Switch Mode

အပိုင်း (၂၉၂)

နယ်မြေတစ်ရာ ဒေသတွင် မုန်တိုင်း ထန်လာခြင်း

မှန်ပေသည်။ ချင်လီက သူ့အတွက် ပြဿနာများ ပိုမို ဖြစ်ပေါ်လာစေရန် အတို့အထောင် လုပ်နေခြင်းသာ ဖြစ်သည်။ ရီဖူရှင်းက တောင်းပန်မည် ဆိုသည်မှာ မဖြစ်နိုင်သည်ကို ချင်လီ သိ၏။ ချင်လီ၏ ရည်ရွယ်ချက်ကား လစန္ဒာကလန်ထဲတွင် ရီဖူရှင်း၏ ပုံရိပ်ကို ကျဆင်းစေလိုခြင်းသာ ဖြစ်သည်။ မဟုတ်လျှင် ချင်လီက ရီဖူရှင်း၏ ကိစ္စရပ်များတွင် ဝင်စွက်ဖက်စရာ အကြောင်း မရှိပေ။

ချင်လီကား လစန္ဒာကလန် အဖွဲ့ဝင် မဟုတ်ပေ။

ချင်ဘုရင်၏ မြေးက သာမန်လူ မဟုတ်သည်မှာ သေချာသည်။ သို့သော် အရှေ့မြေရိုင်း ဒေသမှ ကော့တေး၏ တပည့်တစ်ယောက်က ချင်ဘုရင်၏ မြေးမျှလောက်ကို အရေးလုပ်နေစရာ မလိုပေ။

ချင်လီက ရီဖူရှင်းအား ကြည့်ကာ ရယ်မောလိုက်သည်။ သူက ဂရုစိုက်ပုံမရပေ… “ကျုပ်က နည်းနည်း စိတ်ပူရုံပါပဲ… ကျုပ်က လစန္ဒာကလန်ကို အကောင်းဆုံး ဖြစ်စေချင်တာ… ကြည့်ရတာ ကျုပ်စကားပြောတာ လွန်သွားတယ် ထင်တယ်…”

ရီဖူရှင်းက ပြန်လည်၍ စိုက်ကြည့်လိုက်သည်။ သူကား လွန်စွာ ဉာဏ်များသောကောင် ဖြစ်သည်။ ရီဖူရှင်းအား အမြဲတမ်း တခြားလူများနှင့် ရန်တိုက်ပေးရန် ကြိုးစားသော်လည်း သူကိုယ်တိုင်ကမူ တစ်ခါမှ တိုက်ရိုက် ရင်ဆိုင်ခြင်း မရှိပေ။

“ရှေးဟောင်း မြေရိုင်း ဒေသက ကျောက်စိမ်းတောင်မှာ ချူလိရန် ပြောတာ လုပ်တာတွေကို တခြား လစန္ဒာကလန်က လူတွေ အကုန်ကြားတယ်… ကျုပ်က ဂျီယူကို လာတွေ့တာကို ခွင့်ပြုချက် တောင်းရဦးမှာလား… ချစ်သူနဲ့ တွေ့တာက တန်ခိုးကျင့်တာကို အနှောင့်အယှက် ဖြစ်စေတယ်… ဟုတ်လား… ဒီလိုဆိုရင် ချင်ပြည်ထောင်ရဲ့ ချင်လီက လစန္ဒာကလန်မှာ ဘာလုပ်နေတာလဲ… မင်းက ဒီမှာ လာကစားနေတာလို့ မပြောနဲ့…” ရီဖူရှင်း၏ အေးစက်သော မျက်လုံးက ရှေ့မှ လူများ အားလုံးကို ဝေ့ကြည့်လိုက်သည်။ သူ၏ အကြည့်က ချူလိရန်ထံ ရောက်သွားလျှင် သူက ဆက်ပြောသည်… “ကြည့်ရတာ မင်းတို့ အကြားမှာ တကယ် ကောင်းတဲ့ ဆက်ဆံရေး ရှိတာပဲ… ဒါဆို ကျုပ်ကိုမှ ဘာလို့ တန်ခိုးကျင့်တာက အနှောင့်အယှက် ဖြစ်သွားရတာလဲ… မင်းတို့ စိတ်ထဲမှာတော့ တကယ်တမ်း ကျုပ်ကို တမင် ခက်ခဲအောင် လုပ်နေလား မလုပ်ဘူးလား ဆိုတာကို ကောင်းကောင်း သိကြမှာပဲ… လူတိုင်းက အရူးလို့ မင်း ထင်နေတာလား……”

