ချင်းကျူ ကျောင်းတော်ကား လူငယ်များနှင့် အသက်ဝင် နေသည်။
ယနေ့ ချင်းကျူ ကျောင်းတော်ကား လွန်စွာ အလုပ်များ နေသည်။ အဘယ်ကြောင့် ဆိုသော် ယနေ့ကား ချင်းကျူ ကျောင်းတော်၏ နွေဦးရာသီ စစ်ဆေးခြင်း စာမေးပွဲနေ့ ဖြစ်သောကြောင့်ပင်။ ကျောင်းတော်၏ တပည့်များကလည်း စာမေးပွဲအတွက် စုစည်းနေကြသည်။ သိုင်းပညာ ကျောင်းဆောင်များနှင့် မှော်ပညာ ကျောင်းများမှ အကြီးအကဲများ ကလည်း ရောက်ရှိနေပြီ ဖြစ်သည်။
ထိုအခိုက်တွင်ကား ချင်းကျူ ကျောင်းတော်က ထူးထူးခြားခြား စည်ကား နေပေသည်။ မြို့တော်ဝန် ချင်ရွှီကလည်း တခြား အရာရှိများနှင့် အတူ ရောက်ရှိလာသည်။ ချင်ရွှီ၏ သမီး ချင်ယီကလည်း သူ့ဘေးတွင် ထိုင်နေသည်။ သူမက ဆယ်ကျော်သက် လေးများက သူတို့၏ အရည်အချင်းများကို ထုတ်ပြ နေသည်ကို ကြည့်နေသည်။
ချင်ယီကား အသက် နှစ်ဆယ်ခန့်ရှိပြီး ဖြစ်သည်။ သူမ၏ ခန္ဓာကလည်း အတိတ်ကနှင့်စာလျှင် ကောက်ကြောင်းများက ပိုမို ပိုလွင်လာကာ လွန်စွာ ဆွဲဆောင်အား ကောင်းနေပြီ ဖြစ်သည်။ သူမက ချင်းကျူ ကျောင်းတော်တွင် သင်ကြားပေးနေဆဲ ဖြစ်ကာ တပည့် များစွာတို့၏ အလှ နတ်ဘုရားမလေး ဖြစ်ပေသည်။
မှန်သည်… လက်ရှိတွင်ကား သူမတွင် ချစ်သူ ရှိနေပြီ ဖြစ်သည်။ သူကား ယခုနှစ်ပိုင်း အတွင်း ချင်းကျူ ကျောင်းတော်၏ ပါရမီအမြင့်ဆုံးဟု သတ်မှတ် ခံထားရသော လင်းချူဖြစ်သည်။ သူက ကျောင်းအုပ်ကြီး ဂူမူ၏ တိုက်ရိုက် တပည့်လည်း ဖြစ်သည်။ ယခုတွင် လင်းချူက ချင်ယီနှင့် ချင်ရွှီတို့၏ ဘေးတွင် ထိုင်နေသည်။ သူတို့ နှစ်ယောက်က လိုက်ဖက် လှပေသည်။
“အခုခေတ်မှာ ပါရမီရှင်တွေက ပိုပြီး များလာတယ်… ” ချင်ရွှီက တိုက်ပွဲစင်မြင့်ကို ကြည့်ကာ ပြောသည်။ သူ့ဘေးမှ ဓားသခင် လန်ချန်းဖန်က ပြုံးလျက် ပြောသည်… “ဟုတ်တယ်… သားရဲအုပ်ဝင်ပြီး နောက်ပိုင်း ချင်းကျူ ကျောင်းတော်က ထိခိုက်ခဲ့ပေမဲ့ အခု ချင်းကျူ ကျောင်းတော်က တပည့်တွေက ပိုပြီး ကြိုးစား သင်ယူနေကြတယ်…”
“ပြီးတော့ လင်းချူရဲ့ ပါရမီက သူတို့တွေကို တွန်းအား ပေးစေတယ်…” လင်းချူကား အသက် နှစ်ဆယ်ရှိကာ ဓမ္မအဆင့်ကို ဝင်ရောက်ခဲ့ပြီး ဖြစ်သည်။ ချင်းကျူမြို့တွင်မူ ထိုမျှ အသက်အရွယ်နှင့် တန်ခိုးအဆင့်က အလွန်အမင်း ထူးချွန်သည်ဟု ဆိုနိုင်ပေသည်။
“ဘယ်လို ပြောပြော … သူက ပြင်ပလောကကို မြင်ဖူးတယ်လေ…” သတ္တုဓာတ် ကျောင်းဆောင် သခင်က ပြုံးလျက် ပြောသည်… “ကျုပ်တို့ ချင်းကျူ ကျောင်းတော်မှာ ဒီလို ထူးချွန်တဲ့ တပည့် မရှိဖူးဘူး… ဟုတ်တယ်မလား…”
ချင်ရွှီ၏ မျက်လုံးက အရောင်လက် သွားသည်။ ကျုပ်တို့မှာ အရင်က ဒီလို ကျောင်းသားမျိုး မရှိဖူးဘူးလား။
သူက ပြုံးလျက် မည်သို့မှ မပြောတော့။ သို့သော် သူ၏ အတွေးထဲကို လူငယ်နှစ်ယောက်က ဝင်ရောက် လာသည်။ သူတို့ ကျောင်းတော်မှ မထွက်သွားလျှင် ယခု ချင်းကျူမြို့တွင် လွန်စွာ ကျော်ကြားသူများ ဖြစ်နေလောက် ပေပြီ။ မှန်ပေသည် … သူတို့က ချင်းကျူလောက် မျှတွင် နေမည့်သူများ မဟုတ်ပေ။
“ဗိုလ်ချုပ်ချင်… လင်းချူနဲ့ ချင်ယီတို့က ဘယ်တော့ လက်ထပ်ကြမလဲ…” သတ္တုဓာတ် ကျောင်းဆောင် သခင်က ပြုံးလျက် ပြောသည်။
“ကျုပ်က ဒါကို မဆုံးဖြတ်ဘူး … လူငယ်တွေမှာ သူတို့ ကိုယ်ပိုင် အတွေးတွေ ရှိကြလိမ့်မယ်…” ချင်ရွှီက ပြုံးလျက် ပြောစဉ် လင်းချူက ချင်ယီအား ကြည့်သည်။
“အလျင်မလိုဘူး… သမီးက အဖေ့ကို နောက်နှစ် နည်းနည်းလောက် ထပ်ပြုစု ချင်သေးတယ်…” ချင်ယီက ပြုံးလျက် ပြောသည်။ လူတိုင်းက ခေါင်းညိတ်ကာ မည်သို့မှ မပြောပေ။
နွေဦးရာသီ စာမေးပွဲက ဆက်လက် ကျင်းပကာ ကျောင်းတော်ကလည်း စည်ကား နေသည်။ ရုတ်တရက် သတ္တဝါဆန်း တစ်ကောင်က ချင်းကျူ ကျောင်းတော် အပေါ်မှ ပျံသန်း သွားသည်။ သူက ကျောင်းတော်၏ တစ်နေရာသို့ ပျံသန်းသွားကာ မြေပြင်ကို ဆင်းသက်နေသည်။ လူအများက ထိုသတ္တဝါဆန်းကို သတိထားမိကြသည်။ သူတို့က ခေါင်းမော့လျက် သတ္တဝါဆန်းကို ကြည့်ကာ ထူးဆန်းသော အမူအရာများ ဖြစ်လာကြသည်။
“သတ္တဝါဆန်း နောက်ကျောမှာ လူပါလာတယ်…” တစ်စုံတစ်ယောက်က ပြောသည်။ ချင်းကျူ ကျောင်းတော်၏ အကြီးအကဲများက အချင်းချင်း ပြောကြကာ သတ္တဝါဆန်းအား စိုက်ကြည့်ကြသည်။
ကောင်းကင်ပေါ်မှ သတ္တဝါဆန်းကား သိမ်းငှက်နက် ဖြစ်သည်။ သိမ်းငှက်နက်က အဆောက်အဦ တစ်နေရာတွင် ဆင်းသက် လိုက်သည်။ ထိုနေရာကား အနည်းငယ် ခြောက်သွေ့နေကာ အဆောက်အဦများက ပြုပြင်မွမ်းမံမှု ကင်းမဲ့သောကြောင့် ဟောင်းအိုကာ ပြိုကျ ပျက်စီးနေကြပြီ ဖြစ်သည်။ ဤနေရာကား ယခင်က ဟွာဖန်းလူနှင့် ဟွာဂျီယူတို့ နေထိုင်ရာ နေရာ ဖြစ်ပေသည်။ သူတို့က အိမ်ရှေ့ မြေကွက်လပ်တွင် ဆင်းသက် လိုက်ကြသည်။ ဤနေရာတွင်ကား ရီဖူရှင်းအတွက် နွေးထွေးသော အမှတ်တရများ ရှိနေရာလည်း ဖြစ်သည်။
သူတို့နှစ်ယောက်က ပြိုကျ ပျက်စီးနေသော အဆောက်အဦများကို ကြည့်ကာ ခံစားချက်များ ရောထွေး နေကြသည်။
ဟွာဂျီယူက အထဲကို ဝင်လိုက်သည်။ လှေကားထစ်များနှင့် အခန်းများက ဖုန်များနှင့် ပြည့်နှက်နေသည်။ သူမက အတန်ကြာရပ်ကာ ပြုံးလျက် ပြောသည်… “သွားစို့…”။ သူမက ဤနေရာအား တစ်ခါလောက် ပြန်လည် ကြည့်ရှုလိုခြင်းသာ ဖြစ်သည်။
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ယနေ့ ချင်းကျူ ကျောင်းတော်က နွေဦးရာသီ စာမေးပွဲကြောင့် စည်ကားနေသည်။ သူတို့အား လူအများအပြားက သတိထားမိကြမည် ဖြစ်သည်။
သူတို့ နှစ်ယောက်က သိမ်းငှက်နက်ပေါ်သို့ တက်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်ကြသည်။ သို့သော် ရုတ်တရက် လူအများအပြား သူတို့ထံ ပြေးလာကြသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူကို မြင်လျှင် သူတို့အားလုံး အံ့အားသင့် သွားကြသည်။
“ရီဖူရှင်း…” ဓားခန်းမသခင် လန်ချန်းဖန်၏ အကြည့်က အေးခဲသွားသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ရီဖူရှင်းက ဝန်ကြီးချုပ် ကျိုနှင့်အတူ ပြန်လာခဲ့သည်။ ယခု သူ နောက်တစ်ခေါက် ပြန်လာသော အခါတွင်ကား ယခင်ကထက် ရင့်ကျက်သော ပုံစံကို မြင်ရသည်။ သို့သော်လည်း ဒွန်ဟိုင်မှ လာသော သတင်းအရ ရီဖူရှင်းက နန်ဒူနိုင်ငံမှ အလိုရှိနေသော အပြစ်သားဟု ကြားဖူးသည်။ ဒွန်ဟိုင်မြို့နှင့် ချင်းကျူမြို့ကား လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလှရာ နန်းမြို့တော်မှ သတင်းများက ချင်းကျူမြို့ကို ယခုထိ မရောက်သေးပေ။ ထို့ကြောင့် ယခု မည်သို့ အခြေအနေ ဖြစ်နေသည်ကို သူမသိပေ။ သူနှင့်အတူ ဟွာဂျီယူလည်း ပြန်လာခဲ့သည်။
“စီနီယာ…” ရီဖူရှင်းက ပြုံးလျက် နှုတ်ဆက်သည်။
“ရီဖူရှင်း… ဒီနေ့ ချင်းကျူ ကျောင်းတော်ရဲ့ နွေဦးရာသီ စာမေးပွဲရှိတယ်… မင်းက ဂျူနီယာလေးတွေကို ဘာလို့ လာမကြည့်တာလဲ…” လန်ချန်းဖန်က ဖိတ်ခေါ်သည်။ နန်ဒူနိုင်ငံတွင် ဖြစ်ပျက်နေသည်ကို သူတို့က သိပ်မသိကြပေ။ သို့သော် သူ သိသည်က ရီဖူရှင်းက ချင်းကျူ ကျောင်းတော်၏ ပါရမီ အမြင့်ဆုံး တပည့်ဟောင်း တစ်ယောက် ဖြစ်သည်ကိုပင်။
“စီနီယာ … ဖိတ်ခေါ်တာကို ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ ဂျူနီယာက အခု ပြန်တော့မလို့ပါ…” ရီဖူရှင်းက ခေါင်းယမ်းသည်။ သူက ချင်းကျူ ကျောင်းတော်တွင် အမှတ်တရများ ရှိသော်လည်း လက်ရှိတွင် ဤနေရာနှင့် တွယ်ငြိသော ခံစားချက် သိပ်မရှိတော့ပေ။
“ဗိုလ်ချုပ်ချင်လည်း ရောက်နေတယ် …” ရီဖူရှင်းက ဗိုလ်ချုပ်ချင်နှင့် ချင်ယီတို့ဖြင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်ကို လန်ချန်းဖန် သိသည်။
ရီဖူရှင်းက ဟွာဂျီယူအား ကြည့်သည်။ ဟွာဂျီယူက သူ့လက်ကို ဆွဲကိုင်ကာ ပြုံးလျက် ပြောသည်… “သွားမယ်… ဗိုလ်ချုပ်ချင်ကို သွားတွေ့ကြမယ်…”
“ဒါဆိုလည်း ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“သွားစို့ …” လန်ရှန်းဖန်က ပြုံးလျက် ခေါင်းညိတ်သည်။ ထို့နောက် သူတို့အုပ်စုက မြေညီလမ်း အတိုင်း လျှောက်လာလျှင် ပွဲကြည့်စင်ကြီးနှင့်အတူ လူအုပ်ကြီးအား တွေ့ရသည်။ လူအများက ရီဖူရှင်းနှင့် ဟွာဂျီယူကို မြင်လျှင် အံ့အားသင့် သွားကြသည်။ လူငယ်များက သူတို့အား မသိကြသော်လည်း ဆရာများနှင့် ချင်းကျူ ကျောင်းတော်မှ စီနီယာ ကျောင်းသားများက သိကြသည်။
ချင်ယီကလည်း အတန်ကြာ မှင်တက်သွားသည်။ ထို့နောက် သူမက ရီဖူရှင်းနှင့် ဟွာဂျီယူတို့ အနီးကို ပြေးလာသည်။ သူမက ရီဖူရှင်းတို့အား ကြည့်ကာ တောက်ပစွာ ပြုံးလျက် ပြောသည်… “ဟေး … ဒီကို ရောက်လာရင် ငါ့ကို အရင် လာမတွေ့သင့်ဘူးလား…”
“အခု မရောက်လာလို့လား…” ရီဖူရှင်းက ပခုံးတွန့်လျက် ပြောသည်။
ချင်ယီက ဟွာဂျီယူအား ကြည့်ကာ ပြုံးလျက် ပြောသည်… “ကြည့်ရတာ နင့်မှာ အရမ်းလှတဲ့ ချစ်သူ ရှိနေပြီ ဆိုတော့ ငါ့ဆီ လာလည်ဖို့ မေ့နေတာ မထူးဆန်းပါဘူး…”
“ကျွန်တော်က ဒီလို လူမျိုးလား…” ရီဖူရှင်းက မလိုလားစွာ ပြောသည်။
“ဟင်း…” ချင်ယီက ပြုံးလျက် သူတို့ နှစ်ယောက်ကို ကြည့်သည်။
“ဗိုလ်ချုပ်ချင်နဲ့ သွားတွေ့ရအောင်…” ရီဖူရှင်းက ဟွာဂျီယူ၏ လက်ကို ကိုင်ကာ အကြီးအကဲများ ထိုင်နေရာသို့ လှမ်းသွားလိုက်သည်။ ထိုနေရာမှ ဗိုလ်ချုပ်ချင်က မတ်တတ် ရပ်ကာ ကြိုဆိုသည်။ ဒွန်ဟိုင်မှ လာသော သတင်းများအရ သူက ရီဖူရှင်းအား အမြဲတမ်း စိတ်ပူနေခဲ့သည်။ ယခု သူတို့ နှစ်ယောက်က ဘေးကင်းနေသည်ကို မြင်လျှင် လွန်စွာ ဝမ်းမြောက်ရ၏။ ရီဖူရှင်းကြောင့်သာ မဟုတ်လျှင် သူနှင့် ချင်ယီက ဆိုးရွားသော ဘဝကို ရောက်သွား နိုင်ပေသည်။
“ဗိုလ်ချုပ်ချင်…” ရီဖူရှင်းက ခေါ်လိုက်သည်။
ချင်ရွှီက သူ၏ ပခုံးအား ပုတ်ကာ ပြောသည်…“ဖူရှင်း… ငါ့ဘေးကို လာထိုင်…”
“သေချာတာပေါ့…” ရီဖူရှင်းက ခေါးညိတ်ကာ ချင်ရွှီ၏ ဘေး၌ ဝင်ထိုင်သည်။ ဟွာဂျီယူက ရီဖူရှင်းဘေး၌ ထိုင်ကာ ချင်ယီက ချင်ရွှီ၏ဘေးတွင် သွားထိုင်သည်။ သူတို့အောက် တစ်ဆင့်မှ လင်းချူ၏ မျက်လုံးက အရောင်လက် သွားသည်။ သူက ရီဖူရှင်းနှင့် ပတ်သက်၍ ကြားဖူးသော်လည်း သိပ်အများကြီး မသိပေ။ ချင်းကျူမြို့ကား လွန်စွာ ခေါင်ရာ သူတို့ လက်ခံရရှိသော သတင်းများက အကန့်အသတ် ရှိပေသည်။ သို့သော် သူက ဒွန်ဟိုင်မြို့မှ လာသော သတင်းတချို့ကို ကြားဖူးပေသည်။
သူက ဟွာဂျီယူအား မြင်သော အချိန်တွင်ကား အတန်ကြာ မှင်တက်မိသည်။ လောကတွင် ဤမျှလှသော မိန်းမ ရှိသေးသည်။ အတိတ်တွင် သူမက ချင်းကျူ ကျောင်းတော်တွင် လေ့ကျင့်ခဲ့သည်ကို သူကြားဖူးသည်။ သူက ချင်းကျူ ကျောင်းတော်ကို နောက်ကျမှ ရောက်ခဲ့ခြင်း အတွက် နောင်တရမိသည်။
“ဒွန်ဟိုင်မြို့က သတင်းဆိုး တချို့ကို ငါကြားဖူးတယ်… မင်းအခု အဆင်ပြေလား…” ချင်ရွှီက လေးနက်သော လေသံဖြင့် ပြောသည်။
“ကျွန်တော် အကုန် ဖြေရှင်း ပြီးသွားပြီ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“ဒါ ကောင်းတယ်…” ချင်ရွှီက ခေါင်းညိတ်သည်… “နောက်ဆို မင်းအားတဲ့ အခါတွေလည်း လာလည်ဦး … ချင်ယီက မင်း အကြောင်းကို အမြဲပြောတယ်…”
ချင်ယီ၏ မျက်လုံး ပြူးကျယ် သွားသည်။ သူမ ဘယ်တုန်းက ပြောမိပါလဲ။ သမီးကို သစ္စာဖောက်သော အဖေ ဘယ်မှာ ရှိသနည်း။
“ကျွန်တော်ကလည်း အစ်မချင်ယီကို သတိရပါတယ်… အစ်မချင်ယီက ကျွန်တော့်ကို သင်ခန်းစာတွေ သင်ပေးတဲ့ အချိန်တွေကို သတိရတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“နင်က အတန်း ဘယ်တုန်းက တက်လို့လဲ…” ချင်ယွီက ငေါ့တော့တော့ ပြောသည်။
“အဟမ်း…” ရီဖူရှင်းက ချောင်းဟန့်လိုက်သည်။ ဟွာဂျီယူကလည်း ပြုံးလိုက်သည်။ သူကား အမှန်ပင် အရေထူသည်။
ရုတ်တရက် လင်းချူက ရှေ့ကို ကြည့်နေရာမှ နောက်ကို လှည့်ကာ ရီဖူရှင်းကို ပြောသည်… “ကျုပ်နာမည် လင်းချူပါ… ချင်ယီရဲ့ ချစ်သူ… ချင်ယီက မင်းအကြောင်းကို မကြာမကြာ ပြောတယ်… အခုတော့ မင်းကို ကိုယ်တိုင်တွေ့ရပြီ… တကယ်ပဲ မင်းက ထူးခြားတယ်…”
ရီဖူရှင်းက အနည်းငယ် အံ့အားသင့်ပြီးမှ ပြုံးလျက် ပြောသည်… “ကျုပ်က ရီဖူရှင်းပါ… ကျုပ် တကယ်ပဲ ခင်ဗျားကို မနာလိုဘူး… အစ်မချင်က ကျုပ်နှလုံးသားထဲက နတ်သမီးပဲ … အခု ခင်ဗျားက သူ့ကို ရထားတယ်…”
“ဟုတ်တယ် … တကယ်ပဲ ကံကောင်းတယ်…” လင်းချူက ပြုံးလျက် ပြောသည်။ သူက ရီဖူရှင်း၏ ဘေးမှ ဟွာဂျီယူကို ကြည့်ကာ တိတ်တခိုး ဝေဖန်နေသည်။ ရီဖူရှင်း၏ ချစ်သူက လွန်စွာ ချောမော နေသည့်တိုင် သူက ချင်ယီကို ပိုင်ဆိုင်ရခြင်း အပေါ် မနာလိုဟု ပြောနေသည်။
အတိတ်က သူကလည်း ချင်ယီကို ရခြင်းက လွန်စွာ ကံကောင်းသည်ဟု ထင်ခဲ့သည်။ မည်သို့ပင်ဆိုစေ သူမကား ချင်းကျူ ကျောင်းတော်မှ လူငယ်အများစု၏ အိပ်မက်နတ်သမီး မဟုတ်ပါလား။ သို့သော် ဟွာဂျီယူကို မြင်ပြီးနောက် မိမိကိုယ်ကို ကံကောင်းသည် မထင်တော့ပေ။
“မင်းတို့ ဆက်လုပ်ကြ…” ခန်းမသခင် တစ်ယောက်က ကျောင်းတော်မှ ကျောင်းသားများအား ပြောသည်။ လူငယ်လေးများက ရီဖူရှင်းအား ကြည့်နေသည်ကို ရပ်တန့်လိုက်ပြီး သူတို့၏ စာမေးပွဲများကို ဆက်လက် ဖြေဆိုကြသည်။
လွန်စွာ စည်ကားပြီး ပြိုင်ဆိုင်မှု ပြင်းထန်သော ပြိုင်ပွဲအား ကြည့်ကာ ရီဖူရှင်းက ယခင်က သူ ပါဝင်ဆင်နွှဲခဲ့သော စာမေးပွဲကို ပြန်လည် သတိရမိသည်။ ချင်ရွှီက ပြုံးလျက် မေးသည်… “မင်း ဘယ်လို ထင်လဲ…”
“မဆိုးဘူး…” ရီဖူရှင်းက ခေါင်းညိတ်သည်… “ဒါပေမဲ့ လူငယ်တွေကို ပြင်ပလောကကို ထွက်ပြီး လေ့လာစူးစမ်းဖို့ တွန်းအားပေးရမယ်…” လူငယ်များက တိုးတက်လိုလျှင် ခရီးများ သွားကာ အတွေ့အကြုံများ ရှာရန် လိုအပ်ပေသည်။ အတိတ်က ဟွာဖန်းလူကား အကာနာ အဆင့်တွင် ရှိသည်။ သူ၏ သက်စောင့်ဝိညာဉ်က ပျက်စီး နေခဲ့သော်လည်း သူကား ချင်းကျူတွင် စွမ်းအား အမြင့်ဆုံး ဖြစ်နေဆဲပင်။ ကျောင်းအုပ်ပင်လျှင် ဓမ္မအဆင့် အမြင့်ဆုံးတွင်သာ ရှိသည်။ သီးခြား တည်ရှိနေသော ကျွန်းစုနှင့် ပြင်ပလောကကား ကွာဟချက် ကြီးမားလွန်းသည်။
ရီဖူရှင်းနှင့် ချင်ရွှီက အေးဆေးစွာ စကား ပြောနေကြသည်။ မှန်သည်… အချိန်အများစုက ရီဖူရှင်းက ချင်ယီနှင့် ပြောဆို နေခြင်းပင်။ တဖြည်းဖြည်းဖြင့် စာမေးပွဲ ရလဒ်များ ထွက်ပေါ်လာကာ ပြီးဆုံးခါနီး အချိန်ကို ရောက်လာသည်။ တပည့် အများအပြားက မိမိတို့ ရလဒ်များကို ကြည့်ကာ ပျော်ရွှင်စွာ ကခုန်နေကြသည်။ ရီဖူရှင်းက ထိုမြင်ကွင်းကို ကြည့်ကာ လူငယ်ဘဝကို ပြန်လည် အမှန် ရမိသည်။
နွေဦးရာသီ စစ်ဆေးခြင်း စာမေးပွဲ ပြီးတော့မည်ကို သတိထားမိသော လန်ချန်းဖန်က ပြုံးလျက် ပြောသည်… “ရီဖူရှင်း … မင်းသွားပြီး တစ်ခုခု မပြောဘူးလား…”
“ဟင့်အင်း … ဒါ အဆင်ပြေတယ်…” ရီဖူရှင်းက ခေါင်းယမ်းသည်။ သူက လူအများ အာရုံစိုက် ခံရမည်ကို မလိုလားပေ။
“လင်းချူ … တစ်ခုခု သွားပြော…” လန်ချန်းဖန်က ပြောသည်။ လင်းချူက ခေါင်းညိတ်သည်။ သူက စင်မြင့်ပေါ်သို့ လျှောက်သွားကာ ပြောသည်… “ဒီနေ့ နွေဦးရာသီ စာမေးပွဲက ဂျူနီယာတွေရဲ့ စွမ်းဆောင်ရည်တွေကို ကြည့်ပြီး ကျုပ်က အရမ်း ကျေနပ်မိတယ်… ဒါပေမဲ့ သင်ယူခြင်းက ဘယ်တော့မှ အဆုံးမသတ်သလို တန်ခိုးကျင့်တာမှာ ဒါက ပိုလိုအပ်တယ်… ချင်းကျူ ကျောင်းသားတွေ ဖြစ်တဲ့ ကျုပ်တို့က ကိုယ့်ကိုယ်ကိုယ် ကန့်သတ် မထားသင့်ဘူး… ကျုပ်တို့က အတွေ့အကြုံ ရှာဖို့လည်း လိုတယ်… တစ်ချိန်က ချင်းကျူ ကျောင်းတော်မှာ ရီဖူရှင်းဆိုတဲ့ အရမ်း ထင်ရှားတဲ့ ပါရမီရှင် တစ်ယောက် ရှိခဲ့တယ်… ဒီနေ့ သူကလည်း ဒီကို ရောက်လာတယ်… မင်းတို့က သူ့ကို မတွေ့ချင်ကြဘူးလား…” သူက ထိုသို့ ပြောလိုက်သည်နှင့် မရေမတွက် နိုင်သော မျက်လုံးများက ရီဖူရှင်းထံ ရောက်လာသည်။ ဖူရှင်းက အံ့အားသင့် သွားကာ ချင်ယီအား ကြည့်သည်။
“ဒီကောင် ဘာလုပ်နေတာလဲ…” ချင်ယီ မျက်မှောင်ကြုတ် လိုက်သည်။ ချင်းကျူ ကျောင်းတော်မှ တပည့်များက ရီဖူရှင်းအား သတိထားမိ လာကြသည်။
“အစ်ကိုရီ… ကျုပ်တို့က ချင်းကျူ ကျောင်းတော်က ဂျူနီယာတွေကို အတွေ့အကြုံ ဝေမျှရင် မကောင်းဘူးလား…” လင်းချူက ရီဖူရှင်းအား ကြည့်ကာ ပြုံးလျက် ပြောသည်။
***