ရီဖူရှင်းက ဧကရာဇ်များအား ကန်ယီနိုင်ငံတွင် အဘယ်ကြောင့် နေခိုင်းခဲ့သနည်း။ အဓိကအားဖြင့် ဧကရာဇ်လျိုအား ခုခံကာကွယ်ရန် ဖြစ်သည်။ ယခု လျိုဂျန်လန်က စွမ်းအားမြင့် နိုဘယ်များနှင့် အတူ ပြန်လာရာ သူတို့က ကန်ယီနိုင်ငံအား ပစ်မှတ်ထား နေသည်ဟု လူအများစုက တွေးကြသည်။ ထို့ကြောင့် ဧကရာဇ်ချူနှင့် တခြား ဧကရာဇ်များက ထွက်သွားချင် ကြသည်လား။
“အစ်ကိုရီ… အခု အခြေအနေကို ခင်ဗျားလည်း သိတာပဲ… လျိုဂျန်လန်က တကယ်ပဲ ကန်ယီကို တိုက်ခိုက်ခဲ့ရင် ကျုပ်တို့ ဒီမှာ ဆက်နေခဲ့တာက အသက် အသေခံတာနဲ့ အတူတူပဲ မလား… ကျုပ်တို့က အဝေးက စောင့်ကြည့်နေပြီးမှ အကူအညီ လိုတဲ့အခါ လာကူမယ်…” ဧကရာဇ်ယန်က ပြောသည်။ သူတို့အားလုံးက မစွန့်စားရဲသည်မှာ ထင်ရှားသည်။ လျိုဂျန်လန်သာ ရောက်လာခဲ့ရင် သူတို့အားလုံး အဆုံးသတ် သွားမည် ဖြစ်သည်။
“ကျုပ်က နားမလည်ဘူး ဆိုရင်ရော…” ဧကရာဇ်ရီက ပြုံးလျက် ပြောသည်။
“ခင်ဗျားက ဒီလောက် ခေါင်းမာတာ စိတ်ပျက်စရာပဲ…” ဧကရာဇ်ချူက ပြောသည်… “တကယ်လို့ အစ်ကိုရီက ကျုပ်တို့အတွက် မစဉ်းစားပေးတော့ဘူး ဆိုရင် ကျုပ်တို့က မိတ်ဆွေ ဖြစ်စရာ မလိုတော့ဘူး ထင်တယ်…”
“မိတ်ဆွေ…” ဧကရာဇ်ရီက ရယ်မော လိုက်သည်… “ခင်ဗျားတို့ ဒီမှာ နေရတဲ့ အကြောင်းအရင်းကို မေ့သွားကြပြီလား… ခင်ဗျားတို့ကပဲ ရီဖူရှင်းကို တောင်းဆို ခဲ့ကြတာလေ… ခင်ဗျားတို့က ကန်ယီနိုင်ငံကို မှားယွင်းတဲ့ အပြုအမူအတွက် ဦးညွှတ် ခစားခဲ့ကြရတာလေ…”
ထိုစဉ်က ဧကရာဇ် ခြောက်ပါးက ဧကရာဇ်လျိုနှင့် မဟာမိတ်ဖွဲ့ကာ ရီဖူရှင်း၏ မိသားစုများအား ထုတ်ပေးခိုင်းပြီး ဓားစာခံ လုပ်လိုခဲ့ကြသည်။ သူတို့က ရီဖူရှင်းအား သတ်လိုခဲ့ကြ၏။ ထို့နောက် ရီဖူရှင်းက ခွန်ပန်နှင့်အတူ ပြန်လာခဲ့ရာ ဧကရာဇ်များက ခွင့်လွှတ်ရန် လာရောက် တောင်းပန် ခဲ့ကြသည်။ ယခု သူတို့က မိတ်ဆွေ ဟူသော စကားအား ပြောလို နေကြသည်။
သူတို့အား ကန်ယီနိုင်ငံ၏ လက်အောက်ခံ အဖြစ် လက်ခံခဲ့စဉ်က သူတို့၏ အမူအရာများကား လွန်စွာ ရိုကျိုးကြသည်။ ရီဖူရှင်း ပြောသမျှအား သူတို့က သဘောတူခဲ့ကြပြီး ဧကရာဇ်ရီ အားလည်း “အရှင်မင်းကြီး” ဟု ရိုသေစွာ ခေါ်ခဲ့ကြသည်။ သို့သော် ဧကရာဇ်ရီက တချို့သော အကြောင်းအရာ များအား ထောက်ထားပြီး သူတို့အား ထိုသို့ မခေါ်ခိုင်းဘဲ မိတ်ဆွေများ အဖြစ် သတ်မှတ်ကာ ရင်းနှီးစွာ ပြောဆို ဆက်ဆံခဲ့သည်။ သို့သော် ယခုမူကား…။
ထိုသို့တွေးကာ ဧကရာဇ်ရီက အေးစက်သော အမူအရာဖြင့် ပြောသည်… “တကယ်တမ်း လက်အောက်ခံဖို့ ဆုံးဖြတ်ခဲ့တာလည်း ခင်ဗျားတို့ပဲ… ဒါကြောင့်ပဲ ရီဖူရှင်းက ခင်ဗျားတို့ကို ခွင့်လွှတ်ပေးခဲ့တာ… ကြည့်ရတာ တစ်နှစ် အချိန်အတွင်းမှာပဲ ခင်ဗျားတို့က မေ့သွားပြီ ထင်တယ်… ဒီလိုဆိုရင်လည်း ကြိုက်သလိုသာလုပ်… လျိုဂျန်လန်နဲ့ သူ့လူတွေက ရီဖူရှင်းကို ရင်ဆိုင် နိုင်ပါစေလို့ ခင်ဗျားတို့ ဆုတောင်းထားကြ… မဟုတ်ရင် ခင်ဗျားတို့အတွက် ဆုတောင်း ပေးရမယ့်လူက ကျုပ် ဖြစ်နေလိမ့်မယ်… နောက်တစ်ခါ ခင်ဗျားတို့က လာပြီး တောင်းပန်ရင် ရီဖူရှင်းက ခွင့်လွှတ်ပါစေလို့ ကျုပ် ဆုတောင်း ပေးမယ်…”
သူတို့က ရီဖူရှင်း၏ မိသားစုအား ခြိမ်းခြောက် ခဲ့ကြသည်။ သူတို့အား ကန်ယီနိုင်ငံတွင် ယာယီ ထိန်းသိမ်း ထားရန်သာ ရီဖူရှင်းက ဆုံးဖြတ်ခဲ့၏။ ယခု လျိုဂျန်လန် ပြန်လာသည်နှင့် သူတို့က ထွက်ပြေး လိုနေကြသည်။
ဘက်ပြောင်းရန် သူတို့အတွက် ဤမျှ လွယ်ကူလွန်း လှသည်။
ဧကရာဇ်ချူတို့ အုပ်စုက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ပုံမှန်အားဖြင့် သူတို့ကလည်း ဧကရာဇ်ရီ ဘာကို ဆိုလိုသည်ကို နားလည်ကြသည်။ သို့သော် ပြဿနာက သူတို့က လွန်စွာ နီးကပ်နေသော အန္တရာယ်ကို ရင်ဆိုင်နေရသည်။ တခြား တစ်ဖက်တွင် ရီဖူရှင်း၏ ပြဿနာက ချက်ချင်း ဖြေရှင်းရန် မလိုသေးပေ။ သူတို့ မည်သို့ ဆုံးဖြတ်မည်နည်း။
မှန်ပေသည် … သူတို့က လက်ရှိ ပြဿနာကို ဦးစွာ ဖြေရှင်းရပေမည်။ နောက် ရွေးချယ်ခွင့်က သူတို့က ကန်ယီနိုင်ငံတွင် ဆက်နေကာ လျိုဂျန်လန် ရောက်လာသော အချိန်တွင် ရင်ဆိုင်ရန် ဖြစ်သည်။
ရိုးသားစွာ ပြောရလျှင် သူတို့ကလည်း အရှေ့မြေရိုင်း ဒေသကို သွားရောက်၍ အခြေအနေကို နားလည်သည့်အထိ လေ့လာ စုံစမ်းပြီးမှ ဆုံးဖြတ်လိုကြသည်။
သို့သော် အန္တရာယ်ကား လွန်စွာ နီးကပ်နေပြီ ဖြစ်သည်။ ကောလာဟလများ အရ တခြား နိုင်ငံများမှ ဧကရာဇ်များက နန်ဒူနိုင်ငံကို ရောက်နေပြီး ဧကရာဇ်လျိုနှင့် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက် နေကြသည် ဆို၏။ နန်ဒူနိုင်ငံက စစ်သည်များအား အချိန်မရွေး ရွေ့လျား နိုင်သည်ဟု သတင်း ကြားရသည်။ ထို့အပြင် နိုင်ငံ နှစ်ခုအကြား နိုဘယ်များ အတွက် ရောက်လာရန် သိပ်မကြာပေ။ သူတို့တွင် အချိန်မရှိပေ။
ဧကရာဇ်ရီ၏ စကားက သူတို့၏ အရှိုက်ကို ထိသွားစေသည်။ အကယ်၍ သူတို့ ထွက်သွားပါက လျိုဂျန်လန်က ရီဖူရှင်းအား မရှင်းနိုင်လျှင် သူတို့က အန္တရာယ် ရှိသည်သာ ဖြစ်သည်။
ဤသို့ဆိုလျှင် သူတို့က တစ်ဖက်ကို ရွေးကို ရွေးရတော့မည် ဖြစ်သည်။
သူတို့က နန်ဒူနှင့် တစ်ကြိမ် ဆန့်ကျင်ခဲ့ပြီး ဖြစ်သည်။ ယခု သူတို့က နန်ဒူကို ပြန်သွားကာ တောင်းပန် ရပေဦးမည်။ သူတို့က ဤနေရာတွင် ဆက်နေခဲ့ပါက ဧကရာဇ်လျိုက သူတို့ကို နားလည် ပေးမည်လော။ လက်ရှိတွင် သူတို့၏ စိတ်ရင်းအား ဧကရာဇ်လျိုကို ပြသရန် လိုပေသည်။
ဧကရာဇ်များက တစ်ယောက်နှင့် တစ်ယောက် စိတ်ဝိညာဉ် အသံလှိုင်းများ ပို့နေကြသည်။ တစ်စုံတစ်ခု မူမမှန်သည်ကို ခံစားမိလျှင် ဧကရာဇ်ရီက ရီဒန်ချန်းနှင့် ရီလင်းဇီတို့အား လှည့်ကာ ပြောသည်… “မင်းတို့ နှစ်ယောက်က နောက်ကို ဆုတ်နေစမ်း…”
“ဟုတ်ကဲ့…” ရီမောင်နှမက အခြေအနေ မဟန်သည်ကို သိကာ နောက်ကို ဆုတ်ရန် ကြိုးစား လိုက်ကြသည်။
“တိုက်စမ်း…” ဧကရာဇ် ခြောက်ပါးက တစ်ပြိုင်နက်တည်း လှုပ်ရှား လိုက်ကြသည်။ ရီမောင်နှမက မျက်နှာပျက် သွားကြကာ နောက်ကို လျင်မြန်စွာ ဆုတ်လိုက်ကြသည်။ သို့သော် ထိုလူများမှာ နိုဘယ်များ ဖြစ်ကြသည်။ ရီမောင်နှမကား မျက်လုံးတစ်မှိတ် အတွင်းတွင် အဖမ်းခံလိုက် ရသည်။
“အတင့်ရဲတယ်…” ဧကရာဇ်ရီက ဒေါသတကြီး အော်ဟစ်သည်။ ဓားစွမ်းအင်များ လေထဲကို ပျံ့နှံ့သွားသည်။ သို့သော်လည်း ဧကရာဇ်ယွန်ချူနှင့် ဧကရာဇ်ယန်တို့က ဧကရာဇ်ရီ၏ ရှေ့တွင် ရပ်ကာ တူညီသော အရှိန်အဝါများကို ထုတ်လွှတ် လိုက်ကြသည်… “ကျုပ်တို့ကို ခွင့်လွှတ်ပါ … အစ်ကိုရီ… ကျုပ်တို့မှာ ရွေးချယ်စရာ မရှိဘူး… မင်းသားနဲ့ မင်းသမီးကို ခဏ ခေါ်သွားပါရစေ…”
ဧကရာဇ်ရီက သူ၏ လက်ကို လှုပ်ရှားလိုက်လျှင် ဓားစွမ်းအင်များက လေထုထဲ ကြီးစွာ လှုပ်ခတ်လာသည်။ ဧကရာဇ် ခြောက်ပါးက မျက်မှောင်ကြုတ် သွားကြသည်။ ဧကရာဇ်ချူက ပြောသည်… “အစ်ကိုရီ … ကျုပ်တို့ကို ဖိအားမပေးနဲ့ … ကျုပ်တို့ တိုက်ခိုက်ရင် နန်းတော်က ခံနိုင်ရည် ရှိမှာလား…”
ခြောက်ယောက်နှင့် တစ်ယောက်။ ရလဒ်အား မေးခွန်းထုတ်ရန် မလိုသလို နန်းတော်မှ လူများစွာလည်း သေကျေ ပျက်စီး ရမည်ဖြစ်သည်။
“အဖေ…” ရီဒန်ချန်းက လှမ်းခေါ်သည်… “ကျွန်တော်တို့ လိုက်သွားမယ်…” သူက လက်ရှိ အခြေအနေကို ရှင်းလင်းစွာ နားလည်သည်။ သူတို့၏ အဖေက ပြန်တိုက်ခိုက်လျှင် ကန်ယီ နန်းတော်ကား အန္တရာယ် ရှိသည်။
“အဖေ … အရှေ့မြေရိုင်း ဒေသကို လူလွှတ်လိုက်ပါ… ကျွန်တော်တို့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး…” ရီလင်းဇီက ပြောသည်။ သူတို့ နှစ်ယောက်ကလည်း လွန်စွာ ဒေါသ ထွက်နေသည်။ ဧကရာဇ်များက အမှန်ပင် ကန်ယီကို သစ္စာဖောက် ရဲကြသည်။ သူတို့၏ လက်ရှိ မျှော်လင့်ချက်က ရီဖူရှင်း တစ်ယောက်သာ ကျန်တော့သည်။
ရီဖူရှင်း၊ ယူချင်းနှင့် တခြား နှစ်ယောက်က အရှေ့မြေရိုင်း ဒေသတွင် ကောင်းမွန်သော အခြေအနေတွင် ရှိနေမည်မှာ သေချာသည်။ ရီဖူရှင်း မသေသေးသရွေ့ သူတို့ တစ်ခုမှ ဖြစ်မည် မဟုတ်ပေ။
“ဒန်ချန်း … လင်းဇီ…” ဧကရာဇ်ရီ၏ မျက်လုံးက မီးဟုန်းဟုန်း တောက်မတတ် နီရဲလာသည်။
“အစ်ကိုရီ… ကျုပ်တို့မှာ ရွေးချယ်စရာ မရှိဘူး … အခု နှုတ်ဆက်ပါတယ်…” ဧကရာဇ် ခြောက်ပါးက နန်းတော်ထဲမှ လျင်မြန်စွာ ထွက်ခွာ သွားကြသည်။ ထို့နောက် သူတို့၏ မိသားစုများအား သွားခေါ်ကြသည်။ သူတို့က ကန်ယီနိုင်ငံသို့ လက်အောက် ခံခဲ့သောအခါ ရီဖူရှင်း၏ တောင်းဆိုမှု တစ်ခုက သူတို့၏ မိသားစုများကိုပါ ကန်ယီ နန်းမြို့တော်သို့ ရွှေ့ပြောင်းရန် ဖြစ်သည်။
ယခု သူတို့က ကန်ယီအား သစ္စာဖောက်ခဲ့ရာ သူတို့၏ မိသားစုက ကန်ယီတွင် ဆက်နေ၍ မရတော့ပေ။
ကန်ယီ နန်းတော် တစ်ခုလုံး ဆူပွက်နေသည်။ ဧကရာဇ် ခြောက်ပါးက အမှန်တကယ်ပင် သစ္စာ ဖောက်ခဲ့ကြသည်။ သူတို့က မင်းသား ရီဒန်ချန်းနှင့် မင်းသမီး ရီလင်းဇီ တို့ကိုလည်း ခေါ်ဆောင် သွားခဲ့ကြသည်။ ဤနည်းဖြင့် သူတို့က နန်ဒူနိုင်ငံ၏ ခွင့်လွှတ်မှုကို တောင်းခံ ကြမည်လော။
ဧကရာဇ်ရီက ထိုနေရာတွင်ပင် သုန်မှုန်သော အမူအရာဖြင့် ရပ်နေသည်။ ဧကရာဇ် ခြောက်ပါးက သူ၏ သားနှင့် သမီးကို အဘယ်ကြောင့် ခေါ်သွားသည်ကို သူ နားလည်သည်။ သူတို့က ရီဒန်ချန်းနှင့် ရီလင်းဇီတို့အား ပေးအပ်ကာ ခွင့်လွှတ်မှုကို တောင်းခံရန် ဖြစ်သည်။
သူတို့က ကန်ယီနိုင်ငံကို သစ္စာဖောက်ပြီးပါက လျိုဂျန်လန်ထံသို့ သွားရမည်ကို ဧကရာဇ်များက နားလည်ကြသည်။ ဤသို့ဆိုလျှင် သူတို့က ကန်ယီမှ အရေးပါသော လူများအား ဓားစာခံအဖြစ် ပေးအပ်ခြင်းက သူတို့အတွက် အခွင့်အလမ်း ပိုကောင်း နိုင်ပေသည်။
ထိုသတင်းက အပြင်ကို ပြန့်သွားသောအခါ ကန်ယီမြို့တော် တစ်ခုလုံး လှုပ်ခတ် သွားသည်။ မြို့တော် တစ်ခုလုံး ကြီးစွာသော စိုးရိမ်ခြင်းများ ဖြစ်သွားကြသည်။ လျိုဂျန်လန်က ကန်ယီ တိုင်းပြည်အား တိုက်ခိုက် တော့မည်လော။
နန်းမြို့တော်တွင် လင်းမိသားစုကား အင်အားကြီး မိသားစု တစ်ခုဖြစ်သည်။ ကန်ယီနိုင်ငံ၏ နံပါတ်တစ် မိန်းမလှဖြစ်သူ လင်းယွီယိုကား ကောင်းကင်ကို မော့ကြည့် နေသည်။ နန်းတော်မှ ထွက်ပေါ်လာသော သတင်းတစ်ခုက တစ်မြို့လုံးကို လှုပ်ခတ်စေသည်။ လင်းယွီယိုကလည်း ထိုသတင်းကို ရသည်။ လျိုဂျန်လန်က အင်အား ကောင်းစွာဖြင့် ပြန်လာခဲ့သည်။ သူကရော…။ သူကကော ဘယ်မှာလဲ။ အရှေ့မြေရိုင်း ဒေသတွင် သူက ဘာမှ မဖြစ်ရန် လင်းယွီယို မျှော်လင့်နေသည်။ သူမကလည်း စိတ်ပူ၏။
လက်ရှိတွင် အခြေအနေက မည်သို့ ဖြစ်လာမည်ကို ဘယ်သူမှ မသိပေ။
နန်ဒူနိုင်ငံကား လွန်စွာ စည်ကား နေသည်။ ဧကရာဇ်များက လာရောက် လည်ပတ်ကြသည်။ သို့သော် ကန်ယီနိုင်ငံကား ကံဆိုးမိုးမှောင် ကျခဲ့ရသည်။ တစ်ညတည်းတွင် နိုင်ငံနှစ်ခုက နေရာချင်း လဲသွားခဲ့သည်။ ဤသို့ဆိုလျှင် သူတို့၏ ကံကြမ္မာကရော…။
***
ကန်ယီနိုင်ငံတွင် ဖြစ်ပျက် နေခဲ့သည်များကို ရီဖူရှင်းက မသိသလို လျိုဂျန်လန်၏ အိမ်ပြန်ခြင်းက ထိုမျှ လှုပ်ခတ်မှု ကြီးစွာ ဖြစ်ခဲ့လိမ့်မည်ဟု မည်သူမှ မထင်ခဲ့ကြပေ။
သူက ဧကရာဇ် ခြောက်ပါးအား ကန်ယီတွင် နေခိုင်းခဲ့သည်က အမှန်ပင် နိုင်ငံအား ကာကွယ်ရန် ရည်ရွယ်ချက် ဖြစ်ခဲ့သော်လည်း ထိုကိစ္စက ကန်ယီနိုင်ငံ၏ အန္တရာယ် ဖြစ်လာ လိမ့်မည်ဟု သူလုံးဝ ထင်ထားမည် မဟုတ်ပေ။
လက်ရှိတွင် ရီဖူရှင်းက လမ်းတွင် ရှိနေဆဲ ဖြစ်သည်။ နယ်မြေတစ်ရာ ဒေသကို ရောက်ရန်ကား လွန်စွာ ဝေးသေးသည်။ သူတို့က ကန္တာရများအား ဖြတ်ကျော် ရသည်။ ထိုခရီးက နိုဘယ်များ အတွက် ပင်လျှင် အချိန် လွန်စွာ ကြာမြင့်သည်။
မြေရိုင်းဒေသ၏ အပေါ် ကောင်းကင်၌ တိမ်များ အကြားတွင် ခွန်ပန်က သူ၏ ကြီးမားသော အတောင်ပံအား ဖြန့်လျက် ပျံသန်း နေသည်။ သူကား လျိုနိုင်ငံမှ ခွန်ပင်ဖြစ်သည်။
ရီဖူရှင်းက ရှေးဟောင်း မြေရိုင်း ဒေသမှ သွားရန် မရွေးချယ်ခဲ့ပေ။ ဟွာဂျီယူ၊ ယူချင်းနှင့် သူကိုယ်တိုင်က ဓမ္မအဆင့်တွင် ဖြစ်ကာ ဟွာဖန်းလူတို့က အကာနာ အဆင့်မှ ဖြစ်ကြသည်။ ထို့အတူ နိုဘယ် ကိုးယောက်တို့လည်း ပါသည်။ အကယ်၍ သူတို့က ရှေးဟောင်း မြေရိုင်း ဒေသမှ သွားလျှင် အတူတူ ခရီးသွား၍ ရမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့က ခရီးရှည်ကြာသော မြေရိုင်း လွင်ပြင် ဒေသမှ သွားရန် ဆုံးဖြတ်ခဲ့ကြသည်။
လမ်းတွင် သူတို့က အရှေ့မြေရိုင်း ဒေသ၏ အရှေ့ဘက်ကို ဖြတ်ကျော် ခဲ့ကြသည်။ ထိုနေရာကား လျိုနိုင်ငံနှင့် ဖူယွန် ဓားကလန်တို့ ရှိသည်။ လျိုဖေးယွန်၊ လျိုချန်းယွီနှင့် ရီဝူချင်းတို့ကလည်း သူတို့၏ လူအများအပြားကို ခေါ်ယူခဲ့ကြသည်။
ကောင်းကင်ပေါ်မှ မြေပြင်ကို ငုံ့ကြည့်လျှင် လွန်စွာ ကြီးမား ခန့်ထည်သော ရှေးဟောင်း မြို့ကြီးကို မြင်ရပေသည်။
“သားတော် … အဲဒါ လို့လန်မြို့တော်ပဲ…” ခွန်ပန်ပေါ်တွင် လို့လန် နိုဘယ် တစ်ယောက်က ရီဖူရှင်းအား ညွှန်ပြသည်။
“အင်း … ကျွန်တော်တို့က အလျင် လိုနေတယ်… ဒါကြောင့် အခု မရပ်တန့်တော့ဘူး… နောက်တစ်ကြိမ် အခွင့်အရေး ရတော့မှ ဝင်ကြတာပေါ့…” ရီဖူရှင်းက ထိုနိုဘယ်အား ခေါင်းညိတ်လျက် ပြောသည်။ လျိုဖေးယွန်က ရီဖူရှင်းအား ပြုံးလျက် ကြည့်သည်။ ရီဖူရှင်းက လို့လန် သားတော် မည်သို့ ဖြစ်လာသည်ကို သူတို့အားလုံး သိကြသည်။ မိမိမြို့ကို ထိုသို့ ကျော်သွားသော သားတော်ကား သူတစ်ယောက်သာ ရှိပေမည်။
“ကောင်းပြီ…” ထိုနိုဘယ်က ခေါင်းညိတ်သည်။ သူတို့က ဧကရီ ဘုရင်မ၏ အမိန့်အား နာခံကာ ရီဖူရှင်း၏ နောက်ကို လိုက်ပါ နေကြသည်။ ထို့ကြောင့် သူတို့က ရီဖူရှင်း ပြောသမျှကို လက်ခံကြသည်။ ရီဖူရှင်းက လို့လန်ကို ထိခိုက်စေအောင် သူတို့အား မခိုင်းသရွေ့ သူတို့က အမိန့် နာခံရပေမည်။
ခွန်ပန်က လို့လန်မြို့အား ဖြတ်ကျော်လျက် နယ်မြေတစ်ရာ ဒေသကို ဆက်လက် ခရီးနှင် သွားသည်။
အောက်ခြေမှ လို့လန် နန်းတော်တွင် ဘုရင်မက ရှေးဟောင်း ခန်းမကြီး တစ်ခုတွင် ထိုင်နေသည်။
ထိုစဉ်မှာပင် မိန်းမလှ တစ်ယောက် လျှောက်လာသည်။ သူမက ဦးညွှတ်ကာ အရိုအသေ ပေးသည်… “အရှင်မ…”
“လန်… ငါမင်းကို အကူအညီ တောင်းစရာ တစ်ခုရှိတယ်… မင်းက ခရီးတစ်ခု သွားရလိမ့်မယ်…” ဘုရင်မက ပြောသည်။
“ဟုတ်ကဲ့…” မိန်းကလေးက ခေါင်းညိတ်သည်။
“သားတော် ရီဖူရှင်းက မကြာခင် စိန်ခေါ်ပွဲအတွက် နန်ဒူနိုင်ငံကို ရောက်လိမ့်မယ်… လို့လန်က စွမ်းအား အကောင်းဆုံး နိုဘယ်တစ်စုကို ခေါ်ပြီးတော့ သားတော် နောက်ကို လိုက်သွား…. တကယ်လို့ သူက အနိုင်ရတယ်ဆိုရင် ဘာမှ လုပ်စရာ မလိုဘူး… တကယ်လို့ သူရှုံးသွားရင် သူတစ်ခုခု ဖြစ်မှာကို ငါ မလိုလားဘူး…” ဘုရင်မက ပြောသည်။
“နားလည်ပါတယ်…” မိန်းကလေးကား ဘုရင်မ၏ လွန်စွာ ယုံကြည်ရသော ကိုယ်ရံတော် တစ်ယောက် ဖြစ်သည်။
လန်က ခန်းမထဲမှ ထွက်သွားလျှင် ဘုရင်မက ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ သူမ၏ မျက်လုံးက ပြတင်းပေါက်ကို ကျော်၍ အပြင်ကို ရောက်သွားသည်။ သူတို့က နယ်မြေတစ်ရာ ဒေသကို သွားရာလမ်းတွင် လို့လန်ကို ဖြတ်သွားရမည် ဖြစ်သည်။ ဒါပေမဲ့ ဒီကောင်စုတ်က သူမအား အထင်လွဲနေသည်။ သူက လို့လန်ကို လာမည် မဟုတ်သည်မှာ သေချာ၏။ သို့သော်လည်း သူမက ဂရုမစိုက်ပေ။ ကောင်လေး ဘာတွေးနေသည် ကလည်း သူမအတွက် အရေးမကြီးပေ။
***