အပိုင်း (၃၀၉)

ပြီးဆုံးခြင်း

မရေမတွက်နိုင်သော လူများက နန်းတော် အပြင်ဘက်တွင် စုစည်း နေကြသော်လည်း ထိုအခိုက်တွင်ကား ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေသည်။

ယနေ့ နန်ဒူနန်းတော်၏ ကောင်းကင်၌ မင်းသား လျိုဂျန်လန်က ရီဖူရှင်းနှင့် တိုက်ခိုက်ခဲ့ကာ အသတ်ခံရသည်။

ထိုအခိုက်တွင် နန်ဒူနိုင်ငံမှ လူများက လျိုဂျန်လန်က တော်ဝင် ချန်ကျောင်းတော်၏ တပည့် ဖြစ်လာသည့် အချိန်ကို ပြန်လည် သတိရမိကြသည်။ ထိုစဉ်က သူကား လွန်စွာ ထွန်းလင်း တောက်ပခဲ့ကာ ဧကရာဇ် များစွာက သူ့အား ဂုဏ်ပြုရန် ရောက်လာခဲ့ကြသည်။

ယနေ့ နန်ဒူနိုင်ငံ၏ နာမည်ကျော် အိမ်ရှေ့စံ မင်းသားကား နောက်တစ်ယောက် ကျော်ကြားရန် လှေကားထစ် တစ်ခုသာ ဖြစ်ခဲ့သည်။ သူကား ဒွန်ဟိုင်မြို့မှ လာသော ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်ကာ လျိုဂျန်လန်နှင့် ဧကရာဇ်လျိုတို့ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ဖြစ်သည်။ သူ ပြန်လာသောအခါ နိုဘယ် အများအပြားက သူ့အား သားတော်ဟု ခေါ်ကာ သူ့အမိန့်ကို နာခံကြသည်။ သူ၏ ဂိုဏ်းတူအစ်ကိုများ သူ့ဘေးတွင် ရှိနေသောအခါ အရှေ့မြေရိုင်း ဒေသမှ ထိပ်သီး အင်အားစုများက သူ့ကို မထိရဲကြပေ။ သူက ဓမ္မအဆင့်မျှသာ ရှိသေးသော်လည်း အဆင့်ကျော်ကာ  လျိုဂျန်လန်ကို သတ်ခဲ့သည်။

“နန်ဒူနိုင်ငံတော့ သွားပြီ…” လူတိုင်း ထိုသို့ တွေးမိကြသည်။ နန်ဒူနိုင်ငံ၏ အုပ်ချုပ်သူက ပြောင်းလဲ တော့မည်မှာ သေချာသည်။ ဧကရာဇ်လျိုကား အစွမ်းဖျက်ဆီး ခံရကာ လျိုဂျန်လန်ကား အသတ်ခံရသည်။ လျိုမိသားစု၏ ကံကြမ္မာက လုံးဝ ပြောင်းလဲ သွားတော့မည် ဖြစ်သည်။

နန်ဒူနိုင်ငံမှ လူများက ဒွန်ဟိုင်မြို့မှ လာသော ထိုလူငယ်လေးကို ကြည့်ကြသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က သူက ဧကရာဇ်၏ အမိန့်ကို လွန်ဆန်၍ နန်ဒူနိုင်ငံမှ ထွက်ပြေးခဲ့သည်။ သူ၏ ပါရမီကား မြင့်မားလွန်းရကား အရှေ့မြေရိုင်း ဒေသတွင်ပင် အဆင့်တူအတွင်း သူ့ကို ယှဉ်နိုင်သည့်လူ မရှိပေ။ သူတိုက်ခိုက်လျှင် ထူးခြားစွာ ဧကရာဇ် အရှိန်အဝါကို ထုတ်လွှတ်သော လူငယ်လေးကား မွေးရာပါ ထူးခြား ဆန်းကြယ်သူ ဖြစ်သည်။

