“ ဆရာ… ဘာလို့အထဲကို ရောက်နေရတာလဲ… ”
“ အမ်…သမီးကို လာခေါ်တာလေ။ သွားစို့… ဆရာ့ကို အရှက်မရစေနဲ့ ”
အောင်းရိသည် တာအိုရသေ့အိုကြီး ယွမ်ကျဲတစ်ယောက် ကောင်မလေးနှစ်ယောက်ကို ခေါ်၍ ကောင်းကင်သို့ လျင်မြန်စွာ ပျံသွားသည်ကို မျက်လုံးစွန်းမှ နေ၍ တွေ့လိုက်ရသည်။ သူတို့သည် ခပ်သုတ်သုတ်ပျံသွားပြီးနောက် တိမ်ပေါ်ရှိ လူအုပ်ကြားသို့ ရောက်သောအခါ မည်သည့်အရာမှ မဖြစ်ပျက်ခဲ့ဟန် ဆောင်နေလေသည်။
ထို့နောက် လီချန်ရှို့သည် ကောင်းကင်ပေါ်သို့ ပျံတက်လိုက်ပြီး ဦးညွှတ်လိုက်သည်။
“ ကျွန်တော်က ချုံတောင်လေးက တပည့်ချန်ရှို့ပါခင်ဗျာ… မင်္ဂလာပါ.. ”
ရင်းနှီးသောလေသံလေးသည် ညကောင်းကင်ယံကို ဖြတ်၍ ရောက်ရှိလာရာ အောင်းရိ၏ ခြေထောက်များ တုန်လှုပ်သွားပြီး ရှေ့သို့ယိုင်သွား၏။
သူ ရှုံးသွားပေပြီ။
အမှန်အားဖြင့် သူနောက်တစ်ကြိမ်ရှုံးခဲ့ခြင်းပင်။
သူ ဆယ်နှစ်သားအရွယ်တွင် ရှုံးလိုသော်လည်း လီချန်ရှို့က ဦးအောင် အရှုံးပေးသွား၏။ ထို့ကြောင့် သူသည်သာ အရှုံးသမားဖြစ်၏။
ယနေ့တွင် …
‘ ငါ့မှာ မယ်တော်ပေးထားတဲ့ ရေဝိညာဉ်ပုလဲလုံးရှိတာတောင် ဒီ ရိုးရှင်းတဲ့ ထောင်ချောက်မန္တန်အစီအရင်လေးတွေကို မဖောက်ထွက်နိုင်ဘူး ’
‘ ငါ့မှာ ဆရာပေးထားတဲ့ ရေခဲဓားလည်း ရှိတယ်.. ဒါပေမဲ့ အဲဒီမန္တန်အစီအရင်ထဲက ပုံရိပ်ယောင်တွေကို မရှင်းလင်းနိုင်ခဲ့ဘူး ’
‘ ငါဘယ်လိုလုပ် သူ့ကို ဒီဓားနဲ့ ထပ်စိန်ခေါ်ရင် မျက်နှာပြောင်တိုက်သလို ဖြစ်တော့မှာပေါ့… ’
သို့သော် အောင်းရိအနေဖြင့် အရှုံးပေးလိုက်ဖို့ မလွယ်ပေ။ သူ့ကိုယ်သူ နာမည်ကျော်ကြားအောင်လုပ်ရန် ဤအစီအစဉ်ကို ဆွဲခဲ့ခြင်းပင်။ သူသည် ရောက်ရာနေရာတွင် သူတို့၏ တာအိုတရားကို အာပေါင်အာရင်းသန်သန် ဆွေးနွေးတတ်သော ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများကို အသုံးချကာ လူသားမျိုးနွယ်မှ စွမ်းအားကြီးသူများကို စိန်ခေါ်လိုခြင်း ဖြစ်သည်။
အဘယ်ကြောင့် အခြေအနေများသည် အမြဲ သူ စီစဉ်ထားသကဲ့သို့ မဖြစ်ရသနည်း။
အောင်းရိသည် ဆက်၍ရပ်နေပြီး သူ၏ မျက်လုံးထဲတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေလေသည်။ မည်သို့ဆက်လုပ်ရမည်ကို သူ မသိတော့ပေ။ သူတွေးလိုက်သည်။
‘ ငါ လီချန်ရှို့ကို ဦးညွှတ်ပြီးတော့ ‘ ကျွန်တော်က အစ်ကို့လောက်မတော်ပါဘူး ’ လို့ပြောလိုက်ရမလား ’
‘ ဒါမှမဟုတ် ငါ့အစီအစဉ်တိုင်းပဲ မျက်နှာပြောင်တိုက်ပြီး သူ့ကို ငါနဲ့ လက်ရည်စမ်းဖို့ ထပ်စိန်ခေါ်လိုက်ရမလား ’
အောင်းရိသည် ရင်တွင်း၌ သက်ပြင်းချလိုက်သည်။ သို့သော် သူသည် ထိုကဲ့သို့ အရှက်မရှိသော ကိစ္စမျိုးကို မလုပ်လိုပေ။
သူသည် ပုလဲလုံးကို သိမ်းလိုက်ပြီးနောက် ဓားကို ဓားအိမ်အတွင်းပြန်ထည့်ကာ ရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်သည်။ သူသည် ဆေးဖော်ဆောင်အရှေ့တွင် ရှိနေသော လီချန်ရှို့ကို ဦးညွှတ်လိုက်၏။
“ ကျွန်တော်..အောင်းရိ ဒီနေ့ အစ်ကို့ မန္တန်အစီအရင်တွေရဲ့ အံ့အားသင့်ဖွယ်ကောင်းမှုကို တွေ့ကြုံခဲ့ရပါပြီ ”
ထို့သို့ပြောပြီးနောက် အောင်းရိသည် နောက်လှည့်ကာ ထွက်သွားလိုက်လေတော့သည်။
သို့သော် ကောင်းကင်ပေါ်တွင် လှည့်ပတ်ပျံသန်းနေသော ကောင်းကင်နတ်မင်းတစ်ဦးသည် အတန်ငယ် မျက်မှောင်ကြုတ်၍ တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
“ ခင်ဗျားတို့ ဂိုဏ်းရဲ့ တပည့်လေး လီချန်ရှို့က အခန်းအောင်းကျင့်ကြံနေတာက ထွက်လာပြီ ဆိုတော့ မန္တန်အစီအရင်အတတ်နဲ့ ပြိုင်စရာမလိုတော့ပါဘူး။ သူတို့နှစ်ယောက်ကို ပုံမှန်အတိုင်းပဲ လက်ရည်စမ်းခိုင်းလို့ရပါပြီ။ ဒါက အနိုင်အရှုံး အဓိက မဟုတ်ပါဘူး။ ဒီနေ့ ကျုပ်တို့ ရွှေနတ်လိပ်ကျွန်းက တူလေး အောင်းရိရဲ့ နှလုံးသားထဲမှာရှိနေတဲ့ အရင်က ရှုံးခဲ့လို့ မတင်မကျဖြစ်နေတဲ့အရာကို ပျောက်သွားအောင်လုပ်ပေးဖို့ လာခဲ့တာပါ ”
အောင်းရိတစ်ယောက် မော့ကြည့်လိုက်ပြီး တုံ့ဆိုင်းသွားသည်။
သို့သော် တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲတစ်ဦးက ဝင်ပြောလိုက်သည်။
“ ချန်ရှို့.. မင်း ဒီနဂါးနန်းတော်က မင်းသားလေးနဲ့ ထပ်ပြီး လက်ရည်စမ်းချင်လား။ သူက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို မင်းနဲ့အဆင့်တူအထိ ချိတ်ပိတ်ပေးထားမယ်တဲ့။ ဗလာနတ္ထိ သတ္တမအဆင့်ထိပေါ့ ”
လီချန်ရှို့က တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။ သူသည် ထိုလူများ ဤသို့ပြောမည်ကို ကြိုတင်မှန်းဆထားပြီးသားဖြစ်သည်။
နှစ်ဖက်လုံးသည် မန္တန်အစီအရင်အတတ်နှင့် ဂုဏ်သိက္ခာအပိုင်းတွင် စတင်ယှဉ်ပြိုင်ပြီးသားဖြစ်နေ၍ လက်ရည်စမ်းပွဲကို ငြင်းဆိုရန် မသင့်တော်တော့ပေ။
သူသည် ဦးညွှတ်၍ ပြောလိုက်၏။
“ ဂိုဏ်းက စီစဉ်တာကို ကျွန်တော် လိုက်နာပါ့မယ် ”
ချက်ချင်းပင် ကောင်းကင်ပေါ်ရှိ အကြီးအကဲများ၏ မျက်နှာသည် ဝမ်းသာမှုကြောင့် ဝင်းလက်သွားကြ၏။
အကြီးအကဲများ၏ စိတ်ထဲ၌ ကိစ္စတစ်ခုကို တညီတညွတ်တည်း တွေးပြီးသားဖြစ်၏။ ရွှေနတ်လိပ်ကျွန်းမှ သူများ ပြန်သွားလျှင် ထိုအကြီးအကဲများသည် သူတို့ကိုကို အံ့အားသင့်အောင်လုပ်လိုက်နိုင်သော တပည့်ငယ် လီချန်ရှို့ကို ဆုချီးမြှင့်ရန် ဆုံးဖြတ်ထားကြ၏။
ထိုလူအုပ်သည် ကောင်းကင်ခွင်းတောင်သို့ ချက်ချင်းပင်ပြန်သွားကြသည်။ သူတို့ကောင်းကင်ခွင်းတောင်မှ အလာတွင် ကောင်းကင်၌ လူ ခြောက်ယောက်၊ ခုနှစ်ယောက်သာရှိခဲ့၏။ ယခုအပြန်တွင် ကောင်းကင်တွင် တိမ်များနှင့်ပြည့်နက်နေရာ ကြယ်များကိုပင် မမြင်နိုင်တော့ပေ။
လီချန်ရှို့သည် ထိုအကြီးအကဲများ၏ နောက်တွင် ရိုရိုကျိုးကျိုးဖြင့် လိုက်ပါသွား၏။ ကျိုးဝူသည် သူ့ဘေးသို့ ခပ်သုတ်သုတ်ရောက်လာပြီး သူ၏လက်မောင်းကိုကိုင်ကာ နောက်သို့ ဆွဲလိုက်သည်။
“ ဒါက မင်းအတွက်… ”
ကျိုးဝူသည် သူ၏လက်ကို လီချန်ရှို့၏ အင်္ကျီလက်အတွင်းထည့်၍ ရတနာအိတ်တစ်ခုကို ထည့်ပေးလိုက်သည်။ ထို့နောက် သူသည် အသံပို့လွှတ်၍ ပြောလိုက်သည်။
“ နဂါးနန်းတော်က မင်းသားလေးဆီမှာ နတ်ရတနာရှိတယ်။ အဲဒီဓားကို အထင်သေးလို့မရဘူး။ တကယ်လို့ သူက အဲဒီဓားသုံးပြီး မင်းကို ဒဏ်ရာရအောင်လုပ်ချင်လာရင် ဒီရတနာအိတ်ထဲက ပစ္စည်းနဲ့ သူ့ကို ပြန်တိုက်လိုက်… ”
“ ဒါက ငါ့ဆရာရဲ့ ခရမ်းရောင်တံဆိပ်တော်ပဲ… ဒါကလည်း နတ်ရတနာပဲ။ မင်းကို ငှားပေးချင်လို့ ငါ ဆရာ့ဆီက တောင်းလာတာ။ မှတ်ထားနော် ဒါက ငှားပေးတာ။ မင်းအတွက် လက်ဆောင်မဟုတ်ဘူး ”
လီချန်ရှို့ မရယ်ဘဲ မနေနိုင်အောင်ဖြစ်သွား၏။ သူသည် ရတနာအိတ်ကို ပြန်ထုတ်လိုက်ပြီး ကျိုးဝူ၏ အင်္ကျီလက်အတွင်းသို့ ပြန်ထည့်ပေးလိုက်သည်။
‘ ဟင်… ဆရာဦးလေးရဲ့ အင်္ကျီလက်မှာ ရတနာအိတ်တချို့ကို တွဲချည်ထား တာပဲ။ အထဲမှာ ဘာရတနာတွေများ ပါလဲမသိဘူး… ’
“ ဆရာဦးလေး… စိုးရိမ်ဖို့မလိုပါဘူး။ သူ့ကို ယှဉ်ဖို့ ကျွန်တော့်နည်း ကျွန်တော့်ဟန်တွေရှိပါတယ် ”
လီချန်ရှို့သည် ပြန်၍ အသံပို့လွှတ်လိုက်သည်။
“ ကျွန်တော် သူ့ကို ဒီတိုက်ပွဲမှာ နိုင်ခွင့်ပေးမှာ မဟုတ်ပါဘူး။ အဲ…သူသာ နဂါးအဖြစ်ပြောင်းပြီး မတိုက်ဘူးဆိုရင်ပေါ့… ”
ကျိုးဝူ နာမလည်နိုင်အောင် ဖြစ်သွားသည်။ လီချန်ရှို့သည် အသံထပ်၍ ပို့လွှတ်လိုက်ပြန်သည်။ ကျိုးဝူသည် ရုတ်ချည်းပင် မျက်ခုံးပင့်၍ ရေရွတ်လိုက်၏။
“ ဒါ…ဒါက မသင့်တော်ဘူး ထင်တယ် ”
လီချန်ရှို့သည် ပြုံး၍ ပြန်ပြောလိုက်သည်။
“ စည်းကမ်းတွေကို တရားသေလိုက်နာနေလို့ မရဘူး။ ဒါက ကျွန်တော့်ရဲ့ ဆရာအမြဲ သင်ပေးတဲ့အရာပဲ ”
“ ဟုတ်သားပဲ… မင်းရဲ့ဆရာရော ဘယ်မှာလဲ။ မင်းရဲ့ လက်ရည်စမ်းပွဲကို မင်းရဲ့ဆရာကို လာကြည့်ခိုင်းသင့်တယ် ”
“ အာ… ”
လီချန်ရှို့သည် ဂိုဏ်အပြင်ရှိ လီနှစ်ထောင်ကျော်ဝေးသော တောအုပ်အတွင်း၌ အိပ်ပျော်နေသော သစ်ပင်ပင်စည်ကြီးကို နတ်အာရုံသုံးကာ အာရုံခံလိုက်သည်။ သူ၏ နှုတ်ခမ်းစွန်းလေးနှစ်ခုအတန်ငယ် တွန့်ကွေးသွားပြီး ထိုပင်စည်၏ ပတ်လည်တွင် သူ၏ နတ်အာရုံအချို့ကို ထားခဲ့လိုက်၏။
ထို့နောက် သူပြန်ဖြေလိုက်သည်။
“ ကျွန်တော်လည်း မသိဘူး။ ဒီတလော ဆရာ သိပ်စိတ်မပျော်ဘူးဖြစ်နေတယ်။ စိတ်ပြေလက်ပျောက် ဂိုဏ်အပြင်ကို ထွက်သွားတာနေမယ်… ”
ကျိုးဝူသည် သက်ပြင်းဖွဖွချလိုက်သည်။
“ အင်း… မင်းရဲ့ ဆရာက မြေနတ်ဝိဇ္ဇာဖြစ်လာပြီပဲ။ နတ်ဝိဇ္ဇာလမ်းစဉ်က တကယ် မလွယ်ဘူး။ မင်းလည်း သိပ်အများကြီး တွေးမနေပါနဲ့။ ဒီတစ်ပွဲမှာ ကောင်းကောင်းသာ တိုက်လိုက်။ ရှုံးတာ နိုင်တာ အရေးမကြီးဘူး။ အဲ ဆိုးဆိုးဝါးဝါးတော့ မရှုံးစေနဲ့ပေါ့ ”
လီချန်ရှို့ ခေါင်းညိတ်ပြလိုက်သည်။
သူတို့ ရှေ့မှ အကြီးအကဲသည် သူတို့နှစ်ဦးကို လှည့်ကြည့်လိုက်ရာ ကျိုးဝူသည် မည်သည့်စကားမှ ထပ်မပြောဝံ့တော့ချေ။ သူသည် လီချန်ရှို့နှင့်အတူ တိမ်စီးကာ ထိုအကြီးအကဲများ၏ နောက်မှ တိတ်တဆိတ်လိုက်သွားလိုက်လေတော့၏။
*****
ခေတ္တမျှကြာသောအခါ ကောင်းကင်ခွင်းတောင်ရှိ တုနတ်ဝိဇ္ဇာခန်းမရှေ့မှ မြေကွက်လပ်အပေါ်သို့ အကြီအကဲတစ်ဦးသည် ညလင်းပုလဲများကို ပစ်၍ အလင်းပေးလိုက်ရာ နေ့ခင်းအလား လင်းထိန်သွားလေသည်။
ထိုခန်းမရှေ့တွင် လူတစ်ရာကျော်မျှ ရပ်နေလေ၏။ တုနတ်ဝိဇ္ဇာဂိုဏ်းထဲမှ လူတစ်ဝက်ခန့်သည်လည်း သူတို့၏ စိတ်အာရုံများနှင့် နတ်အာရုံများကိုသုံးကာ စောင့်ကြည့်နေကြ၏။
ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံသူများသည် မည်သည်မှ ထပ်မပြောတော့ချေ။
ကျိုးဝူသည် အကြီးအကဲများနှင့် ဆွေးနွေးပြီးနောက် ရှေ့သို့ထွက်၍ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ လက်ရည်စမ်းတာနဲ့ တာအိုတရားဆွေးနွေးတာရဲ့ ရည်ရွယ်ချက်က မိမိရဲ့ တာအိုအပေါ် နားလည်မှုကို စမ်းစစ်ဖို့ပဲ ဖြစ်သင့်ပါတယ်။ အဲဒါက ကိုယ်နားလည်ထားတဲ့ တာအိုတရားကို ထုတ်ဖော်ပြသဖို့သာ ဖြစ်ပြီး အမှန်တကယ် ရန်ဖြစ်ဖို့ မဟုတ်ပါဘူး။ ဒါကြောင့် လက်ရည်စမ်းတဲ့နေရာမှာ နှစ်ဖက်လုံးက ရိုးရိုးသားသား တိုက်ခိုက်ပြီး တစ်ယောက်ကို တစ်ယောက် ဒဏ်ရာကြီးကြီးမားမား ရအောင် မလုပ်ရပါဘူး ”
“ ဒီခန်းမရှေ့မှာ ရှိတဲ့ မြေကွက်လပ်က ပြိုင်ပွဲစည်းဝိုင်းပါပဲ။ ကျွန်တော်တို့ နဂါးနန်းတော်ရဲ့ စည်းမျဉ်းအတိုင်းပဲ ဆက်ကျင့်သုံးပါမယ်။ တကယ်လို့ ရှုံးတော့မယ်ဆိုရင်တောင် အသက်ကို ရန်ရှာနိုင်တဲ့ ရတနာမျိုးကို သုံးခွင့်မရှိပါဘူး… ”
အောင်းရိနှင့် လီချန်ရှို့တို့ စည်းမျဉ်းများကို သဘောတူလိုက်သည်။
ထို့နောက် အောင်းရိသည် သူ၏ ခါး၌ချိတ်ဆွဲထားသော နတ်ရတနာဓားကို ချွတ်လိုက်ပြီး ငွေဖြူရောင်လက်အိတ်တစ်စုံကို ထုတ်၍ ဖြည်းဖြည်းချင်း ဝတ်ဆင်လိုက်သည်။
ထို့နောက် သူသည် နောက်လှည့်၍ လက်နှစ်ဖက်ဆုပ်ကာ ရွှေနတ်လိပ်ကျွန်းမှ ကောင်းကင်နတ်မင်းငါးဦးထံသို့ အရိုအသေပေးလိုက်၏။
“ ဆရာတို့… ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဗလာနတ္ထိသတ္တမအဆင့်အထိ ချိတ်ပိတ်ဖို့ ကူညီပေးပါ ခင်ဗျာ… ”
“ ကောင်းပြီ ”
သက်လတ်ပိုင်း တာအိုရသေ့တစ်ဦးသည် အတန်ငယ် ခေါင်းညိတ်ပြလိုက်သည်။ သူသည် လက်ဝဲလက်ကို ဝှေ့ယမ်း၍ အဆောင်သင်္ကေတတစ်ခုကို လေထဲတွင် ရေးဆွဲလိုက်ပြီး အောင်းရိထံ ပို့လွှတ်လိုက်သည်။ အောင်းရိ၏ ကိုယ်ရောင်ကိုယ်ဝါသည် ရုတ်ချည်း နိမ့်ကျသွား၏။
“ ဒီအဆောင်က မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို နှစ်နာရီ ချိတ်ပိတ်ထားလိမ့်မယ် ”
“ ကျေးဇူးတင်ပါတယ်… ”
ထို့နောက် အောင်းရိနှင့် လီချန်ရှို့သည် မြေကွက်လပ်အတွင်းသို့ လျှောက်သွားကြ၏။ သူတို့သည် တစ်ဦးနှင့်တစ်ဦး (၁၅)ကျန့်ကျော်ကျော် အကွာတွင် ရပ်နေကြသည်။ သူတို့၏ ကိုယ်ရောင်ကိုယ်ဝါများသည် အချင်းချင်း ရိုက်ခတ်သွား၏။
ရုတ်တရက် အော်ဟစ်သံတစ်သံ လွင့်ပျံလာသည်။
“ အစ်ကို ချန်ရှို့… ”
လီချန်ရှို့လှည့်ကြည့်လိုက်ရာ အနီရဲရဲဝတ်စုံလေးကို ဝတ်ဆင်ထားသော ယုံချင်ရွှမ်းယာကို တွေ့လိုက်ရ၏။ သူမသည် ခန်းမရှေ့မှ နေ၍ သူ့ကို လှမ်းကြည့်နေပြီး မျက်လုံးများသည်လည်း စိုးရိမ်မှုများနှင့် ပြည့်နှက်နေ၏။
“ ကိုယ့်ကိုယ်ကို တအား ဖိအားမပေးပါနဲ့… ”
“ အင်း … ”
လီချန်ရှို့သည် မကောင်းတတ်၍ ပြုံးကာ ခေါင်းညိတ်ပြလိုက်ရသည်။
ထို့နောက် လီချန်ရှို့သည် အောင်းရိကို ကြည့်ကာ ပြောလိုက်သည်။
“ မင်းသားအောင်းရိ … ဒီနေ့က မိစ္ဆာနှိမ်နင်းရေးတွေ့ဆုံပွဲက နေ့နဲ့ နည်းနည်းကွာတယ်။ ကျုပ် မတရား အခွင့်အရေးယူထားသလို ဖြစ်နေတယ် ”
အောင်းရိ၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုများနှင့် ပြည့်နေ၏။ သူသည် ရှင်းလင်းပြတ်သားသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ အစ်ကိုချန်ရှို့ ကြိုက်သလို တိုက်လို့ရပါတယ် ”
လီချန်ရှို့ ခေါင်းညိတ်ပြလိုက်သည်။ သူသည် သူ၏တာအိုဝတ်ရုံအရှေ့ပိုင်းကို လက်တစ်ဖက်ဖြင့် မ၍ နောက်ကျောသို့ပို့လိုက်ကာ စိန်ခေါ်သည့် လက်ဟန်လုပ်ပြလိုက်သည်။
ပွဲသည် အစမှာပင် တင်းမာနေလေ၏။
သို့သော် လီချန်ရှို့သည် စိတ်ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
သူသည် တိုက်ပွဲဗျူဟာကို ဂရုတစိုက် စဉ်းစားထားပြီးပြီ ဖြစ်ပေသည်။
‘ ငါ တည်တည်ငြိမ်ငြိမ်နဲ့ ကောက်ကျစ်စဥ်းလဲ…အဲလေ..အဟမ်း.. တည်တည်ငြိမ်ငြိမ်နဲ့ အနိုင်ယူမယ် ’
‘ ငါ ဘာ ဝှက်ဖဲကိုမှ ထုတ်ပြမှာမဟုတ်ဘူး ’
အောင်းရိသည် အသက်ပြင်းပြင်တစ်ချက် ရှူလိုက်ပြီး သူ၏ မျက်နှာထားသည် တည်ကြည်သွားတော့သည်။ သူ့ပတ်လည်တွင် ရေခဲမီးတောက်များ ပေါ်လာ၏။
လီချန်ရှို့၏ အင်္ကျီလက်အတွင်းမှ အဝါရောင် အဆောင်စက္ကူများ ထွက်သွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် အဆောင်တစ်ရာကျော် ထုတ်လိုက်လေ၏။
အောင်းရိသည် ထိုအကွက်ကို ယခင်က ကြုံခဲ့ဖူးပြီဖြစ်သည်။ သို့သော် ယခု အဝါရောင်အဆောင်စက္ကူများ၏ စွမ်းအားသည် ယခင်ကထက် များစွာပို၍ ပြင်းကြောင်း ခံစားလိုက်ရ၏။
အောင်းရိသည် ရပ်နေရာမှ ရှေ့သို့ ပြေးတက်လိုက်၏။ ရေခဲမီးတောက်တချို့သည် နဂါးတစ်ကောင်၏ ပုံရိပ်ကဲ့သို့ ပြောင်းလဲသွားပြီး လီချန်ရှို့ဘေးတွင် လှည့်ပတ်ကာ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်၏။
ဤအကြိမ်တွင်မူ လီချန်ရှို့သည် ခြေလှမ်းကွက်သုံး၍ မရှောင်တော့ပေ။ သူသည် တည်ငြိမ်စွာပင် ရပ်နေပြီး မန္တန်များရွတ်ဆိုလိုက်သည်။ သူသည် အလွန်လျင်မြန်စွာ ရွတ်ဆိုနေသဖြင့် စာသားများကို သေချာမကြားရဘဲ သီချင်းတစ်ပုဒ်ညည်းနေသည်ဟုပင် ထင်ရလေသည်။
အောင်းရိသည်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ကို ကိုယ်တိုင်ဝင်ရောက် တိုက်ခိုက်လိုက်၏။
သူသည် တောင်တစ်လုံးကိုပင် နှစ်ခြမ်းခွဲပစ်နိုင်သော စွမ်းအားဖြင့် လီချန်ရှို့၏ ရင်ဘက်ကို ထိုးလိုက်သည်။ ထိုအခိုက် အောင်းရိသည် မျက်မှောင်ကြုတ်သွားပြီး လက်သီးကို လမ်းကြောင်းပြောင်းရန် လုပ်လိုက်၏။
သို့သော်…
ဝှစ်…
လီချန်ရှို့သည် ရှေ့သို့ကိုင်းလိုက်ပြီး မြေကြီးပေါ်ရှိ တံလှပ်ထနေသော နေရာအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေ၏။
မြေကိုယ်ယောင်ဖျောက်အတတ်ပင်။
လီချန်ရှို့သည် မြောက်ကျွန်း၌ ထိုအတတ်ကိုသုံး၍ ယုံချင်ရွှမ်းယာကို နှစ်ကြိမ်ကယ်ခဲ့ရာ ဂိုဏ်းသည် သူ့တွင် မြေကိုယ်ယောင်ဖျောက်အတတ်ရှိသည်ကို သိခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထို့ကြောင့် သူသည် ပေါ်ပေါ်ထင်ထင် သုံးလိုက်ခြင်း ဖြစ်ပေသည်။
အောင်းရိ၏ လက်သီးချက်နှင့် ရေခဲလုံးများသည် လီချန်ရှို့ကိုလွဲသွား၏။ အောင်းရိသည် ကိုယ့်အရှိန်နှင့်ကိုယ် ရှေ့သို့ ကိုင်းသွားပြီး ခြေဆယ်လှမ်းခန့် လျှောက်လိုက်ရလေသည်။
ဒုတိယမင်းသားလေး အောင်းရိသည် ခေါင်းကို နောက်သို့လှည့်ကြည့်လိုက်ရာ အဝါရောင်အဆောင်စက္ကူများသည် မန္တန်အစီအရင်တစ်ခုအဖြစ် စတင် ဆင်နေပေပြီ။ ထိုအစီအရင်အတွင်းမှ မီးတောက်များ အဆက်မပြတ် ထွက်လာ၏။
ထိုအရာသည် သာမန်မီးတောက်မန္တန်သာ ဖြစ်သော်လည်း လီချန်ရှို့၏ ဗလာနတ္ထိသတ္တမအဆင့်ရှိ ဓမ္မတန်ခိုးများ ပါဝင်နေသဖြင့် အတော်အတန် စွမ်းအားကြီး၏။
အောင်းရိသည် သူ၏ မျက်နှာကို လက်များဖြင့် ကာ၍ ဘေးဘယ်ညာ ခုန်ရှောင်လိုက်သည်။ သို့သော် သူ့ကို မီးတောက်များ အဆက်မပြတ်ထိမှန်သွား၏။
လီချန်ရှို့သည် မြေအောက်ထဲတွင် တိတ်တဆိတ်သွားကာ အလစ်ဝင်တိုက်နိုင်မည့် အခွင့်အရေးကို ရှာနေလေ၏။ သူသည် နိုင်နိုင်၊ ရှုံးရှုံး ဂရုမစိုက်ပေ။ ထိုနှစ်ခုအကြားတွင် များစွာ ကွာခြားမှုမရှိဟု သူခံစားရ၏။
သို့သော် အရေးကြီးသည်မှာ မည်သို့ နိုင်၍ မည်သို့ရှုံးသွားမည့် အချက်သာဖြစ်သည်။
အကယ်၍ သူသည် အောင်းရိနှင့် ထိပ်တိုက်ရင်ဆိုင်ကာ အပြင်းအထန် တိုက်ခိုက်ခဲ့လျှင် သူ ရှုံးရှုံးနိုင်နိုင် ဂိုဏ်းမှတပည့်များသည် သူ့ကို မှတ်မိသွားပေလိမ့်မည်။ သို့သော် သူသည် မြေကိုယ်ယောင်ဖျောက်အတတ်နှင့် အဆောင်များကို သုံး၍ အောင်းရိကို ထိပ်တိုက်ရင်မဆိုင်ခဲ့လျှင် သူ ရှုံးရှုံးနိုင်နိုင် သူ့ကို မည်သူမှ မှတ်မိမည်မဟုတ်ပေ။ အများစုသည် သူ့ကို သိပ်၍ အထင်ကြီးမည် မဟုတ်ချေ။
သူသည် မန္တန်အစီအရင်များနှင့် မြေကိုယ်ယောင်ဖျောက်အတတ်တွင် ထူးချွန်သော တပည့်အဖြစ် မျက်နှာကောင်းရနိုင်သော်လည်း အများစုအတွက်မူ ထိုနည်းများသုံး၍ အနိုင်ယူခြင်းကို လှည့်ဖျားခြင်းဟုသာ ထင်ကြ၏။ မည်သူမှ သူ့ကို သူရဲကောင်းတစ်ဦးအနေနှင့် မြင်မည်မဟုတ်ပေ။
‘ အာ… အဲဒီလိုလည်းဖြစ်ချင်မှ ဖြစ်မှာ။ အဲဒါတွေအတွက်တော့ ငါလည်း ဘာဖြစ်မယ်ဆိုတာ သေချာမသိဘူး ’
အကယ်၍ သူသည် ထိုသို့တိုက်ခိုက်မှုအတွက် နာမည်ဆိုးနှင့် ကျော်ကြားသွားလျှင်လည်း ကိစ္စမရှိပေ။
လီချန်ရှို့ အလိုရှိသည်မှာ ဤကိစ္စမြန်မြန်ပြီးဆုံးသွားပြီး သူ၏ တည်ငြိမ်သော နဂိုဘဝလေးကို ပြန်ရ၍ အေးအေးလူလူ ဆက်ကျင့်ကြံလိုခြင်းသာ ဖြစ်သည်။
‘ ဒီတော့… ငါတောင်းပန်ပါတယ်..နဂါးလေးရေ… ’
မန္တန်အစီအရင်အတွင်းမှ မီးတောက်များ အဆက်မပြတ်ထွက်ပေါ်နေရာ အောင်းရိ အရေးနိမ့်လာ၏။ သို့သော် သူ့တွင် ဒဏ်ရာ များများစားစား မရသေးချေ။
အောင်းရိသည် စိတ်လှုပ်ရှားစွာဖြင့် လီချန်ရှို့ကို ဆက်၍ ရှာဖွေနေလေသည်။
မြေကြီးသည် တည်ငြိမ်အေးဆေးနေသော်လည်း တစ်နေရာမှ နေ၍ ကိုယ်ရောင်ကိုယ်ဝါ အစွန်းအစလေး ထွက်လာ၏။
‘ အဲဒီနေရာပဲ…
အောင်းရိသည် ထိုနေရာသို့ လျင်မြန်စွာသွားလိုက်ပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ မြေပြင်ပေါ်တွင် တွင်းကြီးတစ်တွင်းဖြစ်သွားသော်လည်း လီချန်ရှို့၏ အရိပ်အယောင်ကိုမူ မတွေ့ရချေ။
ထိုအခိုက်တွင် လက်ကြီးတစ်ဖက်သည် အောင်းရိ၏ အနောက်ဘက် မြေပြင်အတွင်းမှ ထွက်လာ၏။ ထိုလက်တွင် အဆောင်တစ်ခုကပ်ထားရာ အောင်းရိသည် အာရုံမခံနိုင်ပေ။ လီချန်ရှို့၏ လက်အတွင်း၌ ဓားမြောင်တစ်ချောင်းကိုင်ထားလေ၏။ ထိုဓားမြောင်သည် ဓမ္မရတနာတစ်ခုဖြစ်သည်။ ထို့နောက် သူသည် အောင်းရိ၏ ခြေထောက်ကို ချိန်လိုက်၏။
ဝှစ် …
သေးငယ်သော သွေးမြားတစ်ချောင်းထွက်သွား၏။ အောင်းရိသည် ချက်ချင်းပင် ခုန်ရှောင်လိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်သည်။ လက်ကြီးသည် မြေကြီးအတွင်းသို့ ရုတ်ချည်း ပြန်ဝင်နေပေပြီ။
အောင်းရိသည် အသက်တစ်ချက်ရှူကာ အလျင်အမြန်တိုက်ရန် ကြိုးစားလိုက်သော်လည်း ထပ်၍ လွဲသွားပြန်သည်။
အောင်းရိ၏ မျက်လုံးများပြူးသွားပြီး လေထဲသို့ ခုန်လိုက်၏။
ထိုအချိန်တွင် တိုက်ခိုက်ရန် အချိန်ကြာမြင့်စွာ စောင့်နေခဲ့ရသော အဆောင်များသည် ၎င်းတို့၏ အစွမ်းကို ဆက်တိုက် ထုတ်ဖော်လိုက်ကြသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် ကောင်းကင်တွင် အဝါရောင်အဆောင်စက္ကူများပေါ်လာပြီး မီးတောက်များအဖြစ် ပြောင်းလဲသွားကာ အောင်းရိကို ဖိချလိုက်၏။
ဤအကြိမ်တွင် သမာဓိမီးတောက် အနည်းငယ်ပါရာ အောင်းရိ၏ အသားများကို လောင်ကျွမ်းသွား၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးလောင်ဒဏ်ရာများနှင့် ပြည့်သွားရာ အလွန်နာကျင်စွာ ခံစားလိုက်ရ၏။ သူ အရေးနိမ့်နေပေပြီ။
ထိုသမာဓိမီးတောက်သည် လီချန်ရှို့၏ စိတ်တန်ခိုးကို သုံး၍ ပြုလုပ်ထားသည့် စွမ်းအားအသင့်အတင့်သာ ပါသော မီးတောက်ဖြစ်သည်။
အောင်းရိ မြေပေါ်သို့ ပြန်ရောက်ရောက်ချင်းမှာပင် သူ၏ မမြင်ကွယ်ရာနေရာမှ နတ်အာရုံကိုသုံးကာ အာရုံခံ၍မရသည့် လက်တစ်ဖက်သည် မြေကြီးအတွင်းမှနေ၍ ထွက်လာလေသည်။
ဤအကြိမ်တွင် ထိုလက်သည် ဓားတိုတစ်ချောင်းကို ကိုင်ထား၏။ သူသည် အောင်းရိ၏ ဒူးခေါင်းကို ချိန်လိုက်သည်။
ဂှစ် …
ဒုတိယသွေးမြား ပြေးထွက်သွား၏။
ခန်းမရှေ့ကို တခစ်ခစ်ရယ်လိုက်သံ လွင့်ပျံလာ၏။
အောင်းရိ ခေါင်းလှည့်၍ လီချန်ရှို့ကို ဒေါသအမျက်ချောင်းချောင်းထွက်လျက် ကြည့်လိုက်သည်။ လက်သည် မြေကြီးအတွင်းသို့ ပြန်ဝင်သွားပြီး လီချန်ရှို့၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။
အောင်းရိ၏ ခံ့ညားသော မျက်နှာသည် မျက်မှောင်ကြုတ်သွား၏။ သူသည် မြေပြင်ပေါ်တွင် ကျန်နေသော ကိုယ်ရောင်ကိုယ်ဝါကို အာရုံခံကာ မြေကြီးကို လက်သီးဖြင့်ထိုးလိုက်သည်။ (၁)ကျန့်ကျော်ကျော်ခန့် နက်သည့် တွင်းကြီးတစ်တွင်း ဖြစ်သွား၏။
တုနတ်ဝိဇ္ဇာခန်းမရှေ့ရှိ မြေကွက်လပ်တွင် ခိုင်မာတောင့်တင်းသော ကျောက်တုံးများခင်းထား၏။ ထို့ပြင် အောင်းရိသည် သူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း ချိတ်ပိတ်ထားသေး၏။ သို့သော် သူသည် လက်သီးတစ်ချက်ဖြင့်ပင် တွင်းပေါက်ဖြစ်သွားအောင် ထိုးနိုင်ပေ၏။ အောင်းရိ၏ ခွန်အားကို နှစ်ဖက်စလုံးမှ နတ်ဝိဇ္ဇာများက အထင်ကြီးသွားကြလေသည်။
သို့သော် ထိုခွန်အားသည် အသုံးမဝင်ပေ။
ထိုကျန်ခဲ့သော ကိုယ်ရောင်ကိုယ်ဝါသည် သူ့ကို မျှားခေါ်ရန် လီချန်ရှို့ တမင်ချန်ခဲ့ခြင်း ဖြစ်၏။ အောင်းရိ မြေပြင်သို့ လက်သီးဖြင့်ထိုးလိုက်ချိန်တွင် သူသည် အနောက်မှနေ၍ လျှို့ဝှက်တိုက်ခိုက်လိုက်သည်။ အောင်းရိသည် ဒေါသအမျက်ချောင်းချောင်းထွက်နေသော်လည်း ရွေးစရာမရှိ၍ မြေပြင်နှင့် မထိအောင် လေပေါ်တွင်သာ နေ,နေလိုက်ရသည်။
သို့သော် သူ့အပေါ် လေထဲရှိ မန္တန်အစီအရင်များသည် ပြောင်းလဲသွား၏။ မီးတောက်တန်းကြီးသည် နောက်တစ်ကြိမ် အောင်းရိကို မြေပြင်ပေါ်သို့ ဖိချလိုက်ပြန်လေသည်။
အောင်းရိသည် မြေပေါ်သို့ ရောက်သွားသောအခါ သူ၏ခြေထောက်များသည် နွံတစ်ခုထဲ ကျသွား၏။ ထို့နောက် မြေပြင်သည် ပြန်မာသွားရာ သူသည် ထိုနေရာတွင် ခြေချုပ်မိနေလေတော့သည်။
လီချန်ရှို့ပြောလိုက်သည့် ‘ ကျုပ် တရား အခွင့်အရေးယူထားသလို ဖြစ်နေတယ် ’ ဟူသော စကားသည် အောင်းရိ၏ စိတ်ထဲတွင် ပြန်ပေါ်လာရာ သူ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွား၏။ ဤတိုက်ပွဲသည် မိစ္ဆာနှိမ်နင်းရေးတွေ့ဆုံပွဲတုန်းက တိုက်ပွဲနှင့်ကွာ၏။ သူတို့သည် မြေပြင်အစစ်အမှန်ပေါ်တွင် တိုက်ခိုက်နေရခြင်းဖြစ်ပြီး ရေကြာပွင့်စင်မြင့်ကြီးပေါ်တွင် တိုက်ခိုက်နေရခြင်း မဟုတ်ချေ။
‘ ဒီ တုနတ်ဝိဇ္ဇာဂိုဏ်းက တပည့်က မြေကိုယ်ယောင်ဖျောက်အတတ်ကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တာပဲ ’
‘ သူ့ရဲ့ မြေကိုယ်ယောင်ဖျောက်အတတ်က တော်တော်စွမ်းတယ်ဆိုတာတော့ ငါဝန်ခံရမယ် ’
‘ ဒါပေမဲ့… ’
“ ယား… ”
အောင်းရိသည် အော်၍ လက်ဟန်များပြုလုပ်လိုက်သည်။ သူ့ဘေးနားရှိ ရေခဲမီးတောက်များသည် ကောင်းကင်နဂါးတစ်ကောင်၏ ပုံရိပ်အဖြစ် ပြောင်းလဲသွား၏။
ထိုနဂါးပုံရိပ်ကြီးသည် ဟိန်းဟောက်၍ နေရာအနှံ့သွားကာ မြေကြီးများကို လှန်ပစ်လိုက်လေသည်။ ကျောက်ချပ် အပိုင်းအစများသည် နေရာအနှံ့ လွင့်ပျံသွားကြပြီး ထိုနဂါးပုံရိပ်သည် ပို၍ အားကောင်းလာ၏။
မြေကြီးထဲတွင် ပုန်းအောင်းနေသော လီချန်ရှို့သည် ထိုအရာကို မြင်လိုက်ရသောအခါ အထင်ကြီးစွာ ရေရွတ်လိုက်ရသည်။
‘ ဒီနဂါးမင်းသားက နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ကွက်ကို တကယ်သိတာပဲ… ’
‘ အဲဒီလိုဆို နဂါးဘုရင်က သူ့ကို သစ္စာဖောက်လို့ မသတ်မှတ်ဘူးလား ’
‘ ဒီအချိန်မှာ နောက်ခံတီးလုံးလေးနဲ့ဆို ရှယ်ပဲ…ဟဲဟဲ ’
ခန်းမရှေ့တွင် ရပ်၍ကြည့်နေသော တုနတ်ဝိဇ္ဇာဂိုဏ်းမှ အကြီးအကဲများသည် ရယ်ရအခက် ငိုရအခက် ဖြစ်သွားသည်။
သူတို့သည် လီချန်ရှို့တစ်ယောက် ကိုယ်ယောင်ဖျောက်အတတ်ကို သုံး၍ ထိပ်တိုက်တိုက်ပွဲကို ရှောင်ရှားနိုင်လျှင် ကောင်းမည်ဟု တွေးနေကြ၏။
လီချန်ရှို့သာ မြေအောက်ထဲတွင် ရှိနေလျှင် နဂါးမင်းသားသည် မည်သို့မှ တတ်နိုင်မည် မဟုတ်ချေ။ လီချန်ရှို့သည် မထိခိုက်နိုင်သော နေရာတွင် ရှိနေပြီးဖြစ်၏။ အကြီးအကဲများက ထိုအရာသည် ကောင်းသည်ဟု တွေးနေကြလေသည်။ ဂိုဏ်းအတွင်းရှိ ကိစ္စများကို စီမံဆောင်ရွက်ရန် တာဝန်ပေးခံထားရသည့် အကြီးအကဲတချို့သာ ရင်နာနေလေ၏။
ထိုမြေကွက်လပ်ကို ပြန်ပြင်ရန် အဖိုးတန်ပစ္စည်းအများအပြား ကုန်ကျပေလိမ့်မည်။
အောင်းရိ၏ နဂါးပုံရိပ်သည် မျက်ရှိရှေ့၌ မြင်မြင်သမျှကို ဖျက်ဆီးနေ၏။
ဖုန်လုံးများအကြားမှနေ၍ လီချန်ရှို့၏ လက်သည် အောင်းရိ၏ နောက်မှ နေ၍ ထွက်လာ၏။ ဤအကြိမ်တွင် သူသည် သုံးပေခန့်ရှည်သော ဓားတစ်ချောင်းကို ကိုင်ထား၏။
သူသည် အောင်းရိ၏ ပေါင်ကို ချိန်ကာ ဓားဖြင့်ထိုးလိုက်သည်။
ဤအကြိမ်တွင် သူသည် သွေးမြားနှင့် မပစ်တော့ချေ။
အောင်းရိသည် နောက်သို့လှည့်ကြည့်လိုက်ပြီး ဒေါသတကြီး အော်လိုက်သည်။ သူ့ပေါင်တွင် နဂါးကြေးခွံအလွှာတစ်ခု ပေါ်လာြပီး မြေပေါ်မှခုန်လိုက်သည်။
သို့သော် လေထဲရှိ အဆောင်များသည် အောင်းရိကို စဉ်းစားချိန်ပင်မပေးဘဲ မီးတောက်များပစ်လွှတ်လိုက်၏။
လီချန်ရှို့သည် မြေအောက်တွင် ပြန်၍ ပုန်းအောင်းလိုက်ပြီး တိုက်ခိုက်ရန် နောက်ထပ် အခွင့်အရေးကောင်းကို စောင့်နေလေသည်။ သူသည် အဆောင်မန္တန်အစီအရင်ကို လျှို့ဝှက်၍ ထိန်းချုပ်နေပြီး မန္တန်အစီအရင်ဆင်ရန် လိုအပ်သော အဆောင်စက္ကူများကို အဆက်မပြတ် ဆက်၍ ဖြည့်ပေးနေ၏။
လေထဲရှိ အဆောင်မန္တန်အစီအရင်သည် မြွေတစ်ကောင်ပုံစံအဖြစ် ပြောင်သွားပြီးနောက် အင်္ဂလိပ်ဂဏန်း ( 8 ) ပုံစံ ရစ်ခွေသွား၏။ ထိုမန္တန်အစီအရင်သည် စွမ်းအားပြင်း မီးလုံးများနှင့် မီးတန်းကြီးများကို ပစ်လွှတ်နေရာ အောင်းရိသည် သနားစဖွယ်ပင်ကောင်းနေလေ၏။
အောင်းရိသည် မြေပေါ်သို့ ရောက်သွားသောအခါတွင်လည်း မမြင်ကွယ်ရာမှနေ၍ သူ၏ စိတ်အာရုံ၊ နတ်အာရုံဖြင့် အာရုံခံ၍ မရသော လက်တစ်ချောင်းထွက်လာပြီး သူ့အား တိုက်ခိုက်ခြင်းကို ခံရ၏။ ထိုလက်သည် ဓားမြောင်၊ ဓားတို နှင့် ဓားရှည်တို့ကိုကိုင်၍ သူ့ကို အဆက်မပြတ် တိုက်ခိုက်နေ၏။
အောင်းရိ အဆက်မပြတ်အော်ဟစ်နေသည်။ သို့သော် ထိုသို့ဒေါသတကြီးအော်နေရုံမှလွဲ၍ တခြားတတ်နိုင်သည့်အရာ မရှိပေ။
လီချန်ရှို့၏ အဆက်မပြတ် ချောင်းမြောင်းတိုက်ခိုက်မှုများကြောင့် အောင်းရိ၏ ခြေထောက်တွင် ဒဏ်ရာအသေးစားများ ရနေပေပြီ။
တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်များသည် ပျော်ရွှင်စွာ ရယ်လိုက်ကြသည်။
အစပိုင်းတွင် စိုးရိမ်နေသော ယုံချင်ရွှမ်းယာသည်လည်း ပြုံး၍နေပေပြီ။
အစဉ်အမြဲ မျက်နှာထားတည်တည်နေလေ့ရှိသော အရှင်ဝမ်ချင်းသည်လည်း နောက်လှည့်ကာ နံရံကိုကြည့်လိုက်၏။ သူ မည်သည့်အရာကို စဉ်းစားနေကြောင်း မည်သူမှ မသိပေ။ သို့သော် သူ၏ ပုခုံးနှစ်ဖက်သည် လှုပ်နေ၏။
ခေတ္တမျှကြာပြီးနောက် အောင်းရိ၏ တစ်ကိုယ်လုံးတွင် မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်သွားပြီး အသက်ပြင်းပြင်းရှူနေရလေ၏။ သူ၏ ဆံပင်ရှည်များသည်လည်း ပုခုံးပေါ်တွင် ပြေကျနေပြီဖြစ်သည်။
မန္တန်အစီအရင်သည် အစွမ်းထပ်၍ ထုတ်လိုက်ရာ မီးတန်းကြီးသည် သူ၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်တွင် ထပ်၍ ဖိထားလိုက်၏။ သို့သော် သူသည် ပြိုလဲမသွားအောင် တောင့်ထားလိုက်၏။
ထိုအချိန်တွင် အောင်းရိ၏ နောက်ရှိ မြေပြင်အတွင်းမှနေ၍ အရိပ်နက်တစ်ခု ထွက်လာလေသည်။
ထိုတစ်နေရာလုံးတွင် အေးစက်စက် ကိုယ်ရောင်ကိုယ်ဝါတစ်ခုကို ခံစားလိုက်ရ၏။
ထိုအရိပ်နက်သည် ထပ်၍ထွက်လာသော လက်တစ်ဖက်ဖြစ်ကြောင်း ကြည့်နေသူအားလုံး သိလေသည်။ သို့သော်… ထိုအခိုက်၌…
ဖုန်းများအတွင်းမှနေ၍ အပြာရောင်အလင်းတန်းတစ်ခုကို မြင်လိုက်ရ၏။ ထိုအရာကား ဆူးချွန်တစ်ချောင်း ၊ မဟုတ်သေး… မရေမတွက်နိုင်သော ဆူးချွန်များဖြစ်သည်။
ဤတစ်ကြိမ်တွင် ထိုလက်သည် ဆူးချွန်တင်းပုတ်ကြီးတစ်ခုကို ကိုင်ထားခြင်းပင်။
လက်သည် မြေကြီးပေါ်သို့ ပေါ်လာပြီး ဆူးချွန်တင်းပုတ်ကြီးကို အောင်းရိ၏ နောက်ကျောရှိ အားအနည်းဆုံးနေရာကို ချိန်လိုက်သည်။ ထို့နောက် ဖြည်းဖြည်းချင်း ရှေ့သို့တိုးသွားလိုက်သည်။
အောင်ရိသည် နေရာအနှံ့ကိုလိုက်ရှာနေသော်လည်း မူးဝေနေသဖြင့် သူ့နောက်မှ ချည်းကပ်လာသော အန္တရာယ်ကို သတိမထားမိပေ။
ရုတ်ခြည်းပင် စောင့်ကြည့်နေသူများ၏ မျက်လုံးများ ပြူးသွား၏။
ယုံချင်ရွှမ်းယာ၊ ဟန်ကျစ်၊ ရိုရိုနှင့် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ အခြား အမျိုးသမီးတပည့်များသည် ဆက်မကြည့်ရဲတော့သဖြင့် မျက်နှာကို လက်ဖြင့်ကာလိုက်ကြသည်။
ရွှေနတ်လိပ်ကျွန်းမှ ချီကျင့်ကြံနေသူနှစ်ဦးသည် လွန်စွာဒေါသထွက်နေ၍ လက်များပင် တဆတ်ဆတ်တုန်နေကြ၏။
အမျိုးသား ကျင့်ကြံသူများ၏ လည်စလုတ်များသည်လည်း တုန်ခါနေကြ၏။ သူတို့သည် နောင်တွင် ချုံတောင်လေးမှ လီချန်ရှို့နှင့် မည်သည့်အခါတွင်မှ တိုက်ခိုက်မည်မဟုတ်ဟု စိတ်ထဲမှနေ၍ ဆုံးဖြတ်ချက်ချလိုက်ကြသည်။
“ ကောင်းပြီ။ ကျုပ်တို့ အရှုံးပေးပါတယ်… ”
တာအိုရသေ့အိုကြီး ယွမ်ကျဲသည် စိတ်ပျက်လက်ပျက်နှင့် အော်လိုက်သည်။ ဆူးချွန်တင်းပုတ်ကြီးသည် မြေပေါ်မှ ပျောက်ကွယ်သွား၏။
အောင်းရိသည် ခေါင်းလှည့်၍ ယွမ်ကျဲကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူသည် ခေါင်းငုံ့၍ သက်ပြင်းချလိုက်၏။
သူသည် အမှန်ပင် မြေကိုယ်ယောင်ဖျောက်အတတ်ကို မည်သို့မှ အနိုင်မယူနိုင်ပေ။
အောင်းရိသည် စိတ်လျှော့ချလိုက်သည်။ သူသည် ဒယိမ်းဒယိုင်ဖြင့် နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်ပြီး မြေပြင်ပေါ်တွင်ထိုင်လိုက်သည်။ သူ၏ ကိုယ်ယောင်ကိုယ်ဝါသည် မတည်မငြိမ်ဖြစ်နေ၏။
သူ အမှန်ပင် ရှုံးနိမ့်သွားပေပြီ။
သူ…
ထိုအခိုက်တွင် အောင်းရိ၏ ဘေးသို့ ဖြူဖွေးသော လက်တစ်ဖက်ရောက်လာ၏။
အောင်းရိမော့ကြည့်လိုက်ရာ လီချန်ရှို့၏ နွေးထွေးသိမ်မွေ့သော မျက်နှာကို တွေ့လိုက်ရ၏။
“ ကျုပ်တို့ ဒီပွဲကို သရေလို့သတ်မှတ်လိုက်ရင် မကောင်းဘူးလား။ ကျုပ်က မင်းသားလေးကို ထိပ်တိုက် မယှဉ်နိုင်ပါဘူး။ အခုက ချောင်းမြောင်းတိုက်ခဲ့လို့ပါ။ ဒါပေမဲ့ ဒါက တုနတ်ဝိဇ္ဇာဂိုဏ်းမှာ ဖြစ်နေတော့ ဂိုဏ်းမျက်နှာမပျက်ရအောင် နည်းပေါင်းစုံသုံးခဲ့ရတာပါ။ မင်းသားလေး နားလည်မယ်လို့ မျှော်လင့်ပါတယ်။ မင်းသားလေးကို အပြစ်ပြုခဲ့မိတဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပေးပါ ”
အောင်းရိသည် လည်ချောင်းထဲတွင် စို့နင့်နင့်ခံစားလိုက်ရပြီး ပွင့်ပွင့်လင်းလင်း ပြုံးလိုက်လေသည်။ သူ၏ မျက်လုံးများသည် နီရဲနေ၏။
‘ လူသားအကုန်လုံးက ဟိုမှုန်ကုပ်ကုပ်မျက်နှာထားနဲ့ လူ့မိစ္ဆာလို မဟုတ်ဘူးပဲ ’
‘ ချန်ရှို့လို နူးညံ့သိမ်မွေ့တဲ့ လူတွေလည်းရှိသေးတာပဲ… ’
အောင်းရိသည် လီချန်ရှို့ ကမ်းပေးထားသော လက်ကိုဆွဲကိုင်ကာ ထရပ်လိုက်လေတော့သည်။
#ဘာသာပြန်သူမှတ်စု။ မှုတ်ကုပ်ကုပ်မျက်နှာထားနှင့် လူ့မိစ္ဆာဆိုသည်မှာ တောင်ပင်လယ်တွင် ေအာင်းရိ ကြုံခဲ့ရသည့် တာအိုရသေ့အိုကြီးယောင်ဆောင်ထားသော လီချန်ရှို့ပင် ဖြစ်ပေသည်။
***
မရတော့ဘူး အောင်းရိလေးကိုကြာလေချစ်လာလေပဲ