Switch Mode

အပိုင်း (၃၁၂)

ကတောက်ကဆ

လင်းချူက ထိုသို့ လုပ်ခဲ့သည့်မှာ တစ်နည်းအားဖြင့် မပျော်မရွှင် ဖြစ်သော ကြောင့်ပင်။ ရီဖူရှင်း ထွက်ပေါ် လာသည်နှင့် ချင်ရွှီ၊ ချင်ယီနှင့် လန်ချန်းဖန်တို့၏ အပြုအမူများကို သူက သတိထားမိသည်။

ချင်ရွှီက ရီဖူရှင်းအား သူ၏ သမက်ဖြစ်ရန် အမှန် လိုလားခဲ့သည်။ သူ၏ ချစ်သူ ချင်ယီကလည်း ရီဖူရှင်းအပေါ် လွန်စွာ နွေးနွေးထွေးထွေး ဆက်ဆံသည်။ ချင်ယီကား လင်းချူနှင့် အတူ ရှိနေချိန်များတွင် သိပ်တက်ကြွဟန် မရှိပေ။ ယခုထိ သူက ချင်ယီ၏ လက်ကို မကိုင်ဖူးသေးပေ။ ချင်ယီနှင့် ရီဖူရှင်းအကြား တစ်ခုခု ရှိနေသည်ဟုပင် သူ တွေးထင်နေသည်။ ဓားခန်းမသခင် လန်ချန်းဖန်ကပင် ရီဖူရှင်းအား လွန်စွာ အလေးထား ဆက်ဆံသည်။

ချင်ယီ၏ ချစ်သူက လင်းချူလား ရီဖူရှင်းလား။ ချင်းကျူ ကျောင်းတော်မှ ပါရမီ အမြင့်ဆုံးသူက လင်းချူလား ရီဖူရှင်းလား။

မှန်သည်… နောက်ထပ် အရေးပါသော အကြောင်းပြချက် တစ်ခုလည်း ရှိသေးသည်။ ရီဖူရှင်းတွင် အမှန်ပင် ထိုမျှ လှသော မိန်းကလေး တစ်ယောက် ရှိသည်။ သူက ထိုမျှ ဆွဲဆောင်မှု ရှိသော မိန်းကလေးကို မမြင်ဖူးပေ။

ချင်းကျူ ကျောင်းတော်၏ ပါရမီရှင် တစ်ယောက် အနေဖြင့် သူကား ငယ်စဉ် ကတည်းက ပြင်ပ လောကကြီးကို ရောက်ဖူးသည်။ သူ ပြန်လာသောအခါ ချင်းကျူ ကျောင်းတော်၏ စွမ်းအား အမြင့်ဆုံးဖြစ်သူ ကျောင်းအုပ်ကြီး ဂူမူက သူ့အား တပည့်အဖြစ် လက်ခံခဲ့သည်။ သူကား ပါရမီမြင့်သော မှော်ထိန်းချုပ်သူ ဖြစ်ကာ ဓမ္မအဆင့်ကို ရောက်နေပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် လင်းချူက မောက်မာ ဝင့်ကြွားပေသည်။ ရီဖူရှင်း ရောက်လာပြီး နောက်ပိုင်း သူ့ဘေးမှ လူများ၏ အပြုအမူများကို သူက သဘောမကျပေ။ ထို့ကြောင့် သူက တချို့သော အကြောင်းအရာများကို သက်သေပြရန် လိုပေသည်။

သူ၏ စကားကို ကြားလျှင် ချင်းကျူ ကျောင်းတော်မှ တပည့်များက စိတ်လှုပ်ရှား သွားကြသည်။ ချင်းကျူ ကျောင်းတော်၏ ဆယ်ကျော်သက်များ ပင်လျှင် ရီဖူရှင်းထက် နှစ်အနည်းငယ်မျှသာ ငယ်ရွယ်ကြရာ သူ၏ နာမည်ကို ကြားဖူးကြသည်။ ရီဖူရှင်း မည်မျှ ထူးချွန်သည်ကို သူတို့ သိလိုကြသည်။ ရီဖူရှင်းက လင်းချူနှင့် ယှဉ်လျှင် မည်သို့ ရှိမည်ကို သူတို့ သိလိုကြသည်။

“လင်းချူ … ရှင် ဘာလုပ်နေတာလဲ…” ချင်ယီကား အမှန်ပင် မပျော်မရွှင် ဖြစ်မိသည်။ လင်းချူက ရီဖူရှင်းနှင့် ယှဉ်ပြိုင် လိုနေသည်ကို သူမက မြင်နေရသည်။ သူတို့၏ အပြုအမူများက လင်းချူအား စိတ်ဆိုးစေပုံ ရပေသည်။ သို့သော်လည်း သူတို့က ရီဖူရှင်းနှင့် မည်သို့ ဆက်ဆံရေးတွင် ရှိသနည်း။ သူမတို့အကြား ထိုအပြုအမူများက ပုံမှန်ပင်။

သူမနှင့် ရီဖူရှင်းက ကျောင်းတော်တွင် လွန်ခဲ့သော နှစ်များစွာ ကတည်းက သိခဲ့ကြခြင်း ဖြစ်သည်။ ထိုစဉ်က သူမ၏ အဖေက ရာထူးမှ ဖယ်ရှားခံရကာ ချင်းကျူ ကျောင်းတော်မှ လူများက သူမအား သနားစဖွယ် အဖြစ် ရှုမြင်ခဲ့ကြသည်။ တခြား တစ်ဖက်တွင် သူမတို့၏ ရန်သူ မူရွန် မိသားစုက အောင်မြင်မှုများ ရလာကာ မြို့တော်ဝန် နေရာကို ရယူသွားခဲ့သည်။ ထိုစဉ်က သူမတို့၏ အခြေအနေက လွန်စွာ ခက်ခဲခဲ့ကာ ကူညီမည့်လူလည်း မရှိခဲ့ပေ။

ရီဖူရှင်းက ချင်းကျူ ကျောင်းတော်ထဲကို တစ်ယောက်တည်း ဝင်ရောက်ကာ မူရွန်ချူအား သတ်ပြီး ထွက်ပြေး လွတ်မြောက်ခဲ့သည်။ သူ ပြန်လာသောအခါ သူက မူရွန် မိသားစု တစ်ခုလုံးအား ရှင်းလင်းပြီး သူမ၏ အဖေအား မြို့တော်ဝန် ခန့်ခဲ့သည်။ ထိုအရာများ အားလုံးကြောင့် သူမတို့ မိသားစုက ယနေ့အထိ ကောင်းမွန်စွာ ရပ်တည် နိုင်ခဲ့သည်။

သူမနှင့် သူမအဖေက ရီဖူရှင်းကို အပေါ် ဆက်ဆံရာတွင် လင်းချူ၏ မျက်နှာကို ထောက်စရာ လိုအပ်သလော။

သူမက ရီဖူရှင်းနှင့် သူမ၏ အဖေအကြား ကိစ္စရပ်များအား လင်းချူကို ပြောပြဖူးပြီး ဖြစ်သည်။ အကယ်၍ လင်းချူက သူမအား အမှန်တကယ် သဘောကျပါက လင်းချူက သူမကို နားလည်နိုင် ရမည်ဖြစ်ကာ ရီဖူရှင်းနှင့် ယှဉ်ပြိုင်ရန် မကြိုးစားသင့်ပေ။

လင်းချူ မျက်မှောင်ကြုတ် လိုက်သည်။ ပုံမှန်အားဖြင့် သိမ်မွေ့သော သူ၏ ချစ်သူ ချင်ယီကား ရီဖူရှင်းကြောင့် သူ့အပေါ် လူမြင်ကွင်းတွင် အပြစ်တင် နေသည်။ ထိုအဖြစ်က သူ့အား ပိုမို၍ စိတ်ဆိုးစေသည်။ သူမက ရီဖူရှင်းအား ကာကွယ်ရန် ကြိုးစား နေသည်လား။

“ချင်ယီ … ငါက အစ်ကိုရီက လူငယ်တွေရှေ့မှာ သူ့ပါရမီ ပြသစေချင်ရုံပဲ ရှိတာ…” လင်းချူက ပြုံးလျက် ပြောသည်။

“သူက ဘယ်လို ပြရမလဲ…” ချင်ယီက မျက်နှာ တည်လျက် မေးသည်။ ရီဖူရှင်းက သူမသွားလိုဟု ပြောပြီးဖြစ်သည်။ လင်းချူက ရီဖူရှင်း၏ သဘောထားကို ဆန့်ကျင်၍ အတင်း စီစဉ်နေရာ အလွန်အမင်း မလေးစားရာ ရောက်နေသည်။ သူ ဘာလုပ်ချင် နေသည်ကို ရီဖူရှင်းက မည်သို့ မသိဘဲ နေမည်နည်း။

“ကျုပ်တို့ မိတ်ဖြစ် ဆွေဖြစ် တစ်ပွဲလောက် တိုက်ခိုက်ကြမယ်… ဘယ်လိုလဲ…” လင်းချူက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ သူက ရီဖူရှင်းအား ကြည့်ကာ ထပ်မံ၍ ပြောသည်… “အစ်ကိုရီ… ခင်ဗျား ဘယ်လိုထင်လဲ…”

ရီဖူရှင်းက အမှန်ပင် စိတ် အနှောင့်အယှက် ဖြစ်သလို ရယ်စရာ ကောင်းသည်ဟုလည်း ခံစားရသည်။ သူက ဗိုလ်ချုပ်ချင်အား တစ်ချက် ကြည့်ကာ ပြောသည်… “ကျုပ် ပါရမီက သာမန်ပဲ… ဒါကြောင့် ခင်ဗျားကို မနိုင်ဘူးဆိုတာ သေချာတယ်… ကျုပ် အရှုံးပေးတယ်…” သူက ချင်လီ၏ ချစ်သူအား မည်သို့ သွားရောက် ရိုက်နှက် နိုင်မည်နည်း။ သူက စီနီယာများကို မျက်နှာသာ ပေးရန် လိုအပ်ပေသည်။ ထို့အပြင် သူက ချင်းကျူမြို့မှ လူများနှင့် တိုက်ခိုက်ရန် အမှန်ပင် စိတ်မဝင်စားပေ။

“အစ်ကိုရီ… ခင်ဗျားက ဘယ်လိုလုပ် ဒီလောက် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချရတာလဲ… ကျုပ်တို့က အနိုင်ရသူ ထွက်ပေါ်လာတာနဲ့ ရပ်ကြမယ်…” ရီဖူရှင်းက စိတ်မဝင်စားသည့်တိုင် လင်းချူက လက်မလျှော့လိုပေ။

“လင်းချူ… ဒါက အရမ်း လွန်တယ်…” ချင်ယီက မတ်တတ် ရပ်ကာ အေးစက်စွာ ပြောသည်။ ရီဖူရှင်းက  အလျှော့ပေးနေသည့်တိုင် သူက လွန်စွာ ရန်လိုနေသည်။ ရီဖူရှင်းက သူ့ထက် အားနည်းသည်ဟု လင်းချူက အမှန်တကယ် ထင်မြင်နေသည်လား။

လင်းချူက မျက်မှောင်ကြုတ် လိုက်ကာ ချင်ယီအား ကြည့်လိုက်သည်။ သူ၏ အကြည့်ကလည်း တစ်နည်းအားဖြင့် အေးစက် သွားသည်။

သူက ဘယ်သူလဲ။ သူကား ချင်းကျူမြို့၏ ပါရမီအမြင့်ဆုံး လူဖြစ်ကာ ကျောင်းအုပ်ကြီး၏ တိုက်ရိုက် တပည့်ဖြစ်သည်။ ထို့အပြင် လွန်ခဲ့သော ရက်အနည်းငယ်က သူ၏ ဆရာဂူမူက အကာနာ အဆင့်ကို တက်ရောက် သွားသည်ကို သူသိထားသည်။ ချင်းကျူ အနီးတစ်ဝိုက် ကျွန်းစုများ အထဲတွင် သူ့ဆရာအား ယှဉ်နိုင်သူ အနည်းငယ်မျှသာ ရှိသည်။ ဒွန်ဟိုင်မြို့တွင်ပင် သူ့ဆရာအား စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက် အဖြစ် အသိအမှတ်ပြု ကြရမည်။ သူက ဒွန်ဟိုင်မြို့တွင် အချိန် အနည်းငယ်မျှ လေ့ကျင့်ဖူးသည်။ ချင်ယီက နောက်ယောက်ျား တစ်ယောက် အတွက် သူ့အား လူပုံအလယ်တွင် အော်ငေါက်ရဲသည်။

“ဒါက မင်းကိစ္စ မဟုတ်ဘူး…” လင်းချူက ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောသည်။ ချင်ယီကား ထိုနေရာတွင်ပင် အေးခဲသွားသည်။ သူမ၏ အမူအရာက မသက်မသာ ဖြစ်သွားသည်။ နွေဦးရာသီ စစ်ဆေးခြင်း စာမေးပွဲတွင် လွန်စွာ လိုက်ဖက်သော အတွဲဟု သတ်မှတ် ခံထားရသော ချင်ယီနှင့် လင်းချူအကြား ကတောက်ကဆ တစ်ခု ပေါက်ဖွားလာခဲ့သည်။ အတွဲများ အတွက် ဤကိစ္စမျိုးက ပုံမှန်ဖြစ်သော်လည်း လက်ရှိ အခြေအနေတွင် မူကား အမှန်ပင် အရေးကြီးပေသည်။

ချင်ရွှီက လင်းချူကို ကြည့်သည်။ အတိတ်က သူကား မဟူရာ မြင်းနက် စစ်တပ်၏ ဗိုလ်ချုပ်ဖြစ်သည်။ လင်းချူ၏ အပြုအမူကို ကြည့်ကာ သူက ပြောသည်… “ချင်ယီ… မင်းက သူနဲ့ ပတ်သက်တာကို မေ့လိုက်တော့…”

“ဟုတ်ကဲ့…” ချင်ယီက ညင်သာစွာ ခေါင်းညိတ်သည်။ သူတို့အကြား တစ်ယောက်ကို တစ်ယောက် အမှန်တကယ် နားလည်မှု မရှိသေးဟန် ရသည်။ ထို့အပြင် အားကောင်းသော ခံစားချက်များ ကလည်း သူတို့အကြား မရှိပေ။

သူမက လင်းချူကား ချစ်သူအဖြစ် လက်ခံခဲ့သည်မှာလား သူမက အသက်နှစ်ဆယ် ပြည့်ပြီးသောကြောင့် ဖြစ်သည်။ ချင်းကျူလို ကျွန်းငယ်လေးတွင် သူမအရွယ် မိန်းကလေးများကား ပုံမှန်အားဖြင့် စေ့စပ်နေကြပြီ ဖြစ်သည်။ ထို့အပြင် သူ၏ ဆရာကလည်း ချင်းကျူ ကျောင်းတော်၏ ကျောင်းအုပ် ဖြစ်နေရာ သူတို့နှစ်ယောက် သင့်တော်သည်ဟု လူအများက ယူဆကြရာ သူမကလည်း တဖြည်းဖြည်း သူ့ကို လက်ခံလာခဲ့သည်။ သို့သော် အမှန်တရားက သူမက လင်းချူအတွက် ခံစားချက်များ မရှိခြင်းပင်။ လင်းချူက သူမအား ချဉ်းကပ်ခြင်းမှာလည်း သူမ၏ အဆင့်အတန်းနှင့် ရုပ်ရည်ကြောင့်သာ ဖြစ်ဟန် ရသည်။

သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် သင့်တော်သည် ဟုသာ ယူဆကြသည်။

“လင်းချူ… အခုကစပြီး ကျွန်မတို့အကြား ပတ်သက်မှု မရှိတော့ဘူး…” ချင်ယီက လင်းချူအား ကြည့်ကာ ပြောသည်။ ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ် သွားသည်။ ချင်ယီက လင်းချူနှင့် ပြတ်စဲကြောင်းကို လူပုံအလယ်တွင် ကြေညာခဲ့သည်။

လင်းချူက ရီဖူရှင်းအား ထိုမျှ ရန်လိုနေမှတော့ ချင်ယီကလည်း သူနှင့် ပတ်သက်မှုကို အဆုံးသတ်ရန် ဝန်လေးမည် မဟုတ်ပေ။ ဤနည်းဖြင့် လင်းချူ လုပ်သမျှက သူမနှင့် မသက်ဆိုင်တော့ပေ။ ရီဖူရှင်းကလည်း ပြန်လည် တုံ့ပြန်ရန် ခက်ခဲသော အခြေအနေ မဟုတ်တော့ပေ။

ရီဖူရှင်းက မချိပြုံး ပြုံးလိုက်သည်။ သူ ရောက်လာခြင်းက ချင်ယီနှင့် လင်းချူတို့အကြား ပြဿနာ ဖြစ်စေကာ ပြတ်စဲသည်အထိ ဖြစ်ရမည်ဟု သူမထင်ထားခဲ့ပေ။

ဟွာဂျီယူက ရီဖူရှင်း၏ လက်ကို ဆွဲကာ သူ့ကို ကြည့်သည်။ သူမတို့က တစ်ယောက်ကို တစ်ယောက်က အမှန်တကယ် ချစ်မြတ်နိုး ကြသည်ကို ဝမ်းမြောက်ရသည်။

“မင်း သေချာလား…” လင်းချူ၏ မျက်နှာက တစ်နည်းအားဖြင့် သုန်မှုန်နေပေသည်။

“ဟုတ်တယ်…” ချင်ယီက ပြောသည်။

“ဟ…” လင်းချူက နှာခေါင်းရှုံ့လိုက်သည်။ သူက ရီဖူရှင်းအား တစ်ချက် ကြည့်ကာ ပြောသည်… “မင်းတို့ နှစ်ယောက် အကြား တကယ်ပဲ တစ်ခုခု ရှိနေတာ များလား…”

“အတင့်ရဲတယ်…” ချင်ရွှီက အေးစက်စွာ ပြောသည်။ လင်းချူကား သူ့သမီး၏ ဂုဏ်သိက္ခာ ကျအောင် တမင် ပြောဆိုနေပုံ ရသည်။

လင်းချူက ဤကဲ့သို့ အရှက်မရှိသော စကားကို ပြောမည်ဟု ချင်ယီကလည်း လုံးဝ မထင်ထားပေ။ သူမက ရီဖူရှင်းနှင့် ဟွာဂျီယူအား တောင်းပန်သော အကြည့်ဖြင့် ကြည့်သည်။

ရီဖူရှင်းကလည်း မျက်မှောင်ကြုတ် လိုက်သည်။ ကတောက်ကဆ ဖြစ်ကာ စုံတွဲ အချင်းချင်း ပြတ်စဲခြင်းက ပြဿနာကြီး မဟုတ်ပေ။  သို့သော် လင်းချူက လူအများရှေ့တွင် ချင်ယီအား သိက္ခာချနေသည်။

“လင်းချူ… ဆက်မပြောနဲ့တော့…” လန်ချန်းဖန်က ပြောသည်…“ဆင်းခဲ့…”

လင်းချူက သူ့အား လျစ်လျူရှုထားသည်။ ပြုံးလျက်ပင် သူက ချင်ရွှီအား ကြည့်ကာ ပြောသည်… “ဗိုလ်ချုပ်ချင်… ခင်ဗျားက ဘာလို့ ဒီလောက် စိုးရိမ်နေတာလဲ… ခင်ဗျားက သူ့ကို သမက်အနေနဲ့ မလိုချင်ဘူးလား…”

ဟင်း… သူကား အမှိုက်မြို့တော်ဝန် ဖြစ်သည်။ သူက မဟူရာ မြင်းနက် စစ်တပ်ကို ဖွဲ့စည်းခဲ့လျှင်ကော အဘယ် အရေးနည်း။ သူ၏ ဆရာကား အကာနာ အဆင့်ကို ရောက်နေပြီဖြစ်ရာ မည်သူ့ကိုမှ အရေးစိုက်ရန် မလိုတော့ပေ။

