Switch Mode

အပိုင်း (၃၀ဝ)

ခင်ဗျားတို့ အားလုံးကို သေရွာကို ပို့မလို့

နန်ဒူကလန်တွင်ကား စားသောက် ရယ်မောကာ ပျော်ရွှင် နေကြသော ဧည့်သည်များနှင့် ပြည့်နှက်နေသည်။ စားပွဲအား ဒွန်ဟိုင်မြို့မှ ကျော်ကြားသော ကလန်များနှင့် မိသားစုများ အားလုံးက ရောက်ရှိ နေကြသည်။ နန်ဒူတိုင်က ရှေ့ဆုံးတွင် ဂုဏ်ယူ ဝင့်ကြွားစွာ ထိုင်နေသည်။

နန်ဒူတိုင်နှင့် အနီးကပ်ဆုံး ထိုင်နိုင်သော သူများမှာ ဒွန်ဟိုင်မြို့၏ အာဏာများကို ဆုပ်ကိုင်ထားသူများ ဖြစ်ကြသော ကြယ်စင်ဧကရာဇ် ကျောင်းဆောင် ကျောင်းအုပ် ယန်ရှာအိုနှင့် အရှေ့ပင်လယ် ဒေသ၏ စီရင်စု ခေါင်းဆောင် အသစ်ဖြစ်သော အရှင်လျိုတို့ ဖြစ်ကြသည်။

“အစ်ကိုနန်ဒူ… အဆင့်တက်သွားတဲ့ အတွက် ဂုဏ်ယူပါတယ်… အရှင်မင်းကြီးက ကန်ယီကို တိုက်ခိုက် သိမ်းပိုက်ပြီးတဲ့အခါ နယ်မြေတစ်ရာ ဒေသရဲ့ အခြေအနေက ပြောင်းလဲ သွားပြီးတော့ အရှင်မင်းကြီးက နယ်မြေတစ်ရာ ဒေသရဲ့ ဘုရင် ဖြစ်လာနိုင်တယ်… အဲဒီ အချိန်ကျရင် အစ်ကို နန်ဒူကလည်း နိုင်ငံတစ်နိုင်ငံရဲ့ ဘုရင် ဖြစ်လာလိမ့်မယ်လို့ ကျုပ်ယုံတယ်…” အရှင်လျိုက ပြုံးလျက် ပြောသည်။

“အရှင်လျို… ခင်ဗျားက အရမ်း ယဉ်ကျေးတာပဲ… ခင်ဗျားက ကျုပ်ကို အရှင်မင်းကြီးရှေ့မှာ ချီးကျူးပေးဖို့လည်း လိုသေးတယ်…” နန်ဒူတိုင်က ပြုံးလျက် ပြောသည်။

“ဒါ သေချာတာပေါ့… ဒွန်ဟိုင်မြို့မှာ နိုဘယ် တစ်ယောက် ပေါ်ထွက်လာတယ်… လူတိုင်းက ဂုဏ်ပြုစကား ပြောဖို့ ရောက်လာကြတယ်… အခု ရောက်လာတဲ့ လူတွေထဲမှာ ပါရမီမြင့်တဲ့ လူငယ်တွေ အများကြီး ပါလိမ့်မယ်လို့ ကျုပ်ထင်တယ်… ဒီအခွင့်အရေးကို သုံးပြီး ကျုပ်တို့က လူငယ်တွေကို သူတို့ရဲ့ အရည်အချင်းတွေကို ပြသခိုင်း ကြရအောင်လား…” အရှင်လျိုက ပြောသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ဤသို့သော ပျော်ရွှင်ဖွယ်ရာ အခမ်းအနား တစ်ခု ကျင်းပကာ လူငယ်များ၏ စွမ်းဆောင်ရည်များအား ပြသစေခဲ့သည်။ သို့သော်လည်း ထိုအချိန်က ရီဖူရှင်း ပေါ်လာခဲ့ကာ “ငှက်တောင်ပံခတ်သံ” သံစဉ်ဖြင့် လူတိုင်းကို အံ့အားသင့် စေခဲ့သည်။

