သူတို့ကား ချင်လီနှင့် ချူယောင်ယောင်တို့ ဖြစ်ကြသည်။
ရီဖူရှင်းက လစန္ဒာကလန်မှ ထွက်သွားပြီးနောက် ချင်လီက ပိုမို၍ ဝင့်ကြွားလာသည်။ သူက လစန္ဒာကလန်သို့ လက်ဆောင် များစွာဖြင့် သွားရောက်ခဲ့ကာ ချူယောင်ယောင်၏ ဆရာ ရန်ဖေးဟွန်ကလည်း စိတ်ယိမ်းယိုင်ခဲ့သည်။ ရန်ဖေးယွန်က ချင်လီနှင့် ချူယောင်ယောင်အား သဘောတူခဲ့ကာ ချူယောင်ယောင်အား ဒွန်ချင် ကျောင်းတော်၌ အတန်ကြာ တက်ရောက်ရန် ခွင့်ပြုချက် ပေးခဲ့သည်။
ထိုသတင်းကလည်း အရှေ့မြေရိုင်း ဒေသအား အတော် လှုပ်ခတ်ခဲ့သေးသည်။ လစန္ဒာကလန်က ချင်ပြည်ထောင်နှင့် မဟာမိတ်ပြုမည်လော လူအများက စိတ်ဝင်စား မိကြသည်။
ကျဲဆွန်၊ ရီဝူချင်းနှင့် တခြားလူများကို ကြည့်ကာ ချင်လီနှင့် ချူယောင်ယောင်တို့ လျှောက်လာကြသည်။ ချင်လီက ရယ်မောလျက် ပြောသည်… “လျိုဂျန်လန်က အရှေ့မြေရိုင်း ဒေသရဲ့ အတော်ဆုံးတော့ မဟုတ်ဘူး… ဒါပေမဲ့ သူက တော်ဝင် ချန်ကျောင်းတော်က ပါရမီရှင်ဖြစ်ပြီး ဟာယွီလူရဲ့ လက်ရင်းတပည့်ပဲ… ဒီလောက် တန်ခိုးအဆင့် ကွာတာ သူက ဘယ်လိုလုပ် ရှုံးမှာလဲ…”
ဧကရာဇ်ရီနှင့် ရီလင်းဇီတို့ မျက်မှောင်ကြုတ် သွားကြသည်။ ထိုလူများမှာ သိသာစွာပင် အရှေ့မြေရိုင်း ဒေသမှ ထိပ်သီး အင်အားစုများ ဖြစ်ကြလိမ့်မည်။ မဟုတ်လျှင် ရီဖူရှင်းအား ဤသို့သော လေသံဖြင့် ဝေဖန်ရဲကြမည် မဟုတ်ပေ။
“ရီဖူရှင်းက ဒွန်ချင် ကျောင်းတော်မှာ စိန်ခေါ်တုန်းကလည်း မင်းက ဒီလိုပဲ တွေးထင်ခဲ့တာပဲ…” ရီဝူချင်းက တည်ငြိမ်စွာ ပြောသည်။ ချင်လီက ရီဖူရှင်းအား ကြိမ်ဖန်များစွာ ဝေဖန်ခဲ့သည်။ သူကား အမြဲတမ်း သူ၏ စကားအတွက် အရှက်ရခဲ့သော်လည်း တစ်ခါမှ သင်ခန်းစာ မရပေ။
သူတို့က ရန်သူများဖြစ်ရာ ချင်လီက ရီဖူရှင်းအား ရှုံးနိမ့်သွားစေရန် လိုလားသည်ကို ရီဝူချင်း သိသည်။
ရီဝူချင်း၏ စကားကို ချင်လီက ဂရုစိုက်ဟန် မရပေ။ သူက ပြုံးလျက် ပြောသည်… “ရီဝူချင်း… မင်းကို ကော့တေးကလို့ လူတွေ ထင်ကြတော့မယ်…”
“ဒီမှာ အရမ်း စည်ကားတာပဲ…” ရယ်မောသံတစ်ခု ကြားကြရသည်။ အရှေ့မြေရိုင်း ဒေသမှ ကျိမိသားစုကလည်း ရောက်ရှိ လာကြသည်။ တချို့က ကောင်းကင်မှ ဆင်းသက် လာကြ၏။ ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်တို့ ကလည်း ဤနေရာတွင် ရှိသည်။ ချိန်ရှင်းမူနှင့် ချင်မုံရိုတို့က တစ်ချိန်တည်းတွင် ရောက်ရှိလာကာ လူအများ၏ အာရုံစိုက်မှုကို ရရှိကြသည်။
ချူယောင်ယောင်နှင့် ချင်မုံရိုတို့ကား လွန်စွာ လှပ ချောမောကြသည်။ ထိုနေရာက ပါရမီရှင်များနှင့် နတ်မိမယ်များ စုစည်းရာ နေရာကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် ထိုလူငယ်များ၏ နောက်မှ လူများမှာလည်း နိုဘယ်များ ဖြစ်ဟန် ရသည်။
နန်းတော်နှင့် သိပ်မဝေးသော စားသောက်ဆိုင်က လွန်စွာ စည်ကား လာနေသည်။ အရှေ့မြေရိုင်း ဒေသမှ စွမ်းအားမြင့် တန်ခိုးရှင်များ အားလုံး ထိုနေရာတွင် စုစည်းနေကြသည်။
နန်းတော်အနီးမှ လူများက ထိုမြင်ကွင်းကို သတိထားမိလျှင် အနီးကို လျင်မြန်စွာ လျှောက်လာကြသည်။ သူတို့ကား ဧကရာဇ်လျိုနှင့် ဝန်ကြီးချုပ်ဟွာတို့ ဖြစ်ကြသည်။
ထိုနေရာသို့ ရောက်လျှင် ဧကရာဇ်လျိုက လူတိုင်းအား ကြည့်ကာ ပြောသည်… “ခင်ဗျားတို့ အားလုံးက အဝေးက ရောက်လာရတယ်… နန်ဒူကလန်ရဲ့ ခေါင်းဆောင် အနေနဲ့ ကျုပ်က ဧည့်ဝတ်ကျေဖို့ လိုတယ်… ဒီနေရာက အရမ်း လူရှုပ်တယ်… နန်ဒူ နန်းတော်ထဲကို လိုက်ခဲ့ကြပါ…” သူက ဧကရာဇ် ဖြစ်သည့်တိုင် ထိုလူများရှေ့တွင် သူက နှိမ့်ချစွာ ပြုမူရန် လိုပေသည်။
“သေချာတာပေါ့…” ချင်လီက ပြုံးလျက် ခေါင်းညိတ်သည်။ သူ၏ သဘောထားက လူအများအား အံ့အားသင့်စေသည်။ သူက ရီဖူရှင်းအား တမင် ဆန့်ကျင် နေလိုသည်လား။ ရီဖူရှင်းနှင့် ဧကရာဇ်လျိုတို့ အကြား ရန်ငြိုးကို လူတိုင်း သိကြသည်။ သူက ဧကရာဇ်လျိုနှင့် နီးကပ်စွာ ဆက်ဆံနေလျှင် ရီဖူရှင်းက မည်သို့ တွေးထင်မည်နည်း။
ချိန်ရှင်းမူနှင့် ချင်မုံရိုတို့က ချင်လီ၏ သဘောအတိုင်း ဆောင်ရွက်မည်မှာ သေချာပေသည်။ လူအများအပြားက ဧကရာဇ်လျိုထံ လျှောက်သွား လိုက်ကြသည်။ ပရိသတ်များက နားမလည်ကြပေ။ ကြည့်ရသည်မှာ ရီဖူရှင်းက အရှေ့မြေရိုင်း ဒေသတွင် သိပ်အဆင်ပြေပုံ မရပေ။ မဟုတ်လျှင် ထိုလူများက ရီဖူရှင်း၏ သဘောကို အဘယ်ကြောင့် ဂရုမစိုက်ဘဲ နေကြသနည်း။
“စီနီယာအစ်ကို … ကျွန်တော်တို့ကော…” ချီဟောင်က ကျဲဆွန်အား ကြည့်ကာ မေးသည်။ ကျဲဆွန်က ခေါင်းညိတ်သည်… “သွားကြတာပေါ့…”