ဧကရာဇ်လျိုကား တုန်ယင်သွားကာ သူ၏ မျက်လုံးကလည်း မျှော်လင့်ချက် ကင်းမဲ့သွားသော ပုံစံဖြစ်သွားသည်။ သူ၏သား လျိုဂျန်လန်ကား ပါရမီရှင်ဖြစ်ကာ မွေးကတည်းက သက်စောင့်ဝိညာဉ် နှစ်ခုပါသည်။ အမှန်တကယ် အားဖြင့် သူ၏ ပါရမီက ခြွင်းချက်မဲ့ ဖြစ်သည်။ နယ်မြေတစ်ရာ ဒေသတွင် လျိုဂျန်လန်အား ယှဉ်နိုင်သူ မည်သူ ရှိသနည်း။ သို့သော်လည်း ကံကြမ္မာကား ရက်စက်လှသည်။ လျိုဂျန်လန်က ထိုမျှ ပါရမီပါမှတော့ ဒွန်ဟိုင်မြို့တွင် အဘယ်ကြောင့် ထိုလူငယ်လေး ပေါ်ပေါက် လာရသနည်း။

သူ၏ စိတ်ကား လွန်စွာ နောင်တ ရနေသည်။

အရာအားလုံး ပြန်စခွင့် ရမည်ဆိုလျှင် ထိုစဉ်က ဒွန်ဟိုင်မြို့ကို ကိုယ်တိုင် သွားရောက်ကာ ရီဖူရှင်းအား သတ်မည် ဖြစ်သည်။ သို့သော်လည်း ယခုတွင်ကား နောင်တ တစ်ခုသာ ကျန်သည်။ သူက အပြောင်းအလဲ တစ်ခုမှ မလုပ်နိုင်သည်ကို နောင်တရသည်။

ထိုအခိုက်တွင် သူက အတိတ်မှ အကြောင်းအရာ များအား ပြန်လည် အမှတ်ရလာသည်။ ထိုစဉ်က သူက နန်ဒူ ဧကရာဇ်အား အကွက်ချ ကြံစည်ကာ လုပ်ကြံခဲ့သည်။ ထို့နောက် နိုဘယ် ကံစွမ်းအားကို ခိုးယူကာ နိုဘယ်အဆင့်အား တက်လှမ်းနိုင်ခဲ့သည်။ ထို့နောက် နန်ဒူ၏ ဧကရာဇ် ဖြစ်လာခဲ့သည်။ သူက ကောင်းကင်ဘုံ၏ အလိုကို ဆန့်ကျင်၍ သူ၏ ကံကြမ္မာအား ပြောင်းလဲနိုင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် အရာအားလုံးကို ဆုံးရှုံးခဲ့ရသည်သာ ဖြစ်သည်။ လေထဲတွင် ဝင့်ကြွားစွာ ရပ်နေသော လူငယ်နှင့် ယှဉ်လျှင်ကား သူ၏ လက်ရှိ အခြေအနေက လွန်စွာ သနားစဖွယ် ကောင်းလှသည်။ ဧကရာဇ် တစ်ပါးကား အမှန်တကယ် အားဖြင့် ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်ပေသည်။

ဧကရာဇ်လျို၏ မျက်လုံးထောင့်စွန်းမှ မျက်ရည်စများ အမှန်တကယ် ထွက်ပေါ်လာသည်။ ထိုအရာက သူက လုံလောက်အောင် အားမရှိသောကြောင့် မဟုတ်ဘဲ လောကကြီးက မတရားကာ လူတိုင်း၏ ကံကြမ္မာက ခန့်မှန်း၍ မရသောကြောင့် ဖြစ်သည်။ သူကား လက်ရှိနေရာကို ရောက်ရန် ပေးဆပ်မှုများစွာ ပြုလုပ်ခဲ့ရသည်။ သို့သော် သူ၏ ပါရမီ အမြင့်ဆုံး သားကား သေဆုံးသွားကာ သူကလည်း အစွမ်းမရှိသော အခြေအနေကို ရောက်ခဲ့ကာ သေမည့် အချိန်ကို စောင့်ဆိုင်း နေရသည်။ သူ၏ ဘဝတစ်ခုလုံးကို ပြန်တွေးမိလျှင် အမှန်တရားအား လက်မခံနိုင်ပေ။

