‘ အရှင်ဝမ်ချင်းက တော်တော် စွမ်းအားကြီးတာပဲ။ သူ့ကျင့်ကြံခြင်းအဆင့်က မြင့်တယ်။ မှော်အစွမ်းတွေကလည်း စွမ်းအားကြီးပြီး ဓမ္မရတနာတွေလည်းအများကြီး ရှိတယ် ’
‘ အဓိကအချက်က သူက လှည့်ကွက်တွေလည်း သုံးတတ်တာပဲ ’
အရှင်ဝမ်ချင်းနှင့် ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများသည် တောင်ကာမန္တန်အစီအရင်အပြင်ဘက်တွင် တိုက်ခိုက်နေကြ၏။ ထိုတိုက်ပွဲ၏ ရိုက်ခတ်မှုကြောင့် တောင်ကာမန္တန်အစီအရင်အလွှာလေးသည် ယိမ်းထိုးနေပြီး လီ(၁၀၀)ကျော် အဝန်းအဝိုင်းအတွင်းရှိ မူလစွမ်းအားများသည် လှုပ်ခတ်နေကြ၏။
ဂိုဏ်းမှ လီရာပေါင်းများစွာ အကွာတွင် သစ်ငုတ်အဖြစ် ရုပ်ဖျက်ထားသော မြေနတ်ဝိဇ္ဇာ တာအိုကျင့်ကြံသူတစ်ဦးသည် နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။ ထိုအရာများက သူ့ကို အနှောင့်အယှက်မပေးပေ။
လီချန်ရှို့သည် သူ့ဆရာ၏ တည်တည်ငြိမ်ငြိမ်နေနိုင်မှုနှင့် အာရုံစူးစိုက်နိုင်မှုကို ချီးကျုးလိုက်သည်။
တိုက်ပွဲအတွင်း အရှင်ဝမ်ချင်းသည် သူ၏ အရှိန်အဝါကြီးမားသော ကိုယ်ရောင်ကိုယ်ဝါနှင့် ဟန်ပန်တို့ကို ထုတ်ပြခဲ့သည်။ ထိုတိုက်ပွဲမှ နေ၍ လီချန်ရှို့သည် အလယ်အလတ်အဆင့်ရှိသည့် နတ်ဝိဇ္ဇာများ၏ တိုက်ခိုက်သည့်ပုံစံအကြောင်း ဉာဏ်အလင်းပွင့်ခဲ့လေသည်။
ဂိုဏ်းချုပ်နှင့် တစ်နှစ်ပတ်လုံး အခန်းအောင်းကျင့်ကြံနေသည့် အကြီးအကဲများမှလွဲလျှင် အရှင်ဝမ်ချင်းသည် တုနတ်ဝိဇ္ဇာဂိုဏ်းတွင် စွမ်းအားအကြီးဆုံးသူ တစ်ဦးဖြစ်၏။
သို့သော် နှစ်တစ်သောင်းကျော် ကျင့်ကြံခဲ့ပြီးသော်လည်း အာကာသနတ်မင်းအဆင့်သို့ မတက်လှမ်းနိုင်သေးပေ။ ထို့ကြောင့် အရှေ့ကျွန်း၌ပင် သူ့ကို ပညာရှင်အဖြစ် မယူဆနိုင်ပေ။
ကောင်းကင်နတ်မင်းများ၏ သက်တမ်းသည် အကန့်အသတ်ရှိသေး၏။ သူတို့၏ မှော်အစွမ်းသည် မည်မျှကြီးမားသည်ဖြစ်စေ၊ ဓမ္မရတနာများမည်မျှ ပိုင်ဆိုင်သည်ဖြစ်စေ အသက်ကြီးလာရဦးမည်ဖြစ်၍ အချိန်ကို အောင်နိုင်ပြီဟု မဆိုနိုင်သေးချေ။
အာကသနတ်မင်းများသည်သာ အကန့်အသတ်မရှိ အသက်ရှည်ပေလိမ့်မည်။
လူတစ်ယောက်သည် မိမိ၏ တာအိုကိုအသုံးပြု၍ မိမိကိုယ်ကို ကာကွယ်ပါမှ ဘဝသံသရာမှ လွတ်မြောက်မည်ဖြစ်၏။ ထိုအခါမှသာ ကောင်းကင်နှင့်မြေကြီးတို့နှင့် သက်တမ်းတူ အသက်ရှည်ပေမည်။ ထိုအခါမှသာ အာဒိကပ္ပလောကတွင် ခြေတစ်လှမ်းစတင်လှမ်းပြီးသည်ဟု ယူဆနိုင်မည်ဖြစ်သည်။
ထိုအရာသည် ပထမခြေလှမ်းသာ ရှိသေး၏။
ထိုအခါမှသာ အစစ်အမှန်တန်ခိုးရှင်ကြီးများသည် ထိုသူကို တစ်ချက်မျှ လေးလေးနက်နက်ကြည့်မည်ဟု ဆိုလိုခြင်းပင်။
လီချန်ရှို့သည် လက်နောက်ပစ်၍ ရေကန်ဘေးတွင်ရပ်ကာ တိုက်ပွဲကို စောင့်ကြည့်နေ၏။ တိုက်ပွဲကို ကြည့်ပြီးသောအခါ သူ ဉာဏ်အလင်းတချို့ပွင့်ခဲ့၏။ သို့သော် သူသည် ထိုဉာဏ်အလင်းပွင့်မှုကို လက်ခံလိုက်ပြီး သူ၏ကျင့်ကြံခြင်အဆင့်ကို ဖိနှိပ်လိုက်ကာ အဆင့်တက်ခြင်းမပြုခဲ့ပေ။
သူ၏ လက်ရှိအဆင့်သည် သိပ်၍ အခြေမခိုင်သေးပေ။
သဘာဝတရားကို သူ့အလုပ်သူလုပ်ခွင့်ပေးရမည်၊ ဘာမှမလုပ်ခြင်းသည်သာ အောင်မြင်မှုဖြစ်သည်ဟု စိတ်ငြိမ်သုတ္တန်တွင် ရေးသားထားသော်လည်း ထိုသို့ရေးထားရခြင်းမှာ ကျင့်ကြံခြင်းအဆင့်ကို အခြေမခိုင်သေးဘဲ အတင်းတက်လိုသူများအတွက်သာ ဖြစ်သည်။
လီချန်ရှို့၏ အောက်ခြေအဆင့်များတွင် ပြီးပြည့်စုံခိုင်မာအောင်လုပ်ခြင်းသည် စိတ်ငြိမ်သုတ္တန်၏ အနှစ်သာရနှင့် ဆန့်ကျင်သော်လည်း မည်သည့်ဘေးထွက်ဆိုးကျိုးမှတော့ မရှိပေ။
သူနောက်လှည့်ကြည့်လိုက်သောအခါ သူ့ညီမလေး မရှိတော့ချေ။ လီချန်ရှို့သည် သူ၏ နတ်အာရုံကိုသုံး၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ရာ လင်းအယ်သည် သူမ၏ မှန်တင်ခုံရှေ့တွင် ထိုင်နေကြောင်း သိလိုက်ရ၏။ သူမသည် သူပေးထားသော မှန်ကိုကြည့်၍ သူမ၏ အလှကို ရှုစားနေ၏။
“ ညီမလေးက ကိုယ့်ကိုယ်ကို ချစ်တာပဲ ”
လီချန်ရှို့သည် ရယ်၍ ဆေးဖော်ဆောင်ဆီသို့ သွားလိုက်သည်။
ဆေးဖော်ဆောင် တစ်ဝိုက်ရှိ မန္တန်အစီအရင်အကုန်လုံးသည် နိုးနေပေပြီ။ မန္တန်အစီအရင်အပြင်ဘက်တွင် သစ်သားဆိုင်ဘုတ်တစ်ခုကို စိုက်ထား၏။ ဆိုင်းဘုတ်ပေါ်တွင် အောက်ပါအတိုင်းရေးသား ထားလေသည်။
“ ညီမလေးတစ်ခုခု လိုတာရှိရင် မန္တန်အစီအရင်ထဲကို ဝင်လာလိုက်။ ညီမလေး အခန်းအောင်းကျင့်ကြံရင် တစ်ခုခုကို အာရုံခံမိလိမ့်မယ် ”
ထို့နောက် လီချန်ရှို့သည် ဆေးပေါင်းဖိုနောက်တွင် တင်ပျဉ်ခွေထိုင်ကာ ကျောက်စိမ်းပြားကိုကိုင်၍ မန္တန်အစီအရင်များကို ထိန်းချုပ်လိုက်သည်။ လီချန်ရှို့သည် ခေတ္တမျှတွေးတောလိုက်ပြီးနောက် အနာဂတ်တွင် ပြောင်းလဲမှုများ ရှိလာမည်ကို နားလည်သွားသည်။
သို့သော် သူ့တွင် ခေါင်းခါရုံမှလွဲ၍ အခြား တတ်နိုင်သည်များ မရှိပေ။
ကံကြမ္မာသည် ခန့်မှန်းရန် မလွယ်ပေ။
သူ၏ မြောက်ကျွန်းသို့ခရီးသည် ပြဿနာများ၏ အစပြုရာပင်။ ထို့ပြင် ကောင်းကင်ပြစ်ဒဏ်ခံရန် အပြင်သို့သွားရာ၌လည်း တောင်သမုဒ္ဒရာတွင် ပင်လယ်စောင့်နတ်မင်းပင် ဖြစ်လာသေး၏။
‘ ဟုတ်သားပဲ … အမွှေးတိုင်းပူဇော်မှုကနေ ငါ ကုသိုလ်ဘယ်လောက်တောင် ရနေပြီလဲ မသိဘူး ’
လီချန်ရှို့သည် သူ၏ ကုသိုလ်များကို အာရုံခံလိုက်သည်။ သူ၏ မူလဝိညာဉ်ပတ်လည်တွင် ရွှေရောင်မှိန်မှိန်လေးပင် ရှိနေပြီ ဖြစ်၏။
လီချန်ရှို့သည် လက်ချောင်းများကို ထိကာ တွက်ချက်မှုတချို့လုပ်လိုက်ရာ သူ၏ ကိုယ်ရောင်ကိုယ်ဝါများ ထွက်သွားပြီး သူဆဲမိမလိုပင် ဖြစ်သွားလေသည်။
‘ နှစ်နည်းနည်းပဲရှိသေးတယ်။ ဘယ်လိုလုပ် ရုပ်တု ခြောက်ရာကျော်လောက် ရှိသွားရတာလဲ… ’
‘ မြို့ရွာ ခြောက်ရာကျော်လောက်က ဘာအသုံးမှမဝင်တဲ့ ပင်လယ်စောင့်နတ်မင်းကို ကိုးကွယ်နေကြတာလား… ’
‘ သေမျိုးလောကမှာ အမွှေးတိုင်ပူဇော်တဲ့လုပ်ငန်းက အမြတ်များများရတဲ့ စီးပွားရေးလား… ’
သူသည် အခြေအနေကို ထပ်၍ ဂရုတစိုက်လေ့လာပြီးသောအခါ တိတ်တဆိတ် အံကြိတ်လိုက်ရသည်။
