Switch Mode

အပိုင်း (၃၁၀)

ငါတိုင်းပေးမယ်

ဂူတုံးလျို၊ ရွှီယီနှင့် လျိုဖန်းတို့၏ မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“သူက တကယ်ပဲ ကျုပ် ညီငယ်လေးပဲ… သူ့မှာ ကျုပ် ဟန်ပန်တွေ ရှိတယ်…” လျိုဖန်းက ခေါင်းမော့လျက် ပြောသည်။

“အရှက်မရှိတာ…” ရွှီယီက သူ့အား ရွံရှာသော အကြည့်ဖြင့် ကြည့်သည်… “မင်းလား… တကယ်လို့ ညီငယ်လေးက မင်းတန်ခိုး အဆင့်မှာဆို မင်းကို တစ်ချက်တည်းနဲ့ အနိုင်ယူ သွားလိမ့်မယ်…”

လျိုဖန်းက ရွှီယီအား ကြည့်ကာ စိတ်မကောင်းစွာ ပြောသည်… “အစ်ကို… ဒီတစ်ခေါက် အစ်ကိုလေးကို အစ်မနှစ်က ညီငယ်လေးကြောင့် တောင်အောက်ကို ပေးဆင်းလိုက်တာပဲ… အစ်ကိုလေး တောင်ပေါ်ကို ရောက်ရင် အဲဒီမှာ စာအုပ်တွေ ကူးရေးပြီး တန်ခိုး ဆက်ကျင့်ပါ… ကျွန်တော်ကတော့ တောင်ပေါ်ကို မပြန်ခင် အရှေ့မြေရိုင်း ဒေသကို နည်းနည်း လျှောက်ကြည့် လိုက်ဦးမယ်…”

ရွှီယီက လျိုဖန်းကို မျက်လုံး ပြူးကျယ်လျက် ကြည့်သည်။

“သွားစို့…” ဂူတုံးလျိုက ခံစားချက် ကင်းမဲ့စွာ ပြောကာ နောက်လှည့် ထွက်ခွာ သွားသည်။

လျိုဖန်းက လျှောက်လာ နေရင်းက ပြောသည်… “အစ်ကိုသုံး … ကျွန်တော်တို့ ဒီလိုပဲ ထွက်သွားတော့ မလား…”

“ဒီက ကိစ္စတွေက ပြီးသွားပြီ … ညီငယ်လေးက အခု ငါတို့ကို မလိုအပ်တော့ဘူး… သူ ဒီမှာ လွတ်လွတ်လပ်လပ် နေပါစေ…” ဂူတုံးလျိုက ထိုနေရာမှ ထွက်ခွာ သွားသည်။ ရှေးဟောင်း လို့လန်မှ လူများက သူ့ကို စောင့်ရှောက် နေကြရာ ရီဖူရှင်း ဘာမှဖြစ်မည် မဟုတ်ပေ။ ထို့အပြင် အရှေ့မြေရိုင်း ဒေသမှ လူများကလည်း ရီဖူရှင်းကို ထိရဲကြမည် မဟုတ်ပေ။

ဂူတုံးလျို၊ ရွှီယီနှင့် လျိုဖန်းတို့ ထွက်ခွာ သွားကြသည်။ ရီဖူရှင်းက အဝေးကို ရောက်သွားသော ဂူတုံးလျိုတို့အား လှမ်းကြည့်သည်။ သူက သူတို့ထံ မသွားသလို ကျေးဇူး တင်ကြောင်းလည်း မပြောပေ။ သူ့အတွက်မူ ကော့တေးမှ လူများကား သူ၏ မိသားစုနှင့် မခြားပေ။

