ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က ဒွန်ဟိုင် ကျောင်းတော်အား စုစည်းပြီးနောက် ကျောင်းတော် တစ်ခုလုံးအား ထိန်းချုပ်နိုင်ခဲ့ကြသည်။ သို့သော် အရှေ့ပင်လယ် ဒေသ၏ အကောင်းဆုံး ကျောင်းတော်တစ်ခု အနေဖြင့် လူငယ် ပါရမီရှင်များက ဒွန်ဟိုင် ကျောင်းတော်သို့ တက်ရောက်ရန် ရွေးချယ်နေကြဆဲ ဖြစ်သည်။
ကျောင်းတော်တွင်ကား လူငယ်များနှင့် စည်ကားနေကာ အများအပြားက နန်ဒူကလန်နှင့် ပတ်သက်၍ ပြောဆို ဆွေးနွေးနေကြသည်။ ဒွန်ဟိုင်မြို့တော်တွင် နိုဘယ်တစ်ယောက်က အမှန်ပင် ပေါ်ထွက်ခဲ့သည်။ ထိုအဖြစ်က လူငယ်များ၏ မျှော်လင့်ချက် များကိုလည်း ပိုမိုကြီးမား လာစေသည်။
ထိုအခိုက်တွင် လွန်စွာ အားကောင်းသော ကိုယ်ရောင် ကိုယ်ဝါများနှင့် လူတစ်စုက ဒွန်ဟိုင် ကျောင်းတော်၏ ပြင်ပ၌ ပေါ်လာသည်။ သူတို့ကား ရီဖူရှင်းတို့ အုပ်စု ဖြစ်ကြသည်။
ရီဖူရှင်း၊ ဟွာဂျီယူ၊ ယိချိန်ချန်နှင့် တန်ဝမ်တို့က သူတို့၏ ရှေ့မှ ရင်းနှီးသော နေရာသို့ လျှောက်သွား လိုက်ကြသည်။ ဤနေရာမှ အရာအားလုံးက ယခင်က အတိုင်း ဖြစ်သော်လည်း လူများကား ပြောင်းလဲသွားပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က သူတို့က ဤနေရာတွင် လေ့ကျင့်ခဲ့ကြ သော်လည်း အချိန်များကား လွန်စွာ ကြာမြင့်ခဲ့ပြီး ဖြစ်သည်ဟု ခံစားကြရသည်။ သူတို့၏ ရှေ့မှ မြင်ကွင်းက အနည်းငယ် မရင်းနှီးတော့ သလိုပင် ခံစားကြရသည်။
ယိချန်၊ ဟွာဖန်းလူ၊ နန်ဒူဝန်ယမ်နှင့် တန်လန်တို့က သက်ပြင်းချကြသည်။ အတိတ်တွင် သူတို့က ဒွန်ဟိုင်ကျောင်းတော်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြကာ ယိချန်ကား လာဘ်လာဘ ကျောင်းဆောင်၏ ကျောင်းအုပ်ပင် ဖြစ်သည်။ ဟွာဖန်းလူနှင့် တန်လန်တို့က ယခင်က ကြယ်စင်ဧကရာဇ် ကျောင်းဆောင်တွင် ပညာသင်ခဲ့ကြသည်။ သို့သော်လည်း ဒွန်ဟိုင် ကျောင်းတော်က ယခင်ကလို တူညီသော ဒွန်ဟိုင် ကျောင်းတော် ဟုတ်ပါဦးမည်လော။
ရီဖူရှင်းနှင့် သူ၏ လူများ၏ ကိုယ်ရောင် ကိုယ်ဝါများက လွန်စွာ ထူးခြားလွန်းလှရာ လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိကြသည်။ အထူးသဖြင့် ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ဖြစ်သည်။ သူတို့၏ ရုပ်ရည်များက လွန်စွာ ချောမောလွန်းလှသည်။ လူအများက သူတို့ကို မြင်လျှင် တွေးကြသည်။ သူတို့က ဒွန်ဟိုင် ကျောင်းတော်၏ တပည့် မဟုတ်လောက်ဘူး။ ဟုတ်တယ်မလား။
ရုတ်တရက် အသက် ဆယ့်ရှစ်နှစ်အရွယ် တပည့်တစ်ယောက်က အနီးမှ ဖြတ်သွားသည်။ သူက ရီဖူရှင်းနှင့် ဟွာဂျီယူအား မြင်လျှင် အေးစက်သွားသည်။
“ရီဖူရှင်း… ဟွာဂျီယူ…” သူက ရပ်တန့်လိုက်ကာ မိမိကိုယ်ကို ရေရွတ်လိုက်သည်… “ကျောင်းအုပ်ယိ…” ထို့နောက် သူက နောက်လှည့်လျက် လျင်မြန်စွာ အဝေးကို ပြေးသွားသည်။ ချက်ချင်းပင် ရီဖူရှင်းနှင့် ဟွာဂျီယူတို့ ပြန်လာသည့် သတင်းက ကျောင်းတော် တစ်ခုလုံးအား အုန်းအုန်းကျွက်ကျွက် ဖြစ်သွားစေသည်။ ကျောင်းသားသစ်များ ပင်လျှင် ထိုနာမည်များကို ကြားကာ ထိတ်လန့်ကြရသည်။ နန်ဒူနိုင်ငံအား လှုပ်ယမ်းစေနိုင်သော ပါရမီရှင်တစ်ဦးအား သူတို့လည်း သိကြသည်။ သူကား တစ်ချိန်က ဒွန်ဟိုင် ကျောင်းတော်တွင် ပညာသင်ခဲ့သည်။
အတန်ကြာလျှင် အကြီးအကဲတချို့ ထိုနေရာကို ရောက်လာကြသည်။ ယိချန်၊ ဟွာဖန်းလူနှင့် တခြားလူများကို မြင်လျှင် သူတို့က သက်ပြင်းတစ်ချက် ရှိုက်လိုက်ကြသည်။
“ယိချန်…”တစ်စုံတစ်ယောက်က အော်လိုက်သည်။
“ယန်ရှာအို ဘယ်မှာလဲ…” ယိချန်က တိုက်ရိုက် မေးသည်။
“ခင်ဗျား ဘာလို့ ပြန်လာတာလဲ…” နောက်တစ်ယောက် မေးခွန်းထုတ်သည်။
“ကြယ်စင်ဧကရာဇ် ကျောင်းတော်ကို သွားရအောင်…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ သူတို့အုပ်စုက ရှေ့ကို ဆက်လျှောက် သွားလိုက်ကြသည်။ သူတို့က ကြယ်စင် ဧကရာဇ် ကျောင်းဆောင်ကို ရောက်သွားသောအခါ တပည့် အများအပြားက တောင်အောက်ကို ဆင်းလာကြပြီ ဖြစ်သည်။ သူတို့ကလည်း ရီဖူရှင်းတို့အား အေးစက်စွာ ကြည့်နေကြသည်။
“ယန်ရှာအို ဘယ်မှာလဲ…” ရီဖူရှင်းက မေးသည်။ “ကျုပ်ရဲ့ ဆရာဘိုးဘိုးက ကြယ်စင်ဧကရာဇ် ကျောင်းတော်မှာ မြှုပ်ထားလား…”
ထိုအချိန်က သူက သူ၏ ဆရာဘိုးဘိုးအား ကြယ်စင် ဧကရာဇ် ကျောင်းဆောင်တွင် မြှုပ်နှံမှ ရမည်ဟု ယန်ရှာအိုအား သတိပေးခဲ့သည်။ မဟုတ်လျှင် သူက ကျောင်းဆောင် တစ်ခုလုံးအား သူ၏ ဆရာဘိုးဘိုးနှင့်အတူ မြှုပ်ပစ်လိုက်မည် ဖြစ်သည်။
“ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က သုသာန် မဟုတ်ဘူး…” တစ်စုံတစ်ယောက်က အေးစက်စွာ ပြောသည်။
“ဆိုလိုတာက ကျုပ်ရဲ့ ဆရာဘိုးဘိုးက ဒီမှာ မြှုပ်ထားတာ မဟုတ်ဘူးပေါ့…” ရီဖူရှင်း၏ လေသံက လွန်စွာ မာကျောနေသည်။ သူက ရှေ့ကို လျှောက်သွား လိုက်သည်။
“ရီဖူရှင်း… နန်ဒူတိုင်က နိုဘယ်အဆင့်ကို တက်ရောက်သွားပြီ… မင်းတို့ မြန်မြန် ထွက်သွားဖို့ ငါအကြံပေးတယ်…” တစ်ယောက်က ပြောသည်။
“နန်ဒူတိုင် … နိုဘယ်…” ရီဖူရှင်း နှာခေါင်းရှုံ့လိုက်သည်။ သူက ယိချန်အား ကြည့်ကာ ပြောသည်… “ဆရာဘိုးဘိုး သေရတာ… ဝန်ကြီးချုပ်ဟွာနဲ့ နန်ဒူတိုင်တို့ကြောင့် မလား……”
“ဟုတ်တယ်…” ယိချန်က ခေါင်းညိတ်သည်။
“ကောင်းပြီ… နန်ဒူတိုင်ကို သူနဲ့အတူ မြှုပ်မယ်…” ရီဖူရှင်းက ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောသည်။ ကြယ်စင် ဧကရာဇ် ကျောင်းတော်မှ လူများ၏ ရင်ဘတ်များ တုန်ခါ သွားကြသည်။
ယိချန်က ရှေ့ကို တိုးသွားလျှင် သူ့ထံမှ အားကောင်းသော အရှိန်အဝါ ထွက်ပေါ်လာသည်။ ကြယ်စင် ဧကရာဇ် ကျောင်းဆောင်မှ လူများကို ကြည့်ကာ သူက မေးလိုက်သည်… “အကြီးအကဲချင်ကို ဘယ်မှာ မြှုပ်ထားလဲ…”
ယိချန်ထံမှ ဖိအားကို ခံစားရလျှင် ကြယ်စင် ဧကရာဇ် ကျောင်းတော်မှ လူများ၏ မျက်နှာများ နက်မှောင် သွားကြသည်။ သို့သော် သူတို့က ထုတ်ပြောခြင်း မရှိကြပေ။
ဘန်း… ယိချန်က ရှေ့ကို တိုးသွားကာ လက်ဝါးတစ်ချက် ရိုက်ထုတ် လိုက်သည်။ ချက်ချင်းပင် ထောင်ပေါင်း များစွာသော လက်ဝါးများ ရှေ့ကို တိုးဝင်သွားသည်။ ရှေ့မှ လူများ၏ အမူအရာများ ပြောင်းလဲသွားကာ ထိုလက်ဝါးများအား ကာကွယ်ရန် ကြိုးပမ်းကြသည်။ သို့သော်လည်း တဝုန်းဝုန်း အသံများနှင့်အတူ သူတို့ အဝေးကို လွင့်စဉ် သွားကြသည်။ သူတို့၏ မျက်နှာများ ပြာနှမ်းသွားကြကာ ပါးစပ်မှ သွေးများ စီးကျလာကြသည်။ ကျောင်းအုပ် ယိချန်ကား လွန်စွာ အားကောင်း လာသည်။
“ဘယ်မှာလဲ…” ယိချန်က ရှေ့ကို တက်သွားသည်။
“အကြီးအကဲချင် သေပြီးနောက်ပိုင်း ကြယ်စင်ဧကရာဇ် ကျောင်းဆောင်က သူ့ကို ဘယ်လို မြှုပ်မယ် ဆိုတာကို ဆွေးနွေးခဲ့ကြတယ်… ကျောင်းတော်က တန်ခိုးကျင့်ဖို့အတွက် နေရာဖြစ်တာကြောင့် ဘယ်သူ့ကိုမှ မြှုပ်ဖို့ မဖြစ်နိုင်ဘူး… ဒါကြောင့် ကျွန်တော်တို့က သူ့ကို သင်္ဂြိုဟ်ပြီးတော့ သူ့ရဲ့ အရိုးပြာတွေကို သူနေခဲ့ဖူးတဲ့ နေရာမှာ ထားထားတယ်… ကျုပ်တို့က သူ့ကို စိတ်မပျက် စေရပါဘူး…” တစ်စုံတစ်ယောက်က ပြောသည်။
“အရိုးပြာ…” ရီဖူရှင်းက ထူးဆန်းစွာ ပြုံးသည်။ ထို့နောက် သူက လျှပ်တစ်ပြက်ပင် ရှေ့ကို ပျံသန်း သွားသည်။ ဟွာဂျီယူက သူ့နောက်မှ လိုက်ပါသွားသည်။ သူတို့က အကြီးအကဲချင် နေထိုင်ရာ နေရာသို့ သွားကြခြင်း ဖြစ်သည်။
သူတို့က အကြီးအကဲချင် နေထိုင်ရာ နေရာကို ရောက်သွားသောအခါ ထိုနေရာကား မြက်ရိုင်းများ ဖုံးလွှမ်းနေပြီး ဖြစ်သည်။ ပျက်စီး ယိုယွင်းနေသော အဆောက်အဦအား ပြုပြင် ထိန်းသိမ်းခြင်း ကင်းမဲ့စွာဖြင့် တည်ရှိနေသည်။
အကြီးအကဲချင် ယခင်က နေထိုင်ခဲ့သော အိမ်အိုဟောင်း ထဲတွင်ကား သူ၏ အရိုးပြာအိုးနှင့် ကမ္ပည်းတိုင်အား တွေ့ကြရသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့က အကြီးအကဲချင်၏ ကမ္ပည်းတိုင်ရှေ့တွင် ဝမ်းနည်းစွာ ရပ်လိုက်ကြသည်။ ဟွာဂျီယူ၏ ပါးပြင်ကို မျက်ရည်များ စီးကျလာကာ သူမက ညင်သာစွာ ခေါ်သည်… “ဆရာဘိုးဘိုး…”
ရီဖူရှင်း၏ မျက်လုံးများက အနည်းငယ် နီရဲလာသည်။ အကြီးအကဲချင်က သူ့အား ကု့ချင်း သင်ခဲ့သည်များကို ပြန်လည် သတိရလာသည်။ အဘိုးအို၏ မျက်နှာပေါ်တွင်ကား အမြဲတမ်းလိုလို နွေးထွေးသော အပြုံးတစ်ခု ရှိနေတတ်သည်။ နံနက်ခင်း သူနိုးထလာတိုင်း အကြီးအကဲချင်က ရီဖူရှင်းနှင့် ဟွာဂျီယူအား ကောင်းချီးပေးကာ အမြဲတမ်း ချစ်ချစ်ခင်ခင် နေရန် ပြောကြားလေ့ ရှိသည်။
သူက “ပျက်စီးခြင်း ကမ္ဘာ သံစဉ်” ကိုလည်း ပြန်လည် အမှတ်ရသည်။ မီးစာကုန် ဆီခန်း အခြေအနေတွင်ပင် အကြီးအကဲချင်က ထိုသံစဉ်အား မာန်ဟုန်ပြင်းစွာ တီးခတ်ကာ သူ၏ ကြီးမြတ်မှုအား လူတိုင်းကို ထာဝရ အမှတ် ရစေခဲ့သည်။ သို့သော်လည်း သူသေဆုံး သွားသောအခါ လူအများက သူ့အား တစ်ယောက်တည်း အထီးကျန်စွာ ပစ်ထားခဲ့ကြသည်။
ထိုသို့တွေးမိလျှင် ဝမ်းနည်းသော စိတ်က သူ၏ နှလုံးသားထဲကို ဆို့တက်လာသည်။
အကြီးအကဲကား ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ထဲတွင် တိတ်ဆိတ်စွာ လဲလျောင်းနေသည်။ ဒွန်ဟိုင် ကျောင်းတော်၏ ကျောင်းသား အများစုက သူကဲ့သို့သောသူ ရှိသည်ကိုပင်လျှင် သိကြမည် မဟုတ်ပေ။
ရီဖူရှင်းက မြေပြင်တွင် ဒူးထောက်ကာ ဖုန်များ ဖုံးလွှမ်းနေသော ကမ္ပည်းတိုင်အား စတင် ကန်တော့သည်။ သူ၏ နဖူးက မြေပြင်နှင့် ထိမိသော အသံ ထွက်လာ၏။
ဟွာဂျီယူကလည်း မျက်ရည်များ စီးကျလျက် ဒူးထောက်ကာ အကြီးအကဲအား ကန်တော့သည်။ ထို့နောက် ဟွာဖန်းလူနှင့် နန်ဒူဝန်ယမ်တို့ကလည်း ရှေ့ကို တက်ကာ ကန်တော့ကြသည်။ အကြီးအကဲချင်ကား သူတို့၏ ဆရာဖြစ်သည်။
“ဆရာဘိုးဘိုး… ဆရာဘိုးဘိုးက ကြယ်စင်ဧကရာဇ် ကျောင်းတော်ကို နှစ်သက်တယ်… ဒါကြောင့် ဆရာဘိုးဘိုးကို ကျွန်တော် ဒီမှာ နေစေမယ်… ဆရာဘိုးဘိုးက တိတ်ဆိတ်တဲ့ နေရာကို သဘောကျပေမဲ့ ဆုံးသွားပြီး နောက်ပိုင်းမှာ တစ်ယောက်တည်း အထီးကျန်မှာကို မလိုလားဘူး… ဒါကြောင့် ကျွန်တော်က ကိစ္စတချို့ကို ဆောင်ရွက်ရလိမ့်မယ်… ဆရာဘိုးဘိုး ကျွန်တော့်ကို ခွင့်လွှတ်ပါ…” ရီဖူရှင်းက ခေါင်းမော့ကာ ကမ္ပည်းတိုင်အား ကြည့်သည်။
“ဒွန်ဟိုင် ကျောင်းတော်က ဒီလို အကြီးအကဲကို မမေ့သင့်ဘူး…” ယိချန်ကလည်း ရီဖူရှင်းအား ထောက်ခံသည်။ အကြီးအကဲချင်က ကျော်ကြားမှုအား မလိုလားပေ။ မဟုတ်လျှင် သူက ကု့ချင်းအား တီးခတ်ရန် ကြယ်စင် ဧကရာဇ် ကျောင်းတော်တွင် တစ်ယောက်တည်း နေခဲ့မည် မဟုတ်ပေ။ သို့သော် သေဆုံးပြီး နောက်ပိုင်း သူက ဤသို့ အထီးကျန်သည်ကို ယိချန် မလိုလားပေ။
“ဟုတ်ကဲ့…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက ထရပ်ကာ အပြင်ဘက်ကို လျှောက်သွားသည်။ သူ၏ မျက်လုံးက အေးစက်သော အငွေ့အသက်များ ထွက်ပေါ် လာနေသည်။ သူက လေထဲသို့ ထိုးတက်သွားကာ ကြယ်စင် ဧကရာဇ် ကျောင်းတော်၏ ဗဟိုချက်မ နေရာသို့ ပျံသန်းသွားလျှင် ငွေသက်တော်စောင့်များက သူ့နောက်မှ လိုက်ပါသွားကြသည်။ သူတို့အုပ်စုက ကျောင်းဆောင်၏ အထွတ်အမြတ် နေရာသို့ ရောက်ရှိလာကြသည်။ သူတို့၏ အောက်ခြေမှာကား ကျောင်းဆောင်၏ နေရာစုံကို သွားရောက်နိုင်သော လှေကားထစ်များကို တွေ့ရသည်။
“ရီဖူရှင်း… မင်း အတင့်ရဲလှချည်လား…” ရီဖူရှင်း၏ ရိုင်းစိုင်းသော အပြုအမူကို မြင်လျှင် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လူများက သူ့အား ငေါက်ငမ်းကြသည်။
“ကျုပ် ခင်ဗျားတို့ကို တစ်နာရီ အချိန်ပေးမယ်… ဒီနေ့ကစပြီး ကြယ်စင် ဧကရာဇ် ကျောင်းဆောင်က ရှိစရာ မလိုတော့ဘူး…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ သူ၏ အသံက အဝေးသို့အထိ ပျံ့နှံ့သွားပြီး လူအများအပြားအား အံ့အားသင့်စေသည်။
ရီဖူရှင်းက ငယ်ရွယ်စဉ် အချိန်တုန်းက သူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ ဂိတ်တံခါးရှေ့တွင် ပိတ်ရပ်ခဲ့သည်။ သူက “စစ်သူကြီး အမိန့်တော်” အား တီးခတ်ကာ သူ၏ ပြိုင်စံရှား ပါရမီအား ပြသခဲ့သည်။ ယနေ့ သူက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်၏ အမြင့်ဆုံး နေရာတွင် ရပ်ကာ ဤကျောင်းဆောင်က ထပ်မံ ရှိရန် မလိုတော့ကြောင်း ပြောခဲ့သည်။
“မောက်မာတယ်…” အကာနာအဆင့် တန်ခိုးရှင် တစ်ယောက်က ရှေ့ကို တက်လာသည်။ ချက်ချင်းပင် ငွေသက်တော်စောင့်ကိုးက သူ့အား ကြည့်လိုက်လျှင် နိုဘယ်အဆင့် ရေခဲအသိက မွေးဖွားလာသည်။ အကြည့်တစ်ချက်က ထိုအကာနာအဆင့် တန်ခိုးရှင်အား လေထဲတွင် ရပ်တန့်စေသည်။ ရေခဲများက သူ့အား ဖုံးလွှမ်းသွားကာ ရုပ်တုဖြစ်သွားပြီး လေထုထဲ ပေါက်ကွဲလျက် ပျောက်ကွယ် သွားသည်။
ချက်ချင်းပင် ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ လူများ၏ မျက်နှာက ပြာနှမ်း သွားကြသည်။ ရီဖူရှင်း၏နောက်မှ တန်ခိုးရှင် ကိုးယောက်ထံမှ အေးစိမ့်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။ ထိုအရာကား နိုဘယ်များ၏ ကိုယ်ရောင် ကိုယ်ဝါများ ဖြစ်ကြသည်။ သူတို့ကား နိုဘယ်ကိုးယောက် ဖြစ်သည်။
“ကြယ်စင်ဧကရာဇ် ကျောင်းတော်ကို ရေခဲနဲ့ ပိတ်လှောင်လိုက်…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ နိုဘယ် ကိုးယောက်က ရှေ့ကို တက်သွားကာ အရပ်မျက်နှာ ကိုးခုသို့ ပျံသန်း သွားကြသည်။ ထို့နောက် လွန်စွာ ပြင်းထန်သော အအေးဓာတ် တစ်ခုက ကျောင်းတော် တစ်ခုလုံးအား ပျံ့နှံ့သွားကာ ရုတ်တရက် ကောင်းကင်မှ နှင်းများ ကျဆင်းလာသည်။ နှင်းမှုန်တစ်ခုစီက အရိုးကွဲမတတ် အေးစိမ့်မှုကို ပေးသည်။
နှင်းများက ကြယ်စင်ဧကရာဇ် ကျောင်းဆောင်မှ တန်ခိုးရှင်များ အပေါ်ကို ကျဆင်းလာလျှင် သူတို့က အမှန်ပင် အရိုးကွဲမတတ် အေးစိမ့်မှုကို ခံစားကြရသည်။ မကြာမီ ကျောင်းဆောင် တစ်ခုလုံးက သိပ်သည်းသော နှင်းမှုန်များဖြင့် ဖုံးလွှမ်းသွားသည်။
“အရမ်း အေးတယ်…” ကြယ်စင် ဧကရာဇ် ကျောင်းဆောင်မှ တပည့်များက အေးစိမ့်မှုကို ခံစားရကာ တန်ခိုးကျင့်နေရာမှ ရပ်တန့် လိုက်ကြသည်။ ထို့နောက် သူတို့က အပြင်ကို ထွက်ကာ တောင်အောက်သို့ ပြေးဆင်းကြသည်။
“နန်ဒူကလန်ကို သွားပြီး ကျောင်းအုပ်ကို အကြောင်းကြား…” တစ်စုံ တစ်ယောက်က ပြောသည်။ နှင်းများက ပိုမို သိပ်သည်းလာကာ မကြာမီ ထိုနေရာက မခံမရပ်နိုင်အောင် အေးစိမ့်လာသည်။ တပည့်များက ကျောင်းဆောင်ထဲမှ တစ်ယောက်ပြီး တစ်ယောက် ပြေးထွက် လာနေကြသည်။ ထို့နောက် သူတို့က ခေါင်းမော့လျက် ကျောင်းဆောင်ကြီးအား ကြည့်လျှင် ကျောင်းဆောင်ကား နှင်းမှုန်များအကြား မြုပ်သွားလုမတတ် ဖြစ်နေလေပြီ။ နောက်ဆုံးတွင် ကျောင်းဆောင်က နှင်းမှုန်များအကြား လုံးဝ ဖုံးအုပ်သွားပြီး နှင်းမှုန်များက ရေခဲများအဖြစ် ပြောင်းလဲသွားသည်။
“အာ…” ဒွန်ဟိုင် ကျောင်းတော်မှ လူများက ထိတ်လန့် အံ့အားသင့်မှုကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ပြူးကျယ်စွာ ကြည့်ကြသည်။
သူတို့က ကြယ်စင်ဧကရာဇ် ကျောင်းဆောင်ကို ဤသို့ အေးခဲ သွားစေတော့ မည်လော။
ရီဖူရှင်းက ကြယ်စင် ဧကရာဇ် ကျောင်းဆောင်၏ အမြင့်ဆုံး နေရာတွင် ရပ်နေသည်။ သူ့အနီးတွင်ကား နှင်းများက စုစည်းလာကာ ရေခဲလူအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် သူက သဘာဝ စွမ်းအင်အား ဓားတစ်လက်အဖြစ် အသုံးပြုကာ ရေခဲလူအား စတင် ထွင်းထုသည်။ သူက မျက်လုံးအား မှိတ်လိုက်လျှင် အကြီးအကဲချင်၏ ပုံရိပ်က သူ၏အာရုံထဲ ဝင်ရောက် လာသည်။ သူ၏ ဓားက လေထဲတွင် ကခုန်ကာ ထိုနေရာ တစ်ခုလုံးအား နှင်းများ ဖုံးလွှမ်း လာနေသည်။
တဖြည်းဖြည်းဖြင့် အဘိုးအို တစ်ယောက် ကု့ချင်း ထိုင်တီးနေသော ရုပ်တုက ရုပ်လုံး ပေါ်လာသည်။ ရုပ်တုကား လွန်စွာ ကြီးမားကာ အမြင့် ဆယ်မီတာခန့် ရှိသည်။ ရီဖူရှင်း၏ ထွင်းထုမှုကြောင့် ရုပ်တုက တဖြည်းဖြည်း အသက် ဝင်လာသည်။ ရီဖူရှင်းကား မှော်စာလိပ်ရေးသူ ဖြစ်ရာ သူက ပုံမှန်အားဖြင့် ပုံတူ ထွင်းထုနိုင်စွမ်း ရှိသည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားကာ ကြယ်စင် ဧကရာဇ် ကျောင်းဆောင်က ရေခဲများဖြင့် ဖုံးအုပ်သွားပြီး ဖြစ်ကာ ကြီးမားသော ရုပ်တုကြီးကလည်း ထွင်းထုပြီး သွားပြီဖြစ်သည်။ ကြင်နာ နွေးထွေးဟန်ရသော အကြီးအကဲကား တိတ်ဆိတ်စွာ ထိုင်နေကာ ကု့ချင်းအား တီးခတ်နေသည်။ သို့သော်လည်း ရီဖူရှင်းက မရပ်တန့်ပေ။ သူ၏ ဘေးတွင်ကား ငှက်သတ္တဝါဆန်း၏ ရုပ်တုတစ်ခု ထပ်မံပေါ်လာသည်။ ဟွာဂျီယူ၊ ဟွာဖန်းလူနှင့် တခြား လူများက ထိုမြင်ကွင်းအား တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ထိုရုပ်တုကား အမူအရာနှင့် ရုပ်ပုံက အမှန်ပင် အကြီးအကဲချင်နှင့် တူလှသည်။
ထို့နောက် ရီဖူရှင်းက အကြီးအကဲချင်၏ အရိုးပြာအား ထုတ်ယူကာ ရုပ်တု၏ ခြေရင်း၌ မြှုပ်နှံလိုက်သည်။ ထို့နောက် သူက နောက်လှည့်ကာ ငွေသက်တော်စောင့် တစ်အား ပြောသည်… “စီနီယာ… ဒီရုပ်တုကို ဒီမှာ ထာဝရ ရှိနေစေချင်တယ်…”
ငွေသက်တော်စောင့်တစ်က ရှေ့ကို လျှောက်သွားလိုက်သည်။ ထို့နောက်တွင် လွန်စွာ ထိတ်လန့်ဖွယ် ကောင်းသော အေးစက်မှုက သူ၏ ခန္ဓာမှ ထွက်ပေါ်လာကာ နှင်းလေပွေတစ်ခု လေထဲ လှည့်ပတ်လာသည်။ အားကောင်းသော မှော်အစီအရင် တစ်ခုက ရုပ်တုများထံသို့ ဆင်းသက်လာသည်။ မကြာမီ ရုပ်တုနှစ်ခုအား ငွေရောင်နှင်းမှုန်များ ဖုံးလွှမ်းသွားပြီး ရေခဲများအဖြစ် ပြောင်းလဲကာ နှစ်ပေါင်း ထောင်ပေါင်း များစွာ တည်တံ့စေသည်။
ပြန်လျှောက် လာရင်းက ရီဖူရှင်းက အေးခဲနေသော ကြယ်စင် ဧကရာဇ် ကျောင်းဆောင်အား ကြည့်ကာ ပြောသည်… “ကျွန်တော်တို့က အခု နန်ဒူကလန်ကို သွားပြီးတော့ နန်ဒူတိုင်နဲ့ ယန်ရှာအိုတို့ကို ဒီကို ခေါ်လာခဲ့မယ်… ကျွန်တော်က သူတို့ကို ဒီမှာ ရေခဲရုပ်တုအဖြစ် ဆရာဘိုးဘိုးရဲ့ ရှေ့မှာ ထာဝရ ဒူးထောက်စေမယ်… ပြီးတော့ ဝန်ကြီးချုပ်ဟွာနဲ့ ဧကရာဇ်လျို…”
သူ၏ ဆရာဘိုးဘိုးအား သေဆုံးစေသော တရားခံများစွာ ရှိသည်။ သူက ထိုလူများအား တစ်ယောက်ချင်းစီတိုင်းကို ဤနေရာသို့ ခေါ်ဆောင်လာမည် ဖြစ်သည်။
***