နန်ဒူဝန်ရှန်းအား ရီဖူရှင်းက နန်ဒူနိုင်ငံ၏ ဧကရာဇ် ဖြစ်လိုသလား မေးခဲ့သည်။
နန်ဒူနိုင်ငံ၏ ဧကရာဇ် နေရာအား မည်သည့်အချိန်က ရီဖူရှင်းက ဆုံးဖြတ်ပိုင်ခွင့် ရသွားသနည်း။
နိုဘယ်အဆင့် ရောက်နေသော နန်ဒူတိုင်ပင်လျှင် ထိုသို့သော အတွေးမျိုးအား မတွေးရဲပေ။ ဧကရာဇ်လျိုအပြင် တော်ဝင် ချန်ကျောင်းတော်မှ တန်ခိုးရှင်များလည်း နန်ဒူတွင် ရှိသေးသည်။ နန်ဒူနိုင်ငံက နောင်တွင် နယ်မြေတစ်ရာ ဒေသ၏ ဘုရင် ဖြစ်လာနိုင်ပေသည်။ သို့သော် ရီဖူရှင်းက နန်ဒူဝန်ရှန်းအား နန်ဒူနိုင်ငံ၏ ဘုရင်ဖြစ်လိုသလား မေးရဲသည်။
“အတင့်ရဲတယ်…” အရှင်လျိုက ထရပ်သည်။ ရီဖူရှင်းအား လက်ညှိုးထိုးလျက် သူက တင်းမာစွာ ပြောသည်… “မင်း မတ်တတ် ယောင်နေတာလား …”
ရီဖူရှင်းက သူ့အား ကြည့်ကာ ပြောသည်… “လျိုနန်းတော်မှာတုန်းက ကျုပ်နဲ့ ကျောက်မူ တိုက်ခိုက်နေတဲ့ အချိန်မှာ တိတ်တဆိတ် ဝင်တိုက်ခိုက်ခဲ့တာ ခင်ဗျားလား … အနုပညာ သူတော်စင်လား…” ထိုအချိန်က သူက ဤသို့ မမေးရဲခဲ့ပေ။ သို့သော်လည်း ယခုတွင်ကား သူက ထိုသို့ ဂရုစိုက်နေစရာ မလိုတော့ပေ။
“မင်းပြောတာကို ငါ နားမလည်ဘူး…” အရှင်လျိုက အေးစက်စွာ ပြောသည်။
“ကျုပ် ခင်ဗျားနဲ့ နောက်မှ ရှင်းမယ်…” ရီဖူရှင်းက သူ့အားကြည့်ကာ နန်ဒူဝန်ရှန်းအား ဆက်ပြောသည်… “ဦးလေး… ဒီနေ့ကစပြီး နန်ဒူတိုင်ရဲ့ လက်ပါးစေတွေကိုလည်း ရှင်းပစ်မယ်… လွန်ခဲ့တဲ့ နှစ်နှစ်က အဖြစ်အပျက်မှာ ဝင်ပါခဲ့တဲ့လူတွေ အကုန်လုံးကို လွှတ်ပေးမှာ မဟုတ်ဘူး… ဦးလေး သဘောတူတာနဲ့ ကျွန်တော် စပြီး ဖြေရှင်းတော့မယ်… ဦးလေးက နန်ဒူနိုင်ငံကို ထိန်းချုပ်ခွင့်ရမယ်… ဒီပြဿနာကို ဖြေရှင်းပြီးသွားရင် နန်ဒူကလန်က နန်ဒူနိုင်ငံရဲ့ ဘုရင် ပြန်ဖြစ် လာလိမ့်မယ်…” နန်ဒူကလန် တစ်ခုလုံးကို ရီဖူရှင်းက ရှင်းပစ်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဟွာဂျီယူနှင့် သူ၏ ဆရာကတော်တို့က နန်ဒူကလန်မှ မဟုတ်ပါလား။
“အစ်ကို… ဒါက ညီမတို့ ဘိုးဘေးတွေရဲ့ အမွေပဲ … အစ်ကို လက်ခံသင့်တယ်…” နန်ဒူဝန်ယမ်က ပြောသည်။
