နတ်လူဝံ၏ အလင်းနှင့်အတူ ရီဖူရှင်းက သူ၏ နှင်တံရှည်အား ဝှေ့ယမ်းလျှင် ထောင်ပေါင်း များစွာသော နှင်တံပုံရိပ်များ ဖြစ်ပေါ်နေသည်။
လျိုဂျန်လန်လည်း ကောင်းကင်တွင် ရှိနေသည်။ မရေမတွက်နိုင်သော ပုံရိပ်များကို ကြည့်ကာ သူက ဓမ္မအား သူ၏ခန္ဓာနှင့် ပေါင်းစပ်လိုက်သည်။ မကြာမီ သူ၏ ကျောက်တုံး ခန္ဓာကြီးမှ လွန်စွာ အားပြင်းသော မီးတောက် မီးလျှံများ ဖြာထွက် လာသည်။ သူ၏ ကျောက်တုံး လက်ကြီးအား ရှေ့ကို ဆန့်ထုတ်လိုက်လျှင် ကြောက်မက်ဖွယ် နိုဘယ်အသိက ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုခဏမှာပင် များစွာသော မီးလျှံ ဥက္ကာခဲများ ကျဆင်း လာကြသည်။
ဘန်း … ဘန်း … ဘန်း … တချို့ ဥက္ကာခဲများက သတ်မှတ် နေရာများကို ကျဆင်းလာကာ ပျက်စီးပြိုကွဲ သွားကြသည်။ လျိုဂျန်လန်က ကြည့်လျှင် ထောင်ပေါင်း များစွာသော ပုံရိပ်များ အကြားမှ တစ်ယောက်မှာ အစစ်အမှန် ဖြစ်သည်ကို တွေ့ရသည်။ အစစ်အမှန်က သာလျှင် ထိုမျှ အားကောင်းသော စွမ်းအားကို ပိုင်ဆိုင်သည်။
ဆက်တိုက်ပင် ထောင်ပေါင်း များစွာသော ပုံရိပ်ယောင်များက ကျောက်တုံး ဘီလူးအား ဦးတည် နေကြသည်။ ရီဖူရှင်းက သူ၏နှင်တံအား အဆက်မပြတ် ဝှေ့ယမ်းနေသည်။ လောကမှ သဘာဝ စွမ်းအင်များက ကြောက်မက်ဖွယ် အားလှိုင်းများအဖြစ် ပြောင်းလဲလာကာ ပိုမိုအားကောင်း လာနေကြသည်။
လျိုဂျန်လန်က ထူးမခြားနားစွာ ကြည့်နေဆဲ ဖြစ်သည်။ သူ့အနီးမှ လောကကြီးကလည်း တဝုန်းဝုန်း အသံများ ပေးကာ ပြောင်းလဲ လာနေသည်။ အကာနာ တန်ခိုးရှင်များက သဘာဝ လောကကြီးနှင့် ပိုမိုနီးကပ်စွာ နေနိုင်ကြသည်။ ထိုအဆင့်အား သဘာဝနှင့်လူက တစ်သားတည်းဟု သိကြသည်။
လျိုဂျန်လန်က သူ၏ လက်ဝါးအား မြှောက်ကာ ရီဖူရှင်း၏ ခန္ဓာကိုယ် အစစ်အမှန် နေရာအား လှမ်း၍ ထုလိုက်သည်။ ကျောက်မီးလက်ဝါးက နိုဘယ်လက်ဝါး အလား ရှည်လျားစွာ ဆန့်တန်းလျက် အရာအားလုံးကို ဖျက်ဆီးသည်။ ရီဖူရှင်းက လက်ဝါးကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို ခံစားရသည်။ သိသာစွာပင် လျိုဂျန်လန်က သူ့အား မြေဆွဲအားဖြင့် ဖိနှိပ်သည်။ အဆိုးရွားဆုံးကား ကောင်းကင်မှ အဆက်မပြတ် ကျဆင်း လာသော မီးလျှံ ကျောက်တုံးများ ဖြစ်သည်။
“တော်ဝင် ချန်လက်ဝါး…” အရှေ့မြေရိုင်း ဒေသမှ ထိပ်သီး အင်အားစု တိုင်းက အံ့အားသင့် ကြရသည်။ တော်ဝင် ချန်လက်ဝါးကား သိုင်းပညာကို ရောစပ် အသုံးပြုရသော လွန်စွာ ဖျက်ဆီးအား ပြင်းသော တိုက်ကွက် ဖြစ်သည်။