ထို့နောက် ရီဖူရှင်းက ကျောက်မူအား အနိုင်ယူကာ အရှင်လျိုအား လွန်စွာ ကသိကအောက် ဖြစ်စေသော အခြေအနေကို တွန်းပို့ခဲ့သည်။ ကံကောင်းစွာပင် အရှင်လျိုက စိန်ခေါ်ပွဲကို တိတ်တဆိတ် ဝင်ရောက် စွက်ဖက်ခဲ့ပြီး စိန်ခေါ်ပွဲအား အဆုံးသတ် စေခဲ့သည်။ လက်ရှိတွင်လည်း လူငယ်များ အများအပြား ရောက်ရှိ နေကြသည်။ သူတို့၏ စွမ်းဆောင်ရည်များ ကလည်း ထူးခြား ကောင်းမွန် ရပေမည်။

“ကောင်းပြီ… ကျုပ်ကလည်း ဒီနေ့ ဒွန်ဟိုင်မြို့ရဲ့ လူငယ် ပါရမီရှင်တွေ ဘယ်လောက် ထူးချွန်လဲ သိချင်တယ်… တကယ်ပဲ ဒီလို ထူးထူးခြားခြား စွမ်းဆောင်နိုင်တဲ့ လူရှိရင် သူ့ကို ကျုပ်က ကြီးကြီး ကျယ်ကျယ် ဆုချမယ်…” နန်ဒူတိုင်က ပြုံးလျက် ပြောသည်။ သူက နန်ဒူကလန်မှ တော်ဝင် သွေးမျိုးဆက် ဖြစ်သူ ဟွာဂျီယူအား သတိရမိသည်။ သူမကား လွန်စွာ ထူးခြား ထက်မြက်လှကာ နန်ဒူကလန် ကလည်း သူမ တန်ခိုးကျင့်ရန် အတွက် အရင်းအမြစ်များစွာ သုံးရန် ပြင်ဆင်ထားပြီး ဖြစ်သည်။ သို့သော်လည်း ကံမကောင်းသည်က သူမက ရီဖူရှင်းနှင့် အတူ နေလိုခဲ့သည်။ သူမ၏ ပါရမီက ခြွင်းချက်မရှိ ကောင်းမွန်ကာ ထိပ်သီး အင်အားစုကို ဝင်ရောက်ခဲ့သည့်တိုင် လျိုဂျန်လန်က ရီဖူရှင်းအား သတ်မည်ဟု ပြောထားရာ ထိုကိစ္စက သူမအား သက်ရောက်မှု ရှိမည် ဖြစ်သည်။

ထို့နောက်တွင် များစွာသော လူငယ်များက တစ်ယောက်ပြီး တစ်ယောက် မိမိတို့ စွမ်းရည်များကို ပြသကြသည်။ ကျောက်မူကလည်း သူ၏ စွမ်းရည်ကို ပြသည်။ သူ၏ ဆင့်ခေါ်ခြင်း စွမ်းရည်ကား ပိုမို ထက်မြက် လာသည်။ မူဟောင်ကလည်း သူ၏ သားသမီးများအား စွမ်းရည် ပြစေသည်။ မူယွန်ချန်းနှင့် မူယွန်နီတို့ကလည်း ကောင်းမွန်သော အရည်အချင်းများကို ပြသကြ၏။

“ဇီယွီ… မင်းရဲ့ အရည်အချင်းကို ထုတ်မပြဘူးလား…” အရှင်လျိုက လင်းဇီယွီအား ကြည့်ကာ ပြောသည်။ လင်းဇီယွီက ခေါင်းယမ်းလျက် ညင်သာစွာ ပြောသည်… “အရှင်… သမီးက သိပ်မတော်ပါဘူး… သမီးရဲ့ စွမ်းရည်တွေကို ပြရင် အရှက်ရစရာပဲ ဖြစ်လိမ့်မယ်…”

“အစ်ကိုလင်း… ဇီယွီက ပိုပိုပြီးတော့ နှိမ့်ချတတ်လာတယ်…” အရှင်လျိုက မိန်းကလေးအား ကြည့်ကာ ပြောသည်… “အခု ဇီယွီက အလှဆုံး အရွယ်ကိုတောင် ရောက်လာပြီ… သူမမှာ ချစ်သူ မရှိသေးဘူးလား…”

“အရှင်လျို… သူမက တန်ခိုးကျင့်တာမှာပဲ အာရုံစိုက် ထားတယ်… ဒါကြောင့် အချစ်ကိစ္စတွေ သိပ်မတွေးဘူး…” လင်းဇီယွီ၏ အဖေက ပြုံးလျက် ပြောသည်။ သူက သူ့သမီး၏ စိတ်ထဲတွင် ဘာရှိနေသည်ကို သိသည်။ သူမ၏ နှလုံးသားထဲတွင်ကား တစ်စုံ တစ်ယောက်က ရှိနှင့်ပြီးသား ဖြစ်သည်။ သို့သော် သူတို့ နှစ်ယောက်ကား မဖြစ်နိုင်ပေ။ သူကလည်း သူ၏ သမီးကို ယခင်က ပြောထားဖူးပြီး ဖြစ်သည်။ သို့တိုင်အောင် လင်းဇီယွီက ဒွန်ဟိုင်မြို့မှ ပါရမီရှင်များကို စိတ်ဝင်စားပုံ မရပေ။

“ဟ ဟ… ကျုပ် ထင်တာတော့ အနုပညာ သူတော်စင်ရဲ့ တပည့် ကျောက်မူက သိပ်မဆိုးဘူးပဲ… သူတို့ချင်းလည်း သိကြတယ်… အစ်ကိုလင်း… ခင်ဗျား ဘယ်လိုထင်လဲ…” ဝိုင်ခွက် အနည်းငယ် သောက်ပြီးနောက် အရှင်လျိုက လူငယ်များအား စတင်၍ လိုက်လံ တွဲဖက်သည်။

ကျောက်မူက အမှန်ပင် ထိုချောမောကာ တည်ငြိမ်သော မိန်းကလေးအား ကြည့်သည်။ သို့တိုင်အောင် သူမက ယခင်က သူ တိတ်တခိုး ချစ်ခဲ့ဖူးသော မိန်းကလေးနှင့် မယှဉ်နိုင်ပေ။ ထိုစဉ်က သူက ဟွာဂျီယူအား ပိုးပန်း လိုခဲ့သော်လည်း နောက်ပိုင်း အဖြစ်အပျက်များက သူ့အတွက် မျှော်လင့်ချက် ကင်းမဲ့စေခဲ့သည်။

သူနှင့် ဟွာဂျီယူကား မူလ ကတည်းက အတူတူရှိရန် ကံပါမလာပေ။

တစ်ချိန်က သူ၏ ဆရာက နန်ဒူဝန်ယမ်အား အောင်မြင်စွာ ပိုးပန်းနိုင်ခဲ့ခြင်း မရှိပေ။ သူကား တခြား တစ်ဖက်တွင် သူမအား ပိုးပန်းရန် အခွင့်အရေးပင် မရှိပေ။ သူမ၏ ချစ်သူကား သူ အနိုင်ယူနိုင်စွမ်း မရှိသော ပြိုင်ဖက် တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် အရှင်လျိုက သူ့အား လင်းဇီယွီနှင့် တွဲဖက် ပေးသောအခါ အမှန်ပင် စိတ်ဝင်စားမိသည်။

“အရှင်… သမီးက အခု ဒီလို အတွေးမျိုး မရှိသေးပါဘူး…” လင်းဇီယွီက ငြင်းပယ်လိုက်သည်။ အရှင်လျိုက အတန်ကြာ အံ့အားသင့်သွားကာ ပြုံးလျက် ပြောသည်… “ငါ အရမ်း စကားများ သွားပြီ…”

“အရှင်လျို… ဒါက ဇီယွီက မရင့်ကျက် သေးလို့ပါ… သူမက အရွယ် ရောက်လာတဲ့ အချိန်ကျရင် အရှင့်ရဲ့ သဘောထားကို နားလည်လာမှာပါ…” လင်းဇီယွီ အဖေ၏ စကားက ကသိကအောက် အခြေအနေအား လွန်မြောက် စေသည်။ အရှင်လျိုက ပြုံးလျက် ခေါင်းညိတ်သည်။

လူအုပ်ထဲတွင် ရှာယူယန်က ထိုမြင်ကွင်းအား တိတ်ဆိတ်စွာ ကြည့်နေသည်။ သူမကား ဒွန်ဟိုင်မြို့၏ အင်အားကြီး ကလန်ဖြစ်သော ရှာမိသားစု၏ မင်းသမီးလေး ဖြစ်သည်။ အတိတ်က ကြယ်စင်ဧကရာဇ် ကျောင်းတော်တွင် ဟွာဂျီယူရှိစဉ်က သူမနှင့် ဟွာဂျီယူတို့၏ ဆက်ဆံရေးကား လွန်စွာ ကောင်းမွန်ခဲ့ကြသည်။ အမှန်တကယ် အားဖြင့် သူမက ယနေ့ အခမ်းအနားကို သဘောမကျသလို နန်ဒူကလန်၏ အပြုအမူ များကိုလည်း မနှစ်သက်ပေ။ သို့သော်လည်း သူမ၏ အဖေက သူမအား အတင်း ခေါ်လာရာ ရွေးချယ်ပိုင်ခွင့် မရှိခဲ့ပေ။

ဂျီယူ မည်သို့သော အခြေအနေ ရှိနေမည်နည်း သူမ သိလိုသည်။

ရုတ်တရက် နန်ဒူကလန်ထဲကို တန်ခိုးရှင်တစ်စု ဝင်ရောက် လာသည်။ သူတို့က ဒွန်ဟိုင် ကျောင်းတော်မှ ဖြစ်ပြီး ကလန် ခေါင်းဆောင်အား သတင်း လာပို့ကြခြင်း ဖြစ်သည်။ သို့သော်လည်း တစ်ချိန်တည်းမှာ နန်ဒူကလန်၏ အပြင်ဘက်ကို နောက်ထပ် တန်ခိုးရှင် တစ်အုပ်စု ရောက်ရှိလာသည်။ သူတို့ကား ရီဖူရှင်းတို့ ဖြစ်ကြသည်။ ရီဖူရှင်းတို့က နောက်ကျမှ ထွက်ခွာ လာကြသော်လည်း သူတို့က ပိုမို လျင်မြန်ရာ နှစ်ဖွဲ့က တစ်ချိန်တည်း လိုလိုတွင် ရောက်ရှိ လာကြသည်။

ရီဖူရှင်း၊ ဟွာဂျီယူနှင့် တခြားလူများက နန်ဒူကလန်၏ အပြင်ဘက်တွင် ရပ်လိုက်ကြသည်။ နန်ဒူနိုင်ငံ၏ ယခင် တော်ဝင်မိသားစု ဟောင်းကား ဒွန်ဟိုင်မြို့တွင် ထည်ဝါ ခန့်ညားစွာ ရပ်တည်နေဆဲ ဖြစ်သည်။ ရီဖူရှင်းအား ဤနေရာကို ဟွာဖန်းလူက ပထမဆုံး အကြိမ် လိုက်ပြခဲ့သည်။ ထိုအချိန်က ရီဖူရှင်းက ပြောခဲ့သည်။ တစ်နေ့တွင် သူ၏ ဆရာအား နန်ဒူကလန်က တောင်းပန် ခယကာ အိမ်တော်ထဲကို ဖိတ်ကြား စေရမည်။ သို့သော် ယခုတွင်ကား ထိုသို့လုပ်ရန် မလိုအပ်တော့ပေ။

အစောင့်များက ရီဖူရှင်းတို့အား မြင်လျှင် လွန်စွာ ထိတ်လန့် သွားကြသည်။

ရီဖူရှင်း၏ လက်ထဲတွင် ဓာတ်ငါးမျိုး နှင်တံ ပေါ်လာသည်။

နှင်တံက လွန်စွာ ရှည်လျားလာပြီး ရောင်စုံအလင်းများ တောက်ပ လာနေသည်။ ရှေ့မှ နန်ဒူကလန်၏ ဂိတ်တံခါးအား ကြည့်ကာ ရီဖူရှင်း၏ ခန္ဓာက လေထဲတွင် စတင် လှည့်ပတ်လာသည်။ ထို့နောက် သူက နှင်တံအား မြှောက်ကာ ဂိတ်တံခါးအား တိုက်ရိုက် ရိုက်ချလိုက်သည်။ ဘန်းခနဲ မြည်သံနှင့်အတူ ဂိတ်တံခါးက ပွင့်ထွက်သွားသည်။ ထို့နောက် သူက နန်ဒူကလန်ထဲကို ဝင်ရောက်သွား၏။

ကျယ်လောင်သော ဆူညံသံက နန်ဒူကလန် တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ အခမ်းအနားမှ လူများ၏ အမူအရာများ ပြောင်းလဲ သွားကြကာ အပြင်ဘက်ကို လှမ်းကြည့်ကြသည်။ နန်ဒူတိုင်က အေးစက်စွာ ပြောသည်… “ဘာဖြစ်နေတာလဲ…” သူက ထိုသို့ ပြောလိုက်စဉ်မှာပင် လူတစ်စု ကလန်ထဲကို ဝင်ရောက်လာသည်။ သူတို့က ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ ကျောင်းအုပ်အား တွေ့လျှင် အော်ပြောသည်…“ဆရာကြီး… ရီဖူရှင်း… ယိချန်နဲ့ တခြားလူတွေ ပြန်လာကြပြီ…”

ဝုန်း… ယန်ရှာအို ချက်ချင်း မတ်တတ်ရပ်သည်။ ဖန်ခွက်အား ကိုင်ထားသော လူများ၏ လက်များက အေးစက် သွားကြသည်။

သူတို့ သတိ ဝင်လာသောအခါ အပြင်ဘက်ကို လှမ်းကြည့် ကြပြန်သည်။ လူတစ်စုက ပျက်စီးသွားသော ဂိတ်တံခါးအား ဖြတ်ကျော်လျက် ဝင်ရောက် လာသည်။ ရှေ့ဆုံးတွင်ကား ရီဖူရှင်းက ဓာတ်ငါးမျိုး နှင်တံကို ကိုင်စွဲလျက် လျှောက်လာသည်။ နန်ဒူဝန်ယမ်နှင့် ဟွာဂျီယူတို့က သူ့နောက်တွင် ဖြစ်သည်။ သူတို့ကလည်း နန်ဒူကလန်ကို ဤသို့သော နည်းဖြင့် ဝင်ရောက်မည်ဟု မထင်ထားခဲ့ကြပေ။

“ရပ်…” အစောင့် အနည်းငယ်က ရှေ့ကို လျှောက်လာကာ ရီဖူရှင်းတို့အား တားရန် ကြိုးစားကြသည်။ သို့သော်လည်း နွယ်ပင်များက သူတို့ထံ တိုးဝင်လာကာ သူတို့အား ရစ်ပတ်လျက် အဝေးကို လွှင့်ပစ်ခြင်း ခံရသည်။

“ဓမ္မ…” နန်ဒူကလန်မှ လူများ ထိတ်လန့် သွားကြသည်။ ရီဖူရှင်းကား ဓမ္မအဆင့်ကို ရောက်နေပြီး ဖြစ်သည်။

သို့တိုင်အောင် ရဲရင့်သော အစောင့်များက ထပ်မံ၍ ရှေ့ကို တိုးလာကြပြန်သည်။ သို့သော်လည်း သူတို့လည်း အဝေးကို လွင့်စဉ် သွားကြ၏။ ရီဖူရှင်းတို့က ရှေ့ကို ဆက်လျှောက် လာကြသည်။

ညစာ စားပွဲကား လွန်စွာ ခမ်းနားကာ နေရာက ကြီးမား ကျယ်ပြန့်သည်။ ထို့ကြောင့် သူတို့က နန်ဒူတိုင်နှင့် အနည်းငယ် ဝေးသော နေရာတွင် ရှိနေသေး၏။ သို့တိုင်အောင် နန်ဒူတိုင်က ရီဖူရှင်းတို့အား မြင်သည်။

ညစာစားပွဲမှ လူများက နောက်ကို တစ်ယောက်ပြီး တစ်ယောက် ဆုတ်ကာ ရီဖူရှင်းတို့ အုပ်စုအား လမ်းဖယ် ပေးကြသည်။ အားလုံး၏ ပျော်ရွှင်မှုများကား ပျောက်ဆုံး သွားပြီး ဖြစ်ကာ လူတိုင်းက အခြေအနေကို အကဲခတ် နေကြသည်။

လင်းဇီယွီက ရှေ့ဆုံးမှ လျှောက်နေသော ကောင်လေးအား ကြည့်ကာ ထူးဆန်းသော အမူအရာ ဖြစ်ပေါ်နေသည်။ နောက်ဆုံးတွင် သူပြန်လာပြီလား။ လက်ရှိတွင် သူနှင့်ပတ်သက်၍ ကောလာဟလ များစွာ ရှိနေသည်။ လျိုဂျန်လန်က သူ့အား သတ်မည်ဟု လူတိုင်းက ပြောနေကြသည်။ သူမက ထိုသတင်းများအား မယုံပေ။

ကျောက်မူကလည်း ရီဖူရှင်းအား မြင်ကာ သူ၏ မျက်နှာက ပြာနှမ်းသွားသည်။ ရီဖူရှင်းကား သူ မည်သည့်အခါမှ အနိုင်ယူနိုင်စွမ်း ရှိတော့မည် မဟုတ်သော ပြိုင်ဘက် ဖြစ်သည်။ ရီဖူရှင်းက ဒွန်ဟိုင်မြို့ကို ဝင်ရောက်လာသည်နှင့် သူ၏ တည်ရှိမှုက သိမ်ငယ်သွားသည်။

အနုပညာ သူတော်စင်က ဟွာဖန်းလူနှင့် နန်ဒူဝန်ယမ်အား ကြည့်ကာ တိတ်တခိုး သက်ပြင်းချသည်။

ယန်ရှာအို၏ မျက်နှာက မည်းမှောင် သွားသည်။ သည်လူများက အမှန်ပင် ချိုးဖျက် ဝင်ရောက် လာသည်။

နန်ဒူဝန်ရှန်းက လွန်စွာ ဝမ်းသာသော အမူအရာဖြင့် ထရပ်သည်။ သူ၏ ညီမကား နောက်ဆုံးတွင် ပြန်လာခဲ့ပြီ။

နန်ဒူတိုင်ကား ထိုနေရာတွင် ထိုင်နေဆဲဖြစ်ကာ ရီဖူရှင်းနှင့် ဟွာဂျီယူအား အေးစက်စွာ ကြည့်နေသည်။

“အဲဒီနေ့ကလိုပဲ အရမ်း စည်ကားတာပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ထိုစဉ်က နှစ်သစ်၏ ပထမနေ့တွင် နန်ဒူကလန်ကလည်း လွန်စွာ စည်ကား နေခဲ့သည်။ ဝန်ကြီးချုပ်ဟွာနှင့် အရှေ့ပင်လယ် ဒေသ၏ စီရင်စု ခေါင်းဆောင် ရှာဖန်တို့ အပါအဝင် များစွာသော လူများက ဤနေရာတွင် ရှိနေခဲ့ကြသည်။

ယနေ့ကား ၎င်းနေ့ကအတိုင်း အရာရာတိုင်းက ဆင်တူလှသည်။

ထိုနေရာက လုံးဝ တိတ်ဆိတ်နေသည်။ လူတိုင်းက ရီဖူရှင်းတို့အား ကြည့်ကြသည်။ သူတို့က ကလန်ထဲကို ဤသို့နည်းဖြင့် ဝင်ရောက် ရဲသည်လား။

“ခင်ဗျားက နိုဘယ်အဆင့်ကို ရောက်သွားပြီလို့ ကျုပ်ကြားတယ်… ဂုဏ်ပြုပါတယ်…” ရီဖူရှင်းက နန်ဒူတိုင်အား ပြုံးလျက် ကြည့်သည်။ နန်ဒူတိုင်၏ မျက်လုံးက အရောင် လက်သွားသည်။ သူက နိုဘယ်အဆင့်ကို ရောက်သွားသည်ကို ရီဖူရှင်းက သိသော်လည်း ဤသို့သောနည်းဖြင့် ဝင်လာရဲသည်။ သူက ယိချန်နှင့် သူ့နောက်မှ ငွေရောင်ချပ်ဝတ် ကိုးယောက်ကို ကြည့်သည်။ ထိုလူ ကိုးယောက်က ဘယ်သူတွေလဲ။

“အဲဒီနေ့က ကျုပ်ဆရာ ဘိုးဘိုးက ဒီမှာ သံစဉ်တစ်ပုဒ် တီးခတ်ခဲ့တယ်… ဒီနေ့ ကျုပ်ကလည်း အဲဒီသံစဉ်ကို တီးခတ်ပေးမယ်…” ရီဖူရှင်းက ဆက်ပြောသည်… “ခင်ဗျားတို့ အားလုံးကို သေရွာကို လိုက်ပို့မလို့…”

နန်ဒူတိုင်က မတ်တတ်ရပ်လိုက်ကာ သူ၏ အမူအရာက လွန်စွာ အေးစက် လာနေသည်။

သူ့အား သေရွာကို ပို့မည်လား။

“သူ့ကို ဖမ်းကြစမ်း…” နန်ဒူတိုင်က ပြောသည်။ ချက်ချင်းပင် နန်ဒူကူက မြေပြင်ကို ဆောင့်နင်းကာ ရီဖူရှင်းထံကို ပျံသန်း သွားသည်။ သူက လက်ချောင်းကို ကွေးကာ သိမ်းငှက်လက်သည်း တိုက်ကွက်ဖြင့် ရီဖူရှင်းထံ ကုတ်ချလိုက်သည်။

သူ၏ ကိုယ်ရောင် ကိုယ်ဝါအား ခံစားမိရာ ဟွာဖန်းလူနှင့် တခြားလူများက မည်သို့မှ မတုံ့ပြန်ကြပေ။

ဓာတ်ငါးမျိုး နှင်တံအား လက်တွင် ဆုပ်ကိုင်လျက် ရီဖူရှင်းကလည်း မြေပြင်ကို ဆောင့်နင်းက သူ့ထံ တိုးဝင်လာသော နန်ဒူကူထံ တိုးဝင်သွားသည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်များက နှင်တံ၏ ထိပ်ဖျားတွင် စုစည်း လာနေကြသည်။ ထို့နောက် သူက နှင်တံဖြင့် နန်ဒူကူအား ရိုက်ချလိုက်၏။

“ဓမ္မအဆင့်ခုနစ်…” လူတိုင်းက ထိတ်လန့် သွားကြသည်။ နှစ်နှစ်ခန့်မျှသော အချိန်လေးတွင် ရီဖူရှင်းကား ဓမ္မအဆင့် ခုနစ်ကို ရောက်နေပြီး ဖြစ်သည်။ ပိုမို ထိတ်လန့်ဖွယ် ကောင်းသည်ကား သူ၏ ရိုက်ချက်က လေဓာတ်နှင့် မိုးကြိုးဓာတ်များ ပါဝင်နေသည်။

နှင်တံက ကောင်းကင်အား ဖုံးလွှမ်းသွားပြီး ကမ္ဘာမြေအား ပြိုကွဲ သွားစေလောက်သည်။ ဘန်းခနဲ မြည်သံနှင့်အတူ နန်ဒူကူ နာကျင်စွာ အော်ဟစ်သည်။ သူ၏ အရိုးများက ကျိုးအက်သွားကာ အဝေးကို လွင့်စဉ် သွား၏။ သူက ညာလက်အား ဘယ်လက်ဖြင့် ကိုင်ကာ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်လျက် ထရပ်လာသည်။

သူကား အကာနာ အဆင့်တွင် ရှိသည်။ သူက အဆင့်နိမ့် အကာနာ ဖြစ်သော်လည်း သူကား အရှေ့ပင်လယ် ဒေသ၏ စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက် ဖြစ်ပေသည်။ သို့သော်လည်း သူက ရီဖူရှင်း၏ ရိုက်ချက် တစ်ချက်မျှကိုပင် မခံနိုင်ပေ။

ထိုအခိုက်တွင် နန်ဒူကူက ရီဖူရှင်းအား ကု့ချင်းဥယျာဉ်တွင် ပထမဆုံး တွေ့ဆုံခဲ့သော အချိန်ကို သတိရသည်။ ထိုစဉ်က ဟွာဖန်းလူက သူ့အား ရီဖူရှင်း၏ နာမည်ကို နောင်တွင် မှတ်မိ လာရမည်ဟု ပြောခဲ့သည်။

“ဦးလေး…”  ရီဖူရှင်းက နောက်လှည့်ကာ နန်ဒူဝန်ရှန်းအား ကြည့်သည်။ နန်ဒူဝန်ရှန်းကလည်း ရီဖူရှင်းအား စိတ်လှုပ်ရှားစွာ ကြည့်သည်။ ယခင် အားနည်းသော ကောင်လေးကား လွန်စွာ အစွမ်းထက် နေလေပြီ။

“ဖူရှင်း … ဝန်ယမ်… ဂျီယူ…” နန်ဒူဝန်ရှန်းက ခံစားချက်များ ရောထွေးလျက် ခေါ်သည်။

“အစ်ကို… အားလုံးက ပြီးသွားပါပြီ…” နန်ဒူဝန်ယမ်က ညင်သာစွာ ပြောသည်။ သူမ၏ စကားကို ကြားလျှင် နန်ဒူဝန်ရှန်းက ယုံကြည်မှုများ ရှိလာသလို ခံစားရသည်။

သူက ပြုံးလိုက်သည်။ အရာ အားလုံးက ပြီးဆုံးသွားပြီလား။

“ဦးလေး… ဦးလေးက နန်ဒူနိုင်ငံရဲ့ ဧကရာဇ်လုပ်ဖို့ ဆန္ဒ ရှိသလား…” ရီဖူရှင်းက မေးသည်။

သူက ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်း၏ အကြည့်က အေးစက် သွားသည်။

***

အတွဲ(၂၀)ပြီးပါပြီ

ဆက်ပါဦးမည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset