Switch Mode

အခန်း ( ၇၆ )

ညီမလေးအား တုန်လှုပ်သွားစေသည့် လျှို့ဝှက်ချက်

ကိစ္စများကို ရှင်းလင်းပြီးနောက် သိုသိုသိပ်သိပ်နေသည်မှာ မည်သည်ကို ဆိုပေသနည်း။

ထိုမေးခွန်းအား ယုံချင်ရွှမ်းယာအနေဖြင့် ဖြေရလျှင် လီချန်ရှို့ ပြုလုပ်သွားသော အရာဟု ဖြေပေမည်။
‘ အစ်ကိုချန်ရှို့က အားအများကြီးစိုက်ထုတ်၊ အခက်အခဲတွေအများကြီးရင်ဆိုင်ပြီး အန္တရာယ်တွေအများကြီးကို ကျော်ဖြတ်ခဲ့ရတာပဲ။ အစ်ကိုက ကျဲကျောင်းတော်က အရှေ့သမုဒ္ဒရာနဂါးနန်းတော်က ဒုတိယမင်းသားလေး အောင်းရိကို လက်မတင်လေး နိုင်သွားတယ် ’

‘ ဒါပေမဲ့ အစ်ကိုက အောက်ကျို့တတ်ပြီး ကျော်ကြားမှုကို မလိုချင်ဘူး ’

အမှန်တွင် လီချန်ရှို့သည် အောင်းရိအား ဆွဲထူပေး၍ အပြစ်ပြုမိသည်ကို ခွင့်လွှတ်ပေးရန် ပြောလိုက်ခြင်းသည် ကျဲကျောင်းတော်နှင့် အောင်းရိသည် သူ့ကို ရန်ငြိုးမထားစေရန် ဖြစ်သည်။ ထိုမှသာ နောက်ဆက်တွဲ ပြဿနာများ မရှိတော့မည် မဟုတ်ပါလား။

ထို့နောက် လီချန်ရှို့သည် ခန်းမရှေ့တွင် ကြည့်နေကြသော အကြီးအကဲများထံတွင် သူ မမျှမတ အနိုင်ယူခဲ့ကြောင်း ဝန်ခံခဲ့၏။ သူသည် ဂိုဏ်းမှသင်ပေးထားသော ကိုယ်ယောင်ဖျောက်အတတ်နှင့် အဆောင်အတတ်ကို သုံးခဲ့၍သာ အသားစီးရခဲ့သည်ဖြစ်ကြောင်း ပြောခဲ့၏။ ချောင်းမြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့မိ၍ အပြစ်ပေးခံရန် အသင့်ရှိကြောင်းလည်း ပြောခဲ့သေးသည်။

ယင်းသည် မိမိအပြစ်ကင်းကာ ဂိုဏ်းအတွက်လည်း မျက်နှာရရန် ပြောခဲ့ခြင်းပင်။ ထို့နောက် သူသည် ချုံတောင်လေးသို့ ပြန်လိုပြီဖြစ်ကြောင်း ဆရာဦးလေးကျိုးဝူကို အရိပ်အမြွက်ပြောခဲ့၏။

လီချန်ရှို့သည် အတန်ငယ် ရှက်ရွံ့ဟန်ဖြင့် ရွှေနတ်လိပ်ကျွန်းမှ လူများကို အရိုအသေပေးလိုက်၏။

လီချန်ရှို့သည် ရိုးရှင်းသော စကားအနည်းငယ်၊ အပြုအမူအနည်းငယ်ဖြင့် လူအားလုံးအတွက် ထွက်ပေါက်ပေးလိုက်လေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲများသည်လည်း အကင်းပါးသူများဖြစ်၏။ သူတို့သည် လီချန်ရှို့တစ်ယောက် ရွှေနတ်လိပ်ကျွန်း၊ နဂါးနန်းတော်တို့နှင့် ရန်သူမဖြစ်လိုခြင်း ဖြစ်ကြောင်း သိကြ၏။ ထို့ကြောင့် အကြီးအကဲတစ်ဦးသည် လီချန်ရှို့ကို မျက်နှာထားတင်းတင်းဖြင့် ဆူပူလိုက်ပြီး ချုံတောင်လေးသို့ ပြန်ကာ ကိုယ့်အမှားကိုယ်ပြန်သုံးသပ်ရန် အမိန့်ပေးလိုက်ကြသည်။

ထိုအကြီးအကဲသည် ဟန်ဆောင် ဆူလိုက်ခြင်းသာဖြစ်သည်။ အမှန်တွင် သူ ဆိုလိုက်သည်မှာ ချုံတောင်လေးသို့ပြန်၍ ဆုလာဘ်များရောက်လာမည်ကို စောင့်နေဟူ၍သာ ဖြစ်၏။

သို့သော် ဘေးမှရပ်ကြည့်နေသော ယုံချင်ရွှမ်းယာသည် မျက်မှောင်ကြုတ်နေ၏။ အကယ်၍ သူမ၏ ဆရာသာ သူမကို မဆွဲထားလျှင် ရှေ့ထွက်၍ မိတ်ဆွေဟု မဆိုနိုင်သေးသော အစ်ကိုချန်ရှို့အတွက် ကူပြောပေးမည်ဖြစ်သည်။

ယုံချင်ရွှမ်းယာသည် ကြယ်အလင်းများတောက်ပနေသော ကောင်းကင်ကိုဖြတ်ကာ ပျံသန်းသွားသော လီချန်ရှို့ကို ကြည့်၍ သက်ပြင်းသဲ့သဲ့ချလိုက်သည်။

သူမတွေးလိုက်၏။
‘ ငါဘယ်တော့မှ အစ်ကိုချန်ရှို့လို တော်လာမှာလဲ ’

လီချန်ရှို့သည် ကောင်းကင်ခွင်းတောင်မှ ထွက်လာပြီးနောက် သက်ပြင်းချကာ တွေးတောလိုက်သည်။
‘ နောက်ဆုံးတော့ ငါဒီကိစ္စကို ရှင်းလိုက်ပြီ။ ဒါက တော်တော်တော့ ဒုက္ခများတာပဲ ’

သို့သော် မည်သို့ပင် သူ လုပ်ခဲ့စေကာမူ ချုံတောင်လေးသည် ဂိုဏ်းမှလူများအားလုံး၏ အာရုံစိုက်မှုကို ရရှိသွားပြီဖြစ်သည်။
‘ ဒီတစ်ခေါက် စက္ကူကိုယ်ပွား အပြင်က ပြန်လာရင်တော့ သိုသိုသိပ်သိပ်ပဲ ဆေးဖော်နေတော့မယ်။ ဆယ်နှစ်လောက် သိုသိုသိပ်သိပ် ဆေးဖော်ပြီးရင်တော့ ချမ်းသာလာအောင်လုပ်မယ့် အစီအစဉ်ကို ဆက်လုပ်လို့ရပြီ ’

‘ မဟုတ်သေးဘူး ရှစ်နှစ်၊ ဆယ်နှစ်‌လောက်နဲ့ မလုံလောက်ဘူး။ ဒါပေမဲ့ အခြေအနေတွေက နည်းနည်းတော့ တည်ငြိမ်သွားမှာပါ ’

‘ ငါ အနည်းဆုံး နှစ်နှစ်ဆယ်လောက်လိုတယ်…’

‘ ဒီနဂါးလေးရဲ့ မျက်နှာထားအရဆို ငါ့ကို တောင်းပန်ဖို့ ချုံတောင်လေးကို လာမယ့်သဘောရှိတယ် ’

လီချန်ရှို့သည် ထိုအကြောင်းများကို ခေတ္တမျှတွေးတောပြီးနောက် ‘မိန်းမလှညှို့ဓာတ်’ အရက်များကို သူ၏ ရတနာအိတ်ထဲတွင် ဖွက်ထားလိုက်၏။ သူသည် သတိလက်လွတ်ဖြစ်ပြီး ထိုအရက်ကို ထုတ်ယူမိ၍ မဖြစ်ပေ။

သို့သော် ‘ မိန်းမလှညှို့ဓာတ်’ အရက်ကို စိမ်တတ်သူမှာ သူတစ်ဦးတည်း မဟုတ်ပေ။ အာဒိကပ္ပလောကတွင် အရက်သောက်ရသည်ကို နှစ်သက်သော ချီကျင့်ကြံသူများ မရေမတွက်နိုင်အောင်ရှိ၏။ ထို့ကြောင့် နဂါးနန်းတော်သည် သူ့လက်ချက်ဖြစ်ကြောင်း ရှာတွေ့နိုင်မည်မဟုတ်သည်ကို သူသေချာသိ၏။

ထိုအခိုက်တွင် ကောင်းကင်ခွင်းတောင်သည် အတော်လေးအသက်ဝင်နေ၏။ ကောင်းကင်နတ်မင်းများသည် တာအိုတရားများကို စတင် ဆွေးနွေးနေပြီဖြစ်သည်။ လက်ရည်စမ်းပွဲကို လာကြည့်ကြသူများသည်လည်း နှစ်ဖက်လုံးမှ ကောင်းကင်နတ်မင်းများ၏ ဆွေးနွေးချက်များကို ဆက်လက်နားထောင်နေကြ၏။

သို့သော် လီချန်ရှို့သည် ရွှေနတ်လိပ်ကျွန်းမှ ကောင်းကင်နတ်မင်းများသည် ဒေါသတော်တော်ထွက်နေကြောင်း တွေ့ခဲ့၏။ ထိုသူတို့သည် မကြာခင် တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲများနှင့် တိုက်ခိုက်နိုင်ကြောင်း သူသိ၏။

သို့သော် ထိုအရာသည် သူနှင့်မဆိုင်ပေ။

သူသည် ဂိုဏ်းမှ ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်ခဲ့ခြင်းသာ။

ချုံတောင်လေးသို့ ပြန်ရောက်သောအခါ လီချန်ရှို့သည် ဆေးဖော်ဆောင်လေးဆီသို့ အရင်လျှောက်သွားလိုက်၏။ သူသည် သူလုပ်ခဲ့မိနိုင်သော အမှားများ ရှိ‌လေသ‌လောဟု ပြန်သုံးသပ်လိုက်ပြီး အကယ်၍ လုပ်ခဲ့မိပါက မည်သို့ ပြန်လည်ပြင်ဆင်ရမည်ကို တွေးတောနေလိုက်သည်။
‘ တကယ်လို့ ဆရာ့ရဲ့ ရန်သူက ဒီနေ့ ဖြစ်ပျက်သွားတာတွေကို ကြည့်နေမယ်ဆိုရင်…. ’

‘ သူ ဘာတွေးမိလောက်လဲ ’

‘ အဲ့ရန်သူက ငါ့ကို လာတိုက်ရင် ကောင်းမှာပဲ။ ငါရန်သူကို အပြင်ကို မျှားထုတ်ပြီး နှိမ်နင်းလိုက်လို့ရတယ်… ’

‘ ငါပြန်မတိုက်ခင် အသံဖမ်းပုလဲကို သုံးပြီး သူ့ဘက်က အရင်စတိုက်တာလို့ သက်သေပြလို့ရသေးတယ်။ ပြီးတော့ ငါ့မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အကြီးအကဲဝမ်လင်းယွမ်ပေးထားတဲ့ အဆိပ်တွေလည်းရှိသေးတယ်… ’

‘ အဲ့ရန်သူကို သတ်မိလိုက်လို့ ဂိုဏ်းက စည်းကမ်းအရ ငါ့ကို ဘယ်မှမသွားခိုင်းဘဲ ချုံတောင်လေးမှာ နှစ်တစ်ရာလောက် နေခိုင်းလည်း ဘာပြဿနာမှ မရှိဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်ကလည်း ဘယ်မှ မသွားချင်ပါဘူး… ’
လီချန်ရှို့ ရယ်လိုက်သည်။ ထိုအရာသည် သူ၏ စိတ်ကူးသာဖြစ်၏။

သူသည် အများအမြင်တွင် နတ်ဝိဇ္ဇာမဖြစ်သေးသော ဗလာနတ္ထိသတ္တမအဆင့်သာရှိသည့် တပည့်ငယ်လေးသာဖြစ်သည်။ ရန်သူသည် သူ့ကို အန္တရာယ်ဟုပင် သတ်မှတ်မည်မဟုတ်ပေ။

‘ ဘာဆက်ဖြစ်မလဲ ကြည့်သေးတာပေါ့ ’
လီချန်ရှို့သည် ရန်သူက မည်သူဖြစ်ကြောင်း သူ့ဆရာကို မေးလိုသော်လည်း သူ့ဆရာအနေဖြင့် အတိတ်ကို ပြန်စဉ်းစားမိလျှင် စိတ်မကောင်းဖြစ်သွားမည်ကိုလည်း သူစိုးရိမ်၏။ ထို့ပြင် သူသည် သူ့ဆရာ၏ မာနကိုလည်း မထိခိုက်စေလိုပေ။

အကယ်၍ တခြားသူများကို လိုက်မေးလျှင်လည်း ရန်သူသည် သူ့အပေါ် သံသယဝင်ပေလိမ့်မည်။

ထိုကိစ္စကို သေသေချာချာ အစီအစဉ်ဆွဲရပေမည်။

ဤအကြိမ်တွင် သူတတ်နိုင်သမျှလုပ်ခဲ့သော်လည်း လူများ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီဖြစ်သည်။

မိမိကိုယ်ကို အပြစ်တင်နေရန်မလိုပေ။ လီချန်ရှို့သည် မိမိကိုယ်ကို ကာကွယ်ရန် အစွမ်းရှိသမျှ ပြုလုပ်ခဲ့ပေ၏။

သို့သော ထိုကိစ္စများ ဖြစ်လာလိမ့်မည်ဟု မည်သူက ကြိုတင်တွေးမိမည်နည်း။

သူသည် လင်းဟိုင်မြို့ထဲတွင် ပျော်ပျော်ရွှင်ရွှင် ဆေးပင်များဝယ်လိုက်၊ ဆေးလုံးများ‌ရောင်းလိုက် လုပ်နေခြင်းပင်။ သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ တစ်ဦးနှင့် တစ်ဦးမည်သို့မျှ မပတ်သတ်သည့် ဆရာဦးလေးကျိုးဝူနှင့်‌ အောင်းရိတို့သည် သူ၏ ဆေးဖော်ဆောင် တစ်ဝိုက်ရှိ မန္တန်အစီအရင်များအတွင်း၌ လှည့်ပတ်သွားနေကြောင်း တွေ့ခဲ့ရ၏။

ဆိုးဝါးလှသော အခြေအနေပင်။

သူသည် လင်းဟိုင်မြို့ဂိတ်တံခါးတွင်‌ ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများကို တွေ့ခဲ့သဖြင့် အနည်းငယ် စိုးရိမ်ခဲ့သော်လည်း အခြေအနေများသည် ဤမျှ ဆိုးဝါးလာလိမ့််မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

‘ နောက်ဆိုရင် ချုံတောင်လေးကို လာလည်တဲ့ ဧည့်သည်မှန်သမျှကို ငြင်းလွှတ်ဖို့ ဆရာ့ကို ပြောထားရမယ် ’
လီချန်ရှို့သည် သက်ပြင်းချ၍ စက္ကူကိုယ်ပွားကို အာရုံခံလိုက်သည်။ သူ၏ စိတ်အာရုံသည် ချက်ချင်းပင် စက္ကူကိုယ်ပွားဆီသို့ ရောက်သွား၏။ စက္ကူကိုယ်ပွား ရှိရာတစ်ဝိုက်တွင် တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့်အန္တရာယ်မှ မရှိကြောင်း သိရှိပြီးသောအခါ သူ၏ နတ်အာရုံသည် ခန္ဓာကိုယ်အစစ်အတွင်းသို့ ပြန်ဝင်ရောက်လာ၏။

စက္ကူကိုယ်ပွား တည်းခိုနေသော တည်းခိုဆောင်သည် လင်းဟိုင်ဓားဂိုဏ်းမှ ဖွင့်ထားခြင်းပင်။ အခန်းငယ်လေးတစ်ခုအတွက်ပင် အခန်းငှားခ အတော်အတန်ပေးရ၏။ သို့သော် ထိုနေရာသည် အခြားနေရာများထက် လုံခြုံ၏။ ထိုတည်းခိုဆောင်အနီးတွင် လင်းဟိုင်ဓားဂိုဏ်းမှ ကောင်းကင်နတ်မင်းများ စောင့်ကြပ်နေ၏။ ထို့ပြင် ကင်းလှည့်နေကြသော နတ်ဝိဇ္ဇာစစ်သည်များသည်လည်း ထိုတည်းခိုဆောင်ကို သေချာဂရုစိုက်ကြ၏။

ယခုတွင် သူသည် ဂိုဏ်းအတွင်း တည်ငြိမ်သွားမှသာ ချမ်းသာအောင်လုပ်ရန် အစီအစဉ်ကို ဆက်ရပေမည်။

လီချန်ရှို့သည် အနည်းငယ် စိုးရိမ်နေသေး၏။ သူသည် တောင်ပေါ်တွင် ပတ်ကာ နှစ်ကြိမ်လျှောက်လိုက်ပြီး မြေအောက်တွင် ဖွက်ထားသော မန္တန်အစီအရင်များ၏ အောက်ခြေများကို စစ်ဆေးလိုက်သည်။

