ရှေးဟောင်း လို့လန်၏ ဘုရင်မကား လွန်စွာ အားကောင်းသည်။ သူမကား ရှေးဟောင်း လို့လန်၏ ဘုရင်မဖြစ်သည်။ သို့သော် ရီဖူရှင်းက သူမအား ခေါင်းကိုက်စေသည်။
ထိုစဉ်က ရီဖူရှင်းက လို့လန်ရှေးဟောင်း အကြွင်းအကျန် နယ်မြေမှ ရှီအဆင့် ရတနာအား ရရှိခဲ့သည်။ ရှီတန်ခိုးရှင်က သူမအား ရီဖူရှင်းကို လို့လန်နိုင်ငံသား ဖြစ်စေရန် အားထုတ်ခိုင်းသည်။ သူမက ရီဖူရှင်းအား လို့လန်ရွှီနှင့် လက်ဆက် စေလိုခဲ့သော်လည်း သူမက ကျရှုံးခဲ့ရ၏။
နောင်ပိုင်းတွင် လို့လန်ရွှီက ရှေးဟောင်း မြေရိုင်းဒေသမှ ပြန်လာ ပြီးနောက် ရီဖူရှင်း၏ ချစ်သူက အလွန်ပင် ထူးခြား ထက်မြက်သော မိန်းကလေး ဖြစ်ကြောင်း သူမ၏ အမေအား ပြောပြခဲ့သည်။ ဟွာဂျီယူက မှန်တောင်ကုန်းတွင် လွန်စွာ ကောင်းမွန်သော ပါရမီများကို ပြသခဲ့သည်။ ဘုရင်မလည်း လွန်စွာ စိတ်ပျက်ရ၏။
ရှီတန်ခိုးရှင်က ခန့်မှန်းခဲ့သလိုပင် ယခုကား ရီဖူရှင်း၏ နာမည်က အရှေ့မြေရိုင်း ဒေသတစ်ခွင်လုံးကို ဟုန်းဟုန်း တောက်အောင် ကျော်ကြားနေပြီး ဖြစ်သည်။ နောင်တွင် သူက အရှေ့မြေရိုင်း ဒေသ၏ အတော်ဆုံးပင်လျှင် ဖြစ်လာနိုင်သည်။ ဤသို့သော အခြေအနေတွင် သူမက ရီဖူရှင်းနှင့် နီးကပ်အောင် လုပ်ကာ လို့လန်ရွှီအား ကော့တေးကို ဝင်ရောက်လျက် သူနှင့်အတူ လေ့ကျင့်စေခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်သည်။
သူမက အရမ်း လိုက်လျော နေခြင်းလည်း မဟုတ်ပေ။ သူမက ရီဖူရှင်း လိုအပ်သည်များကို တိုက်ရိုက် ပေးအပ်ခြင်း မဟုတ်သည့်တိုင် သူမက အကောင်းဆုံး လုပ်ပေးထားပြီး ဖြစ်သည်။ သူမ၏ သမီးအား ရီဖူရှင်း၏ ဘေးတွင် ထားပေးကာ လို့လန်တွင် သူမက လွဲလျှင် အမြင့်ဆုံး အာဏာကို ပေးအပ်ခဲ့သည်။ ထို့အပြင် သူမ၏ သမီးကလည်း လွန်စွာ အပြစ်ကင်းကာ လှပ ချောမောသည်။ အချိန်တစ်ခု ကြာလျှင် သူ၏ နှလုံးသားများ နူးညံ့လာမည်ဟု သူမ ယုံကြည်သည်။
ချစ်သူ ရှိသည် ဟူသော အကြောင်းပြချက်အား သူမ မယုံပေ။ ယောက်ျားများက မည်သို့သော စိတ်သဘောထား ရှိသည်ကို သူမ နားလည်သည်။
“ဘုရင်မ… သမီးတော်နဲ့ ပတ်သက်ပြီး ခင်ဗျားက မဟုတ်တာ မလုပ်ဖို့ ကျွန်တော် မျှော်လင့်တယ်… ဒါက သူမရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်…” ရီဖူရှင်းက ပြောသည်။
လို့လန် သားတော် နေရာနှင့် နိုဘယ် ကိုးယောက်ကို မူကား သူက သိပ်မလိုအပ် သော်လည်း လက်ခံ လိုက်တော့မည်။ သူက တခြားလူများ အပေါ် အသားမယူ တတ်သော်လည်း သူက တစ်ဖက်လူ၏ စေတနာကို အတင်း မငြင်းဆန်သင့်ပေ။
ဒီခွေးကောင်…။ လို့လန်ဘုရင်မက ရီဖူရှင်း၏ စိတ်မပါသော ဟန်ပန်ကို ကြည့်ကာ စိတ်ထဲမှ ဆဲရေးလိုက်သည်။ ရီဖူရှင်းက သူမအား ကျေးဇူးပင် မတင်ပေ။
ထိုအတွေးများ ရှိနေသည့်တိုင် သူမ၏ အမူအရာများက နွေးထွေးနေသည်။ ရီဖူရှင်းအား ညင်သာစွာ ကြည့်ကာ သူမက ပြောသည်… “ကောင်းပြီ … မင်းတို့ နှစ်ယောက်က ကိုယ့်သဘော အတိုင်း ဆုံးဖြတ်နိုင်တယ်… ငါမင်းတို့ကို အတင်း မတိုက်တွန်းတော့ဘူး… ခံစားချက်တွေ ဘယ်လို ဖြစ်ပေါ်လာမယ် ဆိုတာက မင်းတို့နဲ့ပဲ သက်ဆိုင်တယ်… ငါ ဝင်မစွက်ဖက်တော့ဘူး… ဒါပေမဲ့ မင်းက ကော့တေးမှာ လို့လန်ရွှီကို ဂရုစိုက် ပေးရလိမ့်မယ်… သူမက တချို့ကိစ္စတွေ သိပ်နားမလည်ဘူး…”
“အာ… ကျွန်တော်က ဘယ်လိုလုပ် ဘုရင်မရဲ့ဆန္ဒကို ငြင်းလို့ ရပါ့မလဲ…” ရီဖူရှင်းက ပြောသည်။ ဤအဘွားကြီးက သူ့အား ရိုက်နှက် လိုသည်ကို သူသိသည်။ သူတို့ နှစ်ယောက်လုံးက ဟန်ဆောင်နေကြခြင်း ဖြစ်ကာ သူကလည်း မကြောက်ပေ။
ဘုရင်မက ခေါင်းညိတ်သည်… “မင်းက ငွေသက်တော်စောင့် ကိုးယောက်ကို ခေါ်သွားလို့ ရတယ်… ငါက မကြာခင် သွားတော့မယ်…”
“ခင်ဗျားက ဒီလောက်တောင် အလျင် လိုနေတာလား… ထျန်းရီမြို့မှာ ဘာလို့ ရက်နည်းနည်းလောက် မနေတော့တာလဲ…”
“မနေဘူး… ငါက လို့လန်မှာ လုပ်စရာတွေ အများကြီး ရှိတယ်… နောက်မှ ငါ လာလည်မယ်…” ဘုရင်မက ပြောသည်။ စိတ်ထဲတွင်မူကား နှာခေါင်းရှုံ့ နေသည်။ ရီဖူရှင်း ဟန်ဆောင် နေသည်ကို သူမ သိသည်။ ရီဖူရှင်းက သူမအား ချက်ချင်းပင် ထွက်သွားစေလို နေလောက်သည်။
“ကျွန်တော် သိပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထို့နောက် သူက ငွေသက်တော်စောင့် ကိုးယောက်အား ပြောသည်… “ဘုရင်မက သွားတော့မယ် ဆိုတော့ ကျွန်တော်က မဆွဲထားတော့ပါဘူး… စီနီယာ ကိုးယောက်ကတော့ နေမယ့်နေရာ ပြောင်းကြရအောင်… ထျန်းရီမြို့မှာ လေ့ကျင့်နေတဲ့ ကျုပ်ရဲ့ ဆွေမျိုးတွေ ရှိတယ်… ခင်ဗျားတို့က အဲဒီမှာ နေလို့ရတယ်…”
ဘုရင်မ အံကြိတ် လိုက်သည်။ သူမအား နေစေလို သေးသည်ဟု ရီဖူရှင်းက ပြောသော်လည်း ယခု သူက ငွေသက်တော်စောင့် များအား သူမ မသွားသေးခင်တွင်ပင် အမိန့်ပေးနေပြီ ဖြစ်သည်။
အရမ်း လည်တယ်… ဟုတ်လား။ မင်းလောက် အရှက်မရှိတဲ့ အကောင် ငါ မမြင်ဖူးဘူး။