တရားလွန်လေစွ။
‘ ဒီရှုံးရွာက တော်တော် တရားလွန်တာပဲ… ’
‘ အဲဒီရွာကလူတွေက တံငါလုပ်မစားတော့ဘဲ တစ်ရွာလုံးက တောင်ပင်လယ်က ပင်လယ်စောင့်နတ်မင်းရဲ့ တမန်တော်တွေဆိုပြီး လုပ်စားနေတာပဲ။ သူတို့က သူတို့ရဲ့ ထွားကြိုင်းတဲ့ ကြွက်သားတွေကို ပြပြီး တောင်ပင်လယ်က ပင်လယ်စောင့်နတ်မင်းရဲ့ မှော်အစွမ်းဆိုပြီး လုပ်နေတာပဲ။ သူတို့က ဒီအခွင့်အရေးကို သုံးပြီး ပိုက်ဆံရှာနေတာကိုး… ’
‘ ဘာတဲ့… ပင်လယ်စောင့်နတ်မင်းကို ယုံကြည်ရင် ခွန်အားတွေရမယ်ဆိုပဲ… ’
‘ လဲသေလိုက်ပါလား… ’
လီချန်ရှို့၏ နှုတ်ခမ်းစွန်းနှစ်ခုသည် တွန့်ကွေးသွားပြီး ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို အလျင်အမြန် တွေးတောလိုက်လေသည်။
‘ ဒီအတိုင်း ဆက်လွှတ်ထားပေးလို့တော့ မရတော့ဘူး။ မဟုတ်ရင် ပင်လယ်စောင့်နတ်မင်းကျောင်းတော်ဆိုပြီး ပေါ်လာလိမ့်မယ် ’
‘ နှစ်တွေလည်းကြာပြီဆိုတော့ အနောက်ကျောင်းတော်က ငါ့ကို လာမရှာလောက်တော့ပါဘူး။ ငါလည်း ကုသိုလ်တွေတော့ တော်တော်ရပြီးပြီ။ ဟူး.. မြွေပွေးခါးပိုက်,ပိုက်မိသလို အခြေအနေပဲ ’
‘ ဒါပေမဲ့ … ဒီအခြေအနေမှာ ပင်လယ်စောင့်နတ်မင်းက ဘယ်လိုလုပ်ရမှာလဲ… ’
‘ ငါ့မျက်နှာတော့ သွားပြလို့မရဘူး။ အဲဒီလိုဆို ငါ့ကို ပစ်မှတ်ထားခံရလိမ့်မယ် ’
‘ ငါတောင်ပင်လယ်နဲ့ ဝေးဝေးနေရမယ်။ ငါ အရှေ့ကျွန်းက တုနတ်ဝိဇ္ဇာဂိုဏ်းမှာပဲ နေရမယ် ’
တုနတ်ဝိဇ္ဇာဂိုဏ်းသည်လည်း ပြဿနာများအတွင်း အကြိမ်ကြိမ်ကျရောက်ခဲ့ဖူး၏။ ဥပမာအားဖြင့် အကြီးအကဲဝမ်လင်းယွမ် နာမည်ကြီးလာရသည့်အကြောင်းမှာ ဂိုဏ်းမှ နတ်ဝိဇ္ဇာအချို့သည် မိစ္ဆာအနည်းငယ်ကို သတ်ခဲ့သဖြင့် မိစ္ဆာမျိုးနွယ်ကို ရန်စသည့်သဘောဖြစ်ကာ မိစ္ဆာများက ဂိုဏ်းကိုလာရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့်ပင်။
တုနတ်ဝိဇ္ဇာဂိုဏ်း တည်ထောင်စတွင် ဝိညာဉ်ကြောကိုလုရန် အခြားနတ်ဝိဇ္ဇာဂိုဏ်းများနှင့် တိုက်ခိုက်ခဲ့ရရာ နတ်ဝိဇ္ဇာဂိုဏ်းများအကြားတွင် တိုက်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့၏။
သို့သော် ရန်ကျောင်းတော်၏ တည်ထောင်သူ တန်ခိုးရှင်သည် ထိုပြဿနာကို ဂရုပင်မစိုက်ခဲ့ချေ။
တုနတ်ဝိဇ္ဇာဂိုဏ်းကို တည်ထောင်သူ အတုမဲ့ တုအယ်သည်လည်း မျက်နှာလေးမျှ လာပြဖော်မရချေ။
သို့သော် အနောက်ကျောင်းတော်သည် တောင်ပင်လယ်တွင် ဖြစ်ခဲ့သည့်ကိစ္စကြောင့် တုနတ်ဝိဇ္ဇာဂိုဏ်းကို ပြဿနာလာရှာခဲ့လျှင် ရန်ကျောင်းတော်မှ ပညာရှင်များက သေချာပေါက် ကာကွယ်ပေးမည် ဖြစ်သည်။
ထိုအရာသည် တန်ခိုးရှင်များ အကြားမှ တိုက်ပွဲပင်။
“ ငါ ပိုင်ဖန်ခန်းမကိုသွားပြီး အရှင်ထိုက်စန့်လောင်ကျွင်းကို ထပ်ပြီး အရိုအသေပေးဦးမှပါ ”
သို့သော် ထိုသို့ဖြစ်ရခြင်းသည် အနောက်ကျောင်းတော်၏ အသုံးမကျမှုကြောင့်ပင် မဟုတ်ပါလား။
