ဧကရာဇ်လျို တစ်ယောက်တည်းသာ မဟုတ်ဘဲ ဝန်ကြီးချုပ်ဟွာနှင့် နန်ဒူယွီတို့လည်း ကြောက်ရွံ့ ထိတ်လန့်ကြသည်။ ဧကရာဇ်လျိုနှင့်အတူ ပျော်ရွှင်စွာ သောက်စားကာ အနာဂတ်အား တိုင်ပင် ဆွေးနွေး နေခဲ့ကြသော ဧကရာဇ်များ အားလုံး ခန္ဓာကိုယ်မှ အေးစိမ့်သော ခံစားချက်များကို ရသည်။
ထိုအခိုက်တွင် ရီဖူရှင်းကလည်း ထိုဧကရာဇ်များအား အေးစက်စွာ ကြည့်သည်။
ထိုဧကရာဇ်များက ဤနေရာတွင် အဘယ်ကြောင့် ရှိနေသည်ကို သူသိသည်။ သူတို့က ဧကရာဇ်လျိုက ကန်ယီနိုင်ငံကို ဖျက်ဆီးကာ ဖရိုဖရဲ ဖြစ်နေသော အချိန်တွင် အကျိုးအမြတ်များ ရယူရန် စောင့်ဆိုင်း နေကြသူများ ဖြစ်ကြသည်။
ကံမကောင်းစွာပင် သူတို့၏ တွက်ချက်မှုက မှားယွင်းခဲ့သည်။
ရီဖူရှင်း၏ အကြည့်ကို မြင်လျှင် ဧကရာဇ်များက ဧကရာဇ်လျိုအား စတင် မုန်းတီး လာကြသည်။ ထိုခွေးကောင်က ရီဖူရှင်းအား သတ်ကာ ကန်ယီကို တိုက်ခိုက်တော့မည်ဟု သူတို့အား အမှန်တကယ် ပြောခဲ့သည်။ သူတို့အားလုံးက အကျိုးအမြတ်ရရန် စောင့်ဆိုင်းနေခဲ့ကြ၏။ သို့သော်လည်း ယခုတွင်ကား ဧကရာဇ်ခြောက်ပါးက ရုပ်တုများအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ သူတို့ မည်သို့ မကြောက်ရွံ့ဘဲ နေမည်နည်း။
သူ၏ ခေါင်းအား လှည့်ကာ ရီဖူရှင်းက ဧကရာဇ်လျိုနှင့် လျိုဂျန်လန်အား ကြည့်သည်… “ခင်ဗျားတို့ အခေါင်းကိုပြင်ဖို့ လေးရက် အချိန် ရှိသေးတယ်…” ထို့နောက် သူက နောက်လှည့်ကာ ပြောသည်… “သွားစို့…”
သူနှင့် လျိုဂျန်လန်တို့ စိန်ခေါ်ပွဲအတွက် သတ်မှတ်ထားသော အချိန်ကာလကား လေးရက်မျှသာ ကျန်တော့သည်။ သူက ဧကရာဇ်လျိုအား ထိုလေးရက်လုံး စိုးရိမ်စိတ်များဖြင့် နေထိုင်ခွင့် ပေးလိုက်ဦးမည်။
ခွန်ပန်က လေထဲကို ထိုးတက်သွားပြီး အဝေးကို ပျံသန်းသွားသည်။ နန်ဒူနန်းတော်၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော လူများက ထွက်ခွာသွားသော ခွန်ပန်အား စိုက်ကြည့်နေကြကာ သူတို့၏ ရင်ဘတ်များ ပြင်းထန်စွာ တုန်ခါ နေကြသည်။ ရီဖူရှင်းက နန်းတော်ထဲကို ချိုးဖျက် ဝင်ရောက်ကာ အေးဆေးစွာ ထွက်ခွာသွားသည်။ တော်ဝင် ချန်ကျောင်းတော်မှ လူများက သူတို့အား တားဆီးနိုင်ခြင်း မရှိကြပေ။
“အဲဒါ ရီဒန်ချန်းနဲ့ ရီလင်းဇီပဲ…” တစ်စုံတစ်ယောက်က ပြောသည်။ လူတိုင်းက ခွန်ပန်၏ နောက်ကျောမှ နှစ်ယောက်အား မြင်ကြသည်။ သူတို့အား ဧကရာဇ်ချူတို့က ဆောင်ယူလာခဲ့သည်။ ယခု သူတို့အား ရီဖူရှင်းက ပြန်လည် ခေါ်ဆောင် သွား၏။ ဘာကို ဆိုလိုသနည်း။
ရီဖူရှင်းက သူတို့အတွက် နန်ဒူနိုင်ငံကို ရောက်ရှိလာပြီး သူတို့အား ပြန်လည် ခေါ်ဆောင် သွားခဲ့သည်။
နန်းတော်ထဲတွင် ဘာတွေ ဖြစ်ပျက်ခဲ့သနည်း။
မည်သူမှ မသိကြပေ။ ထိုအခိုက်တွင် နန်းတော်ထဲတွင်ကား လုံးဝ တိတ်ဆိတ် ငြိမ်သက်နေသည်။ ရုပ်တုဖြစ်နေသော ဧကရာဇ် ခြောက်ပါးကား ထိုနေရာတွင် အသက်မဲ့လျက် ရပ်နေကြသည်။ ဧကရာဇ်လျိုနှင့် လျိုဂျန်လန်တို့အား ဆွံ့အနေကြ၏။ ရီဖူရှင်းက သူတို့အား အခေါင်း ပြင်ထားရန် ပြောခဲ့သည်။
တောင်ဝင် ချန်ကျောင်းတော်မှ လူများက နှာခေါင်းရှုံ့ကာ ထွက်သွားကြသည်။ များစွာသော ဧကရာဇ် များကလည်း လာရောက် ဂုဏ်ပြုစကား မဆိုကြတော့ပေ။ ထိုအခိုက်တွင် လက်ရှိ အခြေအနေမှ လွတ်မြောက်အောင် မည်သို့ လုပ်ရမည်ကိုသာ သူတို့ စဉ်းစား နေကြသည်။ ရီဖူရှင်း မထွက်သွားမီက အကြည့်ကာ ဘာကို ဆိုလိုသနည်း။ သူတို့အားလည်း ရီဖူရှင်းက အပြစ်ပေးမည်လော။
“ငါ ပြန်သွားပြီးတော့ ခေါင်းဆောင်ကို ပြောရမယ်…” နန်ဒူယွီက ရုတ်တရက် တစ်စုံတစ်ခုအား ပြန်တွေးမိသည်။ ရီဖူရှင်းက ဤမျှ အရှိန်အဝါ ကောင်းစွာ ရောက်ရှိလာခဲ့သည်။ သူသာလျှင် ဒွန်ဟိုင်ကို ပြန်ပါက ထိုအရာက နန်ဒူကလန် အတွက် ကပ်ဘေး ဆိုက်ခြင်းပင်။
လျိုမင်းယွီက အဝေးမှ ပျောက်ကွယ် သွားသော ပုံရိပ်အား စိုက်ကြည့်နေဆဲ ဖြစ်သည်။ ထို့နောက် သူမက ခေါင်းအနည်းငယ် ငုံ့လိုက်သည်။ သူမ၏ မျက်လုံးများကား နီရဲနေသည်။ သူမ၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက် တစ်ခုကို ခံစားရသည်။
သူပြန်လာပြီ။ ဆရာ ပြောသည်မှာ မှန်ကန်ပေသည်။
နောက်လှည့်ကာ လျိုမင်းယွီက နန်းတော်ထဲမှ ထွက်ခွာသွားသည်။ တစ်နှစ်ခန့် အတွင်းတွင် သူကား လွန်စွာ ရင့်ကျက်လာသည်။
“ဝန်ကြီးချုပ်ဟွာ… သတင်းတစ်ခု ထုတ်ပြန်စမ်း… နောက်လေးရက် နေရင် အိမ်ရှေ့စံမင်းသား လျိုဂျန်လန်က နန်းတော်ရဲ့ အပြင်ဘက်မှာ ရီဖူရှင်းနဲ့ သေခြင်း ရှင်ခြင်း စိန်ခေါ်ပွဲကို တိုက်ခိုက်လိမ့်မယ်…” ဧကရာဇ်လျိုက အဝေးကို ကြည့်ကာ အေးစက်စွာ ပြောသည်။ သူ၏ လေသံက မိမိကိုယ်ကို ယုံကြည်မှုများ ပေးနေသကဲ့သို့ ခိုင်မာလှသည်။ လျိုဂျန်လန်က ဤတိုက်ပွဲအား ရှုံးနိမ့်၍ မရပေ။ ရှုံးနိမ့်ခြင်းကား သေခြင်း ဖြစ်သည်။ သူလည်း သေရမည် ဖြစ်သည်။
ဟုတ်ကဲ့… ဝန်ကြီးချုပ်ဟွာက ခေါင်းညိတ်ကာ နန်းတော်ထဲမှ ထွက်ခွာသွားသည်။ နန်ဒူယွီကလည်း သူ့နောက်ကို လိုက်ပါသွားသည်။ သူက လက်ရှိတွင် ဧကရာဇ်လျိုအား ဂုဏ်ပြုစကား ပြော၍ မဖြစ်ပေ။ လက်ရှိ အခြေအနေတွင် ထိုသို့လုပ်ခြင်းက မိမိသေတွင်းကို မိမိတူးခြင်းပင်။
“အားလုံး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ…” ဧကရာဇ်လျိုက ခံစားချက် ကင်းမဲ့စွာ ပြောသည်။ ဧကရာဇ်များ အားလုံးက စိတ်ထဲမှ ဆဲရေးကြကာ ဧကရာဇ်လျိုအား လွန်စွာ မုန်းတီးကြသည်။
“အစ်ကိုလျို… ကျုပ်တို့ ပြန်လိုက်ပါဦးမယ်…” ဧကရာဇ်တစ်ပါးက လက်နှစ်ဖက်အား ဆုပ်ကိုင်လျက် ပြောသည်။ သူတို့က ဧကရာဇ်လျိုအား အသေရိုက်သတ် ချင်ကြသော်လည်း သူတို့က သူ့အား ရင်ဆိုင်နိုင်သော အခြေအနေတွင် မရှိပေ။ ထို့အပြင် သူ၏ စကားအရ လျိုဂျန်လန်နှင့် ရီဖူရှင်းအကြား သေခြင်း ရှင်ခြင်း တိုက်ပွဲ ရှိနေသေးသည်။ လျိုဂျန်လန် အနိုင်ရခဲ့လျှင်ကော…။
ဧကရာဇ်များက လေထဲကို တက်ရောက်သွားကာ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာ သွားကြသည်။ ဧကရာဇ်လျိုက သူတို့အား နှာခေါင်းရှုံ့လျက် ကြည့်သည်။ ထို့နောက် သူက ရုပ်တုများ ဖြစ်နေသော ဧကရာဇ် ခြောက်ပါးကို ကြည့်သည်။ ဧကရာဇ်များ အားလုံးက မိမိတို့ ဆန္ဒဖြင့် ရောက်လာကြသူများ ဖြစ်သည်။ သူတို့ကား လွန်စွာ အတွေးတိမ်သူများ ဖြစ်ကြ၏။
လျိုမင်းယွီက ဝန်ကြီးချုပ်ကျိုအား အကျယ်ချုပ် ထားသော နေရာကို ပြန်လည် ရောက်ရှိလာသည်။ ထိုနေရာတွင်ကား ဝန်ကြီးချုပ်ကျိုက ကောင်းကင်ကို အသက်မဲ့စွာ ငေးကြည့်နေဆဲ ဖြစ်သည်။
“ဆရာ…” လျိုမင်းယွီက တစ်စုံတစ်ခုအား အမှားလုပ်မိသည့် ကလေးငယ်လို ခေါင်းငုံ့ကာ ခေါ်သည်။
“သူ ပြန်လာပြီ…” ဝန်ကြီးချုပ်ကျိုက မိမိကိုယ်ကို ပြောနေသကဲ့သို့ ရေရွတ်သည်။
“သူ ပြန်လာပြီ…” လျိုမင်းယွီက သူမ၏ ခေါင်းအား မော့ကာ ဝန်ကြီးချုပ်ကျိုအား ကြည့်လိုက်သည်။ သူ၏ ဆံပင်များကား ဖြူတစ်ဝက် မည်းတစ်ဝက် ဖြစ်နေကာ အိုမင်း ရင့်ရော်သောပုံဟန် ဖြစ်နေလေပြီ။ တချို့သော အကြောင်းပြချက် များကြောင့် သူမက လွန်စွာ စိတ်မကောင်း ဖြစ်ရသည်။
“ဆရာ… ဆရာပြောတာ မှန်တယ်… သူက ပြန်လာပြီ… ပြီးတော့ တော်ဝင် ချန်ကျောင်းတော်က လူတွေက သူ့ကို မထိရဲကြဘူး…” လျိုမင်းယွီက ညင်သာစွာ ပြောသည်… “အဲဒီတုန်းက အဖေက ဆရာရဲ့ သစ္စာရှိမှုကို သံသယ ဖြစ်ခဲ့တယ်…. ဒါပေမဲ့ အခု ကြည့်ရတာ ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ဘုရင်ဖြစ်တာက သူ့ရဲ့ ရည်ရွယ်ချက် ဟုတ်ပုံမရဘူး….”
သူမ၏ အဖေက တော်ဝင် ချန်ကျောင်းတော်မှ လူများအား လေးစားစွာ ပြုမူရန် လိုအပ်သော်လည်း ရီဖူရှင်းက သူတို့အား တိုက်ရိုက် ကြိမ်းမောင်းခဲ့သည်။ သူ့အတွက် ဧကရာဇ် တစ်ပါးက ဘာအဓိပ္ပာယ်မှ မရှိပေ။ သူမ၏ ဆရာက ရီဖူရှင်းအား နန်ဒူ၏ ဧကရာဇ် ဖြစ်ရန်မျှဖြင့် သစ္စာဖောက်မည်လော။
“သစ္စာဖောက်မယ်…” ဝန်ကြီးချုပ်ကျိုက မိမိကိုယ်ကို သရော်ဟန်ဖြင့် ပြောသည်… “ငါက တစ်ချိန်က အားလုံးကို ကောင်းကောင်း မွန်မွန် တည်ဆောက်ဖို့ ကြိုးစားခဲ့တယ်… ဒါပေမဲ့ မင်းရဲ့ အဖေက ချောက်ထဲကို တစ်လှမ်းပြီး တစ်လှမ်း သွားနေခဲ့တယ်… ဧကရာဇ်ဖြစ်ဖို့ ကံပါလာတာလား… တကယ်လို့ အဲဒီနေ့က ငါက သူမကို မမြင်ခဲ့ဘူးဆိုရင် ဒီလိုပဲ တွေးမိမှာပဲ… ဘဝမှာ ဒီလိုအရာတွေက ဖြစ်ပျက်တတ်တယ်… မင်းက တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်နဲ့ တွေ့ဖို့ ကံပါလာတယ်… ဒါက တိုက်ဆိုင်တာ မဟုတ်ဘူး… ဒါက ကံကြမ္မာပဲ…”
“သူမ…” လျိုမင်းယွီက နားမလည်ပေ။
ဝန်ကြီးချုပ်ကျိုက ထိုကောင်းကင်မှ နတ်သမီးအလား ချောမောသော မိန်းကလေးအား သတိရမိသည်။ သူမ၏ မျိုးရိုးနာမည်က ဒွန်ဟောင်ဖြစ်ကာ သူ၏ မျိုးရိုးနာမည်က ရီဖြစ်သည်။
သူတို့က ဧကရာဇ်ရီချင်၏ ရုပ်တုရှေ့တွင် တွေ့ခဲ့ကြသည်။ သူတို့တွင် ဆင်တူသော ကိုယ်ရောင် ကိုယ်ဝါများ ရှိကြသည်။ ထိုအရာက သူတို့နှင့် မွေးရာပါ ပါလာသကဲ့သို့ ဖြစ်သည်။
“မင်းယွီ… မင်းက အရင်ကထက် ပိုပြီး ရင့်ကျက်လာပြီ… တစ်ဇွတ်ထိုး အကျင့်တွေလည်း သိပ်မလုပ်နဲ့တော့… အနာဂတ်မှာ မင်းက ဘဝကို ကောင်းကောင်း မွန်မွန် နေသွားရဦးမယ်… မကြာခင် ဖြစ်ပျက်မယ့် အကြောင်းအရာ တွေကို မေ့ပစ်ရလိမ့်မယ်…” ဝန်ကြီးချုပ်ကျိုက တိုက်တွန်း လိုက်သည်။ လျိုမင်းယွီက သေမည် မဟုတ်ပေ။ သူမက အသက်တိုမည့် ကံကြမ္မာ မရှိပေ။ သို့သော်လည်း သူမကား ဘဝကို တစ်ယောက်တည်း ဖြတ်သန်း သွားရမည့် ကံကြမ္မာ ရှိနေသည်။
သူက ထိုသို့ ပြောသည့်တိုင် တချို့ အကြောင်းအရာ များက စကား တစ်ခွန်း နှစ်ခွန်းမျှဖြင့် မပြောင်းလဲနိုင်ပေ။
လျိုမင်းယွီက သူ၏ စကားအား အနည်းငယ် နားလည်ဟန်ရှိကာ ရင်ဘတ်ထဲမှ ဝမ်းနည်းမှုများ လှိုက်တက် လာသည်။ သူမ၏ မျက်လုံးများမှ မျက်ရည်များ ကျဆင်းလာကာ တိုးညင်းစွာ ပြောသည်… “ဆရာ… အဲဒီတုန်းက တပည့်က အရမ်း မိုက်မဲခဲ့တယ်… အဲဒီတုန်းက သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ရင် ဒီလို အခြေအနေ ဖြစ်လာမှာလား ဆရာ…”
ဝန်ကြီးချုပ်ကျိုက ခေါင်းယမ်းကာ ပြောသည်… “အရူးမလေး… ဒါကမင်းရဲ့ အမှား မဟုတ်ဘူး…”
လျိုမင်းယွီ၏ မျက်လုံးများက လွန်စွာ နီရဲလာနေသည်။ တချို့သော အကြောင်းများကြောင့် သူမ၏ မျက်လုံးများမှ မျက်ရည်များ အဆက်မပြတ် ကျဆင်း လာနေသည်။
***
ခွန်ပန်က ကောင်းကင်တွင် ပျံဝဲနေသည်။ နန်ဒူနိုင်ငံသို့ သွားရောက် ပြီးနောက် ဧကရာဇ်ရီလည်း တည်ငြိမ်နိုင်ခြင်း မရှိတော့ပေ။
လျိုဂျန်လန်က ရီဖူရှင်းအား သတ်ရန် ပြန်လာခဲ့သည်။ ဘယ်လောက် မိုက်မဲလိုက်သလဲ။
“ဦးလေးရီ… ဦးလေးရီက နိုင်ငံခြောက်နိုင်ငံကို ထိန်းချုပ်လို့ ရတယ်…” ရီဖူရှင်းက ပြောသည်။
“ကောင်းပြီ…” ဧကရာဇ်ရီက ခေါင်းညိတ်သည်။
“ဖေးယွန်… မင်းက စီနီယာခွန်နဲ့ ဦးလေးရီတို့ အားလုံးကို ကန်ယီကို ခေါ်သွားလို့ ရတယ်… ငါက ဒွန်ဟိုင်မှာ လုပ်စရာ ရှိသေးတယ်…” ရီဖူရှင်းက လျိုဖေးယွန်အား ပြောသည်။ သူ့တွင် ဒွန်ဟိုင်မြို့၌ ဖြေရှင်းစရာများ ရှိနေသေးသည်။
“ငါတို့ မင်းနောက်ကို လိုက်လာဖို့ မလိုဘူးလား…” လျိုဖေးယွန်က မေးသည်။
“မလိုဘူး… ဒါက ဆရာနဲ့ ဆရာကတော်တို့ရဲ့ မိသားစုကိစ္စပဲ… ငါကိုယ်တိုင် ဖြေရှင်းလို့ ရတယ်… ငွေသက်တော်စောင့်တွေက ငါနဲ့ လိုက်လိမ့်မယ်…” ရီဖူရှင်းက ပြောသည်။
“ကောင်းပြီ…” လျိုဖေးယွန် ခေါင်းညိတ်သည်။ ထို့နောက် သူတို့အုပ်စုက နှစ်ဖွဲ့ ကွဲထွက်သွားကာ ဧကရာဇ်ရီ၊ လျိုဖေးယွန်နှင့် ရီဝူချင်းတို့ အုပ်စုက ကန်ယီကို ပြန်ကြသည်။ ရီဖူရှင်း၊ ဟွာဂျီယူ၊ ယူချင်း၊ ဟွာဖန်းလူ၊ နန်ဒူဝန်ယမ်၊ ယိချန်နှင့် တန်လန်တို့က ဒွန်ဟိုင်ကို ပြန်ကြမည်။
***
ဒွန်ဟိုင်မြို့ကား အနည်းငယ် ခေါင်ကာ အရှေ့ပင်လယ်နှင့် နီးကပ်သည်။ ထိုမြို့ကား အရှေ့ပင်လယ် ဒေသ၏ အဓိကမြို့ကြီး ဖြစ်သည်။
မင်းသား လျိုဂျန်လန် ပြန်လာသည့် သတင်းက ဒွန်ဟိုင်မြို့ကိုလည်း ရောက်ရှိသည်သာ ဖြစ်သည်။ သို့သော်လည်း သက်ရောက်မှုက နန်းမြို့တော်ထက် အားနည်းပေသည်။ နေရာနှစ်ခုက လွန်စွာ ဝေးကွာ လှပေသည်။ အဓိက ကလန်များသာ နန်ဒူနိုင်ငံမှ အခြေအနေများကို အာရုံစိုက်ကြသည်။ ဒွန်ဟိုင်မြို့မှ လူများမူကား လက်ရှိ အရေးအကြီးဆုံး ကိစ္စမှာ နန်ဒူကလန်၏ ခေါင်းဆောင်က နိုဘယ်အဆင့်ကို တက်ရောက် သွားခြင်း ဖြစ်သည်။
သတင်း ပြန့်သွားသည်နှင့် မရေမတွက် နိုင်သော လူများက နန်ဒူကလန်ကို လာရောက် လည်ပတ်ကာ ဂုဏ်ပြုစကားများ လာရောက် ပြောကြားကြသည်။ ထို့နောက် အဓိက ကလန်များကလည်း သူတို့၏ သားပျို သမီးပျိုများဖြင့် နန်ဒူကလန်မှ လူငယ် မျိုးဆက်များကို လက်ဆက်စေကာ မဟာမိတ်များ ဖွဲ့ရန် ကြိုးပမ်းကြသည်။
အတိတ်တွင် ဤသို့သော ကိစ္စများ လုံးဝ ဖြစ်ပျက်မည် မဟုတ်ပေ။ နန်ဒူကလန်က ယခင်က လွန်စွာ အားကောင်းခဲ့ကာ လက်ရှိတွင်လည်း ဒွန်ဟိုင်မြို့၌ အင်အား အကြီးဆုံး ကလန် ဖြစ်သော်လည်း သူတို့ကား ယခင် တော်ဝင် မိသားစုလည်း ဖြစ်ပေသည်။ လက်ရှိ ဧကရာဇ်ကား လွန်စွာ သံသယ များတတ်ကာ သူတို့ အင်အား ကြီးမားလာရန် ခွင့်ပြုမည် မဟုတ်ပေ။ ထို့ကြောင့် နန်ဒူကလန်နှင့် ရင်းနှီးခြင်းက ကောင်းသော သင်္ကေတ မဟုတ်ပေ။ သို့သော်လည်း လက်ရှိ အခြေအနေက ကွာခြားပေသည်။ နန်ဒူတိုင်က နိုဘယ်အဆင့်ကို တက်လှမ်း သွားသည်နှင့် အရာအားလုံးက ကွာခြားသွားသည်။ ဧကရာဇ်လျိုက သူ၏ စွမ်းအားများကို မှီခိုရန် လိုအပ်လောက် ပေသည်။
ယနေ့တွင် နန်ဒူကလန်၌ အခမ်းအနားကြီး တစ်ခု ကျင်းပနေသည်။ ဒွန်ဟိုင်မြို့မှ အရှိန်အဝါ ကြီးသော လူများအားလုံးက သူတို့၏ ဂုဏ်ပြုစကားများ ပြောရန် ရောက်ရှိ နေကြသည်။
နန်ဒူကလန်၏ ပင်မခန်းမ အထဲတွင် စားပွဲဝိုင်းများနှင့် ထိုင်ခုံများတွင် လူများနှင့် ပြည့်နှက်နေသည်။ ထိုနေရာတွင် ဒွန်ဟိုင်မြို့၏ အဓိက အင်အားစုများ အားလုံးက ရောက်ရှိ နေကြသည်။
ဥပမာအားဖြင့် ဒွန်ဟိုင် ကျောင်းတော် ဖြစ်သည်။ သူတို့အား ကြယ်စင်ဧကရာဇ် ကျောင်းဆောင် ကျောင်းအုပ် ယန်ရှာအိုနှင့် အနုပညာ သူတော်စင်တို့က ဦးဆောင်လာသည်။ ကြယ်စင် ဧကရာဇ် ကျောင်းဆောင်၏ လက်ထောက် ကျောင်းအုပ်ဟန်မိုကား ရီဖူရှင်း နောက်ကို လိုက်ရာတွင် ထူးဆန်းစွာ သေဆုံးခဲ့သည်။ ထိုအချိန်က အနုပညာ သူတော်စင်က ဟန်မို၏ နေရာတွင် လက်ထောက် ကျောင်းအုပ် အဖြစ် အစားဝင်ခဲ့သည်။
ဒွန်ဟိုင် ကျောင်းတော် အပြင် အရှင်လျို၊ လင်းမိသားစုတို့လည်း ရှိနေကြသည်။ လင်းဇီယွီကား လင်းမိသားစုမှ လူများ အကြားတွင် ရှိနေသည်။ သူမက သူမ၏ အဖေနှင့်အတူ ထိုင်နေသည်။
ဟွာဖန်းလူနှင့် ရီဖူရှင်းတို့က သွားရောက် တောင်းပန်ခဲ့ဖူးသော မူဟောင်လည်း ရောက်နေသည်။ သူကား တစ်ချိန်က ဟွာဖန်းလူ၏ မိတ်ဆွေ ဖြစ်ကာ အကာနာ အဆင့်တွင် ရှိသည်။ ထိုအချိန်က သူက ရီဖူရှင်းအား တပည့်အဖြစ် လက်ခံရန် ငြင်းဆိုခဲ့သည်။
အချုပ်ပြောရလျှင် ဒွန်ဟိုင်မြို့မှ အရေးကြီး ပုဂ္ဂိုလ်များ အားလုံး ရောက်ရှိ နေကြသည်။ မည်သူမှ နိုဘယ် တစ်ယောက်အား မျက်နှာသာ မပေးဘဲ မနေရဲကြပေ။
နိုဘယ် တစ်ယောက်ကား ဧကရာဇ် ဖြစ်လာနိုင်ချေ ရှိသောသူ ဖြစ်သည်။
လူတိုင်းက ထိုင်ပြီး နောက်တွင် နန်ဒူတိုင်က လွန်စွာ ထည်ဝါသော ပုံစံဖြင့် လျှောက်လာနေသည်။ သူက လူအုပ်အား ကြီးမြတ်သော ပုံဟန်ဖြင့် ကြည့်ကာ အရှေ့ဆုံးတွင် သူ တစ်ယောက်တည်းသာ ထိုင်ရန် ပြုလုပ်ထားသော ထိုင်ခုံသို့ လှမ်းသွားကာ ထိုင်လိုက်သည်။
“နန်ဒူကလန် ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်…” လူတိုင်းက ထရပ်ကာ ဦးညွှတ်လျက် ပြောကြသည်။ သူက နိုဘယ်အဆင့်ကို တက်လှမ်းပြီးသည်နှင့် သူ၏ အဆင့်အတန်းကား တခြားလူများနှင့် လွန်စွာ ကွာခြားသွားသည်။
နန်ဒူတိုင်က လူအုပ်အား တစ်ချက်ကြည့်ကာ လွန်စွာ စိတ်ကျေနပ်သွားပုံ ရသည်။ ဤမြင်ကွင်းက ယခင် သူ၏ ဘိုးဘေးများက လူအများ၏ ကိုးကွယ်မှုကို ခံယူစဉ်က ခံစားချက်ကို ပြန်လည် ရရှိစေသည်။ ထိုသို့သော နေ့ရက်ကား သိပ်မကြတော့ပေ။
“အားလုံး … ထိုင်ကြပါ…” နန်ဒူတိုင်က သူ၏ လက်အား ဝှေ့ယမ်းလျက် ပြောသည်။ သူကား နိုဘယ် တစ်ယောက်၏ ဟန်ပန်ကို လုံးဝ ပြသနေသည်။ လူတိုင်းက သူ့အား ကျေးဇူးတင်ကာ ထိုင်လိုက်ကြသည်။
နန်ဒူတိုင်က ပြုံးလိုက်သည်။ ဧကရာဇ် တစ်ပါးက ယခုကဲ့သို့ လူအများ၏ ကိုးကွယ်မှုကို ခံယူရရှိသည်။ ယခုတွင်ကား သူက ဒွန်ဟိုင်မြို့၏ တကယ့်ဘုရင် ဖြစ်နေပြီ ဖြစ်သည်။ နောက်တစ်ဆင့်ကား သူက နိုင်ငံတစ်နိုင်ငံ၏ ဘုရင်ဖြစ်ရန်ပင်။ သူကား ထိုသို့သော အဆင့်ကို ရောက်ရန် အရည်အချင်း ရှိနေပြီဖြစ်ကာ အခွင့်အလမ်းကို စောင့်ဆိုင်းရန်သာ ကျန်တော့သည်။
သူက ခေါင်းငုံ့လျက် ထိုင်နေသာ နန်ဒူဝန်ရှန်းအား ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ သူက တော်ဝင် မိသားစု၏ တိုက်ရိုက် သွေးမျိုးဆက် ဖြစ်လျှင်ကော အဘယ်အရေးနည်း။
ထိုအခိုက်တွင် သူကား တကယ့် ဘုရင်အလား ဖြစ်နေလေပြီ။ ရီဖူရှင်း ပြဿနာတုန်းက သူက နန်ဒူဝန်ရှန်းအား အပြစ်မပေးခဲ့ပေ။ အဓိကအားဖြင့် နန်ဒူဝန်ရှန်းက တော်ဝင်သွေးကို တိုက်ရိုက် ဆက်ခံထားသူ ဖြစ်ရာ သူက တခြား ကလန်တွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်လာမည်ကို စိုးရိမ် သောကြောင့်လည်း ဖြစ်သည်။
သို့သော်လည်း လက်ရှိတွင် ထို တော်ဝင် တိုက်ရိုက် သွေးမျိုးဆက် ဆိုသော အရာက ရှိရန် မလိုတော့ပေ။ သူက တကယ့်ဘုရင် ဖြစ်သည်။ ဧကရာဇ်လျိုက ရီဖူရှင်းအား သတ်ပြီး ကန်ယီကို ဖျက်ဆီး ပြီးသောအခါ နန်ဒူဝန်ရှန်းနှင့် သူ၏ မိသားစုများ အားလည်း သူက ရှင်းပစ်မည် ဖြစ်သည်။
***