ထိုအခိုက်တွင် နန်ဒူနန်းတော်၏ အပြင်ဘက်တွင် များစွာသော တန်ခိုးရှင်များ စုစည်း နေကြသည်။ နန်းတော်ထဲတွင်မူ ယွန်ချူနှင့် ယန်ဧကရာဇ်တို့ အပါအဝင် ဧကရာဇ်များက ရှိနေကြသည်။
နန်ဒူယွီကား နန်ဒူကလန်မှ တန်ခိုးရှင် တစ်ယောက် ဖြစ်သည်။ သူတို့၏ ကလန် ခေါင်းဆောင်ကား နိုဘယ်အဆင့်ကို ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လျိုဂျန်လန်က စွမ်းအားမြင့် နိုဘယ်များနှင့် ပြန်လာခဲ့ရာ သူတို့က အခြေအနေကို စောင့်ကြည့်ရန် လိုနေသေးသည်။ သူတို့ကလန်၏ လက်ရှိအဆင့်အရ နောက်ပိုင်းတွင် ဧကရာဇ်လျိုက နယ်မြေတစ်ရာ ဒေသအား အုပ်စိုးသော အချိန်တွင် နန်ဒူကလန်အား နန်ဒူနိုင်ငံကို ပြန်ပေးမည်လော သို့မဟုတ် သူတို့အား ကန်ယီနိုင်ငံကို ပေးအပ်မည်လော စောင့်ကြည့် ရပေမည်။
နန်ဒူယွီက ဂုဏ်ပြုစကား ပြောရန် ရောက်လာသလို တစ်ချိန်တည်းတွင် သတင်း အချက်အလက်များ စုဆောင်းရန်လည်း ရည်ရွယ်သည်။ လွန်ခဲ့သော တစ်နှစ်ခန့်က ကန်ယီ တိုင်းပြည်နှင့် ရီဖူရှင်းတို့ကား လွန်စွာ အောင်မြင် ခမ်းနားခဲ့သည်။ သို့သော်လည်း ထိုအရာများ အားလုံးက လက်ရှိတွင် အငွေ့များအဖြစ် ပျောက်ကွယ် သွားကာ သမိုင်းတစ်ခု ဖြစ်သွားသည်။
“ဝန်ကြီးချုပ်ဟွာကို နှုတ်ဆက်ပါတယ်…” ရုတ်တရက် ဝန်ကြီးချုပ်ဟွာက နန်းတော်ထဲမှ ထွက်ပေါ်လာသည်။
“နန်ဒူကလန်ရဲ့ ခေါင်းဆောင်က နိုဘယ်အဆင့်ကို တက်လှမ်း သွားခဲ့တယ်လို့ ကျုပ်ကြားတယ်… ဂုဏ်ပြုပါတယ်…” ဝန်ကြီးချုပ်ဟွာက အားကျသော ခံစားချက်များဖြင့် ပြောသည်။ နန်ဒူတိုင်က သူ့ထက်အလျင် နိုဘယ်အဆင့်ကို တက်လှမ်း သွားခဲ့သည်။
“ဒါက အရှင်မင်းကြီးရဲ့ ထောက်ပံ့မှုကြောင့်ပါ… ကျွန်တော်က အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံကို ဘယ်တော့ တွေ့ခွင့်ရမလဲ…” နန်ဒူယွီက မေးသည်။
“အရှင်မင်းကြီးက အခု တခြား ဧကရာဇ်တွေနဲ့ စကားပြောနေတယ်… မင်းသားက အခု တော်ဝင် ချန်ကျောင်းတော်က လူတွေနဲ့ လေ့ကျင့်နေတယ်… မင်းက ကျုပ်နဲ့အတူ လိုက်ပြီး လမ်းလျှောက်လို့ ရတယ်…” ဝန်ကြီးချုပ်ဟွာက ပြောသည်။ နန်ဒူယွီက ခေါင်းညိတ်သည်… “ကျေးဇူးတင်ပါတယ်… ဝန်ကြီးချုပ်…” သူတို့ နှစ်ယောက်က နန်းတော်ထဲကို လျှောက်သွား လိုက်ကြသည်။
ရုတ်တရက် အဝေးမှ လေလှိုင်း ရိုက်ခတ်သံများ ကြားလာရကာ လူအများ၏ အထိတ်တလန့် ရေရွတ်သံများကို ကြားရရာ ဝန်ကြီးချုပ်ဟွာနှင့် နန်ဒူယွီတို့က နောက်လှည့် ကြည့်လိုက် ကြသည်။ အဝေးတွင်ကား လွန်စွာ ကြီးမားသော ဧရာမ ငှက်ကြီး တစ်ကောင်က နန်းတော်သို့ ထိတ်လန့်ဖွယ် အရှိန်အဟုန်ဖြင့် ပျံသန်း လာနေသည်။ ထိုသတ္တဝါဆန်းကား ဒဏ္ဍာရီထဲမှ ခွန်ပန်နှင့် ဆင်တူသည်။
“ခွန်ပန်…” ဝန်ကြီးချုပ်ဟွာ၏ အမူအရာက လေးနက် သွားသည်။ လွန်ခဲ့သော တစ်နှစ်ခန့်က ရီဖူရှင်းက ခွန်ပန်ကို စီးနင်းကာ ကန်ယီသို့ ပြန်လာခဲ့သည်။ ယခု နန်ဒူနိုင်ငံ၏ ကောင်းကင်ထက်၌ ခွန်ပန် ပေါ်ထွက် လာခဲ့သည်။ သူ ရောက်လာပြီလား။
သူ တစ်ယောက်တည်းသာ မဟုတ်ဘဲ နန်းတော်မှ လူအများအပြားက ကောင်းကင်မှ ဧရာမ သတ္တဝါ ဆန်းကြီးအား ထိတ်လန့်စွာ ကြည့်ကြသည်။
ထိုအရာကား အမှန်ပင် ဒဏ္ဍာရီထဲက ခွန်ပန်ဖြစ်သည်။
ဧရာမခွန်ပန်က နန်းတော်သို့ တိုက်ရိုက် ပျံသန်းလာသည်။ နောက်ဆုံးတွင် ခွန်ပန်၏ကျောမှ လူများအား လူအများက ရှင်းလင်းစွာ မြင်လာကြရသည်။ ဦးဆောင် လာသူကား ရေခဲတမျှ အေးစက်သော အမူအရာဖြင့် လွန်စွာ ချောမောသော လူငယ်လေးတစ်ဦး ဖြစ်သည်။ သူကား ရီဖူရှင်း ဖြစ်၏။
တန်ဖန်းပွဲတော်တွင် ရီဖူရှင်းက သူ၏ ခြွင်းချက်မဲ့ ပါရမီကို ပြသခဲ့သည်။ နန်ဒူနိုင်ငံတွင် သူ့အား မသိသူ မရှိကြပေ။
“ရီဖူရှင်း ပြန်လာပြီ…” လူတိုင်းက အံ့အားသင့် သွားကြသည်။ ထို့အပြင် သူက နန်ဒူနိုင်ငံ၏ နန်းတော်သို့ တိုက်ရိုက် သွားနေသည်။
ဝန်ကြီးချုပ်ဟွာ မျက်မှောင်ကြုတ် သွားသည်။ မင်းသား ပြန်လာပြီး နောက်ပိုင်း အရှင်းမင်းကြီးက ပြောခဲ့သည်မှာ သူတို့က မကြာမီ ရီဖူရှင်းအား သတ်၍ ကန်ယီကို ဖျက်ဆီးတော့မည်။ အမှန်ပင် ရီဖူရှင်းက နန်ဒူကို လာခဲ့သည်။ ကြည့်ရသည်မှာ အရှင်မင်းကြီးနှင့် အိမ်ရှေ့စံတို့က ရီဖူရှင်း လာမည်ကို ကြိုသိနေသည်။
နန်ဒူယွီ၏ မျက်လုံးများက အရောင်လက် သွားသည်။ သူက ရီဖူရှင်းကိုသာ မဟုတ် သူ့ဘေးမှ လွန်စွာ ချောမောသော မိန်းကလေး တစ်ယောက်ကိုလည်း မြင်သည်။ သူမကား နန်ဒူကလန်က လွန်စွာ တန်ဖိုးထားကာ ပြုစု ပျိုးထောင်ခဲ့ဖူးသော ဟွာဂျီယူဖြစ်သည်။ ထို့အပြင် ဟွာဖန်းလူနှင့် နန်ဒူဝန်ယမ်တို့လည်း ပါလာသည်။