ထိုမြင်ကွင်းကို ကြည့်ကာ ဧကရာဇ်ရီက မျက်မှောင်ကုတ် သွားသည်။ သူက အရှေ့မြေရိုင်း ဒေသမှ ထိပ်သီး အင်အားစုများနှင့် သိပ်မရင်းနှီးပေ။ ထို့ကြောင့် ဘာဖြစ်နေသည် ကိုလည်း နားမလည်ပေ။
“သူက နယ်မြေတစ်ရာ ဒေသမှာ ဝင်မပါဘူးလို့ မပြောခဲ့ဘူးလား…” ရီလင်းဇီက ညင်သာစွာ ပြောသည်။
ဤမတိုင်မီက ကျဲဆွန်က မည်သို့ ပြောခဲ့သနည်း။ သူက ရီဝူချင်း၏ နောက်ခံအား နယ်မြေတစ်ရာ ဒေသအတွက် အသုံးချမည်ကို သဘောမကျပေ။
သူမ၏ အသံက တိုးညင်းသော်လည်း ချီဟောင်က ကြားသည်သာ။ သူ၏ မျက်လုံးက အရောင်လက် သွားကာ သူမဘက်ကို လှည့်လိုက်သည်… “ဒါက မင်းစကား ပြောရမယ့် နေရာ မဟုတ်ဘူး…” ဖူယွန်ဓားကလန်၏ ပထမ တောင်ကုန်းက ရီဝူချင်းအား တစ်ခါမှ သဘောမကျခဲ့ပေ။ ယခု သူ့ဘေးမှ မိန်းကလေးက သူတို့ကိစ္စတွင် ဝင်ရောက် မှတ်ချက် ချနေသည်။
ရီဝူချင်းက မျက်မှောင်ကြုတ် လိုက်သည်။ ချီဟောင်က သူ့ကို ဦးတည်ကာ တိုက်ခိုက် နေသည်ဟု ခံစားရသည်။ မဟုတ်လျှင် သူက ရီလင်းဇီအား အရှက်ခွဲစရာ မလိုပေ။ သူက ထရပ်လိုက်လျှင် ဓားအသိက သူ့ခန္ဓာမှ ဖြာထွက် လာသည်။
“ဘာလဲ … မင်းက ငါ့ကို တိုက်ခိုက် ချင်တာလား…” ချီဟောင်က သူ့ကို ကြည့်သည်။
ပတ်ဝန်းကျင်မှ လူများ အားလုံးက စိတ်ဝင်စားစွာ ကြည့်ကြသည်။ ဖူယွန် ဓားကလန် အတွင်း အချင်းချင်း တိုက်ခိုက် ကြတော့မည်လော။
“ဝူချင်း…” ဧကရာဇ်ရီက သူ၏ ပခုံးအား ကိုင်ကာ ရပ်တန့်ရန် ပြောသည်။ သူတို့ အားလုံးက ဖူယွန်ဓားကလန်မှ ဖြစ်သည်ကို သူသိသည်။ ကလန်အတွင်း ရီဝူချင်း၏ အခြေအနေက ဤကိစ္စကြောင့် ခက်ခဲမည်ကို သူ မလိုလားပေ။
ချီဟောင်က သူ့အား ပြုံးလျက် ကြည့်နေသော အချိန်တွင် ရီဝူချင်း၏ အမူအရာကား အေးစက် နေသည်။ ရီလင်းဇီကလည်း ပြောသည်… “ဒါ အဆင်ပြေတယ်…”
“သွားစို့…” ကျဲဆွန်က ပြောသည်။ ချီဟောင်က ရယ်မောကာ သူနှင့် ပထမတောင်ကုန်းမှ လူများက ဧကရာဇ်လျိုနှင့်အတူ ထွက်သွားကြသည်။
ချင်လီ၊ ချူယောင်ယောင်၊ ချိန်ရှင်းမူ၊ ချင်မုံရိုနှင့် တခြားလူများ အားလုံးကလည်း ဧကရာဇ်လျို နောက်မှ လိုက်ပါ သွားကြသည်။ ကျိမိသားစုမှ လူများကလည်း ပြုံးကာ ထိုအုပ်စု နောက်မှ လိုက်ပါ သွားကြသည်။
ထိုအနီးမှ လူများ အားလုံးက ဧကရာဇ်ရီတို့ အုပ်စုကို ကြည့်ကာ တိုးတိုးလေး ပြောကြသည်။ လူအများအပြားက ဧကရာဇ်လျို နောက်ကို လိုက်ပါ သွားကြသည်။ လူအုပ်က ပါးလျသွား၏။ ထိုစဉ် ကောင်းကင်၌ စွမ်းအားမြင့် တန်ခိုးရှင် တစ်အုပ်စု ပေါ်လာသည်။ သူတို့ကား ရီဖူရှင်းတို့ ဖြစ်ကြသည်။
ကောင်းကင်တွင် ရီဖူရှင်းက နန်ဒူနန်းတော်သို့ တိုက်ရိုက် သွားနေသည်။ သူက ရောက်လုနီးတွင် မြေပြင်၌ လဲလျောင်းနေသော ခွန်ပန်နှင့် လူတစ်စုကို မြင်သည်။ သူ၏ မျက်လုံးက အရောင်တစ်ချက် လက်သွားသည်။
“ဆင်းမယ်…” ရီဖူရှင်းက ပြောသည်။ သူတို့က စားသောက်ဆိုင်သို့ သွားကြသည်။
တစ်စုံတစ်ခုအား ခံစားမိလျှင် လူအများအပြားက ရီဖူရှင်း၊ ဟွာဂျီယူနှင့် တခြားလူများကို ကြည့်ကြသည်။
“ရီဖူရှင်း…” လူအများအပြားက အံ့အားသင့် သွားကြသည်။ ဝမ်းနည်းစွာပင် ထိုလူများက ခုနက ထွက်သွားကြသည်။ မဟုတ်လျှင် ပွဲကောင်းတစ်ပွဲ ကြည့်ရပေမည်။ သို့သော် ထိပ်သီး အင်အားစုများ၏ တပည့်များက ဤနေရာတွင် မရှိတော့ရာ ဘာမှ ဖြစ်မည် မဟုတ်တော့ပေ။
“ဘာဖြစ်လို့လဲ…” ထူးဆန်းသော အမူအရာများကို မြင်လျှင် ရီဖူရှင်းက မေးသည်။ သူ အဝေးကို လှမ်းကြည့်လိုက်လျှင် ချင်လီ၊ ချူယောင်ယောင်နှင့် တခြား လူများကို မြင်သည်။
“အဲဒီ ကောင်တွေက အရမ်း မောက်မာတယ်…” လျိုဖေးယွန်က ဖြစ်ပျက်သမျှအား အတိုချုံး ပြောသည်။
ရီဖူရှင်း၏ မျက်လုံးများက အရောင် တစ်ချက် လက်သွားသည်။ သူက ချင်လီ၏ အပြုအမူအား သိပ်မထူးဆန်းပေ။ ဤကောင်ကား အမြဲတမ်း သူ့ကို လိုက်၍ ကန့်လန့်လုပ်သည်။ ရီဖူရှင်းက သူ့အား တဖြည်းဖြည်း ပို၍ ကြည့်မရတော့ပေ။ သို့သော်လည်း ဖူယွန်ဓားကလန်မှ ပထမ တောင်ကုန်းနှင့် သတ္တမတောင်ကုန်း အကြား ကတောက်ကဆက ပိုမိုကြီးမားလာပုံ ရသည်။ မဟုတ်လျှင် ကျဲဆွန်နှင့် ချီဟောင်တို့က ဤသို့ ပြုမူမည် မဟုတ်ပေ။
“ဦးလေးရီ… တော်ဝင် အကြံပေးဆရာလည်း လာသလား…” ရီဖူရှင်းက ဧကရာဇ်ရီအား မေးသည်။
“အင်း… သူက တည်းခိုခန်းမှာ ရှိတယ်…” ဧကရာဇ်ရီက ခေါင်းညိတ်သည်။
