နန်ဒူနိုင်ငံမှ မျက်လုံးပေါင်း များစွာက တန်ခိုးအစွမ်း ဖျက်ဆီးခံရသော ဧကရာဇ်လျိုနှင့် ဝန်ကြီးချုပ် ဟွာတို့ကို ကြည့်သည်။ ထိုအရာက အမှန်ဟုပင် မထင်ရပေ။ သူတို့ကား လုံးဝ ခုခံနိုင်စွမ်း မရှိပေ။ စကား တစ်ခွန်းမျှဖြင့် ရီဖူရှင်းက ဧကရာဇ်တစ်ပါးနှင့် ဝန်ကြီး တစ်ပါးတို့၏ အစွမ်းကို ဖျက်ဆီးခဲ့သည်။
သူတို့က ရီဖူရှင်းအား ကြည့်လိုက်ကြသည်။ သူကား လက်စားချေရာတွင် လွန်စွာ လွှမ်းမိုးနိုင်စွမ်း အားကောင်း၏။ ထိုစဉ်က ဧကရာဇ်လျိုက သူ့ကို မည်သည့် အခွင့်အရေးမှ မပေးခဲ့ပေ။ ယခု ဧကရာဇ်လျိုအား တူညီသော ကြောက်ရွံ့မှုကို ခံစားစေသည်။
ရီဖူရှင်းက လျိုဂျန်လန်နှင့် စိန်ခေါ်ပွဲပြီးမှ ပြဿနာများအား ဖြေရှင်းမည်ဟု လူတိုင်းက တွေးထင်ခဲ့ကြသည်။ သို့သော်လည်း ဧကရာဇ်လျိုအား ယခင်က သူ့ကို ပြုမူခဲ့သလို မည်သည့် အခွင့်အရေးမှ မပေးတော့ပေ။
ရီဖူရှင်းက လုံးဝ ပြီးပြည့်စုံသော အင်အားဖြင့် ပြန်လာမည်ဟု တွေးထားခဲ့သည်။ သို့သော် လုပ်ကြံမှုက ပြောခဲ့သည်မှာ ဧကရာဇ်လျိုက သူ့အား ဖြစ်သည့်နည်းဖြင့် သတ်ရန် ကြံနေသည် ဟူ၏။ ထို့ကြောင့် သူကလည်း လက်စားချေရန် နောက်ထပ် မစောင့်တော့ပေ။
သူက ကော့တေး၏ အင်အားကို သုံးလျက် လျိုဂျန်လန်ကို စိန်ခေါ်ခဲ့သည်။ သူ့အား သတ်ပြီးနောက် သူက ဧကရာဇ်လျိုအား သတ်ကာ ကန်ယီနိုင်ငံ၏ ပြဿနာကို ဖြေရှင်းမည် ဖြစ်သည်။ ကော့တေးကလည်း ရောက်ရှိနေရာ အရှေ့မြေရိုင်း ဒေသက ဝင်စွက်ဖက်နိုင်စွမ်း မရှိပေ။ သို့သော်လည်း ကိစ္စများက သူ စီစဉ်ထားသလို ဖြစ်မလာပေ။ အရှေ့မြေရိုင်း ဒေသမှ အင်အားစုများက ပါဝင် ပတ်သက် လိုကြသည်။ ဤနည်းဖြင့် သူကလည်း သည်းမခံတော့ပေ။ သူတို့က ထိုသို့ ပြုမူမှတော့ အရာရာက ပိုမို လွယ်ကူ သွားသည်ဟုပင် ပြောရပေမည်။
“သူက တကယ် လုပ်နေတာပဲ… အဲဒီတုန်းက ဖြစ်ခဲ့တာက သူ့စိတ်ကို တကယ် ဒဏ်ရာတွေ ပေးခဲ့တာပဲ…” လျိုဖန်းက ရေရွတ်သည်။ ရီဖူရှင်း၏ ယခု ပုံစံကို သူတို့ မမြင်ဖူးကြပေ။
