သူကား ကော့တေးမှ ဂူတုံးလျို ဖြစ်သည်။
သူ၏ နောက်မှကား ရွှီယီနှင့် လျိုဖန်းတို့ ဖြစ်ကြ၏။
ကော့တေး၏ နိုဘယ် သုံးယောက်က နန်ဒူနိုင်ငံတွင် ပေါ်လာသည်။ ဂူတုံးလျိုက ကိုယ်တိုင် ရောက်ရှိ လာခဲ့သည်။
ကျဲဆွန်က ဂူတုံးလျိုအား ကြည့်လိုက်သည်။ သူကား ဒွန်ဟွာကလန်မှ လုနန်ထျန်းအား အနိုင်ယူခဲ့သည်။ ထိပ်သီး အင်အားစုမှ ခေါင်းဆောင်များမှအပ သူ့အား ယှဉ်နိုင်မည့်သူ မရှိပေ။ ဂူတုံးလျိုက ဤနေရာကို ရောက်လာသည် ဆိုမှတော့ အရာအားလုံးက ဖြေရှင်းပြီးသား ဖြစ်သွားသည် ချင်လီတို့အားလုံး ပါးစပ်ပိတ် သွားကြသည်။
လုနန်ထျန်းနဲ့ တိုက်ပွဲနောက်ပိုင်း အရှေ့မြေရိုင်း ဒေသတွင် ဂူတုံးလျို၏ အဆင့်အား မည်သူမှ မေးခွန်း မထုတ်ရဲ ကြတော့ပေ။
နန်ဒူနိုင်ငံမှ လူများက အသစ် ရောက်လာသူများအား ကြည့်ကာ မည်သူဖြစ်သည်ကို စဉ်းစား နေကြသည်။ ပတ်ဝန်းကျင်က သူ ရောက်လာသည်နှင့် တိတ်ဆိတ်သွားသည်။ ထိပ်သီး အင်အားစုမှ လူများပင်လျှင် သူ့အား ပြန်မပြောရဲကြပေ။
“အစ်ကိုသုံး…” ရီဖူရှင်းက ဂူတုံးလျိုအား ကြည့်ကာ နှုတ်ဆက်သည်။ ဂူတုံးလျို ကိုယ်တိုင် ရောက်လာခြင်းက သူ၏ အလေးထားမှုကို ဖော်ပြနေသည်။
သူ၏ ခေါ်သံကို ကြားလျှင် လူတိုင်းက အံ့အားသင့် သွားကြသည်။ ရီဖူရှင်း၏ စီနီယာ အစ်ကိုများ ရောက်ရှိလာခဲ့ပြီ။
“ဒီနေ့က ကျုပ်ရဲ့ ညီငယ်လေးနဲ့ နန်ဒူနိုင်ငံရဲ့ တိုက်ပွဲပဲ… အရှေ့မြေရိုင်း ဒေသက ဝင်စွက်ဖက်တဲ့ လူမှန်သမျှက ကော့တေးရဲ့ ရန်သူပဲ…” လူတိုင်းအား ကြည့်ကာ ဂူတုံးလျိုက တည်ငြိမ်စွာ ဆက်ပြောသည်… “ပြီးရင် ခင်ဗျားတို့ ကြည့်ပဲ ကြည့်…” သူ၏ လေသံက မမြင်ရသော လွှမ်းမိုးမှုများ ပါဝင်နေသည်။ အရှေ့မြေရိုင်း ဒေသမှ ထိပ်သီး အင်အားစုများအား သူက ကြည့်ရန်သာ ခွင့်ပြုသည်။
နန်ဒူမှ လူများအားလုံး တုန်လှုပ် သွားကြသည်။ ရီဖူရှင်း၏ ဂိုဏ်းတူ အစ်ကိုကား ထိုလူများထက် စွမ်းဟန်ရသည်။ ဤမတိုင်မီက သူတို့ မှားယွင်းစွာ တွေးမိကြသည်လား။
“ကော့တေးက ကျုပ်တို့ကိုတောင်မှ ထိန်းချုပ်ချင် တာလား…” ချင်လီက မေးသည်။ ဖူယွန် ဓားကလန်က သူ၏ မေးခွန်းအား သဘောတူကာ ဂူတုံးလျိုအား ကြည့်သည်။
ဂူတုံးလျိုက သူ့အား ကြည့်သည်။ “ဟုတ်တယ်…” သူက တစ်ခွန်းသာ ပြန်ပြောသည်။
ချင်လီ၏ အပြုံးက အေးခဲသွားကာ လူတိုင်းက ဂူတုံးလျိုအား ကြည့်လိုက် ကြသည်။ ကော့တေး၏ ဟန်ပန်ကား ရင်းနှီးလှသည်။
အခြေအနေက တင်းမာသွားသည်။ ချင်လီက ဆက်မပြောတော့ပေ။ သူကား ချင်ဘုရင်၏ မြေးဖြစ်သော်လည်း ဂူတုံးလျိုနှင့် အဆင့်မတူပေ။ သူ၏ အဖေသာလျှင် ဂူတုံးလျိုနှင့် ပြောဆိုနိုင်သော အဆင့် ရှိသည်။
ထိုအခိုက်တွင် လူတစ်စု ထိုနေရာသို့ ရောက်လာသည်။ သူတို့ကား တော်ဝင် ချန်ကျောင်းတော်မှ တန်ခိုးရှင်များနှင့် လျိုဂျန်လန်တို့ ဖြစ်ကြသည်။ ဟာယွီလူက သူတို့အား ခေါ်လာခြင်း ဖြစ်သည်။ သူက လျိုဂျန်လန်အား စောင့်ကြပ် နေခြင်းလည်း ဖြစ်သည်။ သူက လျိုဂျန်လန်အား လွန်မင်းစွာ သဘော မကျသည့်တိုင် သူ အနိုင်ရရန်လည်း မျှော်လင့်နေသည်။ ထိုမှသာ ရီဖူရှင်း သေမည်။
သူက ဂူတုံးလျိုအား ကြည့်သည်။ ကော့တေး၏ တတိယ တပည့်လည်း ရောက်ရှိ လာသည်လား။ ကော့တေးကြောင့်သာ မဟုတ်လျှင် ရီဖူရှင်းက ဟာစီရိုအား အသက်သေအောင် ဖိအားပေးနိုင်မည် မဟုတ်ပေ။ ကော့တေးကြောင့် သူက သူ့သမီး အတွက်လည်း လက်စား မချေနိုင်ခဲ့ပေ။
ရီဖူရှင်းနှင့် လျိုဂျန်လန်တို့ နှစ်ယောက်လုံးက လေထဲကို ရောက်ရှိသွားသည်။ လူများကလည်း ထိုနေရာသို့ တဖြည်းဖြည်း စုစည်း လာနေကြသည်။ ယခုကား ထိုနေရာ၌ မရေမတွက် နိုင်သော စွမ်းအားမြင့် တန်ခိုးရှင်များ ရောက်နေပြီ ဖြစ်သည်။
“တော်ဝင် ချန်ကျောင်းတော်… နောက်ဆုတ်…” ဂူတုံးလျိုက လျိုဂျန်လန်၏အနီးမှ လူများကို ကြည့်ကာ ပြောသည်။
ဟာယွီလူ၏ မျက်လုံးက တင်းမာသွားကာ ပြောသည်… “ကျုပ် ဒီက ကြည့်မယ်…” သူက ပြောသည်။
“နောက်ဆုတ်…” ဂူတုံးလျိုက အေးစက်စွာ ထပ်ပြောသည်။
ဟွာယွီလူက ဒေါသကို ချုပ်တည်းလိုက်သည်။ တော်ဝင် ချန်ကျောင်းတော်မှ တခြား လူများကလည်း ဒေါသ ထွက်ကြသည်။
“ကျုပ်ရဲ့ အစ်မနှစ်က သိမ်မွေ့နူးညံ့ပြီး ကြင်နာတဲ့အတွက် ခေ့ကေးမြို့ကိစ္စမှာ တစ်ယောက်ပဲ သေခဲ့တယ်… ကျုပ်ရဲ့ အစ်ကိုသုံးကတော့ ဒီလောက် မလွယ်ဘူး မှတ်ပါ…” လျိုဖန်းက နောက်မှ အေးစက်စွာ ပြောသည်။ တော်ဝင် ချန်ကျောင်းတော်က သူ၏ ညီငယ်အား လုပ်ကြံသူကို ကာကွယ်ရဲသည်။ ထိုစဉ်က ကျူးကော့ဟွေ၏ နေရာတွင် ဂူတုံးလျို ဆိုပါက အခြေအနေက ကွဲပြား သွားနိုင်ပေသည်။
သူတို့က အစ်ကိုကြီးနှင့် သိပ်မရင်းနှီး သော်လည်း သူတို့က အစ်မနှစ်နှင့် အစ်ကိုသုံးတို့၏ စိတ်နေသဘောကို သိကြပေသည်။ သူတို့ နှစ်ယောက်လုံးက ဆရာကို လွန်စွာ ရိုကျိုးကြ သော်လည်း မည်သို့ပင်ဆိုစေ ကျူးကော့ဟွေကား မိန်းမ တစ်ယောက်သာ ဖြစ်သည်။ ပုံမှန်အားဖြင့် သူမက သိမ်မွေ့ပေသည်။ ဂူတုံးလျိုက ပိုမို၍ ရင့်သီး၏။
အနီးမှ လူများ အားလုံးက လျိုဖန်းအား ကြည့်ကြသည်။ သူတို့၏ အစ်မနှစ်က ဘယ်အချိန်က သိမ်မွေ့ နူးညံ့ကာ ကြင်နာတတ် သနည်း။ သူမက ခေ့ကေးမြို့ကို ရောက်ရောက်ချင်းတွင် ဒွန်ချင်ကျောင်းတော် ဂိတ်တံခါးကို ဖျက်ဆီးပြီး ကျောင်းတော်၏ ပြိုင်ပွဲကို ရပ်တန့်စေသည်။
တော်ဝင် ချန်ကျောင်းတော်မှ လူများ အားလုံး မသက်မသာ ခံစားကြရသည်။ ဟာယွီလူက သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်… “ကော့တေးက ကတိတည်မယ်လို့ ကျုပ် မျှော်လင့်တယ်…”
ရှုံးနိမ့်သူက သေရမည်ဟု ရီဖူရှင်းနှင့် လျိုဂျန်လန်တို့က သဘောတူ ထားကြသည်။ ကော့တေးက စည်းကမ်းအား ပြောင်းလဲမည်ကို သူ စိုးရိမ်သည်။
သူက တော်ဝင် ချန်ကျောင်းတော်အား နောက်ဆုတ်စေသည်။ မြေကွက်လပ်တွင်ကား ရီဖူရှင်းနှင့် လျိုဂျန်လန်တို့ တိုက်ခိုက်ရန် အတွက် နေရာ အဆင်သင့် ဖြစ်နေလေပြီ။
“မင်း လူတွေကော နောက်မဆုတ် ဘူးလား…” လျိုဂျန်လန်က ရီဖူရှင်းကို မေးသည်။
“စိတ်မပူနဲ့… ကျုပ်က တချို့ကိစ္စတွေ လုပ်စရာ ရှိသေးတယ်…” ရီဖူရှင်းက ပြုံးလိုက်ကာ ဧကရာဇ်ရီ၏ဘေးမှ အဘိုးအိုကို ကြည့်လိုက်သည်… “တော်ဝင် အကြံပေးဆရာ…” ဧကရာဇ်ရီ၏ ဘေးမှ အဘိုးအိုက ရှေ့ကို တက်လာသည်။ သူ့ကို မြင်လျှင် ဧကရာဇ်လျို၏ မျက်လုံးက တင်းမာ သွားသည်။ သူကား နန်ဒူနိုင်ငံ၏ နန်းတွင်း မှော်ဆရာ မိုဟီဖြစ်သည်။
ဘာတွေ ဖြစ်နေတာလဲ။ နန်ဒူနိုင်ငံမှ လူများက နားမလည်ကြပေ။
မိုဟီက လေထဲကို ထိုးတက်သွားကာ ရီဖူရှင်း၏ဘေးကို ရောက်သွားသည်။ သူက မျက်မမြင်သော်လည်း အာရုံခံ လွန်စွာ ကောင်းသည်။ နန်ဒူနိုင်ငံမှ လူများကို မျက်နှာချင်းဆိုင်၍ သူက ပြောသည်… “ကျုပ်က နန်ဒူနိုင်ငံရဲ့ အရင် တော်ဝင် မိသားစုဟောင်း လက်ထက်က နန်းတွင်း မှော်ဆရာပဲ…” သူ၏ စကားက လူအများအား အံ့အားသင့် စေသည်။ သူကား ယခင် တော်ဝင် မိသားစုဟောင်းမှ ဖြစ်ပြီး နန်းတွင်း မှော်ဆရာ ဖြစ်ခဲ့သည်။
“လျိုထျန်းယန်က တစ်ချိန်တုန်းက နန်ဒူဧကရာဇ်ရဲ့ သက်တော်စောင့် တစ်ယောက်ပဲ…” မိုဟီက တည်ငြိမ်စွာ ပြောသည်… “အဲဒီနှစ်က … အရှင်မင်းကြီး၊ လျိုထျန်းယန်နဲ့ ကျုပ်တို့က ရှေးဟောင်း မြေရိုင်း ဒေသကို အတူတူ ဝင်ရောက်ခဲ့ကြတယ်… လျိုထျန်းယန်က အရှင်မင်းကြီးကို အလစ် တိုက်ခိုက်ခဲ့ပြီး ကျုပ်ကလည်း သူ့ကြောင့် မျက်လုံး ကွယ်ခဲ့ရတယ်… သူက အရှင်မင်းကြီးရဲ့ ကံစွမ်းအားကို ခိုးယူပြီး နိုဘယ် ဖြစ်လာခဲ့တယ်… ပြီးတော့ သူက ဧကရာဇ်အဖြစ် နာမည်ခံပြီးတော့ ထီးနန်းကို လုယူခဲ့တယ်…”
ဧကရာဇ်လျို၏ မျက်နှာက လွန်စွာ အရုပ်ဆိုးသွားကာ သူက အော်ဟစ်သည်… “အဓိပ္ပာယ်မရှိတာ…”
“စီနီယာ… ပြန်သွားလို့ ရပါပြီ…” ရီဖူရှင်းက နန်းတွင်း အကြံပေး ဆရာကို ပြောသည်။ ထို့နောက် သူက ဆက်ပြောသည်… “ဒီကိစ္စက မှန်တယ် မှားတယ်ဆိုတာ နောက်ပိုင်း သေသေချာချာ စစ်ဆေးလို့ရတယ်… ဒါပေမဲ့ ဒွန်ဟိုင်မြို့ ကိစ္စကရော…”
“ငါမင်းကို ရာထူးတွေ ပေးခဲ့တာပဲ … မင်းက ငြင်းပယ်ခဲ့တယ်… ငါ ဘာပြောရမလဲ…” ဧကရာဇ်လျိုက ပြောသည်။
“ကောင်းတယ်… ကြည့်ရတာ ခင်ဗျားက ကျုပ်ကို ကောင်းချီး ပေးခဲ့တာပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်… “ဒီလိုဆိုရင်လည်း ကျုပ်ကလည်း ခင်ဗျားကို ကောင်းချီး ပေးရတာပေါ့… ခင်ဗျား သေပြီးနောက်ပိုင်း ခင်ဗျား အပြစ်တွေအတွက် ကျုပ်ဆရာ ဘိုးဘိုးရဲ့ ရုပ်တုရှေ့မှာ ထာဝရ ဒူးထောက်စေမယ်…”
“မင်း…” ဧကရာဇ်လျို၏ အမူအရာကား လွန်စွာ အေးစက် သွားသည်။ ရီဖူရှင်းက လျိုဂျန်လန်နှင့်ပင် မတိုက်ခိုက်ရသေးဘဲ သူ့အား သတ်လိုသည်။
“သူ့ကို ဖမ်းစမ်း…” ရီဖူရှင်းက အေးစက်စွာ အမိန့်ပေးသည်။ ငွေသက်တော်စောင့်များက ချက်ချင်းပင် ဧကရာဇ်လျိုထံသို့ တိုးဝင်သွားသည်။ ကြောက်မက်ဖွယ် ရေခဲဓာတ်က ဆင်းသက် လာသည်။ တခြား ဧကရာဇ် ခြောက်ပါး မည်သို့ သေဆုံး သွားသည်ကို တွေးမိလျှင် ဧကရာဇ်လျို တုန်ယင်သွားသည်။
သူ၏ တုံ့ပြန်မှုကား အလွန် မြန်ဆန်သည်။ သူက ကောင်းကင်သို့ လျှပ်စီးအလား ထိုးတက်သွားပြီး ထွက်ပြေးရန် ကြိုးစားသည်။ ထိုစဉ် လူတစ်ယောက် ကလည်း ကောင်းကင်သို့ ထိုးတက်သွားကာ ဧကရာဇ်လျို၏ ဘေးသို့ ရောက်လာသည်။ သူမကား ရေခဲမယ် တစ်ယောက် ဖြစ်သည်။ သူမက ဧကရာဇ်လျိုအား ကြည့်လျှင် သူက စိတ်နယ်ပယ်ထဲကို တိုးဝင်လာသော အအေးဓာတ်ကို ခံစားရသည်။ ထို့နောက် သူက ရေခဲအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ရပ်တန့်သွားသည်။
မိန်းကလေးက သူ့အား ဖမ်းကိုင်ကာ ရီဖူရှင်းထံသို့ ခေါ်လာသည်။ နိုဘယ် တစ်အုပ်စု ကလည်း သူမ၏ နောက်တွင် ပေါ်လာသည်။ သူတို့ အားလုံးတွင် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ပိုင်ဆိုင် ထားကြသည်။ ငွေသက်တော်စောင့်များ အံ့အားသင့် သွားကြသည်။ သူတို့က ထိုမိန်းကလေးအား သိကြသည်။ မျက်လုံး တစ်မှိတ် အတွင်းတွင် ဧကရာဇ်လျိုကား အဖမ်းခံရ၏။
ဧကရာဇ်လျိုအား ဖမ်းဆီးခဲ့သော မိန်းကလေးက ရီဖူရှင်းအား ဦးညွှတ်ကာ ပြောသည်… “ကျွန်မက လန်လို့ ခေါ်ပါတယ်… သားတော်ကို နှုတ်ဆက်ပါတယ်…”
“သားတော်ကို နှုတ်ဆက်ပါတယ်…” တခြား နိုဘယ်များကလည်း အရိုအသေပေးကာ ပြောကြသည်။ သူတို့က သူ့အား သားတော်ဟု ခေါ်ရာ ဘုရင်မက သူတို့အား စေလွှတ်ခဲ့ခြင်း ဖြစ်ပုံရသည်။
ထိုအဘွားကြီးက သူ့အတွက် ဤမျှ အားကောင်းသော အင်အားကို စေလွှတ် ပေးခဲ့သည်။
“ရီဖူရှင်း…” လျိုဂျန်လန်၏ ကိုယ်ရောင် ကိုယ်ဝါက ရုန့်ရင်း ကြမ်းတမ်းကာ ရီဖူရှင်းအား ဒေါသတကြီး ကြည့်သည်။ သူတို့က တိုက်ခိုက်ခြင်း မရှိသေးမီတွင်ပင် ရီဖူရှင်းက လှုပ်ရှားနေသည်။
“မင်းက စည်းကမ်းကို ဖောက်ဖျက် နေတာပဲ…” ဟွာယွီလူက မျက်မှောင်ကြုတ်ကာ ပြောသည်…”
ရီဖူရှင်းက လျိုဂျန်လန်အား ကြည့်ကာ ဟာယွီလူအား ပြောသည်… “လျိုဂျန်လန်က တော်ဝင် ချန်ကျောင်းတော်ရဲ့ တပည့်ဖြစ်လို့ အရှေ့မြေရိုင်း ဒေသရဲ့ စည်းကမ်းနဲ့အညီ သူ့ကို စိန်ခေါ်ထားတယ်… ဒါပေမဲ့ နန်ဒူနိုင်ငံနဲ့ ကျုပ်အကြားက ရန်ငြိုးက နောက်ကိစ္စ တစ်ခုပဲ…”
ထို့နောက် သူက ဧကရာဇ်လျိုအား ကြည့်သည်။ သူ၏ မျက်လုံးများက ဒေါသရောင်များ ဟုန်းဟုန်း တောက်နေသည်။
ရီဖူရှင်းက ဂရုမစိုက်ပေ… “ခင်ဗျား မျှော်လင့်ချက်မဲ့သလို ခံစားရလား…” သူက မေးသည်။ လျိုဂျန်လန်က ရီဖူရှင်းအား အနိုင်ရမည်ဟု သူက ယုံကြည် ထားခဲ့သည်။ ထို့နောက် သူက နန်ဒူအား ဆက်လက် အုပ်စိုးမည်။ သို့သော် ရီဖူရှင်းက သူ့အား ထိုသို့ အခွင့်အရေး မပေးခဲ့ပေ။
“သူ့အစွမ်းတွေကို ဖျက်လိုက်…” ရီဖူရှင်းက အမိန့်ပေးသည်။
“ဟုတ်ကဲ့…” လန်က ခေါင်းညိတ်သည်။ သူမက ဧကရာဇ်လျို၏ ခန္ဓာအား သူမ၏ လက်ဝါးဖြင့် ရိုက်လိုက်သည်။ ထိုအခိုက်တွင် ကြောက်မက်ဖွယ် ကောင်းသော ရေခဲဓာတ်က ဧကရာဇ်လျို၏ ခန္ဓာထဲကို ဝင်ရောက်သွားကာ ကလီစာများ ပျက်စီး လာသည်ကို ခံစားရသည်။ ဧကရာဇ်လျို တုန်ယင် သွားသည်။
သူကား ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း ယခု သူ၏ အစွမ်းအား အဖျက်ခံရသည်။ သို့တိုင်အောင် အဖြစ်မှန်အား သူ လက်မခံနိုင်သေးပေ။
သူကား နန်ဒူ၏ ခေါင်းဆောင်ဖြစ်ကာ ဧကရာဇ်တစ်ပါး ဖြစ်သည်။
မျက်လုံးပေါင်း များစွာက ထိုမြင်ကွင်းကို နားမလည်ခြင်း များစွာဖြင့် ကြည့်ကြသည်။ နန်ဒူဧကရာဇ်က ဤကဲ့သို့နည်းဖြင့် အမှန် တန်ခိုးအစွမ်း အဖျက်ခံရသည်လား။ တိုက်ပွဲပင် မစသေးဘဲ ရီဖူရှင်းက ဧကရာဇ်လျို၏ အစွမ်းကို ဖျက်ဆီးခဲ့သည်။
“မဟုတ်ဘူး…” သူက ကလီစာအား အေးခဲသွားသည်ကို ခံစားရသည်။ စွမ်းအားများ ဆုံးရှုံးသွားသည်ကို ခံစားမိလျှင် သူကား လွန်စွာ ကြောက်ရွံ့ ထိတ်လန့်သည်။ ထိုအခိုက်တွင် သူကား ဟိုယခင်က မြင်ကွင်းကို ပြန်လည် သတိရသည်။ ထိုအချိန်က သူကား စာကြည့်တိုက်တွင် အမိန့်တော် တစ်ခုကို ရေးသားနေသည်။ ထိုအချိန်က သူကား နန်ဒူမြေပြင်ကို အပိုင်စိုးရကာ နန်ဒူ ကောင်းကင်၏ ဆန္ဒက သူ၏ဆန္ဒ ဖြစ်ခဲ့သည်။
ယခု အခြေအနေကား ပြောင်းပြန် ဖြစ်နေလေပြီ။ ရီဖူရှင်းက သူ့အား အခွင့်အရေး လုံးဝ မပေးပေ။
“ပြီးတော့ သူ…” ရီဖူရှင်းက မှင်တက်နေသော ဝန်ကြီးချုပ်ဟွာကို ညွှန်ပြသည်။ ဧကရာဇ်လျို ဖမ်းဆီး ခံရသည်ကို မြင်ကတည်းက သူ၏ အဆုံးသတ်ကိုလည်း မြင်ပြီး ဖြစ်သည်။ သူက ထွက်ပြေးရန် မကြိုးစားရဲပေ။ ထိုအရာက မဖြစ်နိုင်သည်ကို သူသိသည်။
ထို့နောက် သူက မြေပြင်တွင် ဒူးထောက် လိုက်သည်။ သူကား အကာနာ အဆင့် အမြင့်ဆုံးတွင် ရှိသော်လည်း လက်ရှိတွင် လွန်စွာ ကြောက်ရွံ့ နေလေပြီ။
“ကျုပ်က အမိန့်ကိုပဲ နာခံခဲ့ရတာပါ … ကျုပ်ကို ခွင့်လွှတ်ပါ…” ဝန်ကြီးချုပ်ဟွာက တုန်ယင်စွာ ပြောသည်။
ရီဖူရှင်းက လေထဲတွင် ရပ်ကာ မြေပြင်ကို အေးစက်စွာ ကြည့်သည်။ အမိန့်ကို နာခံသည်လား။ ထိုအရာက လွန်စွာ ရယ်ရွှင်ဖွယ် ကောင်းသော အကြောင်း ပြချက်ပင်။
သက်ညှာခြင်း မရှိဘဲ ဝန်ကြီးချုပ် ဟွာသည်လည်း အစွမ်း ဖျက်ဆီးခံရသည်။ မှန်သည်… သူတို့၏ အကြောက်တရားကား အမြင့်ဆုံးကို ရောက်နေကြလေပြီ။
ရီဖူရှင်းကလည်း ထိုသို့သော ကြောက်ရွံ့မှုကို ခံစားဖူးသည်။ အရှေ့ပင်လယ် ဒေသစီရင်စု ခေါင်းဆောင် ရှာဖိန်က အမိန့်တော်အား ထုတ်ပြန် ကြေညာသော အချိန်က သူ့ခေါင်းအား မိုးကြိုးဖြင့် အပစ်ခံရသလို ခံစားလိုက်ရသည်။ ထိုအချိန်က သူမည်မျှ မျှော်လင့်ချက် မဲ့ခဲ့သည်ကို မည်သူမှ မသိပေ။
ယခုကား ထိုအရာများကို ပြန်ပေးရမည့် အချိန်ဖြစ်သည်။ မျက်လုံးအတွက် မျက်လုံးဖြစ်သည်။
***