တော်ဝင် ချန်ကျောင်းတော်မှ ဟာယွီလူက လက်များအား တင်းကျပ်စွာ ဆုပ်ကိုင်လျက် မျက်နှာက သုန်မှုန်သွားသည်။ သူကား လျိုဂျန်လန်၏ သေဆုံးခြင်းကို စိတ်မပူပေ။ သူ၏ သမီး ဟာစီရိုက မသေမီ လျိုဂျန်လန်အား အခွင့်အရေး ပေးရန် တောင်းဆိုခဲ့သည်။ လျိုဂျန်လန်က ရီဖူရှင်းအား သတ်နိုင်သရွေ့ သူက လျိုဂျန်လန်အား ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားမည် ဖြစ်သည်။ သို့သော်လည်း သူက မလုပ်နိုင်ခဲ့ပေ။

လျိုဂျန်လန်၏ သေဆုံးခြင်းနှင့် ယှဉ်လျှင် သူက ရီဖူရှင်း ဘေးကင်းစွာ ရပ်နေသည်ကို ပိုမို၍ မလိုလားပေ။ သူက အသက်ရှင် နေသည်သာ မကဘဲ သူက လူအများ လေးစား အားကျရသော စွမ်းရည်များကိုပါ ပြသခဲ့သည်။

လျိုဂျန်လန်က သူ၏ တပည့်ဖြစ်ရာ သူ မည်မျှ ထူးချွန်သည်ကို သူသိသည်။ လျိုဂျန်လန်က ထိပ်သီး ပါရမီရှင်များထက် အားနည်းသော်လည်း ရီဖူရှင်း လုပ်ခဲ့သလို တန်ခိုး အဆင့်လေးဆင့် ကျော်၍ တစ်ဖက် ပါရမီရှင်အား သတ်နိုင်သည့်သူကို သူမသိပေ။

ဤအခွင့်အရေးကား အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ သို့သော် လျိုဂျန်လန်က ရီဖူရှင်းအား မသတ်နိုင်ခဲ့ပေ။ အနာဂတ်တွင် တော်ဝင် ချန်ကျောင်းတော်က လက်စားချေ လိုသည့်တိုင် သူတို့က ကော့တေး တစ်ဖွဲ့လုံးအား ရင်မဆိုင်နိုင်ကြပေ။

နောက်ထပ် လုပ်ကြံမှုကို စဉ်းစား ကြည့်လျှင်ရော…။

ထိုကိစ္စက သူတို့က မည်မျှ ပေးဆပ်ရန် တွေးထားသည် အပေါ် မူတည်သည်။ အဖြေက ရှင်းလင်းပေသည်။

“သွားစို့…” ဟာယွီလူက ဤနေရာတွင် ဆက်နေလိုဟန် မရတော့ဘဲ နောက်လှည့်ကာ ထွက်သွားသည်။ လျိုဂျန်လန်ကား သေသွားပြီး ဖြစ်သည်။ နန်ဒူမှ ကိစ္စက သူတို့နှင့် မည်သို့ သက်ဆိုင်သနည်း။

တော်ဝင် ချန်ကျောင်းတော်မှ လူများ ထွက်သွားသည်ကို နန်ဒူနိုင်ငံမှ လူများက ကြည့်ကြသည်။ လျိုမိသားစုကား အဆုံးသတ်ပြီ ဖြစ်သည်ကို သူတို့ သိကြသည်။

တော်ဝင် ချန်ကျောင်းတော်က သူတို့အား စွန့်ခွာကာ ထွက်သွားကြပြီ ဖြစ်သည်။ လျိုဂျန်လန် အသတ်ခံရသည့် ကိစ္စကို သူတို့ မည်သို့မှ မပြောကြပေ။ မည်သူမှ တိကျသော အကြောင်းပြချက်ကို မသိကြပေ။ အနည်းဆုံး တော်ဝင် ချန်ကျောင်းတော်မှ လူများက ရီဖူရှင်း၏ ကလန်ထက် အားနည်းသည်ကို သိကြသည်။ ဤမတိုင်မီက ဂူတုံးလျိုက တော်ဝင် ချန်ကျောင်းတော်မှ လူများအား နောက်ဆုတ်ရန် ပြောခဲ့ရာ မည်သူမှ ပြန်မပြောရဲကြပေ။