ခေတ္တမျှ အလုပ်များနေပြီးနောက် သုံးချောင်းထောက်ဆေးတောင်မှ လူရိပ်တစ်ခု ပျံသန်းလာသည်ကို သူ ရုတ်တရက် တွေ့လိုက်ရသည်။ ထိုလူရိပ်သည် မကြာခင် ရေကန်ဘေးရှိ တဲအိမ်အနားတွင် ဆင်းသက်လိုက်သည်။

လီချန်ရှို့သည် ထိုနေရာသို့ တိမ်စီး၍ အလျင်အမြန်သွားလိုက်၏။ ရေကန်ဘေးတွင် လူတစ်ယောက်ရပ်နေသည်ကို အဝေးမှ လှမ်းမြင်နေရ၏။

လင်းအယ်သည် သူမ၏ တဲအိမ်လေးအတွင်းမှ ခေါင်းပြူ၍ လီချန်ရှို့ကို ရေကန်ဘေးသို့ လက်ညှိုးညွှန်ပြလိုက်သည်။ ထိုနေရာတွင် ကြေးချိုင်းထောက်နှင့် အဘိုးအိုတစ်ဦးရှိနေ၏။

ထိုသူကား အကြီးအကဲ ဝမ်လင်းယွမ်ပင်။

*****

“ ဆရာဘိုးဘိုး… ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ… ”
လီချန်ရှို့သည် လျင်မြန်စွာ ဦးညွှတ်လိုက်၏။

ဝမ်လင်းယွမ်သည် လီချန်ရှို့ကို လှည့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် ချီးကျူးလိုသည့် အရိပ်အယောင်များ ပြည့်နေ၏။ သူ၏ နှုတ်ခမ်းစွန်းနှစ်ခုသည် အနည်းငယ် တွန့်သွားပြီး အသည်းအေးဖွယ် အပြုံးတစ်စပေါ်လာ၏။
“ မင်း အဲဒီနဂါးလေးကို အနိုင်ယူတာကို ငါ့ရဲ့ နတ်အာရုံနဲ့ ကြည့်နေတာ။ ဒါပေမဲ့ တခြားအကြီးအကဲတွေက မင်းကိုဆူလိုက်လို့ ငါ မင်းကို ကိုယ်တိုင် လာရှာရတာပဲ။ ဒီတစ်ခေါက်မင်းလုပ်ခဲ့တာ ကောင်းတယ် ”

“ ကိုယ်ယောင်ဖျောက်အတတ်က မင်းရဲ့ အရည်အချင်းတွေထဲက တစ်ခုပဲ။ တခြားသူတွေရဲ့ အမြင်ကို ဂရုစိုက်စရာမလိုဘူး။ နောက်ကျ ဂိုဏ်းက လူတွေက မင်းကို အပြစ်တင်ရင် သူတို့ကို ဒါပြလိုက် ”
အကြီးအကဲ ဝမ်လင်းယွမ်သည် ပြောပြောဆိုဆိုဖြင့် သူ၏ လက်ကြမ်းကြီးကို ရှေ့သို့ဆန့်ကာ လီချန်ရှို့ထံ နတ်တန်ခိုးများပါသည့် ကျောက်စိမ်းနက်အပြားလေးကို ပေးလိုက်၏။

လီချန်ရှို့သည် လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး ခေါင်းငုံ့ကာ ကြည့်လိုက်သည်။ ထိုကျောက်စိမ်းနက်အပြားလေးတွင် ချီဓာတ်အနည်းငယ် ကိန်းအောင်းနေပြီး အလယ်၌ ‘ယွမ်’ ဟုရေးထားသည်ကို တွေ့လိုက်ရသည်။

“ ငါပြောတာကို ပြန်ပြောပြလိုက် ”
အကြီးအကဲဝမ်လင်းယွမ်သည် လေသံမာမာဖြင့် ပြောလိုက်သည်။
“ နောင်ကျရင် ချုံတောင်လေးကို ငါကာကွယ်မယ်လို့ပြောလိုက်။ ဘယ်သူမှ မင်းကို ပြစ်ဒဏ်မပေးစေရဘူး… ”

လီချန်ရှို့သည် နှလုံးသားထဲတွင် နွေးထွေးမှုနှင့် လှိုက်လှဲမှုကို ခံစားလိုက်ရသည်။ သူသည် အကြီးအကဲကို အလျင်အမြန်ကျေးဇူးတင်လိုက်၏။

အကြီးအကဲသည် ဤ ဆင်းရဲသော တောင်‌လေးကိုကူညီသည်မှာ မည်သည့်အရာမှ ပြန်လိုချင်၍ မဟုတ်ကြောင်း သူသိ၏။

အကြီးအကဲဝမ်လင်းယွမ်သည် သုံးချောင်းထောက်ဆေးတောင်တွင်သာနေ၍ နှစ်ပေါင်းများစွာ အခန်းအောင်းကျင့်ကြံနေခဲ့သဖြင့် လောကကြီး၏ အကြောင်းများကို သိပ်မသိပေ။

မကြာသေးခင်က လီချန်ရှို့နှင့် အကြီးအကဲတချို့သည် လူတိုင်းအတွက် ထွက်ပေါက်ပေးရန် ဟန်ဆောင်နေခဲ့ကြခြင်းဖြစ်သော်လည်း အကြီးအကဲဝမ်လင်းယွမ်သည် ဂိုဏ်းမှ လီချန်ရှို့ကို အမှန်ပင် အပြစ်ပေးလိုက်သည်ဟု ထင်နေ၏။

ကိုယ်ယောင်ဖျောက်အတတ်ကို ဂိုဏ်းမှ တပည့်များက အထင်သေးကြ၏။

အဆိပ်ပညာကိုလည်း တပည့်များက အထင်သေး၏။

လီချန်ရှို့သည် စိတ်ထဲတွင် တွေးတောလိုက်သည်။ အကြီးအကဲဝမ်လင်းယွမ်သည် သူ့ကို ကြည့်၍ အတိတ်က ကိစ္စများကို ပြန်အမှတ်ရလာခြင်းကြောင့်ဖြစ်နိုင်ပေသည်။

အကြီးအကဲဝမ်လင်းယွမ် ခြေတစ်ဖက်မသန်ဖြစ်သွားရခြင်းသည် သူ၏ဆရာက သူအဆိပ်ကျမ်းလေ့လာခြင်းသည် တာအိုတရားကို စော်ကားခြင်းဖြစ်သည်ဟုဆိုကာ အပြစ်ပေးခဲ့ခြင်းကြောင့်ပင်။

နှစ်တစ်သောင်းကျော်ကြာသောအခါ အကြီးအကဲဝမ်လင်းယွမ်သည် အဆိပ်လမ်းကိုပင်လျှောက်ကာ အဆိပ်သည်လည်း ဆေးတစ်မျိုးဖြစ်ကြောင်း သူ၏ ဆရာကို သက်သေပြနိုင်ခဲ့၏။ အကြီးအကဲဝမ်လင်းယွမ်ရေးသားသော အဆိပ်ကျမ်း၏ နောက်ဆုံးစကာလုံးမှာ ‘ အဆိပ်သည်ဆေး ’ ဟူသော စကားလုံးပင်။

သို့သော် အကြီးအကဲဝမ်လင်းယွမ်သည် လွန်ခဲ့သည့် နှစ်တစ်သောင်းလောက်က အဆိပ်ဆေးလုံးများကိုသုံး၍ တုနတ်ဝိဇ္ဇာဂိုဏ်းကို မိစ္ဆာများ၏ ရန်မှ ကာကွယ်ပေးနိုင်ခဲ့သော်လည်း ထိုအချိန်တွင် သူ၏ဆရာသည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

လီချန်ရှို့သည် ကျောက်စိမ်းနက်ပြားလေးကို ကိုင်ကာ လေးလေးနက်နက် ဦးညွှတ်လိုက်၏။
“ ဆရာဘိုးဘိုး အခုလို စိုးရိမ်ပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ ”

ဝမ်လင်းယွမ်သည် အေးစက်စက်ပြုံး၍ ပြောလိုက်သည်။
“ ခဏလောက်နားလိုက်ပါဦး။ ငါပြန်ပြီး ဆေးဖော်ရဦးမယ် ”

“ ချုံတောင်လေးဆီ နောက်နေ့မှ ထပ်လာခဲ့မယ် ”

“ ဟုတ်ကဲ့ပါ… ဆရာဘိုးဘိုး ကြိုက်တဲ့အချိန်လာနိုင်ပါတယ် ”
ဝမ်လင်းယွမ်သည် ကလေးများကိုပင် အငိုတိတ်သွားစေမည့် အေးစက်စက်အပြုံးကို ပြန်ထားလိုက်သည်။ သူသည် ချိုင်းထောက်ကို မြေတွင် ပုတ်လိုက်ရာ မြေပေါ်တွင် တိမ်တစ်ခုပေါ်လာ၏။ ထို့နောက် သူသည် သုံးချောင်းထောက်ဆေးတောင်သို့ ပြန်သွားလေတော့သည်။

အကြီးအကဲသည် လီချန်ရှို့ကို အားပေးရန် ရောက်လာခြင်းပင်။ အခြားအကြီးအကဲများသည် သူ့ကို မချီးကျူးသော်လည်း သူကတော့ ချီးကျူးပေမည်။

အခြားအကြီးအကဲများသည် လီချန်ရှို့ကို မကာကွယ်သော်လည်း သူကတော့ ကာကွယ်ပေလိမ့်မည်။

အကြီးအကဲ၏ ရည်ရွယ်ချက်သည် ထိုမျှရိုးရှင်း၏။

လီချန်ရှို့သည် လက်အတွင်း၌ ကျောက်စိမ်းနက်ပြားကိုကိုင်က ရေကန်လေးတွင် ရပ်နေလိုက်သည်။ သူသည် အဝေးကို ငူငူကြီးစိုက်ကြည့်နေပြီးနောက် အသိပြန်၍ ကပ်လာသည်။
‘ အာဒိကပ္ပလောက,က အန္တရာယ်များပေမယ့် အာဒိကပ္ပလောကသားတွေအကုန်လုံးကတော့ မကောင်းတဲ့သူတွေ မဟုတ်ပါဘူး ’

“ အစ်ကိုကြီး… ”
လင်းအယ်သည် ပြတင်းပေါက်မှနေ၍ ခေါင်းပြူကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ နောက်တစ်ယောက် ထပ်လာနေပြန်ပြီ ”

“ အစ်ကို မြင်ပါတယ် ”
လီချန်ရှို့သည် ကျောက်စိမ်းနက်ပြားကို သိမ်း၍ သက်ပြင်းချလိုက်သည်။
‘ ဒီနေ့ ဧည့်သည်တွေတော်တော်များတာပဲ ’

“ ညီမလေး… ဒီနေ့ ညီမလေး တော်တော် ရိုကျိုးနေပါလား… ”
လီချန်ရှို့ နောက်လှည့်၍ သူမကို ချီးကျူးလိုက်သည်။

လင်းအယ်သည် ပြတင်းပေါင်ကို မှီရင်း မျက်နှာ ခပ်မဲ့မဲ့လုပ်ကာ ပြောလိုက်သည်။
“ အဲဒါက ညီမလေး ပြဿနာရှာမိရင် အစ်ကိုကြီး ဆူမှာကို ကြောက်လို့ပါနော်… ”

“ ဒါနဲ့…အစ်ကိုကြီး… အခုအရှုံးပေးခဲ့တာလား ”

“ နိုင်သွားတယ် ”
လီချန်ရှို့ ပြန်ပြောလိုက်၏။
“ ဒါပေမဲ့ ဂိုဏ်းထဲမှာ ရှင်းစရာ ကိစ္စလေးတွေရှိသေးတယ် ”

“ ေဩာ် ဟုတ်သား… ခဏနေရင် လှလှပပဝတ်ပြီး အစ်ကို့အခန်းကို လက်ဖက်ရည်လာပို့ပေးဦး။ နဂါးနန်းတော်က မင်းသားအောင်းရိက ကောင်မလေးတစ်ယောက်ကို ခေါ်လာတယ်ဆိုတော့ ချုံတောင်လေးမှာလည်း အချောအလှလေးရှိကြောင်း ပြန်ပြရမှာပေါ့ ”
လင်းအယ်သည် မျက်တောင်ခတ်ကာ နှုတ်ခမ်းစေ့၍ ရယ်မောလိုက်သည်။

သူမသည် အစ်ကိုကြီး မကြာသေးခင်က အဆင့်မြှင့်ပေးထားသော တဲအပြင်ရှိ မန္တန်အစီအရင်ကို ပိတ်လိုက်ပြီး အဝတ်အစား လျင်မြန်စွာလဲလိုက်၏။

မကြာခင် အောင်းရိနှင့် ဟန်ကျစ်သည် ကျိုးဝူအနောက်မှ လိုက်လာ၍ မြေပေါ်သို့ တိမ်စီးရင်းပင် ဆင်းသက်လိုက်ကြသည်။

လီချန်ရှို့သည် ‌ရှေ့သို့ ထွက်ကာ သူတို့ကို ကြိုဆိုလိုက်၏။ သူသည် ကျိုးဝူနှင့် အကြည့်ချင်းဖလှယ်လိုက်ရာ အချင်းချင်း သဘောပေါက်သွားကြသည်။

လီချန်ရှို့သည် အောင်းရိတစ်ယောက် သူ့ထံသို့ လာ၍ တောင်းပန်လိမ့်မည်ဟု ခန့်မှန်းမိခဲ့၏။ သို့သော် သူ့ကို လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးသည်အထိ လုပ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

“ မင်းသား … ကျုပ်ကို အဲဒီလောက် ယဉ်ယဉ်ကျေးကျေး ဆက်ဆံဖို့မလိုပါဘူး။ တဲထဲဝင်ခဲ့ပါ။ ခုနက ကျုပ် ရိုင်းပြသလိုဖြစ်သွားတာကိုလည်း ခွင့်လွှတ်ပေးပါ… ”
လီချန်ရှို့သည် အောင်းရိနှင့် ဟန်ကျစ်ကို သူ၏ တဲအိမ်အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။

အောင်းရိသည် ဖြစ်ပျက်ခဲ့သည်များကို ပြန်မပြောရသေးမီမှာပင် လီချန်ရှို့က ဦးအောင်မေးလိုက်သည်။
“ မင်းသား… ပန်းချီ တာအိုပညာကို နားလည်လား ”

သူသည် အကြောင်းအရာကို အခြားမဆိုင်သော အကြောင်းတစ်ခုသို့ စကားလမ်းကြောင်းလွှဲလိုက်ခြင်းပင်။

အောင်းရိနှင့် ဟန်ကျစ်သည် လီချန်ရှို့၏ ဦးဆောင်ရာနောက်သို့ လိုက်ပါသွားရလေသည်။

လီချန်ရှို့သည် သူအားလပ်ချိန်တွင် ဆွဲထားသော ပန်းချီကာများနှင့် စုဆောင်းထားသော ပန်ချီကားများကို ထုတ်ပြလိုက်သည်။ သူသည် ထိုနှစ်ဦးအား ပန်းချီများကို ခံစားကြည့်ရှုစေလိုက်သည်။

စကားအသွားအလာကို လီချန်ရှို့ကသာ ထိန်းချုပ်ထား၏။ နဂါးအောင်းရိနှင့် လူသားဟန်ကျစ်တို့သည် ဘေးတွင်ရပ်ကာ ခေါင်းတညိတ်ညိတ်သာ လုပ်နေရသည်။ သူတို့သည် ထိုပန်းချီကားများကို အလွန်စိတ်ဝင်စားနေ၏။

ကျိုးဝူသည် အစ၌ စကားဝိုင်းသည် အိုးတိုးအန်းတန်းဖြစ်နေမည်ကို စိုးရိမ်ခဲ့သော်လည်း သူသည်ပင် ထိုအကြောင်းအရာကို စိတ်ဝင်စားသွားပြီး ဝင်ရောက်ဆွေးနွေးလေတော့သည်။ သူသည် သူကိုယ်တိုင်စုဆောင်းထားသော ပန်းချီများကိုပင် ထုတ်၍ ဆွေးနွေးလေ၏။

တစ်နာရီမျှကြာပြီးနောက် လှပစွာဝတ်ဆင်ထားသော လင်းအယ်သည် လက်ဖက်ရည်များ လာရောက်ဧည့်ခံ၏။ ဧည့်သည့်သုံးဦး၏ မျက်လုံးများ အရောင်လက်သွားလေ၏။

လီချန်ရှို့၏ ညီမလေးသည် ပိုးသားဝတ်စုံလေးကိုဝတ်ဆင်ထားပြီး ထိပ်တွင် ပုလဲဖြူဖြူလေးများပါသည့် ကျောက်စိမ်းဆံထိုးလေးများကို ပန်ထား၏။

သူမ၏ မျက်လုံးလေးများ၊ နှာတံလေးနှင့် ပန်းဆီရောင် နှုတ်ခမ်းလေးများသည် လှပလှပေ၏။ သူမ၏ နားရွက်လေးများ၊ မျက်တောင်လေးများနှင့် သွားလေးများသည်လည်း ကဗျာမမီ၊ စာမမီပေ။

သူမတွင် ကော့ညွတ်သော မျက်ခုံးမွေးများနှင့် ကျောက်စိမ်းကဲ့သို့ ကျော့ရှင်းသော လည်တိုင်လည်း ရှိ၏။

သူမ၏ အသားအရည်သည် နှင်းကဲ့သို့ ဖြူဖွေး၍ သေးသွယ်သော ခါးလေးသည်လည်း တပ်မက်စရာပင်။

တစ်ချက်မျှကြည့်မိရုံဖြင့် အောင်းရိသည် မိစ္ဆာနှိမ်နင်းရေးတွေ့ဆုံပွဲ အောင်မြင်မှုအခမ်းအနားကျင်းပရာနေ့၌ နန်းတော်အတွင်း စောင်းသံအလိုက် ကပြအသုံးတော်ခံခဲ့သည် နတ်သမီးများနေရာတွင် သူမသာ ဖြစ်သင့်ကြောင်း ခံစားမိသွား၏။

ဒုတိယအကြိမ်ကြည့်မိသောအခါ သူမသည် ပန်ချီကားများအတွင်းမှ ထွက်လာသော မိန်းမလှလေးတစ်ဦးသဖွယ် အောင်းရိ ခံစားလိုက်ရသည်။

လင်းအယ်၏ အပြုအမူများ၊ ရုပ်ရည်သွင်ပြင်များနှင့် ကိုယ်လုံးကိုယ်ပေါက်တို့သည် ကျဲကျောင်းတော်မှ အမျိုးသမီးနတ်ဝိဇ္ဇာဖြစ်သော ဟန်ကျစ်ထက် အနည်းငယ် ပို၍သာလေ၏။

လင်းအယ်သည် သူမ၏ အစ်ကိုကြီး ဘေးတွင်ဝင်ထိုင်လိုက်ရာ သူမ၏ ကြည်လင်၍ တလက်လက်တောက်ပနေသော အကြည့်သည် ကျိုးဝူကို တွေးတောသွားစေ၏။
‘ ကျိုးအာက ချန်ရှို့ကို မကြိုက်ဘူး…ဟုတ်တယ်မလား… ’

‘ တကယ်လို့ ကျိုးအာသာ ကြိုက်နေရင် ချန်ရှို့ရဲ့ဘေးက ညီမလေးနဲ့… ’

‘ ငါ ကျိုးအာကို သတိပေးထားမှရမယ်… ’
သူသည် အတွေ့အကြုံရှိသူဖြစ်၍ အန္တရာယ်ကို ခံစားမိလိုက်၏။

ပန်ချီကားများအကြောင်း ဆွေးနွေးမှုသည် သန်းခေါင်မှာ နေထွက်ချိန်အထိ ကြာခဲ့လေသည်။ အောင်းရိနှင့် ဟန်ကျစ်သည် လီချန်ရှို့သည် ဖော်ရွေ၍ ဗဟုသုတပြည့်စုံသော လူတစ်ယောက်ဖြစ်ကြောင်း ခံစားလိုက်ကြရ၏။

အိမ်ရှင် လီချန်ရှို့သည်လည်း ဝမ်းသာနေ၏။ ပန်းချီအကြောင်း ဆွေးနွေးပြီးသွားသော်လည်း ဧည့်သည်များသည် ပြန်ချင်ပုံမပေါ်သေး၍ သူသည် ဂီတအကြောင်းဘက်သို့ ဆက်ဆွေးနွေးလိုက်သည်။

သို့သော် ဟန်ကျစ်သည် ရုတ်တရက် သူ့ဆရာ၏ အသံပို့လွှတ်မှုကို ရလိုက်၍ အောင်းရိ၏ နားအတွင်းသို့ တီးတိုးပြောလိုက်သည်။

နဂါးလေးသည် မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ သူသည် စိတ်မကောင်းဟန်ဖြင့် ထရပ်ကာ လီချန်ရှို့ကို နှုတ်ဆက်စကားဆိုလိုက်သည်။

ကောင်းကင်ခွင်းတောင်တွင် တစ်စုံတစ်ခုဖြစ်နေ၏။ အောင်းရိ၏ ဆရာဦးလေးများသည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲနှစ်ဦးနှင့် လက်ရည်စမ်းလိုနေကြသည်။ သူတို့သည် သွား၍ကြည့်ရန် အလျင်အမြန်ပြန်သွားရန်လို၏။

လီချန်ရှို့သည် ဧည့်သည်များကို တဲအိမ်အပြင်သို့ လိုက်ပို့လိုက်ပြီး ရေကန်ဘေးအထိ လမ်းလျှောက်ကာ လိုက်ပို့လိုက်သည်။ ထိုနေရာရောက်မှ သူတို့သည် နှုတ်ဆက်၍ ပြန်သွားကြလေတော့သည်။
‘ နောက်ဆုံးတော့ ငါသူတို့ကို ပြန်ပို့နိုင်လိုက်ပြီ… ’

လူငယ်လေးတစ်ဦးပုံစံရှိသည့် နဂါးနန်းတော်မှ ဒုတိယမင်းသားလေးသည် ပြုံး၍ ပြောခဲ့သေးသည်။
“ အစ်ကိုချန်ရှို့ … အစ်ကိုအားတဲ့အခါကျရင် ရွှေနတ်လိပ်ကျွန်းကို လာလည်ပေါ့။ ကျွန်တော်တို့ အစ်ကို့ကို နွေးနွေးထွေးထွေး ကြိုဆိုမှာပါ။ ပြီး‌တော့ ကျွန်တော်တို့ စကားတွေ အကြာကြီး ပြောကြတာပေါ့ ”

“ အေးပါ..အေးပါ… ”

အောင်းရိနှင့် ဟန်ကျစ်သည် ကောင်းကင်ခွင်းတောင်သို့ အလျင်အမြန်ထွက်သွားကြသည်။ ကျိုးဝူသည် လီချန်ရှို့ကို လက်မထောင်ပြလိုက်ပြီး ထိုသူနှစ်ယောက်အနောက်သို့ လိုက်သွားလိုက်၏။

လီချန်ရှို့သည် လက်ပြနှုတ်ဆက်လိုက်ပြီး တွေးလိုက်သည်။
‘ ရေစက်ပါရင်တော့ ထပ်တွေ့ကြတာပေါ… ထပ်မတွေ့ရင်တော့ အကောင်းဆုံးပေါ့ကွာ ’

လီချန်ရှို့သည် ပြဿနာအိုးများကို ပြန်ပို့ပေးပြီးနောက် ကျောဆန့်လိုက်ကာ နတ်အာရုံကိုသုံး၍ ကောင်းကင်ခွင်းတောင်ကို အာရုံခံလိုက်သည်။
‘ အရှင်ဝမ်ချင်းက ထပ်ပြီး တိုက်ခိုက်တော့မယ် ’

လီချန်ရှို့သည် သွား၍ ကြည့်လိုသော်လည်း ယနေ့အဖို့ ပြဿနာများလုံလောက်ပြီဟု ခံစားလိုက်ရ၏။ ထို့ကြောင့် ကောင်းကင်နတ်မင်းနှစ်ပါး လက်ရည်စမ်းသည်ကို အဝေးမှသာ နတ်အာရုံသုံး၍ ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

တဲအိမ်အတွင်းရှိ စိတ်ပျော်နေသော လင်းအယ်သည် ပြန့်ကျဲနေသော ပစ္စည်းများကို စတင်၍ သပ်ရပ်စွာ သိမ်းဆည်းနေ၏။ သူမသည် ပန်းကန်များ၊ ခွက်များကို ဖယ်ထားလိုက်ပြီး ပြန့်ကျဲနေသော ပန်းချီကားများကို သိမ်းဆည်းလိုက်သည်။

သူမ၏အကြည့်သည် အတန်ငယ် ပြေနေသော ပန်းချီကားလိပ်လေးစီရောက်သွား၏။ သူမသည် ခေါင်းစောင်း၍ ထိုပန်းချီကားလိပ်ကို ကြည့်လိုက်သည်။ ထို့နောက်သူမသည် ပန်းချီကား ထိပ်၌ရေးသားသော စာသားကို တွေ့လိုက်၏။
“ ကျွန်ုပ်၏ အချစ် ”

ထိုလက်ရေးသည် အစ်ကိုကြီး ချစ်သူ၏ လက်‌ရေးပင်လော။

‘ ဟီးဟီး… အစ်ကိုကြီး ဘယ်လိုမိန်းကလေးမျိုးကို ကြိုက်လဲဆိုတာ ကြည့်လိုက်ဦးမယ် ’
လင်းအယ်သည် ရေကန်ဘေးတွင် ရပ်နေသော လီချန်ရှို့၏ နောက်ကျောကို ချောင်းကြည့်လိုက်သည်။ ထို့နောက် သူမသည် ပန်းချီလိပ်ကို ယူ၍ ဖြည်းဖြည်းချင်း ဖြည်ကြည့်လိုက်သည်။ ထိုပန်းချီကားသည် အနားယူချိန်အတွက် ကြိုတင်ပြင်ဆင်ထားသည့် လျှို့ဝှက်ရတနာဖြစ်သည်။

ထိုပန်းချီသည် လီချန်ရှို့ ရှေ့နှစ်များတွင် စမ်းသပ်ထားသော လျှို့ဝှက်ရတနာပင်။ ထိုပန်းချီသည် သူ၏ စိတ်နှင့် နှလုံးကို တည်ငြိမ်အောင် လုပ်ပေးမည့် ပစ္စည်းဖြစ်မလာခင် စမ်းသပ်ထားသည့် အရာဖြစ်သည်။

ထိုပန်းချီမှာ ‘ အရွယ်လွန်အလှ ’ ပန်းချီကား မဖြစ်လာမီ မြေစမ်းခရမ်းပျိုးထားသည့် ပန်းချီပင်။

ထူးချွန်ပြောင်မြောက်သော ပန်းချီလက်ရာများကြောင့် လီချန်ရှို့သည် ထိုပန်းချီကားကို အရေးပေါ်အခြေအနေမှ သုံးရန် သိမ်းဆည်းထားခြင်းဖြစ်၏။

ထိုပန်းချီကားကို အခြား ဆွဲပြီးထားသော ပန်းချီများသိမ်းသည့် သိုလှောင်ဓမ္မအဆောင်အိတ်အတွင်း၌ သိမ်းဆည်းထားခြင်းပင်။ ထိုပန်းချီကို သိမ်းထားသည်မှာ ဆယ်နှစ်ကျော်ကြာပေပြီ။ သူသည် ထိုပန်းချီကို မတော်တဆထုတ်မိသွားခြင်းဖြစ်ပြီး ‌အောင်းရိတို့ကို မပြသခဲ့ပေ။

လင်းအယ်သည် ပန်းချီလိပ်ကို ဖြည်၍ ကြည့်နေလေသည်။ မကြာခင် သူမသည် စွဲမက်ဖွယ်ကောင်းသော ‘ အလှပ‌ဂေး ’ များကို မြင်လိုက်ရကာ သူမ၏ လက်များ တဆတ်ဆတ် တုန်ရီသွားပြီး ခြေထောက်များသည်လည်း ပျော့ခွေသွား၍ စားပွဲဘေးတွင် ပုံကျသွား၏။

‘ အာ… ’

‘ ငါဘာလုပ်ရမလဲ… ’

Comment

Leave a Reply

Options

not work with dark mode
Reset