ခေ့ကေးမြို့မှ အင်အားစုများက မိမိတို့ ဌာနေကို ပြန်ကြသလို ဒွန်ချင် ကျောင်းတော်ကလည်း မကြာမီ ကျောင်းသားသစ်များ လက်ခံတော့မည် ဖြစ်သည်။
ရီဖူရှင်းတို့ အုပ်စုက စာအုပ်တောင်ကို ပြန်ရောက်သွားကာ အရာအားလုံးက ပုံမှန် အခြေအနေသို့ ပြန်ရောက် သွားသည်။
သည်နှစ်အတွက် ကျောင်းတော်၏ စာမေးပွဲကလည်း မကြာမီ စတင်တော့မည် ဖြစ်သည်။ ထျန်းရီမြို့ အနီးတစ်ဝိုက်မှ အားကောင်းသော တန်ခိုးရှင်များ ရောက်လာကြသည်။ ဒွန်ချင် ကျောင်းတော်၏ ဖိအားကြောင့်ပင်လျှင် သည်နှစ်တွင် ကျောင်းတော်က ကျောင်းသား သစ်များအား အများအပြား လက်ခံမည့်ဟန် ရှိနေသည်။ မရေမတွက်နိုင်သော လူငယ်များက ကျောင်းတော်သို့ လာရောက် စစ်ဆေးခံကြမည် ဖြစ်သည်။
ခေ့ကေးမြို့တွင် ဖြစ်ပျက်ခဲ့သည် များကလည်း အရှေ့မြေရိုင်း တစ်ခွင်ကို ပျံ့နှံ့သွားသည်။ ယခုမူကား ထိုကိစ္စရပ်များကို လူတိုင်းနီးပါး သိကြသည်။ ထျန်းရီမြို့ကား ကျောင်းတော်၏ နယ်မြေဖြစ်ပြီး အရှေ့မြေရိုင်း ဒေသ၏ အဓိက မြို့ကြီး တစ်မြို့ဖြစ်သည်။ ပုံမှန်အားဖြင့် သူတို့က တခြား နေရာများထက် ပို၍ အာရုံစိုက်ကြသည်။
ဒွန်ချင် ကျောင်းတော်က ထိပ်သီး အင်အားစုတစ်ခု ဖြစ်လာမည်မှာ သေချာသော်လည်း ကျောင်းတော်မှာလည်း သူတို့၏ ရှည်လျားသော သမိုင်း အမွေအနှစ်များ ရှိနေပေသေးသည်။ အထူးသဖြင့် ဂူတုံးလျိုက လုနန်ထျန်းအား အနိုင်ရခြင်း၊ ကျူးကော့ဟွေ ပေါ်ထွက်လာမှုတို့က လူတိုင်းက ကော့တေး၏ တကယ့် ရုပ်ရည် သွင်ပြင်ကို မြင်တွေ့ခွင့် ရခဲ့ကြသည်။
ကော့တေး၏ အစ်ကိုကြီး တစ်ယောက်တည်းက အရှေ့မြေရိုင်း ဒေသတွင် ထိပ်သီး အင်အားစု တစ်ခုအဖြစ် ရပ်တည်နိုင်သည်။
ထိုမျှ အားကောင်းသော ကျောင်းတော်က ယခု ဝင်ခွင့်စာမေးပွဲ ကျင်းပတော့မည် ဖြစ်ရာ ထျန်းရီမြို့မှ လူများက စိတ်ဝင်တစား စောင့်ကြည့် နေကြသလို ကျောင်းတော်၏ တောင်ကုန်းများ ကလည်း စောင့်ကြည့် နေကြသည်။ သည်နှစ်တွင်လည်း များစွာသော ပါရမီရှင်များ ပေါ်ထွက် လာနေသည်။
ထိုအရာများ အားလုံးက ရီဖူရှင်းနှင့် သက်ဆိုင်ပုံ မရပေ။ သူက ကော့တေးတွင် တိတ်ဆိတ်စွာ လေ့ကျင့်လျက် နန်ဒူနိုင်ငံကို ပြန်သွားရန် ပြင်ဆင်နေသည်။ သူက မိမိကိုယ်ကို ယုံကြည်မှု ရှိသော်လည်း သူက လျိုဂျန်လန်ကိုလည်း လျှော့တွက်၍ မရပေ။ မည်သို့ပင်ဆိုစေ သူတို့အကြား တန်ခိုး ကွာဟချက်က ကြီးမားပေသည်။