ရုတ်တရက် ရီဖူရှင်းက လေထဲတွင် လျှောက်သွား လိုက်သည်။ သူက ဧကရာဇ်လျိုထံသို့ လျှောက်သွားလျှင် ဧကရာဇ်လျိုကလည်း သူ့ကို ပြန်ကြည့်သည်။

တစ်ချိန်က သူက ရီဖူရှင်းအား ပုရွက်ဆိတ်ကဲ့သို့ ထင်မြင်ခဲ့သော်လည်း ယခုမူကား ရီဖူရှင်းက သူ့ကို  ပုရွက်ဆိတ် တစ်ကောင်အလား ကြည့်နေသည်။

“ရီဖူရှင်း…” ရုတ်တရက် လူတိုင်းက ကြည်လင်သော အသံတစ်ခုကို ကြားရသည်။ ရီဖူရှင်းက သူ၏ခေါင်းကို လှည့်ကာ ကြည့်လျှင် နန်ဒူနိုင်ငံ၏ မင်းသမီးလေး လျိုမင်းယွီကို မြင်သည်။

ရီဖူရှင်းက သူမအား တည်ငြိမ်စွာ ကြည့်သည်။

“နင်က အဖေ့ကို လွှတ်ပေးဖို့ ငါ မတောင်းဆိုပါဘူး… အခု အဖြစ်အပျက်တွေက အဖေ၊ ငါ့အစ်ကိုနဲ့ ဝန်ကြီးချုပ်ဟွာ တို့ကြောင့် ဖြစ်လာတာပဲ… ဒါပေမဲ့ လျိုမိသားစုက တခြားလူတွေက အပြစ်ကင်းတဲ့ လူတွေပါ… နင်က သူတို့ကို လွှတ်ပေးနိုင်မလား…” သူမက သူမ၏ အဖေအား လွှတ်ပေးရန် မတောင်းဆိုပေ။ ထိုအရာက မဖြစ်နိုင်သည်ကို သူမသိသည်။

“အနာဂတ်မှာ လျိုမိသားစုရဲ့ မျိုးဆက်တွေက သာမန်လူတွေပဲ ဖြစ်လိမ့်မယ်…” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ…” လျိုမင်းယွီက ဝမ်းနည်းသော်လည်း ခေါင်းညိတ်သည်။ ထိုစဉ်က သူမ အဖေ၏ အမိန့်တော်က ရီဖူရှင်း၏ မိသားစုများ အားလုံးကို ပါဝင် ပတ်သက်စေကာ ရီဖူရှင်း၏ ဆရာ ဘိုးဘိုးပင်လျှင် သေဆုံးခဲ့ရသည်။ သူမ၏အဖေနှင့် အစ်ကိုက ကန်ယီကို သွားကာ ရီဖူရှင်း၏ မိသားစုကိုပင်လျှင် ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့ကြသည်။ ယခု ရီဖူရှင်းက လျိုမိသားစုအား မသတ်ရန် ဆုံးဖြတ်ရာ သူမက မည်သို့ ပြောနိုင်တော့မည်နည်း။

“ငွေသက်တော်စောင့်ကိုး… သူတို့နှစ်ယောက်ကို ကြယ်စင်ဧကရာဇ် ကျောင်းတော်ကို ခေါ်သွားပြီး အေးခဲစေလိုက်… သူတို့က ကျုပ်ဆရာ ဘိုးဘိုးရှေ့မှာ ဒူးထောက်တာကို လိုချင်တယ်…” ရီဖူရှင်းက ပြောသည်။