သူတို့နှစ်ယောက် အကြားမှ စကားများကို ကြားလျှင် အနီးမှ လူများက ထိုလူများ ဟာသ ပြောနေကြသည် မဟုတ်သည်ကို သိလိုက်ကြသည်။ ရီဖူရှင်းက ဘဝင်မြင့်နေသည် ဆိုလျှင် နန်ဒူဝန်ယမ်ကရော…။
“ကောင်းပြီ…” နန်ဒူဝန်ရှန်း ခေါင်းညိတ်သည်။ သူကား တော်ဝင်သွေးကို ဆက်ခံသူဖြစ်ကာ တစ်ဖက်ကလည်း အခွင့်အရေးရလျှင် နန်ဒူနိုင်ငံအား ထိန်းချုပ်လိုသည်။ ထို့အပြင် နန်ဒူတိုင်က သူ့အား ရှင်းပစ်ရန် ကြံစည် နေသည်ကိုလည်း သိသည်။ နှစ်နှစ် ကာလအတွင်း သူ့အား နန်ဒူတိုင်က သေသေချာချာ စောင့်ကြည့်နေခဲ့သည်။ နန်ဒူတိုင်က နိုဘယ်အဆင့်ကို တက်ရောက် သွားပြီးသော အခါတွင်လည်း သူက နန်ဒူဝန်ရှန်းအား လူသတ်လိုသော အငွေ့အသက်များဖြင့် မကြာခဏ ကြည့်လေ့ရှိသည်။
“ဦးလေး… အဲဒီအချိန်က ဦးလေးနဲ့ ဆရာ ကတော်တို့လည်း ရှိနေခဲ့တယ်… ကျွန်တော်တို့ နောက်ကို လိုက်ခဲ့တဲ့လူတွေကို ဖော်ထုတ်ရာမှာ ကူညီပေးပါ…” ရီဖူရှင်းက ပြောသည်။
“ပြဿနာ မရှိဘူး…” နန်ဒူဝန်ရှန်းက ပြောသည်။ ရီဖူရှင်းက ထိုလူများကို လုံးဝ ခွင့်လွှတ်မည် မဟုတ်သည်ကို သူသိသည်။ ထိုနေ့ကား သူ့အတွက် အမှန်ပင် ကံဆိုးမိုးမှောင် ကျသောနေ့ ဖြစ်သည်။ ထိုစဉ်က သူကား ကောင်းကင် အဆင့်မျှသာ ရှိပြီး နန်ဒူကလန်သို့ တစ်ယောက်တည်း လာရောက်ခဲ့သည်။ သူက နန်ဒူကလန်၏ ထောက်ပံ့မှု ရအောင် သူ၏ ပြိုင်ဘက်ကင်း ပါရမီအား ပြသခဲ့သော်လည်း နန်ဒူတိုင်က ငြင်းပယ်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်ဟွာနှင့် နန်ဒူတိုင်က သူ့အား သတ်ရန် အမိန့်ပေးခဲ့ကြသည်။ ထိုစဉ်က ရီဖူရှင်းကား အလွန် အားနည်းသော ကောင်လေး တစ်ယောက်သာ ဖြစ်သည်။ မည်သို့ ခုခံနိုင်မည်နည်း။
ထိုနေ့က ဟွာဂျီယူက ရီဖူရှင်းအား ကယ်ဆယ်ရန် မိမိကိုယ်ကို ထက်ရှသော ဓားသွားဖြင့် ထိုးစိုက်ခဲ့သည်။ သူမက ကိုယ့်ကိုယ်ကိုယ် သတ်သေလု နီးပါးပင်။
ထိုနေ့က အကြီးအကဲချင်က သူ၏ အသက်ကို စတေး၍ ပျက်စီးခြင်း ကမ္ဘာအား တီးခတ်ခဲ့သည်။ ထို့နောက် ဖိအားဒဏ်ကို မခံနိုင်ဘဲ သူ သေဆုံးခဲ့ရသည်။
ထိုနေ့က ယိချန်၊ ရီဖူရှင်းနှင့် ဟွာဖန်းလူတို့ အားလုံးက ထွက်ပြေးခဲ့ကြရကာ သေလုနီးပါး ဖြစ်ခဲ့ကြသည်။ ကံတရား ဖေးမမှု မရှိခဲ့လျှင် ထိုနေ့က သူတို့အားလုံး သေမည် ဖြစ်သည်။