“မင်းက သူ့နေရာမှာဆို ဘယ်လိုနေမလဲ စဉ်းစားကြည့်လေ…” ရွှီယီက တိုးတိုးလေး ပြောသည်။ သူတို့က နန်ဒူတွင် ဖြစ်ခဲ့သည်များကို သိကြသည်။ ဧကရာဇ် တစ်ပါးက လူငယ် တစ်ယောက်အား အနိုင်ကျင့်သည်က ခွင့်လွှတ်နိုင်သည့်အရာ မဟုတ်ပေ။
“အင်း … ဒါ တကယ်ပဲ ပြင်းထန်တယ်…” လျိုဖန်းက ခေါင်းညိတ်သည်။
ဂူတုံးလျိုက နန်းတော်အား တည်ငြိမ်စွာ ကြည့်သည်။ ယခု ရီဖူရှင်းထံမှ အေးစက်သော အငွေ့အသက်များ စိမ့်ထွက်နေသည်။ သူ၏ ဆွဲဆောင်မှု ရှိသော ဟန်ပန်က အေးစက်သော အငွေ့အသက်များနှင့် ဖုံးလွှမ်းနေကာ ဂူတုံးလျို၏ ကိုယ်ရောင် ကိုယ်ဝါနှင့်ပင် ဆင်တူနေသည်။ ဆရာက တစ်ခါက ပြောဖူးသည်မှာ လူသတ်လိုသော အငွေ့အသက်များက မိမိကိုယ်ကို ထိခိုက်စေသည်။ သို့သော်လည်း သူက နောက်ထပ် စကားတစ်ခွန်း ကိုလည်း လက်ခံ ကျင့်သုံးသည်။ မကောင်းသော သူများ အားလုံးကို သတ်၏။
ဧကရာဇ်လျိုကား နန်ဒူနိုင်ငံ၏ အုပ်ချုပ်သူ ဖြစ်သော်လည်း သူက ရီဖူရှင်းအား မတရားသဖြင့် ဆက်ခံခဲ့သည်။ လူငယ် တစ်ယောက်၏ ကံကြမ္မာအား ဆော့ကစားသော ဧကရာဇ်က မကောင်းသောသူ ဖြစ်သည်မှာ သေချာသည်။ သူက လုံးဝ သနားခြင်း မရှိပေ။ ရီဖူရှင်းက ယနေ့ ရှုံးနိမ့်ခဲ့လျှင်ပင် သူက ဧကရာဇ်လျိုအား သတ်မည် ဖြစ်သည်။
ဤလောကကြီးတွင် မကောင်းသော သူများ များပြားလှရာ သူက အားလုံးကို သတ်နိုင်စွမ်း မရှိပေ။ သို့သော် သူလက်လှမ်း မီသလောက်တော့ ရှင်းပစ်မည် ဖြစ်သည်။
ရီဖူရှင်းက ဧကရာဇ်လျိုအား သနားခြင်း ကင်းမဲ့စွာ ကြည့်သည်။
“ခင်ဗျားက အမိန့်တော် ထုတ်ပြန်ခဲ့တဲ့ အချိန်မှာ ဒီလိုနေ့ရက် ရောက်လာမယ်လို့ ခင်ဗျား ထင်လား…” သူက မေးသည်။
ဧကရာဇ်လျိုကား တုန်ယင်နေဆဲ ဖြစ်သည်။ ဝန်ကြီးချုပ်ကျိုက မှန်ကန်ခဲ့သည်ဟု သူလည်း မထင်မှတ်ထားခဲ့ပေ။ ထိုဆုံးဖြတ်ချက်က အမှန်ပင် နန်ဒူအတွက် ကံဆိုးမိုးမှောင် ကျခြင်း ဖြစ်သည်။ သူက ကံကြမ္မာကို မယုံကြည်ခဲ့ပေ။ သို့သော် ကံကြမ္မာက သူ့အား အမှန်ပင် ဆော့ကစားခဲ့သည်။