“ဟုတ်ကဲ့… သားတော်…” ငွေသက်တော်စောင့်ကိုးက ခေါင်းညိတ်သည်။ ထို့နောက် သူက ဧကရာဇ်လျိုနှင့် ဝန်ကြီးချုပ်ဟွာတို့ကို ခေါ်ကာ ထွက်သွားသည်။

ရီဖူရှင်းက ပြန်လျှောက် လာကာ နန်းတော် အထက်မှနေ၍ လူအုပ်ကြီးအား ကြည့်သည်။ သူနှင့် လျိုမိသားစုအကြား အမုန်းတရားက ပြီးဆုံးသွားပြီ ဖြစ်သည်။

“လျိုထျန်းယန်က နန်ဒူနိုင်ငံကို ခိုးယူခဲ့တယ်… အခု နန်ဒူ မိသားစုကို နန်ဒူ ထီးနန်းကို ပြန်အပ်တယ်… ကျုပ်ဦးလေး နန်ဒူဝန်ရှန်းက နန်ဒူတော်ဝင် မိသားစုရဲ့ တိုက်ရိုက် သွေးမျိုးဆက်ပဲ… သူက နောက်ဆို နန်ဒူနိုင်ငံရဲ့ ဘုရင်ပဲ… လျိုထျန်းယန် လုပ်ခဲ့တဲ့ မကောင်းမှုက သူမှအပ တခြားလူနဲ့ သက်ဆိုင်ခြင်း မရှိဘူး… နောင်ပိုင်း ကျုပ်က အင်အား ရှိလာတဲ့အခါလည်း နန်ဒူနိုင်ငံကို တတ်နိုင်သမျှ ကူညီပေးမယ်… နန်ဒူနိုင်ငံက ပိုပြီး စည်ပင်ဝပြော လာမယ်လို့ ကျုပ်ထင်တယ်…” ရီဖူရှင်းက ကျယ်လောင်စွာ ပြောသည်။ ထို့နောက် သူက နန်ဒူဝန်ရှန်းအား ကြည့်ကာ ပြုံးလျက် ပြောသည်… “ဦးလေး… ဒါဆို ဦးလေးကိုပဲ အားကိုးတော့မယ်…” ထို့နောက် သူက ပြုံးလျက် ဘေးကို ဖယ်ပေးလိုက်သည်။

နန်ဒူဝန်ရှန်းက အသက်ဝဝ ရှူလိုက်ကာ ရှေ့ကို လျှောက်သွား လိုက်သည်။ သူက လူအုပ်၏ အပေါ် အမြင့်ဆုံး နေရာကို လျှောက်သွား လိုက်သည်။ အတိတ်က သူ၏ ဘိုးဘေးကား အသတ်ခံခဲ့ရသည်။ ယခု နန်ဒူနိုင်ငံက သူတို့ လက်ထဲကို ပြန်ရောက်လာပြီ ဖြစ်သည်။

သူက ရီဖူရှင်းအား ပထမဆုံး မြင်တွေ့ခဲ့သော အချိန်ကို ပြန်သတိရမိသည်။ ထိုနေ့က လျိုနန်းတော်တွင် သူက လူတိုင်းအား ငှက်တောင်ပံခတ်သံ သံစဉ်ဖြင့် ထိတ်လန့် အံ့အားသင့် စေခဲ့သည်။ ထိုနေ့ ကတည်းက သူက ရီဖူရှင်းအား သဘောကျခဲ့သည်။ သို့သော် ရီဖူရှင်းက ယနေ့တွင် ဤမျှ အောင်မြင်သောသူ ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။ နန်ဒူကလန်မှ အကြီးအကဲ တချို့ကား ဝမ်းသာလွန်း၍ တုန်ယင်နေကြသည်။ နိုင်ငံကား နောက်ဆုံးတွင် သူတို့ လက်ထဲကို ပြန်လည် ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ကံကောင်းစွာပင် နန်ဒူတိုင်ကြောင့် ရီဖူရှင်းက နန်ဒူကလန် တစ်ခုလုံးကို မမုန်းတီးခဲ့ပေ။ ကံကောင်းစွာပင် သူနှင့် ဟွာဂျီယူအကြား ဆက်ဆံရေးက လွန်စွာ ကောင်းမွန်ခဲ့သည်။ မဟုတ်လျှင် သူတို့က  နန်ဒူနိုင်ငံကို ပြန်ရမည် မဟုတ်ပေ။

“အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်…” နန်ဒူနန်းတော်၏ အပြင်ဘက်တွင် များစွာသော အမှုတော်ထမ်းများက ဦးညွှတ် အရိုအသေ ပေးကြသည်။ အစောင့်များကလည်း ဒူးထောက် အရိုအသေ ပေးကြ၏။

“အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်…” အရာရှိ အရာခံများက ဦးညွှတ်သည်ကို မြင်လျှင် ပြည်သူများကလည်း လိုက်ပါ ဦးညွှတ် အရိုအသေ ပေးကြသည်။ နန်ဒူဝန်ရှန်း၏ တန်ခိုးအဆင့်က သိပ်မမြင့်သည်ကို သိကြသော်လည်း ရီဖူရှင်း၏ နောက်ခံဖြင့် သူက ဧကရာဇ်နေရာကို ခိုင်မာစွာ ထိုင်နိုင်မည် ဖြစ်သည်။ မည်သူမှ သူ့အား မထိရဲပေ။

လောကကို တုန်ခါစေသော အသံက ကောင်းကင်ယံကို ဟည်းသွားသည်။ နန်းတော်ထဲတွင် လျိုမိသားစုဝင်များ၏ မျက်နှာများက ပြာနှမ်းသွားကြသည်။ တချို့က ထွက်ပြေးရန်ပင် ကြိုးစားကြသည်။

ရီဖူရှင်းက မြေပြင်ပေါ်ကို ဆင်းသက် လာသည်။ သူက ဟွာဂျီယူ၏ဘေးကို လျှောက်သွားကာ သူမ၏ လက်အား ကိုင်ဆွဲလိုက်သည်။ သူတို့အား အချိန်အတော်ကြာ စိတ်အနှောင့်အယှက် ပေးခဲ့သော နန်ဒူနိုင်ငံ ကိစ္စကား ပြီးဆုံးသွားပြီ ဖြစ်သည်။

“ဖူရှင်း … ကျေးဇူးပဲ…” ဟွာဂျီယူ၏ အသံက ရေပြင်အလား ကြည်လင်သည်။ ရီဖူရှင်းက နန်ဒူကလန်ကို ခွင့်လွှတ်ကာ သူမ၏ ဦးလေးအား ဧကရာဇ်အဖြစ် တင်မြှောက်ခြင်းက သူမကြောင့် ဖြစ်သည်ကို သိသည်။

“ဒါဆို မင်းငါ့ကို လက်ထပ်မလား…” ရီဖူရှင်းက ပြုံးလျက် ဟွာဂျီယူကို ကြည့်သည်။

ဟွာဂျီယူ၏ မျက်နှာလေးက ရှက်သွေးများ ဖြန်းသွားသည်။ ဤကောင်…။ အရာအားလုံး ခုနကမှ ပြီးဆုံးသွားကာ သူက ထိုကိစ္စကို စဉ်းစားနေသည်။

“ပြဿနာမရှိဘူး…” ဟွာဂျီယူက ပြုံးလျက် ပြောသည်။

“ငါက အတည် မှတ်မှာနော်…” ရီဖူရှင်းကလည်း ပြုံးလိုက်သည်။ သူတို့ဘေးမှ ဟွာဖန်းလူနှင့် နန်ဒူဝန်ယမ် ကလည်း ပြုံးကာ လူငယ် နှစ်ယောက်ကို ကြည့်ကြသည်။ ယခုတွင်ကား သူတို့ကလည်း စိတ်အေး လက်အေး ပျော်ရွှင်နိုင်ကြပြီ ဖြစ်သည်။

