နန်ဒူဝန်ရှန်းက နန်ဒူကလန်အား အုပ်ချုပ်မည် ဖြစ်သည်။ ယိချန်က ဒွန်ဟိုင် ကျောင်းတော်အား ပြန်လည် တည်ဆောက်မည် ဖြစ်သည်။ နိုဘယ်အဆင့်ကို တက်ရောက် သွားသောကြောင့် လူတိုင်းက ဂုဏ်ပြုကြရသော နန်ဒူတိုင်နှင့် ကြယ်စင်ဧကရာဇ် ကျောင်းဆောင် ကျောင်းအုပ် ယန်ရှာအိုတို့ သေဆုံးသွားပြီ ဖြစ်သည်။ သူတို့အား အကြီးအကဲချင်၏ ရှေ့တွင် ရေခဲရုပ်တုများ အဖြစ် ပြောင်းလဲထားသည်။ အရှင်လျိုနှင့် အနုပညာ သူတော်စင်တို့ကား တန်ခိုးအစွမ်း ဖျက်ဆီးခံရသည်။ နန်ဒူကလန်နှင့် ဒွန်ဟိုင် ကျောင်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင် တော်တော်များများ ကလည်း တန်ခိုးအစွမ်း အဖျက်ခံရသည်။
ထိုအရာများ အားလုံးက တစ်နေ့တည်းတွင် ဖြစ်ပျက်ခဲ့သည်။ တစ်မြို့လုံးကား ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ ဒွန်ဟိုင်မြို့တွင် ဤမျှ ကြီးကျယ်သော ကိစ္စ မဖြစ်ဖူးပေ။ နောက်ဆုံး အကြီးအကျယ် လှုပ်ခတ်စေသော ကိစ္စမှာ လွန်ခဲ့သော နှစ်အနည်းငယ်က ရီဖူရှင်းအား သတ်ရန် နန်ဒူကလန်နှင့် ကြယ်စင် ဧကရာဇ် ကျောင်းဆောင်တို့က ကြိုးပမ်းမှု ဖြစ်သည်။ မနေ့က ဖြစ်ပျက်ခဲ့သမျှက လွန်ခဲ့သော နှစ်နှစ်ခန့်က ကိစ္စ၏ အကျိုးဆက် ဖြစ်ပေသည်။
ရီဖူရှင်း၏ နာမည်က တစ်မြို့လုံးကို ပြန့်သွားပြန်သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ရီဖူရှင်း၏ နာမည်ကို လူအများက ကြားဖူးကြသည်။ ထိုစဉ်က ရီဖူရှင်းက ကု့ချင်းမိစ္ဆာ၏ တပည့်ဖြစ်ကာ အနုပညာ သူတော်စင်၏ တပည့်အား အနိုင်ယူခဲ့သည်။ ထိုစဉ် ကတည်းက သူ့အား လူအများက သိကြသည်။ နောက်ပိုင်းတွင် ဧကရာဇ်က ရီဖူရှင်းအတွက် အမိန့်တော်တစ်ခု ထုတ်ပြန်ခဲ့ကာ ရီဖူရှင်းက ထွက်ပြေးခဲ့သည်။
တန်ဖန်းပွဲတော်တွင် လူတိုင်းက ရီဖူရှင်း၏ နှင်တံကို သိသွားကြသလို ယူချင်း၏ ကြွေးကြော်သံကလည်း နာမည်ကျော်ခဲ့သည်။ ထို့နောက် ကန်ယီနိုင်ငံမှ လာသော ကောလာဟလများ အရ ရီဖူရှင်းတို့က လွန်စွာ ဝေးကွာသော နေရာတစ်ခုမှ ထိပ်သီး အင်အားစုများ၏ တပည့် ဖြစ်သွားခဲ့သည်။
ယခု သူက နိုဘယ်များကို ဦးဆောင်လျက် ပြန်ရောက် လာခဲ့သည်။ သူ၏ စကားတစ်ခွန်းက နန်ဒူတိုင်နှင့် ယန်ရှာအိုတို့ကို သတ်ခဲ့သည်။ သူက နန်ဒူဝန်ရှန်းအား နန်ဒူကလန်၏ ခေါင်းဆောင် ဖြစ်စေသည်။