“သူ့ကို ဖမ်းကြစမ်း…” ချင်ရွှီက အေးစက်စွာ ပြောသည်။

“ဟုတ်ကဲ့…” ချင်ရွှီ၏နောက်မှ များစွာ ချပ်ဝတ် တန်ခိုးရှင်များက ရှေ့ကို လျှောက်သွား လိုက်ကြသည်။ ရုတ်တရက် တစ်စုံတစ်ယောက်က ပြောသည်… “ဗိုလ်ချုပ်ချင်… ခင်ဗျား ဘာလုပ်နေတာလဲ…” အသံနှင့်အတူ လူတစ်ယောက် လျှောက်လာသည်။ သူကား ချင်းကျူ ကျောင်းတော် ကျောင်းအုပ် ဂူမူ ဖြစ်သည်။

“ကျောင်းအုပ်… လင်းချူက မသင့်တော်တာတွေ ပြောနေလို့ ကျုပ်က ခင်ဗျား ကိုယ်စား အပြစ်ပေးမလို့ လုပ်နေတာ…” ချင်ရွှီက ပြောသည်။

“ကျုပ် တပည့်ကို ကျုပ်ပဲ အပြစ်ပေးမယ်… ဗိုလ်ချုပ်ချင်… ခင်ဗျားက ဒီအတွက် အလှုပ်ရှုပ်ခံစရာ မလိုဘူး…” ဂူမူက ခံစားချက် ကင်းမဲ့စွာ ပြောသည်။

ချင်ရွှီက မျက်မှောင်ကြုတ် လိုက်ကာ ပြောသည်… “ကျောင်းအုပ်… ခင်ဗျားက သူ့ကို ဘယ်လို အပြစ်ပေးမယ် စဉ်းစားထားလဲ…”

“သူ နောက်တစ်ခါ စကားကို ဂရုတစိုက် ပြောဖို့ ကျုပ်က ပြောထားမယ်…” ဂူမူက လင်းချူအား ကြည့်ကာ ပြောသည်… “မင်းက ဒီလို အခြေအနေမှာ မသင့်တော်တာတွေ မပြောရဘူး…”

“ဆရာ… ကျွန်တော် မှားပါတယ်…” လင်းချူက ဂူမူကို ဦးညွှတ်သည်။ သူ၏ ဆရာက သူ့အား ကာကွယ်ပေးရန် ကြိုးစားနေသည်ကို သူသိသည်။

“ဒါပဲလား…” ချင်ရွှီ၏ မျက်နှာက နက်မှောင်သွားသည်။

“ဗိုလ်ချုပ်ချင်… ဒါဆို ခင်ဗျား ဘာလိုချင်လဲ…” ဂူမူက ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောသည် “ချင်ယီက လင်းချူနှင့် ပြတ်စဲကြောင်း လူပုံအလယ်မှာ ပြောတယ် … သူမက လင်းချူ၏ ခံစားချက်ကို ထည့်တွက်သလား… လင်းချူက မသင့်တော်တဲ့ စကားတွေ ပြောတယ် ဆိုပေမဲ့ ဒါက အခိုက်အတန့် ဒေါသ ထွက်သွားလို့ ဖြစ်ရတာပဲ…”

ဂူမူကား သည်နှစ်ပိုင်း အတွင်းတွင် တံခါးပိတ် လေ့ကျင့်နေကာ ပြင်ပလောကနှင့် အဆက်အဆံ သိပ်မရှိခဲ့ပေ။ နောက်ဆုံးတွင် သူကား တန်ခိုးအဆင့် တက်နိုင်ခဲ့သည်။ သူက အကာနာ အဆင့်ကို တက်လှမ်း နိုင်ခဲ့၏။ သူက ချင်ယီအား ကောင်းစွာ ဆက်ဆံကာ လင်းချူက သူမနှင့်အတူ ရှိသည်ကို ဝမ်းမြောက်ပေသည်။ သို့သော် ချင်ယီက ရီဖူရှင်းကြောင့် သူ၏ တပည့်အား မျက်နှာသာ မပေးခဲ့ပေ။ သူမက သူရှိနေသည်ဟုပင် သဘောထားသလော။

ထိုစဉ်က ဟွာဖန်းလူကား ချင်းကျူတွင် လွန်စွာ မြင့်မားသော အဆင့်အတန်း ရှိကာ သူ၏ တပည့်ကလည်း လွန်စွာ မောက်မာခဲ့သည်။ ယခု ဟွာဖန်းလူကား တန်ခိုးအစွမ်း ပျက်စီးသွားကာ ဂူမူကား အကာနာ အဆင့်ကို ရောက်နေပြီ ဖြစ်သည်။ ဟွာဖန်းလူ၏ တပည့်နှင့် ချင်ယီက သူ့တပည့်ကို ဖိနှိပ်သည်ကို သူက မည်သို့ ခွင့်ပြုရမည်နည်း။

လူအများ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ် လာကြသည်။ ကျောင်းအုပ်ကြီးနှင့် ဗိုလ်ချုပ်ချင် အကြား အမှန်တကယ်ပင် ပဋိပက္ခ ဖြစ်လာခဲ့သည်။

ဂူမူက နောက်လှည့် လိုက်ကာ ချင်ရွှီ၏ အမူအရာကို လျစ်လျူရှုလိုက်သည်။ သူက ရီဖူရှင်းနှင့် ဟွာဂျီယူကို ကြည့်သည်။ ထို့နောက် ဟွာဂျီယူအား မေးသည်… “မင်းအဖေ … အခု ဘယ်လိုလဲ…”

ဟွာဂျီယူက ဂူမူကို ကြည့်သော်လည်း မည်သို့မှ မပြောပေ။

“ကျုပ်ဆရာလား… သေချာတာပေါ့ … သူ အဆင်ပြေတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“ငါက သူ့ကို မတွေ့ရတာ တော်တော်ကြာပြီ … သူသာ ချင်းကျူကို ပြန်လာခဲ့မယ်ဆိုရင် ငါက သူနဲ့ တစ်ပွဲ တစ်လမ်းလောက် စမ်းကြည့်ချင်တယ်…” ဂူမူက ပြောသည်။

“ကျောင်းအုပ် … ခင်ဗျား အဆင့်တက် သွားတာလား…” ခန်းမသခင် တစ်ယောက်က မေးသည်။

“ကျုပ် အကာနာ အဆင့်ကို ရောက်သွားပြီ…” ဂူမူက ခေါင်းညိတ်သည်။ ချက်ချင်းပင် ထိုနေရာ တစ်ခုလုံးက လုံးဝ တိတ်ဆိတ် သွားသည်။ ချင်ရွှီ၏ မျက်နှာက လွန်စွာ နက်မှောင်သွားကာ ဂူမူ၏ အပြုအမူများက အဘယ်ကြောင့် ရင့်သီးနေသလဲ သူ နားလည်လိုက်သည်။

“ခင်ဗျားမှာ ဒီလို အခွင့်အရေး ရှိမယ်လို့ ကျုပ် မထင်ဘူး…” ရီဖူရှင်းက ဂူမူအား ပြုံးလျက် ပြောသည်။ အကာနာ အဆင့်ကို ရောက်ပြီးနောက် သူက အမှန်ပင် ယုံကြည်မှု မြင့်မားနေသည်။

“ဟုတ်လား…” ဂူမူက ခံစားချက် ကင်းမဲ့စွာ ပြောသည်… “ငါက ဒီအခွင့်အရေး မရှိမှတော့ မင်းနဲ့ လင်းချူနဲ့ ဘာလို့ မစမ်းကြည့်တာလဲ …”

လင်းချူက ရီဖူရှင်းအား စိုက်ကြည့်သည်။ အရာအားလုံးက မူလ အခြေအနေကို ပြန်လည် ရောက်သွားဟန် ရသည်။

“သူက အရမ်းပျော့တယ်…” ရီဖူရှင်းက လင်းချူအား မကြည့်ပေ။ သူက ဂူမူကို ကြည့်ကာ ပြောသည်… “ခင်ဗျား စမ်းကြည့်မလား…”

***

Comment

Leave a Reply

Options

not work with dark mode
Reset