ရီဖူရှင်းက တောက်ပစွာ ပြုံးကာ ရှေ့မှ မိန်းကလေးအား ငြိမ်သက်စွာ ကြည့်နေသည်။ ဟွာဂျီယူကလည်း သူ့ကို ကြည့်နေသည်။ သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ပြုံးလျက် အကြည့်ချင်း ဆုံကြ၏။ သူမ၏ မျက်လုံးမှ ရှက်ရွံ့ဟန်လေးက ပိုမိုသိသာသလို သူမ၏ မျက်နှာမှ အပြုံးမူကား မည်သည့်အခါကမှ ပျောက်ကွယ် မသွားပေ။
“ငါ့ကို ဘာလို့ အဲလို ကြည့်နေတာလဲ…” သူမ၏ အသံက တိုးညင်းသည်။ ရီဖူရှင်း၏ နားထဲတွင် သူမ၏ အသံလေးက ချစ်စဖွယ် ကောင်းလှသည်။ သူမ၏ အကြည့်အား လွှဲလိုက်သည့်တိုင် သူမကား ယခင်အတိုင်း ဆွဲငင်အား ကောင်းနေဆဲ ဖြစ်သည်။
“ငါ့မိန်းမက ပိုပိုပြီးတောင် လှလာတယ်…” ရီဖူရှင်းက ပြုံးလိုက်သည်။ သူက ထိုသို့ ပြောလိုက်သည်နှင့် ထိုနေရာအနီးမှ မိန်းကလေးများက တခစ်ခစ် ရယ်မောကြသည်။
“ဘယ်သူက နင့်မိန်းမလဲ…” ဟွာဂျီယူက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။ သူမ၏ စီနီယာ အစ်မ အများအပြားက သူတို့ကို လှမ်းကြည့် နေကြသည်။ ဤကောင်က အဘယ်ကြောင့် သည်မျှ စည်းလွတ် ဝါးလွတ် ဖြစ်နေရသနည်း။
ရီဖူရှင်းက တောက်ပစွာ ပြုံးလျက် သူမထံ လျှောက်သွား လိုက်သည်။ ရီဖူရှင်းက မိမိ၏ လက်အား သူမ၏ လက်ပေါ်မှ အုပ်မိုးလျက် ကိုင်ကာ နောက် လက်တစ်ဖက်ဖြင့် သူမ၏ ဆံပင်များအား ပွတ်လိုက်သည်။ ဟွာဂျီယူ၏ မျက်နှာက ပိုမိုနီရဲလာသည်။ သူမ၏ လှပသော မျက်လုံးများဖြင့် ရီဖူရှင်းအား ကြည့်လိုက်သည်။
“နင်…” ဟွာဂျီယူက တိုးညင်းစွာ ပြောသည်။ နောက်ထပ် တခစ်ခစ် ရယ်မောသံများ လွင့်ပျံ့လာသည်။ သူတို့အားလုံးက ဟွာဂျီယူအား စနောက်နေကြ၏။ မျက်လုံးပေါင်း များစွာ၏ အကြည့်များကို ခံစားမိလျှင် ဟွာဂျီယူက မျက်နှာ မထားတတ်အောင် ဖြစ်လာသည်။
“ငါမှ သဘော မတူရသေးတာ…” ဟွာဂျီယူက ရီဖူရှင်းအား မျက်တောင်ပင့်လျက် ကြည့်ကာ ပြောသည်။ ထို့နောက် သူမက နောက်လှည့်ကာ မပြေးရုံတမယ် လျင်မြန်စွာ လှည့်ထွက် သွားသည်။ လူအများအပြားက ဝိုင်းကြည့်နေသည်ကို သူမ ရှက်ရွံ့လှပြီ။ ဤခွေးကောင်ကား အဆိုးဆုံးသော နေရာကို မည်သို့ ရွေးတတ်သနည်း။ ရီဖူရှင်းက ပြုံးလျက်ပင် သူမ၏ နောက်မှ လိုက်ပါသွားသည်။
“မင်းတို့က လူအများရှေ့မှာ ဒီလို ချစ်ပြဖို့ တကယ် လိုလို့လား…” ယွန်ရိုက ဘေးမှ ရယ်မောလျက် ပြောသည်။
“တကယ်ပဲ… ငါတို့အားလုံးက တစ်ကိုယ်တည်း သမားတွေပဲ…” လစန္ဒာကလန်မှ နောက်ထပ် မိန်းကလေး တစ်ယောက်က ပြောသည်။ သူတို့နှစ်ယောက်ကား အမှန်ပင် လွန်ကဲလှသည်။ လစန္ဒာကလန်ကား မိန်းမကလန်ဖြစ်ကာ အများစုမှာ တစ်ကိုယ်တည်း သမားများ ဖြစ်ကြသည်။ သူတို့နှစ်ယောက်က ထိုသို့ ချစ်ပြနေသည်မှာ မုန်းစရာ ကောင်းလွန်းလှ၏။
“အားလုံးကို ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက ဘေးမှ မိန်းကလေးများအား ပြုံးလျက် ပြောသည်။ သူတို့နောက်မှ သိမ်းငှက်နက်က သူ၏ အတောင်ပံများကို ဖြန့်ကာ သူ၏ မျက်လုံးများအား ကွယ်လိုက်သည်။ ပထမတွင် မိန်းကလေးများက အံ့အားသင့် သွားသော်လည်း ချက်ချင်းပင် တဝါးဝါးဖြင့် ပွဲကျသွားကြသည်။ ဤသိမ်းငှက်ကား တစ်ခုခုပင်။
သူတို့နှစ်ယောက်က ဟွာဂျီယူ နေထိုင်ရာ အဆောင်ငယ်လေးထဲကို ရောက်ရှိ လာကြသည်။ သူမ၏ ခြေလှမ်းမျာ နှေးကွေးသွားလျှင် ရီဖူရှင်းက ပြုံးလျက် မေးသည်… “ဒါဆို မင်းက ငါ့မိန်းမဖြစ်ဖို့ သဘောတူပြီပေါ့…”
ဟွာဂျီယူက လမ်းလျှောက် နေသည်ကို ရပ်လိုက်ပြီး နောက်လှည့်ကာ သူ့အား စိုက်ကြည့်သည်။ ခြေတစ်လှမ်းမျှက ဟွာဂျီယူက ရီဖူရှင်း၏ အနီးကပ် မျက်နှာချင်းဆိုင်သို့ ရောက်သွားစေသည်။ သူမက ခေါင်းမော့လျက် ရီဖူရှင်းအား ကြည့်သည်။ သူမ၏ လှပသော မျက်လုံးများက တောက်ပကာ ကြည်လင်ပြီး သူမ၏ အကြည့်က ညင်သာသည်။ သူမက ရှေ့မှ ချောမောသော လူငယ်လေးအား ကြည့်သည်။
ဟွာဂျီယူက သူမ၏ လက်နှစ်ဖက်အား ရီဖူရှင်း၏ ပခုံးတွင် တင်ကာ ညင်သာစွာ ပြောသည်… “ငါသဘောတူတယ်…” ထို့နောက် သူမက ရီဖူရှင်း၏ ရင်ဘတ်ထံသို့ တိုးကပ်ကာ ဖက်လိုက်သည်။
ရီဖူရှင်းက သူ၏ နှလုံးသားက အရည်ပျော်ကျ သွားသလို ခံစားရသည်။ သူက ဟွာဂျီယူအား မေးသည်… “မြေခွေးမ… မင်းက အရမ်း ဆွဲငင်အား ကောင်းတာပဲ… ငါမင်းကို စားလိုက်ရမလား…”
“နင်လုပ်ရဲလို့လား…” ဟွာဂျီယူက မျက်နှာများ နီရဲလျက် ပြောသည်။
“ဘာလို့ မလုပ်ရဲရမှာလဲ…” ရီဖူရှင်းက သူ၏ လက်များဖြင့် သူမ၏ ခါးလေးအား သိုင်းဖက်ကာ နှုတ်ခမ်းလေးများအား ညင်သာစွာ နမ်းလိုက်သည်။ အတန်ကြာလျှင် ဟွာဂျီယူက မရုန်းကန်တော့ဘဲ ငြိမ်သက်သွားသည်။
နောက်ဆုံးတွင် ရီဖူရှင်းက သူမအား လွှတ်ပေးလိုက်သည်။ သူမ၏ ရှက်ရွံ့သော ဟန်ပန်လေးအား ကြည့်ကာ ရီဖူရှင်းက ပြောသည်… “ငါတို့ ဒီနေရာမှာပဲ…”
“သွားသေလိုက်…” ဟွာဂျီယူက သူမ၏ သွယ်လျသော ခြေထောက်များအား မြှောက်ကာ ရီဖူရှင်းအား အသာအယာ ကန်လိုက်သည်။ ဤကောင်ကား သူ၏ ကံကို အမြဲ စမ်းသပ်နေသည်။ သူ၏ ခေါင်းထဲတွင် ဘာတွေများ ရှိနေသနည်း။
ဟွာဂျီယူ၏ အပြုအမူလေးက ရီဖူရှင်းအား အတိတ်မှ သူတို့ ငယ်ရွယ်စဉ်က ပုံရိပ်များကို ပြန်လည်၍ သတိရစေသည်။ ငယ်ရွယ်မှု၏ လှပသော နေ့ရက်များ။
“ဂျီယူ … ငါက နန်ဒူနိုင်ငံကို ပြန်သွားဖို့ စီစဉ်ထားတယ်… မင်းငါနဲ့ လိုက်မှာလား…” ရီဖူရှင်းက ညင်သာစွာ ပြောသည်။
“အင်း …” သူမက ခေါင်းညိတ်သည်။ ခေ့ကေးမြို့တွင် ဘာတွေ ဖြစ်ပျက်ခဲ့သည်ကို သူမသိသည်။ ရီဖူရှင်းနှင့် လျိုဂျန်လန်တို့ အကြားမှ ရန်ငြိုးကား နောက်ဆုံးတွင် အဆုံးသတ်တော့မည် ဖြစ်သည်။ သူမ ကိုယ်တိုင်ကလည်း ပြန်သွားလိုနေသည်။
“ငါ့ဆရာကို သွားတွေ့ကြမယ်…” ဟွာဂျီယူက ရီဖူရှင်း၏ လက်ကို ဆွဲကိုင်ကာ ခေါ်ဆောင် သွားသည်။ ဟွာဂျီယူ၏ ဆရာကလည်း ရှောက်ယွီအိမ်တော်၏ ခေါင်းဆောင် ဖြစ်သည်။ နတ်မိမယ် ရှောက်ယွီကို မြင်လျှင် ရီဖူရှင်း အံ့အားသင့်ရသည်။ သူမသည်လည်း လွန်စွာ ငယ်ရွယ်ကာ ချောမော လှပလွန်းပေသည်။ သူမကား တည်ငြိမ် အေးချမ်းကာ အမြင်အေးစေသော အလှပိုင်ရှင်မျိုး ဖြစ်သည်။ သူမအား ကြည့်နေရခြင်းက ကြည့်သူအား သက်သောင့် သက်သာ ဖြစ်စေသည်။
“ဆရာ…” ဟွာဂျီယူက လှမ်းခေါ်သည်။ ရီဖူရှင်းက ဦးညွှတ်ကာ နှုတ်ဆက်သည်… “စီနီယာကို နှုတ်ဆက်ပါတယ်…”
နတ်မိမယ် ရှောက်ယွီက သူ့အား တစ်ချက် လှမ်းကြည့်သည်။ ကောင်လေးကား ဂျီယူ၏ ချစ်သူဖြစ်သည်။ သူကား အမှန်ပင် ထူးခြားပေသည်။ သူ၏ ပါရမီများနှင့် စွမ်းရည်များကို သူမက ယခင် ကတည်းက ကြားဖူး၏။ သူ၏ ရုပ်ရည်နှင့် ကိုယ်ရောင် ကိုယ်ဝါကလည်း အကောင်းဆုံးထဲမှ အကောင်းဆုံး ဖြစ်သည်။ သူကား ဟွာဂျီယူနှင့် လွန်စွာ လိုက်ဖက်ပေသည်။
“ဂျီယူက မင်းအကြောင်းကို အမြဲတမ်း ပြောတယ်… သူက ငါ့ဘေးမှာ ရှိနေတာတောင်မှ တန်ခိုးကျင့်တာကို အာရုံမစိုက်နိုင်ဘူး… ငါ့ကို ပြောပါ… ငါ ဘာလုပ်သင့်လဲ…” နတ်မိမယ် ရှောက်ယွီက ပြုံးလိုက်သည်။ သူမက ကျီစယ်နေသည်မှာ ထင်ရှားသည်။ ဟွာဂျီယူက သူမ၏ ဆရာအား ကြည့်လိုက်သည်။ သူမက ရီဖူရှင်း အကြောင်းကို ဘယ်တုန်းက ပြောဖူးသလဲ။ သူမ၏ ဆရာကား တမင် ပြောနေသည်မှာ ထင်ရှားသည်။
“ဒီလိုဆိုရင်… စီနီယာသာ စိတ်မရှိဘူးဆိုရင် ကျွန်တော်က ဒီမှာနေပြီး လေ့ကျင့်ချင်ပါတယ်… ကျွန်တော်က ဂျီယူဘေးမှာ ရှိနေရင် သူမက ဒီလောက် အာရုံပျံ့လွင့်မှာ မဟုတ်တော့ဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
နတ်မိမယ် ရှောက်ယွီက မျက်လုံးပြူး သွားကာ ဟွာဂျီယူအား ပြုံးလျက် ကြည့်သည်။ သူမ၏ ကောင်လေးကား အိပ်မက် မက်နေသည်။
ဟွာဂျီယူက ရီဖူရှင်းအား ဒေါသတကြီး ကြည့်သည်။ ဤကောင်ကား ကောင်းမွန်သော ရည်ရွယ်ချက်ရှိဟန် မရပေ။
“ထားစမ်းပါ… နင်က မှော်ကလန်က ဂူဘိုင်ယွီကိုတောင်မှ အစေခံအနေနဲ့ ခေါ်ခိုင်းခဲ့တာပဲ… ရှောက်ယွီ အိမ်တော်မှာ နင့်အတွက် နောက်ထပ် အစေခံတွေ ရှိလာမှာ ငါ မလိုလားဘူး…” ဟွာဂျီယူက ပြုံးလျက် ပြောသည်။ ထို့နောက် သူမက ဆက်ပြောသည်… “ဂူဘိုင်ယွီက ခေ့ကေးမြို့မှာလည်း နင့်ကို ဂရုစိုက် ပေးခဲ့တယ်ဆို…”
“အာ…” ရီဖူရှင်း ပါးစိတ်ပိတ် သွားသည်။ တစ်စုံတစ်ယောက်က သူ့အား ချောက်ချလေပြီ။
“အဲဒါ နားလည်မှု လွဲတာ… ဂျီယူ… မင်း သိသင့်တယ်… ငါမင်းကို ဘယ်လောက် အလေးထားလဲ မင်း မသိဘူးလား…” ရီဖူရှင်းက မျက်နှာငယ်လျက် ပြောသည်။
“အင်း…” ဟွာဂျီယူက ပြုံးလျက် ပြောသည်။
“ငါ့ရှေ့မှာ အရမ်း မချစ်ပြနေကြနဲ့… တော်တော့ …” နတ်မိမယ် ရှောက်ယွီက ပြောသည်။ ဟွာဂျီယူက ရှက်ရွံ့သွားကာ ပြောသည်… “ဆရာက ဘာတွေ ပြောနေတာလဲ…”
နတ်မိမယ် ရှောက်ယွီက သူမအား ကြည့်ကာ မေးသည်… “မင်းက တောင်ပေါ်က ဆင်းချင်တာလား…”
“ဟုတ်ကဲ့…” ဟွာဂျီယူက ခေါင်းညိတ်သည်။ သူမ၏ ဆရာကလည်း ခေ့ကေးမြို့တွင် ဖြစ်ပျက်ခဲ့သည် များကို သိသည်။
“မင်းရဲ့ စိတ်က ဒီမှာမှ မရှိတာ… ဟုတ်တယ်မလား…” နတ်မိမယ် ရှောက်ယွီက ဟာသ လုပ်သည်… “ပြန်လာဖို့ သတိရ… ဟုတ်ပြီလား… တစ်စုံတစ်ယောက် ဆီမှာပဲ တွယ်ကပ်မနေနဲ့…” ရီဖူရှင်းက ချွေးစေးများ ပြန်လာသည်။ ကြည့်ရသည်မှာ နတ်မိမယ် ရှောက်ယွီက သူ့အား အမှန်ပင် နားလည်မှု လွဲနေပုံရသည်။
ထိုစဉ်မှာပင် အပြင်မှ လျှောက်လာသော ခြေလှမ်းများကို ကြားရသည်။ ယွန်ရိုနှင့် တခြားလူများ ရောက်လာကြသည်။ သူမက နတ်မိမယ် ရှောက်ယွီအား ပြောသည်… “ဆရာ… ချိန်ယွီအိမ်တော်နဲ့ ဟန်ယွီအိမ်တော်က ရီဖူရှင်းက လစန္ဒာကလန်ကို အတင်း ဝင်ရောက်ခဲ့တယ်လို့ ပြောကြတယ်… ရီဖူရှင်းက ဒီမှာ ရှိနေလား မေးနေကြတယ်…”
နတ်မိမယ် ရှောက်ယွီ မျက်မှောင်ကြုတ် သွားသည်။ သူမက ရီဖူရှင်းဘက်ကို လှည့်ကာ မေးသည်… “ဘာဖြစ်ခဲ့တာလဲ…”
“ခွင့်လွှတ်ပါ… စီနီယာ…” ရီဖူရှင်းက ဦးညွှတ်ကာ အခြေအနေကို ရှင်းပြသည်။ ယွန်ရိုက ခေါင်းညိတ်ကာ ပြောသည်… “ကျွန်မတို့ ရှောက်ယွီ အိမ်တော်က တပည့်မ တစ်ယောက်က အဖြစ်အပျက်ကို ကိုယ်တိုင် မြင်ခဲ့ပါတယ် ဆရာ… သူမကလည်း ဒီလိုပဲ ပြောတယ်…”
“ဒီလိုဆိုရင် ချူလိရန်က ရီဖူရှင်းကို တမင် ခက်ခဲအောင် လုပ်နေတာပဲ…” နတ်မိမယ် ရှောက်ယွီက အနည်းငယ် စိတ်ပျက်စွာ ပြောသည်။ နောက်ဆုံး အကြိမ်က အဖြစ်အပျက်အား သူမတို့ဘက်မှ ဘာမှ မပြောခဲ့သော်လည်း တစ်ဖက်မှ စိတ်ထဲ ထားနေသေးပုံ ရသည်။
“ဒီလိုဆိုရင်တောင်မှ ချူလိရန်က လစန္ဒာကလန်က ဖြစ်တယ်… ရီဖူရှင်းက အပြင်လူပဲ… ရီဖူရှင်းက တိုက်ခိုက်ပြီးတော့ ကလန်ထဲကို အတင်း ဝင်လာတယ်… ဒီအတွက် ကျွန်မတို့က ဘာမှ သိပ်ပြန်ပြောလို့ မရဘူး…” ယွန်ရိုက ပြောသည်။
“အခု ချိန်ယွီအိမ်တော်မှာ ချင်လီ ရောက်နေတယ် မလား…” နတ်သမီး ရှောက်ယွီက ရုတ်တရက် ပြောသည်။
“ဟုတ်တယ်…” ယွန်ရိုက ခေါင်းညိတ်သည်။
“ဒီလိုဆိုရင် သူတို့ကို သွားပြောလိုက်… သူတို့က ရီဖူရှင်းကို ဖိအားပေးချင်တယ် ဆိုရင် ရတယ်… သူတို့က ကော့တေးရဲ့ တပည့်နဲ့ တိုက်ခိုက်ရဲတယ် ဆိုရင်ပေါ့… ဒီလိုဆိုရင် ငါက သူတို့ကို တားမှာ မဟုတ်ဘူး… တကယ်လို့ သူတို့က လစန္ဒာကလန်ရဲ့ ဂုဏ်သိက္ခာနဲ့ ကိုင်ပြီး ပြောမယ်ဆိုရင် တကယ်လို့ ချူလိရန်က ရီဖူရှင်းက လစန္ဒာကလန်ကို လာတာကို တားတယ်ဆိုရင် ချင်လီဝင်လာတဲ့ အချိန်ကရော ငါတို့ဆီက ခွင့်ပြုချက် တောင်းသလား မေးလိုက်…”
ယွန်ရိုက ခေါင်းညိတ်လျက် နတ်မိမယ် ရှောက်ယွီအား ပြောသည်… “ကျွန်မ နားလည်ပါပြီ… အခု သူတို့ကို သွားပြောလိုက်မယ်…”
“ကျွန်တော် စီနီယာယွန်နဲ့ လိုက်သွားသင့်တယ်…” ရီဖူရှင်းက ပြောသည်။
“ကောင်းပြီ… ယွန်ရို… မင်းက ဂျီယူနဲ့ ရီဖူရှင်းကို တောင်အောက်အထိ လိုက်ပို့ပေးလိုက်…” နတ်သမီး ရှောက်ယွီက ပြောသည်။
“ဟုတ်ကဲ့ ဆရာ…” ယွန်ရိုက ပြောသည်။
“ကျေးဇူးတင်ပါတယ်… စီနီယာ…” ရီဖူရှင်းက သူ၏ လက်များကို ဆုပ်ကိုင်လျက် ဦးညွှတ်ကာ ပြောသည်။
ရှောက်ယွီ အိမ်တော်၏ အဝင်ဝတွင်ကား လူအများအပြားက စောင့်ဆိုင်း နေကြသည်။ ချိန်ယွီအိမ်တော်နှင့် ဟန်ယွီအိမ်တော်၏ စွမ်းအားမြင့် တန်ခိုးရှင်များလည်း ရှိနေကြသည်။ ချူယောင်ယောင်နှင့် ချင်လီတို့ကလည်း လူအုပ်ထဲတွင် ရှိသည်။ ရီဖူရှင်းတို့ အုပ်စု သူတို့နှင့် နီးကပ်လာလျှင် လူအများ၏ အာရုံက သူ့ထံ ရောက်လာကြသည်။
ချူယောင်ယောင်က ရီဖူရှင်းနှင့် ဟွာဂျီယူတို့အား ကြည့်ကာ ဘေးမှ ချင်လီအား တွေးမိသည်။
ယွန်ရိုက ရှေ့ကို တက်သွားကာ ပြောသည်… “အခြေအနေက ရှင်းလင်းတယ် … ရီဖူရှင်းက ရှောက်ယွီ အိမ်တော်ရဲ့ တပည့် ဂျီယူဆီကို လာတွေ့တယ် … ကျွန်မတို့ကလည်း လက်ခံတယ်… သူက ကလန်ထဲကို အတင်း ဝင်လာတာ မဟုတ်ဘူး … ဂျူနီယာ ညီမ ချူလိရန်ကို တိုက်ခိုက်ခဲ့တယ် ဆိုတာက ရီဖူရှင်း ပြောခဲ့တာကတော့ သူမက ရီဖူရှင်းကို ကလန်ကို ဝင်ခွင့်မပေးဘဲ ခက်ခဲအောင် လုပ်တယ် ပြောတယ်… ဒါကြောင့်ပဲ သူက မတတ်သာလို့ တိုက်ခိုက်ခဲ့ရတာ ဖြစ်တယ်… ဒါက သူတို့နှစ်ယောက် အကြားက ပုဂ္ဂိုလ်ရေးကိစ္စပဲ… ချူလိရန်က တစ်စုံတစ်ခု ပြောချင်တယ်ဆိုရင် ရီဖူရှင်းကို တိုက်ရိုက် ပြောနိုင်တယ်… ရှောက်ယွီ အိမ်တော်က လစန္ဒာကလန်ရဲ့ အစိတ်အပိုင်း တစ်ခုပဲ… ဒါကြောင့် ကျွန်မတို့က ဒီကိစ္စမှာ ဝင်စွက်ဖက်မှာ မဟုတ်ဘူး…”