ထိုလက်ဝါးအား ရိုက်ထုတ် လိုက်သည်နှင့် တိုက်ခိုက်ခံရသူက လွန်စွာ အားပြင်းသော မြေဆွဲအား စက်ကွင်းထဲကို ကျရောက် သွားမည် ဖြစ်သည်။ ထို့နောက် ပတ်ဝန်းကျင်မှ အရာဝတ္ထုများက သူ့ထံကို ကျဆင်း လာကြမည် ဖြစ်သည်။ ယခု ရီဖူရှင်းကား အရာဝတ္ထုတိုင်း၏ ပစ်မှတ် ဖြစ်နေသည်။
မရေမတွက်နိုင်သော မီးလျှံ အရာဝတ္ထုများက ရီဖူရှင်းထံကို ပြင်းထန်စွာ တိုးဝင် လာကြသော်လည်း ရီဖူရှင်းက စိတ်ပူပုံမရပေ။ သူ့ခန္ဓာက မှော်ဆန်သော လှုပ်ရှားဟန် တစ်ခုရှိနေကာ သူ၏ နှင်တံက ရောက်ရှိလာသော အရာဝတ္ထုများအား အပိုင်းပိုင်း အစစ ဖြစ်စေသည်။
သူက အကာနာ အဆင့်ကို မရောက် သေးသော်လည်း ရီဖူရှင်းက သဘာဝနှင့် တစ်သားတည်း ဖြစ်နေပြီးကာ အကာနာ တန်ခိုးရှင်များကဲ့သို့ သဘာဝ စွမ်းအင်များကို စုစည်းနိုင်ပြီ ဖြစ်သည်။
“ဘယ်လောက် ပြင်းထန်တဲ့ တိုက်ကွက်လဲ…” လူအများက ရီဖူရှင်း၏ ပြင်းထန်ကာ မှော်ဆန်သော လှုပ်ရှားဟန်ကို ကြည့်ကာ အံ့အားသင့်စွာ မှတ်ချက် ချကြသည်။
မီးလျှံ အရာဝတ္ထုများ အားလုံး ပျောက်ကွယ် သွားသော်လည်း လျိုဂျန်လန်၏ လက်ဝါးက နောက်မှ လိုက်ပါလာဆဲ ဖြစ်သည်။ ကောင်းကင် တစ်ခုလုံး မှောင်မည်း သွားသည်။ မဆုံးနိုင်သော ဖိအားများက ရီဖူရှင်းကို သေတွင်းထဲသို့ ထည့်တော့မည့်အလား ဆင်းသက် လာသည်။
ရုတ်တရက်ပင် ထိုလက်ဝါးထဲတွင် ဘုရင်တစ်ပါးက ပလ္လင်ပေါ်မှ ထိုင်လျက် သူ့အား ငုံ့ကြည့်နေသည်ဟု ရီဖူရှင်းက ခံစားရသည်။ ထိုခံစားချက်က ရီဖူရှင်း၏ နှလုံးအား တုန်လှုပ် စေနိုင်စွမ်း မရှိပေ။ အချိန်ကို အခွင့်ကောင်းယူ၍ သူက နှင်တံအား မြှောက်ကာ ကောင်းကင်အား နှစ်ခြမ်း ခွဲလိုက်သည်။ ရုတ်တရက် နတ်လူဝံက မာန်သွင်းသံနှင့်အတူ လောက တစ်ခုလုံး တုန်ခါသွားသည်။
ဝုန်း… ကြောက်မက်ဖွယ် ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပွားသည်။ ထို့နောက် လက်ဝါးကြီးကား အလယ်မှ ထက်ခြမ်းကွဲထွက် သွားသည်။ ကြီးမားသော ဥက္ကာခဲများ နေရာအနှံ့ ပြန့်ကျဲ သွားသော်လည်း ပိုမို အားကောင်းသော အားလှိုင်းတစ်ခု နှင်တံထံသို့ ဆင်းသက် လာသည်။ နှင်တံက တုန်ခါသွားကာ သူ၏ ခန္ဓာက နောက်ကို အနည်းငယ် လွင့်စဉ်သွားသည်။
