Switch Mode

အပိုင်း (၂၉၃)

ဧကရာဇ်များ၏ သဘောထား

နန်ဒူနိုင်ငံ၊ တော်ဝင် နန်းတော်။

ကုန်လွန်ခဲ့သော နှစ်အတွင်းတွင် နန်ဒူနိုင်ငံ၏ ကောင်းကင်၌ မမြင်ရသော ဖိအားတစ်ခု ဖြစ်ပေါ်နေခဲ့သည်။ ကန်ယီနိုင်ငံတွင် များစွာသော ဧကရာဇ်များက လက်အောက် ခံခဲ့ကြကာ တခြား ဧကရာဇ်များ ကလည်း ကန်ယီနိုင်ငံနှင့် မဟာမိတ် ပြုလိုကြသည်။ ရီဖူရှင်းကလည်း အရှေ့မြေရိုင်း ဒေသတွင် ထိပ်သီး အင်အားစုကို ဝင်ရောက်ခဲ့သည်။ ထိုအရာများ အားလုံးက နန်ဒူနိုင်ငံအား ဖိအားများစွာ ဝင်စေခဲ့သည်။

ဧကရာဇ်လျိုက ထို့ကြောင့် လွန်စွာ ဖိအားများ ခံစားနေခဲ့ရကာ ထိုတစ်နှစ်လုံးအား သူက တန်ခိုး ကျင့်ခြင်းတွင် အချိန် ကုန်ဆုံးခဲ့သည်။ သူကား အခွင့်အရေးကို စောင့်မျှော်နေသည်။ ကုန်ခဲ့သောနှစ်က ကိစ္စက တဖြည်းဖြည်း မှုန်ဝါးသွားကာ သူကား ပိုမို၍ အားကောင်း လာသည်။ သူက ပိုမို၍ အားကောင်း လာသောအခါ အရှေ့မြေရိုင်း ဒေသကို သွားမည် ဖြစ်သည်။ ထိုနေရာတွင် သူက ရီဖူရှင်းကို ရှင်းပစ်ရန် ကြံစည် ထားသည်။ သူကား သင့်တော်သော အချိန်ကို စောင့်နေသည်။ သူက ရီဖူရှင်းအား ဆက်လက် ကြီးထွားရန် အခွင့်အရေး ပေးမည် မဟုတ်ပေ။

ထိုစဉ်မှာပင် နန်းတော် ကောင်းကင် အထက်၌ တန်ခိုးရှင် အုပ်စုတစ်ခု ထွက်ပေါ်လာသည်။ ထိုအဖြစ်က လူအများ၏ အာရုံအား ဆွဲခေါ်သွားသည်။ ထိုအုပ်စုအား ဦးဆောင် လာသော လူငယ်ကို မြင်လျှင် သူတို့ နားလည် သွားကြသည်။

“အိမ်ရှေ့စံ ပြန်လာပြီဟေ့…”

“ဂျန်လန်က နိုဘယ်တွေကို ဦးဆောင်ပြီး ပြန်လာတယ်…”

လူအများအပြားက မော့ကြည့် လိုက်ကြသည်။ ထိုအခိုက်တွင်ကား သူတို့၏ ပခုံးပေါ်တွင် ရှိနေသော ဖိအားများ ပေါ့ပါးသွားသလို ခံစားလိုက်ကြရသည်။

အိမ်ရှေ့စံမင်းသား လျိုဂျန်လန်က နိုဘယ်များကို ဦးဆောင်၍ ပြန်လာခဲ့သည်။ ဘာကို ဆိုလိုသနည်း။ ချက်ချင်းပင် လူအများက အရပ်မျက်နှာ မျိုးစုံသို့ ပြေးလွှား သွားနေကြသည်။ နန်းတော် တစ်ခုလုံး ယခင်ကလို တိတ်ဆိတ် မနေတော့ဘဲ သက်ဝင် လှုပ်ရှား လာခဲ့သည်။