အနောက်ကျောင်းတော်မှ လူများသည် အမွှေးတိုင်ပူဇော်မှုရလို၍ သေချာကြံစည်ခဲ့သော်လည်း ခန္ဓာကိုယ်အစစ်ကိုပင် မပြသည့် ပင်လယ်စောင့်နတ်မင်းလေးကို မယှဉ်နိုင်ခဲ့၍သာ ဤပြဿနာဖြစ်ရခြင်းပင်။
လီချန်ရှို့သည် ခေါင်းမော့၍ သက်ပြင်းချလိုက်သည်။ ထို့နောက်သူသည် အနည်းငယ် စိတ်ရှုပ်နေ၏။
အကယ်၍ အနာဂတ်တွင် ပြဿနာများ ဖြစ်လာခဲ့လျှင် သူတစ်ခုသာ ပြောနိုင်၏။
“ မင်းတို့က တောင်ပင်လယ်က ပင်လယ်စောင့်နတ်မင်းကို တွေ့ချင်တာလေ..တုနတ်ဝိဇ္ဇာဂိုဏ်းက လီချန်ရှို့နဲ့ ဘာဆိုင်လို့လဲ ”
လီချန်ရှို့သည် မျက်စိမှိတ်၍ သူ၏ စိတ်ကို စက္ကူကိုယ်ပွားအတွင်းသို့ ပို့လိုက်၏။ ထို့နောက်သူသည် လင်းဟိုင်မြို့အတွင်းကို အာရုံခံလိုက်ပြီး လျင်မြန်စွာ ပြန်လာလိုက်သည်။
‘ ဆေးလုံးဖော်ပြီးလို့ အဲဒါကို ဝိညာည်ဆေးပင်တွေ၊ အဖိုးတန်ပစ္စည်းတွေနဲ့ လဲပြီးရင် တောင်ပေါ်မှာပဲ အနှစ်(၂၀)လောက် ဘယ်ကိုမှထပ်မထွက်ဘဲ ကျင့်ကြံနေတော့မယ် ’
‘ ပိုက်ဆံရှာတဲ့ ကိစ္စကို နောက်နည်းနည်းပို့ထားလိုက်မယ် ’
‘ အသက်ရှင်ဖို့က ပိုအရေးကြီးတယ်မလား ’
******
“ ငါ ဘယ်လိုလုပ် အဲဒီလိုလုပ်လို့ရမှာလဲ။ ငါ့မျက်နှာကို ပုံသေထားပြီးပြီပဲ… ”
ချီကျင့်ကြံသူများသည် ဝိညာဉ်အခြေတည်အဆင့်ကို ကျော်ဖြတ်ပြီးလျှင် မိမိ၏ရုပ်သွင်ကို ပြောင်းလဲ၍ရ၏။ ထို့ကြောင့် မျိုးဆက်သစ်များထဲမှ မိန်းကလေးအများစုသည် လှပကာ ယောက်ျားလေးအများစုသည် ခံ့ညားခြင်းဖြစ်၏။
ပို၍ ကျင့်ကြံခြင်းအဆင့်မြင့်လာလေ ရုပ်ရည်ကို အလိုရှိသလို ပြောင်းလဲ၍ရလာလေပင်။ သို့သော် ဂိုဏ်းအတွင်းရှိ တာအိုလက်တွဲဖော်များနှင့် အခြားတစ်ယောက်ကို မျက်စိကျနေသော ချီကျင့်ကြံသူများသည် သူတို့၏ ရုပ်သွင်ကို ပုံသေသာထားကြလေသည်။
ယောက်ျားလေးအများစုသည် သူတို့၏ ရုပ်သွင်ကို အသက်သုံးဆယ်အရွယ်အဖြစ် ထားကြ၏။ သူတို့သည် ခံ့ညား၍ ရင့်ကျက်သော မျက်နှာသွင်ပြင်ကို အများဆုံးထားကြသည်။
မိန်းကလေးများကား မတူပေ။ သူတို့ကိုယ်သူတို့ အလှဆုံးဟု ထင်သည့် အရွယ်ရှိ ရုပ်သွင်ကိုသာ ပုံသေထားကြလေသည်။
ဥပမာအားဖြင့် လင်းအယ်ကိုယ်တိုင်နှင့် ယုံချင်ရွှမ်းယာ၊ လျှိုယန်အာ၊ ဆရာဒေါ်လေးကျိုးကျိုးနှင့် အခြား သူ မရင်းနှီးသော အစ်မ၊ ညီမများသည် သူမတို့၏ ရုပ်သွင်ကို ပုံသေထား ထားပြီးဖြစ်သည်။ နောင်အနာဂတ်တွင်လည်း သူမတို့သည် ထိုရုပ်သွင်အတိုင်းသာရှိနေမည် ဖြစ်သည်။
ထို့ကြောင့် သူမတို့သည် သဘာဝအတိုင်း အသက်ကြီးသည့် ရုပ်သွင်ရှိလာမည် မဟုတ်ချေ။
လင်းအယ်သည် အစ်ကိုကြီး၏ နှလုံးသားကို ရရန် မလွယ်ကြောင်း သိထားသော်လည်း ထိုမျှခက်ခဲမည်မထင်ချေ။
“ ငါဘာလုပ်ရမလဲ ”
လင်းအယ်တစ်ယောက် သက်ပြင်းဖွဖွချလိုက်သည်။ သူမသည် သူမမြင်ခဲ့သော ပန်းချီကားကို ပြန်စဉ်းစားလိုက်ပြီး မည်သို့လုပ်ရမည်ကို စဉ်းစားနေ၏။