“ကောင်းတယ်… သူ့ကို နန်းတော်သို့ ခေါ်လာပေးပါ…” ရီဖူရှင်းက ပြောသည်။ သူ၏ ခန္ဓာက လျှပ်တစ်ပြက်ပင် နန်းတော်ရှိရာသို့ ဦးတည် ပျံသန်းသွားသည်။ နန်ဒူဝန်ရှန်းနှင့် နန်ဒူကလန်မှ လူများလည်း ရောက်ရှိ နေကြသည်။
သူတို့အုပ်စုက ရှေ့ကို တက်ရောက် သွားသည်။ ရှေ့မှ ဧကရာဇ်လျိုတို့ အုပ်စုကလည်း လွန်စွာ အားကောင်း လှပေသည်။ သူတို့က နောက်လှည့်ကာ လေထဲမှ ရီဖူရှင်းတို့ အုပ်စုကို ကြည့်သည်။ သူတို့၏ အမူအရာများ ပြောင်းလဲ သွားကြသည်။
ဧကရာဇ်လျိုက ရပ်လိုက်ကာ နောက်လှည့် ကြည့်သည်။ ထိုလူများကို မြင်လျှင် သူ၏ မျက်နှာက အေးစက် သွားသည်။ ဒွန်ဟိုင်မြို့မှ ကိစ္စကို သူ သိသော်လည်း သူ မည်သို့မှ မတတ်နိုင်ပေ။ ယခု ရီဖူရှင်းက နန်ဒူကလန်အား ခေါ်လာသည်။ ဘာကို ဆိုလိုသနည်း။
“ရီဖူရှင်း…” ချင်လီနှင့် တခြားလူများက မော့ကြည့်ကြသည်။ နောက်မှ လူများ အားလုံးက စိတ်ဝင်စားစွာ ကြည့်နေကြသည်။ ထိုလူများအား ဧကရာဇ်လျိုက နန်းတော်ထဲသို့ ဖိတ်ခေါ်ခဲ့သည်။ ရီဖူရှင်းက သဘောကျဟန် မတူပေ။ သို့သော် ထိုလူများကလည်း ဂရုစိုက်ဟန် မရပေ။
လူတိုင်းက မော့ကြည့်သော အချိန်တွင် ရီဖူရှင်းက ထိုလူများကို ဂရုပင် မစိုက်ပေ။ သူက ထိုလူများကို ဖြတ်ကျော်လျက် ရှေ့ကို ဆက်လက် ပျံသန်းသွားသည်။ ထိုအချိန်တွင် ပြုံးရောင်သန်း နေသော ချင်လီ၏ မျက်နှာက အေးစက် သွားသည်။ ထိုလူများက သူတို့ကို ကြည့်ပင် မကြည့်ပေ။
ဤသို့သော အခြေအနေကို သူတို့ မမျှော်လင့်ထားပေ။
“သူ ဘာလုပ်နေတာလဲ…” ချီဟောင် မျက်မှောင်ကုတ် လိုက်သည်။ ရီဖူရှင်းက သူတို့၏ ခေါင်းမှ သည်အတိုင်း ဖြတ်ကျော် သွားသည်။
ရီဖူရှင်းက ရှေ့ကို ဆက်သွားသည်။ နန်ဒူနန်းတော် ရှေ့ကို ရောက်လျှင် သူက နန်းတော်မှ လူများက ဘေးကို ဖယ်ပေးကြသည်။ မကြာမီ ရီဖူရှင်းက နန်းတော်ရှေ့မှ မြေကွက်လပ်တွင် ရပ်လိုက်သည်။ ဧကရာဇ်လျိုနှင့် တခြား လူများကလည်း ရောက်ရှိလာကြကာ ရီဖူရှင်းအား အေးစက်စွာ ကြည့်ကြသည်။
“နန်းတော်ကို ပိတ်လိုက် … ဘယ်သူမှ မဝင်စေနဲ့ …” ရီဖူရှင်းက ပြောသည်။
“ဟုတ်ကဲ့…” နိုဘယ်ကိုးယောက်က ခေါင်းညိတ်ကာ နန်းတော်၏ အပြင်ထောင့်တိုင်း၌ နေရာ ယူကြသည်။
လူအုပ်က ထိတ်လန့် သွားကြသည်။ ချင်လီနှင့် ထိုအင်အားကြီး ပုဂ္ဂိုလ်များက နန်းတော်ထဲကို ဧကရာဇ်လျိုနှင့်အတူ ဝင်ရောက်လု နီးပါးတွင် ရီဖူရှင်းက နန်းတော်အား ပိတ်ဆို့လိုက်သည်။ ရီဖူရှင်းက ထိုသို့လုပ်ရန် အင်အား ရှိနေပြီလား။
ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်နှင့် ဖူယွန်ဓားကလန်တို့ အားလုံး မျက်မှောင်ကြုတ် သွားကြသည်။ ချင်လီက နှာခေါင်းရှုံ့လျက် ပြောသည်… “ရီဖူရှင်း… ဧကရာဇ်လျိုက ငါတို့ကို နန်းတော်ထဲကို ဖိတ်ခေါ်ထားတယ်… မင်း ဘာလုပ်နေတာလဲ…”
“ဒီနေ့က လျိုဂျန်လန်နဲ့ ငါ့ရဲ့ စိန်ခေါ်ပွဲနေ့ပဲ… ဒါပေမဲ့ မင်း ဘာလုပ်နေတာလဲ…” ရီဖူရှင်းက ပြန်ပြောသည်။
“ငါက တစ်စုံ တစ်ယောက်နဲ့ ရပ်မှာကို မင်းဆီက ခွင့်ပြုချက် တောင်းရမှာလား…” ချီဟောင်က ပြောသည်။ ကော့တေးမှ လူများက မိမိတို့၏ ကိစ္စကိုသာ တွေးသင့်သည်ဟု သူ ယူဆသည်။
“အခုကစပြီး နန်ဒူနန်းတော်က လျိုမိသားစုနဲ့ မဆိုင်တော့ဘူး… ဒါက နန်ဒူကလန်ဆီ ပြန်ရောက်သွားပြီ… ကျုပ်ဦးလေးက နန်ဒူနိုင်ငံရဲ့ တော်ဝင် မိသားစု ဆက်ခံသူပဲ… ဒီနေ့က စပြီး ဘယ်သူကမှ နန်းတော်ထဲကို ခြေတစ်လှမ်း မလှမ်းရဘူး…”
“သူတို့လောက်နဲ့လား…” ချီဟောင်က ရီဖူရှင်းအနီးမှ နိုဘယ်များကို ကြည့်ကာ ပြောသည်။
“မဟုတ်ဘူး…” ရီဖူရှင်းက ချီဟောင်အား စိုက်ကြည့်ကာ အေးစက်စွာ ပြောသည်… “ငါက ကော့တေးရဲ့ တပည့်ဖြစ်လို့ပဲ…”
ချီဟောင်၏ မျက်လုံးများက တင်းမာသွားသည်။ ထိုစကား၏ အရှိန်အဝါကို အရှေ့မြေရိုင်း ဒေသမှ လူများက သိကြသည်။ ရီဖူရှင်း၏ သဘောကား ရှင်းလင်းသည်။ တခြား အင်အားစုများက ဝင်ပါလျှင် သူတို့က ရီဖူရှင်းကိုသာ မဟုတ် ကော့တေး တစ်ခုလုံးနှင့် ရင်ဆိုင်ရမည်။
“ကော့တေးရဲ့ တပည့်…” နန်ဒူမှ လူများက နားမလည်ကြပေ။ ကော့တေးဆိုသည့် အရာက ဘာလဲ။
“ငါဝင်ခဲ့ရင်ရော…” ကျဲဆွန်က ရီဖူရှင်းအား ကြည့်သည်။ ဖူယွန် ဓားကလန်၏ ပထမ တောင်ကုန်းမှ ဓားသမား တစ်ယောက် အနေဖြင့် သူ့တွင်လည်း မာန ရှိပေသည်။
“မင်း စမ်းကြည့်လို့ ရတယ်…” လူအုပ်ထဲမှ တစ်ယောက်က ပြောသည်။ ထို့နောက် လူအနည်းငယ် ထွက်လာသည်။ ရှေ့ဆုံးမှ တစ်ယောက်ကား အဖြူရောင် ဝတ်စုံဝတ် စာပေသမား တစ်ယောက် ဖြစ်သည်။
***