ယခုတွင်ကား သူက ဒွန်ဟိုင်မြို့မှ ကု့ချင်းဥယျာဉ်တွင် ရှိနေသည်။ သူ၏ ဆရာဘိုးဘိုး ကိစ္စက သူ့ရင်ဘတ်အား အမြဲ ဖိထားခဲ့သည်။ ယခု ထိုကိစ္စက ဖြေရှင်းပြီး သွားပြီ ဖြစ်သည်။ နန်ဒူဝန်ရှန်းနှင့် ယိချန်တို့ကလည်း နန်ဒူကလန်နှင့် ဒွန်ဟိုင် ကျောင်းတော်ကို အသီးသီး တာဝန်ယူကြမည် ဖြစ်သည်။
လေညင်းများက ကု့ချင်းဥယျာဉ်အား တဖြူးဖြူး တိုက်ခတ်နေသည်။ သူတို့အုပ်စုက အခန်းထဲတွင် စုဝေးလျက် ထိုင်နေကြသည်။
“ဆရာ… ဆရာကတော် … ကျွန်တော်တို့ ဒီမှာ ရက်နည်းနည်း နေကြရအောင်… ပြီးရင် ကျွန်တော်တို့က နန်ဒူမြို့တော်ကို သွားပြီး ဖြေရှင်းကြမယ်…” ရီဖူရှင်းက ပြောသည်။ သူက ဧကရာဇ်လျိုအား မရှင်းပစ်ဘဲ ကန်ယီကို မပြန်ပေ။
“ကောင်းပြီ…” ဟွာဖန်းလူနှင့် တခြား လူများကလည်း ဤနေရာတွင် ရက်အနည်းငယ် နေလိုကြသည်။
“ကျွန်တော် နားမလည်တာ တစ်ခု ရှိသေးတယ်…” ရီဖူရှင်းက ပြောသည်… “ကြယ်စင် ဧကရာဇ် ကျောင်းဆောင်ရဲ့ လက်ထောက် ကျောင်းအုပ် ဟန်မိုနဲ့ အရှေ့ပင်လယ် စီရင်စု ခေါင်းဆောင် ရှာဖိန်တို့ ဘယ်လို ပျောက်သွား ရတာလဲ…” ယိချန်ကလည်း ထိုကိစ္စကို နားမလည်ပေ။ သူက လေ့လာ စုံစမ်းချက်အရ ရှာဖိန်နှင့် ဟန်မိုအား မည်သူကမှ မသတ်ခဲ့ပေ။ ယိချန်၏ အဆိုအရ သူတို့က ရီဖူရှင်းတို့ နောက်ကို လိုက်နေခဲ့ကြသည်။
“ဒါ တကယ်ပဲ ထူးဆန်းတယ်…” ဟွာဖန်းလူလည်း ဝင်ပြောသည်။
ရီဖူရှင်းက ပြင်တင်းပေါက် အပြင်ကို ငေးကြည့်သည်။ သူက ဥယျာဉ်အား တံမြက်စည်း လှည်းနေသော အဘိုးအိုကို ပြန်သတိရလာကာ တစ်စုံတစ်ခုကို နားလည်သလို ရှိသည်။ သို့သော် နန်ဒူကလန်တွင် သူ ခက်ခဲနေသော အချိန်က သူက အဘယ်ကြောင့် ရောက်မလာခဲ့သနည်း။
သူက သေတော့မည့်အချိန် မရောက်မချင်း သူ၏ မွေးစားအဖေက မလာဟု ဆိုလိုသည်လား။ ဟန်မိုနှင့် ရှာဖိန်တို့ သေခြင်းက သူတို့က မိမိ၏ အသက်ကို ရန်ရှာ နိုင်လောက်သော အခြေအနေတွင် ရှိနေသော ကြောင့်လား။
မွေးစား အဖေက သူတို့ကို သတ်ခဲ့လျှင် အခု သူ ဘယ်မှာလဲ။ မွေးစားအဖေက သူ့ကို စောင့်ကြည့် နေတုန်းလား။
နောက်တစ်နေ့တွင် နန်ဒူဝန်ရှန်းက ကု့ချင်းဥယျာဉ်ကို ရောက်လာကာ နန်ဒူကလန် ကိစ္စရပ်များကို တိုင်ပင် ဆွေးနွေးသည်။ ငွေသက်တော်စောင့် များ၏ အကူအညီဖြင့် သူက ကလန်အတွင်း အလုံးစုံ ထိန်းချုပ်နိုင်ခဲ့သည်။ ထိုအကြီးအကဲများက မတုံးအပေ။ သူတို့က နန်ဒူဝန်ရှန်းကို ထောက်ခံလျှင် ရီဖူရှင်းက သူတို့နောက်တွင် ရှိမည်ကို သိကြသည်။ မည်သို့ပင်ဆိုစေ နန်ဒူဝန်ရှန်းကား တော်ဝင်သွေးကို တိုက်ရိုက် ဆက်ခံသူ ဖြစ်သည်။
နန်ဒူဝန်ရှန်း ပြီးနောက် ရှာယူယန်လည်း ရောက်လာသည်။ သူမက ဟွာဂျီယူနှင့် စကားပြောကာ ရီဖူရှင်းအား စနောက်သည်။
လင်းယွီယိုလည်း ရောက်လာခဲ့သည်။ သူမက နန်းမြို့တော်ကို သွားမည်ဟု ပြောသည်။ ရီဖူရှင်းနှင့် လျိုဂျန်လန်တို့ တိုက်ပွဲကို သူမကလည်း တွေ့မြင်လိုသည်။
***
စိန်ခေါ်ပွဲအတွက် သတ်မှတ်ထားသော နေ့စွဲကား ယနေ့ဖြစ်သည်။ ယနေ့ကား ရီဖူရှင်းနှင့် လျိုဂျန်လန်တို့၏ နောက်ဆုံး အဆုံးအဖြတ် တိုက်ပွဲဖြစ်သည်။ ယနေ့ နန်ဒူမြို့တွင် စွမ်းအားမြင့် တန်ခိုးရှင်များ ခြေရာ ထပ်နေသည်။ များစွာသော လျှို့ဝှက် ဆန်းကြယ်သော တန်ခိုးရှင်များ အဆက်မပြတ် ရောက်ရှိ လာနေကြသည်။ သူတို့၏ ကိုယ်ရောင် ကိုယ်ဝါများက ထူးခြား ကောင်းမွန်လှကာ ကြောက်မက်ဖွယ် စွမ်းအား မြင့်ကြသည်။ သူတို့က လွန်စွာ ဝေးကွာသော အရပ်မှ ဖြစ်ဟန်ရကြသည်။ ကောလာဟလများအရ သူတို့က အရှေ့မြေရိုင်း ဒေသမှ ထိပ်သီး အင်အားစုများဟု ဆိုကြသည်။
ရီဖူရှင်းက နန်းတော်ထဲကို ချိုးဖျက် ဝင်ရောက်ပြီး ရီလင်းဇီနှင့် ရီဒန်ချန်းကို ခေါ်သွားပြီး ကတည်းက မြို့တော်တွင် များစွာသော ကောလာဟလများ ပြန့်နေသည်။
တချို့က ပြောကြသည်မှာ ယွန်ချူနိုင်ငံ ဧကရာဇ်က ရီလင်းဇီနှင့် ရီဒန်ချန်းကို ခေါ်လာကာ နန်ဒူနိုင်ငံအား ဆက်သသည် ဆို၏။ သို့သော် ရီဖူရှင်းက တော်ဝင် ချန်နန်းတော် ကဲ့သို့သော တူညီသော အင်အားစုကို ခေါ်လာရာ ယွန်ချူ ဧကရာဇ်က မတတ်နိုင်ဘဲ ပြန်ထည့် ပေးလိုက် ရသည်ဟု ဆိုကြသည်။
ထို့ကြောင့်ပင်လျှင် ရီဖူရှင်းနှင့် လျိုဂျန်လန်တို့ အကြား စိန်ခေါ်ပွဲ ဖြစ်လာရသည်။
လျိုဂျန်လန်က ရီဖူရှင်းအား သတ်မည်ဟု ဧကရာဇ်လျိုက ထုတ်ပြန် ကြေညာထားရာ သူက လျိုဂျန်လန်အပေါ် လွန်စွာ ယုံကြည်မှု ရှိနေပုံရသည်။