သို့သော်လည်း ယခုတွင်ကား သူ့နောက်တွင် ကျန်ရစ်ခဲ့သော သူများ အားလုံးက ပျော်ရွှင် နေကြသည်။ နယ်မြေတစ်ရာ ဒေသမှ ဧကရာဇ်များက တိုက်ပွဲကို လာရောက် ကြည့်ရှုခဲ့ကြသည်။ ဧကရာဇ်လျိုနှင့် သောက်စား ပျော်ပါးခဲ့ကြသော ဧကရာဇ်များက ပျော်ရွှင်သော အခြေအနေတွင် မရှိပေ။ ရီဖူရှင်းက သူတို့အား ထိုနေ့က မြင်ခဲ့ရာ စိတ်မသက်မသာ ဖြစ်ကြရသည်။ ယခု အခြေအနေကား ရှင်းလင်းသွားပြီ ဖြစ်သည်။ သူတို့တွင် ဘက်ပြောင်းရန် အခွင့်အရေး မရှိတော့ပေ။

ဧကရာဇ် အနည်းငယ်က ရီဖူရှင်းအနီးကို လျှောက်လာကာ ဦးညွှတ်လျက် ပြောသည်… “သခင်လေးရီ … ကျုပ်တို့က တောင်းပန်ဖို့ ရောက်လာတာပါ…”

ရီဖူရှင်းက သူတို့အား စိုက်ကြည့်သည်။ ချက်ချင်းပင် ထိုဧကရာဇ်များ အားလုံး တုန်ယင် သွားကြ၏။ ထိုမြင်ကွင်းကို ကြည့်ကာ နန်ဒူနိုင်ငံများ အားလုံးက သက်ပြင်း ခိုးချကြသည်။ ဧကရာဇ်များ ပင်လျှင် ရီဖူရှင်းရှေ့တွင် ကြောက်ရွံ့ ကြသည်။

“နောက်ပိုင်း ဧကရာဇ်ရီနဲ့ နန်ဒူ ဧကရာဇ်ဆီကို သွားပြီး ဆွေးနွေးကြ…” ရီဖူရှင်းက လက်ဝှေ့ယမ်းကာ ပြောသည်။ သူ့တွင် ထိုဧကရာဇ်များနှင့် ပြောဆိုနေရန် အချိန်မရှိပေ။ ထိုအချိန်က ယွန်ချူနိုင်ငံ ဧကရာဇ်နှင့် တခြား ဧကရာဇ်များက သူ့ထံ လာရောက် တောင်းပန်ကြရာ ရီဖူရှင်းက ခွင့်လွှတ် ပေးခဲ့သည်။ နောက်ပိုင်း လျိုဂျန်လန် ပြန်လာသည်နှင့် သူတို့က သစ္စာဖောက်ခဲ့ကြ၏။ ထို့ကြောင့် ရီဖူရှင်းက ထိုဧကရာဇ်များအား ဂရုမစိုက်တော့ပေ။

ထိုဧကရာဇ် များကလည်း သူ့ကို ယခင်က တစ်ခုမှ မလုပ်ဖူးကြပေ။ မဟုတ်လျှင် သူက ထိုလူများကို ခွင့်လွှတ်ပေးမည် မဟုတ်ပေ။

ရီဖူရှင်း၏ အေးစက်သော အကြည့်ကို မြင်လျှင် ဧကရာဇ်များက ခေါင်းညိတ်လျက် ပြောကြသည်… “ဟုတ်ကဲ့…” ထို့နောက် သူတို့က လေးစားစွာ နောက်ဆုတ် သွားကြသည်။ သူတို့အားလုံး စိတ်များ ထွေပြား နေကြသည်။ သူကား ထိုမျှ အသက် ငယ်ရွယ်သော ဓမ္မအဆင့် တန်ခိုးရှင်ဖြစ်ကာ သူ၏ အဆင့်အတန်းက ဧကရာဇ်များထက် ပင်လျှင် မြင့်မားနေသည်။ နိုဘယ်များစွာက သူ့စကားကို နားထောင် ကြရသည်။

ဧကရာဇ်ရီ၊ ရီဝူချင်းနှင့် လျိုဖေးယွန်တို့ အားလုံးက ရီဖူရှင်းထံ လျှောက်လာ ကြသည်။

“ဦးလေးရီ…”

“ဒီကိစ္စတွေကို ဖြေရှင်းဖို့ ငါ အကူအညီ လိုမလား…” ဧကရာဇ်ရီက ပြောသည်။

“ဒီလိုဆိုရင် ကောင်းတာပေါ့…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ဧကရာဇ်ရီကား ဧကရာဇ် ဖြစ်သည်မှာ ကြာပြီဖြစ်ရာ လက်ရှိ ကိစ္စရပ်များအား လွယ်ကူစွာ ဖြေရှင်း နိုင်ပေမည်။ တစ်ချိန်တည်းတွင် သူက နန်ဒူနန်ဝန်ရှန်းအား နိုင်ငံရေးရာများအား သင်ကြား ပေးနိုင်ပေ သေးသည်။

“မင်း ဘယ်တော့ ပြန်မလဲ…” လျိုဖေးယွန်က မေးသည်။

“ဒီက ကိစ္စတွေ အားလုံး ဖြေရှင်းပြီးတဲ့အခါ…” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ … အခု မင်းကို စွမ်းအားမြင့် တန်ခိုးရှင်တွေကို ပိုင်ဆိုင်ထားပြီ… ငါက ဒီမှာ ခဏနေပြီးတော့ အရှေ့မြေရိုင်း ဒေသကို အရင် ပြန်နှင့်မယ်…” လျိုဖေးယွန်က ပြုံးလျက် ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ နန်းတော်အား ကြည့်သည်။ ထို့နောက် သူက ထိုနေရာသို့ လျှောက်သွား လိုက်သည်။

သူက နန်းတော်အား ကောင်းမွန်စွာ စီစဉ်ပေးရန် လိုနေသေးသည်။

ရီဖူရှင်းက နန်းတော် အထဲမှ အဆောင်ငယ်လေး တစ်ခုထံကို ရောက်သွားသည်။ ထိုနေရာတွင်ကား ဝန်ကြီးချုပ်ကျို ရှိသည်။

“နောက်ဆုံးတော့ မင်း ရောက်လာပြီ…” ဝန်ကြီးချုပ်ကျိုက ရီဖူရှင်းအား ကြည့်သည်။ သူက မတ်တတ်ရပ်ကာ ပြောသည်… “ထိုင်ပါ…”

“ဝန်ကြီးချုပ်ကျို… ကျွန်တော့်ကို ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး…” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ…” ဝန်ကြီးချုပ်ကျိုက ခေါင်းညိတ်သည်… “မင်း ငါ့ကို အပြစ်တင်လား…”

ထိုအချိန်က သူက ရီဖူရှင်းအား လွန်မင်းစွာ အရေးပေးကာ ဝန်ကြီးချုပ် အမိန့်ပြားကို ပင်လျှင် ပေးအပ်ခဲ့သည်။ ထို့ကြောင့်ပင်လျှင် နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာရ၏။

“နောက်ဆုံး အကြိမ်က ကျွန်တော်က မင်းသမီးကို တွေ့တဲ့အချိန်က ဝန်ကြီးချုပ်ကို ကျွန်တော်က အပြစ် မတင်တဲ့အကြောင်း ပြောခဲ့ပါတယ်….” ရီဖူရှင်းက ခေါင်းယမ်းသည်…. “ဝန်ကြီးချုပ်…. ကျွန်တော်နဲ့အတူ အရှေ့မြေရိုင်း ဒေသကို လိုက်ခဲ့မလား…..”

ဝန်ကြီးချုပ်ကျိုက ခေါင်းယမ်းသည်… “ငါက အဲဒီနေရာနဲ့ မသက်ဆိုင်ဘူး… ငါက  နက္ခတ်ဗေဒ ပညာရှင် ဖြစ်ပေမဲ့ ဒီစွမ်းရည်ကို ဖုံးကွယ်ထားဖို့ လိုတယ် … မဟုတ်ရင် ငါက စောစော သေနိုင်တယ်…. ငါ နန်ဒူမှာပဲ ဆက်နေမယ်….”

“ကောင်းပါပြီ ဝန်ကြီးချုပ်… ဒါဆို ဝန်ကြီးချုပ်က ကျွန်တော့်ဦးလေးကို ဆက်ပြီး ကူညီပေးပါဦး….” ရီဖူရှင်းက ပြောသည်။ ဝန်ကြီးချုပ်ကျိုကား ယခင်ကတည်းက နန်းတော်အတွင်း သြဇာ လွှမ်းမိုးနိုင်သော ဝန်ကြီး တစ်ပါး ဖြစ်ပြီး နန်ဒူနိုင်ငံ၏ အရာရှိ အရာခံများ အများစုက သူ ခန့်အပ်ထားခြင်း ဖြစ်သည်။ သူက နန်ဒူနိုင်ငံအား စီမံအုပ်ချုပ်ရာတွင် လွန်စွာ အကူအညီ ဖြစ်ပေမည်။

“အင်း… ငါ ကူညီပေးရမှာပေါ့…” ဝန်ကြီးချုပ်ကျိုက ခေါင်းညိတ်သည်။ ရီဖူရှင်းက လက်နှစ်ဖက်အား ဆုပ်ကိုင်ကာ ပြောသည်… “ကျေးဇူးတင်ပါတယ်… ဝန်ကြီးချုပ်…”

ဝန်ကြီးချုပ်ကျိုက သူ့ရှေ့မှ လူငယ်လေးအား ကြည့်သည်။ ဖြစ်ကောင်း ဖြစ်နိုင်သည်မှာ သူကိုယ်တိုင် ပင်လျှင် ဤလူငယ်လေး၏ အနာဂတ်ကို မသိနိုင် ဟူ၏။

နန်ဒူနိုင်ငံက အကြီးအကျယ် ပြောင်းလဲမှုများ ဖြစ်သွားသည်။ နန်ဒူ နန်းမြို့တော်၏ စားသောက်ဆိုင်များ၊ တည်းခိုခန်းများနှင့် လူစည်ကားရာ နေရာများတွင်ကား ရီဖူရှင်း၏ နာမည်က လျင်မြန်စွာ ပျံ့နှံ့နေသည်။ သို့သော်လည်း ထိုလူများက ရီဖူရှင်း အကြောင်းကို ပြောဆို နေကြသော အချိန်တွင် သူနှင့် ဟွာဂျီယူတို့က ထိုနေရာမှ တိတ်တဆိတ် ထွက်ခွာသွားပြီး ဖြစ်သည်။ သူ၏ ဆရာ၊ ဆရာကတော်နှင့် ယူချင်းတို့ပင်လျှင် ရီဖူရှင်း ထွက်သွားသည်ကို မသိကြပေ။ မှန်ပေသည်… လို့လန် ငွေသက်တော်စောင့်များက သူ့နောက်မှ တိတ်တဆိတ် လိုက်ပါ စောင့်ရှောက် နေကြပေသည်။

***

အရှေ့ပင်လယ်ကား လွန်စွာ ကျယ်ပြောသည်။ လှေများ သင်္ဘောများ တစ်ခါတစ်ရံ တွေ့ရတတ်သည်။ ပင်လယ်ကြီးထဲတွင် သူတို့အား လွန်စွာ သေးငယ်သော တည်ရှိမှုများ အဖြစ်သာ မြင်ရသည်။ သူတို့အတွက် ပင်လယ်ကြီး၏ ကျယ်ပြောမှုက အထီးကျန်ဆန်မှုကို ခံစားရစေသည်။

ထိုအခိုက်တွင် အရှေ့ပင်လယ်၏ ကောင်းကင်ထက်၌ သတ္တဝါဆန်း တစ်ကောင်က အတောင်ပံများကို ခတ်လျက် ပျံသန်းနေသည်။ မနက်ခင်း၏ ရောင်ခြည်ဦးအား စတင် မြင်နေရပြီ ဖြစ်သည်။ မိုးကုပ်စက်ဝိုင်းပေါ်မှ အနီရဲရဲ အလင်းများက အရှေ့ပင်လယ်၏ ရေပြင်အား လာရောက် ထင်ဟပ်နေလေပြီ။ အရှေ့ပင်လယ် ကလည်း ရွှေရောင်များ ဝင်းလက်နေပြီ။

“ဘယ်လောက် လှလိုက်တဲ့ မနက်ခင်းလဲ…” သတ္တဝါဆန်း၏ ကျောပေါ်တွင် မိန်းမပျို တစ်ယောက်က သူမ၏ ခြေထောက်အား ကွေးညွှတ်လျက် အေးအေး သက်သာ ထိုင်နေသည်။ မနက်ခင်း နေရောင် အောက်တွင် သူမကား နတ်သမီးတစ်ပါးလို ထင်မြင်မိစေနိုင်ပြီး သူမအား မြင်သူမှန်သမျှက မကောင်းသော အတွေးများပင် မထားရှိ စေလောက်အောင် သန့်စင် လင်းလက်မှုကို ပေးသည်။ သို့သော်လည်း ရုတ်တရက် လက်အစုံက သူမ၏ သေးသွယ်သော ပခုံးလေးအား လာရောက် ရစ်ပတ်သည်။ တစ်ယောက်ယောက်က ထိုမြင်ကွင်းကို မြင်လျှင် ထိုလူက မနာလို ဝန်တိုစိတ်ဖြင့် သေသွားလောက် ပေမည်။

“ဒါက တကယ်ပဲ လှတယ်… ဒါပေမဲ့ မင်းလောက်တော့ မလှဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ဟွာဂျီယူက သူ့အား ရွှန်းလဲ့စွာ ကြည့်သည်။

“ငါတို့ ရောက်တော့မလား…” ဟွာဂျီယူက ညင်သာစွာ ပြောသည်။

“အင်း … ငါတို့ မကြာခင် ရောက်တော့မယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ နေလုံးကြီးက ကောင်းကင်သို့ တဖြည်းဖြည်း မြင့်တက်လာရာ သူ၏ တောက်ပသော အလင်းက ပင်လယ်ရေကို ငွေကြယ်ရောင် အလင်းများ တလက်လက် ထစေသည်။

အဝေးတွင်ကား သေးငယ်သော ကျွန်းစုလေးကို ရေးရေးမျှ မြင်ကြရသည်။ ထိုနေရာကား ချင်းကျူမြို့ ဖြစ်သည်။ ထိုနေရာက ရီဖူရှင်း၏ မွေးရပ်မြေလည်း ဖြစ်ကာ သူတို့နှစ်ယောက် တွေ့ဆုံ ချစ်ကြိုက်ခဲ့သော နေရာလည်း ဖြစ်သည်။ ယခု ကန်ယီမှ ပြဿနာများ အားလုံး ပြေလည်သွားပြီး ဖြစ်ရာ သူတို့နှစ်ယောက်က ချင်းကျူမြို့ကို တစ်ခါလောက် သွားကြည့် လိုကြသည်။ ရီဖူရှင်းကလည်း သူ၏ အဖေကများ ပြန်ရောက် လာမလား သိလိုသည်။

သိမ်းငှက်နက်က အရှိန်မြှင့်ကာ သူတို့အား အရှေ့ပင်လယ်ကို ဖြတ်ကျော်လျက် သူတို့ကို ခေါ်ဆောင် သွားသည်။ သူတို့က ကမ်းခြေကို ရောက်လျှင် ရပ်နားခြင်း မရှိဘဲ မြို့ထဲသို့ တိုက်ခိုက် သွားရောက် ကြသည်။

ကျွန်းမြို့ကလေးကား ယခင်ကကဲ့သို့ တိတ်ဆိတ် အေးချမ်းနေသည်။ နေ့တိုင်း သူ့တွင် ကိုယ်ပိုင် ပုံပြင်များ ရှိသည်။ ထိုနှစ်က သားရဲအုပ်များ ဝင်ရောက်ပြီးနောက် မြို့ငယ်လေးက သူ၏ အသက်ဓာတ်များ ပြန်လည် အားပြည့် လာပုံရသည်။ ရီအိမ်တော်မှာလည်း ပြန်လည် ပြုပြင် တည်ဆောက် ထားသည်ကို အံ့သြဖွယ်ရာ တွေ့ရ၏။

ရီဖူရှင်းက ရီအိမ်တော်ရှေ့ကို ရောက်လျှင် သူ့မျက်နှာတွင် ထူးဆန်းသော အမူအရာကို တွေ့ရ၏။ သူ၏ အဖေကများ ပြန်ရောက် နေပြီလား။

သိမ်းငှက်နက်က အိမ်ရှေ့တွင် ရပ်နားလိုက်သည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့က အိမ်တော်၏ ဂိတ်တံခါးသို့ လျှောက်လာလျှင် အစောင့်က လူငယ် နှစ်ယောက်ကို အံ့အားသင့်စွာ ကြည့်သည်။ သူတို့ နှစ်ယောက်၏ ရုပ်ရည်ကား လွန်စွာ ချောမောကြကာ ထူးခြား ဆန်းကြယ်သော ကိုယ်ရောင် ကိုယ်ဝါများကို ပိုင်ဆိုင်ကြသည်။ သိသာစွာပင် သူတို့ နှစ်ယောက်ကား သာမန်လူများ မဟုတ်ပေ။ ထို့အပြင် သူတို့နောက်မှ သိမ်းငှက်နက်၏ ထက်ရှသော အကြည့်က ထိုသတ္တဝါဆန်းက လွန်စွာ အားကောင်းသည်ဟု ခံစားကြရသည်။

“သခင်လေးနဲ့ သခင်မလေး… ဘယ်သူ့ကို ရှာနေပါသလဲ…” အစောင့်က ယဉ်ကျေးစွာ မေးသည်။

“ရီအိမ်တော်က လူတွေ ပြန်လာပြီလား…” ရီဖူရှင်းက မေးသည်။

“သခင်လေးက ရီဘေချွန်တို့ မိသားစုကို ပြောတာ ဟုတ်တယ်မလား … သူတို့က ပျောက်နေတာ နှစ်တော်တော် ကြာသွားပြီ… ကျုပ်ဆရာက ဒီနေရာကို ပြန်လည် တည်ဆောက်ခဲ့တယ်…” အစောင့်က ပြောသည်။

“ဖန်းအိမ်တော်…” ရီဖူရှင်းက မေးသည်။

“ဟုတ်ကဲ့ … သခင်လေးက ကျုပ် သခင်ကြီးကို သိတာလား… အထဲက လူတွေကို ကျုပ်က အသိပေး ပေးရမလား…” အစောင့်က ပြောသည်။

“ဦးလေးဖန်း … အထဲမှာ ရှိလား…” ရီဖူရှင်းက မေးသည်။

“မရှိဘူး … သခင်မလေး ရှိတယ်…” အစောင့်က ပြောသည်။

“ဒါဆိုလည်း ထားလိုက်တော့…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ သူက ဟွာဂျီယူ၏ လက်ကို ကိုင်ဆွဲကာ နောက်လှည့် လိုက်သည်။

“နင် သူမကို မတွေ့ချင်ဘူးလား…” ဟွာဂျီယူက ပြုံးလျက် ပြောသည်။

ရီဖူရှင်းက သူမ၏လက်အား အသာအယာ ထုလိုက်သည်။ မြေခွေးမက သူ့ကို အမှန်တကယ် ကျီစယ်နေသည်။

“နင် ဒီလိုပဲ ထွက်သွားတော့ မလို့လား…” နောက်မှ အသံတစ်သံ ထွက်လာသည်။ ရီဖူရှင်းက နောက်လှည့်ကြည့်လျှင် ဆွဲဆောင်မှု ရှိသော မိန်းကလေး တစ်ယောက်အား တွေ့ရသည်။ ဖန်းရှင်းဇွီကား သည်နှစ်တွင် အသက် ဆယ့်ကိုး ပြည့်မည် ဖြစ်သည်။ သူမက ထိုနေရာတွင် ရပ်နေလျှင် ရှည်သော အရပ်နှင့် ဖွံ့ထွားသော ခန္ဓာက လွန်စွာ လိုက်ဖက်လှသည်။ ရီဖူရှင်းက သူမအား ပြုံးလျက် ကြည့်ကာ ပြောသည်… “ရှင်းဇွီ … မင်းက ပိုပြီး အရပ် ရှည်လာတယ်…”

ဖူရှင်းဇွီက ရီဖူရှင်းနှင့် ဟွာဂျီယူကို ကြည့်သည်။ ရီဖူရှင်းက ယခင်ကထက် ချောမော ခန့်ညား လာသလို ဟွာဂျီယူမှာလည်း ပိုမို ချောမော လှပလာသည်။

“ဒါဆို ငါက ပိုမလှ လာဘူးလား…” ဖန်းရှင်းဇွီက ပြုံးလျက် ပြောသည်။ အတိတ်ကနှင့် မတူတော့ဘဲ သူမက ခံစားချက်များကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

“အင်း … ပိုလှလာတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

ဖန်းရှင်းဇွီက မေးသည်…“ နင်က ဒွန်ဟိုင် ကျောင်းတော်မှာ တက်နေတုန်းလား…”

“ဟင့်အင်း…” ရီဖူရှင်းက ခေါင်းယမ်းသည်။ နောက်ဆုံးအကြိမ် သူက ဝန်ကြီးချုပ်ကျိုနှင့် အတူ ရောက်လာခဲ့ကာ ထိုအချိန်ကကား ဒွန်ဟိုင် ကျောင်းသား အနေဖြင့် ဖြစ်သည်။

“ဒါဆို နင် ဘယ်မှာ လေ့ကျင့်နေတာလဲ… နောက်တစ်ခေါက် ငါက အခွင့်အရေးရရင် နင့်ကို လာရှာမယ်…” ဖန်းရှင်းဇွီက ပြုံးလျက် ပြောသည်။

“သေချာတာပေါ့… ငါက အရှေ့မြေရိုင်း ဒေသက ကျောင်းတော်ရဲ့ ကော့တေးမှာ လေ့ကျင့်နေတယ်…” ရီဖူရှင်းက ပြန်ပြောသည်။ ဟွာဂျီယူက တိတ်တခိုး သက်ပြင်းချသည်။ သူမက ဖန်းရှင်းဇွီ၏ မျက်လုံးထဲမှ ခံစားချက် တချို့ကို မြင်ရသည်။ သို့သော်လည်း သူမက ကော့တေးက ဘာကို ဆိုလိုသည်ကို မသိပေ။

“ငါ မှတ်ထားမယ်…” ဖန်းရှင်းဇွီက ခေါင်းညိတ်သည်။ ထိုအခိုက်တွင် ထိုနေရာက သူမက တစ်ခါမှ သွားခွင့်ရမည့် နေရာ မဟုတ်ကြောင်း မသိခဲ့ပေ။ နောက်ရက် အနည်းငယ် ကြာလျှင် ဒွန်ဟိုင်မြို့မှ သတင်းများက ချင်းကျူမြို့ကို ရောက်လာ နိုင်ပေသည်။ ထိုအချိန် ထိုသတင်းများအား ကြားသိပြီးနောက် သူမ မည်သို့ ခံစားရမည်ကို ခန့်မှန်း၍ ရပေသည်။

“ငါ သွားတော့မယ်…” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ…” ဖန်းရှင်းဇွီက ခေါင်းညိတ်သည်။

“ဦးလေးဖန်းကို နှုတ်ဆက်တယ် ပြောပေး…” ရီဖူရှင်းက လက်ဝှေ့ယမ်းကာ ပြောသည်။ ထို့နောက် သူက ဟွာဂျီယူ၏ လက်ကို ကိုင်ဆွဲကာ သိမ်းငှက်နက်ပေါ်သို့ တက်သွားသည်။ သိမ်းငှက်နက်က အတောင်ပံ ဖြန့်လျက် အဝေးကို လျင်မြန်စွာ ပျံသန်း သွားသည်။ ဖန်းရှင်းဇွီကား ထိုနေရာတွင် ရပ်ကာ အဝေးကို ပျောက်ကွယ် သွားသော ပုံရိပ်အား ငေးကြည့်နေဆဲ ဖြစ်သည်။ ပြန်လည် တွေ့ဆုံခြင်းကား လွန်စွာ ရိုးရှင်း လှသော်လည်း သူမအတွက် နာကျင်မှု၊ ဝမ်းနည်းမှုကိုသာ ပေးသည်။

ကောင်းကင်၌ သိမ်းငှက်နက်ပေါ်တွင် ထိုင်လျက်က ဟွာဂျီယူက မေးသည်… “နင် သူမကို သတိရလား…”

ဟွာဂျီယူ၏ မချိုမချဉ် မျက်နှာပေးကို မြင်လျှင် ရီဖူရှင်းက ပြုံးလျက် ခေါင်းညိတ်သည်… “သေချာတာပေါ့… သူမရဲ့ ခန္ဓာကိုယ် အချိုးအစားက နောက်ဆုံး တစ်ကြိမ်ကထက် ပိုကြည့်ကောင်း လာတယ်… သူမရဲ့ ခြေထောက်က ဘယ်လောက် ရှည်လာလဲ မင်း သတိထားမိလား…”

ဟွာဂျီယူ၏ မျက်လုံးက ဝိုင်းစက်သွားသည်။ ထို့နောက် သူမက ထိုင်နေရာမှ ခြေထောက်များအား ဆန့်ထုတ်လိုက်သည်။ သွယ်လျသော ခြေထောက်အစုံက ရီဖူရှင်း၏ မျက်လုံးအောက်ကို အတိုင်းသား ရောက်လာသည်။

ရီဖူရှင်း၏ မျက်လုံးက အရောင်လက် သွားကာ ပြောသည်… “မြေခွေးမ… ငါ ကူတိုင်းပေးမယ်…”

သူက ထိုသို့ပြောပြီး သူ၏ လက်များအား ဟွာဂျီယူ၏ ခြေထောက်ပေါ်တွင် တင်လိုက်သည်။ နူးညံ့သော ခြေထောက်များ၏ အထိအတွေ့က လွန်စွာ ကောင်းမွန်လှသည်။

“သွားစမ်းပါ…” ဟွာဂျီယူက သူ့အား အသာအယာ ကန်ကာ သူမ၏ ခြေထောက်အား တစ်ဖက်ကို လျင်မြန်စွာ ရွေ့လျားလိုက်သည်။ သူမ၏ မျက်နှာကလည်း တစ်မုဟုတ်ချင်း နီရဲသွား၏။

***


Comment

Leave a Reply

Options

not work with dark mode
Reset