ချူလိရန်တို့က ဤနည်းဖြင့် သူ့အား ဖိအားပေးလိုလျှင် ရသည်။ ရီဖူရှင်းက သူတို့နှင့် ဆက်ဆံရေးကို ဂရုစိုက်သည် မဟုတ်ပေ။ လစန္ဒာကလန်မှ လူများက သူ့အား သဘောမကျလျှင်ကော အဘယ်အရေးနည်း။ ချူလိရန်က သူ့အား တားရုံမျှဖြင့် သူက ဂျီယူကို မတွေ့ဘဲ ကျောင်းတော်ကို ပြန်သွားရ မည်လော။ သူတို့၏ အတွေးမျှဖြင့် သူက မှားပါသည်ဟု တောင်းပန် ရမည်လော။

ချူလိရန်နှင့် တခြား လူများ၏ မျက်နှာများ ပျက်သွားကြသည်။ ရီဖူရှင်းက ဆက်ပြောသည်… “စီနီယာယွန် ပြောတာ မှန်တယ်… မင်းတို့က တိုက်ခိုက်ချင်တယ် ဆိုရင် ကျုပ်က အချိန်မရွေးပဲ… ဒါပေမဲ့ ကျုပ်က လစန္ဒာကလန်ကို မလေးမစား လုပ်တယ်လို့ မပြောနဲ့… ချူလိရန်က ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေတာလဲ… သူမက လစန္ဒာကလန် တစ်ခုလုံးကို ကိုယ်စားပြုနိုင်လား… ကျုပ်အခု သွားတော့မယ်…” ရီဖူရှင်းက ထိုသို့ ပြောကာ ဟွာဂျီယူနှင့်အတူ ရှေ့ကို ဆက်လျှောက် သွားသည်။ ရှေ့မှ လူအုပ်ကြီးက ပုံမှန်အားဖြင့် သူတို့ကို လမ်းဖယ်ပေးကြကာ ရီဖူရှင်းတို့ ထွက်သွားသည်ကို ကြည့်နေကြရသည်။

သိမ်းငှက်နက်က အတောင်ပံများ တဖျတ်ဖျတ် ခတ်လျက် ရီဖူရှင်း၏ နောက်မှ လိုက်ပါလာသည်။ သူ၏ ထက်ရှသော မျက်လုံးများက လူတိုင်းကို ဝေ့ကြည့်လျှင် အကြည့် တစ်ချက်မျှဖြင့် သူ၏ မျက်လုံးထဲမှ အထင်သေးမှုများကို ခံစား၍ ရသည်။

ဒီသတ္တဝါစုတ်။ ချူလိရန် ဒေါသထွက် သွားသည်။ ဒီတိရစ္ဆာန်ကောင်က သူတို့အား မည်သို့ အထင်သေးရသနည်း။

“ကော့တေးရဲ့ တပည့်တွေက အမြဲတမ်းပဲ အရှိန်အဝါ ကြီးကြတာပဲ…” ချင်လီက ပြုံးလျက် ပြောသည်။ သူ့အနီးမှ လူများ၏ အမူအရာများက သိပ်ကောင်းကြသည် မဟုတ်ပေ။ “သွားစို့…” သူတို့က အကြီးအကဲများအား ဖြစ်ခဲ့သည်များကို ပြန်ပြော ကြရပေဦးမည်။

ချူယောင်ယောင်က ထွက်ခွာသွားသော ရီဖူရှင်းအား ကြည့်ကာ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေသည်။ ရီဖူရှင်းက သူမနှင့် မရင်းနှီးသော်လည်း သူမက ရီဖူရှင်းအား တွေ့တိုင်း သူမထံတွင် နက်ရှိုင်းသော အမြင်တစ်ခုကို ထားခဲ့လေ့ရှိသည်။

ချူယောင်ယောင်၏ အတွေးများကို ရီဖူရှင်း မသိပေ။ တစ်ခါတစ်ရံ တစ်စုံတစ်ယောက်က မူလကတည်းက ရပ်တည်ချက် ကွဲပြားစွာဖြင့် ဖြစ်တည် လာခဲ့ပါက သိပ်အရေးလုပ်ရန် မထိုတ်တန်ပေ။

ယွန်ရိုက သူတို့အား လစန္ဒာကလန်၏ နယ်မြေ အဆုံးအထိ လိုက်ပို့ပေးခဲ့သည်။ ထို့နောက် ရီဖူရှင်းနှင့် ဟွာဂျီယူတို့က သိမ်းငှက်နက်ကို စီးနင်းလျက် ကျောင်းတော်သို့ ပြန်ကြသည်။ ရှေးဟောင်း မြေရိုင်း ဒေသ၏ ကောင်းကင်တွင် သိမ်းငှက်နက်က သူတို့အား သယ်ဆောင်လျက် ခရီးနှင်နေသည်။

“ငါတို့နှစ်ယောက်ပဲ ရှိတာ အရမ်း ကောင်းတယ်…” ရီဖူရှင်းက ဘေးမှ မိန်းမလှလေးအား ကြည့်ကာ ပြောသည်။

“သတ္တဝါဆန်းလည်း ရှိတယ်…” ဟွာဂျီယူက ပြောသည်။

“ငါတို့ ညနေစာအတွက် သူ့ကို ကင်လိုက်ကြမလား…” ရီဖူရှင်းက အရွှန်းဖောက်သည်။ သိမ်းငှက်နက်က မျက်လုံးများ ပြူးကျယ်သွားသည်။ ဒီလို မနောက်ပါနဲ့ဟ။ ဒါက သိမ်းငှက်ကို လန့်ဖျပ်ပြီး သေသွား စေနိုင်တယ်။

ဟွာဂျီယူ ပြုံးမိသွားသည်။ ရီဖူရှင်းက ရှေ့ကို အနည်းငယ် တိုးကာ သူမအား နောက်မှ အသာအယာ သိုင်းဖက်လိုက်သည်။ ထို့နောက် အသာအယာ ခေါင်းငုံ့ကာ လည်ပင်းအား နမ်းရှုပ်လိုက်သည်။ ဟွာဂျီယူ၏ မျက်နှာက ချက်ချင်း ရဲတွတ်သွားသည်။

“ဂျီယူ… ငါမင်းကို အရမ်း လွမ်းတယ်…” ရီဖူရှင်းက တိုးညင်းစွာ ပြောသည်။

“ငါလည်း သတိရတယ်…” သူမက ပြန်ပြောသည်။ သိမ်းငှက်နက်က အကြိမ် အနည်းငယ် မျက်တောင် ပုတ်ခတ် ပုတ်ခတ် ဖြစ်သွားသည်။ သေစမ်း… သိမ်းငှက် တစ်ကောင် အတွက်တောင် ဒါက အရမ်း လွန်တယ်…။

“ဂျီယူ… နေ့တိုင်း ငါ ဘာကိုပဲ ဆန္ဒရှိသလဲ မင်း သိလား…” သူ၏ အသံက နွေးထွေးကာ ချစ်ခင်မှုများ ပြည့်နေသည်။

ဟွာဂျီယူက ခေါင်းယမ်းသည်။

“ငါ အဖြစ်ချင်ဆုံး ဆန္ဒက မနက်ခင်းတိုင်း ငါ့ရဲ့ မျက်လုံးကို ဖွင့်လိုက်တဲ့ အချိန်မှာ ငါ ပထမဆုံးမြင်တဲ့ လူက မင်း ဖြစ်နေတာကိုပဲ…” သူက ညင်သာစွာ ပြောသည်။

ဟွာဂျီယူ မျက်လုံး ပြူးသွားသည်။ ရီဖူရှင်း ယခင်က ပြောခဲ့သော စကားများကို ပြန်တွေးလျှင် ခြေထောက်အား မြှောက်လျက် သူ၏ ခြေဖမိုးအား နင်းလိုက်သည်… “ဘယ်လောက် အရှက် မရှိလိုက်သလဲ…”

“မြေခွေးမ… ငါ့ဆန္ဒတွေကို ဘယ်တော့ ပြည့်အောင် လုပ်ပေးမလဲ…” ရီဖူရှင်းက သူမအား ကျီစယ် လိုက်သည်။

“အိပ်မက်မက်နေ…” သူမက ပြောသည်။

“ငါ့အိပ်မက်ထဲမှာ နင့်ကို မကြာမကြာ တွေ့တယ်…” သူက သက်ပြင်းချသည်။

“ငါနင်နဲ့ မငြင်းတော့ဘူး…” ဟွာဂျီယူ ခံနိုင်ရည်အား မရှိတော့ပေ။ သူမက ရှေ့ကို တိုးသွား လိုသော်လည်း ရီဖူရှင်း၏ တင်းကျပ်စွာ ပွေ့ဖက်မှုမှ မလွတ်မြောက်နိုင်ပေ။ ထို့ကြောင့် သူမက ရီဖူရှင်း၏ ရင်ဘတ်ထဲတွင် မှီနေလိုက်သည်။

ကျောင်းတော်ကို ပြန်ရာလမ်းတွင် ရီဖူရှင်းက လို့လန်ရွှီ အဘယ်ကြောင့် ကော့တေးကို ရောက်လာသည်ကို ရှင်းပြသည်။ ထိုအဖြစ်က လမ်းတစ်လျှောက်တွင် သူမအား ချော့မော့ ကျီစယ်ခြင်းများက ဤကိစ္စအတွက် လမ်းခင်း ထားခြင်း များလောဟု ထင်မှတ်ရသည်။

ကော့တေးကို ရောက်လျှင် ရီဖူရှင်းက ဟွာဂျီယူအား အစ်မနှစ်ထံ ခေါ်သွားသည်။ ဟွာဂျီယူအား မြင်သောအခါ ကျူးကော့ဟွေနှင့် ပေ့ထင်ရှင်းအာတို့ ပထမဆုံး တွေးမိသည်ကား အလွန် လှသည်။ ဒုတိယ တွေးမိသည်မှာလည်း အလွန်လှသည်။

“အရမ်း လှတာပဲ…” ကျူးကော့ဟွေက မှတ်ချက်ချသည်။ ရီဖူရှင်းအား ပြုံးလျက် သူမက ပြောသည်… “မောင်ငယ်လေး… ဒီမတိုင်ခင် မင်းပြောသမျှတွေက လိမ်နေတာလို့ ငါခံစားနေရတယ်…” ဒီကောင်စုတ်လေးကား သူမကို နေ့တိုင်း သူမ မည်မျှလှကြောင်း မြှောက်ပြောလေ့ ရှိသည်။ သူမက နတ်သမီးနှင့်တူက သူမ၏ အလှအား မည်သူမှ မယှဉ်နိုင်ကြောင်း သူပြောသည်။ နောက်ဆုံးတွင် ထိုကောင်စုတ်လေးက ဤမျှလှသော မိန်းကလေး တစ်ဦးအား ဝှက်ထားသည်ကို သူမတို့ တွေ့လိုက်ကြရသည်။ သူမ သံသယ ဝင်သည်မှာလည်း မမှားပေ။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ကျွန်တော့် စိတ်ထဲမှာတော့ အစ်မနှစ်နဲ့ ဂျီယူက တူတူပဲ လှကြတယ်…” ရီဖူရှင်းက လေးနက်စွာ ပြောသည်။

“ဒီလိုလား…” ကျူးကော့ဟွေက ပြုံးကာ ပြောသည်… “မင်းက ဒီလိုပဲ စကားတတ်တဲ့ကောင်… ဒါကြောင့် အလှဆုံး မိန်းကလေးကို မင်းက ညာနိုင်ခဲ့တာ … မင်းက တကယ်ပဲ ငါ့မောင်ငယ်လေးပဲ…”

ရီဖူရှင်းက ခေါင်းကုတ်ကာ ရေရွတ်သည်… “အစ်မနှစ်… ဒါက အလိမ်အညာတွေ မပါပါဘူး… ဒါက အချင်းချင်း ဆွဲဆောင်မှု ရှိလို့ပါ…”

“အင်း… အချင်းချင်း ဆွဲဆောင်မှု ရှိတာ…” အစ်မနှစ်က ရီဖူရှင်း၏ အမူအရာများကို ရယ်ရွှင်ဖွယ်ရာ မြင်သည်။

အနီးမှ ယိရှောင်ရှီနှင့် လျိုဖန်းက ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်း ချကြသည်။ ထို့နောက် ခေါင်းငုံ့ကာ မိမိတို့ လုပ်စရာများကို ဆက်လုပ်ကြသည်။

ဘယ်လောက် ကြောက်စရာ ကောင်းတဲ့ ကောင်လဲ။

ဟွာဂျီယူက ကော့တေးတွင် နေ့လယ်စာ စားကာ ရီဖူရှင်းနှင့်အတူ ကု့ချင်းဥယျာဉ်သို့ အတူ သွားရောက်ကြသည်။ သူကား နန်ဒူနိုင်ငံတွင် သူမနှင့် မတွေ့မီ ကန်ယီနိုင်ငံသို့  ဦးစွာ သွားရောက်ဦးမည် ဖြစ်သည်။

***

နယ်မြေတစ်ရာ ဒေသ၊ ရှေးဟောင်း မြေရိုင်း ဒေသသို့ ဝင်ရာ ဂိတ်တံခါး။

လွန်ခဲ့သော တစ်နှစ်ခန့်က ဂိတ်တံခါး ဖွင့်ကတည်းက နယ်မြေတစ်ရာ ဒေသကား ယခင်ကထက် ပိုမို အသိအမြင် ကြွယ်ဝ လာကြကာ ဖွံ့ဖြိုးတိုးတက် လာခဲ့ကြသည်။ ဂိတ်တံခါး အနီးတွင် မြို့တစ်မြို့ ဖြစ်တည်လာခဲ့ပြီး နိုင်ငံများမှ ဧကရာဇ်များက ထိုမြို့တွင် မြေနေရာများ ပိုင်ဆိုင် ထားခဲ့ကြသည်။

ယခု စွမ်းအားမြင့် တန်ခိုးရှင်များအား ထိုမြို့၏ လမ်းများတွင် တွေ့ကြရသည်။ ဓမ္မအဆင့်ဖြစ်စေ အကာနာ အဆင့်ဖြစ်စေ သူတို့ အားလုံးက ရှေးဟောင်း မြေရိုင်း ဒေသတွင် စမ်းသပ်လိုကြသည်။ သူတို့က အသက် ဆုံးရှုံးနိုင်သည်ကို သိသည့်တိုင် လူအများက မိမိတို့ ကိုယ်ကို သွားရောက် စမ်းသပ်နေကြဆဲ ဖြစ်သည်။ နယ်မြေတစ်ရာက လူများအတွက် ဤသည်က လွန်စွာ ကောင်းမွန်သော အခွင့်အလမ်း ဖြစ်ပေသည်။

ထိုစဉ်မှာပင် ရှေးဟောင်းမြေရိုင်း ဂိတ်တံခါးဘက်မှ လှုပ်ခတ်မှုများ ဖြစ်လာသည်။ လူတစ်စု ထိုနေရာမှ ထွက်ပေါ်လာကြသည်။ ဦးဆောင် လာသူကား သက်လတ်ပိုင်း အရွယ် လူတစ်ယောက် ဖြစ်သည်။ သူက လက်ဆန့်တန်းလိုက်လျှင် အားလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ သူ့ထံမှ နိုဘယ်အသိ ပတ်ဝန်းကျင်အား ပျံ့နှံ့သွားသည်။ ထို့နောက် သူက ကောင်းကင်အား ကြည့်ကာ တဟားဟား ရယ်မောလိုက်သည်။ “ကောင်းကင်ဘုံက ငါ့ကို မစွန့်ပစ်ခဲ့ဘူး…”