လျိုဂျန်လန်၏ ဒေါသထွက်နေသော မျက်လုံးများက ရီဖူရှင်းကို စိုက်ကြည့်နေသည်။ သူက လက်ဝါးအား ဖြည်းညင်းစွာ ရုပ်သိမ်းနေရင်းက သဘာဝ စွမ်းအင်များက သူ့အနီးတွင် အားကောင်းစွာ စုစည်း လာနေကြ ပြန်သည်။ နောက်ထပ် အားလှိုင်းတစ်ခု ကောင်းကင်မှ တစ်ဆင့် ရီဖူရှင်းထံသို့ ဆင်းသက် လာသည်။
ကြီးမားသော ပုံရိပ်ယောင် ကျောက်ဘီလူး တစ်ကောင်က ကျောက်ဘီလူးများ၏ ဘုရင်အလား ဖြစ်ပေါ်လာသည်။
ဒုတိယမြောက် လက်ဝါးအား ထုတ်လွှတ် လိုက်ပြန်သည်။ ထိုအချိန်တွင်ကား ကျောက်ဘီလူး နှစ်ကောင်က ကျဆင်းလာသော မီးဥက္ကာခဲများနှင့်အတူ ရီဖူရှင်းထံသို့ လက်ဝါး ရိုက်ချက်ကို တစ်ပြိုင်နက်တည်း ရိုက်ကြသည်။ ဟာယွီလူက တိုက်ပွဲအား ထူးမခြားနားစွာ ကြည့်သည်။ လျိုဂျန်လန်က ရီဖူရှင်းအား သတ်ကို သတ်မည် ဖြစ်သည်။
နတ်လူဝံက ဒေါသတကြီး ဟိန်းဟောက် လိုက်သည်။ ရီဖူရှင်း၏ ကိုယ်ရောင် ကိုယ်ဝါက ပိုမို အားကောင်းလာကာ ရုန့်ရင်းကြမ်းတမ်း လာသည်။ တိုက်ခိုက်မှုက သူ့ထံကို ရောက်လာလျှင် သူက နှင်တံအား ဝှေ့ယမ်းလျက် လေထုကို ထက်ခြမ်း ကွဲစေသည်။ ကောင်းကင်၌ အက်ကွဲမှုတစ်ခု ဖြစ်သွားသည်။ ဥက္ကာခဲများနှင့် လက်ဝါးများက လုံးဝ ပျောက်ကွယ် သွားတော့သည်။
နောက်ထပ် မာန်သွင်းသံ တစ်ချက်နှင့်အတူ ပိုမိုသော ပုံရိပ်ယောင် ကျောက်ဘီလူးများ ပေါ်ထွက်လာကာ နောက်ထပ် လက်ဝါးများကို ရီဖူရှင်းထံသို့ ထုတ်လွှတ်သည်။ ထို တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်ရလျှင် ရီဖူရှင်း၏ ခန္ဓာကား လွန်စွာ သေးငယ်သည်။ သူ့ခန္ဓာအား နတ်လူဝံက ကာကွယ် ထားသော်လည်း သူကား လုံးဝ နစ်မြုပ်တော့မည့် အလားပင်။
ဤတစ်ကြိမ်ကား ရီဖူရှင်းက တည်ငြိမ်စွာ ရပ်လိုက်သည်။ သူ၏ ဓမ္မက ကောင်းကင်သို့ ထိုးတက် သွားသည်။ ထို့နောက် သူ့နောက်တွင် လွန်စွာ ကြီးမားသော ဧရာမ လူဝံကြီး ဖြစ်ပေါ်လာသည်။ မဆုံးနိုင်သော သန်မာမှုများဖြင့် သူက နှင်တံအား ဝှေ့ယမ်းလျှင် လောကမှ အရှိန်အဝါများ အားလုံးက နှင်တံထံသို့ စုစည်းလာကြသည်။ သူ့ထံ ရောက်လာသော တိုက်ခိုက်မှုများက မည်မျှ အားကောင်းပါစေ သူက ထိုနေရာတွင် ခိုင်မာစွာ ရပ်နေသည်။ နိုဘယ် လက်ဝါးများက သူ့ထံ ဆင်းသက် လာကြသော်လည်း အားလုံးက ပျက်စီးသွားစမြဲ ဖြစ်သည်။ သူ့အား မည်သည့် အရာကမှ အနိုင်မယူနိုင်ပေ။
ဖူး… လျိုဂျန်လန်က သွေးများအား မဟန်နိုင်ဘဲ မှုတ်ထုတ် လိုက်သည်ကို ထိတ်လန့်တကြား တွေ့ကြရသည်။ သူ၏ ခန္ဓာကိုယ်ကလည်း လောင်ကျွမ်း နေသည်။ ထို့နောက် လွန်စွာ အားကောင်းသော အရောင်အဝါတစ်ခု ဟုန်းခနဲ ထတောက်သည်။ သူက လက်အား ပြန်ရုပ်သိမ်း လိုက်ပြန်သည်။
သူ၏ ပါးစပ်မှ သွေးများ အဆက်မပြတ် စီးဆင်း လာနေသည်။ လောက တစ်ခုလုံးက တုန်ခါနေသည်။ ကောင်းကင်၌ မရေမတွက်နိုင်သော နိုဘယ်များ ပေါ်လာသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” ထိုမြင်ကွင်းအား ကြည့်ကာ အရှေ့မြေရိုင်း ဒေသမှ လူများအားလုံး ထိတ်လန့် သွားကြသည်။ ထိုအရာကား နိုဘယ်အဆင့် တန်ခိုးရှင်များသာ အသုံးပြုနိုင်သော စစ်မှန်သော တော်ဝင် ချန်လက်ဝါး ဖြစ်သည်။ နိုဘယ်အဆင့် အောက်မှ လူများက လျိုဂျန်လန် ပထမ အသုံးပြုခဲ့သော ပုံတူလက်ဝါးကိုသာ အသုံးပြုနိုင်သည်။ ထိုအရာက အကန့်အသတ် ဖြစ်သည်။
သို့သော် ကောင်းကင်မှ ဘုရင်များ အားလုံးက အစစ်အမှန်များ ဖြစ်ကြကာ ရီဖူရှင်းအား ငုံ့ကြည့်နေကြသည်။ လျိုဂျန်လန်၏ ဘေးပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင်များ အားလုံးက သူ၏ ကိုယ်ရောင် ကိုယ်ဝါနှင့် ပေါင်းစပ်သွားသည်။ ကြောက်မက်ဖွယ် လေပွေတစ်ခု ရောက်ရှိလာကာ ရီဖူရှင်းအား ပိတ်လှောင်သည်။
“အရမ်း အားကောင်းတာပဲ…” ထိုအခိုက်တွင် ပရိသတ်များ အားလုံးက ထို အသက်ရှူမှားဖွယ် မြင်ကွင်းအား ကြည့်ကြသည်။ ကောင်းကင်မှ ဘုရင်များက အမှုန့်ကြိတ်တော့မည့် အလား ရီဖူရှင်းအား ဒေါသတကြီး ကြည့်ကြသည်။
“အရမ်း ကောင်းတယ်…” ချင်လီက ပြုံးလျက် ပြောသည်။ သူက ကော့တေးမှ လူများက ကူညီကြမလား တွေးကာ ထိုနေရာကို တစ်ချက် ကြည့်သည်။ သူတို့က လှုပ်ရှားပါက သူတို့က တော်ဝင် ချန်ကျောင်းတော်၏ ရန်သူ ဖြစ်ပေလိမ့်မည်။ သို့သော် ရီဖူရှင်း အနိုင်ရခဲ့ပါကလည်း တော်ဝင် ချန်ကျောင်းတော်က ပျော်ရွှင်မည် မဟုတ်ပေ။
ကော့တေးနှင့် ကျောင်းတော်၏ ခေတ်က အဆုံးသတ်ချိန် ရောက်လာပြီ။
ဂူတုံးလျိုတို့ အုပ်စုက တိုက်ပွဲအား ကြည့်နေကြသည်။ သူတို့၏ ညီငယ်လေးရီကား အကောင်းဆုံး ကြိုးစားခဲ့သည်။ သူ၏ ရိုက်ချက်တိုင်းက အကာနာ အဆင့်တွင် ရှိသည်။ သူ၏ ဓမ္မက သူ့အား ကူညီရာ ပိုမို၍ အားကောင်း လာနေသည်။ သူ၏ နှင်တံကြောင့် လောကပင်လျှင် တုန်ခါရသည်။ သို့သော် မမျှော်လင့်ဘဲ လျိုဂျန်လန်က သူ၏ အသက်ကို ရင်း၍ တော်ဝင် ချန်လက်ဝါးကို သုံးခဲ့သည်။ အကယ်၍ သူသာလျှင် အောင်မြင်ခဲ့ပါက ထိုလက်ဝါးက ရီဖူရှင်းအတွက် သေမင်း ဖြစ်သွားနိုင်သည်။
ဧကရာဇ်လျိုနှင့် ဝန်ကြီးချုပ်ဟွာတို့က တိုက်ပွဲအား စူးနစ်စွာ ကြည့်နေကြသည်။ သူတို့၏ အစွမ်းများ ဖျက်ဆီး ခံရသော်လည်း သူတို့က ရီဖူရှင်း သေသည်ကို မြင်ချင်ကြသည်။
ကျယ်ပြန့်သော ဟင်းလင်း ပြင်ကြီးထဲတွင် မရေမတွက်နိုင်သော မျက်လုံးများက ထိုမြင်ကွင်းကို ကြည့်နေကြသည်။ ကောင်းကင်ကား ပရမ်းပတာ ဖြစ်ကာ လေလှိုင်းများက ကြောက်မက်ဖွယ် ကောင်းပြီး စွမ်းအားများက ဖျက်ဆီးအား ပြင်းသည်။ ဤတိုက်ပွဲက သည်မျှ ပြင်းထန်မည်ဟု သူတို့ မမျှော်လင့် ထားကြပေ။
ရီဖူရှင်းက ထိုပုံရိပ်များအား မော့ကြည့်သည်။ မဆုံးနိုင်သော စိတ်အင်အားများက စုစည်းကာ သူ့ခန္ဓာကိုယ်ထဲကို တိုးဝင်လာသည်။ သူက အန္တရာယ်၏ အငွေ့အသက်များကို ခံစားနေရသည်။ သို့တိုင်အောင် သူက လက်မလျှော့ပေ။ သူ၏ မျက်လုံးများက အလွန်အမင်း တည်ငြိမ်ကာ အကြောက်တရား ကင်းမဲ့သည်။
သူ၏ နှင်တံက အဆက်မပြတ် လှည့်ပတ်နေသည်။ သူ၏ ခန္ဓာကိုယ်တွင်လည်း မသိနိုင်သော စွမ်းအားတစ်ခု ကြီးထွား လာနေ၏။ သူ၏ သွေးများက ဆူပွက်လာကာ သွေးကြိုးများနှင့် အရိုးများက ပိုမိုကြီးမား လာနေသည်။ နတ်လူဝံက မာန်သွင်းလျှင် မြေပြင်က တုန်ခါသည်။ ရီဖူရှင်း၏ အပေါ်တွင် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ သူ၏ နိုဘယ် ကံစွမ်းအားက ကောင်းကင်သို့ ထွင်းဖောက် သွားသည်။ ကောင်းကင် တစ်ခွင်လုံး အလင်းရောင်များဖြင့် လွှမ်းခြုံသွားသလို ပိုမို လင်းလက်သော ရောင်စဉ်များ ထွက်ပေါ်လာသည်။
“အဲဒါက ဘာလဲ…” လူအများက ရီဖူရှင်း၏ ခန္ဓာကိုယ်အား စိတ်ဝင်တစား ကြည့်ကြသည်။ သူ၏ နိုဘယ်ကံစွမ်းအားက အသက်ဝင်လာပုံရကာ ပိုမို လင်းလက် လာသည်။ ထိုအချိန်တွင် ရီဖူရှင်းက နိုဘယ်အသိ၏ အကူအညီ မပါဘဲနှင့်ပင် တကယ့်ဘုရင်အလား ဖြစ်လာသည်။ သူ၏ ခန္ဓာကိုယ်က အဆက်မပြတ် လှည့်ပတ်ကာ နှင်တံအား ဝှေ့ယမ်းသည်။ ကောင်းကင်က အရောင် ပြောင်းသွားပြီး သူ၏ နိုဘယ် ကံစွမ်းအားကလည်း အလင်းတန်း အဖြစ် ပြောင်းလဲ သွားသည်။ ထို့နောက် သူက လောက၏ သခင်အလား စွမ်းအားများ အားလုံးက ထိုနေရာတွင် စုစည်းကြသည်။
ဘန်း… ရီဖူရှင်းက လေထဲတွင် ရှေ့ကို အားကောင်းစွာ လှမ်းလိုက်စဉ် နတ်လူဝံကြီးက ကောင်းကင်မှ ဆင်းသက် လာသာည်။ နှင်တံက လေထုကို ခွင်းလျက် ဆင်းလာ၏။
“ငါမင်းကို သတ်မယ်…” လျိုဂျန်လန်က သူ၏ လက်ကို ဝှေ့ယမ်းသည်။ သူ့ပါးစပ်မှ သွေးများ ပိုမို၍ ထွက်လာသည်။ ကောင်းကင်မှ ဘုရင်များက များပြားသော လက်ဝါးများကို ရိုက်ထုတ်ကြသည်။
နတ်လူဝံကြီးနှင့် ရီဖူရှင်းတို့က တစ်ပြိုင်နက်တည်း နှင်တံအား မြှောက်လိုက် ကြသည်။ နှင်တံဝှေ့ယမ်းရာ နေရာတိုင်းတွင် ဥက္ကာခဲများ ပျက်စီး ပြိုကွဲရသည်။ ရီဖူရှင်းက လျိုဂျန်လန်၏ အပေါ်သို့ ပျံသန်း သွားသည်။ သူက လျိုဂျန်လန်အား ထူးမခြားနားစွာ ကြည့်သည်။ သူ၏ နှင်တံအား အောက်ကို ရိုက်ချသည်။ ထိုအရာကား ကောင်းကင်ဘုံ ကိုးဆင့်၏ လေးချက်မြောက် ရိုက်ချက် ဖြစ်သည်။ သူ၏ နှင်တံအား ရီဖူရှင်းက တော်ဝင် နည်းစနစ်ဖြင့် အသက် သွင်းထားခြင်း ဖြစ်သည်။
ထိုသေစေနိုင်သော တော်ဝင် လက်ဝါးများ အားလုံးက နှင်တံအောက်တွင် ထက်ခြမ်းကွဲ သွားသည်။ မီးလျှံနှင်တံက အောက်ခြေမှ လျိုဂျန်လန်ထံသို့ ဆက်လက် ဆင်းသက် လာသည်။
နှင်တံက တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်လျှင် လျိုဂျန်လန်၏ မျက်လုံးများက ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။ နှင်တံ ရောက်ရှိလာလျှင် သူက ရူးသွပ်စွာ အော်ဟစ်သည်… “ငါ… လက်မ… ခံ… နိုင်…”
ဘန်း… ကျောက်ဘီလူးကြီး ပြိုဆင်းသွားသည်။ လျိုဂျန်လန်၏ ခန္ဓာက လေထဲတွင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲ ပျောက်ကွယ် သွားသည်။
ကောင်းကင်တွင်ကား နတ်လူဝံကြီး ပုံရိပ်နှင့်အတူ လူငယ် တစ်ယောက်သာ တည်ငြိမ်စွာ ရပ်လျက်ရှိသည်။ သူကား ထိုအခိုက်တွင် ဓမ္မအဆင့် တန်ခိုးရှင် မဟုတ်တော့ဘဲ လောက၏ ဧကရာဇ်တစ်ပါးလို တည်ကြည်စွာ ရပ်နေသည်။
ကောင်းကင်မှ လှိုင်းလေများ အားလုံး ငြိမ်သက်သွားကာ ဥက္ကာခဲများ အားလုံး ပျောက်ကွယ် သွားပြီး ဖြစ်သည်။ ရီဖူရှင်းက လူအများက သူ၏ ဧကရာဇ်အသိအား သတိမထားမိစေရန် သူ၏ နိုဘယ် ကံစွမ်းအားကို ပြန်ရုပ်သိမ်း လိုက်သည်။ သူက တော်ဝင် နည်းစနစ်အား အသက်သွင်းခဲ့ သော်လည်း သူက နိုဘယ် ကံစွမ်းအားဖြင့် ဖုံးအုပ်ထားခဲ့သည်။ ထို့ကြောင့် လူအများက ထိုအရာက အားကောင်းသော နည်းစနစ် တစ်မျိုးဟု တွေးထင်ကြမည်။
ဥက္ကာခဲ အပိုင်းအစ တချို့က နန်းတော်အနှံ့ ကျဆင်းလာဆဲ ဖြစ်သော်လည်း လူအများက ကောင်းကင်မှ လူငယ်အား ကြည့်နေကြဆဲ ဖြစ်သည်။
လျိုဂျန်လန်ကား လွန်စွာ အားကောင်းသည်။ သူက တော်ဝင် ချန်လက်ဝါးကိုပင် သုံးခဲ့၏။ နိုဘယ်များက နေရာတိုင်းတွင် ရှိသည်။ ရီဖူရှင်း အသတ်ခံရမည်ဟု လူတိုင်းက တွေးထင်ခဲ့ကြ သော်လည်း ရီဖူရှင်းက လျိုဂျန်လန်အား တစ်ချက်တည်းဖြင့် ပွဲသိမ်းခဲ့သည်။
လျိုဂျန်လန်ကား ထိုနေရာတွင်ပင် အသတ်ခံရသည်။
***