နန်းမြို့တော်မှ လူများ အားလုံးကလည်း သူ့ကို ယုံကြည်ကြသည်။ မည်သို့ပင် ဆိုစေ လျိုဂျန်လန်ကား သူတို့၏ အိမ်ရှေ့စံမင်းသား မဟုတ်ပါလား။ သူ့တွင် သက်စောင့်ဝိညာဉ် နှစ်ခုရှိသည်။ ထို့အပြင် သူ၏ တန်ခိုးအဆင့်က ရီဖူရှင်းထက် မြင့်ပေသည်။ ရီဖူရှင်းက မည်မျှ ပါရမီမြင့်ပါစေ သူက လျိုဂျန်လန်အား လိုက်မီရန် မလွယ်ပေ။ ရီဖူရှင်းက မတတ်သာဘဲ လက်ခံလိုက်ရဟန် တူသည်။ ထို့အပြင် ကောလာဟလ တချို့အရ ရီဖူရှင်းက နန်ဒူနိုင်ငံကို ရီမောင်နှမအား ဓားစာခံ ခေါ်လာသော တရားခံများ ဖြစ်ကြသော ဧကရာဇ် ခြောက်ပါးကို နန်းတော်ထဲတွင် သတ်ခဲ့သည် ဆို၏။
သူက နိုဘယ် ခြောက်ပါးအား မည်သို့ သတ်ခဲ့သနည်း။
သို့သော်လည်း အဆင့်မြင့် ပုဂ္ဂိုလ်များ အားလုံးက ထိုသတင်း အမှန် ဖြစ်သည်ကို သိကြသည်။
ယနေ့ များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များက ကောင်းကင်မှ မြို့ထဲကို ဆင်းသက် လာနေကြသည်။ နန်းတော် အနီးတစ်ဝိုက် တည်းခိုခန်းများနှင့် စားသောက်ဆိုင် များကား ဧည့်သည်များနှင့် ပြည့်နှက်နေသည်။ သူတို့က မည်သူက အနိုင်ရမည်ကို ပြောဆို ဆွေးနွေးနေကြ၏။
ထို့နောက် ကန်ယီနိုင်ငံက ရောက်ရှိလာသည်။ ရီဖူရှင်းက နန်းမြို့တော်ကို မရောက်သေးရာ သူတို့ စားသောက်ဆိုင် တစ်ဆိုင်တွင် စောင့်ဆိုင်း နေကြသည်။
“အဲဒါ ရီဝူချင်းပဲ…” တစ်စုံတစ်ယောက်က ပြောသည်။ ရီဝူချင်းကလည်း တန်ဖန်း ပွဲတော်တွင် အတော် ကျော်ကြားခဲ့သည်။ လျိုဖေးယွန်နှင့် လျိုချန်းယွီတို့၏ ကိုယ်ရောင် ကိုယ်ဝါများ ကလည်း ထူးခြားလှသည်။ သူတို့က ကန်ယီအုပ်စုကို ကြည့်ကာ အမျိုးမျိုး ဝေဖန်နေကြသည်။
ထိုစဉ် လူတစ်စု အဝေးမှ ပျံသန်း လာကြသည်။ သူတို့က လူအုပ်ထဲကို ထက်ရှသော မျက်လုံးများဖြင့် ဆင်းသက် လိုက်ကြသည်။ သူတို့ အားလုံးတွင် ရှေးဟောင်းဓား တစ်လက်စီ ရှိကြသည်။ လူအုပ်က သူတို့ သွားရာဘက်ကို လမ်းဖယ် ပေးကြသည်။ သူတို့က တစ်နေရာကို ရောက်လျှင် ရီဝူချင်းတို့အား ရပ်ကြည့် လိုက်ကြသည်။
ခေါင်းဆောင် ဖြစ်ဟန် တူသူကား အေးစက်သော မျက်လုံး ရှိသည်။ သူကား ဖူယွန်ဓားကလန်၏ ပထမ တောင်ကုန်းမှ ကျဲဆွန်ဖြစ်သည်။ လီတောင်ယွန်ကား သူ၏ ဂိုဏ်းတူညီဖြစ်ကာ သူတို့ချင်း လွန်စွာ ရင်းနှီးကြသည်။ နောက်ပိုင်းတွင် လီတောင်ယွန်အား ရီဝူချင်းက စိန်ခေါ်ကာ သတ်ပစ်ခဲ့သည်။ သေခြင်း ရှင်ခြင်း စိန်ခေါ်ပွဲဖြစ်ရာ ပထမ တောင်ကုန်းက ဘာမှ မပြောနိုင်ပေ။
သို့သော်လည်း ရီဝူချင်းက မိမိ သဘောအတိုင်း ပြုမူကာ ကော့တေးမှ ရီဖူရှင်းနှင့် လွန်စွာ နီးစပ်သည်။ ကျဲဆွန်က ယခင်က သူ့အား သတိပေးခဲ့ ဖူးသော်လည်း ရီဝူချင်းက လျစ်လျူရှု ထားသည်။ လူတိုင်းက ဖူယွန် ဓားကလန်နှင့် ကော့တေး အကြားမှ ကတောက်ကဆကို သိကြသည်။ ထို့အပြင် လီတောင်ယွန် သဘောကျသော မိန်းကလေး လျိုချန်းယွီမှာလည်း ရီဝူချင်းနှင့် လွန်စွာ နီးစပ်ပုံ ရနေသည်။ ထို့ကြောင့် ပထမ တောင်ကုန်းက ရီဝူချင်းအား သိပ်ကြည့် မရကြပေ။
“မင်းက ကန်ယီက လာတယ် … သူတို့က မင်း မိသားစုတွေလား…” ကျဲဆွန်က ရီဝူချင်းအား မေးသည်။
“ပြဿနာ ရှိလား…” ရီဝူချင်းက သူ့ကို ကြည့်လိုက်သည်။ ကျဲဆွန်ကား ပထမ တောင်ကုန်းမှ ဓားသမား ဖြစ်သည်။ ရီဝူချင်းက သတ္တမ တောင်ကုန်းမှ ဖြစ်၏။ သူက ကျဲဆွန်လောက် တန်ခိုး အဆင့်မမြင့်ပေ။ သူကား ဓားပညာကို လေ့ကျင့်သည်မှာ လွန်စွာ ကြာမြင့်ခဲ့ပြီ ဖြစ်ကာ သူ့မျိုးဆက်တွင် နံပါတ်တစ် အဖြစ် သတ်မှတ် ခံထားရသည်။
“ဖူယွန် ဓားကလန်က အရှေ့မြေရိုင်း ဒေသမှာ ဓားပညာနဲ့ ပတ်သက်ရင် အကောင်းဆုံးပဲ… ဒီလိုနေရာက နယ်မြေတစ်ရာက လူတွေရဲ့ လောဘကြောင့် လက်နက်တစ်ခု အဖြစ် အသုံးချခံရတာကို ငါ မလိုလားဘူး…” ကျဲဆွန်က ဆက်ပြောသည်… “ငါက ရီဖူရှင်းကို မထိန်းချုပ်နိုင်ဘူး… ဒါပေမဲ့ ဖူယွန် ဓားကလန်က ဒီလို သိမ်ဖျင်းတဲ့ အလုပ်ကို လုပ်လို့ မရဘူး…”
ရီဝူချင်း၏ မျက်လုံးက ထက်ရှသွားကာ ကျဲဆွန်အား ကြည့်လိုက်သည်။ သူက ဖူယွန် ဓားကလန်၏ အင်အားကို အသုံးပြုကာ ကန်ယီအား အင်အား ကြီးမားအောင် မလုပ်ဖူးပေ။
ရီဖူရှင်းကလည်း ထိုသို့ မလုပ်ဖူးပေ။ သူက နန်ဒူနိုင်ငံ ပြဿနာအား မိမိကိုယ်ကိုသာ ဖြေရှင်းလိုခဲ့သည်။ သို့သော် ခေ့ကေးမြို့မှ လုပ်ကြံမှုက ရီဖူရှင်းက အသုံးမပြုလျှင်ပင် တစ်ဖက်က အသုံးပြုနေသည်မှာ ထင်ရှားသည်။ ဟာစီရိုနှင့် လျိုဂျန်လန်တို့က ဥပမာ ဖြစ်သည်။
လွန်ခဲ့သော တစ်နှစ်ခန့်က နန်ဒူနိုင်ငံက တော်ဝင် ချန်ကျောင်းတော်ကို အသုံးပြုလျက် ကန်ယီကို ခြိမ်းခြောက်ခဲ့သည်။ အကယ်၍ ရီဖူရှင်းက ရှေးဟောင်း မြေရိုင်း ဒေသတွင် နာမည် မကျော်ကြားခဲ့လျှင် ဘာဖြစ်မည်နည်း။
ထို့နောက် ဟာစီရိုနှင့် လျိုဂျန်လန်တို့က လက်မလျှော့ခဲ့ကြပေ။ သူတို့က ရီဖူရှင်းအား လုပ်ကြံရန် ကြိုးစားခဲ့ကြသည်။ ထို့ကြောင့် ရီဖူရှင်းက လျိုဂျန်လန်အား စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ကျဲဆွန်၏ စကားက အဓိပ္ပာယ်နှစ်ခု သက်ရောက် နေသည်။ သူကား ရီဝူချင်းက သတိပေးနေသလို တစ်ဖက်က ရီဖူရှင်းအားလည်း သရော်နေသည်။ သူက ရီဖူရှင်းက ကော့တေး၏ အင်အားကို အသုံးပြုခြင်း အပေါ် အထင်သေးပေသည်။
ရီဝူချင်း ဘာမှမပြောပေ။ ကျဲဆွန်ကား ရီဖူရှင်း မဟုတ်ပေ။ သူ၏ မိသားစုကလည်း ခြိမ်းခြောက်ခြင်း မခံရပေ။ သူက ဘေးလူဖြစ်ရာ ဤသို့ ပြုမူနိုင်သည်။
“ဟ…” လျိုဖေးယွန် ဟက်ခနဲ ရယ်သည်။ ဟာစီရိုက သူမ၏လူများကို ကန်ယီသို့ ခေါ်သွားသည်ကို ကိုယ်တိုင် မြင်ခဲ့သည်။ ထိုအချိန်က ကန်ယီက လွန်စွာ ကြောက်မက်ဖွယ် အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ရီဖူရှင်းတို့ မရောက်လာခဲ့လျှင် သူတို့၏ ဘဝများက မည်သို့ ဖြစ်သွားမည်နည်း ကျဲဆွန်က ထိုသို့ မခံစားဖူးရာ ရီဖူရှင်းအား ဝေဖန်ရန် မည်သို့ အခွင့်အရေး ရှိသနည်း။
ကျဲဆွန်က သူတို့အား ကြည့်သည်။ ချီဟောင်က ပြောသည်… “ဒီတစ်ခေါက်က ရီဖူရှင်းက ရှုံးရင် ဘာဖြစ်မလဲ ကျုပ် သိချင်တယ်…”
“သူ မရှုံးဘူး…” ရီဝူချင်းကား ရီဖူရှင်းအပေါ် တခြား လူများထက် ယုံကြည်သည်။ သူက ရီဖူရှင်း၏ တကယ့်စွမ်းရည် တချို့အား သိသည်။
“ဓမ္မအဆင့်ခုနစ်နဲ့ အကာနာ အဆင့်နဲ့လား…” ကျဲဆွန်က ထူးမခြားနားစွာ ပြောသည်… “တော်ဝင် ချန်ကျောင်းတော်က လျိုဂျန်လန်က ဒီလောက် မပျော့ဘူး…”
လူတိုင်းက သဘောတူကြသည်။
“ငါလည်း ဒီလိုပဲ ထင်တယ်…” ထိုအချိန်တွင် နောက်ထပ် တစ်အုပ်စု ရောက်လာသည်။ ရှေ့ဆုံးမှ နှစ်ယောက်ကား လွန်စွာ ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည်။ တစ်ယောက်က လွန်စွာ ခန့်ညားကာ နောက်မိန်းကလေး တစ်ယောက်က မြင်သူ အသက်ရှူ မှားလောက်အောင် ချောမော လှပသည်။
***