ဟွာဖန်းလူ အတွက်မူကား ရီဖူရှင်းက သူ၏ တပည့်ဖြစ်သလို သူ၏ သမက်လည်း ဖြစ်သည်။ ရီဖူရှင်းက သူ၏ သားသမီးနှင့်လည်း မခြားပေ။ သူက သူ၏ သက်စောင့်ဝိညာဉ် ဖျက်ဆီးခံရပြီး နောက်ပိုင်း ဖူရှင်းက သူ့အား ကျောပိုးလျက် ဒွန်ဟိုင်ကို လာခဲ့သည့် အချိန်ကို မှတ်မိသည်။ သူတို့က တစ်ယောက်ကို တစ်ယောက် အားကိုးကာ အခက်အခဲ များစွာကို ကျော်ဖြတ်ခဲ့ကြသည်။ ယခု အရာအားလုံး ပြီးဆုံးသွားသလိုပင် သူက ခံစားရသည်။ ယခုတွင်ကား သူ့တွင် ဆန္ဒတစ်ခုသာ ကျန်ရှိတော့သည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့က သူတို့ တစ်ဘဝလုံး ပျော်ရွှင် သာယာသော ဘဝကို ပိုင်ဆိုင် စေလိုခြင်းပင်။

ချင်လီ၊ ချူယောင်ယောင်၊ ချိန်ရှင်းမူ၊ ချင်မုံရိုနှင့် ကျဲဆွန်တို့ အားလုံးက ရီဖူရှင်းကို ကြည့်ကြသည်။ သူတို့ မျက်နှာများတွင် မတူကွဲပြားသော အမူအရာများ ရှိနေကြကာ တစ်နည်းနည်းဖြင့် ထိတ်လန့် မိကြသည်သာ ဖြစ်သည်။ ဤတိုက်ပွဲက အရှေ့မြေရိုင်း ဒေသတွင် ဖြစ်ပျက်ခဲ့ခြင်း မဟုတ်သည့်တိုင် ထိုနေရာမှ လူအတော် များများက မြင်တွေ့ ခဲ့ကြရသည်။ ယခုမှစ၍ မည်သူကမှ ရီဖူရှင်း၏ တိုက်ခိုက်ရေး စွမ်းရည်ကို သံသယ ရှိကြတော့မည် မဟုတ်တော့ပေ။

ရီဖူရှင်းနှင့် ဟွာဂျီယူတို့ အတူတူ ရပ်နေသည်ကို မြင်လျှင် ချူယောင်ယောင်က သူမ၏ခေါင်းအား အသာအယာ ငုံ့လိုက်ကာ သူမ၏ နှလုံးအား ဝင်ရောက် လာသော ထူးဆန်းသော ခံစားချက်ကို ရသည်။

နောက်လှည့်ကာ ချင်လီနှင့် တခြားလူများက ထွက်သွားရန် ဟန်ပြင် လိုက်ကြသည်။ ချင်လီက ကျဲဆွန်အနီးမှ ဖြတ်သွားလျှင် သူက ပြုံးလျက် ပြောသည်… “အတူ သွားကြမယ်…”

ကျဲဆွန်က ချင်လီအား ကြည့်ကာ ခေါင်းညိတ်သည်… “ကောင်းပြီ…” ထို့နောက် အရှေ့မြေရိုင်း ဒေသမှ လူများက တစ်ဖွဲ့ပြီး တစ်ဖွဲ့ ပြန်လည် ထွက်ခွာ သွားကြသည်။

သို့တိုင်အောင် လူအုပ်ထဲတွင် ရီဖူရှင်းအား စိုက်ကြည့် နေကြသူများ ရှိနေဆဲပင်။ ဧကရာဇ်ရီ၊ ရီဒန်ချန်း၊ ရီလင်းဇီနှင့် လင်းယွီယို တို့ကလည်း ရှိနေသည်။ သိသာစွာပင် သူမကလည်း ဤသို့သော အခိုက်အတန့်ကို လက်လွှတ်ခံမည် မဟုတ်ပေ။ ယခုတွင်ကား သူမက ထိုစုံတွဲအား စိတ်ထဲမှ ကောင်းချီး ပေးနေမိသည်သာ ဖြစ်ပေတော့သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset