စာအုပ် တောင်ထိပ်၏ နောက်ဘက်တွင် တံခါးကြီးတစ်ခု ရှိသည်။ ထိုနေရာတွင်ကား ဓမ္မအင်းကွက် တစ်ခု ထွင်းထုထားကာ တွင်းနက်ကြီးအလား ဖြစ်ပေါ်နေသည်။
ထိုတံခါးကား ရှေးဟောင်း မြေရိုင်း ဒေသကို ဝင်ရာ ဂိတ်တံခါး ဖြစ်သည်။
ထိပ်သီး အင်အားစုတိုင်းက ရှေးဟောင်း မြေရိုင်း ဒေသကို ဝင်သော ဂိတ်ပေါက်အား ပိုင်ဆိုင်ကြသည်။ ကျောင်းတော်တွင်လည်း ရှိသည်။
ကု့ချင်းဥယျာဉ်မှ ပြန်လာပြီးနောက် ရီဖူရှင်းက လို့လန်ရွှီအား အခြေကျအောင် လုပ်ကာ ရှေးဟောင်း မြေရိုင်း ဒေသကို ဝင်ရန် အဆင်သင့် ဖြစ်နေပြီး ဖြစ်သည်။ ဤတစ်ကြိမ် ရှေးဟောင်း မြေရိုင်း ဒေသကို ဝင်ခြင်းမှာ တန်ခိုးကျင့်ရန် မဟုတ်ဘဲ လစန္ဒာကလန်သို့ သွားရန် ဖြစ်သည်။ လစန္ဒာ ကလန်ကား အရှေ့မြေရိုင်း ဒေသ၏ မြောက်ဘက်တွင် ရှိရာ ပုံမှန်အတိုင်း ခရီးသွားမည် ဆိုပါက လွန်စွာ ကြာမြင့်မည် ဖြစ်သည်။ ရှေးဟောင်း မြေရိုင်းဒေသမှ တစ်ဆင့် သွားခြင်းက အမြန်ဆုံး နည်းလမ်း ဖြစ်သည်။
သိမ်းငှက်နက်က ရှေးဟောင်း မြေရိုင်း ဒေသ၏ အရှေ့ဘက်ကို ပျံသန်း သွားသည်။ ရီဖူရှင်း အင်အား ကောင်းလာသည်နှင့် အမျှ သိမ်းငှက်နက်လည်း ပိုမို ကြီးထွားလာသည်။ ယခုတွင်ကား သိမ်းငှက်နက်က ဓမ္မအဆင့်၏ အမြင့်ဆုံးကို ရောက်ရှိလာပြီး ဖြစ်သည်။ အကာနာ အဆင့်ကို မဝင်ရောက်မီ အထိ သူက ရှေးဟောင်း မြေရိုင်း ဒေသကို ဝင်ရောက် နိုင်ပေသေးသည်။
သူတို့က ဂိတ်ပေါက်ကို ကျော်လျက် တောင်ထိပ် တစ်ခုပေါ်တွင် ရပ်နားလိုက်ကြသည်။ ထိုနေရာတွင်ကား ကျောင်းတော်၏ တပည့်များစွာ နေထိုင်ကြသည်။ ထိုတပည့်များက ရှေးဟောင်း မြေရိုင်း ဒေသတွင် လာရောက်ကာ လေ့ကျင့် နေကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က ကျောင်းတော်သို့ ပြန်မယ့်အစား ဤနေရာတွင် ယာယီ နေထိုင်ကာ လေ့ကျင့် နေကြသည်။ ရီဖူရှင်း ရောက်ရှိ လာသည်ကို မြင်လျှင် တပည့် အများအပြားက အံ့အားသင့် ကြသည်။
“သူက ဘယ်သူလဲ…” လူသစ် တစ်ယောက်က မေးသည်။
“ရီဖူရှင်း…” လူတချို့က ရီဖူရှင်းအား မှတ်မိကြသည်။ နန်းကုန်းကျာ အပါအဝင် လူအများအပြားက သူ့အား လှမ်းကြည့်ကြသည်။ သူတို့က ယမန်နှစ်က အတူတူ ကျောင်းတော်ကို ဝင်ရောက်ခဲ့ကြ သော်လည်း ရီဖူရှင်းကား ကျောင်းတော်၏ ဂုဏ်ဆောင် တစ်ယောက် ဖြစ်နေလေပြီ။
ခေ့ကေးမြို့တွင် ရီဖူရှင်းက အရှေ့မြေရိုင်း ဒေသ၏ လူငယ် မျိုးဆက်ထဲမှ အတော်ဆုံး မှော်ဂီတပညာ ချိန်ရှင်းမူအား ဂီတပညာတွင် အနိုင်ယူပြခဲ့သည်။ ထိုတိုက်ပွဲက အရှေ့မြေရိုင်း တစ်ခွင်လုံးအား ရီဖူရှင်းဟူသော နာမည်ကို လျှမ်းလျှမ်းတောက် ကျော်ကြားစေသည်။
သိမ်းငှက်နက်က အတောင်ပံများ ဖြန့်ကာ ရီဖူရှင်းအား အဝေးသို့ ခေါ်ဆောင် သွားသည်။
လစန္ဒာကလန်ကား မြေရိုင်းမြို့၏ မြောက်ဘက်တွင် တည်ရှိသည်။ လစန္ဒာကလန်၏ နေရာကား ကျောင်းတော်ထက် လွန်စွာ လှပကာ စိမ်းစိုသော တောင်ကုန်း တောင်တန်းများ၊ မြူများ၊ စမ်းချောင်းများ ရှိနေကာ လွန်စွာ စိတ်လက်ပေါ့ပါး စေသည်။ မိန်းကလေး တစ်ယောက် နှစ်ယောက်က တောင်ပေါ်မှ ဆင်းလာလျှင် လူအများက ထိုနေရာအား ကောင်းကင်ဘုံဟုပင် ထင်မှတ်မည် ဖြစ်သည်။
ရီဖူရှင်းက လစန္ဒာကလန် နေရာကို ရောက်လျှင် မိန်းမလှနှစ်ဦး တောင်ပေါ်မှ ဆင်းလာသည်ကို မြင်သည်။ သူတို့ကား လွန်စွာ ငယ်ရွယ်ကြကာ ပေါ့ပါးလန်းဆန်း နေကြသည်။ ဘယ်ဘက်မှ တစ်ယောက်ကား သေးသွယ်ကာ ရှည်လျားသော ခြေထောက်အစုံကို ပိုင်ဆိုင်ထားသည်။ သူမက အနည်းငယ် မာနကြီးဟန်ရပြီး ရီဖူရှင်းအား မြင်လျှင် အံ့အားသင့် သွားဟန်ရသည်။ ညာဘက်မှ တစ်ယောက်ကား သေးသွယ်ကာ ပိန်ပါးသည်။ သူမက လွန်စွာ အပြစ်ကင်းသော မျက်လုံးများဖြင့် ရီဖူရှင်းအား ကြည့်နေသည်။
ထိုမိန်းကလေး နှစ်ယောက်ကား လစန္ဒာကလန်မှ ဖြစ်ကြသည်။ ဘယ်ဘက်မှ တစ်ယောက်ကား လုသျှိုး ဖြစ်ပြီး နောက်တစ်ယောက်က နန်ရှောင်းရှောင် ဖြစ်သည်။
“ရှင် ဘယ်သူလဲ…” လုသျှိုးက ရီဖူရှင်းအား မောက်မာစွာ ကြည့်ကာ မေးသည်။ ရီဖူရှင်း ရောက်ရှိလာမှုက သူမအား အတွေး များစေသည်။
“ကျုပ်နာမည် ရီဖူရှင်း… ကျုပ်က လစန္ဒာကလန်ကို ဝင်ခွင့် ရချင်တယ်… မိန်းကလေးတွေက ကျုပ်ကို လိုက်ပို့ပေးနိုင်မလား…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။
“ရီဖူရှင်း…” နန်ရှောင်းရှောင်က ရေရွတ်သည်။ ရုတ်တရက် သူမက တစ်စုံတစ်ခုကို မှတ်မိသွားသည်။ “ရှင်က ကော့တေးက ရီဖူရှင်းလား…”
“အင်း…” ရီဖူရှင်းက သူမအား ပြုံးလျက် အသာအယာ ခေါင်းညိတ်သည်။
သူမက အနည်းငယ် ရှက်ရွံ့သွားကာ ချက်ချင်း ခေါင်းညိတ်သည်… “ကောင်းပြီ… ကျွန်မတို့ နောက်ကို လိုက်ခဲ့ပါ…”
“ကျေးဇူးတင်ပါတယ် … မိန်းကလေး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ မိန်းကလေးများက အမှန်ပင် စိတ်ကောင်းကြ၏။
သို့သော် လုသျှိုးက သူမ၏ လှပသော မျက်လုံး ဝိုင်းများဖြင့် ရီဖူရှင်းအား အကဲခတ်နေဆဲ ဖြစ်သည်။ ဤကောင်လေးကား လစန္ဒာကလန်တွင်ပင် လွန်စွာ ကျော်ကြားသည်ကို သူမသိသည်။ သူကား အမှန်ပင် ပါရမီမြင့်ကာ သူ၏ ကျော်ကြားမှု တစ်စိတ်တစ်ပိုင်းက ချူယောင်ယောင်ကဲ့သို့ ချောမောသော လစန္ဒာကလန်မှ တပည့်မ တစ်ယောက်ထံမှ လာသည်။
“ရှင်က ဟွာဂျီယူကို လာတွေ့တာလား…” နန်ရှောင်းရှောင်က ဖျတ်ခနဲ ကြည့်ကာ မေးသည်။ ရီဖူရှင်းအား သူမက ပထမဆုံး တွေ့ဖူးခြင်း ဖြစ်သည်။ သူ၏ နာမည်အား သိကြသော်လည်း ရီဖူရှင်းက ဤမျှ ကြည့်ကောင်းမည်ဟု နန်ရှောင်းရှောင်က မထင်မှတ်ထားပေ။ သူနှင့်ဟွာဂျီယူကား အလွန် လိုက်ဖက်လှသည်။
“အင်း…” ရီဖူရှင်းက ပြုံး၍ ခေါင်းညိတ်သည်။
“ရှင်လာတာ သိရင် သူမက အရမ်း ပျော်မှာပဲ…” နန်ရှောင်းရှောင်က ရယ်မောလိုက်သည်။ နောက်ဆုံး တစ်ကြိမ်က ဟွာဂျီယူက ခေ့ကေးမြို့ကို သွားလိုခဲ့ခြင်းမှာ ရီဖူရှင်းကြောင့် ဖြစ်ရမည်။
“ဒွန်ချင် ကျောင်းတော်မှာ ရှင်က ချိန်ရှင်းမူကို သိဒ္ဓိဝင်ပစ္စည်းနဲ့ အနိုင်ယူခဲ့တယ်လို့ ကြားတယ်… သိဒ္ဓိဝင်ပစ္စည်း မပါဘဲ ဆိုရင်ရော…. ရှင် သူ့ကိုနိုင်မလား ” လုသျှိုးက မေးသည်။ လစန္ဒာ ကလန်တွင်ပင် ရီဖူရှင်းနှင့် ပတ်သက်၍ ကောလာဟလများစွာ ရှိသည်။ ရီဖူရှင်း မည်မျှစွမ်းသည်ကို သူမ သိလိုသည်။
“ငါမနိုင်ဘူး…” ရီဖူရှင်းက ပြောသည်။ သူက ထိုမျှ များပြားသော အဆင့်များကို ကျော်၍ မတိုက်ခိုက်နိုင်ပေ။ ထို့အတူ ချိန်ရှင်းမူကား မှော်ဂီတပညာတွင် အတော်ဆုံး သတ်မှတ် ခံထားရသည်မှာ အလကား မဟုတ်ပေ။ သူက အနိုင်ရမည်ဟု ပြောလျှင် လွန်စွာ ကြွားဝါရာ ရောက်ပေမည်။
“မှော်ဂီတပညာ မဟုတ်ဘဲ ရှင်တို့နှစ်ယောက်က တန်ခိုးအဆင့် အတူတူ ဆိုရင်ရော…” လုသျှိုးက မေးသည်။
ရီဖူရှင်းက ပြုံးလျက် သူမကို ကြည့်သည်… “ကျုပ်က မကြိုးစားကြည့်ဘဲ မသိနိုင်ဘူး…”
“ရလဒ်က မသေချာဘူးလို့ ရှင်က ဆိုလိုတာလား… ဒါဆို ရှင်က ကောလာဟလတွေ ပြောသလို အားမကောင်းဘူးလို့ ဆိုလိုတာလား…” လုသျှိုးက ရီဖူရှင်း၏ အစွမ်းအား သံသယ ဝင်သည်။ ကော့တေး၏ တပည့်များက အမှန်ပင် အားကောင်း ကြသော်လည်း ထိပ်သီး အင်အားစုတိုင်းတွင် ထူးချွန်သော ပါရမီရှင်များ ရှိကြသည်။ ကော့တေးမှ တပည့်များက ထိုမျှ အားကောင်းပါက လစန္ဒာကလန်မှ တပည့်များက သူတို့နှင့် နှိုင်းယှဉ်ရန် အခွင့်အရေး ရှိပါ့မလား။
“ဖြစ်ကောင်း ဖြစ်နိုင်တယ်…” သူက ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
“အစ်မလု… ရှင်က အရမ်း စပ်စုတာပဲ…” နန်ရှောင်းရှောင်က လုသျှိုးအား ကြည့်သည်။ မကြာမီ သူတို့က ရှေးဟောင်းတောင် တစ်ခု၏ ထိပ်သို့ ရောက်လာသည်။ ထိုနေရာတွင် အဆောက်အဦများ ရှိပြီး တောင်ထိပ်က ရှေးဟောင်း မြေရိုင်း ဒေသနှင့် လစန္ဒာကလန်ကို ဆက်သွယ်ထားသော ဂိတ်ပေါက် ရှိသည်။
လုသျှိုးနှင့် နန်ရှောင်းရှောင်တို့က ယောက်ျား တစ်ယောက်နှင့် အတူ ပြန်လာသည်ကို မြင်ကြလျှင် တပည့်မ အများအပြားက သူတို့အား လာကြည့်ကြသည်။ ကောင်လေးက ရီဖူရှင်းမှန်း သိကြသော အခါတွင်လည်း သူ့အား စိတ်ဝင်တစား ကြည့်ကြသည်။
မိန်းကလေး အများအပြား၏ လေ့လာ ကြည့်ရှုခြင်းကို ခံရလျှင် ရီဖူရှင်း အနည်းငယ် ရှက်ရွံ့ရသည်။ ထိုအရာကား ဆွဲဆောင်မှု အားကောင်းခြင်း၏ ပြဿနာများပင် ဖြစ်သည်။ သို့သော် သူက လစန္ဒာကလန်တွင် အချိန် အနည်းငယ်ခန့် နေ၍ ရမလား မေးကြည့်သင့်သည်ဟု ရီဖူရှင်း တွေးမိသည်။ လစန္ဒာကလန်တွင် နေထိုင်ရခြင်းက ကောင်းကင်ဘုံကို ရောက်ခြင်းနှင့် ကွာခြားမည်ဟု သူမထင်ပေ။
ထိုအချိန်တွင် မိန်းကလေး တချို့ ရောက်လာကြသည်။ ခေါင်းဆောင် မိန်းကလေးကား လွန်စွာ ချောမော လှပကာ အရှေ့မြေရိုင်း ဒေသမှ အလှဆုံး မိန်းကလေး သုံးယောက်ထက် လျော့နည်းပုံ မရပေ။
“ရှင်က ရီဖူရှင်းလား…” မိန်းကလေးက ရီဖူရှင်းအား မေးသည်။
“ဟုတ်တယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ကော့တေးမှာ မလေ့ကျင့်ဘဲ ဘာလို့ ဒီကိုလာတာလဲ…” မိန်းကလေးက အေးစက်စွာ ပြောသည်။
“ကျုပ်က ဟွာဂျီယူဆီကို လာတာပဲ… ကျုပ်က လစန္ဒာကလန်ရဲ့ စီနီယာတွေ ဆီကိုလည်း သွားလည်ချင်တယ်…” ရီဖူရှင်းက အသာအယာ ပြောသည်။
“ဟွာဂျီယူက လေ့ကျင့်နေတယ်… ကျွန်မတို့ရဲ့ စီနီယာကလည်း ရှင် လာနှောင့်ယှက်တာကို လိုလားမှာ မဟုတ်ဘူး… အရေးမပါတဲ့ အချစ်ကိစ္စတွေက ဟွာဂျီယူကို အနှောင့်အယှက် ဖြစ်တယ်…” ထိုမိန်းကလေးက ဆက်ပြောသည်… “ပြီးတော့ လစန္ဒာကလန်က ရှင့်ကို မကြိုဆိုဘူး… ဒါက ရှေးဟောင်း မြေရိုင်း ဒေသက ကျွန်မတို့ နေရာပဲ… ကျွန်မတို့ စီနီယာတွေက ဒီမှာမရှိဘူး… ဒါကြောင့် ကျွန်မတို့က ရှင့်ကို ဝင်ခွင့်ပေးဖို့ အခွင့်အာဏာ မရှိဘူး…”
နန်ရှောင်းရှောင်က ထိုမိန်းကလေးအား အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ကြည့်သည်။
လစန္ဒာကလန်က မိန်းမကလန်ဖြစ်ရာ အမှန်ပင် ယောက်ျားများကို မကြိုဆိုပေ။ သို့သော်လည်း ကော့တေး၏ တပည့်ဖြစ်သည့် အလျောက် သူနှင့်ဟွာဂျီယူနှင့် ဆက်ဆံရေး အနေအထားအရ သူ့အား ဝင်ခွင့် ပေးသင့်ပေသည်။
ကြည့်ရသည်မှာ ထိုမိန်းကလေးက ဤမတိုင်မီက သာမန်ကိစ္စ အသေးအမွှားအား စိတ်ထဲတွင် ထားနေသေးပုံ ရသည်။
“အစ်မချူ… ကျွန်မတို့က ပြန်သွားပြီး စီနီယာတွေကို မေးကြည့်ရင်ရော…” နန်ရှောင်းရှောင်က ထိုမိန်းကလေးအား ကြည့်ကာ ပြောသည်။
“ညီမ နန်… သူတို့ သင်ထားတာ မင်း မမှတ်မိဘူးလား… တန်ခိုးကျင့်တာ ပထမပဲ… မင်းက ဒီကို အခုမှ ရောက်တာ ဆိုပေမဲ့ ဘာလို့ ဒီလောက် အလေး မထားရတာလဲ… ဆရာမတွေရဲ့ စကားတွေကို မမှတ်မိဘူးလား…” ထိုမိန်းကလေးက နန်ရှောင်းရှောင်အား ပြောသည်။ သူမ၏ လေသံက အနည်းငယ် တင်းမာနေသည်။ နန်ရှောင်းရှောင်က အနည်းငယ် အံ့အားသင့် သွားကာ မျက်နှာလည်း ပျက်သွားသည်။ လူပုံအလယ်တွင် အပြစ်တင် ခံရခြင်းက သူမအတွက် ရှက်စရာ ကောင်းလှသည်။
ရီဖူရှင်းက ထိုမိန်းကလေးအား ကြည့်လိုက်သည်။ သူမ၏ မျိုးရိုး နာမည်ကား ချူဖြစ်သည်။ သူမ၏ လှပသော မျက်နှာကို ကြည့်ကာ သူက တစ်စုံတစ်ခုကို ရိပ်မိလိုက်သည်။
“မိန်းကလေး… မင်းမှန်တယ်… တန်ခိုးကျင့်တာက ပထမပဲ… ဒါပေမဲ့ သာမန် အရေးကိစ္စတွေကလည်း ရှောင်လွှဲလို့ ရတာတော့ မဟုတ်ဘူး… ကျုပ်က လစန္ဒာကလန်က တပည့်မ တစ်ယောက်က တခြား ယောက်ျား တစ်ယောက်နဲ့ သွားလာနေတာ တွေ့ဖူးတယ်… ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား… ဒါပေမဲ့ ခင်ဗျား စကားအရ အဲဒီ မိန်းကလေးကလည်း အပြစ်လုပ်တာပဲ မလား…”
“ဒီလိုဆိုရင်…” ထိုမိန်းမက အေးစက်စွာ ပြောသည်… “ဒါ မှန်တယ်ဆိုရင် စည်းကမ်း ဖောက်တာ ဘယ်သူလဲ ပြောပါ… ကျွန်မက သူမကို စီနီယာတွေဆီ တိုင်ရမယ်…”
“လစန္ဒာကလန်က ချူယောင်ယောင်ပဲ…” ရီဖူရှင်းက ပြုံးလျက် နာမည်အား ထုတ်ဖော် လိုက်သည်။ အနီးမှ မိန်းကလေးများ အားလုံး အံ့အားသင့် သွားကြသည်။
“ရီဖူရှင်း… ကော့တေးတပည့် တစ်ယောက်အနေနဲ့ ရှင်က လစန္ဒာကလန်က တပည့်မ တစ်ယောက်ကို ဘယ်လိုလုပ် စော်ကားရတာလဲ…” ထိုမိန်းကလေးက အေးစက်စွာ ပြောသည်။ သူမ၏ နာမည်ကား ချူလိရန်ဖြစ်ကာ ချူယောင်ယောင်၏ ညီမဖြစ်သည်။ သူမတို့ နှစ်ယောက်က လွန်စွာ ရုပ်ဆင်သည်။ သူမ မျိုးရိုးနာမည်က ချူဖြစ်သည်ကိုလည်း ရီဖူရှင်းက သတိထားမိသည်။
“ဒါက လူအများသိတဲ့ ကိစ္စတစ်ခုပဲ မဟုတ်ဘူးလား…” ရီဖူရှင်းက အံ့အားသင့် သွားသော ပုံစံ ဟန်ဆောင် လိုက်သည်… “ပြောကြတာတော့ ချင်ဘုရင်ရဲ့ မြေးက ဒီကို ရောက်လာပြီးတော့ ချူယောင်ယောင်ကို ပိုးပန်းတယ် ပြောကြတာပဲ… ကျုပ်က ခေ့ကေးမြို့မှာ တုန်းကလည်း သူတို့နှစ်ယောက် တွေ့နေကြတာကို မြင်ခဲ့ရတယ်… သူတို့ လုပ်နေတာတွေက လစန္ဒာကလန်ကို စော်ကားနေတာပေါ့… ဟုတ်လား…”
“ရှင်…” ချူလိရန်ကား ဆွံ့အသွားသည်။ သူမက ရီဖူရှင်း ဆင်ထားသော ထောင်ချောက်ထဲကို ကျဆင်း သွားသည်။
ချင်လီက သူမ၏ အစ်မနှင့် တွေ့ဆုံနေသော ကိစ္စက လူတိုင်း သိကြသည်။ ထို့ကြောင့် ရီဖူရှင်းက ချူယောင်ယောင်အား မတရား စွပ်စွဲနေသည်ဟု ပြောရန်လည်း ခက်ခဲပေသည်။
“ဂျီယူက ကျုပ်ရဲ့ ချစ်သူပဲ… ဂျီယူဆီကို လာတွေ့တာ ကျုပ်က ဘာမှားနေလို့လဲ… ချင်ဘုရင်ရဲ့ မြေးက မိန်းကလေး ချူယောင်ယောင်ကို တွေ့ခွင့်ရတယ်… သူ့ကို ဘယ်သူမှ မတားဘူး… အခု ခင်ဗျားက ဘာလို့ ကျုပ်ကို တားရတာလဲ…” ရီဖူရှင်းက ချူလိရန်အား ကြည့်လိုက်သည်… “ခင်ဗျားက ကော့တေးကို မကျေနပ်တာလား…” ရီဖူရှင်းက နှာခေါင်း ရှုံ့လိုက်သည်။ ဟွာဂျီယူအား ခေ့ကေးမြို့ကို လာခွင့် မပြုသည့် အတွက် သူက ချူယောင်ယောင်အား သဘောမကျပေ။ ယခု ချူလိရန်ကလည်း သူမ၏ စီနီယာများကို မမေးဘဲ အတင်း တားနေသည်။ သူမက သူ့ကြောင့် နန်ရှောင်းရှောင်ကို ပင်လျှင် အပြစ်တင်ခဲ့သည်။ သူမက တမင် လုပ်နေသည်မှာ ထင်ရှားသည်။ ဤသို့ဆိုလျှင် သူက ယဉ်ကျေးနေစရာ မလိုတော့ပေ။
“ဒီလိုဆိုရင် ကျုပ်က ကော့တေးက တပည့်တစ်ယောက် အနေနဲ့ တိုက်ခိုက် ရလိမ့်မယ်…” ရီဖူရှင်း၏ မျက်နှာက အပြုံး ပျောက်ကွယ် သွားကာ အေးစက်စွာ ပြောသည်။
မင်းက လစန္ဒာကလန်နဲ့ အကြောင်းပြချက် ပေးမှတော့ ငါကလည်း ကော့တေးနဲ့ အကြောင်းချက် ပေးတာပေါ့…။
***