ရီဖူရှင်းက ဤမျှ အားကောင်း လာမည်ဟု သူ မထင်ထားပေ။ သို့သော်လည်း ရီဖူရှင်းက ချင်းကျူ ကျောင်းတော်တွင် အတင့်ရဲစွာ ပြုမူနေသည်ကို သူ လက်မခံနိုင်ပေ။
ဓားစွမ်းအင်က လေကို ခွင်းလျက် ကြောက်မက်ဖွယ် ဓားအသိနှင့်အတူ ဂူမူက ရီဖူရှင်းထံသို့ တိုးဝင်လာသည်။
“ကျောင်းအုပ်ကြီး… သနားငဲ့ညှာပါ…” လန်ချန်းဖန်ကလည်း အခြေအနေ ဤသို့ ဖြစ်လာမည်ဟု မထင်ထားပေ။ သူက ဤသို့ ဖြစ်လာမည်ကို သိပါက ရီဖူရှင်းအား နွေဦးရာသီ စစ်ဆေးမှု စာမေးပွဲသို့ ဖိတ်ခေါ်မည် မဟုတ်ပေ။
လွန်စွာ အားကောင်းသော အရှိန်အဝါနှင့် ဂူမူ၏ ဓားက ရီဖူရှင်းထံသို့ လျှပ်စီးအလား တိုးဝင် သွားသည်။ သူ မည်သို့ တားရမည်နည်း။
သို့သော်လည်း ရီဖူရှင်းက ဂူမူအား စိုက်ကြည့်နေဆဲ ဖြစ်သည်။ ကြည့်ရသည်မှာ ရာသီကုန် စာမေးပွဲတုန်းက အကြောင်းပြချက် တစ်ခု ရှိခဲ့ပုံရသည်။ ဂူမူ၏ တပည့်အနေဖြင့် လင်းချူက ဆိုးရွားစွာ ပြုမူခဲ့သည်။ သူ့အား အပြစ်ပေးမည့်အစား ဂူမူက အရှိန်အဝါ ကြီးသော ပုံဟန်ဖြင့် ချင်ရွှီအား ပြုမူခဲ့သည်။ သူ့လက်အောက်တွင် ချင်းကျူ ကျောင်းတော်က မည်သို့ ကောင်းမွန် မည်နည်း။
“မင်း သေချင်တာလား…” လင်းချူက ရီဖူရှင်းအား ဒေါသတကြီး အော်သည်။ ထက်ရှသော နွယ်ပင်များက သူ့ခန္ဓာကိုယ်ထဲ တိုးဝင်သွားလျှင် သူက နာကျင်စွာ အော်ဟစ်ပြန်သည်။ ရီဖူရှင်းက သူ့အား ခံစားချက် ကင်းမဲ့စွာ ကြည့်သည်… “အရူးကောင်…”
“ရီဖူရှင်း…” ဂူမူက ထက်ရှသော ဓားအသိနှင့်အတူ ရောက်ရှိ လာသည်။ ရုတ်တရက် ရီဖူရှင်းထံမှ နိုဘယ်အသိ ဖြာထွက်လာကာ သူ၏ အဝတ်စများက လေထု တုန်ခါမှုကြောင့် တဖျတ်ဖျတ် လွင့်လာသည်။ ရောက်ရှိလာသော ဓားကို ကြည့်လျက် ရီဖူရှင်းက လက်ဝါးတစ်ချက် ရိုက်ထုတ် လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးနဂါး တစ်ကောင် အမှန်တကယ် ပေါ်လာကာ သူ၏ ဟိန်းသံက ထိုနေရာ တစ်ခုလုံးကို တုန်ခါ သွားစေသည်။ ကောင်းကင်၏ အရောင်ပင်လျှင် ပြောင်းလဲသွားကာ နဂါးက ဓားစွမ်းအင်ကို ဖြတ်ကျော်လျက် ဂူမူထံ တိုးဝင် သွားသည်။ ဂူမူ၏ ဓားက တတိတိ ပြိုဆင်းလာသည်။ ကြောက်မက်ဖွယ် နိုဘယ်အသိအား ခံစားမိလျှင် သူ၏ နှလုံးက တုန်ခါသွားသည်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…။
မရေမတွက် နိုင်သော မျက်လုံးများက ကောင်းကင်ကို စူးနစ်စွာ ကြည့်နေကြသည်။ လျှပ်စီးနဂါးက လမ်းကြောင်း တစ်လျှောက် အရာအားလုံးကို ဖျက်ဆီးလျက် ဂူမူ၏ ရှေ့ကို ရောက်လာသည်။ ထို့နောက် နဂါးကြီးက သူ၏ ပါးစပ်အား ဟလျက် သူ့ထံ လှမ်းကာ ကိုက်ခဲသည်။