“သူတို့ကို တားစမ်း…” ဝန်ကြီးချုပ်ဟွာက အေးစက်စွာ ပြောသည်။ သူက ပြောပြီးသည်နှင့် အစောင့်များက ကောင်းကင်သို့ ထိုးတက်သွားပြီး နန်းတော်သို့ ဝင်ရာ လမ်းကြောင်းကို ပိတ်လိုက်ကြသည်။ သူတို့က ရီဖူရှင်းတို့အား ကြည့်ကာ ပြောသည်…“ ရပ်စမ်း…”
“ဝင်…” ရီဖူရှင်းက ပြောသည်။ ခွန်ပန်၏ အတောင်ပံများက တုန်ခါသွားကာ သူ၏ ဧရာမခန္ဓာက ရှေ့ကို တိုးဝင်သွားသည်။ ပြောစရာပင် မလိုဘဲ အစောင့်များ အားလုံး အဝေးကို လွင့်စဉ် သွားကြသည်။ ဝုန်းခနဲ မြည်သံနှင့်အတူ နန်ဒူနန်းတော် ဂိတ်တံခါး ပျက်စီး ပြိုလဲသွားသည်။ သူတို့၏နောက်မှ မရေမတွက်နိုင်သော လူများက အံ့အားသင့် သွားကြသည်။ ရီဖူရှင်းက နန်းတော်ထဲကို အတင်း ချိုးဖျက်ပြီး ဝင်ရောက် နေသည်လား။
“အတင့်ရဲလှချည်လား…” ဝန်ကြီးချုပ်ဟွာက လျှပ်တစ်ပြက်တွင် သူတို့၏ ရှေ့မှ ပိတ်ရပ် လိုက်သည်။ သူ၏ အကြည့်က အလွန် အေးစက်နေသည်။
“လမ်းပိတ်တဲ့ အကောင်တွေ အကုန်သတ်…” ရီဖူရှင်းက ပြောသည်။ သူ့နောက်မှ ငွေသက်တော်စောင့်က ရှေ့ကို တက်ကာ သူ၏ နိုဘယ် အရှိန်အဝါအား ထုတ်လွှတ် လိုက်သည်။ ဝန်ကြီးချုပ်ဟွာ လွန်စွာ ထိတ်လန့်သွားသည်။ သူ၏ တည့်တည့် လာနေသော ငွေသက်တော်စောင့်နှင့် ခွန်ပန်အား မြင်လျှင် ဆက်လက်၍ လမ်းမပိတ်ရဲတော့ဘဲ လျင်မြန်စွာ ဘေးကို ရှောင်ပေးသည်။
သူက မည်သို့ ပိတ်ရပ်ရဲ မည်နည်း။
ထိုအခိုက်တွင် နန်းတော်၌ တော်ဝင် ချန်ကျောင်းတော်မှ ပဉ္စမသခင် အပါအဝင် များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များ ရှိနေကြသည်။ ရီဖူရှင်းက အဘယ်ကြောင့် နန်းတော်ထဲကို ချိုးဖျက် ဝင်လာရဲသနည်း။ သူ့တွင် နိုဘယ်များ ရှိလျှင်ပင် ရီဖူရှင်းက ဤမျှ အတင့်မရဲသင့်ပေ။
ခွန်ပန်က ဝန်ကြီးချုပ်ဟွာအား ဖြတ်ကျော် သွားသည်။ ခွန်ပန်၏ ကျောပေါ်တွင် ရပ်လျက်က ရီဖူရှင်းက ဝန်ကြီးချုပ်ဟွာအား ကြည့်သည်။ သူ၏ အလွန်အမင်း အေးစက်သော အကြည့်က ဝန်ကြီးချုပ်ဟွာအား ကျောချမ်းစေသည်။ ရီဖူရှင်း၏ မျက်လုံးထဲတွင် သူက သေလူ ဖြစ်နေပြီးသလို ခံစားရသည်။
နန်ဒူယွီ၏ ရင်ဘတ်က ပြင်းထန်စွာ တုန်ခါသွားသည်။ မကြာမီက သူက ရီဖူရှင်းနှင့် ကန်ယီတိုင်းပြည်က ရှင်းပစ်ခံရတော့မည်ဟု သူတွေးထင်ခဲ့သည်။ သို့သော် မျက်လုံး တစ်မှိတ် အတွင်းတွင် သူက နန်းတော်ထဲကို ချိုးဖျက် ဝင်လာခဲ့သည်။
သို့သော် ဧကရာဇ်လျိုက ရီဖူရှင်းနှင့် ကန်ယီအား ဖျက်ဆီး ဖြစ်တော့မည်ဟု မပြောခဲ့ဘူးလား။
ရီဖူရှင်းက အဘယ်ကြောင့် ဤသို့ ပြုမူရဲသနည်း။ ရီဖူရှင်းက သူ၏ ကလန်မှ အမှန်တကယ် အကူအညီ မရဘူးလား။ ဤသို့ဆိုလျှင် ထိုနိုဘယ်များက မည်သည့်နေရာမှ ရောက်လာသနည်း။
“သွားစို့…” ဝန်ကြီးချုပ်ဟွာက အေးစက်စွာ ပြောသည်။ သူက နန်းတော်ထဲကို ဝင်ရောက်သွားသော ခွန်ပန်နောက်ကို လိုက်ပါသွားသည်။
ထိုအခိုက်တွင် နန်းတော်ထဲ၌ စားသောက် နေကြသော ဧကရာဇ်များက အပြင်ဘက်မှ အသံတချို့အား ကြားကြသည်။ ဧကရာဇ်လျို၏ အမူအရာက အေးစက် သွားသည်။ ရီဖူရှင်း ရောက်လာမည်ကို သူသိသည်။ လျိုဂျန်လန် ပြန်လာခြင်း၏ အကြောင်းပြချက်အား သူ တစ်ယောက်တည်းသာ သိသည်။ သူက တခြားလူများအား မပြောပြရုံမက သူက ရီဖူရှင်းအား သတ်ကာ ကန်ယီကို ဖျက်ဆီးတော့မည် ဟူ၍ပင် လူအများအား ထုတ်ပြန် ကြေညာခဲ့သည်။
သို့သော်လည်း ရီဖူရှင်းကား ဤနေရာတွင် ရောက်နေပြီ။
ထိုမိုက်မဲသော ဧကရာဇ်များက ကောလာဟလများကို ကြားကာ သူ့ထံ လာရောက် ခစားကြသည်က အမှန်ပင် ဟာသ မြောက်သည်။ သို့သော် ထိုဧကရာဇ်များ၏ ကံကြမ္မာအား သူက ဂရုစိုက်မည် မဟုတ်ပေ။
ထိုအချိန်က အားသာသောဘက်တွင် ရပ်တည်ခဲ့သော ထိုလူများက တစ်ချိန်က သူ့အား သစ္စာဖောက်ဖူးခဲ့ပြီး ဖြစ်သည်။ သူတို့က နန်ဒူဘက်ကို လာလိုပါက သူက နွေးထွေးစွာ ကြိုဆိုမည် ဖြစ်သည်။ နောက်ပိုင်း ထိုအကျိုးဆက်များအား ဂရုစိုက်မည် မဟုတ်ပေ။
“ဘာဖြစ်နေတာလဲ…” ဧကရာဇ်များက အံ့အားသင့်စွာ ပြောသည်။
“ဘာဖြစ်တာလဲ…” ဧကရာဇ်ချူ၏ မျက်လုံးများက အရောင်လက် သွားသည်။ ရုတ်တရက် ဧကရာဇ်လျိုက ထိုင်ရာမှ ထကာ ပြုံးလျက် ပြောသည်… “အစ်ကိုတို့… ခင်ဗျားတို့က ထပြီး ဧည့်သည်ကို ကြိုဆိုသင့်တယ်…” သူက ထိုသို့ပြောပြီး ရှေ့ကို လျှောက်သွား လိုက်သည်။ သူ့ရှေ့တွင် ရုတ်တရက် ခွန်ပန်က မာန်ဟုန်ပြင်းစွာ ထွက်ပေါ်လာသည်။ သူလာရာ လမ်းတစ်လျှောက် မည်သူမှ မတားရဲကြပေ။ ထို့ကြောင့် ခွန်ပန်က အဆောက်အဦများအား ပြားချပ်ပြိုလဲ သွားစေလျက် ရှေ့ကို ပျံသန်း သွားနေသည်ကို သည်အတိုင်း ရပ်ကြည့် နေကြရသည်။
ခွန်ပန်၏ ကျောကုန်းပေါ်တွင်ကား ရီဖူရှင်း ရှိနေသည်။
ယွန်ချူနိုင်ငံမှ ဧကရာဇ်က သူ၏ ရင်ဘတ်က ပြင်းထန်စွာ တုန်ခါကာ အေးစက် သွားသလို ခံစားရသည်။ ရီဖူရှင်းက တစ်ဖန် ခွန်ပန်အား စီးနင်းကာ ရောက်ရှိလာသည်။ ဤမြင်ကွင်းကား လွန်ခဲ့သော တစ်နှစ်ခန့်က မြင်ကွင်းနှင့် ဆင်တူလှသည်။ သို့သော် ယခု တစ်ခေါက်တွင်ကား သူ့ဘေးတွင် လွန်စွာ စွမ်းအားမြင့်ဟန် ရှိသော နိုဘယ်များ ပါဝင်လာသည်။
“သူတို့ ဘယ်မှာလဲ…” ရီဖူရှင်းက အေးစက်စွာ မေးသည်။ သူက မလိုအပ်သည်များကို မပြောတော့ဘဲ ဧကရာဇ်အား တိုက်ရိုက် မေးသည်။
ထိုမြင်ကွင်းအား ကြည့်ကာ ဧကရာဇ်ရီကား လွန်စွာ အံ့အားသင့်ရသည်။ လမ်းတွင် ရီဖူရှင်း၏ အမူအရာက လွန်စွာ အေးစက်နေခဲ့သလို ဧကရာဇ်ရီကလည်း ရီမောင်နှမအတွက် လွန်စွာ စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူတို့က လမ်းတွင် စကားပြောခဲ့ခြင်း မရှိရာ သူက အရှေ့မြေရိုင်း ဒေသမှ အခြေအနေများကို နားမလည်သေးပေ။
သူတို့က နန်ဒူနန်းတော်ကို ဝင်ရောက်ခဲ့သော ပုံစံအရ ရီဖူရှင်းက လျိုဂျန်လန်ကို ကြောက်ရွံ့ဟန် မရပေ။ ဤသို့ဆိုလျှင် ဧကရာဇ်လျိုက ကောလာဟလများကို တမင် ထုတ်လွှင့်ခဲ့သည်လား။
ရီဖူရှင်းအား မြင်လျှင် ဧကရာဇ် ခြောက်ပါးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ဧကရာဇ်လျိုက ရီဖူရှင်းအား ကြည့်သည်။ တစ်ချိန်တည်းတွင် ရီဖူရှင်းကလည်း သူ့ကို ကြည့်သည်။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေကြကာ သူတို့က မျက်နှာချင်းဆိုင် ရင်ဆိုင်သည်မှာလည်း ယခုတစ်ကြိမ်က ပထမဆုံးအကြိမ် ဖြစ်သည်။ သူတို့က တန်ဖန်းပွဲတော်တွင် တွေ့ခဲ့ကြသော်လည်း ထိုအချိန်က ရီဖူရှင်းက ဧကရာဇ်လျိုအား တိုက်ရိုက် ရင်ဆိုင်ရန် အင်အား မရှိခဲ့ပေ။
အတိတ်က ဧကရာဇ်လျိုကား သူ့ထက် များစွာ အင်အားကြီးသည်။ သူက ဧကရာဇ်လျိုထံမှ အမိန့်တစ်ခုကိုပင်လျှင် မငြင်းဆန်နိုင်ပေ။ သို့သော် ယခုကား သူ့ထံတွင် နိုဘယ်များစွာ ရှိသည်။
“ရီဖူရှင်း… မင်းက ငါ့နန်းတော်ကို ဒီလိုပဲ ချိုးဖျက်ပြီးတော့ ဝင်လာတာလား…” ဧကရာဇ်လျိုက အတိတ်မှ အကြောင်းအရာ များအား ပြန်သတိရမိလျက်ပင် သူ့ရှေ့မှ ချောမောသော လူငယ်လေးအား ကြည့်နေသည်။ တစ်ချိန်က သူက ဂရုမစိုက်ခဲ့သော အလေးမထားခဲ့သော လူငယ်လေးကား ယခု အရှေ့မြေရိုင်း ဒေသတွင် လွန်စွာ ကျော်ကြားသောသူ ဖြစ်နေပြီ ဖြစ်သည်။ သူက တော်ဝင် ချန်ကျောင်းတော် ပဉ္စမသခင်၏ သမီးကိုပင်လျှင် သေခိုင်း နိုင်လောက်အောင် နောက်ခံအင်အား ရှိနေပြီ ဖြစ်သည်။
“ခင်ဗျား တစ်မိသားစုလုံး သေစေချင်လား…” ရီဖူရှင်း၏ အသံက ရေခဲတမျှ အေးစက်နေသည်။ သူက ထိုသို့ ပြောလိုက်သည်နှင့် ၎င်းအနီးမှ လူများအားလုံး ထိတ်လန့် သွားကြသည်။ အနီးမှ ဧကရာဇ် ခြောက်ပါးအတွက် မူကား ကောင်းကင်မှ မိုးကြိုးက သူတို့ခေါင်းပေါ် တိုက်ရိုက် ဆင်းသက် လာသလို ခံစားကြရသည်။
ရီဖူရှင်းက ဧကရာဇ်လျိုအား သူ၏ တစ်မိသားစုလုံး သေချင်လားဟု မေးသည်။
သူ၏ စကားက မည်မျှ မောက်မာသနည်း။
ထို့အပြင် ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်များက ထိုဧကရာဇ်များ အားလုံးကို ကျောချမ်း စေသည်။
ရီဖူရှင်းက ဤမျှ အရှိန်အဝါ ကြီးသော ပုံစံဖြင့် ရောက်လာခဲ့သည်။ သူက လျိုဂျန်လန် ရှိနေသည်ကိုလည်း သိကို သိရပေမည်။ ဧကရာဇ်လျိုအားလည်း ဤသို့နည်းဖြင့် ပြောရဲသည်။ ဤသို့ဆိုလျှင် သူက လျိုဂျန်လန်အား မကြောက်ရွံ့ဟူသော သဘောရသည်။
ချက်ချင်းပင် ဧကရာဇ်ချူ၏ မျက်နှာက ပြာနှမ်းသွားသည်။ သူက အမှားကြီး တစ်ခု ကျူးလွန်မိသည်ဟု ခံစားရသည်။
ဧကရာဇ်များအပြင် ဝန်ကြီးချုပ်ဟွာနှင့် နန်ဒူယွီတို့ကလည်း ရီဖူရှင်း၏ စကားကို ကြားကာ အေးစက် သွားကြသည်။ ရီဖူရှင်းက ထိုစကားအား ဧကရာဇ်လျိုအား ပြောသည်သာ ဖြစ်သော်လည်း ထိုခြိမ်းခြောက်မှုက သူတို့ကိုလည်း ထိစေသည်။
“သူတို့ ဘယ်မှာလဲ…” ရီဖူရှင်းက ထပ်မေးသည်။ ဧကရာဇ်လျို၏ အမူအရာက လွန်စွာ ကသိကအောက် ပုံစံဖြစ်လာသည်။ တစ်ချိန်က သူက စကား တစ်ခွန်းမျှဖြင့် အလွယ်တကူ ရှင်းပစ်နိုင်သော လူငယ်လေးကား ယခု သူ့ကို ဤသို့သော လေသံဖြင့် ပြောနေသည်။
ခင်ဗျားရဲ့ တစ်မိသားစုလုံး သေချင်တာလား။
“ရီဖူရှင်း… မင်း လုပ်ရဲလား…” တစ်စုံတစ်ယောက်က ရုတ်တရက် အေးစက်စွာ ပြောသည်။ လျိုဂျန်လန်နှင့် တော်ဝင် ချန်ကျောင်းတော်မှ လူများ ရောက်ရှိ လာကြသည်။ ဧကရာဇ်ချူ၏ ရင်ထဲတွင် အနည်းငယ်မျှသော မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာသည်။ လျိုဂျန်လန်က ရီဖူရှင်းအား ရင်ဆိုင်နိုင်ရန် သူ မျှော်လင့်နေသည်။
ရီဖူရှင်းက လျိုဂျန်လန်အား ကြည့်လိုက်သည်။ လျိုဂျန်လန်က ရပ်တန့်ကာ စကားပြောလု ပြောခင်တွင်ပင် ရီဖူရှင်းက ခံစားချက် ကင်းမဲ့စွာ ပြောသည်… “ငါအခု မင်းကို သတ်လို့ရတယ် ဆိုတာ မင်းယုံလား…” ကော့တေးတွင် ကိုယ်ပိုင်စည်းမျဉ်း ရှိသည်။ သူ့အား လုပ်ကြံခြင်း အတွက် ဟာစီရိုက တာဝန် အပြည့်အဝ ယူကာ မိမိကိုယ်ကို သတ်သေခဲ့သည်။ ထို့ကြောင့် လျိုဂျန်လန်က ထိုကိစ္စမှ လွတ်မြောက်ခဲ့သည်။
လျိုဂျန်လန်က လှည့်ကွက်များ သုံးခဲ့သည်ကို ရီဖူရှင်းက သိသော်လည်း သူ၏ အစ်ကိုများအား အားကိုးကာ လျိုဂျန်လန်အား သတ်၍ မဖြစ်ပေ။ ထို့ကြောင့် သူက လျိုဂျန်လန်အား တရားဝင် စိန်ခေါ်ခဲ့ကာ လက်စားချေရန် အခွင့်အရေး ပေးသည်။ သို့သော်လည်း လျိုဂျန်လန်နှင့် နန်ဒူနိုင်ငံက စည်းမျဉ်းများအား မလိုက်နာပါက စိန်ခေါ်ပွဲက မလိုအပ်တော့ပေ။
လျိုဂျန်လန်၏ မျက်နှာက ပြာနှမ်းသွားသည်။ ရီဖူရှင်းက အမှန်တကယ် သတ်ရဲသည်ကို သူသိသည်။
ရီဖူရှင်းက သူ့အား သတ်ရဲသော်လည်း တော်ဝင် ချန်ကျောင်းတော်က ရီဖူရှင်းအား မထိရဲပေ။ အကြောင်း ပြချက်ကား ရိုးရှင်းသည်။ ကော့တေးက ပိုမို၍ အင်အား ကောင်းသည်။ ထို့အပြင် ကော့တေးတွင် ရီဖူရှင်း၏ အဆင့်အတန်းက တော်ဝင် ချန်ကျောင်းတော်မှ လျိုဂျန်လန်၏ အဆင့်အတန်းထက် မြင့်သည်။ ထို့ကြောင့် ရီဖူရှင်းက လျိုဂျန်လန်အား သတ်ခဲ့သည့် တိုင်အောင် တော်ဝင် ချန်ကျောင်းတော်က ရီဖူရှင်းကို မုန်းရုံသာ မုန်းမည် ဖြစ်ပြီး မည်သို့မှ လုပ်မည် မဟုတ်ပေ။
ရီဖူရှင်း၏ စကားတစ်ခွန်းက ဧကရာဇ်ချူနှင့် တခြား ဧကရာဇ်များ၏ မျှော်လင့်ချက် ရောင်ခြည်အား လုံးဝ ပျက်စီးစေကာ အလွန်အမင်း နောင်တရကာ စိတ်ဓာတ်များ ကျသွားကြသည်။
ရီဖူရှင်းက လျိုဂျန်လန်အား ချက်ချင်း သတ်ရဲတယ် မယုံဘူးလားဟု မေးလိုက်သည်။
ဤသို့ဆိုလျှင် အမှန်တကယ် အားဖြင့် ဘယ်သူက ဘယ်သူ့ကို သတ်မည်နည်း။
***