တစ်နေ့တွင် ယိရှောင်ရှီက သူ့ထံသို့ ထူးဆန်းသော အမူအရာဖြင့် ရောက်လာသည်။
“အစ်ကိုခုနစ်… ကျွန်တော့်ကို ဘာလို့ ဒီလို ကြည့်နေတာလဲ…” ရီဖူရှင်းက သူ၏ ထူးဆန်းသော အမူအရာကို မြင်သည်။
“မင်းမှာ ရည်းစား ဘယ်နှယောက်ရှိလဲ…” ယိရှောင်ရှီက ငေါ့တော့တော့ ပြောသည်။
ရီဖူရှင်းက အံ့အားသင့် သွားသည်။ သူက မနီးမဝေးမှ ကျူးကော့ဟွေနှင့် ပေ့ထင်ရှင်းအား တို့အား ကြည့်လိုက်သည်။ မိန်းကလေး နှစ်ဦးကလည်း သူ့အား လှမ်းကြည့် နေသည်ကို မြင်လျှင် ရီဖူရှင်းက ယိရှောင်ရှီအား ပြောသည်…“အစ်ကိုခုနစ်… ခင်ဗျားက ကျွန်တော့်ကို နာမည် ဖျက်နေတာပဲ…”
ဘာလဲဟ။ ရည်းစား ဘယ်နှယောက် ရှိလဲ ယိရှောင်ရှီက သူ့အား မေးနေသည်။ သူက အစ်မများ ရှေ့တွင် သူ၏ နာမည်ကို တမင် လာဖျက်နေသည်လား။ ဘယ်လောက် မနာလို ဖြစ်နေလဲ။ ယိရှောင်ရှီက သူ၏ အဆင့်အတန်းအား မနာလို ဖြစ်နေပုံရသည်။
ယိရှောင်ရှီက သူ့အား ကြည့်သည်။ ဘာနာမည်လဲ။
“ဒီနေ့ ကျောင်းသားသစ်တွေက သူတို့ သင်ယူမယ့် တောင်ကုန်းကို ရွေးချယ် နေကြတယ်… အရမ်းလှတဲ့ မိန်းကလေး တစ်ယောက်က ဘယ်တောင်ကုန်းမှ မရွေးဘူး … သူက မင်းကို တွေ့ဖို့ ကော့တေးကို ဝင်ချင်တယ် ပြောတယ်…” ယိရှောင်ရှီက မျက်လုံး ထောင့်ကပ်လျက် ရီဖူရှင်းကို ပြောသည်။ သန့်စင်သော မိန်းကလေး ဘယ်နှယောက်ကို ဤကောင်က ညစ်ထေး စေခဲ့ပြီလဲ။
ယိရှောင်ရှီက တောင်အောက်ကို ဆင်းကာ သွားကြည့်ခဲ့ပြီး ဖြစ်သည်။ သူမ၏ မျက်လုံးများက အလွန် ကြည်လင်ကာ လွန်စွာ ချောမော လှပသည်။ သူမက အပြစ်ကင်းသည်မှာ သေချာသည်။ ရီဖူရှင်း၏ အမူအကျင့်များကို တွေးမိလျှင် ထိုမိန်းကလေးက အလိမ်ခံရပြီး ဖြစ်သည်ဟု သူယူဆသည်။ သို့တိုင်အောင် ရီဖူရှင်းက အစ်မနှစ်ရှေ့တွင် အပြစ်မရှိသလို ဟန်ဆောင် နေနိုင်သေးသည်။
“အာ…” ရီဖူရှင်းက နေမထိ ထိုင်မသာ ဖြစ်သွားသည်… “အစ်ကိုခုနစ်… ခင်ဗျားက တမင် ပြောနေတာမလား… ဂျီယူအပြင် တခြား မိန်းကလေးက ကျွန်တော့်ကို ဘယ်လိုလုပ် လာရှာမလဲ… ဂျီယူက လစန္ဒာ ကလန်ကပဲ… သူက ကျောင်းတော်ရဲ့ စာမေးပွဲကို ဝင်ဖြေမှာ မဟုတ်ဘူး…”
“ငါမင်းကို သဲလွန်စ ပေးမယ်… မိန်းကလေးက ငွေရောင်ဆံပင်နဲ့… ရေခဲလို အေးစက်တယ်…” ယိရှောင်ရှီက သူ့အား ကြည့်သည်။ ဆက်ပြီး ဟန်ဆောင်လေ။ မိန်းကလေးက မှားယွင်းပြီး လာရှာပါ့မလား။
“အာ…” ရီဖူရှင်း မျက်လုံး ပြူးသွားသည်။ သူက တစ်စုံ တစ်ယောက်အား တွေးမိသည်။ ငွေရောင်ဆံပင်များနှင့် ရေခဲတမျှ အေးစက်သော မိန်းကလေး…။ သူမကား အမှန်ပင် မေ့ရန် ခဲယဉ်းသည်။
ကျူးကော့ဟွေနှင့် ရှင်းအာက သူ့အား ကြည့်သည်ကို မြင်လျှင် ရီဖူရှင်းက အကြည့် လွှဲလိုက်သည်။ သူ့အခြေအနေက လွန်စွာ ကသိကအောက် ဆန်လှသည်။
“ဘယ်လောက် လှတာလဲ…” ကျူးကော့ဟွေက ယိရှောင်ရှီအား ပြုံးလျက် မေးသည်။
ယိရှောင်ရှီက သူမအား ကြည့်ကာ ပြန်ပြောသည်… “အရမ်းလှတယ်… ဒါပေမဲ့ အစ်မနှစ်လောက် မလှဘူး…” သူပြုံးလိုက်လျှင် ဝကစ်သော မျက်နှာက နှစ်လိုဖွယ် ကောင်းကာ လွန်စွာ ရိုကျိုးသော ပုံဟန်ရှိနေသည်။ ရီဖူရှင်းနှင့် တစ်နှစ်ခန့် နေပြီးနောက် သူက တချို့အရာများကို မြင်ရုံဖြင့် အတုခိုးတတ်နေပြီ ဖြစ်သည်။ မဟုတ်လျှင် ကော့တေးတွင် သူ၏ အဆင့်က လွန်စွာ နိမ့်ကျလာပြီ ဖြစ်သည်။
“ရှောင်ရှီ… မင်းအပြုံးက အရမ်း လုပ်ယူထားတဲ့ပုံစံ ဖြစ်နေတယ်…” ကျူးကော့ဟွေက ချီးကျူးသည်။ ယိရှောင်ရှီ၏ အပြုံးက အေးခဲသွားသည်။ ကျူးကော့ဟွေအား ကြည့်ကာ သူက မည်သို့ ပြန်ပြောရမည်ပင် မသိတော့ပေ။
“အစ်ကိုခုနစ်… ခင်ဗျားပြောတာ မှားတယ်… အစ်မနှစ်နဲ့ ယှဉ်နိုင်တဲ့ မိန်းကလေးက အရမ်းရှားတယ်… အဲဒီမိန်းကလေးကို ကျွန်တော် တကယ်ပဲ သိတယ်… ဒါပေမဲ့ သူမက အစ်မနှစ်နဲ့ နှိုင်းယှဉ်လို့ မရဘူး…” ရီဖူရှင်းက လေးနက်စွာ ပြောသည်။ သူ၏ လေသံကား ယိရှောင်ရှီထက် များစွာ သဘာဝ ကျသည်။
“မောင်ငယ်လေး ပြောတာကို ငါအမြဲ သဘောကျတယ်…” ကျူးကော့ဟွေက ပြုံးလျက် ပြောသည်။
ယိရှောင်ရှီကား ငိုတော့မည်ကဲ့သို့ ဖြစ်လာသည်။ သူတို့က အဘယ်ကြောင့် ဤမျှ ကွာခြားရသနည်း။ မြှောက်ပင့်ခြင်း ပင်လျှင် ပါရမီ လိုသေးသည်လား။ သူ၏ အရည်အချင်း နည်းသည်ကိုသာ အပြစ်တင် ရပေတော့မည်။
ပေ့ထင်ရှင်းအာက ထိုမြင်ကွင်းကို ပြုံးလျက် ကြည့်နေသည်။ ရှောင်ရှီက မောင်ငယ်လေး၏ ပုံစံကို ကူးယူလိုသော်လည်း အမှန်တကယ်အားဖြင့် မတူပေ။ ရီဖူရှင်းကား ဆွဲဆောင်အား ကောင်းကာ သူက မိန်းကလေးများအား မြှောက်ပင့်ပြောသော စကားများက လွန်စွာ သဘာဝကျကာ နားထောင်သူများ အတွက် သက်သောင့်သက်သာ ဖြစ်စေသည်။
“သူမက မောင်ငယ်လေး အတွက် လာတာ ဆိုတော့လည်း ငါ ကြည့်လို့ရအောင် ဒီကို ခေါ်ခဲ့လိုက်…” ကျူးကော့ဟွေက ပြုံးလျက် ပြောသည်။
“အာ…” ယိရှောင်ရှီက မျက်လုံး ပြူးသွားကာ ခေါင်းညိတ်သည်… “ဟုတ်ကဲ့…”
ထို့နောက် သူက ဘက်လိုက်ခံရသဖြင့် ဝမ်းနည်းစွာ ထွက်သွားသည်။ ကျူးကော့ဟွေကား အလွန် ဘက်လိုက်၏။ ရီဖူရှင်းအတွက် ရောက်လာသော မိန်းကလေးပင်လျှင် ကော့တေးကို ဝင်ရသည်။
ယိရှောင်ရှီ ထွက်သွားသောအခါ ကျူးကော့ဟွေက ပြုံးလျက် ပြောသည်… “အချစ်ဟောင်းလား…”
“အစ်မနှစ်… ကျွန်တော်က ဒီလို မဟုတ်ပါဘူး…” ရီဖူရှင်းက သူမအား ကြည့်ကာ စိုးရိမ်စွာ ရှင်းပြသည်…“သူမနာမည်က လို့လန်ရွှီ… သူမက ကျွန်တော် ရှေးဟောင်း မြေရိုင်းဒေသမှာ တွေ့ခဲ့တဲ့ သာမန် သူငယ်ချင်း တစ်ယောက်ပါပဲ…”
“သာမန် သူငယ်ချင်းက ဘာလို့ ကော့တေးကို လာပြီး နင့်ကို တွေ့မလဲ…” ပေ့ထင်ရှင်းအာက မေးသည်။ သူမ၏ မျက်လုံးထဲတွင် အယုံအကြည်ရှိပုံ မရပေ။
“တကယ်ပါ…” ရီဖူရှင်းက သူ၏ ချောမောသော အစ်မများကို ကြည့်ကာ ဝမ်းနည်းစွာ ရေရွတ်သည် …“တကယ်လို့ အစ်မတို့က မယုံဘူးဆိုရင် သူမလာတဲ့အခါ မေးလို့ရတယ်…”
“ကောင်းပြီ…” ကျူးကော့ဟွေက ပြုံးလျက် ပြောသည်။
အသစ် ရောက်လာသူကား အမှန်ပင် လို့လန်ရွှီ ဖြစ်သည်။ သူမက ယခုနှစ် ကျောင်းတော်၏ စာမေးပွဲကို ဝင်ဖြေခဲ့ကာ လွန်စွာ ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသခဲ့သည်။ လူတိုင်းက သူမအား အာရုံစိုက်မိခဲ့ကြပြီး ပထမ တောင်ကုန်းပင်လျှင် သူမအား အလိုရှိသည်။ သူမက ကျောင်းအုပ်၏ လက်ရင်းတပည့် ဖြစ်လာမည်ဟု သူတို့ ထင်မှတ် ထားကြ၏။
ထိုအချိန်တွင် စာအုပ်တောင်၏ မြေကွက်လပ်ထဲတွင် တပည့် အများအပြား ရှိနေသည်။ လို့လန်ရွှီက ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေသည်။ တောင်ကုန်းတိုင်းက သူမအား လိုချင်ကြသော်လည်း သူမက ကော့တေးမှ ရီဖူရှင်းအား တွေ့လိုသည်ဟု ပြောခဲ့သည်။ ထိုအဖြစ်က လူအများအား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ သူမက ရီဖူရှင်း၏ အချစ်ဟောင်း ဖြစ်ရမည်ဟု လူအများအပြားက ခန့်မှန်းကြသည်။
တချို့က သူမအား သိကြသည်။ ဥပမာ တန့်ယွီ ဖြစ်သည်။ ရှေးဟောင်း နယ်မြေတွင် သူမအား ရီဖူရှင်း၏ အနီးတွင် ရှိနေတတ်သည်ကို သူမြင်ဖူးခဲ့သည်။ သို့သော် ရီဖူရှင်းနှင့် သူ့သူငယ်ချင်းများက အရှေ့မြေရိုင်း ဒေသမှ ထိပ်သီး အင်အားစုများကို ဝင်ရောက်ခဲ့ကြ သော်လည်း သူမ ပေါ်ထွက် မလာခဲ့ပေ။ လူအများအပြားက သူမအား မေ့လျော့ခဲ့ကြသည်။
ယမန်နှစ်က တပည့်များ ဖြစ်သော နန်းကုန်းကျာနှင့် ထို့ပါယွန်တို့လည်း လူအုပ်ထဲတွင် ရှိကြသည်။ သူတို့ကလည်း လို့လန်ရွှီအား စိတ်ဝင်စားကြသည်။ သူမက ယခုနှစ်၏ အကောင်းဆုံး ပါရမီရှင်ဟု လူအများက သတ်မှတ်ထားကြကာ ယမန်နှစ် ကျောင်းသားများ ပင်လျှင် သူမအား အနိုင်မယူနိုင်ကြပေ။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က လူအုပ်ထဲသို့ လျှောက်လာသည်။ လူအများက လှမ်းကြည့်လိုက်ကြ၏။ သူကား ကော့တေးမှ ယိရှောင်ရှီ ဖြစ်သည်။ လို့လန်ရွှီကလည်း လှမ်းကြည့်သည်။ သူမက စိတ်ပျက်ရမည်ဟု လူအများအပြားက တွေးထင်ကြသည်။ သူမက ပါရမီ ကောင်းသော်လည်း ကော့တေးကို ဝင်ခွင့်ရမည်ဟု မည်သူမှ မယုံကြည်ပေ။ ကော့တေးတွင် သာမန် လူတစ်ယောက်မှ မရှိပေ။
ခေ့ကေးမြို့မှ အဖြစ်အပျက်များက ကော့တေး၏ ဂုဏ်သတင်းကို ပိုမို ကျော်စောစေသည်။
“အစ်မနှစ်က မင်းကို တောင်ပေါ်ကို လိုက်လာ စေချင်တယ်…” ယိရှောင်ရှီက ပြောသည်။ သူက ထိုသို့ ပြောလိုက်သည်နှင့် လူတိုင်းက ထိတ်လန့်တကြား ဖြစ်သွားကြသည်။
အစ်မနှစ်က မည်သူဖြစ်သည်ကို သူတို့အားလုံး သိကြသည်။ သူမကား ဒွန်ချင်ကျောင်းတော် ဂိတ်တံခါးကို ဖျက်ဆီးခဲ့သော ကော့တေး၏ ဒုတိယ တပည့်မဖြစ်သည်။ သူမက လို့လန်ရွှီအား တောင်ပေါ်ကို လာစေချင်သည်။ သူမက လို့လန်ရွှီအား ကော့တေး၏ တပည့်အဖြစ် လက်ခံတော့မည်လော။
“ဟုတ်ကဲ့…” ထို့နောက် လို့လန်ရွှီက ယိရှောင်ရှီ၏ နောက်မှ လိုက်ပါသွားသည်။ လူတိုင်းက သူမအား လှမ်းကြည့်ကြ သော်လည်း မည်သူမှ မငြင်းဆန်ကြပေ။ ကော့တေးမှ သူမအား လိုချင်ပါက ငြင်းဆန်နေစရာ မလိုပေ။ အရှေ့မြေရိုင်း ဒေသမှ မည်သည့် အင်အားစုကမှ ကော့တေးအား မယှဉ်နိုင်ပေ။
ကော့တေး၏ စကားတစ်ခွန်းက ထိပ်သီး အင်အားစုများမှ ရက်ရောသော ဖိတ်ခေါ်မှုများထက် ပိုမို အားကောင်းသည်ကို သူတို့ သိကြသည်။
ယိရှောင်ရှီက လို့လန်ရွှီအား ကော့တေးသို့ ခေါ်သွားသည်။ ရီဖူရှင်းအား မြင်သောအခါ သူမက သူ့အား စိုက်ကြည့်နေသည်။ တစ်နှစ်ခန့်မျှသာ ရှိသေးသော်လည်း အရှေ့မြေရိုင်း တစ်ခုလုံးက သူ့နာမည်ကို သိသည်။ သူက ဤသို့သော ကံကြမ္မာဖြင့် မွေးဖွားလာသူဟု သူမ၏ အမေက ပြောခဲ့သည်။ သူရောက်သော နေရာတိုင်းက ကြီးစွာသော လှုပ်ခတ်မှုများကို ဖြစ်ပေါ်စေသည်။
“ဟိုင်း… သမီးတော်…” ရီဖူရှင်းက သူမအား ပြုံးလျက် ကြည့်သည်။ ရှေးဟောင်း မြေရိုင်း ဒေသတွင် ခွဲခွာခဲ့ပြီးနောက် သူမနှင့် ပြန်တွေ့ရမည်ဟု သူ မထင်ထားခဲ့ပေ။
“အင်း…” လို့လန်ရွှီက ခေါင်းညိတ်သည်။ သူမ၏ အမူအရာကား သူမ၏ ကိုယ်ရောင် ကိုယ်ဝါကဲ့သို့ အေးစက်သည်။
“ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ… မင်းက ကျောင်းတော်မှာ ပညာသင်မလို့လား…” ရီဖူရှင်းက မေးသည်။
“ငါနင့်ကို လာရှာတာ…” လို့လန်ရွှီက ရီဖူရှင်းအား ငွေရောင် မျက်လုံးများဖြင့် ကြည့်သည်။
“ငါ့ကို ရှာတယ်…”
“အင်း…” လို့လန်ရွှီက ခေါင်းညိတ်သည်။
“သူ့ကို ဘာလို့ ရှာတာလဲ…” ကျူးကော့ဟွေက မေးသည်။ ငွေရောင်ဆံပင်နှင့် မိန်းကလေးကား အေးစက်သည်။
လို့လန်ရွှီက သူမအား ကြည့်ကာ ရီဖူရှင်းအား ကြည့်သည်။ သူမက အနည်းငယ် ခေါင်းငုံ့ကာ စကားပြောရန် တွန့်ဆုတ် နေဟန် ရသည်။
“ပြောသာ ပြောပါ…” ရီဖူရှင်းက သူမ၏ အမူအရာကို မြင်ကာ ပြောသည်။
လို့လန်ရွှီက ခေါင်းမော့လျက် ပြောသည်… “အမေက ငါ့ကို နင့်ကို မေးစေချင်တယ်… နင်က ငါ့ကို လက်ထပ်ဖို့ အစီအစဉ် ရှိသလားတဲ့…”
ရီဖူရှင်း ထိတ်လန့် သွားသည်။ ကျူးကော့ဟွေနှင့် ပေ့ထင်ရှင်းအာ တို့လည်း ထိတ်လန့် သွားကြသည်။ သူတို့က လို့လန်ရွှီအား ကြည့်ကြသည်။ ထိုအေးစက်သော မိန်းကလေးက ထိုသို့ တကယ် မေးလိုက်သည်လား။
“တကယ်ပဲ သူငယ်ချင်း ကောင်းတွေပဲ…” ပေ့ထင်ရှင်းအာက ရီဖူရှင်းအား ပြုံးလျက် ပြောသည်။
“ကြည့်ရတာ ငါတို့က ထပ်မေးစရာ မလိုတော့ဘူး ထင်တယ်…” ကျူးကော့ဟွေက ပြုံးလျက် ပြောသည်။
ယိရှောင်ရှီ အားတက် သွားပုံရသည်။ သူက ရီဖူရှင်းအား ကြည့်သည်။ သူက ငြင်းဆန် နေဦးမည်လော။ ဟန်ဆောင် နေဦးမည်လော။ သူက ထိုအပြစ်ကင်းသော မိန်းကလေးအား လိမ်ညာခဲ့သည်။ ယခု သူမက ကော့တေးအား လာသည်။ ရီဖူရှင်းက တာဝန် ယူတော့မည်လော။
ရီဖူရှင်း၏ ခေါင်းကား ပေါက်ကွဲထွက်လု မတတ်ပင်။ သူက လို့လန်ရွှီအား ကြည့်သည်… “သမီးတော်… ဘုရင်မက စိတ်လိုက်မာန်ပါ လုပ်ရင်တောင်မှ မင်းက ဒီလို မလုပ်သင့်ဘူး…”
သူက မည်သို့ ပြန်ပြောရမည် အမှန် မသိတော့ပေ။
***