“ဟုတ်တယ်… နောက်ဆိုရင် မင်းတို့က သားတော်ရဲ့ အမိန့်ကို နာခံကြရမယ်… သူ့ကို တွေ့တာက ငါ့ကို တွေ့တာနဲ့ အတူတူပဲ…” ဘုရင်မက ထိုကိုးယောက်ကို ပြောသည်။
“ဟုတ်ကဲ့…” နိုဘယ် ကိုးယောက်က ဦးညွှတ်ကာ ရီဖူရှင်းအား ပြောသည်… “ကျွန်တော်တို့ကို ကြိုက်သလို အမိန့်ပေးပါ… သားတော်…”
“စီနီယာများ… ကျေးဇူးတင်ပါတယ်…” ရီဖူရှင်း ပြောသည်… “အခု ခင်ဗျားတို့ကို ကျွန်တော် ခေါ်သွားတော့မယ်… အစ်မနှစ်က ကျွန်တော့်ကို တောင်ပေါ်မှာ စောင့်နေမှာ ဆိုတော့ ထပ်ပြီး နှောင့်နှေးလို့ မရတော့ဘူး… ဘုရင်မ… လမ်းခရီး ဘေးကင်းပါစေ…”
“ကောင်းပြီ… မင်းလုပ်စရာ ရှိတာကို သွားလုပ်တော့…” ဘုရင်မက ပြုံးလျက် ပြောသည်။
“နှုတ်ဆက်ပါတယ်…” ရီဖူရှင်းက လက်နှစ်ဖက် ဆုပ်လျက် ဦးညွှတ်ကာ တန်းတန်းမတ်မတ် ထွက်သွားသည်။ ငွေသက်တော်စောင့်များက ဘုရင်မအား ဦးညွှတ်ကာ သူ့နောက်က လိုက်ပါသွားကြ၏။
လို့လန်ရွှီက သူမ၏ အမေကို ကြည့်လျှင် ဘုရင်မက ပြောသည်… “သွားပြီးတော့ ကောင်းကောင်း လေ့ကျင့်… ငါတို့ရဲ့ ရတနာစာအုပ်နဲ့ ရှီတန်ခိုးရှင်တို့ရဲ့ လမ်းညွှန်မှုနဲ့ဆိုရင် ကော့တေးက မင်းကို တဖြည်းဖြည်းနဲ့ လက်ခံလာလိမ့်မယ်…”
“ဟုတ်ကဲ့… သမီး သွားပြီ…” လို့လန်ရွှီက အသာအယာ ခေါင်းညိတ်ကာ ရီဖူရှင်း နောက်ကို လိုက်ပါသွားသည်။
အားလုံး ထွက်သွားလျှင် မိန်းမ သက်တော်စောင့် တစ်ယောက် အဆောင်ထဲကို လျှောက်လာသည်။ သူမက ရီဖူရှင်း ထွက်သွားရာဘက်ကို ကြည့်ကာ ပြောသည်… “အရှင်မ… ဒီလူက အရမ်း အရှက်မဲ့တာပဲ…”
“ငါသိတယ်…” သူမ၏ အပြုံး ပျောက်ကွယ် သွားကာ ရီဖူရှင်း ထွက်သွားရာဘက်ကို ဒေါသတကြီး ကြည့်သည်။ သူမက ရှေးဟောင်း လို့လန်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာကာ လူများစွာနှင့် ဆက်ဆံဖူးသည်။ မရေမတွက်နိုင်သော စွမ်းအားမြင့် တန်ခိုးရှင်များကို အုပ်ချုပ်သည်။ ရီဖူရှင်း တစ်ယောက်သာ သူမအား ခေါင်းကိုက်စေသည်။
သူမက ရီဖူရှင်းအား သူမ၏သမီးကို ပေးအပ်ခဲ့ကာ သားတော် အနေဖြင့် အပ်နှင်းပြီး နိုဘယ်များကိုပင် သူ၏ သက်တော်စောင့်များ အဖြစ် ပေးအပ်ခဲ့သည်။ သို့သော် ရီဖူရှင်းက သူမအား ကျေးဇူးပင် မတင်ဘဲ သူမပေးသမျှကို ပျော်ရွှင်စွာ ယူကာ ထွက်သွားသည်။
ဘုရင်မ၏ အတွေးများကို ရီဖူရှင်း ဂရုမစိုက်ပေ။ ထိုအဘွားကြီးက သူ့အား အသုံးချရန် ကြိုးစားခဲ့ရာ သူကလည်း ပြန်ကောင်း ပြနေမည် မဟုတ်ပေ။ သူမက သူ့အား နိုဘယ်များ ပေးမှတော့ သူကလည်း လက်ခံမည် ဖြစ်သည်။
လို့လန်ရွှီကိုမူကား သူတို့က ရှေးဟောင်း မြေရိုင်း ဒေသတွင် အတူတူ ခရီးသွားဖူးကြရာ သူမအား မိတ်ဆွေ တစ်ယောက် အဖြစ် မြင်သည်။ ကျူးကော့ဟွေက သူမအား ကော့တေးတွင် နေခွင့်ပေးမှတော့ သူမအား ဂရုစိုက်ပေးခြင်းက ပြဿနာ မဟုတ်ပေ။
ကောင်းကင်တွင် ရီဖူရှင်းက သက်တော်စောင့်များကို မေးသည်… “ခင်ဗျားတို့ကို ဘယ်လို ခေါ်ရမလဲ…”
“ငွေသက်တော်စောင့်တစ်… ငွေသက်တော်စောင့်နှစ်… ငွေသက်တော်စောင့်သုံး… “ကိုးယောက်က တစ်ယောက်ပြီး တစ်ယောက် ပြောကြသည်။
ရီဖူရှင်းက အံ့အားသင့် သွားသော်လည်း ခေါင်းညိတ်လိုက်သည်… “ကျုပ်သိပြီ…” သူတို့ကား ထူးခြားပေသည်။
မကြာမီ သူတို့က ထျန်းရီမြို့၏ ကု့ချင်းဥယျာဉ်သို့ ရောက်လာကြသည်။ တိုက်ဆိုင်စွာပင် ဟွာဖန်းလူတို့ကလည်း ထိုနေရာတွင်ပင် ရှိနေသည်။ ရီဖူရှင်း ရောက်လာသည်ကို မြင်လျှင် သူတို့အားလုံး ထွက်လာကြသည်။ သူတို့ကလည်း ခေ့ကေးမြို့တွင် ဖြစ်ပျက်ခဲ့သည်များကို ကြားကြသည်။
နန်ဒူဝန်ယမ် လျှောက်လာကာ မေးသည်… “ဖူရှင်း… မင်းက ခေ့ကေးမြို့မှာ ဒဏ်ရာ ရခဲ့တာလား…”
“အသေးအမွှားပါပဲ… ကျွန်တော် အဆင်ပြေပါတယ်…” ရီဖူရှင်းက ပြုံးလိုက်သည်။ သူ၏ ဆရာကတော်သာ သူ့အပေါ် အကောင်းဆုံး ဖြစ်သည်။ ထိုဘုရင်မ အိုကြီးက မနှိုင်းယှဉ်နိုင်ပေ။
“အပြင်မှာ သွားတာ လာတာ ဂရုစိုက်…” နန်ဒူဝန်ယမ်က ပြောသည်။
တခြား တစ်ဖက်တွင် ဟွာဖန်းလူနှင့် တန်လန်တို့၏ အကြည့်များက လို့လန်ရွှီထံသို့ ရောက်လာသည်။ သူမကား အလွန်လှပြီး ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါ ရှိသည်။ သူမ၏ ငွေရောင် ဆံနွယ်များက နှင်းများလို ဖြူဆွတ်နေပြီး သူမ၏ ငွေရောင်မျက်လုံးများက ထူးခြားစွာ လှပလွန်းသည်။ ဤကောင်က မိန်းကလေးများနှင့် အဆင်ပြေနေ ပြန်ပြီလား။ သူက မိန်းကလေးအား သူ၏ ယောက္ခမများထံကိုပင် ခေါ်ဆောင် လာသည်။
ယိချန်က သက်တော်စောင့် ကိုးယောက်အား ကြည့်လိုက်သည်။ သူတို့ထံမှ ဖိအားများကို သူခံစားလို့ ရသည်။ သူတို့ကား အလွန် အားကောင်းသော နိုဘယ်များ ဖြစ်ကြသည်။ သူ သိသလောက် ကော့တေးတွင် တပည့် ရှစ်ယောက်မျှသာ ရှိရာ သူတို့က ကော့တေးမှ မဖြစ်နိုင်ပေ။
ကော့တေးက ငွေရောင် ချပ်ဝတ်များကိုလည်း မဝတ်ဆင်ပေ။
“ဆရာ … ဆရာကတော် … ဒါက ကျွန်တော့်မိတ်ဆွ လို့လန်ရွှီပဲ…” ရီဖူရှင်းက မိတ်ဆက်ပေးသည်… “ကျွန်တော်တို့က ရှေးဟောင်း မြေရိုင်း ဒေသမှာ တွေ့ခဲ့ကြပြီးတော့ ကျွန်တော့်အသက်ကို ကယ်ခဲ့ဖူးတယ်… သူမက အခု ကော့တေးမှာ လေ့ကျင့်တော့မယ်…”
နန်ဒူဝန်ယမ်က ခေါင်းညိတ်ကာ ပြောသည်… “ကျေးဇူးတင်ပါတယ်… သမီးတော်…”
လို့လန်ရွှီက သူမအား ထူးဆန်းသော အမူအရာဖြင့် ကြည့်သည်။ ရီဖူရှင်းက သူတို့အား ဆရာနှင့် ဆရာကတော်ဟု ခေါ်ခဲ့သည်။ သူမက လောကကြီး အကြောင်းကို သိပ်မသိသော်လည်း သူမက တုံးအသည်တော့ မဟုတ်ပေ။ သူတို့က မည်သူများ ဖြစ်သည်ကို အနည်းငယ် ခန့်မှန်းမိသည်။ သူမက ဟွာဂျီယူအားလည်း မြင်ဖူးသည်။ ဟွာဂျီယူကား သူတို့နှစ်ယောက်၏ ရုပ်ရည်များကို ဆက်ခံရရှိကာ သူတို့ထက်ပင်လျှင် ချောမော လှပပေသည်။ ဖြစ်ပျက်ခဲ့သမျှအား တွေးမိလျှင် ရီဖူရှင်းက သူမအား သည်နေရာသို့ ခေါ်လာသည့်အတွက် ထူးဆန်းသလို ခံစားရသည်။
“ဒီစီနီယာ ကိုးယောက်က ရှေးဟောင်း လို့လန်ရဲ့ စွမ်းအားမြင့် နိုဘယ်တွေပဲ… ဘုရင်မက ကျွန်တော့်ကို သားတော်အဖြစ် အပ်နှင်းခဲ့ပြီး သူတို့ကိုလည်း ပေးအပ်ခဲ့တယ်…” ရီဖူရှင်းက ဆက်ပြောသည်။
နားထောင်နေသူများက ထိတ်လန့် သွားကြသည်။ ဘုရင်မက ရီဖူရှင်းအား သားတော်အဖြစ် အပ်နှင်းခဲ့ကာ နိုဘယ်များကို ပေးခဲ့သည်။
“ဘုရင်မက အရမ်း ကောင်းတာပဲ…” ယိချန်က ရီဖူရှင်းအား အထင်သေးစွာ ကြည့်သည်။ ရီဖူရှင်းကား အဓိပ္ပာယ် မရှိသည်များကို ပြောနေသည်။
“အင်း… ကျွန်တော်လည်း ဒီလိုပဲ ထင်တယ်… သူမက အရမ်း ကြင်နာတတ်ပြီး မိန်းမကောင်း တစ်ယောက်ပဲ…” ရီဖူရှင်းက လေးနက်စွာ ပြောသည်။ ဘုရင်မသာ သူပြောသည်ကို ကြားလျှင် မည်သို့ ခံစားရမည် မသိပေ။
“ဟ…” ဟွာဖန်းလူက သူ့အား ကြည့်သည်။ တန်လန်ကလည်း ကြည့်သည်။ တန်ဝမ်နှင့် ယိချိန်ချန်တို့ကလည်း ပြုံးလျက် ကြည့်ကြသည်။
လို့လန်ဘုရင်က အဘယ်ကြောင့် ဤသို့ လုပ်သနည်း။ ဟွာဖန်းလူ၊ ရီဖူရှင်းနှင့် ဟွာဂျီယူတို့ အကြား ဆက်ဆံရေးကို တွေးကြည့်လျှင် ထိုအရာက မသိသာပေဘူးလား။
လူတိုင်း၏ မျက်လုံးများကို ကြည့်ကာ ရီဖူရှင်းက မူလက တင်းထားသော ယုံကြည်မှုများ ပျောက်ဆုံးလာသည်။ သို့သော်လည်း သူက ငြင်းလိုက်သည်… “ဆရာ… ဆရာကတော်… ဒီလို မဟုတ်ပါဘူး…”
“ဒါဆိုက ဘာလဲ…” ဟွာဖန်းလူက မေးသည်။ ဘုရင်မ၏ အကြံကား အလွန် သိသာ လွန်းလှသည်။ ရီဖူရှင်းလည်း သိသည်။ ဟွာဖန်းလူကလည်း ရီဖူရှင်း၏ ဆရာအနေဖြင့် ကောင်လေးက မည်သို့သော သူဖြစ်သည်ကို သိသည်။
ရီဖူရှင်းက သက်ပြင်း ချလိုက်သည်။ သူ့အား အဘယ်ကြောင့် မယုံကြသနည်း။ သူက ပွေရှုပ်တတ်သူလား။
“ဆရာ… ဆရာကတော်… ဒီစီနီယာ ကိုးယောက်က အခု ကု့ချင်း ဥယျာဉ်မှာ နေကြလိမ့်မယ်… အချင်းချင်း ဂရုစိုက်လို့ ရတာပေါ့… ပြီးတော့ ဆရာနဲ့ ဆရာကြီးယိတို့က မေးစရာရှိရင်လည်း မေးလို့ရတယ်…” ရီဖူရှင်းက ပြောသည်။ မှန်တောင်ကုန်း၏ ရတနာ ကျောက်တုံး လက်ဝယ် ပိုင်ဆိုင်ထားမှတော့ သူတို့ကလည်း နိုဘယ်အဆင့်ကို ရောက်ရန် ကြိုးစားကြမည်ကို သူသိသည်။ နိုဘယ်များက သူတို့အား လမ်းညွှန်ပြသလျှင် ပိုမို လွယ်ကူနိုင်သည်။
“ပြီးတော့ ကျွန်တော်က နန်ဒူနိုင်ငံမှာ လျိုဂျန်လန်နဲ့ နောက်ဆုံး တိုက်ပွဲ တိုက်စရာ ရှိတယ်… အဲဒီမှာ အားလုံးကို ဖြေရှင်းသွားမယ်… ဆရာနဲ့ ဆရာကတော်က ကျွန်တော်နဲ့ အတူလိုက်တာ ဘယ်လိုလဲ… ကျွန်တော်တို့က နန်ဒူမိသားစု ကိစ္စတွေကိုလည်း ဖြေရှင်းလို့ရတယ်…” ရီဖူရှင်းက ဆက်ပြောသည်… “ကျွန်တော်က လစန္ဒာကလန်ကို သွားပြီးတော့ ဂျီယူကို ခေါ်ခဲ့မယ်… ကျွန်တော်တို့ အတူတူ သွားလို့ ရတာပေါ့… ဘယ်လိုနေလဲ…”
ထိုစကားကို ကြားလျှင် ဟွာဖန်းလူက သူ့အား ကြည့်သည်။ အနည်းဆုံး သူက ဂျီယူအား မှတ်မိသေးသည်။
နန်ဒူဝန်ယမ်က သူ့အား ညင်သာစွာ ကြည့်သည်…“ဖူရှင်း… မင်းက အရမ်း ကြိုးစားခဲ့ပြီးပြီ…” ဤကိစ္စများကို ရီဖူရှင်းက တစ်ယောက်တည်း ဖြေရှင်း နေရသည်။ သူမက နန်ဒူမိသားစု ကိစ္စများကို အမြဲတမ်း စိတ်ထဲတွင် ရှိနေခဲ့သည်။ ထိုနေရာကား သူမအတွက် ဝမ်းနည်းမှုများ စိတ်ပျက်မှုများ ပြည့်နှက်နေရာ နေရာ ဖြစ်သည်။ သူမ၏ အစ်ကိုကား ထိုနေရာတွင် ရှိနေသည်။
“ပြန်သွားမယ်…” ယိချန်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူက ရီဖူရှင်းအား အမြဲတမ်း အပြစ် တင်တတ် သော်လည်း သူက ကောင်လေး ကြီးပြင်း လာသည်ကို မြင်ခဲ့ရသည်။ ယခု သူကား အသက် နှစ်ဆယ်ပင် မပြည့်သေး သော်လည်း အရှေ့မြေရိုင်း ဒေသတွင် လွန်စွာ ကျော်ကြား နေပြီး ဖြစ်သည်။ သူက ဓမ္မ အဆင့်မျှသာ ရှိသေးသော်လည်း လူတိုင်းက သူ့ကို သိသည်။ သူက မပြောသော်လည်း ရီဖူရှင်းက ဆွေမျိုးများအား အလွန် တန်ဖိုး ထားတတ်သည်ကို သူသိသည်။ ယခုကား နန်ဒူနိုင်ငံမှ ပြဿနာများကို ဖြေရှင်းရန် အချိန်ကျလာပြီ ဖြစ်သည်။ ယခုထိ သူတို့ကား ထွက်ပြေး နေခဲ့ရသည်။
***