ရီဖူရှင်းက လျိုဂျန်လန်အား အမှန်ပင် ထပ်မံ၍ သည်းမခံနိုင်တော့ပေ။ သူက ကိုယ်တိုင် ဖြေရှင်း လိုခဲ့သော်လည်း လျိုဂျန်လန်က ထိုသို့ မတွေးပေ။
သူက ပြင်ပ အကူအညီများကို သုံးလျှင် ရီဖူရှင်းကလည်း တူညီစွာ တုံ့ပြန်မည် ဖြစ်သည်။ ဤကိစ္စက နန်ဒူနိုင်ငံဖြင့် စတင်ခဲ့ရာ နန်ဒူနိုင်ငံဖြင့် အဆုံးသတ်မည် ဖြစ်သည်။
လျိုမိသားစုက သူ့အား ဖိနှိပ်သောအခါ သူတို့က နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်များဟု တွေးထင်ကြကာ မိမိတို့ အလိုရှိသလို လုပ်၍ ရသည်ဟု စိတ်ကြီး ဝင်ခဲ့ကြသည်။ ယခု ရီဖူရှင်းက သူတို့အား ပြန်တုံ့ပြန်ရမည်။
“ကောင်းပြီ….” လျိုဂျန်လန်က နက်မှောင်သော မျက်နှာဖြင့် ပြောသည်။ သူက လက်ခံမှ ရမည်ကို သူသိသည်။ ရီဖူရှင်း၏ စကား တစ်လုံးစီတိုင်းက သူ၏ ရင်ဘတ်ကို ထိမှန်သည်။ မဟုတ်လျှင်လည်း ကော့တေးနှင့် သူ၏ ဆရာတို့က အတင်း လက်ခံခိုင်းမည် ဖြစ်သည်။ ထို့အပြင် သူကား ပါရမီ အလွန် ကောင်းသော အထဲတွင် မပါပေ။ ရီဖူရှင်းက ယုံကြည်မှု ရှိနေမှတော့ သူ့နည်းလမ်း အတိုင်း လိုက်လုပ်ရန်သာ ကျန်တော့သည်။
နောက်တစ်လတွင် သူတို့က နန်ဒူနိုင်ငံတွင် တိုက်ခိုက်ကြမည် ဖြစ်သည်။ သူက ဤတိုက်ပွဲကို ရှောင်ဖယ်၍ မရသည်ကို သိသည်။ ရီဖူရှင်း စွမ်းအားမြင့် လာသည်ကို စောင့်နေမယ့်အစား အသာစီးရတုန်းတွင် တိုက်ခိုက်ခြင်းက အကောင်းဆုံး လုပ်ရပ်ဖြစ်သည်။
အရှေ့မြေရိုင်း ဒေသမှ ကော့တေး၏ ဂုဏ်သိက္ခာဖြင့် ရီဖူရှင်းက စိန်ခေါ်သူဖြစ်ရာ ရလဒ်က မည်သို့ဖြစ်နေပါစေ သူတို့က ဝင်စွက်ဖက်မည် မဟုတ်ပေ။ ဤတိုက်ပွဲက လျိုဂျန်လန်အတွက် အလွန် ကောင်းမွန်သော အခွင့်အရေး ဖြစ်သည်။
“အစ်မနှစ်… ကျွန်တော်တို့ ပြန်ရအောင်….” ရီဖူရှင်းက ကျူးကော့ဟွေအား ကြည့်ကာ ပြောသည်။ ကော့တေးတွင် တစ်နှစ်ခန့် နေပြီးနောက် သူကား ကော့တေး၏ သဘောထားများကို သိပြီးဖြစ်သည်။ ဆွေမျိုး မိတ်ဆွေများကို မပါဝင်စေခြင်းက ကော့တေး၏ စည်းမျဉ်းတစ်ခု ဖြစ်သည်။ ကျူးလွန်သူကိုသာ အပြစ်ပေးသည်။ မှန်သည်… ကျူးလွန်သူအား ကာကွယ်ပါက ထိုအရာက ကွဲပြား ခြားနားသော ကိစ္စဖြစ်သည်။
သူ ကြားဖူးသည်မှာ အစ်ကိုသုံးက ထိပ်သီး အင်အားစု တစ်ခုလုံးကို ဖျက်ဆီးခဲ့သည်။ အဘယ်ကြောင့်ဆိုသော သူတို့က ကျူးလွန်သူအား ကာကွယ်ရန် ကြိုးပမ်း သောကြောင့်ပင်။ သူတို့က အပြစ်ကျူးလွန်သူအား ကာကွယ်ခြင်းက ကျူးလွန်သူ၏ အပြုအမူအား ခွင့်ပြုသည်ဟု အဓိပ္ပာယ်ရနေရာ ဂူတုံးလျိုက သူတို့အားလုံးကို ရှင်းပစ်ခဲ့သည်။
“ကောင်းပြီ….” ကျူးကော့ဟွေက ပြုံးလျက် ခေါင်းညိတ်သည်။ သူမက ဟာယွီလူအား ကြည့်သည်… “သူက နောက်တစ်လနေရင် နန်ဒူနိုင်ငံမှာ မပေါ်လာခဲ့ရင် ကျွန်မက ရှင့်ကို လာရှာမယ်…”
ထို့နောက် ကော့တေးနှင့် ကျောင်းတော်မှ လူများက နောက်လှည့်ကာ ထွက်သွားကြသည်။ လူအများအပြားက သူတို့၏ နောက်ကျောများကို ကြည့်ကာ အတွေးများ နေကြ၏။
သူတို့ကား ကော့တေးမှ ဖြစ်ပြီး ထိုအရာက သူတို့၏ လုပ်နည်း လုပ်ဟန်များ ဖြစ်သည်။ တစ်စုံတစ်ယောက်က ကော့တေး၏ တပည့်အား လုပ်ကြံရန် ကြိုးစားပါက သူတို့က ကြံစည်သူအား မည်သို့ဖြစ်ပါစေ ရအောင် ဖော်ထုတ်မည် ဖြစ်သည်။ ယခု လုပ်ကြံသည့် တရားခံ ဟာစီရို သေသွားပြီ ဖြစ်ကာ သူမ၏ နောက်ကွယ်မှ လူဖြစ်သော လျိုဂျန်လန်ကလည်း မကြာမီ ရီဖူရှင်းနှင့် တိုက်ခိုက် ရတော့မည် ဖြစ်သည်။
အရာအားလုံးက အဆုံးသတ် သွားပုံရလေပြီ။ ခေ့ကေးမြို့ကို လွှမ်းခြုံထားသော ဖိအားများလည်း ပျောက်ဆုံးသွားသည်။ သို့သော်လည်း တော်ဝင် ချန်ကျောင်းတော်ကား အလွန် စိတ်ပျက် နေကြသည်။
မကြာမီ ချင်ပြည်ထောင်မှ လူများ ရောက်ရှိ လာကြသည်။ ချင်လီက ချင်ပြည်ထောင်၏ ကိုယ်စား တောင်းပန်သည်။ သူတို့က ကော့တေးအား သဲလွန်စ ရှာဖွေရန် ကူညီခဲ့ကြသည်။ ထို့နောက် သူတို့အကြား ဆွေးနွေးမှုတချို့ ရှိခဲ့ကြ၏။
သူတို့ ပြောခဲ့ကြသည်များကို မူကား မည်သူမှ မသိကြပေ။
မကြာမီ တော်ဝင် ချန်ကျောင်းတော်က ခေ့ကေးမြို့မှ ထွက်ခွာ သွားကြသည်။ ပထမသခင်၏ လက်ရင်းတပည့် ဖြစ်သူ ရှာလျို တစ်ယောက်တည်းသာ ခေ့ကေးမြို့တွင် ကျန်နေခဲ့သည်။ ထို့နောက် ချင်ပြည်ထောင်က သူတို့၏ ဒွန်ချန် ကျောင်းတော် ပြိုင်ပွဲအား ပြန်လည် စတင်ကြောင်း ကြေညာခဲ့သည်။
တည်းခိုခန်းတွင် ကျောင်းတော်နှင့် ကော့တေးက ခေ့ကေးမြို့မှ ထွက်ခွာရန် ပြင်ဆင် နေကြသည်။ လျိုဖေးယွန်၊ ရီဝူချင်းနှင့် တခြားလူများက ရီဖူရှင်းနှင့်အတူ ရှိနေကြသည်။ အဆောင်ထဲတွင် ရီဖူရှင်းက ကျောက်တုံးနံရံ တစ်ခုတွင် မှီကာ ထိုင်နေသည်။ သူက လျိုဖေးယွန်အား ကြည့်ကာ မေးသည်… “ဖေးယွန်… ချူယောင်ယောင်နဲ့ ဂျီယူရဲ့ကိစ္စကို မင်းက ဘယ်က ကြားလာတာလဲ…”
ထိုစကားကို ကြားလျှင် လျိုဖေးယွန်၏ မျက်လုံးက အရောင်လက် သွားသည်။ သူက ရီဖူရှင်းအား အကဲခတ် လိုက်သည်။ သူ၏ စကားက တစ်စုံတစ်ခုကို ရည်ညွှန်း နေသော်လည်း ရီဖူရှင်းက သူ့အား သံသယ ဝင်ခြင်း မဟုတ်ကြောင်း သူသိသည်။
“တည်းခိုခန်း တစ်ခုမှာ…. လူတချို့က ဒါကို ဆွေးနွေး နေကြတယ်…. ပြီးတော့ ငါနဲ့ ဝူချင်းက မင်းကို လာရှာတယ်….”
ရီဖူရှင်း တိတ်ဆိတ် သွားသည်။ သူက ရှေ့မှ စားပွဲအား တဒေါက်ဒေါက် ခေါက်နေ၏။
“နင်က တစ်ခုခုကို တွေးမိလို့လား….” လျိုချန်းယွီက မေးသည်။
“ဒါက တိုက်ဆိုင်တယ်….” ရီဖူရှင်းက ရေရွတ်သည်….“ လစန္ဒာကလန်ရဲ့ အတွင်းရေးက ဘယ်လိုလုပ် အပြင်မှာ ပျံ့နှံ့ရတာလဲ….”
လျိုဖေးယွန်နှင့် လျိုချန်းယွီတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်…. “နင်က ဒီနောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတယ်လို့ သံသယ ဝင်နေတာလား…” လျိုချန်းယွီက မေးသည်။
“ဒါက ဟာစီရို လုပ်တာ သေချာတယ်…” ရီဖူရှင်းက ပြောသည်။ အစကနေ အဆုံးအထိ ဖြစ်စဉ် တစ်ခုလုံးက ဟာစီရိုအား ညွှန်ပြနေသည်။ လျိုဂျန်လန်မှ လွှဲ၍ သူမ၏ အသက်ဖြင့် ရင်း၍ ကာကွယ်မည့်လူ နောက်တစ်ယောက် မရှိပေ။ ထို့ကြောင့် တရားခံက ဟာစီရို ဖြစ်သည်။ သူမက ဟူတောင်အား ယခင်ကတည်းက လျှို့ဝှက်ထားကာ လုပ်ကြံရာတွင် အသုံးချခဲ့သည်။ သို့တိုင်အောင် ရီဖူရှင်းက တစ်စုံတစ်ခု လွှဲမှားနေသလို ခံစားရသည်။ ဤကိစ္စက အလွန် တိုက်ဆိုင်လွန်းသည်။
လျိုဖေးယွန်က သတင်အား ကြားခဲ့ပြီး ရီဖူရှင်းက တည်းခိုခန်းမှ ထွက်သောအခါ လုပ်ကြံမှု ဖြစ်ခဲ့သည်။ သူက အပြင်ကို မထွက်ခဲ့လျှင် လုပ်ကြံမှုက အလွန် ခက်ခဲခဲ့မည် ဖြစ်သည်။
ဟာစီရိုက စီစဉ်ခဲ့သည်မှာ သေချာသော်လည်း တစ်စုံတစ်ယောက်က သူမအား ကူညီခဲ့သည်လား။ ဟာစီရိုနှင့် အလွန် နီးစပ်သူသာ လုပ်ကြံမည့် အစီအစဉ်ကို သိမည်ဖြစ်သည်။ တော်ဝင် ချန်ကျောင်းတော်က ပါဝင် ပတ်သည်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က ရီဖူရှင်းအား သတ်ရန် အကြောင်းပြချက် မရှိပေ။
“ငါ အတွေးလွန် နေတာလို့ပဲ မျှော်လင့်ရတာပဲ….” ရီဖူရှင်းက တိတ်ဆိတ်စွာ ပြောသည်။ သူက ထပ်မံ၍ မတွေးတော့ပေ။ ဤဖြစ်စဉ်၏ နောက်တွင် တစ်စုံတစ်ယောက် ရှိနေသည့်တိုင် ဟာစီရိုနှင့် ဟူတောင်တို့ သေဆုံးသွားပြီးဖြစ်ရာ မည်သည့် သဲလွန်စမှ ရမည် မဟုတ်တော့သည်ကို သူသိသည်။
ရီဖူရှင်းက ရုတ်တရက် ပြုံးလိုက်ကာ ပြောသည်… “ဝူချင်း… မင်းက နောက်တစ်လနေရင် ကန်ယီကို ပြန်မှာလား…”
“ငါပြန်ဖို့ ကြိုးစားမယ်….” ရီဝူချင်းက ခေါင်းညိတ်သည်။ အရှေ့မြေရိုင်း ဒေသမှ အင်အားစုများက ရီဖူရှင်းနှင့် လျိုဂျန်လန်တို့ တိုက်ပွဲကို စိတ်ဝင်စားကြမည် ဖြစ်ကာ သူကလည်း သူ၏ မိသားစုများကို သွားရောက် တွေ့ဆုံလိုသည်။
“အရှင်ရီက မင်းကို တွေ့ချင်လိမ့်မယ်လို့ ငါယုံတယ်…. ချန်းယွီ…” ရီဖူရှင်းက ကျီစယ်လိုက်သည်။
လျိုချန်းယွီ၏ မျက်နှာက နီရဲလာသည်… “ငါတို့ သွားတော့မယ်….”
“မင်းတို့ အချိန်ရရင် လျိုနိုင်ငံကို လာခဲ့ကြ…” လျိုဖေးယွန်က ရီဖူရှင်းနှင့် ရီဝူချင်းအား ပြောသည်။
“ဝူချင်းက တောင်းရမ်းတဲ့အခါ ငါက သေချာပေါက် လာမယ်….” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ရီဝူချင်း ဆွံ့အသွားသည်။ သူလည်း မကြာမီ ထွက်သွားသည်။ ထို့နောက် ကျောင်းတော်နှင့် ကော့တေးက ခေ့ကေးမြို့မှ စာအုပ်တောင်ကို ပြန်သွားကြသည်။
***
ချင်လီနှင့် ရှာလျိုတို့က ခေ့ကေးမြို့ရှိ ဒွန်ချင် ကျောင်းတော်၏ အဆောင် တစ်နေရာတွင် အတူ ရှိနေကြသည်။ ရှာလျို၏ ရှေ့တွင် လူတစ်ယောက်က ပြုံးလျက် တိတ်ဆိတ်စွာ ရပ်နေသည်။ သူကား ချင်ယွီဖြစ်သည်။
ရှာလျိုက လျှောက်လာကာ ဦးညွှတ်လိုက်သည်…. “ချင်လျိုက ဦးရီးတော်ကို နှုတ်ဆက်ပါတယ်…”
ချင်ယွီက ပြုံးလျက် ခေါင်းညိတ်သည်…. “ချင်လျို… ဒီနှစ်တွေမှာ မင်းက အများကြီး ကြိုးစား အားထုတ်ခဲ့တယ်….”
“ကျွန်တော်က ချင်ပြည်ထောင်ကို ပြန်ထူထောင်ရာမှာ ကူညီခွင့်ရတာ ဂုဏ်ယူစရာပါပဲ….” ချင်လျိုက ခေါင်းယမ်းလျက် ပြောသည်။ သူ၏ မျိုးရိုးနာမည် အစစ်ကား ချင်ဖြစ်ကာ သူ၏ ဇာတိကလည်း ချင်ပြည်ထောင်မှ ဖြစ်သည်။
“အင်း….” ချင်ယွီက ခေါင်းညိတ်သည်… “မင်းက မင်းသားတစ်ပါး ဖြစ်ပေမဲ့ ငယ်ငယ်လေးနဲ့ တခြားနေရာမှာ နေခဲ့ရတယ်…. ချင်ပြည်ထောင်က အရင်တုန်းက ခမ်းနားမှုကို ပြန်ရတဲ့အခါ မင်းရဲ့ စွမ်းဆောင်ရည်က အလကား ဖြစ်မှာ မဟုတ်ဘူး…”
“ကျေးဇူးတင်ပါတယ်… ဦးရီးတော်….” ချင်လျိုက ခေါင်းညိတ်သည်။
“ဟာယွီလူက ဆွေးနွေးဖို့အတွက် တစ်ယောက်ကို ထားခဲ့တယ် ဆိုမှတော့ သူက ကော့တေးကို မုန်းနေတာ သေချာတယ်… ပြန်သွားပြီးတော့ သေသေချာချာ စီစဉ်… မင်း အောင်မြင်မှ ရမယ်….” ချင်ယွီက ပြောသည်။
“သူ့သမီးက သူ့မျက်စိအောက်မှာ သေသွားခဲ့တယ်… သူက ဘယ်လိုလုပ် မမုန်းဘဲ နေပါ့မလဲ… ကော့တေးကို ပြန်တိုက်ခိုက်မည့် အခွင့်အရေးကို သူက လက်လွှတ်ခံမှာ မဟုတ်ဘူး ဆိုတာ သေချာတယ်…. ဆရာက ပြဿနာ နည်းနည်း ရှိပေမဲ့ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်…” ချင်လျိုက ခေါင်းညိတ်လျက် ပြောသည်။ သူကား လုပ်ကြံမှု၏ နောက်တွင် အမြဲ ရှိနေခဲ့သည်။ ဟာစီရိုနှင့် လျိုဂျန်လန်တို့က ရီဖူရှင်းနှင့် ပြဿနာ ရှိသည်ကို သိကတည်းက သူတို့အား သူက ချဉ်းကပ်ခဲ့သည်။ သူ၏ စကားကြောင့်ပင်လျှင် ဟာစီရိုက ရီဖူရှင်းအား လုပ်ကြံရန် စီစဉ်ခဲ့သည်။
ဟာစီရိုနှင့် လျိုဂျန်လန်တို့က ခန့်မှန်းမိမည် မဟုတ်ပေ။ သဲလွန်စကိုမူကား ချင်ပြည်ထောင်က အထူးတလည် ရှာရန် မလိုပေ။ သူတို့က လုပ်ကြံသူကို သိပြီးဖြစ်သည်။ သို့သော်လည်း အရာအားလုံးက အစီအစဉ် အတိုင်း သွားရန် လိုသည်။ ချင်ပြည်ထောင်က ဘေးမှ မသိမသာ မီးမွှေးပေးရုံမျှသာ ဖြစ်သည်။ တကယ်တမ်း အရာအားလုံးက ကော့တေးအပေါ် မူတည်နေသည်။
ချင်ယွီ၏ မျက်လုံးများက အေးစက်မှုများ ဖုံးလွှမ်းသွားသည်။
ထိုနေ့တွင် ကော့တေးမှ ဒုတိယ တပည့်က ရောက်ရှိလာခဲ့ကာ ဒွန်ချင် ကျောင်းတော်၏ ဂိတ်တံခါးကို ဖျက်ဆီးခဲ့သည်။ သူမက ချင်ပြည်ထောင်အား အရှက်ရ စေခဲ့သော်လည်း ချင်ပြည်ထောင်က ပူးပေါင်း စုံစမ်းပေးခဲ့သည်။ ချင်ပြည်ထောင်က အလွယ်တကူ အနိုင်ကျင့်၍ ရသောသူများဟု သူမက ထင်နေသည်လား။
“ချင်လီ… မင်းက ချူယောင်ယောင်နဲ့ ကိစ္စကို ဒီထက် မြန်မြန် လုပ်သင့်တယ်….” ချင်ယွီက ပြောသည်။
“ဟုတ်ကဲ့… အဖေ….” ချင်လီက ခေါင်းညိတ်သည်။ ယခု ချူယောင်ယောင်က သူနှင့် တွေ့ဆုံရန် သဘောတူနေပြီ ဖြစ်သည်။ မကြာမီ သူ အောင်မြင်မည်ဟု ချင်လီ ယုံကြည်သည်။
ချူယောင်ယောင်က အလွန် ဉာဏ်ကောင်းကာ ဟာစီရိုကဲ့သို့ မဟုတ်ကြောင်းလည်း သူသိသည်။
ချူယောင်ယောင်၏ မျှော်မှန်းချက်များက မြင့်မားသည်။ သူမက အိမ်ရှေ့စံမင်းသား တစ်ပါး၏ ကြင်ရာတော်မျှဖြင့် ကျေနပ်မည် မဟုတ်ပေ။ ချင်လီတွင် တခြား အကြံအစည်များ ရှိသည်ကို သူမသိသည်။ ထို့အပြင် ယောက်ျား တစ်ယောက်အပေါ် မှီခေါ်ခြင်းက လုံးဝ စိတ်မချရသည်ကို သူမသိသည်။ သို့သော် သူတို့၏ ရည်ရွယ်ချက်များက တူညီနေရာ ထိုအရာက ပြဿနာ မရှိပေ။
***
အတွဲ(၁၉)ပြီးပါပြီ
ဆက်ပါဦးမည်။
***