လူတစ်ယောက် လေထဲကို တက်ရောက် သွားသည်။ သူကား ဧကရာဇ်လျို ဖြစ်သည်။ သူက လျိုဂျန်လန်နှင့် နိုဘယ်များကို ကြည့်လိုက်သည်…“ဂျန်လန်… မင်း ပြန်လာပြီလား…”

“အဖေ…” လျိုဂျန်လန် ခေါ်လိုက်သည်… “ဒါက ကျွန်တော့်အဖေပါ … အဖေ … ဒါက တော်ဝင် ချန်ကျောင်းတော်က အကြီးအကဲတွေ…” တော်ဝင် ချန်ကျောင်းတော်၏ ပဉ္စမသခင် ဟာယွီလူ ကိုယ်တိုင် လိုက်လာခဲ့ခြင်းပင်။ လျိုဂျန်လန်က ရီဖူရှင်းအား မသတ်နိုင်ခဲ့လျှင် သူက လျိုဂျန်လန် အသတ်ခံရသည်ကို ကြည့်မည် ဖြစ်သည်။

ဧကရာဇ်လျို၏ ရင်ဘတ် တုန်ခါသွားသည်။ လျိုဂျန်လန်၏ ဆရာက တော်ဝင် ချန်ကျောင်းတော်၏ ပဉ္စမသခင် ဖြစ်ကြောင်း သူ့သားပြော၍ သိထားသည်။ ယခု သူက ကိုယ်တိုင် ရောက်လာသည်။

“ပဉ္စမသခင်ကို နှုတ်ဆက်ပါတယ်…” ဧကရာဇ်လျိုက ရိုကျိုးစွာ ပြောသည်။ သူက ဧကရာဇ်တစ်ပါး ဖြစ်သော်လည်း အရှေ့မြေရိုင်း ဒေသမှ ထိပ်သီး အင်အားစု တစ်ခု၏ ခေါင်းဆောင်ရှေ့တွင် သူကား သာမန်လူ တစ်ယောက်နှင့် မခြားပေ။

ဟွာယွီလူက သူ့အား ကြည့်သည်… “အောက်ကို ဆင်းမယ်…”

“ဟုတ်ကဲ့… ဆရာ…” လျိုဂျန်လန်က ခေါင်းညိတ်သည်။ သူသည်လည်း အနည်းငယ် စိတ်ညစ်နေသည်။ သူ့အား သူ့ဆရာမှ သေချာ စောင့်ကြည့်ထားရာ လျိုဂျန်လန်က တိုက်ပွဲအား ရှောင်ဖယ်မည့်လမ်း လုံးဝ မရှိပေ။

ဧကရာဇ်လျိုက တစ်ခုအား သတိထားမိသည်။ သူ၏ သားက သိပ်ပျော်ရွှင်ဟန် မရပေ။

“မိန်းကလေးစီရို ဘယ်မှာလဲ…” ဧကရာဇ်လျိုက သူ့သားအား မေးသည်။ ဟာစီရိုက တော်ဝင် ချန်ကျောင်းတော် ပဉ္စမသခင်၏ သမီးဖြစ်ကြောင်း သူသိသည်။ နောက်ဆုံး တစ်ကြိမ်က သူမက သူ့အား လွန်စွာ လေးစားစွာ ဆက်ဆံခဲ့ကာ သူကလည်း အနာဂတ် ချွေးမလောင်းအား လွန်စွာ သဘောကျခဲ့သည်။

“အဖေ…” လျိုဂျန်လန်က ခေါ်လိုက်သည်။ ဟာယွီလူက လျှောက်နေရာက ဧကရာဇ်လျိုအား အေးစက်စွာ ကြည့်သည်။ ထိုအဖြစ်က လျိုသားအဖ နှစ်ယောက်လုံးအား ကျောချမ်းစေသည်။ သူတို့က မကောင်းသော ခံစားချက်ကို ရ၏။ တစ်စုံတစ်ခု ဖြစ်သောကြောင့် လျိုဂျန်လန်က ပြန်လာသည် များလား။