လျင်မြန်စွာပင် လင်းအယ်သည် ခပ်မတ်မတ်ထိုင်လိုက်ပြီး သူမတွင် ကျန်နေသေးသည် မျက်နှာချေမှုန့်များကို ယူလိုက်သည်။ သူမသည် လက်ဝဲလက်ဖြင့် မေးစေ့ကိုပွတ်နေလေ၏။ မျက်နှာထားသည်လည်း လေးလေးနက်နက် စဉ်းစားနေပုံပေါ်လေသည်။
သူမသည် ရှေးဦးစွာ မျက်နှာချေ၏ အကူအညီကိုယူရပေမည်။
‘ အစ်ကိုကြီးက ရင်ဖိုစရာလေးတွေကို ကြိုက်တော့ သူ့ရဲ့ ညီမလေးငါ ကလည်း အစွမ်းကုန်အားထုတ်ပေးရမှာပေါ့… ’
‘ ဒါမှ သူ့ရဲ့ ညီမဖြစ်ဖို့ ထိုက်တန်မှာ… ’
*****
ဤအခေါက် လင်းဟိုင်မြို့သို့ သွားသောခရီးတွင် အကျိုးအမြတ်များများ ရသည်ဟု လီချန်ရှို့တွေးလိုက်၏။ သူသည် ချမ်းသာအောင်လုပ်ရန် အစီအစဉ်ကို ခေတ္တနောက်ဆုတ်ထား၍ မန္တန်အစီအရင်ဆင်ရာတွင်လိုသည့် ပစ္စည်းများကို ရှာရာ၌သာ အာရုံစိုက်ပြီး ဝိညာဉ်ဆေးပင်များ၊ ရိုးရိုးဆေးပင်များ ရှာခြင်းကို လျှော့ချထားရပေမည်။
သူသည် နှစ်မျိုးစလုံးတွင် အကောင်းဆုံးအခြေအနေကို လိုချင်၍မရပေ။ ယခုအခြေအနေများအရ ချုံတောင်လေး၏ ကာကွယ်ရေးစနစ်သည် အဓိကဦးစားပေးဖြစ်သည်။ ဤအကြိမ်တွင် စက္ကူကိုယ်ပွားသည် လင်းဟိုင်မြို့မှ အောင်မြင်စွာ ခိုးထွက်နိုင်ခဲ့၏။ သူသည် အပြန်လမ်းတွင် ကွေ့ပတ်၍ ပြန်ခဲ့လေသည်။
သူ၏ ဆရာပုန်းအောင်းနေသော နေရာသို့ ပြန်ရောက်သောအခါ သစ်ငုတ်ကြီးသည် စည်းချက်မှန်မှန်ပင် ဟောက်နေလေ၏။
စက္ကူကိုယ်ပွားသည် အာရုံခံကျောက်တုံးကို ကြည့်လိုက်ရာ ထိုနေရာကို အာရုံခံနေသူ မရှိကြောင်းသိလိုက်ရသည်။ ထို့နောက် သူသည် ပတ်ဝန်းကျင်ကို သေချာထပ်လေ့လာလိုက်၏။ ထိုနေရာသည် လုံခြုံကြောင်း အတည်ပြုပြီးသွားသောအခါ စက္ကူကိုယ်ပွားသည် သစ်ငုတ်နားသို့ ပြန်သွားလိုက်သည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်ကို ယိမ်းနွဲ့လိုက်ပြီး ‘ သေးစေ၊ သေးစေ၊ သေးစေ ’ ဟု ရွတ်လိုက်၏။ ထို့နောက် ၎င်းသည် ၎င်း၏ မူလပုံဖြစ်သော စက္ကရုပ်အထူတစ်ခု အဖြစ်ပြန်ပြောင်းသွား၏။
စက္ကူရုပ်သည် ကျောတွင် ဖောင်းကားနေသော ကျောပိုးအိတ်တစ်ခုကို လွယ်ကာ လေးထောင့် သေတ္တာလေးကို ခေါင်းအထက်သို့ ကိုင်မြှောက်လိုက်သည်။ ၎င်းသည် သစ်ငုတ်ဆီသို့ ပြေး၍ ‘ ဟိုက်ယား ’ ဟုအော်ကာ သေတ္တာဖြင့် သစ်ငုတ်ကို ပစ်ပေါက်လိုက်၏။
“ အာ… ”
နှစ်ခြိုက်စွာ အိပ်ပျော်နေသော သစ်ငုတ်ကြီးသည် ရုတ်တရက် မီးခိုးလုံးများ အဖြစ်ပြောင်းသွား၏။ တာအိုရသေ့အိုကြီး ချီယွမ်သည် အကြောဆန့်လိုက်ပြီး မတ်တတ်ထရပ်ကာ သူ့ခြေထောက်ဘေးရှိ လေးထောင့်သေတ္တာလေးကို ကြည့်လိုက်သည်။
“ ဆရာ… ကျွန်တော် သေတ္တာထဲပြန်ဝင်ပြီးပါပြီ ”
“ မင်း အလုပ်တွေပြီးပြီလား ” ချီယွမ်သည် ပြုံး၍ မေးလိုက်၏။
သူသည် သေတ္တာကိုကောက်ယူကာ အင်္ကျီလက်အတွင်းသို့ ထည့်လိုက်ပြီး ဂိုဏ်းသို့ ပြန်သွားလိုက်လေတော့သည်။
လီချန်ရှို့၏ စိတ်သည် ခန္ဓာကိုယ်အစစ်အတွင်းသို့ ချက်ချင်း ပြန်ရောက်လာ၏။ သူသည် ဂိုဏ်းတွင် ဖြစ်ပျက်သွားခဲ့သည့် ကိစ္စများအကြောင်းကို သူ့ဆရာအား ပြောပြထား၏။