ဟန်ယွီအိမ်တော်နှင့် ရှောက်ယွီ အိမ်တော်မှ လူများ မျက်မှောင်ကြုတ် သွားကြသည်။ သူမ၏ အမူအရာအရ ယွန်ရိုက ဤကိစ္စအား မကျေနပ်သည်မှာ သေချာသည်။ ရီဖူရှင်းနှင့် တိုက်ရိုက် ပြောရမည်လော။ ကော့တေးက မည်သို့သော အင်အားစုနည်း။
ယွန်ရိုက လစန္ဒာကလန်အား မေးခွန်းထဲမှ ဆွဲထုတ်ကာ ဤကိစ္စက ပုဂ္ဂိုလ်ရေးကိစ္စဟု ပြောခဲ့သည်။ ပြဿနာများ အားလုံးကို ချူလိရန်ထံသို့ တွန်းပို့လိုက်သည်။
“ချူလိရန်က လစန္ဒာကလန်ရဲ့ တပည့်ပဲ… ပြင်ပလူက ကလန်ထဲကို ဝင်တာကို တားတာက ဘာမှားလို့လဲ…” ဟန်ယွီအိမ်တော်မှ တစ်ယောက်က ပြောသည်။
“ရီဖူရှင်းက ဟန်ယွီအိမ်တော်က လူကို လာတွေ့တာဆိုရင် ဒါက ပြဿနာ မဟုတ်ဘူး… ဒါပေမဲ့ သူက ရှောက်ယွီ အိမ်တော်က လူကို လာတွေ့တာပဲ… ငါတို့ဆီကို ဧည့်သည် လာတာကို ဘယ်တုန်းက ဟန်ယွီအိမ်တော်ရဲ့ ခွင့်ပြုချက်တောင်းဖို့ လိုသွားလဲ…” ယွန်ရို၏ လေသံအား ညင်သာ သိမ်မွေ့သည်… “ချင်ဘုရင်ရဲ့ မြေးကလည်း ဒီမှာရှိတယ်… သူ ကလန်ထဲကို လာတာကို တစ်ယောက်ယောက်က ရှောက်ယွီ အိမ်တော်ကို လာပြီး ခွင့်တောင်းခဲ့လား…”
ချင်လီ၏ မျက်လုံး ပြူးကျယ် သွားသည်။ ယွန်ရိုက သူ့အား ဥပမာပေးခဲ့သည်… “ကျွန်မက ဥပမာပဲ ပေးခဲ့တာ… ကျွန်မက ရှင့်ကို မကျေနပ်တာ တစ်ခုမှ မရှိဘူး… မသင့်တော်တာ တစ်ခုခု ဖြစ်သွားရင် စိတ်မရှိပါနဲ့…”
“ဒါ အဆင်ပြေတယ်…” ချင်လီက အရေးမလုပ်ဟန်ဖြင့် ပြုံးသည်… “ကျုပ်က ကော့တေးက လူတွေရဲ့ လုပ်နည်း လုပ်ဟန်တွေကို ခေ့ကေးမြို့မှာ မြင်ပြီးပြီ… အရှေ့မြေရိုင်း ဒေသက လူတွေ အကုန်လုံး သိကြတယ်… ခင်ဗျားပြောတာ ဟုတ်တယ်… ဒါက အရေးကြီးတဲ့ ကိစ္စမဟုတ်ဘူး… တကယ်လို့ ရီဖူရှင်းက ချူလိရန်ကို တောင်းပန်ပေးမယ် ဆိုရင် ကျုပ်တို့က အားလုံးကို ပြေငြိမ်းပေးလို့ ရတယ်… ကျုပ်တို့က ဒီမှာ ရှိတဲ့လူတွေရဲ့ ဆက်ဆံရေးကို ပျက်ပြားစရာ မလိုတော့ဘူး…”
ရီဖူရှင်းက ချင်လီအား ကြည့်သည်။ သူက ဤကောင်အား ပိုမို၍ ကြည့်မရ ဖြစ်လာသည်။
“ငါ့ကိစ္စမှာ မင်းက ဘယ်တုန်းက ဝင်ပြောခွင့် ရှိသွားတာလဲ…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ သူက နှိမ့်ချနေစရာ မလိုပေ။
***