ရီဖူရှင်း ပြန်လာသောအခါ သူက ထိုလူများကို မည်သို့ ခွင့်လွှတ်မည်နည်း။ ရီဖူရှင်းက ဝန်ကြီးချုပ်ဟွာ၊ နန်ဒူတိုင်နှင့် ယန်ရှာအိုတို့ကို သတ်ကို သတ်မည် ဖြစ်သည်။ ထို့နောက် နန်ဒူကလန်မှ သူ၏ အသက်ကို ရန်ရှာခဲ့သူများ ကိုလည်း အပြစ်ပေးမည် ဖြစ်သည်။
“မင်းရဲ့ ယုံကြည်မှုက ဘယ်က လာတာလဲ…” နန်ဒူတိုင်က ထရပ်သည်။ သူ့ထံမှ နိုဘယ်အဆင့် အရှိန်အဝါ ထွက်ပေါ်လာကာ ရီဖူရှင်းထံ ဖိအား ပေးလာသည်။ ရီဖူရှင်းက အဘယ်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေသည်ကို သူသိလိုသည်။
“ငွေသက်တော်စောင့်…” ရီဖူရှင်းက အသာအယာ ပြောသည်။
“ဟုတ်ကဲ့…” တန်ခိုးရှင် ကိုးယောက်က ရှေ့ကို လျှောက်သွား လိုက်ကြကာ ရီဖူရှင်း၏ နောက်တွင် ရပ်လိုက်ကြသည်။ ချက်ချင်းပင် နိုဘယ် ကိုယ်ရောင် ကိုယ်ဝါများ သူတို့ထံမှ ထွက်ပေါ်လာကာ အရိုးကွဲမတတ် အအေးဓာတ်များက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
“နိုဘယ်တွေ…” လူတိုင်းက ထိတ်လန့်တကြား ရေရွတ်ကြသည်။ ရီဖူရှင်း၏ နောက်မှ အစောင့်များကဲ့သို့ ဝတ်ဆင်ထားသော လူကိုးယောက်ကား အမှန်ပင် နိုဘယ် တန်ခိုးရှင်များ ဖြစ်ကြသည်။
နန်ဒူတိုင်၏ မျက်နှာက ပြာနှမ်းသွားသလို သူ၏ ကိုယ်ရောင် ကိုယ်ဝါကလည်း ချက်ချင်း ဖျက်ဆီး ခံရသည်။ သူက နိုဘယ်တစ်ယောက် ဖြစ်သော်လည်း သူ့ရှေ့မှ နိုဘယ် တစ်ယောက်စီက သူ့ထက် တန်ခိုးအဆင့်နှင့် အရှိန်အဝါတို့တွင် လွန်မင်းစွာ အားကောင်း ကြပေသည်။ သူ၏ တုန်ယင်စွာဖြင့် ရီဖူရှင်းအား စိုက်ကြည့်သည်။
သူ၏မျက်လုံးက မလိုလားမှု မယုံကြည်နိုင်မှုများ ပြည့်နေသည်။ သူကား ဧကရာဇ် တစ်ပါး၏ အဆင့်ဖြစ်သော နိုဘယ် တန်ခိုးအဆင့်ကို ရောက်နေပြီး ဖြစ်သည်။ သူ၏ ကံကြမ္မာအား သူ လက်မခံနိုင်ပေ။
“နန်ဒူတိုင်နဲ့ ယန်ရှာအိုကို တန်ခိုးအစွမ်း ဖျက်လိုက် … ကျုပ် သူတို့ကို အသက်ရှင်လျက် လိုချင်တယ်…” ရီဖူရှင်းက ထပ်ပြောသည်။ ထို့နောက် အလင်းရောင် တစ်ခု ထွက်ပေါ်လာသည်။ ကု့ချင်းဝိညာဉ် ပေါ်လာကာ ရီဖူရှင်းက မြေပြင်တွင် ထိုင်လိုက်သည်။ သူက ကု့ချင်းကြိုးအား ထိလိုက်လျှင် ထက်ရှသော အသံတစ်ခု ပတ်ဝန်းကျင် လေထုအား တုန်ခါသွားသည်။
လက်ရှိ ရောက်နေသောသူ အများစုမှာ လွန်ခဲ့သော နှစ်နှစ်ခန့်ကာ ဧည့်သည်များ ဖြစ်ကြသည်။ ချက်ချင်းပင် ရီဖူရှင်းက ဘာကို တီးခတ်တော့မည်ကို သူတို့ သိလိုက်ကြသည်။
ထိုသံစဉ်ကား အကြီးအကဲချင် နောက်ဆုံး တီးခတ်ခဲ့သော လွန်စွာ ကောင်းမွန်သော သံစဉ်ဖြစ်သော “ပျက်စီးခြင်းကမ္ဘာ” ပင်။
“ကျုပ်က ဒီသံစဉ်နဲ့ ခင်ဗျားတို့ကို ပို့ဆောင်ပေးမယ်…” ရီဖူရှင်းက ပြောသည်။ သူက ပို့ဆောင်မည် ဆိုသည်မှာ သူတို့အား သတ်ခြင်း သို့မဟုတ် တန်ခိုး အစွမ်း ဖျက်ခြင်းကို ဆိုလိုသည်။
ဟွာဂျီယူက လျှောက်လာကာ ရီဖူရှင်း၏ ဘေး၌ အသာအယာ ထိုင်လိုက်သည်။ မာန်ဟုန်ပြင်းသော သံစဉ်က ပိုမို မြင့်တက်လာကာ သူက ကံကြမ္မာအား လုံးဝ အရှုံးမပေးဘဲ တိုက်ခိုက်နေသော အကြောင်းကို ပြောဆိုနေသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က မြင်ကွင်းက သူ၏ အာရုံထဲကို ရှင်းလင်းစွာ ဝင်ရောက် လာသည်။ သူ၏ ဆရာဘိုးဘိုးက သတ္တဝါဆန်းအား စီးနင်းလျက် ရီဖူရှင်းကို နောက်ဆုံး သံစဉ်တစ်ပုဒ် သင်ပေးမည်ဟု ပြောခဲ့သည်။ ထိုအချိန်က အကြီးအကဲချင်ကား သူ့အပေါ် လွန်စွာ နွေးထွေး ကြင်နာသည်။
နိုဘယ် ကိုးယောက်က ရှေ့ကို တက်လာသည်။ နန်ဒူဝန်ယမ်နှင့် နန်ဒူဝန်ရှန်းတို့ ကလည်း ရှေ့ကို တက်လာကြသည်။
“အားလုံး ကျေးဇူးပြုလို့ ကိုယ့်နေရာမှာပဲ နေပေးကြပါ…” ယိချန်က လူအုပ်အား ကြည့်ကာ ပြောသည်။ လူတိုင်း၏ ရင်ဘတ်များ တုန်ခါသွားကြကာ မလှုပ်ရှား ရဲကြတော့ပေ။
ယနေ့ ရီဖူရှင်းက သူ၏ အကြွေးများကို လာရောက် ကောက်ခံသည်။
ထက်ရှသော သံစဉ်ကား လူအများ၏ နားစည်ကို အဆက်မပြတ် လာရောက် ရိုက်ခတ်နေသည်။ နန်ဒူတိုင် အပါအဝင် နန်ဒူကလန်မှ လူများ အားလုံးက ထိုသံစဉ်အား နားထောင်ကာ လွန်စွာ ကြောက်ရွံ့ လာကြသည်။ နန်ဒူတိုင်က သူ့ထံ လျှောက်လာသော နိုဘယ်များကို ကြည့်ကာ နန်ဒူဝန်ယန်အား ပြောသည်… “နန်ဒူဝန်ယမ်… ငါမင်းကို ဘယ်လို ဆက်ဆံခဲ့လဲ…”
နန်ဒူဝန်ယမ်က သူ့အား အေးစက်စွာ ကြည့်ကာ ပြောသည်… “အဲဒီ အချိန်တုန်းက ဦးလေးက ကျွန်မရဲ့ ဘဝကို ဖျက်ဆီးခဲ့တယ် … ကျွန်မက ဦးလေးကို မုန်းပေမဲ့ ကျွန်မရဲ့ မျိုးရိုးနာမည်က နန်ဒူဖြစ်လို့ နန်ဒူမှာ ဆက်နေဖို့ ရွေးချယ်ခဲ့တယ် … ဒါပေမဲ့ သမီးကိုတော့ ကျွန်မရဲ့ ခြေရာအတိုင်း လိုက်မနင်းစေချင်ခဲ့ဘူး… သမီးကို ဖူရှင်းနဲ့ သဘောတူပြီးပြီလို့ ကျွန်မက ဦးလေးကို ပြောခဲ့တယ်… ဦးလေး ဘာလုပ်ခဲ့လဲ…”
“ရီဖူရှင်းက နန်ဒူကလန်ကို လာပြီး အားလုံးကို အဆင်ပြေအောင် ကြိုးစားခဲ့တယ်… အဲဒီအချိန်က သူ့ကို ထောက်ပံ့ခဲ့မယ်ဆိုရင် ဦးလေးက နန်ဒူနိုင်ငံရဲ့ ဘုရင် ဖြစ်လာမှာပဲ … ဒါပေမဲ့ ဦးလေး ဘာကို ရွေးခဲ့လဲ…”
“သတ်မလို့ လုပ်တယ်လေ… ဦးလေးကြောင့် ဂျီယူက သေမလို ဖြစ်ခဲ့တယ်… ဒါက ခွင့်လွှတ်မရဘူး…” နန်ဒူဝန်ယမ်က အေးစက်စွာ ပြောသည်…“သူ့အစွမ်းတွေ ဖျက်ပေးပါ…”
“ဝန်ယမ် … ငါက မင်း ဦးလေးလေ…” နန်ဒူတိုင်က နိုဘယ် ကိုးယောက်၏ စွမ်းအားများက သူ့အား ရစ်ပတ် လာသည်ကို ခံစားနေရသည်။ ထိုနိုဘယ်များ၏ နိုဘယ် အသိများက လွန်စွာ အားကောင်းလှရာ သူ ခုခံရန် မတတ်နိုင်ပေ။ ကွာဟချက်ကား ကြီးမားလွန်းလှသည်။ သူက လှုပ်ရှား၍ မရသလို ခံစားလာရသည်။ အအေးဓာတ်က သူ့အား ရုပ်တုအလား အေးခဲ သွားစေသည်။
“မဟုတ်ဘူး… ကျုပ်က နိုဘယ် တစ်ယောက်ပဲ…” နန်ဒူတိုင် တုန်ယင်လာသည်။ သူက ကံကြမ္မာအား လက်မခံနိုင်ပေ။
စူးရှသော သံစဉ်က သူ၏နားထဲကို ရောက်လာသည်။ ထိုအခိုက်တွင် နန်ဒူတိုင်က အကြီးအကဲချင်၏ ပျက်စီးခြင်း ကမ္ဘာအား ပြန်လည် သတိရသည်။ သူက လွန်စွာ ထူးခြား ထက်မြက်သော အရည်အချင်းအား ပြသခဲ့သော လူငယ်လေးအား သတိရသည်။ သို့သော်လည်း သူက ရီဖူရှင်းအား မရွေးချယ်ခဲ့ပေ။ ရီဖူရှင်းအား သတ်ခြင်းက ပြဿနာများ အားလုံးကို ချုပ်ငြိမ်းစေမည်ဟု ထင်ခဲ့သည်။
သို့သော်လည်း လက်ရှိတွင် မည်သို့ ဖြစ်လာသနည်း။
အေးစက်သော လှံသွားက သူ၏ ခန္ဓာအား တဖြည်းဖြည်း တိုးဝင်သွားကာ နောက်ဆုံး လှံတံက နန်ဒူတိုင်၏ ခန္ဓာနှင့် သူ၏ထိုင်ခုံကို တွဲလျက် စိုက်ဝင်သွားသည်။ အဆင့်မြင့် နိုဘယ်၏ ရှေ့တွင် သူကား ခုခံနိုင်စွမ်း မရှိပေ။ နန်ဒူတိုင်၏ မျက်နှာက နာကျင်မှုများ၊ နောင်တများ၊ ကြောက်ရွံ့မှုများနှင့် ပြာနှမ်းနေသည်။
နန်ဒူကလန်က ဆက်လက် တည်ရှိမည်ဟု ရီဖူရှင်းက ပြောသည်။ နန်ဒူဝန်ရှန်းက နန်ဒူနိုင်ငံ၏ ဧကရာဇ် ဖြစ်ပေလိမ့်မည်။ ထိုနေရာကား သူ နှစ်ပေါင်းများစွာ လိုလား တောင့်တခဲ့ရသော နေရာဖြစ်သည်။ နိုဘယ် အဆင့်ကို တက်ရောက် ပြီးနောက် သူက ဧကရာဇ် ဖြစ်တော့မည်ဟု ထင်ခဲ့သည်။
ကြည့်ရသည်မှာ ထိုအတွေးက လွန်စွာ ရူးမိုက်ခြင်းပင်။
သူ မချိပြုံး ပြုံးလိုက်သည်။ အကယ်၍ ထိုစဉ်က သူက ရီဖူရှင်းနှင့် ဟွာဂျီယူအား ထောက်ခံ ကူညီခဲ့မည် ဆိုပါက နန်ဒူနိုင်ငံက သူ့အပိုင် ဖြစ်လာလေမလား။
“ခေါင်းဆောင်…” ထိုင်ခုံတွင် လှံတံနှင့် တွဲလျက် စိုက်ထားခံရသော နန်ဒူတိုင်အား နန်ဒူကလန်မှ လူများက ထိတ်လန့် ကြောက်ရွံ့စွာ ကြည့်ကြသည်။ ယန်ရှာအိုကား ပိုမို၍ ကြောက်ရွံ့သည်။ ရီဖူရှင်းက တခြား လူများအား ခွင့်လွှတ်လျှင်ပင် သူ့ကို အလွတ် ပေးမည် မဟုတ်သည်ကို သူသိသည်။
ဟူး … ယန်ရှာအို၏ ခန္ဓာက လျှပ်တစ်ပြက် လေထဲကို ခုန်တက်ကာ ထွက်ပြေးရန် ကြိုးပမ်းသည်။ သို့သော် နိုဘယ်တစ်ယောက် ရှေ့ကို တက်သွားသည်။ အအေးလှိုင်းက လေထဲ ပျံ့နှံ့သွားကာ သူ၏ ခန္ဓာက လေထဲ ရပ်တန့်သွားသည်။ ထို့နောက် ယန်ရှာအိုက ရေခဲရုပ်တုအဖြစ် ပြောင်းလဲ သွားသည်။
နိုဘယ်က ရှေ့ကို လျှောက်သွားကာ လက်ဝါးတစ်ချက် ရိုက်လိုက်သည်။ အပေါ်ယံ ရေခဲများ ပြိုကွဲသွားကာ ယန်ရှာအို၏ ပါးစပ်မှ သွေးတစ်ပွက် အန်လျက် မြေပြင်ကို ကျသည်။ သူ၏ အတွင်း ကလီစာများ အားလုံး ပျက်စီးသွားသလို ခံစားရသည်။
အချိန် အနည်းငယ် အတွင်းတွင် နန်ဒူကလန်၏ ခေါင်းဆောင် နန်ဒူတိုင်နှင့် ကြယ်စင် ဧကရာဇ် ကျောင်းဆောင်၏ ကျောင်းအုပ် ယန်ရှာအိုတို့၏ အစွမ်းများ အဖျက်ခံရသည်။ ဂီတ သံစဉ်မှအပ ထိုနေရာ တစ်ခုလုံး တခြား အသံများ မကြားရပေ။
ယနေ့ ဒွန်ဟိုင်မြို့၏ ထင်ရှားသော ပုဂ္ဂိုလ်များ အားလုံးက နန်ဒူတိုင်က နိုဘယ် အဆင့်ကို ရောက်ရှိသွားခြင်း အတွက် လာရောက် ဂုဏ်ပြုကြသည်။ သို့သော်လည်း အမှန်တကယ် အားဖြင့် သူတို့က နန်ဒူတိုင် အစွမ်း ဖျက်ဆီး ခံရသည်ကို လာကြည့်ခြင်းနှင့် အတူတူပင် ဖြစ်နေသည်။
အကြောက်တရားက အရှင်လျိုအား ဖုံးလွှမ်းလာသည်။ သူက ရှေ့မှ မြင်ကွင်းအား ထိတ်လန့်စွာ ကြည့်ကာ မျက်နှာက ပြာနှမ်းလာသည်။ မူဟောင်ကလည်း ထိုအခိုက်တွင် လွန်စွာ ကြောက်ရွံ့မိသည်။
ထိုအချိန်က ဟွာဖန်းလူနှင့် ရီဖူရှင်းက သူ့ထံကို ရောက်လာကာ ရီဖူရှင်းအား သူ့တပည့် ဖြစ်စေလိုခဲ့သည်။ သူက ငြင်းပယ်ခဲ့သလို သူ၏ သမီးကလည်း သူတို့အား သရော်ခဲ့သည်။ နောက်ပိုင်းတွင် သူ၏ သားသမီးများနှင့် ရီဖူရှင်းတို့ ကတောက်ကဆ ဖြစ်ခဲ့ကြသည်။ သို့သော်လည်း တစ်ချိန်က တပည့်အဖြစ် လက်ခံရန် သူငြင်းဆိုခဲ့သော ရီဖူရှင်းကား ယခု သူ့ထက် အားနည်းပုံ မရတော့ပေ။ သူက နန်ဒူကူအား တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။ သူ၏ နောက်ခံကား လွန်စွာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သူက နိုဘယ် ကိုးယောက်ကို ပင်လျှင် စေခိုင်းနိုင်၏။
တစ်ချိန်က သူက တပည့်အဖြစ် လက်ခံရန် ငြင်းပယ်ခဲ့သူကား လွန်စွာ အားကောင်းရာ သူက ရဲရဲပင် မကြည့်ရဲသူ ဖြစ်နေလေပြီ။
လင်းဇီယွီက ကု့ချင်း တီးခတ်နေသော ရီဖူရှင်းအား ကြည့်ကာ အသက်မဲ့သလို ငေးနေသည်။ သူကား ပိုပို၍ ထူးခြား ထက်မြက် လာသည်။ တန်ဖန်း ပွဲတော်တွင် တုန်းက သူ၏ တောက်ပမှုကို မည်သူမှ လိုက်မမီခဲ့ပေ။ တစ်နှစ်ခန့် အကြာတွင်လည်း သူက ပိုမို အားကောင်း လာသည်။
လင်းဇီယွီ၏ အဖေက သူ၏ သမီးအား ကြည့်ကာ သက်ပြင်းချသည်။ ကောင်မလေးကား လွန်စွာ နက်ရှိုင်းသော အခြေအနေ တစ်ခုကို ရောက်နေပြီ။ အနာဂတ်တွင် မည်သူ့ကို သူမက စိတ်ဝင်စားတော့ မည်နည်း။
ရှာယူယန်က ရီဖူရှင်းနှင့် ဟွာဂျီယူအား ကြည့်သည်။ ထိုစဉ်က သူမက ဟွာဂျီယူအား အချစ်ရူးသည်ဟု ဆိုကာ ရယ်မောခဲ့သည်။ သို့သော် အမှန် တကယ်တမ်း တွင်ကား သူတို့ နှစ်ယောက် လွန်စွာ လိုက်ဖက်သည်ကို သူမ သိသည်။ သူတို့ကား မိုးကောင်းကင်မှ တွဲဖက် ပေးထားသော ရွှေမောင်နှံအလား လွန်စွာ လိုက်ဖက် ညီလှသည်။
ဂီသံစဉ်က ပိုမိုမြင့်တက် လာသလို နာကျင်စွာ အော်ဟစ်သံများ ကလည်း အဆက်မပြတ် ထွက်ပေါ်လာနေသည်။ နန်ဒူဝန်ရှန်းနှင့် နန်ဒူဝန်ယမ်တို့က နိုဘယ် ကိုးယောက်အား ဦးဆောင်ကာ အပြစ်ရှိသူများအား စတင် အပြစ်ပေးသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က တိုက်ပွဲတွင် ပါဝင် ပတ်သက်သူများ အားလုံး အသတ်ခံရသည်။ ထောက်ခံ အားပေးခဲ့ကာ ဝင်ရောက် မတိုက်ခိုက်သော သူများ အားလုံး အစွမ်းများ ဖျက်ဆီးခံရသည်။
***