ဧကရာဇ်များ အားလုံးက အလွန်အမင်း အေးစက်မှုကို ခံစားကြရသည်။ သူတို့က ဧကရာဇ်လျို၏ လှည့်စားခြင်းကို ခံရသည်ဟု ရိပ်မိလိုက်ကြ၏။ ယခု သူတို့က ဖြစ်ပျက်ခဲ့သမျှအား သေချာစွာ စဉ်းစား ကြည့်ကြသည်။ ဧကရာဇ်လျိုက အမှန်ပင် ကောလာဟလများကို တမင် ဖြန့်နေခဲ့သည်။ အမှန်တကယ် အားဖြင့် တော်ဝင် ချန်ကျောင်းတော်မှ လူများ ရောက်ရှိ လာကြသောအခါ သူတို့က အပြင်ကိုပင်လျှင် မထွက်ကြပေ။
သူတို့က ကန်ယီနိုင်ငံအား ရှင်းပစ်ရန် ရောက်လာကြသည် မဟုတ်ပေ။
သို့သော် တကယ်တမ်း ဧကရာဇ်လျို တစ်ယောက်တည်းသာ အပြစ် တင်သင့်သည်လား။
တော်ဝင် ချန်ကျောင်းတော်မှ လူများက နန်ဒူ နန်းတော်ကို ရောက်လာသည့် သတင်းကို ကြားကြားချင်း ဧကရာဇ်များက အပြေး လာခဲ့ကြသည်။ တကယ်တမ်း နန်ဒူကို မလာခဲ့သည့် ဧကရာဇ်များလည်း အများအပြား ရှိကြသည်။ သူတို့က အဘယ်ကြောင့် အပြေးလာခဲ့ ကြသနည်း။ အဘယ်ကြောင့် ဆိုသော် သူတို့က လက်ရှိ အခြေအနေမှ အကျိုးအမြတ်များ ရယူလိုသောကြောင့် မဟုတ်ပါလော။
တော်ဝင် ချန်ကျောင်းတော်မှ အရေးပါသော တန်ခိုးရှင်များ ရောက်ရှိ လာကြသလို နန်ဒူမှ အိမ်ရှေ့စံ မင်းသားလည်း ပြန်ရောက် လာခဲ့သည်။ ဤသို့သော အခြေအနေတွင် ဧကရာဇ်လျိုက သူတို့နှင့် ဖော်ရွေစွာ ပြောဆို ဆက်ဆံပြီး ကန်ယီအား တိုက်ခိုက်တော့မည့် အလား မှတ်ချက်များ ချသည်။ သူတို့က မည်သို့ သံသယ ဖြစ်မိကြမည်နည်း။
မဟုတ်ပေ။ သူတို့က ခိုင်မာစွာ ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့်လည်း ကောလာဟလများက ဆက်လက်၍ ပျံ့နှံ့ခဲ့သည်။
ယခု ရီဖူရှင်းက ခွန်ပန်အား စီးနင်းကာ နန်းတော်ထဲကို ချိုးဖျက် ဝင်ရောက် လာသော အခါတွင်မှသာ သူတို့၏ ယုံကြည်မှုများ အားလုံး ပျက်စီးခဲ့ရသည်။
နန်ဒူယွီ၏ ရင်ဘတ်များ တုန်ခါသွားသည်။ အကယ်၍ ရီဖူရှင်းက လျိုဂျန်လန်ကို သတ်နိုင်လျှင် နန်ဒူကလန် ကရော။
သူက ရီဖူရှင်းနှင့် သူ့ဘေးမှ ဟွာဂျီယူအား ကြည့်သည်။ ထိုပြိုင်စံရှား စုံတွဲကား ထိုစဉ်က အသက် သေလုမတတ် ဖြစ်ကာ ဟွာဂျီယူကလည်း နန်ဒူနန်းတော်သို့ စေလွှတ်ခံရလုနီးပါး ဖြစ်ခဲ့သည်။ သူတို့က အသက်ကိုရင်း၍ ခုခံခဲ့ကြသည်။ ထို့ကြောင့်လည်း ဟွာဂျီယူက သေလုနီးပါး ဖြစ်ခဲ့သည်။
ထိုသို့တွေးကာ လွန်စွာ ကြောက်ရွံ့သော စိတ်က နန်ဒူယွီ၏ စိတ်ထဲကို ဝင်ရောက် လာသည်။
ရီဖူရှင်း၏ အားကောင်းသော အရှိန်အဝါက လူအများ၏ စိတ်ကူးယဉ်မှုများ အားလုံးကို ပျက်စီး သွားစေသည်။
“မင်းက တကယ်ပဲ မောက်မာတယ်…” တော်ဝင် ချန်ကျောင်းတော်မှ တစ်ယောက်က အေးစက်စွာ ပြောသည်။ ရီဖူရှင်းက လျိုဂျန်လန်အား ခြိမ်းခြောက်ကာ တော်ဝင် ချန်ကျောင်းတော်အား မျက်လုံးထဲ မထည့်ပေ။
“ဒါက ကျုပ်နဲ့ သူတို့အကြား ကိစ္စပဲ… ခင်ဗျားတို့ ဝင်ပါရမယ့်နေရာ မဟုတ်ဘူး…” ရီဖူရှင်းက တော်ဝင် ချန်ကျောင်းတော်မှ လူများအား ကြည့်လိုက်သည်။ ထိုလူက နှာခေါင်း တစ်ချက် ရှုံ့ကာ မည်သို့မှ မပြောတော့ပေ။ အမှန်ပင် သူတို့က ရီဖူရှင်းနှင့် ထိုဧကရာဇ်များ အကြား ကိစ္စတွင် ဝင်စွက်ဖက်စရာ အကြောင်း မရှိပေ။ အကယ်၍ တော်ဝင် ချန်ကျောင်းတော်မှ လူများက ဝင်စွက်ဖက်ပါက သူတို့က ရီဖူရှင်း တစ်ယောက်တည်း ကိုသာ ရင်ဆိုင်ရမည် မဟုတ်ဘဲ ကော့တေး တစ်ခုလုံးအား ရင်ဆိုင်ရမည် ဖြစ်သည်။
ထိုအားနည်းသော အရူးများက ရီဖူရှင်း၏ မိတ်ဆွေများကို ပြန်ပေးဆွဲရဲသည်က ရယ်စရာ ကောင်းလွန်းလှသည်။
ရီဖူရှင်း၏ စကားက ဧကရာဇ်ချူနှင့် တခြား ဧကရာဇ်များအား ကျောစိမ့်စေသည်။ သူတို့ တုန်ယင်လာကာ အမှန်ပင် ကြောက်ရွံ့မှုကို ခံစားကြရသည်။ ရီဖူရှင်းက တော်ဝင် ချန်ကျောင်းတော်မှ လူများကိုပင်လျှင် သူတို့ ဝင်စွက်ဖက်ရမည့် နေရာမဟုတ်ဟု တိုက်ရိုက် တုံ့ပြန်ခဲ့သည်။ ဘာကို ဆိုလိုသနည်း။
“ကျုပ် နောက်ဆုံး တစ်ခေါက် မေးမယ်… သူတို့ ဘယ်မှာလဲ…” ရီဖူရှင်း၏ အသံကား ရေခဲတမျှ အေးစက် မောကျော နေသည်။ ဤတစ်ကြိမ်တွင်ကား သူ အမှန်တကယ် ဒေါသထွက် နေသည်။
“သူတို့က ငါနဲ့အတူ ရှိတယ်…” တစ်စုံတစ်ယောက်က ရုတ်တရက် ပြောသည်။ လျိုမင်းယွီကား မကြာမီက ရောက်လာခဲ့သည်။ ရီဖူရှင်း၏ လွန်စွာ အရှိန်အဝါ ကြီးသော ပုံဟန်ကို မြင်လျှင် သူမကလည်း ထိတ်လန့်ရသည်။ သူမက ရှေ့ကို လျှောက်သွားကာ သူ့အား စိုက်ကြည့် လိုက်သည်။ သူမအား ပထမဆုံး တွေ့သော အချိန်တွင်ပင် လက်ဝါးဖြင့် ရိုက်ခဲ့သော ထိုလူငယ်ကား ဟိုအရင်ကလို မရင့်ကျက်သောပုံဟန် မဟုတ်တော့ပေ။ သူ၏ ကိုယ်ရောင်ကိုယ်ဝါက ပိုမို ထူးခြားလာကာ သူ၏ ရုပ်ရည်ကလည်း ပိုမို ချောမောလာသည်။ သူက ခွန်ပန်အား စီးနင်းလာကာ များစွာသော နိုဘယ် တန်ခိုးရှင်များ အားလည်း ဦးဆောင် လာသည်။ သူက သူ့ထံမှ ယူထားသော အကြွေးများကို ပြန်ယူရန် ရောက်လာခဲ့သည်။
ရီဖူရှင်းကလည်း ပုံမှန်အားဖြင့် လျိုမင်းယွီအား မှတ်မိပေသည်။ သူမကား အသက် ဆယ့်ရှစ်နှစ် ဆယ့်ကိုးနှစ်ခန့်ရှိပြီ ဖြစ်ကာ မိန်းကလေး တစ်ယောက် အတွက် အလှဆုံး အရွယ်ဟုလည်း ပြော၍ ရသည်။ ယခင် စိတ်လိုက်မာန်ပါ လုပ်တတ်သော မိန်းကလေးကား ယခု သိမ်မွေ့ကာ တည်ငြိမ်သော မိန်းမပျိုတစ်ယောက် ဖြစ်နေလေပြီ။ သူမက ယခင်ကလို အနီရောင် ဖီးနစ်ဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်ကာ သူမ၏ ကိုယ်ရောင်ကိုယ်ဝါနှင့် လွန်စွာ လိုက်ဖက်လှသည်။
“သူတို့ကို ပြန်ပေး…” သို့သော်လည်း ရီဖူရှင်းက လျိုမင်းယွီအား ကြည့်ကာ ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောသည်။
လျိုမင်းယွီက သူ့အား ကြည့်ကာ ခေါင်းမာစွာ ပြောသည်… “နင်ငါ့ကို ဘယ်လိုလုပ် ဒီလို ပြောရတာလဲ…”
ရီဖူရှင်း မျက်မှောင်ကြုတ် သွားသည်။ ကြည့်ရသည်မှာ သူမက ပြောင်းလဲခြင်း မရှိသေးပေ။
ရှေ့ကို လျှောက်သွားရင်းမှ ရီဖူရှင်း၏ ခန္ဓာကိုယ်မှ အေးစိမ့်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။
“နင် ငါ့ကို နောက်တစ်ခေါက် ရိုက်ချင်တာလား…” လျိုမင်းယွီက ရီဖူရှင်းအား သူမ၏ ရေပြင်အလား ကြည်လင်သော မျက်လုံးများဖြင့် ကြည့်ကာ မေးသည်။ သူမ၏ သနားစဖွယ် အကြည့်က လူအများအား ထူးဆန်းသော အမူအရာကို ဖြစ်ပေါ်စေသည်။ နန်ဒူနိုင်ငံ၏ မင်းသမီးက တစ်ချိန်က ရီဖူရှင်းထံတွင် အနိုင်ကျင့် ခံရဖူးသည်ဟု သူတို့ အဘယ်ကြောင့် ခံစားကြရသနည်း။
ရီဖူရှင်းက အမှန်ပင် လျိုမင်းယွီအား အကြိမ် အနည်းငယ် ရိုက်နှက်ဖူးသည်။ ပထမဆုံး တစ်ကြိမ်ကား ဒွန်ဟိုင် ကျောင်းတော်၌ စိန်ခေါ်ပွဲဖြစ်သည်။ ထို့နောက် ချင်းကျူမြို့တွင် တစ်ကြိမ်ဖြစ်သည်။ ထိုအချိန်က လျိုမင်းယွီက စီနီယာ အစ်မချင်လီအား အစေခံအဖြစ် ဆက်ဆံခဲ့သည်ကို ရီဖူရှင်းက ဒေါသဖြစ်ရာမှ ရီဖူရှင်း၏ အရိုက်ကို တစ်ခါခံခဲ့ရသည်။ သူမက ဝန်ကြီးချုပ်ကျိုကို ပင်လျှင် တိုင်တန်းခဲ့သော်လည်း ဝန်ကြီးချုပ်ကျိုက ရီဖူရှင်းအား ကာကွယ်ပေးခဲ့သည်။
လျိုမင်းယွီ၏ အကြည့်ကို မြင်လျှင် ရီဖူရှင်းကလည်း ထူးဆန်းသလို ခံစားရသည်။ လျိုမင်းယွီက ထိုစဉ်က တစ်ဇွတ်ထိုး လုပ်တတ်ကာ မောက်မာသော်လည်း ရီဖူရှင်းက သူမအား ဆိုးရွားသော အမြင်မျိုး မရှိပေ။ သို့သော်လည်း သူမက ဧကရာဇ်လျို၏ သမီးဖြစ်ကာ မူလကတည်းက ဆန့်ကျင်ဘက်တွင် ရှိနေသောသူ ဖြစ်သည်။
“ဖူရှင်း…” ရုတ်တရက် အဝေးမှ အသံတစ်သံ ကြားရသည်။ သူမကား ရီလင်းဇီ ဖြစ်သည်။ သူမနှင့် ရီဒန်ချန်းက အဝေးမှ လျှောက်လာကြသည်… “ဖူရှင်း… မင်းသမီးက ဒီကိစ္စမှာ မပါဘူး… သူမက ငါတို့ကို ကယ်ခဲ့တာ…”
“လင်းဇီ… ဒန်ချန်း…” သူတို့နှစ်ယောက်က ဘေးကင်းသည်ကို မြင်လျှင် ရီဖူရှင်း စိတ်အေး သွားရသည်။ သူက သူမတို့ နှစ်ယောက် အနီးကို ကပ်သွားကာ မေးသည်… “မင်းတို့ ဒဏ်ရာရလား…”
“မရဘူး… ဒါပေမဲ့ မျိုးရိုးနာမည် ချူနဲ့ကောင်က ငါ့ကို ရိုက်ခဲ့တယ်…” ရီဒန်ချန်းက ဧကရာဇ်ချူအား အေးစက်စွာ ကြည့်ကာ ပြောသည်။ သူနှင့် ရီလင်းဇီတို့က ရီဖူရှင်းအား အမြဲတမ်း ယုံကြည်ခဲ့ကြ သော်လည်း ရီဖူရှင်းက ဤမျှ လျင်မြန်စွာ ရောက်လာမည်ဟု မထင်ထားခဲ့ကြပေ။ ဧကရာဇ်ချူတို့က ဤတစ်ကြိမ် လွတ်မြောက် နိုင်မလား သိချင်သည်။
ရီဖူရှင်းက ဧကရာဇ်ချူအား အေးစက်စွာ ကြည့်သည်။ သူ၏ အကြည့်တွင် ပါဝင်သော လူသတ်လိုသော အငွေ့အသက်ကို မြင်လျှင် ဧကရာဇ်ချူ အေးစက် သွားသည်။
“သူမက မင်းတို့ကို ကယ်ခဲ့တာလား…” ရီဖူရှင်းက လျိုမင်းယွီအား ကြည့်ကာ မေးသည်။
“ငါတို့ကို ဒီကို ခေါ်လာပြီးနောက် ဧကရာဇ်လျိုက သူတို့ကိုယ်တိုင် ဖြေရှင်းဖို့ ပြောတယ်… သူက ငါတို့ကို သတ်ချင်ခဲ့တယ်… ဒါပေမဲ့ မင်းသမီးက သူ့ကို တားခဲ့တယ်…” ရီလင်းဇီက ညင်သာစွာ ပြောသည်။ သူမတို့ကား ထိုစဉ်က ကူရာမဲ့ကာ သေတော့မည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီး လျိုမင်းယွီက သူမတို့အား ကယ်တင်ခဲ့သည်။ သူမတို့က ရန်သူများ ဖြစ်သည့်တိုင် ရီလင်းဇီက လျိုမင်းယွီအား ကျေးဇူး တင်ပေသည်။
ရီဖူရှင်းက အသာအယာ ခေါင်းညိတ်သည်။ ထို့နောက် သူက လျိုမင်းယွီအား ပြောသည်… “ကြည့်ရတာ ငါကမင်းကို အထင်လွဲမိတယ် ထင်တယ်… ကျေးဇူးပဲ…”
လျိုမင်းယွီက ပြုံးလိုက်သော်လည်း သူမ၏ အပြုံးက မိမိကိုယ်ကို သရော်သော ပုံဟန် ဖြစ်နေသည်။ သူက အထင်လွဲခြင်း မျှသာဟု ပြောခဲ့သလား။ ရီဖူရှင်း၏ လေသံအရ သူမတို့အကြား သူစိမ်းဆန်မှုကို ခံစား၍ ရသည်။
သူမ၏အဖေ သတ်လိုကာ သူမ၏ ဆရာက တန်ဖိုးထားရသော သူကား သူမ၏ ဆရာ ခန့်မှန်းထားသလို အရှိန်အဝါကြီးစွာဖြင့် ရောက်လာခဲ့သည်။ နန်ဒူနိုင်ငံ၏ ပျက်စီးခြင်းက တကယ် ရောက်လာမည်လော။
“အရမ်း ကောင်းတယ်…” ရီဖူရှင်းက နောက်လှည့်ကာ ဧကရာဇ် ခြောက်ပါးအား အေးစက်စွာ ကြည့်သည်။
သူ၏ မျက်လုံးမှ အေးစက်သော အပြုံးကို မြင်နိုင်သည်။
ရီဖူရှင်း၏ အကြည့်ကို မြင်လျှင် ဧကရာဇ် ခြောက်ပါးတို့၏ မျက်နှာက ချက်ချင်း ပြာနှမ်း သွားကြသည်။
“အစ်ကိုလျို…” ဧကရာဇ်ချူက ဧကရာဇ်လျိုအား လှမ်းကြည့်ကာ အကူအညီ တောင်းသည်။ ထိုအခိုက်တွင် ဧကရာဇ်လျိုနှင့် တော်ဝင် ချန်ကျောင်းတော်မှ လူများသာလျှင် သူတို့အား ကယ်နိုင် ပေတော့သည်။
ထိုမြင်ကွင်းအား ကြည့်ကာ ရီဖူရှင်းက နှာခေါင်း ရှုံ့လိုက်သည်။ သူတို့က ဧကရာဇ်လျိုအား အကူအညီ တောင်းလို သေးသည်လား။
“ရီဖူရှင်း… မင်းနဲ့ သူတို့အကြား ပြဿနာကို နန်းတော် အပြင်မှာ သွားပြီးတော့ ဖြေရှင်း…” ဧကရာဇ်လျိုက အေးစက်စွာ ပြောသည်။
“ပါးစပ်ပိတ်ထား…” ရီဖူရှင်းက ဧကရာဇ်လျိုအား ကြည့်သည်။ ဧကရာဇ် ခြောက်ပါးကို နန်းတော်ထဲကို ဝင်ခွင့်ပေးခဲ့ပြီးမှာ အပြင်မှာ သွားဖြေရှင်း ခိုင်းသည်လား။
ဧကရာဇ်လျို၏ အမူအရာက လွန်စွာ ပျက်ယွင်းလာသည်။ သူကား နန်ဒူနိုင်ငံ၏ ဧကရာဇ် ဖြစ်သော်လည်း လက်ရှိတွင် ရီဖူရှင်းက သူ့အား ကြိမ်ဖန်များစွာ ကြိမ်းမောင်းကာ သူ၏ ဖြစ်တည်မှုအား သိမ်ငယ်စေခဲ့သည်။
သူတို့ နှစ်ယောက်အကြား စကားများကို ကြားလျှင် ဧကရာဇ် ခြောက်ပါးက လုံးဝ မျှော်လင့်ချက် မဲ့သွားကြသည်။ သူတို့အား မည်သူမှ မကယ်နိုင် တော့သည်ကို နားလည် လိုက်ကြသည်။
ရီဖူရှင်း၏ အင်အားကား သူတို့ လုံးဝ မထင်ထားသော အခြေအနေတွင် ရှိနေသည်။ တော်ဝင် ချန်ကျောင်းတော်က သူ့အား လုံးဝ မထိရဲပေ။ လျိုဂျန်လန်က ရီဖူရှင်းအား သတ်ကာ ကန်ယီအား ဖျက်ဆီးရန် လာသည်ဟူသော ကောလာဟလများမှာ အမှန်တကယ် အားဖြင့် ရယ်စရာ ကောင်းလှသည်။
“အားလုံး သူ့ကြောင့်ပဲ… ကျုပ်တို့က ဧကရာဇ်ချူရဲ့ လှည့်စားမှုကို ခံခဲ့ရတာ… သခင်လေးရီ… ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ…” ဧကရာဇ် တစ်ပါးက ဧကရာဇ်ချူအား လက်ညှိုးထိုးလျက် ပြောသည်။
“ခွေးကောင်…” ဧကရာဇ်ချူက ဒေါသတကြီး အော်ဟစ်သည်။ သူက ရီဖူရှင်းအား ကြည့်ကာ ပြောသည်… “သခင်လေးရီ… ကျုပ် မှားတယ်ဆိုတာ သိပါတယ်… ဒါပေမဲ့ အခု ကျုပ် ကျိန်ပြောရဲတယ်… ကျုပ်က သခင်လေးရီရဲ့ စကားကိုပဲ နားထောင် ပါတော့မယ်…”
“ခင်ဗျားမှာ တန်ဖိုး ရှိသေးတယ် ထင်လား……” ရီဖူရှင်းက ဧကရာဇ်ချူအား အေးစက်စွာ ကြည့်သည်။ သူက အသက် ဆက်ရှင်သေး လိုသည်လား။
ပထမ တစ်ကြိမ်က သူက ခွင့်လွှတ် ပေးခဲ့သည်။ ယခု တစ်ကြိမ်ကား မဖြစ်နိုင်တော့ပေ။
ဧကရာဇ်ချူက ခွန်ပန်ပေါ်မှ နိုဘယ်များကို ကြည့်ကာ မျှော်လင့်ချက် ကင်းမဲ့သွားသည်။ တစ်ချိန်က ရီဖူရှင်းက ကန်ယီအား ကာကွယ်ရန် သူတို့ကို လိုအပ်ခဲ့သည်။ ယခုမူကား မည်သူက ကန်ယီကို ထိရဲတော့မည်နည်း။
ယခုကား သူက ထိပ်သီး အင်အားစု၏ တန်ဖိုးထားခြင်းကိုသာ ခံရသည် မဟုတ်ဘဲ သူကိုယ်တိုင် နိုဘယ်များကို ဦးဆောင် လာသည်။
“အခုကစပြီး ခင်ဗျားတို့ရဲ့ နိုင်ငံခြောက်နိုင်ငံက မရှိတော့ဘူး မှတ်ပါ… သူတို့ကို သတ်စမ်း…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။
“ဟုတ်ကဲ့…” လို့လန် ငွေသက်တော်စောင့် များက ရှေ့ကို တက်လာကြသည်။ ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံးက အေးစိမ့်သော အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။ နှင်းများက ပတ်ဝန်းကျင် တစ်ခုလုံးအား ဖုံးလွှမ်းလာပြီး နိုဘယ် အဆင့်အောက်မှ လူများက ခိုက်ခိုက် တုန်အောင် အေးစိမ့်မှုကို ခံစားကြရသည်။
ဧကရာဇ် ခြောက်ပါးက ထိတ်လန့် သွားကြသည်။ ထိုနိုဘယ် တစ်ယောက်စီက သူတို့ထက် များစွာ အားကောင်းပုံ ရသည်။
ဧကရာဇ်ချူက လက်လျှော့လိုပုံ မရပေ။ လွန်စွာ ပြင်းထန်သော သဘာဝ စွမ်းအင်များက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ထို့နောက် နွယ်ပင်များ ထွက်ပေါ်လာကာ ရီဖူရှင်းထံသို့ အလွန်အမင်း လျင်မြန်သော အရှိန်ဖြင့် တိုးဝင်သွားသည်။
သို့သော်လည်း ရီဝူချင်း၏ ဘေးမှ တန်ခိုးရှင် တစ်ယောက် လှုပ်ရှား လိုက်သည်။ ချက်ချင်းပင် ဓားစွမ်းအင်က အရံအတားတစ်ခု ဖြစ်သွားကာ ရီဖူရှင်းတို့ အားလုံးကို လွှမ်းခြုံသွားသည်။ မည်သည့် တိုက်ခိုက်မှုမဆို အတားအဆီးနှင့် တွေ့သည်နှင့် ပျက်စီး သွားရသည်သာ။
တစ်ချိန်တည်းတွင် ငွေသက်တော်စောင့်များက လှုပ်ရှားလိုက်ကြသည်။ နှင်းများက ကောင်းကင်တွင် ကခုန်ကြကာ သူတို့၏ လှံတံများက နဂါးများအလား ထွင်းဖောက် လာကြသည်။ လှံတံများ၏ နောက်မှ လွန်စွာ အားကောင်းသော နှင်းလေပွေများ လိုက်ပါလာကြကာ ဧကရာဇ်ခြောက်ပါးအား လွှမ်းခြုံသွားသည်။
ထို့နောက် လွန်စွာ လင်းလက်သော ငွေရောင်အလင်းများ ပေါက်ကွဲသွားပြီး မြူနှင်းများ အောက်တွင် အော်ဟစ်သံများကို ကြားကြရသည်။ လွန်စွာ ကွာခြားသော တန်ခိုး အဆင့်များကြောင့် ဧကရာဇ်များကား လုံးဝ ခုခံနိုင်စွမ်း ရှိပုံမရပေ။ ငွေလှံများက သူတို့၏ လည်ချောင်းများအား ဖြတ်ကျော် သွားသော်လည်း သွေးများ ထွက်လာခြင်း မရှိပေ။ သူတို့၏ ခန္ဓာနှင့် သွေးများက တစ်ချိန်တည်းတွင် အေးခဲသွားကြကာ နောက်ဆုံး ရုပ်တုများအဖြစ် ပြောင်းလဲ သွားကြသည်။
နိုဘယ် ကိုးယောက်က လျှပ်တစ်ပြက်ပင် ရီဖူရှင်း၏နောက်ကို ပြန်ရောက်သွားကာ ဘာမှ မဖြစ်ခဲ့သလို တိတ်ဆိတ်စွာ ရပ်နေကြသည်။
တော်ဝင် ချန်ကျောင်းတော်မှ လူများက နိုဘယ် ကိုးယောက်အား ကြည့်လိုက်ကြသည်။ သူတို့က ဘယ်သူတွေလဲ။ သူတို့က ကော့တေးမှ မဟုတ်သည်မှာ ထင်ရှားသည်။ ဤသို့ဆိုလျှင် သူတို့ အဘယ်ကြောင့် ရီဖူရှင်း၏ ဘေးတွင် ရှိနေသနည်း။
ဧကရာဇ်လျိုနှင့် တခြား ဧကရာဇ်များက ထိုနိုဘယ်များနှင့် ပတ်သက်၍ အရေးမလုပ်ပေ။ သူတို့က ဧကရာဇ်ခြောက်ပါး၏ သေဆုံးခြင်းကိုသာ မြင်သည်။ သူတို့ကား ပုရွက်ဆိတ်များကို သတ်သကဲ့သို့ အသတ်ခံရသည်။ သူ၏ အဆုံးသတ်ကရော ထိုသို့ ဖြစ်မည်လော။
ဝန်ကြီးချုပ်ဟွာနှင့် နန်ဒူယွီတို့၏ မျက်နှာများလည်း ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ သူတို့၏ ခန္ဓာများပင်လျှင် တုန်ယင် လာကြသည်။
သူတို့ကား နိုင်ငံများ၏ ဘုရင်များဖြစ်ကာ နိုဘယ်များ ဖြစ်ကြသည်။ သို့သော် ရီဖူရှင်း၏ စကားတစ်ခွန်းက သူတို့အား သေဆုံးစေကာ ရုပ်တုများ ဖြစ်စေသည်။
ရုတ်တရက် နန်ဒူယွီက မကြာမီက နိုဘယ်အဆင့်ကို ရောက်ရှိခဲ့သော နန်ဒူတိုင်ကို သတိရလာသည်။ သူ၏ ရင်ထဲက ချက်ချင်း အလွန်အမင်း ကြောက်ရွံ့သော စိတ်တစ်ခု ဖြစ်လာသည်။
***