ဂူမူ၏ ခန္ဓာက လျှပ်စီးများဖြင့် လင်းလက်နေသည်။ သူက မာန်တစ်ချက် သွင်းကာ သူ၏ အကာနာဓားအား ဝှေ့ယမ်းလိုက်၏။ သို့သော်လည်း လျှပ်စီးနဂါးက ရှေ့ကို တိုးကာ သူ၏ ဓားကိုလည်း ဝါးမျိုသည်။ ထို့နောက် သူ၏ ကြောက်ရွံ့ဖွယ် ပါးစပ်ကြီးက ဂူမူအား ဖမ်းကိုက်လိုက်သည်။
လန်ချန်းဖန်က ထရပ်သော်လည်း သူ၏ ခြေထောက်က တုန်ယင်နေသည်။ ရာသီကုန် စစ်ဆေးခြင်း စာမေးပွဲတွင် ရီဖူရှင်းက နဂါးလက်သိုင်းကို သုံးခဲ့သော မြင်ကွင်းကို သူပြန်လည် အမှတ်ရလာသည်။
အချိန်များပင်လျှင် ရပ်တန့် သွားပုံရသည်။ ချင်းကျူ ကျောင်းတော်၏ ပွဲကြည့်စင် တစ်ခုလုံး တစပြင်အလား တိတ်ဆိတ် သွားသည်။
အကာနာအဆင့် တန်ခိုးရှင် ကျောင်းအုပ်ကြီး ဂူမူကလည်း ရီဖူရှင်းထံတွင် တစ်ကွက်မျှပင် မခုခံနိုင်ပေ။ ထိုအရာက သူတို့၏ အသိပညာကို ကျော်လွန်သွားသည်။ လူတစ်ယောက်၏ ပါရမီက ထိုမျှ မြင့်မား နိုင်သလော။
“မ… ဟုတ်ဘူး…” လင်းချူက ထိုမြင်ကွင်းကို ကြည့်ကာ သူ၏ မျက်နှာက သွေးဆုတ် သွားသည်။ သူ၏ ဆရာ အကာနာအဆင့် တန်ခိုးရှင်ကား ရီဖူရှင်းထံတွင် တစ်ကွက်မျှပင် ခံနိုင်ရည် မရှိပေ။ ထိုအဖြစ်က သူ့အား ကူရာမဲ့စေသည်။ သူက ဟွာဂျီယူကို မြင်သော အခါက ရီဖူရှင်း လွန်စွာ ကံကောင်းသည်ဟု တွေးခဲ့သည်။ သူ၏ ပါရမီက ရီဖူရှင်းထက် မနိမ့်ကျဟု မိမိကိုယ်ကို တွေးထင်ခဲ့သည်။ ထို့ကြောင့် သူက မနာလိုဖြစ်ရာ ဤသို့သော အကျိုးဆက်များ ဖြစ်လာရသည်။
ခန်းမသခင်များ အားလုံး စိတ်နှလုံးများ တုန်ခါလျက် ထရပ်ကြသည်။ ထိုမြင်ကွင်းကား လွန်စွာ လွန်ကဲလှသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ချင်းကျူ ကျောင်းတော်မှ ထွက်ခွာ သွားသော လူငယ်လေးက ဤမျှ စွမ်းနေမည်ကို မည်သူမှ မထင်ထားကြပေ။
“ခင်ဗျားရဲ့ တပည့်က မှားနေတယ်… ဒါကို အပြစ်မပေးဘဲ သူ့ကို လွတ်လွတ်လပ်လပ် ပြုမူစေတယ်… ဒီလိုဆိုမှတော့ ခင်ဗျားကလည်း သူ့နောက်ကို လိုက်သင့်တယ်…” ရီဖူရှင်းက ထိုသို့ပြောလျှင် လျှပ်စီးနဂါးက သူ၏ ခန္ဓာကိုယ်ထဲကို တိုးဝင်သွားပြီး ဂူမူ၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်သွားသည်။ နောက်ဆုံးတွင် ဂူမူကား မြေပြင်ပေါ်တွင် အသေကောင်ကဲ့သို့ လဲလျောင်း နေတော့သည်။
အမှန်တကယ်အားဖြင့် ယနေ့မျှလောက်သော ရန်စမှုဖြင့် ရီဖူရှင်းက သူတို့အား အစွမ်းဖျက်သည် အထိ အပြစ်ပေးမည် မဟုတ်ပေ။ သို့သော် ထိုအချိန်က ရှာဖန်က လွန်စွာ မာန ထောင်လွှားကာ ဗိုလ်ချုပ်ချင်အား လက်တစ်ဖက် ဖြတ်တောက်ခဲ့သည်။ ထိုစဉ်က ချင်းကျူ ကျောင်းတော်၏ ကျောင်းအုပ်က လုံးဝ ဝင်ပြောခဲ့ခြင်း မရှိပေ။ သူက ဤနေရာဖြင့် မထိုက်တန်ပေ။