နိုဘယ်။ သူကား နောက်ဆုံးတွင် အိပ်မက်ထဲမှ တန်ခိုး အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဧကရာဇ်များသာ ရောက်ရှိနိုင်သော အဆင့်ဖြစ်သည်။

ရှေးဟောင်း မြေရိုင်း ဒေသတွင် ကတည်းက ထိုစွမ်းအားကို ခံစားခဲ့ပြီး ဖြစ်သော်လည်း အပြင်ကို ထွက်ထွက်ချင်း သူက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ခဲ့ပေ။

နိုဘယ်။ ယခုတွင် သူကား နယ်မြေတစ်ရာ ဒေသ၏ ထိပ်ဆုံး တစ်နေရာတွင် ရပ်တည်နိုင်ပြီ ဖြစ်သည်။ သူက ဘိုးဘေးများ၏ အဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်ကာ နိုင်ငံတစ်နိုင်ငံ၏ ဧကရာဇ်ဖြစ်ရန် အခွင့်အရေး ရှိလာပြီ ဖြစ်သည်။

သူ့နောက်မှ တန်ခိုးရှင်များ ပြုံးလိုက်ကြသည်။ ရှေးဟောင်း မြေရိုင်း ဒေသသို့ ခရီးက အန္တရာယ် များခဲ့သည်။ နေရာတိုင်းတွင် အသက် အန္တရာယ် ရှိသည်။ တချို့သော သူတို့၏ မိတ်ဆွေ အကာနာ တန်ခိုးရှင်များ မူကား အိမ်ပြန် မလာနိုင်ခဲ့ကြပေ။ သို့တိုင်အောင် ထိုအရာများ အားလုံးက တန်သည်ဟု ပြောရမည်။ ယခု သူတို့ စောင့်မျှော်နေသော အခွင့်အရေးကို ဆုပ်ကိုင်မိပြီ ဖြစ်သည်။ ကလန် ခေါင်းဆောင်ကား ယခု နိုဘယ် အဆင့်ကို ရောက်သွားပြီ ဖြစ်သည်။

ထို လူလတ်ပိုင်းအရွယ် ကလန် ခေါင်းဆောင်ကား နန်ဒူကလန်၏ ခေါင်းဆောင် နန်ဒူတိုင် ဖြစ်သည်။

သူ၏ ကြွေးကြော်သံ အပြီးတွင် အရာ အားလုံးက တိတ်ဆိတ် သွားပြန်သည်။ သူ၏ မျက်လုံးက လူတိုင်းအား ဝေ့ကြည့်လိုက်ပြီး ပြောသည်… “သွားစို့…” ထို့နောက် သူက နန်ဒူနိုင်ငံဘက်ကို ပြန်သွားသည်။ သူက နိုဘယ်အဆင့်ကို ရောက်သွားပြီး ဖြစ်သော်လည်း ထိပ်သီး အင်အားစုများ၏ တပည့်များ ဖြစ်သော ရီဖူရှင်းနှင့် လျိုဂျန်လန်တို့ကို ရင်ဆိုင်ရန် အလျင်လို၍ မရပေ။ ကံမကောင်းသည်က ထိုနှစ်တုန်းက သူက နိုဘယ် မဟုတ်ခဲ့ခြင်းပင်။ ယခုလည်း နောက်ကျနေပြီဟု သူမခံစားရပေ။ အနည်းဆုံး သူက တချို့ကိစ္စရပ်များအား ရင်ဆိုင်ရန် အရည်အချင်း ရှိနေလေပြီ။ ဧကရာဇ်လျိုက သူ့အား ထပ်မံ၍ ဖိနှိပ်ရဲမည် မဟုတ်တော့ပေ။

“သူက ဘယ်သူလဲ…” တစ်စုံတစ်ယောက်က မေးသည်။

“မသိဘူး…” ထိုနေရာမှ ဧကရာဇ် တစ်ပါးက ပြန်ပြောသည်။ “ဒီနှစ်ပိုင်း အတွင်းမှာ နိုဘယ် အဆင့်ကို ရောက်တဲ့ တန်ခိုးရှင်တွေ အများကြီးပဲ…” နောက်တစ်ယောက်က ပြောသည်။ ရှေးဟောင်း မြေရိုင်း ဒေသ ဖွင့်လှစ် ကတည်းက နိုဘယ် တန်ခိုးရှင်များ များစွာ ထွက်ပေါ်လာခဲ့သည်။

နန်ဒူတိုင် ထွက်သွားပြီး သိပ်မကြာမီတွင်ပင် ရှေးဟောင်း မြေရိုင်း ဒေသမှ နောက်ထပ် တစ်အုပ်စု ထွက်လာသည်။ သူတို့အားလုံးတွင် ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ပိုင်ဆိုင်သည်။

“ငါတို့ ရောက်တော့မလား…” ထိုအုပ်စုထဲမှ တစ်ယောက်က မေးသည်။

“ကျွန်တော်တို့က ရှေးဟောင်း မြေရိုင်းဒေသက နယ်မြေတစ်ရာကို သွားတဲ့ ဂိတ်ကို ရောက်နေပြီ… အခု နန်ဒူနိုင်ငံကို သွားကြမယ်…” လူငယ် တစ်ယောက်က ပြောသည်။ ထို့နောက် သူတို့က နန်ဒူနိုင်ငံဘက်ကို ဆက်လက်၍ ခရီးနှင် သွားကြသည်။

လူအများအပြားက သူတို့ ထွက်သွားကာ ကောင်းကင်ဘက်သို့ မော့ကြည့်ကြသည်။ သူတို့အားလုံး နိုဘယ်များ ဖြစ်ကြသည်။ လူငယ် တစ်ယောက်သာ နိုဘယ် မဟုတ်ပေ။

နယ်မြေ တစ်ရာတွင် ထိုမျှ အင်အားကြီးအဖွဲ့ မရှိသည်မှာ သေချာသည်။

“သူက နန်ဒူနိုင်ငံက လျိုဂျန်လန်နဲ့ တူတယ်…” ဧကရာဇ်တစ်ပါးက ပြောသည်။ တခြား ဧကရာဇ်များ၏ မျက်လုံများ ပြူးသွားကြသည်။

လျိုဂျန်လန်က တော်ဝင် ချန်ကျောင်းတော်၏ တပည့်ဖြစ်သည်။ ယခု သူက တော်ဝင် ချန်ကျောင်းတော်မှ နိုဘယ်များနှင့် အတူ လာသည်။ ဘာကို ဆိုလိုသနည်း။

တစ်နှစ်ခန့် အကြာက ရီဖူရှင်းက ထိပ်သီး အင်အားစု တစ်ခုကို ဝင်ရောက်ခဲ့ကာ များစွာသော ဧကရာဇ်များက သူ၏ လက်အောက်ကို ခစားခဲ့ကြရသည်။ ကန်ယီနိုင်ငံက လွန်စွာ အင်အားကြီး လာခဲ့သည်။

ယခု မည်သို့ ဖြစ်မည်နည်း။

လျိုဂျန်လန်က နိုဘယ်များနှင့်အတူ ပြန်လာခဲ့သည်။ ထိုသတင်းက တစ်မြို့လုံးကို တောမီးလို လျင်မြန်စွာ ပျံ့နှံ့သွားသည်။ နယ်မြေတစ်ရာ ဒေသမှ လူများကလည်း မိမိတို့ နိုင်ငံသို့ ကိုယ်စီ သတင်းများ ပို့ကြသည်။ မုန်တိုင်းတစ်ခုက နယ်မြေတစ်ရာ ဒေသအား ရောက်ရှိလာခဲ့ပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset