နန်ဒူနိုင်ငံ၏ နန်းမြို့တော်ကား လွန်စွာ ပျော်ရွှင်ဖွယ် အချိန်အခါ သမယတွင် ရှိနေသည်။ အထူးသဖြင့် နန်းတော်တွင် ဖြစ်သည်။ လူအများအပြားက မင်းသား လျိုဂျန်လန်က နိုဘယ်များကို ဦးဆောင်၍ ကန်ယီနိုင်ငံကို တိုက်ခိုက်မယ့်နေ့အား မျှော်လင့် စောင့်စား နေကြသည်။ အရှင်မင်းကြီး၏ အလိုအရ ထိုနေ့က သိပ်မဝေးတော့ပေ။ နောက်ရက်ပိုင်း အတွင်းတွင် သူတို့က ကန်ယီအား ဖယ်ရှားပြီး ရီဖူရှင်းကို သတ်မည် ဖြစ်သည်။
ထိုသို့ ထုတ်ပြန်ချက် တစ်ခုကြောင့် နန်ဒူနိုင်ငံ နေရာအနှံ့မှ လူများက နန်းမြို့တော်သို့ လာနေကြသည်။ နန်ဒူနိုင်ငံ၏ အဓိကမြို့များမှ လူများကလည်း အခြေအနေကို လာရောက် ကြည့်ရှုကြသည်။
နန်းမြို့တော်ကို လူအများက အဆက်မပြတ် လာရောက် နေကြသည်။ ထိုအထဲတွင် နန်ဒူနိုင်ငံ၏ များစွာသော အင်အားစု ခေါင်းဆောင် များလည်း ပါဝင်သည်။ နန်ဒူကလန် ကလည်း ဂုဏ်ပြုစကား ပြောရန် တစ်စုံ တစ်ယောက်အား စေလွှတ်ခဲ့သည်။
ရုတ်တရက် နန်းတော် အပြင်ဘက်မှ လူတစ်စု ကောင်းကင်မှ ဆင်းသက်လာသည်။ သူတို့ကား ယွန်ချူနိုင်ငံ၊ ယန်တိုင်းပြည်နှင့် တခြားနိုင်ငံများမှ ဧကရာဇ်များ ဖြစ်ကြသည်။ သူတို့က ရီဒန်ချန်းနှင့် ရီလင်းဇီတို့အားလည်း ခေါ်ဆောင် လာကြသည်။
နန်းတော်၏ အပြင်ဘက်တွင်လည်း လူအများအပြား ရှိနေသည်။ တချို့က သူတို့အား မှတ်မိကြကာ အံ့အားသင့်စွာ ပြောကြသည်… “သူတို့က ဧကရာဇ်ချူနဲ့ ဧကရာဇ်ယန်တို့ပဲ…”
“ဒါမှန်တယ်… သူတို့က ကန်ယီတိုင်းပြည်ကို ခိုလှုံခဲ့ကြတယ် မဟုတ်ဘူးလား… အခု နန်ဒူနိုင်ငံကို ဘာလို့ လာကြတာလဲ…”
လူတိုင်း၏ မျက်လုံးများ လင်းလက် သွားကြသည်။ ဧကရာဇ်များက ရီဒန်ချန်းနှင့် ရီလင်းဇီတို့အား ခေါ်ဆောင် လာသည်ကို မြင်ကြသည်။ သူတို့၏ မျက်နှာများတွင် ထူးဆန်းသော အမူအရာများ ဖြစ်လာကြကာ အခြေအနေအား ခန့်မှန်းမိကြသည်။ ကန်ယီ တိုင်းပြည်အား လက်အောက်ခံခဲ့သော ဧကရာဇ် ခြောက်ပါးက ယခု ဘက်ပြောင်းရန် ကြိုးပမ်းနေကြသည်။
ဧကရာဇ်ချူက နန်းတော်၏ အစောင့်အား ပြောသည်… “ကျုပ်တို့က ဧကရာဇ်လျိုနဲ့ တွေ့ချင်တယ်… ကျုပ်တို့က ကန်ယီတိုင်းပြည်က မင်းသား ရီဒန်ချန်းနဲ့ မင်းသမီး ရီလင်းဇီတို့ကို ခေါ်လာတယ်…”
“ခဏစောင့်ပါ…” အစောင့်က ကျေနပ်စွာ ပြောသည်။ ဤရက်ပိုင်း အတွင်း ဧကရာဇ်များ အများအပြား ရောက်ရှိ လာခဲ့ကြသည်။ ကန်ယီနိုင်ငံ၏ လက်အောက်ကို ခိုလှုံခဲ့ကြသော ဧကရာဇ်ခြောက်ပါး ပင်လျှင် ယခု နန်ဒူနိုင်ငံသို့ ပြန်လည် ခစားလာရသည်။ ဤအရာများ အားလုံးက လျိုဂျန်လန်ကြောင့် ဖြစ်လာခြင်းပင်။ မကြာမီ ဧကရာဇ်ချူတို့ အဖွဲ့အား နန်းတော်ထဲသို့ ဖိတ်ခေါ်ခဲ့သည်။
နန်းတော်ထဲတွင်ကား ဧကရာဇ်လျိုက တခြား ဧကရာဇ်များနှင့် သောက်စား နေကြသည်။ သူတို့က မြေပြင်တွင် ထိုင်ကာ လွန်စွာ ပျော်ရွှင်နေကြပုံ ရ၏။ ဧကရာဇ် ခြောက်ပါး ရောက်လာသည်ကို မြင်လျှင် ဧကရာဇ်လျိုက ပြုံးလျက် ပြောသည်… “ခင်ဗျားတို့ ဘာလို့ ရောက်လာတာလဲ…”
“အစ်ကိုလျို… ပြီးခဲ့တဲ့နှစ်က ကျုပ်တို့ အတူတူ တိုက်ခိုက်ခဲ့ကြတယ်… အဲဒီအချိန်က အခြေအနေကြောင့် ကျုပ်တို့က ကန်ယီကို လက်အောက်ခံခဲ့ရတယ်… ကံကောင်းလို့ အိမ်ရှေ့စံ မင်းသားက ခမ်းခမ်းနားနား ပြန်လာခဲ့တယ်… အခု ကျုပ်တို့က ကန်ယီနိုင်ငံ လက်အောက်မှာ သနားစရာ ကောင်းတဲ့ ပုံစံနဲ့ နေစရာ မလိုတော့ဘူး… ကျုပ်တို့က ကန်ယီနိုင်ငံက မင်းသားနဲ့ မင်းသမီးကို ခေါ်ပြီး ခင်ဗျားဆီ လာတွေ့တာပါ…” ဧကရာဇ်ချူက ပြောသည်။ သူကား ထိုမျှ လှပသော နည်းလမ်းဖြင့် စကား လမ်းကြောင်းခဲ့သည်။ ထို့အပြင် သူကား လွန်စွာ တည်ငြိမ်ကာ အရေထူလှသည်။
“ခင်ဗျားတို့က ကန်ယီက မင်းသားနဲ့ မင်းသမီးကို ဘာလို့ ခေါ်လာတာလဲ…” ဧကရာဇ်လျိုက ခံစားချက် ကင်းမဲ့သော ပုံစံဖြင့် ပြောသည်… “ခင်ဗျားက ကိုယ့်ဘာသာ ဖြေရှင်း သင့်တယ်လို့ ကျုပ် ထင်တယ်…” သူက ထိုသို့ ပြောပြီးသည်နှင့် ဆက်လက်၍ သောက်စားနေသည်။
ထိုအခိုက်တွင် သူကား စိတ်ထဲမှ ဟားနေသည်။ ဧကရာဇ် ခြောက်ပါးကား လေယူရာ ယိမ်းသူများ ဖြစ်ကြသည်။ ယန်ယီနိုင်ငံ အင်အား ကောင်းစဉ်က သူတို့က ကန်ယီကို လက်အောက်ခံခဲ့ကြကာ လျိုဂျန်လန် ပြန်လာသည်နှင့် ယခု နန်ဒူဘက်ကို ရောက်လာသည်။ ဤသို့ဆိုလျှင် သူက ထိုဧကရာဇ်များ၏ ဆန္ဒကို ဖြည့်ဆည်း ပေးရပေမည်။
သူက အရှေ့မြေရိုင်း ဒေသမှ အခြေအနေကို လုံးဝ ထုတ်မပြောခဲ့ပေ။ ထို့အတူ စိန်ခေါ်ပွဲနှင့် ပတ်သက်၍လည်း မပြောခဲ့ပေ။ ထို့နောက် သူက လျိုဂျန်လန်၏ ပြန်လာခြင်းကို လူအများက အထင်မှားစေရန် တမင်ပြုမူခဲ့သည်။ ဤနည်းဖြင့် ထိုလူများ မည်သို့ တုံ့ပြန်မည်ကို သူ သိလိုသည်။ အကျိုးဆက်ကို မူကား ယခုတွင် သူက သိပ်အရေး မစိုက်ပေ။
အကယ်၍ လျိုဂျန်လန်က စိန်ခေါ်မှုကို အနိုင်ရခဲ့လျှင် ကန်ယီနိုင်ငံကလည်း ပျက်စီးမည် ဖြစ်သည်။ ရီဖူရှင်း အနိုင်ရခဲ့လျှင်လည်း နန်ဒူက ပျက်စီးပေသည်။ ထို့အပြင် ထိုလူများလည်း သူနှင့်အတူ လိုက်ပါ သေဆုံးရပေမည်။
“အစ်ကိုလျို… ခင်ဗျား ဘာကို ဆိုလိုတာလဲ…” ဧကရာဇ်ချူက မေးသည်။
ဧကရာဇ်လျိုကား သူ၏ အဖန်ရည်ကို အေးဆေးစွာ သောက်နေကာ မည်သို့မှ မပြောပေ။ ထိုနည်းဖြင့် ဧကရာဇ်ချူတို့က ပိုမို အတွေးများစေသည်။
ထိုမြင်ကွင်းကို မြင်လျှင် ဧကရာဇ် ခြောက်ပါးက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရီမောင်နှမအား ကြည့်လိုက်ကြသည်။ သူတို့ဘာသာ ဖြေရှင်းရန် ဧကရာဇ်လျိုက ပြောခဲ့သည်။ သူတို့ မည်သို့ ဖြေရှင်း ရမည်နည်း။ သူတို့ နှစ်ယောက်ကို ဤနေရာသို့ ခေါ်လာရုံဖြင့် မလုံလောက်သေး ဘူးလား။
ရုတ်တရက် ဧကရာဇ်လျိုနှင့် မျက်နှာချင်းဆိုင် ထိုင်နေသော ဧကရာဇ် တစ်ပါးက ဧကရာဇ်လျိုအား မေးသည်… “အစ်ကိုလျို… ခင်ဗျားက ကန်ယီကို ဘယ်တော့ တိုက်ခိုက်မှာလဲ…”
“ဒီလောက် အလျင်မလိုဘူး… နောက်ရက် နည်းနည်းနေရင် ရီဖူရှင်းက ဒီကို လာသေလိမ့်မယ်… ပြီးရင် ကျုပ်တို့က ကန်ယီကို ဖျက်ဆီးမယ်…” ဧကရာဇ်လျိုက ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောသည်။ သူ၏ လေသံက လွန်စွာ အေးဆေးကာ ကန်ယီနိုင်ငံက အရေးမပါသည့် အလားပင်။
ဧကရာဇ်များက ပြုံးလျက် ပြောကြသည်… “ဒီလို ထူးချွန်တဲ့ မျိုးဆက် ရှိနေမှတော့ ခင်ဗျားက နယ်မြေတစ်ရာ ဒေသရဲ့ ဘုရင်ဖြစ်လာမှာ သိပ်မကြာတော့ဘူး…”
ထိုချီးကျူးမှုများကို ကြားလျှင်လည်း ဧကရာဇ်လျိုက ထူးခြားဟန် မပြပေ။ သို့သော်လည်း ဧကရာဇ်ချူတို့က တည်ငြိမ်နိုင်ခြင်း မရှိပေ။ ကြည့်ရသည်မှာ ကောလာဟလများက မှန်ကန်ပုံ ရပေသည်။ သတင်းက ဧကရာဇ်လျိုထံမှ အမှန်တကယ် လာခြင်း ဖြစ်ပြီး ကန်ယီနိုင်ငံက အချိန်မရွေး ပျက်စီးနိုင်သည်။ ကံကောင်းစွာပင် သူတို့က နန်ဒူနိုင်ငံကို လာရောက် တောင်းပန်ခဲ့ကြသည်။ သူတို့တွင် အခွင့်အရေး ရှိနိုင်သေးသည်။
“ကိုယ့်ဘာသာ သတ်စမ်း…” ဧကရာဇ်ချူက ရီဒန်ချန်းနှင့် ရီလင်းဇီတို့အား ကြည့်ကာ ပြောသည်။ ချက်ချင်းပင် သူတို့နှစ်ဦး၏ မျက်နှာများက ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။
“ခင်ဗျားက ဧကရာဇ်တစ်ပါး ဖြစ်ပြီး ဒီလောက် ကောက်ကျစ် ရသလား…” ရီဒန်ချန်းက ဧကရာဇ်ချူအား ကြည့်ကာ ပြောသည်။
ဖတ်… ဧကရာဇ်ချူက သူ၏လက်ကို မြှောက်ကာ ရီဒန်ချန်း၏ မျက်နှာကို ရိုက်လိုက်ရာ ရီဒန်ချန်း၏ ပါးစပ်မှ သွေးများ စီးကျလာသည်။ အေးစက်သော အမူအရာဖြင့် ဧကရာဇ်ချူက ပြောသည်… “ကျုပ်က အရေးမပါတာတွေ မပြောတော့ဘူး… မင်းတို့ ကိုယ်တိုင်လုပ်စမ်း…”
ရီလင်းဇီ၏ မျက်လုံးတွင် ဝမ်းနည်းသော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။ သူမကား ငယ်ရွယ်သေးကာ မသေလိုသေးပေ။
“သူက လက်စားပြန်ချေမှာ ရှင် မကြောက်ဘူးလား…” ရီလင်းဇီက ဧကရာဇ်ချူအား မေးသည်။
“အစ်ကိုလျိုပြောတဲ့ စကားကို မင်းတို့ မကြားဘူးလား…” ဧကရာဇ်ချူက နှာခေါင်းရှုံ့ကာ ပြောသည်။
ရီလင်းဇီက ပြုံးလျက် ပြောသည်… “ကျွန်မက ဘာတွေ ဖြစ်ပျက်ခဲ့လဲ မသိပေမဲ့ နန်ဒူနိုင်ငံရဲ့ မင်းသား လျိုဂျန်လန်က ရီဖူရှင်းနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ… ပြီးတော့ ယူချင်း၊ ရီဝူချင်းနဲ့ ဟွာဂျီယူတို့ ရှိသေးတယ်… ရှင်တို့ လုံးဝ နောင်တ ရရမှာပဲ…”
အေးစက်သော အရှိန်အဝါတစ်ခု ဧကရာဇ်လျိုထံမှ ထွက်ပေါ်လာကာ လူသတ်လိုသော အငွေ့အသက်က ထိုနေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ရီလင်းဇီက မျက်လုံးကို မှိတ်လိုက်လျှင် လူတစ်ယောက် သူမ၏ အာရုံထဲကို ဝင်လာသည်။ သူမက ကံကြမ္မာအား လက်မခံနိုင်ပေ။ သူမက ဤသို့ သေရတော့မည်လော။ သူမက မသေလိုသေးပေ။
သူမအား ကံကြမ္မာက အဘယ်ကြောင့် ကျီစယ်ရသနည်း။
“ရပ်စမ်း…” တစ်စုံတစ်ယောက်က အေးစက်စွာ အော်လိုက်သည်။ ထို့နောက် အနီရောင် ဝတ်စုံ ဝတ်ထားကာ လွန်စွာလှသော မိန်းမပျိုတစ်ဦးက သူတို့ထံ လျှောက်လာသည်ကို ဧကရာဇ်ချူတို့ မြင်ကြသည်။ သူမက သူ့အား ကြည့်ကာ အေးစက်စွာ ပြောသည်… “ရှင်တို့က ဧကရာဇ်တွေ ဖြစ်တယ်… ဒါက မလွန်ဘူးလား…”
ထိုအချိန်က သူတို့က ကန်ယီနိုင်ငံကို သနားစဖွယ် ခစားခဲ့ကြသည်။ ယခု သူတို့က နန်ဒူနိုင်ငံကို ခိုလှုံခွင့်ရရန် အတွက် အားလုံးသော နည်းလမ်းကို သုံးနေကြသည်။
ဧကရာဇ်ချူကား အရှက်ရသွားကာ မျက်နှာက နက်မှောင်သွားသည်။ သို့သော် သူ၏ရှေ့မှ မိန်းကလေးမှာ နန်ဒူ၏ မင်းသမီး ဖြစ်သည်ကို သူသိရာ မည်သို့မှ မပြောသာပေ။ ထို့ကြောင့် သူက ဧကရာဇ်လျိုအား ကြည့်သည်။
“အဖေ… သူတို့ကို သမီး စီမံလို့ ရအောင် ပေးလို့ရမလား…” လျိုမင်းယွီက ဧကရာဇ်လျိုအား ကြည့်ကာ ပြောသည်။
ဧကရာဇ်လျိုက သူ၏ သမီးအား တစ်ချက်ကြည့်ကာ ဧကရာဇ်ချူအား မေးသည်… “ခင်ဗျား ဘယ်လို ထင်လဲ…”
“ကျုပ်တို့က မင်းသမီးရဲ့ သဘောအတိုင်း လိုက်နာပါ့မယ်…” ဧကရာဇ်များက ခေါင်းညိတ်ကြသည်။
“ကောင်းပြီ…” ဧကရာဇ်လျိုက သူ၏ သမီးအား ကြည့်ကာ ပြောသည်။ ရီဖူရှင်းသာ အနိုင်ရခဲ့လျှင် သူသေမည်ကို ဧကရာဇ်လျို သိသည်။ ထို့အတူ နန်ဒူနိုင်ငံ ကလည်း အဆုံးသတ် သွားမည် ဖြစ်သည်။ သို့သော် ယနေ့တွင် ဧကရာဇ်ချူတို့က ကန်ယီမှ မင်းသားနှင့် မင်းသမီးတို့ကို ခေါ်ဆောင် လာခဲ့ကြသည်။ သူက လူဆိုးဖြစ်ကာ သူ၏ သမီးက သူတို့အား ကယ်ဆယ်ခဲ့သည်။ ဤနည်းဖြင့် ရီဖူရှင်းက သူ၏ သမီးအပေါ် ကျေးဇူးကြွေး တင်သွားမည်။
“ကျွန်မ နောက်က လိုက်ခဲ့ပါ…” လျိုမင်းယွီက ရီဒန်ချန်းနှင့် ရီလင်းဇီတို့အား ကြည့်ကာ ပြောသည်။
သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က လျိုမင်းယွီ၏ နောက်ကို လိုက်ပါ သွားကြသည်။ ဧကရာဇ်ချူက သူတို့အား အမှန်တကယ် သတ်လိုခဲ့သော်လည်း နန်ဒူနိုင်ငံ မင်းသမီးက သူတို့အား ကယ်ဆယ်ခဲ့သည်။
သူတို့ သုံးယောက် ထွက်သွားပြီးသည်နှင့် ဧကရာဇ်လျိုက ဧကရာဇ် ခြောက်ပါးအား ကြည့်ကာ ပြောသည်… “အတူတူ သောက်ကြမယ်…”
“ကျေးဇူးတင်ပါတယ်… ဧကရာဇ်လျို…” ဧကရာဇ်များ၏ မျက်နှာတွင် ဝမ်းသာသော အမူအရာကို တွေ့ကြရသည်။ ထို့နောက် သူတို့က ဧကရာဇ်လျို၏ အနီးတွင် ထိုင်လိုက်ကြသည်။ ဧကရာဇ်များက နယ်မြေတစ်ရာ၏ အရေးများကို ဆွေးနွေး ပြောဆိုကြသည်။ တချို့ဆိုလျှင် နန်ဒူနိုင်ငံအား နယ်မြေတစ်ရာ ဒေသ၏ ဘုရင်အဖြစ် တင်မြှောက်ရန်ပင် စကားရိပ်သန်းကာ ပြောဆိုကြသည်။
နန်ဒူနိုင်ငံက ကန်ယီနိုင်ငံအား ဖျက်ဆီးရန် စစ်တပ် စေလွှတ်ခြင်းအား သူတို့က ရပ်တန့်နိုင်စွမ်း မရှိသည်ကို သူတို့သိကြသည်။ ထို့ကြောင့် သူတို့က နောက်ပိုင်း နန်ဒူနိုင်ငံအပေါ် အောက်ကျို့ခံရမည့် အတူတူ ယခုကတည်းက မျက်နှာရအောင် ပြောဆိုထားခြင်းက နောင်ရေး စိတ်အေး ရနိုင်ပေသည်။
***
ဧကရာဇ်ချူက နန်ဒူကို ရောက်သွားသော အချိန်တွင် ခွန်ပန်က ကန်ယီနိုင်ငံ၏ နန်းတော်အပေါ် ကောင်းကင်သို့ ရောက်လာနေပြီ ဖြစ်သည်။
“ငါတို့ ရောက်ပြီ…” ရီဖူရှင်းက အောက်ကို ငုံ့ကြည့်လိုက်သည်။ အဆောက်အဦ များအား ကျော်ဖြတ်လျက် သူတို့က နန်းတော်သို့ ဆက်လက် ပျံသန်း သွားကြသည်။
“ဆရာ… ဆရာကတော်… ကျွန်တော်တို့က ဦးလေးရီဆီကို အရင် သွားကြရအောင်… ပြီးမှ ဒွန်ဟိုင်မြို့ကို သွားကြမယ်…” ရီဖူရှင်းက ဟွာဖန်းလူအား ကြည့်ကာ ပြောသည်။
“မင်းသဘောပဲ…” နန်ဒူဝန်ယမ်က ပြုံးလျက် ပြောသည်။
“ကောင်းပြီ…” ရီဖူရှင်းက ညင်သာစွာ ခေါင်းညိတ်သည်။ သူတို့က အောက်ခြေမှ နန်းတော်ကိုပင်လျှင် မြင်နေရပြီ ဖြစ်သည်။
ထိုအခိုက်တွင် နန်းတော်မှ အခြေအနေကား လွန်စွာ ရှုပ်ယှက်ခတ် နေသည်။ ဧကရာဇ်ရီက အရှေ့မြေရိုင်း ဒေသကို သူ့လူများ စေလွှတ် ထားသော်လည်း ခရီးကား လွန်စွာ ဝေးလွန်းလှသည်။ နိုဘယ် တစ်ယောက် အတွက်ပင်လျှင် အချိန်ကြာမြင့်စွာ သွားရောက်ရမည် ဖြစ်သည်။
နန်ဒူနိုင်ငံမှ လာသော သတင်းများအရ ဧကရာဇ်လျိုက သူ၏ စစ်တပ်အား အချိန်မရွေး လွှတ်နိုင်သည် ဟူ၏။ ဤသို့သော အခြေအနေတွင် နန်းတော်မှ လူများ၏ စိတ်အခြေအနေက မည်သို့ ဖြစ်နေမည်ကို ခန့်မှန်း၍ ရသည်။ သို့သော်လည်း ရုတ်တရက် အဝေးမှ လေပြင်း တိုက်ခတ်သံများ ကြားကြရသည်။ လူအများက ကောင်းကင်ကို မော့ကြည့်လျှင် ခွန်ပန်အား မြင်ကြသည်။ ထိုအခိုက်တွင် လူတိုင်း၏ မျက်လုံးများက အလွန်အမင်း ဝမ်းသာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက် လာကြ၏။
ခွန်ပန်နှင့်အတူ ရီဖူရှင်း ပြန်ရောက် လာခဲ့ပြီ။
နန်းတော်တွင် လူတိုင်းက ရီဖူရှင်း ရောက်ရှိလာမည့် အချိန်ကို နှလုံးခုန်သံ မြန်ဆန်စွာဖြင့် စောင့်မျှော် နေကြသည်။ ဧကရာဇ်ရီကလည်း ရီဖူရှင်းတို့ကို မြင်သည်။ သူက ဓားတစ်လက်အလား ကောင်းကင်သို့ ထိုးတက်သွားသည်။
ခွန်ပန်၏ နောက်ကျောတွင် ရီဖူရှင်းနှင့် တခြားလူများက ဧကရာဇ်ရီအား ပြုံးလျက် ကြည့်ကြသည်။
“ဦးလေးရီ…” ရီဖူရှင်းက ပြုံးလျက် အဝေးမှ လှမ်းကာ နှုတ်ဆက်သည်။
“အရှင်မင်းကြီး…” ဟွာဖန်းလူ၊ ယိချန်နှင့် တခြား လူများကလည်း လှမ်း၍ ခေါ်လိုက်ကြသည်။ သူတို့က ဧကရာဇ်ရီနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိကြသည်။
ဧကရာဇ်ရီက လူတိုင်းအား ပြန်၍ ပြုံးပြသည်။ သို့သော် သူ၏ အပြုံးက အတင်း လုပ်ယူထားရသော ပုံစံမျိုး ဖြစ်နေသည်။
“ဖူရှင်း…” ဧကရာဇ်ရီ၏ အသံကား လွန်စွာ တိုးညင်းကာ ပုံမှန်အားဖြင့် သူ၏ နွေးထွေးသော အသံက တစ်စုံတစ်ခု လွဲမှားနေဟန် ရသည်။ ထူးခြားမှုကို ခံစားမိလျှင် ရီဖူရှင်းက တစ်ခုခု လွဲမှားနေသည်ကို ရိပ်မိလိုက်သည်။ ရီဖူရှင်း၏ အပြုံးပျောက်ကွယ် သွားသည်… “ဦးလေးရီ…ဘာဖြစ်လို့လဲ…”
“လျိုဂျန်လန်က တော်ဝင် ချန်ကျောင်းတော်က စွမ်းအားမြင့် တန်ခိုးရှင်တွေနဲ့ ပြန်လာပြီးတော့ သူက ကန်ယီနိုင်ငံကို အချိန်မရွေး တိုက်ခိုက်နိုင်တယ် ဆိုပြီး ပြောခဲ့တယ်… ဧကရာဇ် ခြောက်ပါးက သစ္စာ ဖောက်ပြီးတော့ ဒန်ချန်းနဲ့ လင်းဇီကို ခေါ်သွားကြတယ်… အခု သူတို့ကို ဧကရာဇ်လျိုဆီကို ဆက်သ ပြီးနေလောက်ပြီ…” ဧကရာဇ်လျိုက တိုးညင်းစွာ ပြောသည်။
ဧကရာဇ်ရီက ထိုသို့ ပြောလိုက်သည်နှင့် ရီဖူရှင်း၏ အမူအရာက အလွန်အမင်း အေးစက် သွားသည်။ ဧကရာဇ်ခြောက်ပါးက နောက်ဆုံး တစ်ကြိမ်က သူ၏ မိသားစုများအား ဧကရာဇ်ရီထံမှ ထုတ်ပေးရန် အတင်း ဖိအား ပေးခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဧကရာဇ်ခြောက်ပါးက တောင်းပန်ကာ အခွင့်အရေးပေးရန် တောင်းဆိုခဲ့ကြသည်။ ရီဖူရှင်းက သူတို့အား ခွင့်လွှတ်ပေးခဲ့ပြီး ကန်ယီတွင် ဆယ်နှစ် နေပေးရန်သာ တောင်းဆိုခဲ့သည်။ ယခု ဧကရာဇ် ခြောက်ပါးက အမှန်ပင် သစ္စာဖောက်ခဲ့ပြီး ရီဒန်ချန်းနှင့် ရီလင်းဇီတို့ကို ခေါ်သွားကြသည်။ လက်ရှိ သူ၏ စိတ်ကို ခန့်မှန်း၍ ရသည်။
ရီဝူချင်း၏ ခန္ဓာမှ ဓားအသိများ စိမ့်ထွက်လာကာ သူ၏ ခံစားချက် ကင်းမဲ့သော မျက်နှာက လွန်စွာ အေးစက် လာနေသည်။
“ဦးလေးရီ… ဒီကိုလာ…” ရီဖူရှင်းက လှမ်းအော် လိုက်သည်။
ရီဖူရှင်း ဘာလုပ် လိုသည်ကို သူသိသည်။ သူ၏ ခန္ဓာက လျှပ်တစ်ပြက်ပင် ခွန်ပန်၏ ကျောကုန်းပေါ်သို့ ရောက်လာသည်။
“စီနီယာခွန်ပန်… နန်ဒူကို အမြန်ဆုံး သွားပေးပါ…” ရီဖူရှင်းက ပြောသည်။ ခွန်ပန်၏ အတောင်ပံများက လှုပ်ခတ်သွားပြီး ပတ်ဝန်းကျင်တွင် ကြီးစွာသော လေထု တုန်ခါမှုများ ဖြစ်ကာ ကြီးမားသော ခန္ဓာက လျှပ်စီးအလား ကောင်းကင်သို့ ထိုးတက်သွားသည်။ မြေပြင်မှ လူများက ရိုက်ခတ်လာသော လေလှိုင်းများကြောင့် ခိုင်မြဲအောင်ပင် ရပ်နိုင်စွမ်း မရှိကြပေ။ ထို့နောက် ခွန်ပန်က အဝေးကို ပျံသန်း ပျောက်ကွယ် သွားသည်ကို မြင်ကြရသည်။
***