ယနေ့ သူက အကာနာ အဆင့်ကို ဝင်ရောက် သွားသည်နှင့် လူအများအား အထက်စီးက ဆက်ဆံသည်။ သူ၏ တပည့်က ချင်ယီ၏ ဂုဏ်သိက္ခာအား ပျက်စီးစေရန် ပြောဆိုသော်လည်း သူက မိမိတပည့်ကို အပြစ်ပေးရမယ့်အစား ဗိုလ်ချုပ်ချင်ကို အပေါ်စီးက ပြောဆို ဆက်ဆံသည်။ ထိုအဖြစ်က ရီဖူရှင်းအား ဒေါသ ထွက်စေသည်။
လုံးဝ တိတ်ဆိတ် နေပြီးမှ ချင်းကျူ ကျောင်းတော်မှ တစ်ယောက်က ထရပ်ကာ ပြောသည်… “ရီဖူရှင်း … မင်းက ချင်းကျူ ကျောင်းတော်ကို မုန်းတယ် ဆိုရင်တောင် ဒါက မလွန်ဘူးလား…” ထိုလူကား ကျောင်းအုပ်ဂူမူ၏ လက်ပါးစေ တစ်ယောက် ဖြစ်သည်။
ဒါက လွန်ကဲသည်လား။ အရင်တုန်းက အတိုင်းဆိုလျှင် ရီဖူရှင်းက ဤသို့ လုပ်မည် မဟုတ်ပေ။ သို့သော်လည်း ဤနှစ်ပိုင်းအတွင်း သူက များစွာ တွေ့ကြုံခဲ့သည်။ သူ၏ စိတ်နေ သဘောထားများလည်း ပြောင်းလဲခဲ့သည်။ သူက ယခင်ကလို သနားငဲ့ညှာတတ်သော လူငယ်လေး မဟုတ်တော့ပေ။
အကယ်၍ ဂူမူက သူတို့ကို အမှန် သဘောမကျလျှင် ရီဖူရှင်း မရှိသောအချိန် ဗိုလ်ချုပ်ချင်နှင့် ချင်ယီအပေါ် မည်သို့ လုပ်မည်ကို သူမသိပေ။ သူတို့က တစ်စုံတစ်ခု ဖြစ်သွားပြီးမှ ရီဖူရှင်းက ဂူမူကို သတ်လျှင်ပင် ထိုအရာက အဓိပ္ပာယ် မရှိတော့ပေ။
“ဆရာလန်… ခင်ဗျားက အနာဂတ်မှာ ချင်းကျူ ကျောင်းတော်ရဲ့ ကျောင်းအုပ် ဖြစ်လိမ့်မယ်…” ရီဖူရှင်းက လန်ချန်းဖန်အား ကြည့်ကာ ပြောသည်။ လန်ချန်းဖန်၏ စိတ်သဘောထားကာ ကောင်းမွန်ရာ သူက ကျောင်းအုပ် ရာထူးနှင့် သင့်တော်သည်။
လန်ချန်းဖန် အံ့အားသင့် သွားသည်။ အခြေအနေက ဤသို့ ဖြစ်လာမည်ဟု သူ မထင်ထားပေ။
ထိုစဉ် ဂူမူနှင့် ရင်းနှီးသော သူတစ်ယောက်က ပြောသည်… “ကျုပ်တို့ လက်မခံဘူး… မင်းက ဘာလို့ ချင်းကျူ ကျောင်းတော်ရဲ့ ကျောင်းအုပ် နေရာကို ဆုံးဖြတ် နေရတာလဲ…”
ရီဖူရှင်းက လူအုပ်ကြီးအား အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်လိုက်သည်… “ငွေသက်တော်စောင့်…” သူက ထိုသို့ ပြောလိုက်သည်နှင့် ချင်းကျူ ကျောင်းတော် တစ်ခုလုံး၏ အပူချိန်များ ချက်ချင်း ကျဆင်းသွားသည်။ ကောင်းကင်တွင် လွန်စွာ စွမ်းအားမြင့်ကာ ပြင်းထန်သော အရှိန်အဝါနှင့် တန်ခိုးရှင်များ ထွက်ပေါ်လာသည်။ သူတို့၏ ကိုယ်ရောင် ကိုယ်ဝါက ထိုနေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားလျှင် ထိုနေရာရှိ လူများ တုန်ယင် သွားကြသည်။
ကောင်းကင်တွင် ပေါ်လာသူများ၏ အရှိန်အဝါများက ပြင်းထန်လွန်း ရကား ထိုနေရာရှိ လူများအား ကြက်သီး တဖြန်းဖြန်း ထစေသည်။ ငွေသက်တော်စောင့် များက တစ်ပြိုင်နက်တည်း ထူးလိုက်ကြသည် … “ဟုတ်ကဲ့…”
“ကျုပ် ဆုံးဖြတ်ချက်ကို ဘယ်သူ မလိုက်နာတာလဲ…” ရီဖူရှင်းက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ ရီဖူရှင်းအား မလိုလားသူများက ကောင်းကင်ကို ထိတ်လန့်တကြား ကြည့်ကြသည်။ ထိုလူများက မည်သည့် အဆင့်တွင် ရှိနေကြသနည်း။
“နန်ဒူရဲ့ ဧကရာဇ်ကိုတောင်မှ ကျုပ် ဆုံးဖြတ်တယ်… ချင်းကျူ ကျောင်းတော်ရဲ့ ကျောင်းအုပ်ကို ကျုပ်က ဘာလို့ ဆုံးဖြတ်လို့ မရမှာလဲ…” ရီဖူရှင်းကား ထိုအခိုက်တွင် နောက်တစ်ယောက် အလား ပြောင်းလဲသွားကာ လွန်စွာ အရှိန်အဝါ ကြီးမား နေပေသည်။ သူ၏စကားကို ကြားလျှင် ချင်းကျူ ကျောင်းတော်မှ လူများ အားလုံး အလွန်အမင်း ထိတ်လန့် သွားကြသည်။ ရီဖူရှင်းက နန်ဒူနိုင်ငံ၏ ဧကရာဇ်ကို ဆုံးဖြတ်နိုင်ပြီလား။
“ဂျီယူ…” ရီဖူရှင်းက ပြောသည်။ ဟွာဂျီယူက ပြုံးလျက် သူ့ကို ကြည့်သည်။ သူတို့က လက်ချင်း တွဲလျက် သိမ်းငှက်နက်ပေါ်ကို တက်လိုက် ကြသည်။
“စီနီယာ… တကယ်လို့ ပြဿနာ တစ်ခုခုရှိရင် ဒွန်ဟိုင် ကျောင်းတော်ကို သွားလို့ရတယ်… အဲဒီမှာ ကျောင်းအုပ်ယိချင် ရှိတယ်… သူက ပြဿနာတွေကို ဖြေရှင်းပေးလိမ့်မယ်… တကယ်လို့ သူ မဖြေရှင်းနိုင်ရင် စီနီယာက နန်ဒူနိုင်ငံ နန်းတော်ကို သွားပြီး ဂျီယူရဲ့ ဦးရီးတော် ဧကရာဇ်ကို သွားတွေ့လို့ရတယ်… သူက ကျွန်တော့်ကို အသိ ပေးလိမ့်မယ်…” ရီဖူရှင်းက ချင်ရွှီနှင့် ချင်ယီကို ကြည့်ကာ ပြောသည်။ ရီဖူရှင်းက ပြုံးလျက် ဆက်ပြောသည်… “ကျွန်တော် ပြန်တော့မယ်… စီနီယာ… ဂရုစိုက်ပါ…” ထို့နောက် သိမ်းငှက်နက်က အတောင်ပံကို ဖြန့်လျက် လေထဲ ခုန်တက်သွားကာ အဝေးကို ပျံသန်း သွားသည်။ နိုဘယ်များက သူ၏ နောက်ကို လိုက်ပါသွားကြ၏။
ချင်းကျူ ကျောင်းတော်ဝင်းထဲမှ မရေမတွက်နိုင်သော မျက်လုံးများက ထွက်ခွာ သွားသော လူငယ်စုံတွဲကို ကြည့်ကာ စိတ်နှလုံး တည်ငြိမ်နိုင်ခြင်း မရှိနိုင်ကြတော့ပေ။ သူတို့ တစ်ဘဝလုံးပင်လျှင် ဤအချင်းအရာကို မေ့နိုင်မည် မထင်တော့ပေ။
“ခွေးကောင်…” ချင်ယီ၏ မျက်လုံးများက အနည်းငယ် နီရဲလာသည်။ မသွားမီ သူက ထိုနိုဘယ်များကို အဘယ်ကြောင့် ခေါ်ထုတ်သနည်း။ ထိုအရာများ အားလုံးက သူမတို့ သားအဖအတွက် ဖြစ်သည်ကို သူမသိသည်။ သူမ၏ မျက်လုံး ထောင့်စွန်းမှ မျက်ရည်စများ ထွက်လာသည်။ သို့သော် သူမ၏ မျက်နှာက တောက်ပသော အပြုံးတစ်ခု ဖြစ်ပေါ်လာနေသည်။ ထိုအချိန်က အားနည်းသော လူငယ်လေးကား ယခု အရွယ် ရောက်နေလေပြီ။ ကောင်းကင်က သူ့အား ချုပ်နှောင် ထားနိုင်စွမ်း မရှိပေ။
***