ဟွာယွီလူက မြေပြင်ပေါ်ကို ဆင်းသက်သွားကာ နန်းတော်ထဲကို ဝင်သွားလျှင် လျိုသားအဖလည်း သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါ သွားကြသည်။ လျိုဂျန်လန်က သူ၏ အဖေအား တိုးညင်းစွာ ပြောသည်…“အဖေ… ရီဖူရှင်းက ကျုပ်ကို နန်ဒူနိုင်ငံမှာ စိန်ခေါ်ခဲ့တယ်…”

ဧကရာဇ်လျို၏ မျက်လုံးများက ထက်ရှသွားသည်။ ရီဖူရှင်းက လျိုဂျန်လန်အား စိန်ခေါ်ခဲ့သည်လား။ အချိန်ကား တစ်နှစ်မျှသာ ရှိခဲ့သေးသည်။ ရီဖူရှင်းက ယခု လျိုဂျန်လန်နှင့် ယှဉ်နိုင်ပြီလား။ ထို့အပြင် လျိုဂျန်လန်က စိန်ခေါ်ခြင်း ခံရသောသူ ဖြစ်သည်။ ဆိုလိုသည်က ရီဖူရှင်းက အသာစီး ရထားသည်ဟူ၍ ဖြစ်၏။

“စီရို ဘယ်မှာလဲ…” ဧကရာဇ်လျိုက စိတ်ဝိညာဉ် အသံလှိုင်းဖြင့် လျိုဂျန်လန်ကို လှမ်းမေးသည်။ သူက တစ်စုံတစ်ခု လွဲနေသည်ကို ရိပ်မိသည်။

“စီရို…” လျိုဂျန်လန်က ရေရွတ်လိုက်သည်… “စီရိုက ကျုပ်အတွက် ရီဖူရှင်းကို ကြံစည်ခဲ့တယ်… ဒါကြောင့် ရီဖူရှင်းရဲ့ ကလန်ကြောင့် စီရို သေခဲ့တယ်… ကျွန်တော် စီရိုအတွက် လက်စားချေမယ်…”

ဧကရာဇ်လျို လွန်စွာ ထိတ်လန့် သွားသည်။ သူ၏ မျက်နှာမှ အရောင်များ ပျောက်ကွယ် သွား၏။

ဟာစီရို သေပြီ။ သူမ၏ အဖေက လျိုဂျန်လန်နှင့် ရီဖူရှင်း စိန်ခေါ်ပွဲကို လာခဲ့သည်။ သူက အခြေအနေကို နားလည် လိုက်သည်။

ရီဖူရှင်းက တော်ဝင် ချန်ကျောင်းတော်၏ သမီးကို သေစေနိုင်စွမ်းအောင် အင်အား ကြီးမားလာခြင်းပင်။ ယခု ရီဖူရှင်းက တိုက်ပွဲအား နန်ဒူနိုင်ငံတွင် စီစဉ်ခဲ့သည်။ ဘာကြောင့်လဲ။

ဧကရာဇ်လျိုက အကြောင်းအရာ အများအပြားအား တွေးမိသည်။ သူက ရီဖူရှင်းနှင့် ပတ်သက်၍ လျိုဂျန်လန်နှင့် ဝန်ကြီးချုပ်ဟွာတို့၏ အစီရင်ခံချက်များအား ပြန်လည် သတိရမိသည်။ ထိုစဉ်က သူက ဧကရာဇ် အမိန့်တော် တစ်ခုအား ချက်ချင်း ရေးခဲ့ကာ ဒွန်ဟိုင်မြို့သို့ ပေးပို့ခဲ့သည်။ သူက နန်ဒူနိုင်ငံ၏ ကောင်းကင် အောက်တွင် သူက အရာအားလုံး အစိုးရသူ၏ ကြွေးကြော်ခဲ့သည်။

နန်ဒူတွင် သူ၏ သဘောထားက ကောင်းကင်၏ သဘောထား ဖြစ်သည်။

သူက ရီဖူရှင်းကား လျိုဂျန်လန်၏ ပညာသင်ဘက် ဖြစ်စေလိုခဲ့ရာ ဟွာဂျီယူအား အိမ်ရှေ့စံ မင်းသမီး ဖြစ်စေလိုခဲ့သည်။ သို့သော် နှစ်နှစ်ခန့်မျှသော အချိန်တွင် ရီဖူရှင်းက သူတို့၏ အိပ်မက်ဆိုး ဖြစ်လာခဲ့သည်။

ထို့အပြင် ဧကရာဇ်လျိုအပြင် လျိုဂျန်လန် ပြန်လာသည့် အကြောင်းအရင်း မှန်ကို မည်သူမှ မသိကြပေ။ သူတို့အားလုံးက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြဆဲ ဖြစ်သည်။

မကြာမီ ဝန်ကြီးချုပ်ဟွာက နန်းတော်ထဲကို ဝင်ရောက် လာသည်။ သူက လျင်မြန်စွာ ရွေ့လျားလျက် ဆက်သွယ်မှုများ ပြုလုပ်နေသည်။ သူ၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်နေသည်။ အိမ်ရှေ့စံ မင်းသားက နိုဘယ်များနှင့်အတူ ပြန်လာသည်။

ထိုအရာက စိတ်လှုပ်ရှားဖွယ်ရာ သတင်းပင်။

ထိုအချိန်တွင် နန်းတော်၏ အတွင်းပိုင်း၍ လွန်စွာ ရှုပ်ပွကာ ရှင်းလင်းထားခြင်း မရှိသော အခန်းငယ်လေး တစ်ခု ရှိသည်။ လွန်စွာ ကြီးကျယ် ခမ်းနားသော နန်းတော်ထဲတွင် ဤသို့သော နေရာရှိသည်ကို ယုံနိုင်ဖွယ်ရာပင် မရှိပေ။

ထိုစဉ် လွန်စွာ လှပသော မိန်းကလေး တစ်ဦးက အခန်းရှေ့ကို ရောက်လာသည်။ အပြင်မှ အစောင့်က ဦးညွှတ်ကာ နှုတ်ဆက်ကြသည်…“ မင်းသမီး…”

ထိုမိန်းကလေးကား နန်ဒူမင်းသမီး ဖြစ်သည်။ သူမကား ယခင်ကလို ဆယ်ကျော်သက် အရွယ် မိန်းကလေး မဟုတ်တော့ပေ။ သူမကား လွန်စွာ လှပသော မိန်းကလေးတစ်ဦး ဖြစ်နေလေပြီ။

အခန်းထဲတွင်ကား လူတစ်ယောက်က ထိုင်ခုံအိုကြီး တစ်လုံးထက်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူက စိတ်အေး လက်အေးဟန် ရှိကာ ကောင်းကင်အား မော့ကြည့်နေသည်။ သူက မင်းသမီး ရောက်ရှိ လာသည်ကိုပင်လျှင် သတိထားမိပုံ မရပေ။

“ဆရာ… တပည့် လာတွေ့ပါတယ်…” သူမက လှမ်းခေါ်သည်။ သူမ၏ ရှေ့တွင် ထိုင်နေသူကား နန်ဒူနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူ ဝန်ကြီးချုပ်ကျို ဖြစ်သည်။ သူ့အား အကျယ်ချုပ် ချုပ်ထားသည်။

“ကလေး… ငါ့ကို လာမတွေ့ဖို့ ပြောထားတယ် မလား… အရှင်မင်းကြီးက စိတ်ပျက်လိမ့်မယ်…” ဝန်ကြီးချုပ်ကျိုက ပြောသည်။

“အစ်ကိုက တော်ဝင် ချန်ကျောင်းတော်က နိုဘယ်တွေနဲ့အတူ ပြန်လာတယ်…” သူမက ပြောသည်။

“ငါမြင်တယ်…” သူ၏ လေသံကား တည်ငြိမ်နေသည်။

“ဆရာ… ဆရာ့ရဲ့ ဟောကိန်းကို ယုံနေတုန်းပဲလား…” သူမက မေးသည်… “တကယ်လို့ ဆရာက အဖေ့ကို တောင်းပန်မယ်ဆိုရင် တပည့်က ဆရာ့ကို ခွင့်လွှတ်ပေးဖို့ ဝိုင်းပြောပေးလို့ ရတယ်…”

ဝန်ကြီးချုပ်ကျိုက ခေါင်းယမ်းကာ ပြုံးလိုက်သည်… “အရူးမလေး… ဒါက နန်ဒူအတွက် ကောင်းတဲ့ သင်္ကေတ မဟုတ်ဘူး… ကောင်းကင်ကို ကြည့်လိုက်…” သူက ထိုသို့ပြောကာ ကောင်းကင်သို့ လက်ညှိုး ညွှန်ပြသည်… “အရမ်း ရဲနေတယ်… သွေးရောင်တွေ ထနေတယ်…”

သူမက သက်ပြင်း ချလိုက်သည်… “ဂရုစိုက်ပါ… ဆရာ…” ထို့နောက် သူမက နောက်လှည့်ကာ ထွက်သွားသည်။ မင်းသမီးကား အကောင်းဆုံး ကြိုးစား နေခဲ့သော်လည်း တစ်ယောက်ကိုမှ နားချနိုင်ခဲ့ခြင်း မရှိပေ။

ဝန်ကြီးချုပ်ကျိုကား ကောင်းကင်ကို ကြည့်ကာ ပြုံးနေဆဲ ဖြစ်သည်။ လူသားတို့သည်လား မိမိတို့ ကိုယ်တိုင် သယ်ဆောင်လာသော မကောင်းမှုများကား ခံနိုင်ရန် အခက်ခဲဆုံး ဖြစ်သည်။

ထိုသတင်းက နယ်မြေတစ်ရာ ဒေသကို လျင်မြန်စွာ ပျံ့နှံ့သွားသည်။ လျိုဂျန်လန် ပြန်ရောက်ပြီး ဒုတိယနေ့တွင် ပတ်ဝန်းကျင် တိုင်းပြည်မှ ဧကရာဇ် အများအပြားက နန်ဒူနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြသည်။ ဟာစီရို လာစဉ်ကလည်း သူတို့ထဲမှ အများအပြားက လာတွေ့ခဲ့ကြသည်။ ယခု တော်ဝင် ချန်ကျောင်းတော်မှ နိုဘယ်များ ရောက်ရှိလာကာ ကောလာဟလများ အရ တစ်ယောက်မှာ တော်ဝင် ချန်ကျောင်းတော်၏ အရှင်တစ်ပါး ဖြစ်သည် ဟူ၏။

လွန်ခဲ့သော နှစ်ပိုင်းအတွင်း ဧကရာဇ်များက ကန်ယီနိုင်ငံနှင့် ပိုမို ရင်းနှီးခဲ့ကြသည်။ ထို့ကြောင့် ဧကရာဇ်လျိုက သူတို့အား အငြိုးထားမည်ကို စိုးရိမ်နေကြသည်။ အရှေ့မြေရိုင်း ဒေသ၏ အလယ်တွင် ဖြစ်ပျက် နေသည်များကို နယ်မြေတစ်ရာ ဒေသမှ ဧကရာဇ်များ သိရန် မလွယ်ပေ။ လျိုဂျန်လန်က နိုဘယ်များနှင့်အတူ ဘာကြောင့် ပြန်လာသည်ကိုလည်း မသိကြပေ။

လျိုဂျန်လန်က တော်ဝင် ချန်ကျောင်းတော်ကို ဝင်ပြီး ကတည်းက ရှေးဟောင်း မြေရိုင်း ဒေသသို့ ဂိတ်တံခါးက ဖွင့်လှစ်ခဲ့သည်။ ထို့ကြောင့် နယ်မြေတစ်ရာ ဒေသမှ အင်အားစုများက စိတ်အေးသော အခြေအနေတွင် မရှိပေ။ ဤသို့သော အခြေအနေတွင် တော်ဝင် ချန်ကျောင်းတော်ကဲ့သို့ အင်အားစု ရောက်လာခြင်းအား သူတို့က မည်သို့ လျစ်လျူရှုနိုင် မည်နည်း။ ယခု နန်ဒူ တစ်နိုင်ငံလုံးရှိ နေရာတိုင်းတွင် အောင်ပွဲခံမှုများ ပျော်ရွှင်ဖွယ်ရာ အခမ်းအနားများနှင့် ပြည့်နေသည်။ အခြေအနေက နန်ဒူနိုင်ငံက သူတို့၏ အောင်မြင်မှု အချိန်အခါအား ကြိုဆိုနေသကဲ့သို့ပင်။ နန်ဒူနိုင်ငံကား လွန်ခဲ့သော တစ်နှစ်ခန့်က တန်ဖန်း ပွဲတော်တွင် လွန်စွာ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရသည်။ ယခု အိမ်ရှေ့စံမင်းသား ပြန်လာခဲ့သည်။ သူက နိုင်ငံအား ဂုဏ်ယူရအောင် တစ်ဖန် ပြုလုပ်နိုင်မည်လော။

ဧကရာဇ်လျိုက လာလည်ပတ်သော ဧကရာဇ်များအား ပုံမှန်အတိုင်း လက်ခံကြိုဆိုသည်။ သူတို့ အတူတူ သောက်စား ပျော်ပါးကာ စကား ပြောကြသည်။ လျိုဂျန်လန်၏ စကားအရ သူက အခြေအနေ တစ်ခုလုံးကို နားလည်ခဲ့သော်လည်း တစ်ယောက်ကိုမှ ထုတ်မပြောပေ။

တခြား တစ်ဖက်တွင် ကန်ယီနိုင်ငံ၏ အခြေအနေက သိပ်မကောင်းပေ။ သူတို့ကလည်း နန်ဒူနိုင်ငံမှ သတင်းကို ရကြသည်။

လျိုဂျန်လန်က နိုဘယ်များနှင့် ပြန်လာခဲ့သည်။ သူက နယ်မြေတစ်ရာ ဒေသအား သာမန်ကိစ္စဖြင့် ထိုမျှ အင်အားကို သယ်ဆောင် လာစရာ မလိုပေ။ ဤသို့ဆိုလျှင် ဘာကြောင့် သူတို့ ရောက်ရှိ လာကြသနည်း။ ကန်ယီနိုင်ငံကို ဖျက်ဆီးရန်လား။

အရှေ့မြေရိုင်း ဒေသတွင် ရီဖူရှင်းတို့ တစ်ခုခု ဖြစ်ခဲ့သလား။ ရီဖူရှင်း၊ ရီဝူချင်းနှင့် တခြားလူများက သူတို့ ကလန် အကြီးအကဲများ၏ အရေးပေးမှုကို လျိုဂျန်လန်ကဲ့သို့ မရရှိသည်မှာလည်း ဖြစ်နိုင်သည်။ တစ်ဖက်တွင် လျိုဂျန်လန်၏ ချစ်သူက ကလန် အကြီးအကဲ၏ သမီးဟု သူတို့ ကြားဖူးသည်။ ထို့ကြောင့် သူက နိုဘယ်များကို ခေါ်ဆောင် လာနိုင်သည် များလား။

ထိုအချက်က ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဆိုစေ ရီဖူရှင်းနှင့် တခြားလူများ၏ တန်ခိုးအဆင့်မှာ လွန်စွာ နိမ့်ပါး နေသေးပေသည်။

လက်ရှိတွင် ဧကရာဇ်ရီက သတင်းအား ကြားကာ မျက်မှောင်ကြုတ် သွားသည်။

“အဖေ… သတင်းတွေအရ တော်ဝင် ချန်ကျောင်းတော်က အကြီးအကဲလို့ ပြောတယ်… သူက လျိုဂျန်လန်ရဲ့ ချစ်သူဖြစ်တဲ့ ဟာစီရိုရဲ့ အဖေပဲ… သူက လျိုဂျန်လန်ရဲ့ ဆရာလည်း ဖြစ်တယ်…” ရီဒန်ချန်းက ပြောသည်။

“လျိုဂျန်လန်က အင်အားတွေကို ဒီလိုပဲ ခေါ်ဆောင် လာနိုင်ပြီလား…” ဧကရာဇ်ရီက စိုးရိမ်စွာ ပြောသည်။

“အဖေ… သမီးတို့က အရှေ့မြေရိုင်း ဒေသကို လူလွှတ်ပြီးတော့ စုံစမ်းခိုင်းသင့်လား…” ရီလင်းဇီက တိုးညင်းစွာ ပြောသည်။

“သူတို့က တကယ်ပဲ ကန်ယီကို ဖျက်ဆီးချင်တယ် ဆိုရင် အခု အရမ်း နောက်ကျသွားပြီ… ရီဖူရှင်းတို့ အဆင်ပြေဖို့ပဲ ငါ မျှော်လင့်တယ်…”

“အစ်ကိုရီ…” အသံတစ်သံ ရုတ်တရက် ထွက်လာသည်။ လူတစ်စုံ ကောင်းကင်မှ ပျံသန်းလာသည်။ သူတို့ကား ယွန်ချူဧကရာဇ်၊ ဧကရာဇ်ယန်နှင့် တခြားနိုင်ငံများမှ ဧကရာဇ်များ ဖြစ်ကြသည်။

ဧကရာဇ်ရီ မျက်မှောင်ကြုတ်လျက် သူတို့အား ကြည့်သည်။ သူတို့က ဤသို့သော ပုံစံဖြင့် မည်သို့ ဝင်လာရဲရသနည်း။ သူတို့က ပုံမှန်အားဖြင့် ဤသို့ မဟုတ်ကြပေ။

“အစ်ကိုရီ… လျိုဂျန်လန်က တော်ဝင် ချန်ကျောင်းတော်က နိုဘယ်တွေနဲ့ အတူ ပြန်လာတာကို ကြားပြီးပြီလား…” ဧကရာဇ်ချူက ပြောသည်။

“ပြီးတော့…” ဧကရာဇ်ရီက မျက်တောင် ကွေးလျက် ကြည့်သည်။

“အစ်ကိုရီ… လက်ရှိ အခြေအနေမှာ ကျုပ်တို့က ကန်ယီနိုင်ငံက ယာယီ ထွက်သွားချင်တယ်… ခင်ဗျား စိတ်မရှိဘူး… ဟုတ်တယ်မလား…” ဧကရာဇ်ချူက ပြောသည်။ လက်ရှိ အခြေအနေတွင် နန်ဒူကသာ ကန်ယီအား တိုက်ခိုက်ခဲ့ပါက သူတို့ပါ သေသွားနိုင်သည်။

ဧကရာဇ်ရီ၏ အသံက ချက်ချင်း ထက်ရှသွားကာ သူက အေးစက်စွာ ပြောသည်… “ရီဖူရှင်းက ခင်ဗျားတို့ကို ဒီမှာ နေခိုင်းတာ ပျော်ပွဲစား ထွက်ခိုင်းခဲ့တာ မဟုတ်ဘူး… အခု ပြဿနာ ရောက်လာတော့ ခင်ဗျားတို့ ထွက်ပြေးချင် တာလား…”

***

Comment

Leave a Reply

Options

not work with dark mode
Reset