ထိုကိစ္စများဆိုသည်မှာ ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများ ဂိုဏ်းသို့လာရောက်ကာ တာအိုတရားဆွေးနွေးသောကိစ္စနှင့် သူနှင့် အောင်းရိ လက်ရည်စမ်းရကာ သူနိုင်သွားသည့် ကိစ္စတို့ကို ဆိုလိုခြင်းဖြစ်သည်။ ထိုအကြောင်းများကိုကြားသောအခါ ချီယွမ်သည် သူ မကြည့်လိုက်ရသည်ကို နောင်တရနေတော့၏။
“ ဆရာ…ကျွန်တော် နောက်ဆို ဆရာ့ကို ဂိုဏ်းအပြင်ကို မထွက်ခိုင်းတော့ပါဘူး… ”
လီချန်ရှို့ပြောလိုက်သည်။
“ ဆရာ ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ပြီး အပြင်မထွက်နဲ့တော့ပေါ့။ အဲဒီ ကျဲကျောင်းတော်က လူတွေနဲ့ တာအိုတရားဆွေးနွေးတဲ့ နေ့တုန်းက လက်ရည်စမ်းပွဲ သုံးပွဲတောင်ဖြစ်သွားတယ်။ သူတို့အကုန် ရှုံးသွားတာပါပဲ။ အဲဒါကြောင့် နောက်ဆက်တွဲ ပြဿနာတွေ ထပ်ပေါ်လာမှာကို ကျွန်တော်စိုးရိမ်နေတာ ”
ချီယွမ်သည် အဝေးရှိ ဂိုဏ်းဂိတ်တံခါးကိုကြည့်ကာ ခပ်ဖွဖွ ရေရွတ်လိုက်သည်။
“ ဘာပြဿနာ ရှိနိုင်မှာမို့လို့လဲ။ အဲဒီလိုကိစ္စလေးလောက်နဲ့ ကျဲကျောင်းတော်က ငါတို့ကို ရန်မရှာပါဘူး ”
လီချန်ရှို့ ပြန်ဖြေလိုက်သည်။
“ ကျဲကျောင်းတော်က ရန်ရှာမှာကို စိုးရိမ်တာ မဟုတ်ပါဘူး။ ဒီကိစ္စကို အသုံးချပြီး ကြားကနေ ပြဿနာမီးမွှေးမယ့် သူတွေရှိလာမှာကို စိုးရိမ်တာပါ။ အခုကို ကျဲကျောင်းတော်နဲ့ ချန်ကျောင်းတော်ကြားက ဆက်ဆံရေးက သိပ်မကောင်းဘူးမလား။ ဒီတော့ တွေးနေတဲ့သူတွေလည်း ရှိမှာပဲ… ”
“ ဘာကို တွေးတာလဲ… ”
“ သူတို့ရည်ရွယ်ချက်အောင်မြင်အောင် တခြားလူတွေကို အသုံးချဖို့ပေါ့ ”
ချီယွမ်သည် တုန်လှုပ်သွားပြီး မေးလိုက်သည်။
“ ချန်ရှို့ ဒီအကြောင်းကို ငါတို့ ဂိုဏ်းကို တင်ပြသင့်လား ”
လီချန်ရှို့သည် အသံတစ်ခု ပို့လွှတ်လိုက်၏။
“ ဆရာ… ကျွန်တော်တို့ကို ပစ်မှတ်ထားဖို့က လွယ်တယ်။ လုံခြုံမှုရှိအောင် အခုတော့ အခြေအနေတွေကို စောင့်ကြည့်နေသေးတာ အကောင်းဆုံးပဲ။ ပြီးတော့ ကျွန်တော်တောင် ဒီလိုတွေးမိရင် ဂိုဏ်းက တခြားအကြီးအကဲတွေလည်း သေချာပေါက် တွေးမိမှာပါပဲ ”
“ အဲဒါတော့ ဟုတ်တယ် ”
ချီယွမ်သည် ထိုအကြောင်းကို တွေးတောပြီးသောအခါ လီချန်ရှို့ပြောသည်မှာ သဘာဝကျကြောင်း သဘောပေါက်သွား၏။
ဆေးဖော်ဆောင်အတွင်း၌ တရားထိုင်နေသော လီချန်ရှိ့သည် သူ၏ ညီမလေး မန္တန်အစီအရင်အတွင်းသို့ ဝင်လာတော့မည်ကို အာရုံခံမိလိုက်သည်။
ထို့ကြောင့် သူသည် သူ၏ဆရာကို ပြောလိုက်၏။
“ ဆရာ… ဂိုဏ်းကို ပြန်ရောက်မှ ဒီအကြောင်းဆက်ပြောကြတာပေါ့။ ကျွန်တော့်ဆီမှာ ဆရာ့ကို တင်ပြစရာတစ်ခု ရှိသေးတယ် ”
ထိုသို့ပြောပြီးသောအခါ လီချန်ရှို့သည် ဆေးဖော်ဆောင် တစ်ဝိုက်ရှိ မန္တန်အစီအရင်များကို ပိတ်ကာ လင်းအယ်ကို ဝင်လာခိုင်းလိုက်သည်။
သို့သော် သူ့ဆရာ ဂိုဏ်းအတွင်းသို့ ဝင်လာသည့်အချိန်အထိ သူ၏ နတ်အာရုံကို သူ့ဆရာအပေါ်တွင်သာ ထား၍ အာရုံခံခဲ့၏။ သူ့ဆရာ ဂိုဏ်းအတွင်းသို့ ဝင်သွားသောအခါမှ သူစိတ်အေးသွားဟန် သက်ပြင်းချလိုက်လေသည်။
‘ ဆရာ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်တော့ အပြင်ကို တစ်ယောက်တည်းသွားဖို့က အန္တရာယ်များတယ် ’
လီချန်ရှို့သည် ထိုင်၍ အောင်းရိနှင့်အဖွဲ့၏ တာအိုတရားလာရောက် ဆွေးနွေးသည့်ကိစ္စကို အသုံးချကာ ပြဿနာမီးမွှေးမည့်သူများ ရှိနိုင်လေသလောဟု သေချာဆင်ခြင်သုံးသပ်နေလေသည်။
သူသည် လင်းဟိုင်မြို့အတွင်းမှ လူများသည် ထိုကိစ္စ ပြောနေသည်ကို ကြားခဲ့မိ၍ ထိုကိစ္စတွင် နောက်ဆက်တွဲပြဿနာများ ရှိနိုင်ကြောင်း သူတွေးမိခဲ့ခြင်းပင်။ သို့သော် ထိုလူများပြောနေသည်မှာ အရှင်ဝမ်ချင်း မည်မျှ တန်ခိုးအစွမ်းကြီးသည်ဆိုသည့်အကြောင်းသာ ဖြစ်သည်။ မြေကိုယ်ယောင်ဖျောက်အတတ်ကိုသုံး၍ ချောင်းမြောင်းတိုက်ခိုက်ခဲ့သော တပည့်ငယ်လေး၏ အကြောင်းကိုမူ မည်သူမှ မပြောကြပေ။
ထိုကြောင့် လီချန်ရှို့သည် အတော်ကျေနပ်နေ၏။
အနောက်ကျောင်းတော်သည် နတ်ဘုရားဘွဲ့စစ်ပွဲဖြစ်အောင် မီးမွှေးခဲ့ခြင်းဖြစ်သည်ဟု လီချန်ရှို့ အမြဲတွေးမိ ခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုစစ်ပွဲမှနေ၍ အနောက်ကျောင်းတော်သည် အကျိုးအမြတ်အများဆုံးရသွား၍ ဖြစ်သည်။ သူတို့သည် အခြားသူများကို နတ်ဘုရားဘွဲ့များ အပ်နှင်းလိုက်ပြီး ရတနာများကိုလည်းရရှိခဲ့ကာ သစ္စာခံတော်တော်များများကိုလည်း ရရှိခဲ့၏။
‘ တန်ခိုးရှင်သုံးပါး လမ်းခွဲလိုက်တဲ့အချိန်ကစပြီး ဖြစ်နေတဲ့ ကျောင်းတော်သုံးကျောင်းကြားက ပဋိပက္ခတွေက ပိုကြီးထွားလာပြီး ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်တာပဲ။ အဲဒါလည်း အနောက်ကျောင်းတော်က တန်ခိုးရှင်နှစ်ပါး ဂြိုလ်မွှေတာပဲ ထင်တယ် ’
‘ ဒီကိစ္စက… ’
“ အစ်ကိုကြီးရှင့် … ”
တံခါးအပြင်ဘက်မှ နေ၍ အသံချိုချိုလေးတစ်သံ ထွက်ပေါ်လာသည်။
သူ၏ ဆရာတူညီမလေးသည် ထိုအရာကို ထပ်လုပ်ပြန်ပေပြီ။ သူမသည် ထိုကဲ့သို့ အကျိုးမရှိသော ကိစ္စများကို တစ်ချက်တစ်ချက် ထလုပ်တတ်၏။
လီချန်ရှို့သည် အသံလာရာကို လှမ်းကြည့်လိုက်ရာ ရှည်လျား၍ အင်္ကျီလက်ပွယောင်းသော အင်္ကျီကြီးကို ဝတ်ဆင်ထားသော လင်းအယ်ကို တွေ့လိုက်ရလေသည်။ သူမသည် လက်ဝဲလက်ကို မြှောက်၍ မျက်နှာကို ကာထား၏။ သူမသည် ဆေးဖော်ဆောင်အတွင်းသို့ ဖြည်းဖြည်းချင်း ဝင်လာလေသည်။
“ ညီမလေး… အစ်ကို အရေးကြီးကိစ္စတွေကို စဉ်းစားနေတာ။ ညီမလေး ဘာကိစ္စရှိလို့လဲ ”
လီချန်ရှို့ ပြုံးလိုက်သည်။
“ ညီမလေးရဲ့ မျက်နှာကို အဆိပ်တစ်ရာပျားတွေက တုပ်သွားလို့လား ”
“ အစ်ကိုကြီး… အစ်ကိုကြီးက တော်တော် စိတ်တိုဖို့ ကောင်းတာပဲ ”
လင်းအယ်သည် သူ့ကို နူးညံ့စွာ ဆူပူလိုက်သည်။ ထို့နောက် မဖယ်ချင်ဖယ်ချင်ဖြင့် သူမ၏ မျက်နှာရှေ့မှ အင်္ကျီလက်ကို ဖယ်၍ သူမ၏ မျက်နှာကို ပြလိုက်လေ၏။
သူမသည် မျက်နှာချေများကို ထူပိန်းစွာလိမ်းကျံထား၏။ ထို့ပြင် စက္ကူစလေးများကို ကပ်ကာ အရေးအကြောင်းများအဖြစ် ပုံဖော်ထားပြီး မျက်နှာကို အသက်ကြီးသည့် ပုံပေါက်အောင် ပြင်ထားလေသည်။
လင်းအယ်သည် လီချန်ရှို့၏ အံ့အားသင့်နေသော မျက်နှာထားကို ကြည့်ကာ စိတ်ထဲမှ ကြိတ်၍ ပြုံးလိုက်သည်။ သူမသည် သူ့ကို ဦးညွှတ်လိုက်ပြီး အသံဩဩဖြင့် ပြောလိုက်၏။
“ နှုတ်ခွန်းဆက်ပါတယ်… ”
လီချန်ရှို့သည် တရားထိုင်ဖျာပေါ်တွင် ထိုင်ကာ ပါးစပ်အဟောင်းသား ဖြစ်နေပြီး ကျောက်ရုပ်ကြီးသဖွယ် မလှုပ်မယှက် ရှိနေလေတော့၏။
*****
ကုန်းမြေနှင့် လီတစ်ရာခန့်အကွာရှိ တောင်သမုဒ္ဒရာအတွင်းမှ လူသူကင်းရှင်းသည့် ကျွန်းတစ်ခုပေါ်တွင် တာအိုရသေ့သုံးပါးသည် ကျောက်တန်းတစ်ခုပေါ်၌ ဒူးထောက်နေကြကာ သူတို့၏ မျက်နှာများသည်လည်း စက္ကူကဲ့သို့ ဖြူဖပ်ဖြူရော်ရှိနေလေသည်။
ဝီ…
ခြင်သံများသည် လှိုင်းများအကြားမှ ပီပီသသထွက်လာလေသည်။ ထိုသုံးပါးသည် အတုမဲ့နတ်ဝိဇ္ဇာများဖြစ်သော်လည်း သူတို့၏ နဖူးမှနေ၍ ဇောချွေးများ အဆက်မပြတ်စီးကျနေလေသည်။
ထိုနေရာတွင် မန္တန်အစီအရင်တစ်ခု ရုတ်တရက်ပေါ်ပေါက်လာ၏။ မီးခိုးရောင်ချီဓာတ်များသည် အရပ်ဆယ်မျက်နှာလုံး ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မည်းသွားလေသည်။
ထိုသုံးပါး၏ ဘေးတွင် သွေးနီရောင် အလင်းတန်းများစုစည်းသွားပြီး သွေးနီရောင်ဝတ်ရုံဝတ်ဆင်ထားသော လူရိပ်တစ်ခုပေါ်လာ၏။ ထိုလူရိပ်သည် လှပသော်လည်း အတန်ငယ် ရက်စက်ပုံပေါ်သည့် အမျိုးသမီးတစ်ဦးပင်။ သူမသည် လွန်စွာလှပ၍ ကိုယ်လုံးကိုယ်ပေါက်သည်လည်း လွန်စွာပြေပြစ်လေသည်။ သူမသည် သွေးနီရောင်ဝတ်ရုံမှ လွဲ၍ အခြားမည်သည့် အရာမှ မဝတ်ဆင်ထားဘဲ ထိုသုံးပါးထံသို့ ခြေဗလာဖြင့် လျှောက်သွားလိုက်၏။
သူသည် သွယ်လျသော လက်ချောင်လေးများဖြင့် ထိုသုံးပါးထဲမှ တစ်ပါး၏ နဖူးကို ထိလိုက်လေသည်။ သူမ၏ ညှို့ဓာတ်ပြင်းသော မျက်နှာလေးတွင် သွေးရောင်များ လွှမ်းသွား၏။
လက်ချောင်းဖြင့်အထိခံလိုက်ရသော နတ်ဝိဇ္ဇာသည် အော်ပင်မအော်နိုင်လိုက်ဘဲ တမုဟုတ်ချင်း ပြာဖြစ်သွားကာ လေနှင့်အတူ ဝဲလွင့်သွားလေတော့သည်။
အမျိုးသမီးသည် နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ ရှည်လျား သွယ်လျသော လက်ချောင်းများကိုသာ အားရဟန်ဖြင့် ကြည့်နေလေ၏။ ထို့နောက် သူမသည် ဩသော်လည်း ရမ္မက်သံပါသည့် အသံဖြင့် ပြောလိုက်၏။
“ အရသာက တော်တော်ဆိုးတာပဲ ”
“ ငါက မင်းတို့ကို ပင်လယ်စောင့်နတ်မင်းရဲ့ ခန္ဓာကိုယ်အစစ်ကို တောင်သမုဒ္ဒရာထဲမှာ ရှာခိုင်းထားတာကို မင်းတို့က ဘာလို့ ဒီမှာလာဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းဆိုနေရတာလဲ။ ဘာလို့လဲ…ငါက ဗိုက်မစာရင် မင်းတို့ကို မစားလောက်ဘူးလို့ ထင်လို့လား… ”
ကျန်နေသော တာအိုရသေ့နှစ်ပါးသည် အလျင်အမြန် ဦးညွှတ်ထားလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည် တဆတ်ဆတ်တုန်နေကြပြီး အသက်ပင် မရှူဝံ့ကြချေ။