“ခင်ဗျားတို့ နောင်တရလား…” ရီဖူရှင်းက ဧကရာဇ်လျိုနှင့် ဝန်ကြီးချုပ်ဟွာအား ကြည့်သည်။ ဧကရာဇ် တစ်ပါးနှင့် ဝန်ကြီးတစ်ပါးက လူငယ် တစ်ယောက်ကို ဆော့ကစား ခဲ့ကြသည်။
နောင်တ ရသလား။ သူတို့ အမှန်ပင် နောင်တရကြသည်။ အရာ အားလုံးကား အဆုံးသတ် သွားပြီဖြစ်သည်။ ဝန်ကြီးချုပ်ဟွာက ရီဖူရှင်းက နန်ဒူကလန်ကို ရောက်လာသည့် အချိန်ကို သတိရသေးသည်။ ထိုအချိန်က သူကား ထိုလူငယ်က အဆုံးစွန်သော ခံနိုင်ရည်အားဖြင့် ခုခံခဲ့သည်ကို မိန့်မိန့်ကြီး ကြည့်နေခဲ့သည်။ နှစ်နှစ်ခန့်လေး အချိန်ကာလတွင် ထိုလူငယ်ကား သူတို့၏ ကံကြမ္မာကို ပြန်လည် ဆော့ကစား နေသည်။
“ငါတို့ စလို့ ရပြီလား…” ဝမ်းခေါင်းသံကြီးဖြင့် လျိုဂျန်လန်က ပြောသည်။
ရီဖူရှင်းက လျိုဂျန်လန်အား ကြည့်လိုက်သည်။ လျိုဂျန်လန်၏ ကိုယ်ရောင် ကိုယ်ဝါကား လွန်စွာ ရုန့်ရင်း ကြမ်းတမ်းနေရာ သူက ဒေါသ လွန်မင်းစွာ ထွက်နေသည်မှာ ထင်ရှားသည်။ သို့သော် သူတစ်ခုမှ မတတ်နိုင်ပေ။ ထိုစဉ်က သူကား လွန်စွာ ကြီးမြတ်ကာ အင်အား ကောင်းခဲ့သည်။ သူ၏ စကားတစ်ခွန်းက ရီဖူရှင်း၏ ကံကြမ္မာအား ပြောင်းလဲနိုင်သည်။ သို့သော် ယခုတွင်ကား ကော့တေးအပြင် ရီဖူရှင်း လက်အောက်တွင် နိုဘယ်များစွာ ရှိသည်။ သူက နန်ဒူနိုင်ငံ၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သည်။
ယခု ရီဖူရှင်းကို သတ်ရန်မှာ လျိုဂျန်လန် တစ်ယောက်တည်း တွင်သာ အခွင့်အရေး ရှိတော့သည်။
ရီဖူရှင်းကား တည်ငြိမ်သည်။ သူက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်ရှည်များက လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။ ထိုအချိန်တွင် တစ်လောကလုံး တိတ်ဆိတ်သွားပုံ ရသည်။ ယခု ထိုမျက်နှာချင်းဆိုင် ရပ်နေသော လူငယ် နှစ်ယောက်သာ ကျန်တော့သည့် အလားပင်။
လျိုဂျန်လန်ကား နန်ဒူနိုင်ငံ၏ နာမည်ကျော် အိမ်ရှေ့စံမင်းသား ဖြစ်သည်။ သူ့တွင် သက်စောင့် ဝိညာဉ်နှစ်ခု ရှိကာ ငယ်ရွယ်စဉ် ကတည်းက အိမ်ရှေ့စံ ဖြစ်ခဲ့သည်။ သူကား နန်ဒူ၏ အနာဂတ် ဘုရင်ဖြစ်ကာ မရေမတွက်နိုင်သော လူများက သူ့ကို ခစားရသည်။ တချို့လူများကား မွေးလာ ကတည်းက ရွှေဇွန်း ကိုက်ထားသူများ ဖြစ်သည်။ သူကား ထိုအထဲမှ တစ်ယောက်ဖြစ်၏။
သူကား ယခင်က လွန်စွာ တောက်ပ လင်းလက် ဖူးသည်။ သူကား နယ်မြေတစ်ရာ ဒေသမှ အရှေ့မြေရိုင်း ဒေသတွင် သွားရောက် လေ့ကျင့်သော ပထမဆုံး ပါရမီရှင် ဖြစ်သည်။ တော်ဝင် ချန်ကျောင်းတော်က သူ့အတွက် လာရောက်ခြင်းက လွန်စွာ ဂုဏ်ယူဖွယ်ရာ ကောင်းလှသည်။ ဧကရာဇ်များက သူ့အား လာရောက် ဂုဏ်ပြုစကား ပြောကြသည်။
ရီဖူရှင်းက မရှိခဲ့လျှင် နယ်မြေတစ်ရာ ဒေသတွင် လျိုဂျန်လန်ကား ခြွင်းချက်မဲ့ ပါရမီရှင် ဖြစ်သည်။
သို့သော်လည်း ကောင်းကင်ဘုံက သူ့အတွက် တမင်ပင် ပြိုင်ဘက် ဖန်တီး ပေးထားသလား မှတ်ရသည်။ ဒွန်ဟိုင် ကျောင်းတော်မှ လူငယ်က အမိန့်တော်ကို ငြင်းဆန်ကာ အသက်ကို စွန့်၍ ထွက်ပြေးခဲ့သည်။ သူက ကန်ယီနိုင်ငံကို ဝင်ရောက်ခဲ့သည်။ သူ ပြန်လာသောအခါ သူက တန်ဖန်းပွဲတော်၌ တစ်ဖန် ထွန်းတောက်ခဲ့သည်။ လျိုဂျန်လန်က တော်ဝင် ချန်ကျောင်းတော်ကို ဝင်ရောက်ခဲ့သည့်တိုင် သူက ရီဖူရှင်းအား ဦးကျိုးအောင် မတတ်နိုင်ခဲ့ပေ။
ထို့နောက် အရှေ့မြေရိုင်း ဒေသမှ အင်အားစုများက ရီဖူရှင်းတို့အား ခေါ်ယူရန် အလုအယက် သွားခဲ့ကြသည်။ ထိုစဉ်က လျိုဂျန်လန်နှင့် ဟာစီရိုတို့လည်း ထိုနေရာတွင် ရှိနေခဲ့ကြသည်။
လျိုဂျန်လန်နှင့် ရီဖူရှင်းတို့၏ တိုက်ပွဲက သူတို့ အချင်းချင်း ဒွန်ဟိုင် ကျောင်းတော်တွင် တွေ့ခဲ့စဉ် ကတည်းက ကံပါလာသည်ဟု ပြောရမည်။ ထိုစဉ်က လျိုဂျန်လန်ကား တော်ဝင်မင်းသား ဖြစ်ကာ ရီဖူရှင်းက ဧကရာဇ်တစ်ပါး၏ အရောင်အဝါကို ထုတ်လွှတ်ခဲ့သည်။ ထို့ကြောင့် ထိုစဉ်က သူတို့ ပြိုင်ဘက် ဖြစ်လာခဲ့သည်။
ရီဖူရှင်းက သူ၏ လက်ကို ဝှေ့ယမ်းသည်။ ငွေသက်တော်စောင့်များက နောက်ကို ဆုတ်သွားကြလျှင် ထိုနေရာက ကွက်လပ် ဖြစ်သွားသည်။ နန်ဒူနန်းတော်ရှေ့ နေရာတွင် လူငယ် နှစ်ယောက်သာ ရပ်နေသည်။ ကြမ်းတမ်းသော ကိုယ်ရောင် ကိုယ်ဝါများ ဖြာထွက်လာသလို နိုဘယ် အသိများကလည်း မွေးဖွား လာကြသည်။
လျိုဂျန်လန်က အကာနာ အဆင့်အား လွန်ခဲ့သော တစ်နှစ်ခန့် ကတည်းက ဝင်ရောက်ခဲ့သည်။ သူက အကာနာ အဆင့်နှစ်မျှသာ ရှိသေးသော်လည်း သူက ရီဖူရှင်းထက် လေးဆင့်တိတိ မြင့်နေသေးသည်။ သူတို့အကြား ကွာဟချက်က ကြီးမားလှသည်။
ရီဖူရှင်းက မည်သို့ ရင်ဆိုင်မည်နည်း။ ယခုတိုင်အောင် ရီဖူရှင်း၏ ယုံကြည်မှုက မည်သည့် နေရာက လာသည်ကို သူမသိပေ။
ကျဲဆွန်၊ ချင်လီနှင့် တခြား လူများကလည်း ထိုမျှကွာဟသော အဆင့်ကြောင့် ရီဖူရှင်း ရှုံးမည်ဟု ကောက်ချက်ချ ထားကြသည်။ တော်ဝင် ချန်ကျောင်းတော်မှ လျိုဂျန်လန်ကား ထိုမျှ အသုံးမကျသောသူ မဟုတ်ပေ။
သူကား အကာနာအဆင့်၏ သာမန်တန်ခိုးရှင် မဟုတ်ပေ။ သူက နိုဘယ်အသိကို ပိုင်ဆိုင်သူ ဖြစ်သည်။ ထိုအခိုက်တွင် လျိုဂျန်လန်က သူ၏ ဓမ္မအား ထုတ်လွှတ် လိုက်သည်။ ထိုအရာကား ဆယ်မီတာခန့် ရှည်လျားသော ကြီးမားသော ကျောက်တုံး ဇာမဏီငှက် ဖြစ်သည်။ ထိုအရာက ကောင်းကင်အား ကြောက်မက်ဖွယ် ကောင်းသော အလင်းတန်း ကျဆင်း လာသလို ဆင်းသက် လာသည်။ မီးလျှံများ နေရာတိုင်းတွင် ရှိသည်။ ထိုအရာထံမှ များစွာသော နိုဘယ် အသိများကို ခံစား၍ ရသည်။
သူ့တွင် သက်စောင့်ဝိညာဉ် နှစ်ခု ရှိသည်။ ဇာမဏီနှင့် ကျောက်တုံး ပုံသဏ္ဌာန်က သူ၏ သက်စောင့်ဝိညာဉ်ကို အခြေခံ၍ ဖန်တီးထားခြင်း ဖြစ်သည်။ ရီဖူရှင်းက ပြင်းထန်သော အပူရှိန်ကို ခံစားရသည်။
သဘာဝ စွမ်းအင်များက လျိုဂျန်လန်၏ ခန္ဓာကိုယ်ထဲကို အဆက်မပြတ် စီးဝင်နေကြသည်။ ထိုအခိုက်တွင် လျိုဂျန်လန်ကား လောက၏ တကယ့် အုပ်ချုပ်သူ ဘုရင်အစစ် အလားပင်။
“အရမ်း အားကောင်းတာပဲ…” မျက်လုံးပေါင်း များစွာက လျိုဂျန်လန်ကို ကြည့်နေကြသည်။ ယနေ့တွင် ရီဖူရှင်းက သူ၏အဖေအား တန်ခိုးအစွမ်း ဖျက်ခဲ့သည်။ ယခုတွင် လျိုဂျန်လန် မည်မျှ ဒေါသ ထွက်နေမည်ကို သိနိုင်၏။ သူက ရီဖူရှင်းအား စိုက်ကြည့်နေသော မျက်လုံးထဲတွင် မီးလျှံများ တောက်လောင်နေပုံ ရသည်။
ကြောက်မက်ဖွယ် အားလှိုင်းက ရီဖူရှင်းကို လာရောက် ဖိအားပေးနေသည်။ လူအများ၏ မျက်လုံး အောက်တွင်ပင် အလွန် လင်းလက်သော အလင်းတန်းတစ်ခု ကောင်းကင်ကို ထိုးတက်သွားသည်။ ထိုအရာကား သူ၏ နိုဘယ် ကံစွမ်းအား ဖြစ်သည်။
အနီရောင်မီးလျှံ နိုဘယ် ကံစွမ်းအားနှင့် ပန်းရောင်လျှပ်စီး ကံစွမ်းအားတို့က လေထဲတွင် ကြမ်းတမ်းစွာ ကခုန်နေကြသည်။ ထို့နောက် ထက်ရှသော ရွှေအိုရောင် မြေဓာတ် ကံစွမ်းအား၊ သစ်သားဓာတ် ကံစွမ်းအား၊ ရေခဲဓာတ် ကံစွမ်းအားတို့ မွေးဖွား လာကြသည်။
ခုနစ်လွှာ ရောင်စဉ်က တိမ်များအကြား လူးလွန့်နေသည်။ ရီဖူရှင်းကား ယခု ဓာတ်စွမ်းအားစုံ နိုဘယ် အရောင်အဝါများ လွှမ်းခြုံနေသည်။
ချင်လီ၊ ချူယောင်ယောင်၊ ချင်မုံရို၊ ချိန်ရှင်းမူနှင့် တခြားလူများ အားလုံးက သူ့အား ကြည့်နေကြသည်။ သူ၏ ပါရမီကား လွန်စွာ ကြောက်မက်ဖွယ် ကောင်းသည်။ သူက ရှေးဟောင်း မြေရိုင်း ဒေသမှ စံချိန်များစွာကို ချိုးဖျက်ခဲ့သည်မှာ မထူးဆန်းတော့ပေ။ သို့သော် သူ၏ ပါရမီများက တန်ခိုးအဆင့် ကွာဟမှုကို လျှော့ချနိုင်ပါ့မလား။
ရီဖူရှင်းက သူ၏ ဓမ္မကို ထုတ်လွှတ်လိုက်လျှင် လွန်စွာ ကြောက်မက်ဖွယ် ကောင်းကာ ကြမ်းတမ်းသော အရှိန်အဝါတစ်ခု မွေးဖွားလာသည်။ ထိတ်လန့်ဖွယ် နတ်လူဝံ ပုံရိပ်တစ်ခု သူ့နောက်တွင် ဖြစ်ပေါ်လာသည်။ သူ့အား ရွှေအိုရောင် အလင်းများဖြင့် ထုဆစ်ထားသည်။ ထိုအရာအား ပန်းရောင် လျှပ်စီးများကလည်း ရစ်ပတ်ထား၏။ အားကောင်းသော နတ်လူဝံ၏ ခန္ဓာကိုယ်ကား နဂါးတစ်ကောင် အလားပင်။ သူ့နောက်တွင် ကောင်းကင်အား ဖုံးအုပ်ထားသော ငှက်မွေး တောင်ပံလည်း ရှိသေးသည်။
လေဓာတ်များက နတ်ငှက်ထံမှ ပေးစွမ်းခြင်း ဖြစ်ကာ ထိုအရာက ရီဖူရှင်း၏ ဓမ္မထဲကို ပျော်ဝင်နေပုံ ရသည်။ ထိုအရာကား လွန်စွာ ကြီးမားကာ လှပတင့်တယ်သော နတ်လူဝံကြီး ဖြစ်သည်။
ထိုဓမ္မနှင့် ပတ်သက်၍ သူတို့၏ ပထမဆုံး အမြင်ကား လွန်စွာ လှပကာ အားကောင်းသည် ဟူ၍ ဖြစ်၏။ ထိုအရာတွင် များစွာသော ထိပ်သီး သတ္တဝါဆန်းများ၏ သဘာဝများ ပါဝင်နေပုံ ရသည်။ ထို့အတူ များစွာသော နိုဘယ် အသိများလည်း ပါဝင်နေသည်။
“ဒီဓမ္မ…” လူအများက ဆွံ့အ သွားကြသည်။ သူ၏ စွမ်းအားက ခိုင်ခံ့လွန်းလှသည်။
“ကော့တေးကို ဝင်ကတည်းက ညီငယ်လေးက တကယ်တမ်း ကောင်းကောင်း တိုက်ခိုက်ခဲ့တဲ့ ပွဲတွေ မရှိသေးဘူး… ကျုပ်တို့က ဒီနေ့ သူ့စွမ်းရည် အစစ်အမှန်ကို မြင်ကြရလိမ့်မယ်…” လျိုဖန်းက ပြုံးလျက် ပြောသည်။ ရီဖူရှင်းကား အရှေ့မြေရိုင်း တစ်ခွင်တွင် ကျော်ကြားသည်။ သို့သော်လည်း သူက ချိန်ရှင်းမူအား မှော်ဂီတပညာဖြင့် အနိုင်ယူခဲ့ကာ ဂူမင်အားလည်း တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။
ယနေ့ တိုက်ပွဲက သူတို့အား ရီဖူရှင်း၏ စွမ်းရည် အစစ်အမှန်ကို မြင်တွေ့ခွင့် ရစေနိုင်ပေသည်။
ဂူတုံးလျိုက ရှေ့ကို ကြည့်နေသည်။ ရီဖူရှင်းက အကာနာ အဆင့်နှစ်မှ တစ်ယောက်ကို ရင်ဆိုင် တိုက်ခိုက်မည့် အပေါ် သူလည်း စိတ်လှုပ်ရှား ရသည်။
လျိုဂျန်လန်က ရှေ့ကို လှမ်းတက်လိုက်သည်။ ကျောက်တုံး ဇာမဏီငှက်က သူ၏ အတောင်ပံအား ခတ်လိုက်သည်။ မကြာမီ ကောင်းကင်တွင် ဥက္ကာခဲများ ဖြစ်ပေါ်လာသည်။ ဥက္ကာခဲများအား မီးလျှံများ လောင်ကျွမ်း နေသည်။
“သေစမ်း…” လျိုဂျန်လန်က ကြိမ်းမောင်း လိုက်သည်။ သူ၏အသံက လူသတ်လိုသော အငွေ့အသက်များ ဖုံးလွှမ်းနေသည်။
ထိုတိုက်ကွက်ကား ဥက္ကာခဲ တိုက်ကွက် ဖြစ်သည်။
သူက ထိုသို့ပြောလျှင် မီးဥက္ကာခဲများက ကောင်းကင်မှ ဆင်းသက် လာသည်။ လေဓာတ်များက အနီးမှ ကြီးမားသော ကျောက်တုံးကြီးအား ရစ်ပတ်ကာ ရီဖူရှင်းထံသို့ တစ်ပြိုင်နက်တည်း တိုးဝင်သွားသည်။
ရီဖူရှင်းက မော့ကြည့်လိုက်သည်။ ဥက္ကာခဲတစ်ခဲစီက ပိဿာချိန်ပေါင်း များစွာ လေးလံပုံရကာ တစ်နေရာတည်းကို ဦးတည်နေသည်။ ထိုအရာများဖြင့် အမှန်တကယ် အရိုက်ခံရပါက အမှန်ပင် ကြောက်မက်ဖွယ် ကောင်းပေသည်။
***